ရွာကလေး၏ တောင်ထိပ်ပေါ်တွင်ရှိသော ထုံးဖွေးဖွေး စေတီကလေးပေါ်တွင် ပုတီးစိတ်၊ တရားထိုင်ပြီး တောင်ပေါ်မှ ဖြေးညင်းစွာ သူ ပြန်ဆင်းလာခဲ့သည်။ တောင်ထိပ်ဟု ဆိုသော်လည်း မြင့်မား မတ်စောက်သည့် တောင်မျိုး မဟုတ်။ ပြေပြေလေး တက်သွားရသော ခပ်နိမ့် နိမ့် ကုန်းကလေးသာ ဖြစ် သည်။ တောင်ကုန်းထိပ်ကလေးရှိ စေတီ တည်ရှိရာအရပ်သည် အလွန် တရာမှ အေးချမ်း ဆိတ်ငြိမ်လှကာ တောင်ကုန်းကလေး၏ တစ်ဖက် တောအုပ်ထဲမှ ကျေးငှက်တို့ သီးကျူး သံ၊ မျောက်စသော တောကောင်ငယ်တို့ အော်မြည်သံများကိုပင် အတိုင်းသာ ကြားနေ ရလောက်အောင် လူသူသံ ကင်းဝေးပြီး သာယာလှသော နေရာကလေး ဖြစ်သည်။ ထိုတောအုပ် သည် မည်သည့်တော တိရိစ္ဆာန်ကိုမျှ ပစ်ခတ်ဖမ်းဆီးခြင်း မပြုရသော ဘေးမဲ့တောလည်း ဖြစ်လေသည်။ တောင်ကုန်းပေါ် ရှိ စေတီလေးပေါ်သို့ ညနေခင်းတိုင်း လမ်းလျှောက်လာကာ ပုတီးစိတ်၊ တရားထိုင်၊ ဘုရားပန်းများ ညှိုးနေလျှင် အနီးနား တောစပ်က သပြေပန်းများနှင့် တောပန်းကလေးများ ချိုးကာ လဲပေးခြင်း၊ စေတီပရဝုဏ် အနီးတစ်ဝိုက် အမှိုက်သရိုက်များ လှဲကျင်းပေးခြင်း စသောဝေယျာ ဝစ္စတို့သည် သူ့အတွက်တော့ မိုးမရွာသော ရာသီဥတု သာယာသည့် နေ့တိုင်း ပြုလုပ်မြဲ ကုသိုလ် အမှုလည်း ဖြစ်လေ သည်။
ယနေ့တွင်လည်း ဘုရားရှိခိုး၊ ပုတီးစိတ်၊ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် လက်တွင် ကိုင်လာသော တောင်ဝှေးကို ခပ်ဖြေးဖြေးထောက်ကာ တောင်ကုန်းလေးဆီမှ သူဆင်းလာခြင်း ဖြစ်သည်။ တောင်ခြေအရောက်တွင် ရွာကလေးကို ရစ်ခွေ စီးဆင်းနေသော ချောင်း ကမ်းစပ်နားတွင် ထိုင်ကာ ဝင်လုဆဲ ညနေခင်း၏ ဆည်းဆာအား ထိုင်ကြည့် တော့ သည်။ တောင်ကုန်းပေါ်မှ ဆင်းလာတိုင်းလဲ နေဝင်ဆည်းဆာကို သူထိုင်ကြည့်လေ့ ရှိပါသည်။ နေ့တစ်နေ့၏ နောက်ဆုံး လက်ကျန်အဖြစ် တောက်ပသော အလင်းရောင်များကို ထုတ်လွှတ်ကာ ကမ္ဘာလောကကြီးအား နှုတ်ဆက်နေ ပေပြီ။ နေမင်းကြီး ဆီမှ ဖြာဆင်း လာသော ရောင်ခြည်များသည် သူမြင်တွေ့နေ ရသည့် ပတ်ဝန်းကျင် တစ်ခုလုံးကို လိမ္မော်ရောင် ခြယ်ပစ်သည် သာမက ချောင်းရေပြင်သည် ပင်လျှင် လိမ္မော်ရည်များ လိမ်းကျံထားဘိသို့ ရှိသည့် အတွက် လိမ္မော်ရောင် ဆည်းဆာဟု သူက စိတ်ထဲမှ တီးတိုး ရေရွတ်မိလိုက်သည်။
