ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ကို ရောက်ခဲ့စဉ်က လည်ပင်းမှာ ကြေးကွင်းတွေစွပ်တဲ့ ရိုးရာ အစဉ်အလာ ရှိတဲ့ ပဒေါင်လူမျိုးနဲ့ တွေ့ဆုံခဲ့ပုံ အကြောင်းလေး ရေးချင်ပါတယ်။ ပဒေါင်လူမျိုးတွေဟာ တိုင်းရင်းသား လူမျိုးတွေထဲမှာ ထူးခြားတဲ့ သူအဖြစ် ပါဝင်ကြသူများ ဖြစ်ပါတယ်။ အားလုံးလဲ သိကြတဲ့အတိုင်း ပဒေါင် အမျိုးသမီးတွေဟာ လည်ပင်းကို ကြေးကွင်းစွပ်ကြသူတွေ ဖြစ်ပါတယ်။ ကျွန်မနဲ့ တွေ့ဆုံဖြစ်တဲ့ ပဒေါင် အမျိုးသမီး နှစ်ဦးဟာ ရှမ်းပြည်မြောက်ပိုင်းက နမ့်ခမ်းမြို့မှာ ရောက်ရှိနေ ကြတဲ့ သူတွေပါ။ တကယ် တမ်းတော့ ပဒေါင်လူမျိုးတွေရဲ့ ဇာတိဒေသဟာ ရှမ်းပြည် မဟုတ်ပါဘူး။ သူတို့ဟာ ကယားပြည်နယ် ဒီမောဆိုးမြို့နယ်က ရွာလေး တစ်ရွာမှာ နေထိုင်ကြတာပါ။ ဝေးဝေးလံလံ ဒီမောဆိုးမြို့နေ ဘာကြောင့် ရောက်လာတာလဲလို့ စိတ်ဝင်တစား မေးမြန်း ကြည့်တော့မှ အကြောင်းရင်း ကို သိရပါတော့တယ်။
ရှမ်းပြည်နယ် နမ့်ခမ်းမြို့ဟာ တစ်ဖက်နိုင်ငံနဲ့ ရွှေလီမြစ်သာခြားတဲ့ နယ်စပ်မြို့ကလေး ဖြစ်ပါတယ်။ နယ်စပ်မြို့ ဖြစ်တာနဲ့အညီ တစ်ဖက်နိုင်ငံက လူတွေက မူဆယ် နမ့်ခမ်းစတဲ့ မြို့တွေကို အလည်လာပြီး ဘုရားဖူးကြ၊ မမြင်ဖူးတာတွေ ကြည့်ကြနဲ့ ခရီးသွားလုပ်ငန်း စည်ကားတယ်လို့ ပြောရမှာပါ။ ဘာတွေ လာကြည့်ကြလို့လဲ ဆိုရင် သူတို့ဆီမှာ မရှိတဲ့ စေတီဘုရားတွေ ၊ မတူညီတဲ့ ဓလေ့စရိုက်တွေကို လာကြည့် ကြတာပါ။ ဒီမူဆယ် နမ့်ခမ်းလောက်ကတော့ ဝင်လာဖို့က ခက်ခက်ခဲခဲလည်း မရှိတော့ အလည် လာတတ်ကြပါတယ်။ အဲဒီမှာ မူဆယ်က ခရီးသွားလာရေး လုပ်ငန်းတစ်ချို့က တစ်ဖက်က လာတဲ့ ဧည့်သည်တွေကို ပြဖို့ဆိုပြီး အခု ပဒေါင် အမျိုးသမီးတွေကို ခေါ်ထားလိုက်ပါတယ်။ ဧည့်သည်တွေ လာရင် မြန်မာပြည်မှာ ဒီလို ထူးခြားတဲ့ တိုင်းရင်းသား မျိုးနွယ်တွေ ရှိတယ် ဆိုပြီး ပြတော့တာပါဘဲ။ ဟိုက လူတွေကလည်း ထူးဆန်းတယ်ဆိုပြီး အံ့တွေသြ၊ ဓာတ်ပုံတွေရိုက်ပေါ့။ ဧည့်သည်တွေက တောင်းဆိုရင် ကလည်း ကပြတယ်လို့ ပြောပါတယ်။ ဓာတ်ပုံရိုက်ခံပြီး၊ ကပြတဲ့အတွက် သူတို့လည်း မုန့်ဖိုး ဘာညာ ရတာပေါ့နော်။
