နှစ်အသစ်ရောက်ပါပြီ။ ချစ်သော မိတ်ဆွေများအားလုံး အတွက် ပျော်ရွှင်သော၊ အေးချမ်းသော နှစ်သစ် ဖြစ် ပါစေလို့ ပထမဦးစွာ နှစ်သစ် ဆုမွန် ချွေပါတယ် ရှင်။ ဒီနှစ် ၂၀၁၂ဟာ ကျွန်မတို့ မြန်မာပြည်ရဲ့ အလှပဆုံး အတောက်ပဆုံး အာရုဏ်ဦး ဖြစ်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၉.၁၂.၂၀၁၁ တုန်းက ရေးခဲ့တဲ့ ချယ်ရီပန်းနဲ့ ဓာတ်ပုံတွေကို ဒီဘက်နှစ်သစ်မှာ ဆက်တင်ရင်း နှစ်ဟောင်း နဲ့ နှစ်သစ်ကို ဆက်စပ်ချင်ပါတယ်နော်။ ဒါကြောင့် ဒီပိုစ့်မှာတော့ ချယ်ရီပန်းတွေကို ဓာတ်ပုံရိုက်ရင်း ပန်းတွေပေါ်မှာ ဝတ်ရည်စုတ်ဖို့ ကြိုးစားနေတဲ့ ပျားနဲ့ ငှက်ကလေးတွေ ပုံကို ဖော်ပြ ပါမယ်နော်။ တောင်ပေါ်မှာ ချယ်ရီပန်းတွေကို ပထမဦးဆုံး မြင်ရတဲ့ အချိန်ဟာ ညနေစောင်း ပြီမို့ ဓာတ်ပုံတွေက သိပ်မလှပါဘူး။ ကျွန်မရဲ့ ချယ်ရီပန်းနဲ့ ငှက်ကလေးတွေ၊ ပျားကလေးတွေကလည်း အလှပဆုံးသော နှစ်သစ်ရဲ့ ရောင်နီ ဦးကို ကြိုဆိုလို့ နေပါတယ်။ အလင်းရောင် အားနည်းနေတော့ ထွက်လာတဲ့ ပုံတွေက စိတ်တိုင်းကျ မဖြစ်တာကြောင့် နောက်တစ်ရက် ဓာတ်ပုံရိုက်ဖို့ အတွက် တောင်ပေါ်ကို နေ့လည် ခင်း ပြန်သွားပါတယ်။
အဲဒီမှာ ဓာတ်ပုံတွေတော်တော်များများ ရိုက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရောက်လို့ ကွန်ပျူတာထဲ ပြန်ကြည့် ချိန် မှာတော့ စိတ်တိုင်းကျတဲ့ပုံ နည်းပါတယ်။ ငှက်တွေရဲ့ ပုံကို ထင်ထင်ရှားရှား လိုချင်ပေမဲ့ သစ်ကိုင်းတွေ ကွယ်နေတာ၊ အလင်းရောင်နဲ့ မျက်နှာချင်းဆိုင်မှာ ရှိနေလို့ ပုံတွေက မဲနေပြီး ငှက်ရဲ့ အရောင်ကို မမြင်ရတာ စသဖြင့် တွေ့နေရတာမို့ နောက်တစ်ရက် တောင်ပေါ်ကို ထပ်သွားဖြစ်ပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့ကလည်း မိုးတွေ အုံ့နေတာကြောင့် ဓာတ်ပုံရိုက်ရတာ အဆင်မပြေပါဘူး။ ဒါနဲ့ နောက်တစ်ရက်မှာ ထပ်သွားဖြစ်ပါတယ်။ ဒီပုံတွေရအောင် စုစုပေါင်း ၄ရက်တိတိ တောင်ပေါ်ကို သွားဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်တိုင်းကျလှတယ်ဆိုတာမရှိဘဲ ဒီလောက်နဲ့ လက်လျှော့လိုက်ရပါတယ်။
ပျားတစ်ကောင်ရှိတယ်.. သေချာကြည့်ကြည့်နော်.
ပျား၂ကောင် တစ်ကောင်က သေချာကြည့်မှ မြင်ရတယ်.. ခပ်ဝါးဝါး ဖြစ်နေလို့.