ညနေဆည်းဆာကို သူ နှစ်သက် သဘောကျမိသည်မှာ ငယ်စဉ်ကတည်းက ဖြစ်ခဲ့သည်။ ငယ်စဉ်တုန်း က နှစ်သက်မိခြင်းသည် ဘယ်လို အတွေးမျိုးရှိ၍မှ မဟုတ်ဘဲ လိမ္မော်ရောင် နေလုံးကြီးတဖြေးဖြေး ဝင်ရောက် ပျောက်ကွယ်သွားသည်ကို ကြည့်ကောင်းကောင်း ဖြင့် နှစ်သက်မိခြင်းသာ ဖြစ်သော်လည်း ယခု အသက် ၇ဝ ကျာ်နေပြီ ဖြစ်သော အရွယ်တွင်တော့ ညနေဆည်းဆာကို နှစ်သက်ရခြင်းသည် အဓိပ္ပါယ် ရှိလာခဲ့ပြီ။ ညနေနေဝင်ချိန် ဆည်းဆာ ဟူသည်ကား နေ့တစ်နေ့၏ နောက်ဆုံးအချိန် ဖြစ်သည်။ တစ်နေ့တာ၏ အဆုံးသတ်ချိန် ဆိုပါတော့။ လောကကြီးတွင် မွေးဖွား သက်ရှင်နေထိုင်ကြသော လူတိုင်း၏ ဘဝတွင်လည်း နေ့တစ်နေ့၏ နေ့ဝင်ချိန်ကဲ့သို့ ဘဝ၏ နေဝင်ချိန်လည်း ရှိသည်သာဖြစ်သည်။ ငယ်ရာမှ ကြီး၊ ကြီးရာမှ အို စသဖြင့် ဖြတ်သန်းရသော ဘဝဖြစ်စဉ် အဆင့်ဆင့်တွင် အိုမင်းလာသော သူ့လို အသက်အရွယ် ချိန်ခါသည် ဘဝ၏ နေဝင်ဆည်းဆာချိန် ရောက်လေပြီ။
ထိုဆည်းဆာချိန် ရောက်သည့်အခါ လူတစ်ယောက်သည် သူဖြတ်သန်းလာခဲ့သော ဘဝ၏ လမ်းကြောင်း ကို နောက်ပြန်လှည့်ကြည့် သုံးသပ်သင့်သည်ဟု သူက ယူဆသည်။ နေခြည်နုနု ဖြာကျခါစ လို ငယ်ရွယ်နုနယ်သည့် နေ့ရက်များ၊ ခပ်ပြင်းပြင်း နေ့လည်ခင်းနေခြည်နှင့်တူသော တည်ငြိမ်ရင့်ကျက် လာသော သက်လတ်ပိုင်းနေ့ရက်များ ၊ ယခုကဲ့သို့ လိမ္မော်ရောင် ဆည်းဆာဖြင့် လောကကြီး ကို နှုတ်ဆက် စ ပြုနေသော သက်ကြီးပိုင်း နေ့ရက်များ စသည့် သူဖြတ်သန်း ခဲ့သော ဘဝလမ်းကြောင်း တစ်လျှောက် သူပြုခဲ့သည့် ကိစ္စရပ်များ၊ လုပ်ဆောင်ချက်များကို သူ ပြန်လည် သုံးသပ်သည်။ ဘယ်တုန်းက ဘယ်အချိန် တွင် သူလုပ်သင့်တာကို မလုပ်ခဲ့ဘူးလား၊ ဘယ်အခွင့်အရေး မျိုးကို သူအရမယူနိုင်ဘဲ ဆုံးရှုံးခဲ့သလား၊ ဘဝအတွက် ယခု နောက်ဆုံးနေဝင်ချိန်တွင် သူဖြတ်သန်းခဲ့ရသော နေ့ရက်များအတွက် လိပ်ပြာသန့်ပါ ရဲ့လား၊ စသည်ဖြင့် သူ ပြန်လည် စဉ်းစားကာ မိမိကိုယ်ကို မေးမြန်းလ့ ရှိသည်။