ပဒေါင်တွေကို တွေမိ့တော့ ထိုင်းမှာနေတဲ့ ကြောင်ဖြူများရှင် (အမှောင်ထုထဲက ဓာတ်မီးတစ်လက်) ကို သတိရလိုက် မိပါသေးတယ်။။ အစ်မရေ ထိုင်းတွေက ပဒေါင်တွေကို သူတို့လူမျိုးပါ ဆိုပြီး ဧည့်သည်တွေကို ပြစားနေတယ်လို့သူက ပြောခဲ့ဖူးပါတယ်။ အဲဒါကို ကြားမိတော့ သာမန်ထက် ထူးခြားတဲ့ ဓလေ့စရိုက် ထုံးတမ်း အစဉ်အလာတွေ ရှိပြန်တော့လည်း လူတွေ ပြစားစရာ ဖြစ်ရပါ လားလို့ တွေးမိတော့ တာပါဘဲ။ ပဒေါင်အမျိုးသမီး နှစ်ဦးကို ကျွန်မက ဓာတ်ပုံ ရိုက်ချင်ပါတယ်လို့ ခွင့်တောင်းတော့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါတယ်။ ဓာတ်ပုံရိုက်နေရင်းနဲ့ ကျွန်မ သိချင်တာလေးတွေ မေးမိပါတယ်။ သူတို့ကို ဘယ်က လာတာပါလဲ.. အသက် ဘယ်လောက် ရှိပြီလဲ.. ကြေးကွင်းတွေ ဘာလို့စွပ်တာလဲ စသဖြင့်ပေါ့နော်။ မေးလဲမေး. လက်ကလဲ သူတို့ စွပ်ထားတဲ့ ကြေးကွင်းတွေ၊ ငွေကွင်းတွေကို သေချာ ကိုင်ကြည့်မိပါတယ်။
ဒီအမျိုးသမီးနှစ်ယောက်ဟာ သားအမိ ဖြစ်ပါတယ်.။ မိခင်ဖြစ်သူက အသက် ၆၀ ကျော်ပါပြီ။ သမီးကတော့ သုံးဆယ် ကျော်ဖြစ်ပါတယ်။ သူတို့နဲ့ စကားလက်ဆုံကျဖြစ်တော့ သူတို့ပြောပြတာလေးတွေ နားထောင်ခဲ့ ပါတယ်။ ပဒေါင်ဆိုတာ ဟိုတုန်းက ခေါ်တဲ့ နာမည်ပါတဲ့။ ခုနောက်ပိုင်းတော့ ကယန်း လူမျိုးတွေလို့ ခေါ်ကြတယ်လို့ ရှင်းပြပါတယ်။ သူတို့ဟာ မြန်မာစကားကို နည်းနည်းဝဲတာက လွဲလို့ ကျွမ်းကျွမ်း ကျင်ကျင် ပြောနိုင်ပါတယ်။ ကျွန်မကြားခဲ့ဖူးတာ ပဒေါင်လူမျိုးတွေဟာ ကြေးကွင်းတွေကို တစ်နှစ်ကို တစ်ကွင်း စွပ်ရတယ်ဆိုတာ ဟုတ်ပါသလားလို့ မေးတော့ သူတို့က ရယ်ကြပါတယ်။ ဘာလို့လဲ ဆိုတော့ မိခင်ဖြစ်သူက “ခု အဒေါ်အသက် ၆၀ကျော်ပြီ.. ဒီလိုဆိုရင် ကြေးကွင်းပေါင်း ၆ဝကျော် စွပ်ရမှာပေါ့.။လည်ပင်းက ဒီလောက်မှ မရှည်တာ ကြေးကွင်း ၆ဝကျော်ကို ဘယ်လိုလုပ် စွပ်လို့ရမှာလဲ.. ”လို့ ပြန်ပြောတာကြောင့် ရယ်ရပါသေးတယ်။။ ဒီတော့မှ ကျွန်မအရင်က ကြားဖူးတဲ့စကားက မှားနေတယ် ဆိုတာ သိလာရပါတယ်။
လည်ပင်းမှာ ကြေးကွင်း၊ လက်မှာ ငွေကွင်း
ဒူးမှာကြေးကွင်း
(ခြေထောက်ကြီးဘဲ ရိုက်လာတာ မဟုတ်ရပါ.. တစ်ကိုယ်လုံးရိုက်လာတဲ့ပုံကို ခြေထောက်ပိုင်းဘဲ ဖြတ်ထုတ်လိုက်တာပါ) :P