ပျားကလေးတစ်ကောင်
ဒီမှာလည်း တစ်ကောင်
ချောင်းနေတဲ့ ပျား
ဒီပုံတွေကတော့ ချယ်ရီပန်းကို ဝတ်ရည်စုတ်၊ ဝတ်မှုန်ယူနေတဲ့ ပျားကလေးတွေ ဖြစ်ပါတယ်။ တစ်နေရာ တည်း အကြာကြီးမနေဘဲ ဟိုပျံသည်ပျံလုပ်နေတဲ့ ပျားတွေကို အဝေးကနေ ကင်မရာနဲ့ အမိဖမ်းရတာ အတော်ကို ခက်ခဲပါတယ်။ ဒီပုံတွေမှာတော့ မရရတာလေးကို ရိုက်ထားတာပါ။ ကြည့်လို့ အဆင်မပြေရင်တော့ ဓာတ်ပုံရိုက်တာ မကျွမ်းကျင်တဲ့ ကျွန်မရဲ့ အားနည်းချက်သာ ဖြစ်ပါတယ်နော်။ ပျားတွေကို ရိုက်နေရင်းမှာဘဲ ချယ်ရီပင်တွေ ကြားထဲမှာ ချယ်ရီပန်းတွေကို ထိုးဆိတ် စားသောက်နေတဲ့ အင်မတန် ချစ်စရာကောင်းတဲ့ ငှက်ကလေးတွေကို မထင်မှတ်ဘဲ တွေ့လိုက်ရ ပါတယ်။ အသံလေးတွေ ပကျိပကျိနဲ့နေအောင် မြည်ပြီး ခုန်ဆွ ခုန်ဆွ လုပ်နေတဲ့ ငှက်တွေကို ဓာတ်ပုံရိုက်ဖို့ကတော့ ပိုပြီး ခက်ခဲပါတယ်။ ကင်မရာနဲ့ ဆွဲပြီးရိုက်တဲ့ခါ မြင်ကွင်းထဲ ဝင်လာလို့ ရိုက်မယ် ကြံကာရှိသေး နောက်တစ်နေရာ ခုန်သွားလို့ အဲဒီနေရာကို ပြန်လိုက်ရှာပြီး အစကနေ ဆွဲပြီး ပြန်ရိုက်ရတာ အတော်ကို လက်ဝင်ပြီး စိတ်ရှည်ရပါတယ်။ အောက်မှာတော့ ကျွန်မရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေကြားက ငှက်ကလေးတွေ ကြည့်ရှု အားပေးကြပါဦးနော်။ ငှက် နာမည်တွေတော့ ကျွန်မ မသိပါဘူး။ သိတဲ့သူ ရှိရင် ပြောသွားလို့ ရပါတယ်နော်။
ဒီပုံက အလင်းရောင်နဲ့ မျက်နှာချင်းဆိုင်ဖြစ်နေတော့ ငှက်က ဘာအရောင်ဆိုတာ ထင်ထင်ရှားရှား မမြင်ရပါဘူး။ အချိန်ကြာလာတဲ့အမျှ သစ်ကိုင်း ရှုပ်ရှုပ်တွေကြားထဲက အပင်ပေါ်ကိုမော့ကြည့်ပြီး လက်ငြိမ်အောင်ထားပြီး ရိုက်ရတာ လက်တွေရော ခေါင်းတွေပါ တစ်ဆတ်ဆတ် တုန်လာတဲ့အထိပါဘဲ။ တစ်နေရာထဲမနေဘဲ ခုန်ဆွဆွလုပ်နေတာကို ကင်မရာ မှန်ဘီလူးနဲ့ အကျယ်ချဲ့ပြီး ရိုက်ဖို့ အဆင်သင့် ဖြစ်ကာမှ နောက်တစ်နေရာ ပျံထွက်သွားလို့ ပြန်ရှာရ၊ နောက်တစ်ကြိမ် ပြန်လာဖို့ကို စောင့်ရ၊ ချယ်ရီပင်တွေအများကြီးကြားထဲ ငှက်တွေကို လှည့်ပတ်ရှာရနဲ့ သူများအမြင်မှာတော့ အတော်ကို ရယ်ဖို့ကောင်းနေမယ် ထင်ပါရဲ့။ ဘယ်လိုဘဲဖြစ်ဖြစ် အဲဒီလို ဓာတ်ပုံလေးတွေ စောင့်ပြီး ရိုက်ရတာ စိတ်ဝင်စားဖို့ကောင်းသလို စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်။ ကိုယ်ရိုက်ခဲ့တဲ့ ပုံလေးတွေထဲမှာ စိတ်တိုင်းကျတဲ့ ပုံလေးတွေ ပါလာရင် ပိုပြီး ပျော်စရာကောင်းပါ တယ်နော်။ ဒီပုံတွေကိုရိုက်နေရင်း ငှက်အကြောင်း အမြဲပြောတတ်တဲ့ သူ တစ်ယောက်ကို သတိရမိတာ အမှန်ပါ။ သူကတော့ မြန်မာပြည်တွင်း မှာ နေရာ အနှံ့ကို ရောက်ဖူးပြီး တောတောင် ရေမြေ သဘာဝ အလှ အကြောင်းနဲ့၊ ငှက်အကြောင်းတွေကို အမြဲ ပြောတတ်တဲ့ မ Iora ပါ။ ခုလို ငှက်လေးတွေကို တွေ့ရင် ငှက်အကြောင်း နားမလည်တဲ့ ကျွန်မတောင် ပျော်ရွှင်မိတာ သူ့လို ငှက်အကြောင်း နားလည် သိကျွမ်းတဲ့သူက ခုလို ငှက်လေးတွေတွေ့ရင် သိပ်ပျော်မယ် ထင်တယ်လို့ တွေးပြီး သတိရမိပါတယ်။
ဒီငှက်လေးက အမွှေးအညိုရောင်နဲ့ ဖင်နီနီလေး။ သူ့ကို သေချာမြင်ရဖို့ စိတ်ရှည်လက်ရှည် စောင့်နေတာ
မျက်နှာက ကွယ်နေပြန်ပြီ
ဟော.. ခုတော့ ချယ်ရီပန်းလေးကို နှုတ်သီးနဲ့ ဆွနေပြီ၊ ဝတ်ရည်စုတ်နေတာလား ပန်းပွင့်ကို စားနေတာ လားတော့ မသိပါဘူး။ တွေ့တယ်နော်။ သူ့အမွှေးလေးတွေကို
ဒီပုံကတော့ ချယ်ရီပင်မှာမဟုတ်ဘူး. တစ်ခြားအပင်မှာနားတုန်း ရိုက်လိုက်တာ
ဒီငှက်က နောက်တစ်မျိုး.. နှုတ်သီးက ကောက်ကောက်လေး။ သူ့အရောင် သေချာမမြင်ရဘူး
ဒီပုံမှာလည်း ပန်းပွင့်နဲ့ အကိုင်းတွေကွယ်နေလို့ သေချာမမြင်ရပြန်ဘူး။ စိတ်ညစ်လိုက်တာ... ဒါပေမဲ့ သူ့လည်ပင်းက နီနီလေးတော့တွေ့နေပြီ။
ဒီအကောင်ကတော့ လည်ပင်းတင်မဟုတ် ခေါင်းရော လည်ပင်းရောနီတဲ့ အကောင်( ဒါတောင် ကွယ်နေတုန်း သစ်ကိုင်းက မလွတ်ဘူး)
တစ်ကိုယ်လုံးမြင်ရပြန်တော့ မွဲနေပြန်တယ် ထင်ထင်ရှားရှား မမြင်ရပြန်ဘူး
ပန်းလေးတွေကြား တူပုနုးကစား
ဒီအကောင်က လည်ပင်းမှာပျောက်ကျားလို နီတဲ့အကောင်လေး
ဒီငှက်က ထူးထူးခြားခြား အဝါရောင်
ခပ်ငေးငေးလေးနဲ့ ဘယ်သူ့ကို လွမ်းနေတယ် မသိ
အမြီးနှစ်ခွနဲ့ အဲဒီစိမ်းပြာရောင် ငှက်ကလေးက ဘာငှက်မှန်းမသိ။ ဒါပေမဲ့ ချစ်စရာကောင်းတယ်နော်။
အားလုံးထဲမှာ ဒီပုံလေးကငှက်ရော ချယ်ရီပန်းပါ ပြည့်ပြည့်စုံစုံလေး ပါတာမို့ ဒီပုံလေးက အဆင်ပြေဆုံးလို့ ထင်မိပါတယ်။
ဒီအကောင်ကတော့ ပန်းပွင့်မပါတဲ့နေရာမှာ ရိုက်လိုက်မိတာမို့ သူ တစ်ကောင်တည်း ထီတည်းကြီးပါဘဲ။
ဒါလည်း သူ့လိုအကောင်မျိုးပါဘဲ။ ဒါပေမဲ့ တစ်နေရာစီကပါ။