သူ့ဘဝကို ပြန်လည် စဉ်းစားဆင်ခြင်သုံးသပ်ရာတွင် မလုပ်သင့်သည်ကို လုပ်ခဲ့မိသော နောင်တ ရစရာ ဟူ၍ များများ စားစားမရှိလှပါ။ သူက ဘဝကို လူသားဆန်ဆန် ရိုးရိုးသားသား ရှင်သန်လိုသောသူ ဖြစ်လေသည်။ သူတစ်ပါး မျက်ရည်ပေါက် ကီးငယ် ကျစေခဲ့သော လုပ်ရပ်များ၊ သူတစ်ပါးအပေါ် အနိုင်ကျင့်ယုတ်မာခဲ့သော လုပ်ရပ်များလည်း သူ မပြုလုပ်ခဲ့ပါ။ မည်သူ့အပေါ်တွင်မှ ကလိန်ကကျစ် ကျခဲ့ခြင်းမျိုးဖြင့် သူ့ဘဝကို မရှင်သန်ခဲ့ဖူးပါ။ ငယ်စဉ်အချိန် ပညာသင်ယူစရာရှိတာကို သင်ယူပြီး အရွယ်ရောက်လျှင် အသက်မွေး ဝမ်းကြောင်းအတွက် ထိုက်သင့်သည့် အလုပ်ကို လုပ်ခဲ့သည်။ သူတစ်ပါးအပေါ် ခေါင်းပုံဖြတ်ခြင်းဖြင့် မတရားစီးပွားကို မလုပ်ခဲ့ပါ။ သမာအာဇီဝ ကျကျ စီးပွားရေး လုပ်ငန်းကိုသာ သူ လုပ်ဆောင်ခဲ့သည်။
အချို့သော စီးပွားရေးမိတ်ဆွေများက လူတိုင်းအပေါ်တွင် သူ၏ စိတ်ရင်းအတိုင်း ရိုးရိုးသားသား ဆက်ဆံမှု အပေါ် ပျက်လုံး ထုတ်တတ်ကြသည်။ စီးပွားရေးလုပ်လျှင် ခွက်ခွက်လန် ရှုံးမည်ဟုလည်း စကားတင်း ဆိုကြသည်။ သို့သော် ရိုးရိုးသားသား နေထိုင် စီးပွားရှာကာ ကတိစကား တစ်ခွန်းကို စောင့်ထိန်းတတ်သူ သူ့အတွက်တော့ စီးပွားရေးလောကတွင်ရော၊ လူမှုရေးလောကတွင်ပါ နာမည်ပျက်မရှိဘဲ လူတိုင်းက လေးစားခဲ့သည် ဖြစ်လေသည်။ လူအများက အာရုံစိုက်ရလောက်အောင် ကြီးကျယ်စွာ ချမ်းသာသော ဘဝကို မပိုင်ဆိုင်ခဲ့သော်လည်း သင့်တင့်သော စီးပွားရေးနှင့် ချစ်ခင်ဖွယ်ရာ မိသားစုလေး တစ်ခုကို သူပိုင်ဆိုင်ခွင့်ရခဲ့သည်။ ထိုအတွက်လည်း သူ့ဘဝကို သူ ကျေနပ်မိရသေးသည်။ ငွေကြေးဖြင့် ဝယ်ယူ၍ မရနိုင်သော ပျော်ရွှင်ခြင်းကို သူရရှိခဲ့သည်သာဖြစ်သည်။ အလွန်တရာ ချမ်းသာသော သူများသည် သူ့လောက် ဘဝကို ပျော်ပျော် ရွှင်ရွှင် အေးအေး ချမ်းချမ်း ဖြတ်သန်းခွင့် ရချင်မှ ရလိမ့်မည်။ နာမည်ပျက်မရှိ လူမှု အသိုင်းအဝိုင်းတွင် အများက လေးစား ကြသော သူဖြစ်ချင်မှ ဖြစ်ကြလိမ့်မည်။ သူတို့သည် မိသားစုနှင့် ပျော်ပျော် ရွှင်ရွှင် နေခွင့် ရချင်မှ ရလိမ့်မည်။ ငွေနောက် ကောက်ကောက်ပါအောင် လိုက်ရင်း မိသားစုအတွက် စိတ်ပျော်ရွှင်မှုများကို ဖန်တီးပေးဖို့ မေ့လျော့ထားချင် ထားကြလိမ့်မည်။ ဂုဏ်သိက္ခာ၊ ပျော်ရွှင်မှု၊ အေးချမ်းမှု စသည့်အရာတို့ကို သူတို့သည် ငွေကြေးအတွက် လဲပစ်ကောင်း လဲပစ်ကြလိမ့်မည်။
