ဒီတစ်ပတ် စားသောက်ဖွယ်ရာ အစီအစဉ်မှာ ရှမ်းရိုးရာအစားအစာဖြစ်တဲ့ ထမင်းဝါ လုပ်နည်းကို ပြောပြချင် ပါတယ်.. ထမင်းဝါကို မူလတုန်းက ကျွန်မကိုယ်တိုင်လည်း မလုပ်ဖူးပါဘူး။ ထမင်းဝါ လုပ်တတ်တဲ့ ရှမ်းပြည်က ညီမလေး တစ်ယောက်က ကိုယ်တိုင်လုပ်ပြတဲ့ ထမင်းဝါ လုပ်နည်းလေးကို အားလုံးလည်း သိရအောင် ပြန်လည် မျှဝေပါမယ်နော်...
ထမင်းလေးဝါဝါ
ထမင်းဝါ ပြုလုပ်ဖို့အတွက် ပထမဦးဆုံး ထမင်းချက်တော့မယ် ဆိုကတည်းက ဆားနဲ့ ဆနွင်းကို ထည့်ပြီး ချက်ရပါတယ်။ အရသာမှုန့် ထည့်ချင်ထည့်နိုင်ပါတယ်.. ဆန်ကတော့ ရိုးရိုး ထမင်းချက်တဲ့ဆန်ပါ.. ဆန်းစေးဖြစ်ရင်တော့ ပိုကောင်းတာပေါ့နော်.. ပြီးတော့လည်း ထမင်းဝါလုပ်ဖို့တော့ အခါတိုင်းထက် အနည်းငယ်ပျော့အောင် ချက်ပါတယ်..
ဆနွင်းထည့်ချက်တဲ့ထမင်း
အာလူး ၃လုံး ၄လုံးခန့်ကို ပြုတ်ပြီး ကျေရုံ ထောင်းထားပါတယ်..
ပဲပုတ်လေး မီးကင်ပြီး အမှုန့်ထောင်းလိုက်ပါတယ်.
ခရမ်းချဉ်သီးကိုပြုတ်ပါတယ်..
ပြုတ်ပြီးခရမ်းချဉ်သီးကို တောက်တောက်စင်းပါ..
ပြီးလျှင် ကြက်သွန်ဖြူနီ ဆီသတ်ပြီး ခရမ်းချဉ်သီးကို ချက်လိုက်ပါတယ်.. အကြာကြီးချက်ဖို့မလို
အာလူးနဲ့ ထမင်းဝါကို ခုလို ရောနယ်ပြီးထောင်းလိုက်ပါတယ်..
စီးစီးထွေးထွေး ထမင်းဝါလေး ရပါပြီနော်..
ဒါကတော့ ဆိုင်မှာရောင်းသလို အချပ်လေးတွေ လုပ်ထားတဲ့ ထမင်းဝါပါ..
အဲဒီအချပ်လေးတွေဖြစ်အောင် ဘယ်လိုလုပ်လဲ မသိချင်ဘူးလားရှင်.. ရှမ်းပြည်မှာ ထမင်းဝါလုပ်တဲ့ သံကွင်းလေးတွေ ရောင်းတယ်လို့ ရှမ်းမလေးက ပြောပါတယ်.. ဒါပေမဲ့ ကျွန်မဆီမှာက အဲလို သံကွင်းလေး မရှိပါဘူး.. ဒါနဲ့ သူက ဒီလိုလုပ်ရင်ရတယ်လို့ ပြောပြီး အောက်ကအတိုင်း လုပ်ပါတယ်. ဟုတ်ကဲ့ ပြောပြမယ်နော်..
ဒါကတော့ ရေသန့်ဘူးလို ပလပ်စတစ်ကို ဒီလိုကွင်းလေးရအောင် ဖြတ်လိုက်တာ ဖြစ်ပါတယ်..
ထမင်းဝါကို ဒီလိုလေးထည့်ပြီး လက်နဲ့ ဖိလိုက်တာပါ။
စေးကပ်နေတဲ့ ထမင်းဝါတွေ လက်မှာနဲ့ ပလပ်စတစ်အဝိုင်းလေးပေါ်မှာ ကပ်မနေဖို့ ဆီစိမ်းကို လူးပြီး ကိုင်ဖို့ လိုပါတယ်နော်.. အောက်မှာလည်း ပလပ်စတစ်လေးကို ဆီသုပ်ပြီးခင်းထားပါတယ်.