တော်တော်မြင့်တဲ့ သစ်ကိုင်းကျိုးတစ်နေရာမှာ သူ.. အပေါ်က အကောင်တွေနဲ့ တူတယ်ထင်နေတာ. သူ့ ခေါင်းလည်း မမည်းဘူး ။
ဒီပုံကတော့ မိုးအုံ့ချိန်မှာ ရိုက်မိတဲ့ ပုံပါ။ မထင်မရှား ခပ်ဝါးဝါးလို့ ဘယ်သူတွေက ပြောပါစေ. ပန်းချီလိုလို ဘာလိုလိုဆိုပြီး ကိုယ့်ကိုယ်ကိုတော့ ကျေနပ် လို့ နေလေရဲ့။ :P
သက်ရှိအကောင်လေးတွေကို ရိုက်ရတာ ပန်းပွင့်တွေလို ၊ ရှုခင်းတွေလို ရိုက်ရတာ မလွယ်လှပါဘူး။ အငြိမ်မနေဘဲ လှုပ်ရှားနေတာရော၊ သစ်ကိုင်းသစ်ခက်တွေကြားမှာမို့ အားလုံးကို ပီပီပြင်ပြင် မြင်နိုင်ဖို့ ကျွန်မလို ဓာတ်ပုံ မရိုက်တတ် ရိုက်တတ်နဲ့ ရိုက်သူအဖို့တော့ ခက်ခဲလှပါတယ်။ သို့သော်လည်း မလှမပ ဒီပုံလေးတွေကိုဘဲ ချယ်ရီပန်းတွေနဲ့ တွဲပြီးရိုက်ခဲ့ရတာမို့ အမှတ်တရဖြစ်ခဲ့ရပါတယ်။ အောက်မှာတော့ ကျွန်မရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေနဲ့ ABBA ရဲ့ Happy New Year သီချင်းလေးနဲ့ ပေါင်းစပ်ပြီး ဗီဒီယိုဖိုင်လေး ပြုလုပ်ထားပါတယ်။ အချိန်ရရင် (ကော်နက်ရှင်လည်း ကောင်းတယ်ဆိုရင်ဖြင့်) ကြည့်ရှု နားဆင်ကြည့်ပါလို့နော်။
တော်တော်မြင့်တဲ့ သစ်ကိုင်းကျိုးတစ်နေရာမှာ သူ.. အပေါ်က အကောင်တွေနဲ့ တူတယ်ထင်နေတာ. သူ့ ခေါင်းလည်း မမည်းဘူး ။
ဒီပုံကတော့ မိုးအုံ့ချိန်မှာ ရိုက်မိတဲ့ ပုံပါ။ မထင်မရှား ခပ်ဝါးဝါးလို့ ဘယ်သူတွေက ပြောပါစေ. ပန်းချီလိုလို ဘာလိုလိုဆိုပြီး ကိုယ့်ကိုယ်ကိုတော့ ကျေနပ် လို့ နေလေရဲ့။ :P
သက်ရှိအကောင်လေးတွေကို ရိုက်ရတာ ပန်းပွင့်တွေလို ၊ ရှုခင်းတွေလို ရိုက်ရတာ မလွယ်လှပါဘူး။ အငြိမ်မနေဘဲ လှုပ်ရှားနေတာရော၊ သစ်ကိုင်းသစ်ခက်တွေကြားမှာမို့ အားလုံးကို ပီပီပြင်ပြင် မြင်နိုင်ဖို့ ကျွန်မလို ဓာတ်ပုံ မရိုက်တတ် ရိုက်တတ်နဲ့ ရိုက်သူအဖို့တော့ ခက်ခဲလှပါတယ်။ သို့သော်လည်း မလှမပ ဒီပုံလေးတွေကိုဘဲ ချယ်ရီပန်းတွေနဲ့ တွဲပြီးရိုက်ခဲ့ရတာမို့ အမှတ်တရဖြစ်ခဲ့ရပါတယ်။ အောက်မှာတော့ ကျွန်မရိုက်ခဲ့တဲ့ ချယ်ရီပန်းတွေနဲ့ ABBA ရဲ့ Happy New Year သီချင်းလေးနဲ့ ပေါင်းစပ်ပြီး ဗီဒီယိုဖိုင်လေး ပြုလုပ်ထားပါတယ်။ အချိန်ရရင် (ကော်နက်ရှင်လည်း ကောင်းတယ်ဆိုရင်ဖြင့်) ကြည့်ရှု နားဆင်ကြည့်ပါလို့နော်။
Happy New Year by ABBA..