သူ့အတွက်တော့ ထိုအရာများကို ငွေကြေးထက် ပိုမို မက်မောခဲ့လေသည်။ ပိုက်ဆံငွေကြေး၊ ပိုင်ဆိုင်ခွင့်များ မတန်တဆ ရှိဖို့မလို၊ စိတ်ချမ်းမြေ့ဖွယ် မိသားစုလေးတစ်ခုနှင့်အတူ ဘဝကို အေးအေး ချမ်းချမ်း ဖြတ်သန်းခွင့်ရသည်ကပင် သူကျေနပ်မိရသည်။ ဘဝအတွင် အရေးအကြီး ဆုံးသော လိုအပ်ချက်မှာ ချစ်ခင် သူများနှင့် ပျော်ပျော်ရွှင်ရွှင် စိတ် ချမ်းချမ်းသာသာ နေနိုင်ဖို့ဟု သူက ယူဆမိပါသည်။ လူတိုင်းသည် မိမိသမိုင်းကို မိမိကိုယ်တိုင် ရေးကြသည်။ မိမိတို့ဘဝ အသက်ရှင် နေထိုင်ချိန်တွင် လုပ်ခဲ့၊ ပြုခဲ့သော ကောင်းမှု၊ မကောင်းမှုတို့သည် တစ်ချိန်ချိန် တွင် ရောင်ပြန် ခံစားရမည်ဟု သူကတော့ ယုံကြည်မိသည်။ ထို့ကြောင့်လည်း မကောင်းမှုကို နည်းနိုင်သမျှ နည်းအောင် နေထိုင်ခဲ့သည်။
လူ့လောကကြီးတွင် ဧည့်သည်အဖြစ် ရောက်လာသော တစ်ခဏသာအတွက် ဧည့်သည်ဆိုးတစ်ယောက် သူမဖြစ်ချင်ခဲ့ပါ။ လောကကြီးအတွက် အကျိုးမပြုနိုင်ဦးတော့တောင် ဆိုးကျိုတော့ဖြင့် မပေးလိုပါ။ သူ သားသမီးဖြစ်စဉ်က မိဘတို့ကို ပြန်လည် သိတတ်ခဲ့ပြီး ပြုစု လုပ်ကျွေးခွင့်ရခဲ့သောကြောင့် မိဘကို မကျွေးမွေး မစောင့်ရှောက် လိုက်ရသော နောင်တမျိုး မရခဲ့ပါ။ ယခု သူ့အသက် ကြီးရင့်လာသော အခါတွင်လည်း သူ၏ သားသမီးမြေးမြစ်တို့က သူ့ကို ပြန်လည် စောင့်ရှောက်ကြလေပြီ။ သူသည် ကြွေးဟောင်းကို ဆပ်ခဲ့ပြီးပြီ။ ကြွေးသစ်ကိုလည်း ချခဲ့ပြီးပြီ။ သူ့အတွက် ဘာမှ အပန်းတကြီး ဖြစ်စရာ အခြေအနေလည်း မရှိတော့ပါ။ ဘဝကို အေးအေးချမ်းချမ်း ကုန်ဆုံးရန်သာ ရှိတော့သည်။

ဘုရားကုန်းပေါ်မှ ဆင်းလာပြီးတိုင်း ချောင်းဘေးက ခုံတန်းလျားတွင်ထိုင်ကာ နေဝင်ချိန်ကို အမြဲတမ်း စောင့်ကြည့်လေ့ရှိပြီး သူ့ဘဝအကြောင်းများနှင့် ဘဝတစ်လျှောက်လုံး သူလုပ်ခဲ့သော ကောင်းမှု၊ လုပ်ရပ်များကို စဉ်းစားတိုင်းလည်း ကျေနပ်မိရပါသည်။ လိမ်ညာ လှည့်ဖြားခဲ့ ခြင်း၊ ခေါင်းပုံ ဖြတ် ခဲ့ခြင်း၊ လောဘဇောဖြင့် မတရားစီးပွားရှိခဲ့ခြင်း၊ သူတစ်ပါးကို နှိပ်စက် ညှင်းပန်းခဲ့ခြင်းမျိုးကို မပြုလုပ်ခဲ့သည့်အတွက် သူဖြတ်သန်းခဲ့သော နေ့ရက်များသည် လိပ်ပြာမလုံခြင်း၊ ထိတ်လန့် စိုးရွံ့နေရခြင်း စသည့်နေ့ရက်မျိုး မရှိခဲ့ပါ။ ဘဝတစ်လျှောက်လုံး သူတစ်ပါးအပေါ် မတရားမလုပ်ခဲ့သော၊ လောဘတကြီး သူ့အတွက် ဘဝ ဆည်းဆာချိန်သည်လည်း ပူပင်ထိတ်လန့်သော စိတ်နှလုံးမျိုး မရှိဘဲ အေးချမ်းငြိမ် သက်လို့ နေလေသည်။
လူတိုင်းသည် မိမိ သေလွန်သွားသည့်အခါတွင် စုဆောင်းထားသော မည်သည့် ပစ္စည်းဥစ္စာမှ ယူဆောင်မသွားနိုင်ပါ။ အရာအားလုံးကို ထားပစ်ခဲ့ရမည်သာ ဖြစ်လေသည်။ သို့သော် ယူဆောင် သွားနိုင်သည့် တစ်ခုတည်းသော အရာမှာ ကုသိုလ်ကောင်းမှု ဖြစ်သည်။ ကုသိုလ်ကောင်းမှုလည်း တတ်နိုင်သမျှ သူလုပ်ခဲ့ပြီးပြီ။ လုပ်နေဆဲ လည်း ဖြစ်သည်။ နေဝင်ချိန်ဟူသည် နေ့နှင့်ညကို ပိုင်းခြား ကန့်သတ်လိုက်သည့် အနားသတ်ဟု သူက ယူဆပါသည်။ ဆည်းဆာချိန်ရောက်ပြီ ဆိုသည်နှင့် တစ်နေ့တာ ကုန်ဆုံးတော့မည်။ ယခု သူ့ဘဝသည်လည်း နေဝင် ဆည်းဆာချိန် ရောက်နေပေပြီ။ မကြာသောတစ်နေ့တွင် သူထွက်ခွာရတော့မည်။ ယခုအချိန်တွင် အေးချမ်းသော သူ့ဇာတိရွာကလေးမှာ သူ့ဘဝနေဝင်ချိန်ကို ကုန်ဆုံးဖို့ ကြိုးစားနေခြင်းသာ ဖြစ်တော့သည်။

အစောဆီက လိမ္မော်ရောင် အဆင်းဖြင့် လင်းချင်းတောက်ပကာ ကမ္ဘာမြေကြီး၏ တစ်နေ့တာ အား နောက်ဆုံး နှုတ်ဆက်နေခဲ့သော နေမင်းကြီးသည် ဂေါယံဆီသို့ ယွန်းသွားလေပြီ။ ကောင်းကင်ပြင်နှင့် တိမ်စိုင်တစ်ချို့ကတော့ လိမ္မော်သွေးများ လိမ်းကျံထားဆဲ ရှိလေသည်။ သို့သော် ထိုလိမ္မော်ရောင် သည်လည်း မကြာခင်တွင် စုန်းစုန်း ပျောက်ကွယ်ကာ မဲမှောင်လာပေတော့မည်။ သူသည် ခုံဘေးတွင် ချထားခဲ့သော တောင်ဝှေးကို ကောက်ယူလိုက်ပြီး ထိုနေရာမှ တစ်လှမ်းချင်း ထွက်ခွာကာ အိမ်ဆီသို့ ဖြေးဖြေးမှန်မှန် တည်တည်ငြိမ်ငြိမ် ခြေလှမ်းများဖြင့် လျှောက်လှမ်း သွားနေလေသည်။