ပဒေါင်(ကယန်း) အမျိုးသမီးတွေဟာ အသက် ၁ဝနှစ်အရွယ်မှာ ကြေးကွင်းကိုစပြီး စွပ်ပါတယ်။ ကြေးကွင်းကို ဘယ်လောက် စွပ်ရမယ်ဆိုတာ ကန့်သတ်ထားတာမျိုး မဟုတ်ဘဲ ကလေးရဲ့ လည်ပင်း အနေအထားကို ကြည့်ပြီး စွပ်ကြတယ်လို့ ပြောပါတယ်. ၇ကွင်း ၈ကွင်းလည်း စွပ်ကြတယ်.. ၁၀ကွင်းလည်း စွပ်ကြပါတယ်တဲ့။ အသက်ဆယ်နှစ်မှာ စွပ်ထားပြီးနောက် အသက် ၂၀ပြည့်ချိန်မှာတော့ လူကြီးတွေစွပ်တဲ့ ကွင်းမျိုးနဲ့ လဲစွပ်ရပါတယ်. အမျိုးသမီးတွေ စွပ်ကြတဲ့ ကြေးကွင်း အများဆုံးဟာ ၂၅ကွင်းဖြစ်ပြီးတော့ အခု သူတို့၂ယောက် စွပ်ထားတဲ့ ကြေးကွင်းကတော့ ၂၄ကွင်းရှိပါတယ်။ တစ်ချို့ကလည်း ၁၈ကွင်း ၂၀ကွင်း စသဖြင့် လည်ပင်း အနေအထားအလိုက် မတူညီစွာ စွပ်ကြပါတယ်။ ပြီးတော့လည်း ကြေးကွင်းမှာ အကြီး၊ အသေးလည်း ရှိပါသေးတယ်.။ ပုံမှာကြည့်မယ်ဆိုရင် သမီးဖြစ်တဲ့သူရဲ့ ကြေးကွင်းက ပိုနည်းပြီး မိခင်ရဲ့ ကြေးကွင်းက ပိုများတယ်လို့ ထင်ရပါတယ်။ တကယ်က သမီးဖြစ်သူရဲ့ ကြေးကွင်းကလည်း ၂၄ကွင်း အမေဖြစ်တဲ့ သူကလည်း ၂၄ကွင်းပါ။ ဒါပေမဲ့ သမီးရဲ့ ကြေးကွင်းက သေးတာမို့လို့ အကွင်းရေ နည်းတယ်လို့ ထင်ရပါတယ်။
လက်မှာလည်း မြင်ရတဲ့ အတိုင်း ငွေကွင်းတွေ စွပ်ကြပြီး ဒူးခေါင်းမှာတော့ ကြေးကွင်းကို စွပ်ကြပြန်ပါတယ်။
ကြေးကွင်းကို စွပ်ပြီးရင် ပြန်ချွတ်ကြသေးလား မေးတော့ စွပ်ထားပြီးရင်လည်း အဲဒီလည်ပင်းက ကြေးကွင်းကို မဖြုတ်ကြတော့ပါဘူး။ သေတဲ့အထိ စွပ်ပြီးနေကြပါတယ်တဲ့။ ခုနောက်ပိုင်း ကလေးတွေရော စွပ်ကြသေးလားလို့ မေးတဲ့အခါမှာတော့ သူတိုရဲ့ သားသမီးတွေဖြစ်တဲ့ ခုခေတ်ကလေးတွေက မစွပ်ကြတော့ပါဘူးတဲ့. ကျောင်းတွေ ဘာတွေ တက်ကြတော့ အခြားကလေးတွေ ကြားမှာ ထူးထူးခြားခြား မဖြစ်လိုကြတာရော၊ ရှက်ကြတာကြောင့်ရော စွပ်ခိုင်းလို့ မရတော့ဘူးလို့ ပြောပြပါတယ်။“ ကောင်းပါတယ် ခုခေတ်ကြေးတွေက ဈေးကြီးကကြီးနဲ့ မဟုတ်ရင် ကြေးဖိုးနည်းမှ မဟုတ်ဘူး”လို့ ကျွန်မက ပြန်နောက်ပြော ပြေလိုက်တော့ သားအမိနှစ်ယောက်က ရယ်ကြပြန်ပါတယ်။ ခုလို စွပ်ထား ရတာ နေရ မခက်ဘူးလား ဆိုပြန်တော့ မခက်ပါဘူး၊ ဘာမှလည်း မဖြစ်ဘူး။ လေးလဲမလေးဘူး လို့ ပြန်ဖြေပါတယ်. ငယ်ကတည်းက အလေ့အကျင့် ဖြစ်ခဲ့တော့လည်း ထူးထူးခြားခြား ဘာမှ မခံစား ရတော့တာ ဖြစ်မှာပါ။
ပန်းခြံထဲက ဗီးနပ်စ် ရုပ်နဲ့အတူ
ဒီပုံလေး သဘောကျတယ်.. ပုံတွေအများကြီးရိုက်တဲ့အထဲမှာ လက်တွဲတာဆိုလို့ ဒီတစ်ပုံလေးဘဲရှိတာ။