ချစ်ခင်ရပါသော မိတ်ဆွေများ အားလုံးအတွက်လည်း ၂၀၁၂ဟာ ပျော်ရွှင်ဖွယ် အကောင်းဆုံး၊ ဆန္ဒများ အားလုံး ပြည့် ဝသော၊ မျှော်လင့်ခြင်းများ အားလုံး ပြီးပြည့်စုံသော မင်္ဂလာရှိသောနှစ် ဖြစ်ပါစေလို့ ဆုမွန်တောင်းလိုက်ပါတယ်ရှင်။ကျွန်မတို့အားလုံး ၂၀၁၂ရဲ့ ရောင်နီဦးကို မင်္ဂလာရှိစွာနဲ့ ကြိုဆိုလိုက်ကြ ပါစို့ရဲ့နော်။






















































29 comments:
မင်္ဂလာ နှစ်သစ် ပါ အစ်မ ရေ ... ချယ်ရီ ပန်းလေး တွေ မြင်ရတာ အိပ့်ချင် စိတ် ပျောက်သွားပါတယ် ...
ဓာတ်ပုံ ရိုက်တာ အရမ်း တော်တယ် လို့  ပြောရမှာ ပဲဗျာ
တကယ့်ကို အလှတဲ့ ပုံလေးတွေ ပါ ...
ဘယ်ပုံတွေလှတယ်ပြောရမှန်းမသိအောင်ကို ပုံအကုန်လုံးကိုကြိုက်တယ် အမရေ။ ဖင်နီနီငှက်ကလေးက ဗြွတ်ဖင်နီဆိုတဲ့ငှက်ကလေးလားမသိဘူး။ အမြီးနှခွနဲ့ဆိုငှက်တော်ပဲသိတယ်။ ပထမဆုံး ငှက်ပုံလေးကိုအကြိုက်ဆုံးပဲ။ ငှက်ကလေးက မဲနေပေမယ့် ငှက်ရယ် ပန်းရယ်က ကဗျာဆန်လှတယ်။ ကျမက ချယ်ရီဆို မြန်မာပြည်က ချယ်ရီအမျိုးအစားကိုပဲကြိုက်တာ။ ချယ်ရီက အကိုင်းရော ပန်းရော လှလွန်းလှတယ်။ ကိုင်းချည်း ပန်းအိုးထိုးထားရင်တောင် လှမှလှ။ ခု ချင်းပြည်မှာ ကမ္ဘာ့အကြီးဆုံးလို့ဆိုနိုင်တဲ့ ချယ်ရီခြံလုပ်နေတယ်လို့ ဖတ်ရတယ်။ တကယ်သာသေချာရင်တော့ တခေါက်သွားရမယ်။ အမ ရဲ့ ဇွဲကိုလည်း အားကျသွားတယ်။ ပုံလေးတွေအတွက် အရမ်းကျေးဇူးတင်ပါတယ်။
အမချော..
