ဒီနေ့တော့ ခရစ္စမတ်ပွဲတော်ကို ပျော်တဲ့သူက ပျော်၊ အားလပ်ရက်မို့ လည်သူတွေက လည်နေကြပြီ ထင်ပါတယ်နော်။ ဒီနေ့အတွက် ဟင်းချက်စရာအဖြစ် ကြက်နှမ်းမွှေး ချိုချဉ် လုပ်နည်းလေး ပြောပြချင် ပါတယ်။ ပထမဦးစွာ အရိုးမပါတဲ့ ကြက် ရင်အုပ်သားချည်းကို ရွေးထုတ်လိုက်ပါတယ်။ ရေ စင်အောင်ဆေးပြီး အတုံးကလေးများ တုံးပါမယ်နော်။
အသားချည်းသက်သက်ကို ခုလို အတုံးလေးများ တုံးပါတယ်.
ကြက်သားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဟင်းချက်ဝိုင်၊ ငရုပ်ကောင်းမှုန့် ၊ နှမ်းဆီ၊ သကြားအနည်းငယ်တို့ဖြင့် နယ်ပြီး အချိန် နာရီဝက်ခန့်ထားလိုက်ပါတယ်။ အချိန်မရရင်တော့ ၁၅မိနစ်ခန့် ထားနိုင်ပါတယ်။ အရသာများ အသားထဲသို့ ဝင်စေရန်ဖြစ်ပါတယ်။
ဒါကတော့ ကြက်ဥ၊ ဂျုံမှုန့်၊ အကြော်မှုန့်၊ ဆော်ဒါအနည်းငယ်၊ နှမ်းဆီ အနည်းငယ်၊ ဆား၊ အရသာမှုန့် တို့ကို ရေဖြင့် ရောမွှေပြီး ပျစ်ပျစ်လေး ဖျော်ထားတာပါ။
အစောက အတုံးလေးတွေ တုံးပြီး နယ်ထားတဲ့ ကြက်သားကို မှုန့်အနှစ်နဲ့လူးပြီး ဆီပူပူများ ကြော်ပါတယ်.။ မီးခပ်အေးအေးနဲ့ ကြော်ပြီး ရွှေရောင်သန်းလာရင် ကျက်ပါပြီ။ မီးတအားများရင် အပေါ်ကသာကျက်ပြီး အထဲက အသားတွေ မကျက်မှာစိုးတာကြောင့် မီးအေးအေးနဲ့ ကြော်ပါတယ်.
ကြက်သားလုံးကြော်
ကြက်သားကို ဒီအခြေအနေထိ ကြော်ပြီးပြီဆိုရင် ခနထားလိုက်ပြီး နောက် တစ်ဆင့် အတွက် ဆောစ့် ပြုလုပ်ပါမယ်နော်။
ဆောစ့် ပြုလုပ်ဖို့ လိုအပ်တဲ့ အရာတွေက ခရမ်းချဉ်သီးဆောစ့်၊ နှမ်းဆီ၊ ပျားရည်၊ ဆား၊ အရသာမှုန့်၊ ဗနီကာအရည်၊ ငရုပ်ကောင်းမှုန့်၊ လိမ္မော်သီးလတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်ကာ ၄င်းတို့အားလုံးကို ရောမွှေလိုက်ပါတယ်။
၎င်းတို့ကို မီးမှာ ဆူအောင်တည်ပါတယ်. ထို့နောက် ကော်မှုန့်ကို အရည်ဖျော်ကာ လောင်း ထည့်ပြီး မွှေကာ အရည်ပျစ်လာပြီဆိုရင် အစောက ကြက်သားလုံးနဲ့ ရောမွှေလိုက်ပါတယ်။
ပြီးရင် နှမ်း လှော်ကို အပေါ်က ဖြူးလိုက်ပြီး ကြက်သွန်မြိတ်၊ နံနံလေးပါ ဖြူးလိုက်ရင် စားချင်စဖွယ် ကြက်သားနှမ်းမွှေးချိုချဉ်ရပါပြီ။
စားပါဦးလားနော်။
ချိုချိုချဉ်ချဉ်လေးနဲ့ နှမ်းဆီနံ့မွှေးမွှေး ကြက်သားနှမ်းမွှေးချိုချဉ်ကို အထက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါပြီရှင်။
********@@@@*********
ဝက်သားသစ်ကြားသီးကြော်
ခုလို ဆောင်းရာသီမှာ ပေါပေါများများ တွေ့နိုင်ပြီဖြစ်တဲ့ သစ်ကြားသီး ( Walnut) ကို ဝက်သားနဲ့ ကြော်ပါ မယ်နော်။
သစ်ကြားသီး(Walnut) များ
သစ်ကြားသီးအဆန်များ
ဝက်သားကို ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်နယ်ပြီး ခေတ္တထားထားပါတယ်။ သစ်ကြားသီးဆန်များကို ဆီပူနဲ့ ကြော်လိုက်ပါတယ်
ကြော်ပြီး သစ်ကြားသီးဆန်များ
ဒါကတော့ လိုအပ်တဲ့ အဆာပလာများပါ။ ငရုပ်ပွစိမ်း၊ ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီး
ဝက်သားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ဖြင့် ကြော်လိုက်ပါတယ်။
ငရုပ်သီးများ ထည့်ပါတယ်။ ငံပြာရည်၊ အရသာမှုန့်များ ထည့်ပါတယ်။
နောက်ဆုံးမှ သစ်ကြားသီးများကို ရောထည့်လိုက်ပါတယ်။
ဝက်သားသစ်ကြားသီးကြော် ရပါပြီနော်။
ငရုပ်သီးနံ့လေး မွှေးပြီး ဆိမ့်ဆိမ့်လေး စားကောင်းတဲ့ ဝက်သားသစ်ကြားသီးကြော်ပါရှင်။




























