မေပယ်ရွက်တွေ တဖြေးဖြေး ဝါလာပြီဝါရာကနေ နီလာပြီ ဆိုရင် သေချာကာက ဆောင်းဦးရာသီ ရောက် လာပြီ ဆိုတာပါဘဲနော်။ တစ်ပင်လုံး ရဲရဲနီအောင် အရွက်တွေ အရောင်ပြောင်းတတ်တဲ့ မေပယ်ရွက် ကလေးတွေ ဟာ အရွက်တွေထဲမှာတော့ ချစ်စရာ အရွက်တစ်မျိုးပါ။ အရွက်ပုံသဏ္ဍာန်ကလည်း ထူးခြားသလို သူ့ရဲ့ အရောင်ကလည်းထူးခြားပါတယ်. အခြားအရွက်တွေလို စိမ်းရာက ဝါပြီးခြောက်သွေ့ သွားရုံ မဟုတ်ဘဲ အရောင်သုံးမျိုး ပြောင်းလဲနိုင်စွမ်း ရှိတဲ့ အရွက်ပါ။ အစိမ်းရောင် အဝါရောင် ကနေ နောက်ဆုံး ရဲရဲ နီအောင် ပြောင်းသွားတဲ့အခါ မြင်ရသူတိုင်းရဲ့ စိတ်ကို အလွန် ဆွဲဆောင်မှုပေးနိုင်ပြီး တစ်မျိုးလေး ခံစား ရစေတဲ့ အပင်ပါ။ အချွန်လေးတွေ ၅မြောင့်ပါတဲ့ မေပယ်ရွက်ဟာ ကျွန်မတို့ မြန်မာပြည် က ချဉ်ပေါင်ရွက်နဲ့ ဆင်ဆင် တူတာတွေ့နိုင်ပါတယ်။
ရဲရဲတောက်အနီ
အေးတဲ့ဒေသက နိုင်ငံများမှာတော့ မေပယ်ပင်ဟာ လမ်းဘေးမှာ၊ ပန်းခြံထဲမှာ အလှအပ အဖြစ် မြတ်နိုးစွာ စိုက်ပျိုးကြတဲ့ အပင်ဖြစ်ပါတယ်။ ဆောင်းဦးရာသီရောက်လာတာနဲ့ အချို့ အပင်တွေက ဝင်းဝါတဲ့ ရွှေရောင်၊ အချို့အပင်တွေကတော့ ရဲရဲတောက် အနီရောင် အဖြစ် လောကကြီးကို အလှဆင်ကြပါတော့တယ်။ ကနေဒါနိုင်ငံမှာတော့ မေပယ်ရွက်ကို အထွတ်အမြတ်အနေနဲ့ တန်ဖိုးထားပြီး အမျိုးသားရေး အထိမ်းအမှတ် တစ်ခုအဖြစ် အလံတော်ပေါ်မှာ ထည့်သွင်းထားပါတယ်။ ဒါကြောင့်လည်း မေပယ်ရွက်ဟာ ကနေဒါရဲ့ သင်္ကေတ ဆိုလည်း မမှားပါဘူး။
ပန်းခြံထဲက မေပယ်

တောအုပ်ထဲက မေပယ်
မေပယ်ပင်ကို အလှအဖြစ်စိုက်ရုံသာမက ဂျပန်နိုင်ငံမှာတော့ အပင်ပု(ဘွန်ဇိုင်း) အဖြစ်ပါ ဖန်တီးပြီး ဧည့်ခန်းဆောင်များ၊ ဥယျာဉ်ပန်းခြံများမှာ အလှပြနိုင်အောင် ပြုလုပ်ကြ ပါသေးတယ်။ အစိမ်းရောင် အနီရောင် နှစ်မျိုးလုံးကို ဖန်တီးကြပေမဲ့ လူကြိုက်များတဲ့ မေပယ်ဘွန်ဇိုင်းကတော့ ဆောင်းဦးမှာ တစ်ပင်လုံး နီရဲတဲ့ အပင်မျိုးကို လူတွေက ပိုပြီးနှစ်သက်ကြပါတယ်။

မေပယ်ဘွန်ဇိုင်းပင်ပု

ရွှေဝါရောင်မေပယ်ဘွန်ဇိုင်း

အစိမ်းရောင် မေပယ်ဘွန်ဇိုင်း

စိမ်းတစ်ချို့ဝါတစ်လီ


မေပယ်ပင်လေးတွေကို ဘွန်ဇိုင်းအဖြစ် ပြုလုပ်ကာ ၄င်းအပင်တို့ကိုစုစည်းပြီး တောအုပ်ငယ်လေးသဖွယ် ဖန်တီးထားတာပါ။
မကြာခင်မှာတော့ ခရစ္စမတ်ချိန်ခါ ကျရောက်လို့လာတော့မှာမို့ ခရစ္စမတ်ပွဲကို ကျင်းပလိုသူများ ဒီဇင်ဘာရဲ့အထိမ်းအမှတ် မေပယ်ရွက်လေးတွေနဲ့ ပန်းအိုးပြုလုပ် ချင်သူများ အတွက် အင်တာနက်မှာ ရှာဖွေတွေ့ရှိထားတဲ့ မေပယ် ရွက်လေးတွေနဲ့ နှင်းဆီ ပန်းပွင့်ပြုလုပ်ပြီး၊ ပန်းအိုး ထိုးတဲ့ နည်းလေး ကို မေပယ်ပင် ရှိတဲ့နေရာမှာ ရောက်နေတဲ့ မိတ်ဆွေများ အသုံးချနိုင်ဖို့ ပြန်လည် မျှဝေချင်တဲ့အတွက် ဒီပိုစ့်လေးကို ရေးတာပါ။ အချို့နိုင်ငံတွေ မှာတော့ မေပယ် ရွက် တွေတောင် ကြွေကုန်ပြီမို့ နည်းနည်းတောင် နောက်ကျနေပြီ ထင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် နောက် တစ်ကြိမ် ဆောင်းဦးရောက် လို့ မေပယ် ရွက်လေးတွေ ရွှေရောင် ဝင်းတဲ့အခါ ခုနည်းလေးနဲ့အတူ ပန်းစည်းလေးတွေ ပြုလုပ်ပြီး လက်ဆောင်ပေးခြင်းနိုင်သလို မိမိ အိမ်မှာလည်း အလှဆင်နိုင်ပါတယ်။ ပန်းအိုး လှလှပပ ပြင်ဆင်ပြီး ခရစ္စမတ်ကိုလည်း ကြိုဆိုနိုင် ပါသေးတယ်နော်။
ပထမဦးစွာ လှပအနာအဆာကင်းသော မေပယ်ရွက်ဝါကလေးများကို စုစည်းလိုက်ပါ။
မေပယ်ရွက်ကို လက်ဝါးပြင် ခုလို မှောက်ထားတယ်လိုက်ပါ
ထိပ်ဖျားပိုင်း ထက်ဝက်နီးပါးကို ခေါက်ချလိုက်ပါတယ်.



