ထမင်းထုပ်ပြီး တောင်ပေါ် သွားတာထင်တယ်။ လေးရက်ဆိုတော့ မနဲပါလား။ ဒါကြောင့် ပုံလေးတွေ အရမ်း အသက်ဝင်နေတာကိုး။ ကြည့်တဲ့သူကတော့ လေးမိနစ်တောင် ရျိပါ့မလား မသိ။ တောင်ပေါ် သွားရိုက်ရတာက လေးရက်တိတိတဲ့။
ဓါတ်ပုံဆရာတွေ ဓါတ်ပုံကောင်းကောင်းရဖို့ ဘယ်လောက် အားထုတ်ရတယ်ဆိုတာ သဘောပေါက်သွားပြီ။
ပုံလေးတွေ အရမ်းလှတယ်။ အပြင်မှာဆို ဒီလောက် လှချင်မှ လှမှာ။
မင်္ဂလာနှစ်သစ်ဖြစ်ပါစေ။
မချောရာ ပုံလေးတွေကလှလိုက်တာ။
ပျားကလေးတစ်ကောင်၊ ချောင်းနေတဲ့ပျား ပန်းအရောင်လေးတွေနဲ့ ကြိုက်လိုက်တာ။
ငှက်ပုံလေးတွေလည်း ချစ်စရာကောင်းလိုက်တာ။
ဓါတ်ပုံရိုက်တာလည်း တော်တာပဲ။
ဇွဲကောင်းလိုက်တာ။ ၄ရက်တောင်။ ပုံစာလေးတွေကြည့်ပြီး ဓါတ်ပုံရိုက်နေမယ့် မချောကို မြင်ယောင်လာတယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေ။
ဟေး မ ချော... ဓါတ်ပုံရိုက် ၀ါသနာ ပါတာချင်းတူ နေ တယ်.. တော်တော်ဇွဲ ကောင်းတယ်.. ပုံကောင်းတွေ ရ လိုက်တယ်.. ကျေနပ်တော့ ... နှစ်သစ်မှာ လိုအင်ဆန္ဒတွေ ပြည့် ၀ ပါစေ...လို့။
ဖင်နီနီလေးက ဗွတ်ဖင်နီ (Red-vented Bulbul)
အမြီး၂ခွနဲ့ မီးခိုးပြာငှက်က ငှက်တော်မွဲ (Ashy Drongo)
နှုတ်သီးကောက်ကောက်နဲ့ ခေါင်းအနီအမြီးအပြာလေးက ၀တ်ရည်စုတ်ငှက် (Crimson Sunbird )(တချို့ ပလိန်းရောင်လေးက Crimson Sunbird အမ သို့ အရွယ်မရောက်သေးတဲ့ ကောင်လေးတွေ၊ အနီပြောက်လေးတွေပါတဲ့ကောင်က အထီး အမွှေးမစုံသေးတဲ့ကောင်လို့ ထင်ပါတယ်။)
မျက်ကွင်းဖြူလေးနဲ့ ဝါ၀ါလေးက မြန်မာမည်မရှိ ဒါပေမဲ့ မျက်ကွင်းဖြူလို့ တော့ကျမတို့ ခေါ်ကြပါတယ်။ (White-Eye)တစ်မျိုးပါ။ ကိုယ့်ကို birding ခေါ်သွားလို့ (တကယ်ကို အပြင်မှာ ငှက်ကြည့်သွားရသလို ခံစားရလို့ ) ချောကို ကျေးဇူးအရမ်းတင်ပါတယ်။ ဒီငှက်လေးတွေမြင်တော့သေချာတာက အာရှ ထဲကတနေရာ probably အရှေ့ တောင်အာရှတနေရာလို့ ယူဆမိပါတယ်။ အလျဉ်းသင့်ရင် ချောခွင့်ပြုရင် ချောရဲ့ ငှက်ပုံလေးတွေနဲ့ ပို့ စ်လေးတစ်ခုတင်ပြချင်ပါတယ်။
အပြေးလာကြည့်ပေမဲ့ ခုမှ မန့် လိုက်ရပါတယ်။ ညကျ နှစ်သစ်ကြိုနေရင် ဘုရားမရှစ်ခိုးလိုက်ရမှာစိုးလို့ အရင်ဘုရားရှစ်ခိုးနေလို့ နောက်ကျသွားတာပါ။
ကိုယ့်ကိုသတိရမိတယ်ဆိုတော့ ကိုယ်က၀မ်းသာသလိုချောရဲ့ သတိတရရှိမှုပေါ် ဂုဏ်ယူမိပါတယ်။
“သုခအပေါင်းနဲ့ ပြည့်စုံသော မင်္ဂလာနှစ်သစ်ဖြစ်ပါစေ”
(ပုံလေးတွေ သိပ်သိပ်လှ...)