ထိုအချိန်တွင် ပေါက်တူး တစ်လက်ကို ထမ်းကာ လယ်တောများဘက်ဆီမှ ပြန်လာသော သူနှင့် အသက် မတိမ်းမယိမ်း အဖိုးအို တစ်ဦးသည် သူ့ကိုကြည့်ကာ ထူးဆန်း အံ့သြနေသည်ကို သူမသိလိုက်တော့ပါ။ ထိုအဖိုးအိုသည် လယ်တောစပ်ရှိ အင်းကလေးများတွင် ဖားရှာ၊ ငါးရှာအလုပ်ကို နေ့စဉ် လုပ်ကိုင်ပြီး ခုကဲ့သို့ ညနေစောင်းတွင် ပြန်လာလေ့ရှိရာ ချောင်းကမ်းဘေးတွင် ညနေခင်းတိုင်း ထိုင်တတ်သောသူနှင့် အမြဲဆုံတတ်သည်။ ဆုံတိုင်းလည်း နေဝင် ဆည်းဆာကို ထိုင်ကြည့်နေသော သူ့ကိုကြည့်ကာ အထူး အဆန်း ဖြစ်နေရသည်။ အလုပ်မရှိ အလုပ်ရှာကာ နေဝင်ချိန်ကို လာကြည့်နေသည်ဟုလည်း ထို အဖိုးအိုက ထင်လေသည်။ နေဝင်ချိန်သည် ဘာများ ထူးဆန်းလို့ နေ့စဉ် စောင့်ကြည့်သည်ကိုလည်း သူက မေး ကြည့်ချင် ပါသေးသည်။
သူ့လက်ထဲတွင် ပါလာသော ငါးအတွဲကို ပြန်ကြည့် မိလိုက်တော့ နေဝင် ချိန်ကို စောင့်ကြည့်ကာ အချိန်ဖြုန်းခြင်းထက် သူ့လို အကျိုးရှိသည့် အလုပ်ကို လုပ်သည်က တော်သေးသည် ဟု တွေးလိုက် မိသည်။ တစ်ဆက်တည်းတွင် ငါးများများ ဖမ်း၍ရလျှင် ဈေးတွင် ရောင်းချပြီး ငွေးကြေးကလေးစုမိ ဆောင်းမိ ရှိပါက တီဗီ ခပ်ကြီးကြီးတစ်လုံး ဝယ်မည်ဟု သူက တွေးမိပြန်သည်။ သို့မှသာ သူ့သားသမီး မြေးမြစ် ကလေးများနှင့် ပို၍ ပျော်ပျော် ရွှင်ရွှင် ကြည့်နိုင်မည်ဟု စဉ်းစားရင်း ပြုံးလိုက်မိသေးသည်။ စဉ်းစားနေရင်းမှ သူ့စိတ်သည် အိမ်ဆီသို့ရောက်သွားကာ ခုချိန်တွင်တော့ သူ့မြေးကလေးများက တီဗီရှေ့တွင် ဆူညံစွာ ရှိနေပေတော့မည်။ ယနေ့ညသည် သူကြိုက်သည့် ဇာတ်ကားတွဲ လာမည် ဆိုတာကို တွေးလိုက်မိပြန် လျှင်တော့ ခြေလှမ်း များမှာ စောစောကထက် ပိုသွက်လက် လာလေတော့ သည်။
နေ့တစ်နေ့ကို အနားသတ်ပေးနေသော ညနေဆည်းဆာ ကုန်ဆုံးချိန် နေဝင် ချုပ်ညရီတွင် ရှေ့ ဆင့် နောက်ဆင့် လျှောက်လှမ်း သွားနေသော အဖိုးအို နှစ်ဦး၏ ခြေလှမ်းများသည် တူသယောင်ယောင် ရှိသော်လည်း မတူ ကွဲပြားနေသည် ကိုတော့ သေချာ ကြည့်မည်ဆိုလျှင် တွေ့နိုင်ပေလိမ့်မည်။ တစ်ဦး၏ ခြေလှမ်းများက အေးဆေး တည်ငြိမ် နေပြီး နောက်တစ်ဦး၏ ခြေလှမ်းများ ကတော့ အလျင်စလို သုတ်သုတ်ပြာပြာဖြင့် အလောတကြီး နိုင်နေလေသည်။ ထိုသို့ ကွဲပြားနေသည်ကား ညနေ ဆည်းဆာချိန်ကို ဖြတ်သန်းပုံချင်း မတူညီသောကြောင့်သာ ဖြစ်လေတော့သည်။