လက်နဲ့ဖိသိပ်ပြီး ကျစ်သွားတော့ ပလပ်စတစ်ကွင်းလေး ဖယ်လိုက်ရင် ခုလို ထမင်းဝါအချပ်လေး ရပါပြီ။
လင်ပန်းလေးပေါ် ဆီလေးသုပ်ပြီး ခင်းထားတဲ့ ထမင်းဝါလေးတွေပါ
ဒါတွေက ထမင်းဝါနဲ့ စားဖို့ အဆာပလာတွေပါ။
အဲဒီအဆာပလာတွေကို နံပါတစ်စဉ်ထိုးထားပါတယ်.. တစ်ခုချင်း ရှင်းပြရရင်....
၁. ခရမ်းချဉ်သီးချက်
၂. ကြာညို့ (မကြိုက်လျှင် မထည့်လည်း ရပါတယ်.. ကြာညို့ကြိုက်ပေမဲ့ မရှိလျှင် ထန်းညက်ကိုခြေပြီး ရေအနည်းငယ်ထည့် စေးပြစ်လာအောင် ကြိုပြီး သုံးနိုင်ပါတယ်.)
၃.နံနံ
၎.ငရုပ်သီးမှုန့်ကို ကြော်ထားပါတယ်.
၅. ပဲပုတ်ကို မီးကင်ပြီးထောင်းထားတာပါ။ (မရှိလည်း မထည့်နဲ့ပေါ့နော်)
၆.ကြက်သွန်ဖြူဆီချက်
၇.မြေပဲဆန်ထောင်း
၈.နှမ်းထောင်း
၉.ဂျူးမြစ်
စသည်တို့ဖြစ်ပါတယ်.. အဲဒီအထဲမှာ မပါတဲ့ အရေးအကြီးဆုံး ပစ္စည်းလေး တစ်ခုလိုနေပါတယ်.. ထည့်ဖို့ မေ့သွားလို့ တမန်းကတန်း ထလုပ်ရပါသေးတယ်. အဲဒါကတော့
ငရုပ်သီးအခြောက်ကြော်ပါ.. ထမင်းဝါတစ်ကိုက် ငရုပ်သီးလေးတစ်ကိုက်နဲ့မှ ရှမ်းထမင်းဝါဟာ ပိုပြီး ပြည့်စုံတယ်လို့ ထင်မိပါတယ်.
ထမင်းချပ်လေးတွေကို ကပ်ကြေးလေးနဲ့ ညှပ်ပြီးထည့်ပါတယ်.
အဆာပလာ ဘာညာသာရကာ ထည့်လိုက်ပါတယ်.
ဂျူးမြစ်၊ ငရုပ်သီးကြော် တို့နဲ့တွဲဖက်စားဖို့ ဒီလိုလေး ထမင်းဝါတစ်ပွဲရပါပြီနော်
ဟင်းချိုပူပူလေးနဲ့ဆို ခုလို နှင်းမှုန်ဖွေးဖွေး ဆောင်းအေးအေးမှာ လွေးလို့သိပ်ကို ကောင်းတာပါဘဲရှင်..
ကျွန်မ ရှိနေတဲ့ မြို့ကလေးမှာတော့ ဆောင်းရာသီရဲ့ နှင်းမှုန်လေးတွေ ကျနေပါပြီ.. အေးအေး ချမ်းချမ်းလေး နဲ့ ကွေးလို့ ကောင်းသလို အစားအစာတွေကို ပူပူလေးချက်ပြီး စားရတာလည်း အရသာ ရှိလှပါတယ်..။ ထမင်းဝါ လုပ်စားရာမှာ ဒီအထဲက ဖော်ပြထားတဲ့ အဆာပလာတွေ အစုံမရှိရင်တောင် မိမိမှာ ရှိသလောက် လေးနဲ့ ဖြစ်အောင် လုပ်စားလို့ ရပါတယ်နော်.. အားလုံးဘဲ ဒီတစ်ပတ်ရဲ့ ရှမ်းရိုးရာ အစား အစာ ထမင်းဝါလေးနဲ့ ကျေနပ်ပေးကြပါလို့ ....
ပျော်ရွှင်ချမ်းမြေ့သော တနင်္ဂနွေနေ့ဖြစ်ပါစေရှင်..






