မအိုင်အိုရာ ပြောပြမှပဲ ဘာငှက်တွေဆိုတာ သိတာ..ကိုယ့်ဘာသာဆို စာကလေးရယ်၊ ကျီးကန်းရယ်ပဲ သိတာ..
၎ရက်ကြီးများတောင် သွားရိုက်တဲ့ မချောဇွဲကိုတော့ သြချပါ့..ဒါကြောင့်လားမသိ ပုံကလေးတွေက အတော်လက်ရာမြောက်တယ်..
မင်္ဂလာနှစ်သစ်ပါ မချောရေ
စေတနာကိုအရင်းခံထားပြီး အပင်ပန်းခံ
ရိုက်ထားတဲ့ပုံလေးတွေမို့ ကြည့်ရတာပိုပြီး
အသက်ဝင်နေတယ် ချောရေ။ အလှအပပေါင်းစုံနဲ့အတူ
ပျော်ရွှင်ဖွယ် နှစ်သစ်မင်္ဂလာလေးမှာ ရက်တိုင်းဟာ
ချောအတွက်မင်္ဂလာရှိတဲ့ရက်တွေ ဖြစ်ပါစေလို့နော်။
Happy New Year !!! ချောရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Happy New Year!
မင်္ဂလာနှစ်သစ်ပါချောရေ.. ချယ်ရီပန်းကလေးတွေနဲ့ ပျားကလေးတွေ ငှက်ကလေးတွေကို မြင်ရတာ စိတ်ကြည်နူးစရာကောင်းလိုက်တာ။ လှလိုက်တဲ့ ဓါတ်ပုံတွေ.. ကြည့်လို့ကိုမ၀ဘူး သဘောကျလိုက်တာ...
အလုပ်တစ်ခု ဘယ်လောက်ထိခက်မယ်ဆိုတာ လုပ်ရတဲ့သူက အသိဆုံးပဲ အစ်မချောရေ။ အစ်မချော ကြိုးစားပန်းစား လေးရက်တိတိ အချိန်ပေးပြီး ရိုက်ထားတဲ့ပုံတွေက တကယ့်ကို စိတ်ဝင်စားဖွယ်ကောင်းနေပြီး အသက်ဝင်လှပါတယ်။ ကြည့်ရှုသူတိုင်းရဲ့ စိတ်ကို ချမ်းမြေ့စေပါတယ်။ အစ်မချောနဲ့အတူ ၂၀၁၂ ရဲ့ရောင်နီဦးကို မင်္ဂလာရှိစွာနဲ့ ကြိုဆိုလိုက်ပါပြီ...
နှစ်သစ်မှာ လူသားအားလုံး ချမ်းမြေ့ကြပါစေ...
ချယ်ရီတွေနဲ့နှစ်သစ်ကိုကြိုခွင့်ရလိုက်ပါတယ်
မချောရေ
ချယ်ရီလေးလိုပဲလှလှပပနဲ့
၂၀၁၂ မှစပြီး လိုအင်တွေ အားလုံပြည့်ပါစေ
မချောရဲ့ အကြိမ်ကြိမ်အခါခါ တောင်ပေါ်တက်ပြီးကြိုးစားရိုက်ယူခဲ့တဲ့ ပုံလေးတွေကြည့်ခွင့်ရအတွက်ကျေးဇူးပါ။
ပျော်ရွှင်တဲ့ နှစ်သစ်ဖြစ်ပါစေ။
camomilla
ဓာတ်ပုံလှလှလေးတွေ ကြည့်ြ့ပီး ခေါင်းကိုက်တာတောင် ကြည်သွားတယ်.. :D :D .. ပျော်စရာ နှစ်သစ်ဖြစ်ပါစေ မမချောရေ။။။
ချောရဲ့ စေတနာကြောင့်ထင်တယ်...
ပုံလေးတွေက ကြည့်မ၀အောင် လှပြီး စိတ်ချမ်းသာမှုအပြည့် ရစေပါတယ်...
ချောရဲ့ နှစ်သစ်လက်ဆောင်အဖြစ်သဘောထားပြီး
ပျော်ရွှင်ကြည်နူးစွာ ခံစားသွားပါတယ်နော်...