ဒါတောင် လက်တွဲပေးပါလို့ ပြောလို့ တွဲလိုက်တာ. မဟုတ်ရင် အပေါ်မှာလို တောင့်တောင့် ကြီးတွေ ဖြစ်နေတာ။ အင်းလေ သူတို့က မင်းသမီးမှ မဟုတ်တာ ဘယ်ကလာ ပဲတွေ အိုက်တင်တွေ ပေးတတ်ပါ့မလဲနော်။ သူတို့နာမည်တွေ မေးတဲ့အခါ အမေဖြစ်သုရဲ့ နာမည်က ဂျက်ပိန်း လို့ခေါ်ပါတယ်တဲ့။ ကျွန်မက သူတို့နာမည်ကို အသံထွက်ပြီး ဆိုကြည့်တော့ ရယ်ကြပြန်ပါတယ်. ကျွန်မ အသံထွက်တာ လွဲနေလို့ပါတဲ့.. “ဟင်.. ပဒေါင်တွေကတောင် ရယ်ရလောက်အောင် ငါ့အသံထွက်က ဒီလောက်ဆိုးနေလား”လို့ ကိုယ့်ကိုယ်ကို ပြန်တွေးပြီး ရယ်ချင်မိသေး။း) သိဘူး.. ခုလည်း ဂျက်ပိန်းဆိုတာ ကြားမိတဲ့အတိုင်း ရေးလိုက်တာပါဘဲ။ မူပိန်းလို့လည်း ခေါ်ပါတယ်တဲ့။ သမီးရဲ့ နာမည်ကတော့ မူနောလို့ ပြောပါတယ်။ မိခင်ဖြစ်သူ ဒေါ်ဂျက်ပိန်းက အသက် ၆၀ကျော်ပြီလို့ပြောတော့ “မထင်ရဘူးနော်.. အသက်၆၀ကျော်သာပြောတာ ငယ်ငယ်လေးလို့ ထင်ရတယ်” လို့ ကျွန်မက ပြောတော့ သားအမိတွေ ရယ်ကြပြန်ပါတယ်။
ဒေါ်ဂျက်ပိန်းတို့ ပဒေါင်သားအမိကို ဓာတ်ပုံရိုက်ယူနေတုန်းမှာ မိန်းခလေးတစ်ယောက်က သူလည်း ပဒေါင်တွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ချင်ပါတယ်လို့ ပြောလာလို့ ရိုက်ပေးလိုက်ရပါသေးတယ်။ :P အမယ် သူက လက်နှစ်ချောင်းထောင်တော့ မမူနောကလည်း လက်ကလေး နှစ်ချောင်းလိုက်ထောင်လို့..
လည်ပင်းကြေးကွင်းစွပ်သူများအား အမှတ်တရ
( အလယ်က တစ်ယောက်ကတော့ ပိုက်ဆံပြတ်လို့ စွပ်ထားတဲ့ ကြေးကွင်းဖြုတ်ရောင်းလိုက်ပုံ ရပါတယ် .ကြေးကွင်းမပါလည်း ဓာတ်ပုံတော့ ရိုက်ပေးလိုက်ပါတယ်လေ ) :P
( အလယ်က တစ်ယောက်ကတော့ ပိုက်ဆံပြတ်လို့ စွပ်ထားတဲ့ ကြေးကွင်းဖြုတ်ရောင်းလိုက်ပုံ ရပါတယ် .ကြေးကွင်းမပါလည်း ဓာတ်ပုံတော့ ရိုက်ပေးလိုက်ပါတယ်လေ ) :P
မမူနောတို့ သားအမဟာ အင်မတန် စိတ်ရှည်ပါတယ်။ သူတို့ကို ကျွန်မက ဟိုဟိုဒီဒီ နေရာကောင်း၊ ရှုခင်းလှတဲ့ နေရာလေးတွေ ပြောင်းပြီး ဓာတ်ပုံအမျိုးမျိုး ရိုက်တော့ “ပင်ပန်းနေပြီလား” လို့ သူတို့ကို မေးတဲ့အခါ၊ “ရတယ် ရတယ်.. ဘာမှ မပင်ပန်းဘူး” လို့ သဘောကောင်းစွာနဲ့ ပြောရှာပါတယ်။ ဒေါ်ဂျက်ပိန်းကတော့ အိမ်ထောင်ဆုံး သွားတာ နှစ်ပေါင်းများစွာကြာပါပြီ။ မမူနောကလည်း