ချောလည်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့
ပျော်ရွှင်ချမ်းမြေ့ဖွယ် ၂၀၁၂ ဖြစ်ပါစေ....
ငှက်ကလေးတွေပုံက ချစ်စရာ တကယ် ပင်ပင်ပန်းပန်းနရဲံ ရိုက်ထားရတာပဲ ။
မင်္ဂလာနှစ်သစ် နော့် မချော ။
ပျော်ရွှင်ဖွယ် နှစ်သစ်ပါ မမ...
ချစ်တဲ့
Mae Coe
ပန်းတွေငှက်တွေ တွေ့လိုက်ရလို့ ပျော်ရွှင်ဖွယ်ရာ နှစ်သစ် ဖြစ်သွားပါပြီ ချော။
ပုံလေးတွေက သက်ဝင်လိုက်တာ...
ငှက်ကလေးတွေ သဘာဝကို စိတ်ရှည်လက်ရှည် စောင့်ရိုက်ထားတယ်ဆိုတာ ပုံတွေ ကြည့်လိုက်တာနဲ့ သိလိုက်တယ်။ ငှက်ကလေးတွေက လှတယ်။ ချယ်ရီတွေကလဲ လှတယ်။ ဓာတ်ပုံရှင်ကလည်း နာမည်နဲ့လိုက်အောင် အလှချင်းပြိုင်နေမှာ သေချာတယ်။
စိတ်ရော ကိုယ်ပါ ပျော်ရွှင်ရသော နှစ်သစ်ဖြစ်ပါစေ ချောရေ...။ ဆထက်တိုးလို့ သုတ၊ ရသတွေ မျှဝေနိုင်ပါစေနော်။
မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံတဲ့ နှစ်သစ်လေးဖြစ်ပါစေ
ပုံတွေ အရမ်းလှတယ် မချော...၊ အပင်ပန်းခံပြီး ရိုက်ခဲ့ ရကျိုး နပ်ပါတယ်ဗျာ..၊ ငှက်တို့၊ ပျားတို့ကို ရိုက်ရတာ တကယ်ကို မလွယ်တဲ့ အလုပ်ပါ..၊ အခုလို ထောင့်ပေါင်းစုံကနေ ရိုက်လာနိုင်တာ ချီးကျူးပါတယ်၊ ငှက်တွေကို နာမည်ပြောပေးတဲ့ မအိုင်အိုရာကိုလည်း ကျေးဇူးပါပဲ..၊ မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေဗျာ...။
ငှက်နာမည်လေးတွေ ပြောပြသွားတဲ့ Ioraကိုလည်း ကျေးဇူးပါနော်။ ငှက်ကလေးတွေရဲ့ ပုံကို အသုံးပြုမယ်ဆိုရင် ဝမ်းမြောက်စွာ ခွင့်ပြုပါတယ်။
ချစ်ခင်ရသော မိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးအထူးပါရှင်။ နှစ်သစ်နဲ့အတူ ပျော်ရွှင်ကြပါစေနော်။
ငှက်ပုံနဲ့ ပန်းပုံတွေကို ခံစားသွားပါတယ်ခင်ဗျာ။ ၄ ရက်တောင် အချိန်ယူပြီး ရိုက်တယ်ဆိုလို့ လေးစားမိပါတယ်။ ပုံတွေက ဆွဲဆောင်မှုရှိပါတယ်။ ကျွန်တော်တို့က Professional မဟုတ်တော့ ဘယ်လိုပဲဖြစ်ဖြစ်ခုလိုပုံလေးတွေရတာကိုပဲ ကျေနပ်ပါတယ်။ အားထုတ်မှုကိုတော့ အသိအမှတ်ပြုပါတယ်ခင်ဗျာ။ ဆက်လက် အားထုတ်နိုင်ပါစေ။ ပျော်ရွှင်ဖွယ်နှစ်သစ်အတွက် နှုတ်ဆက်ပြီးမှာ ပို့စ်ကွန်မန့်ပြန်လာရေးတာပါ။
မင်္ဂလာရှိတဲ့ နှစ်သစ်လေးပါ.... ခုမှလာနှုတ်ဆက်ရတယ်...။
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
အခုမှလာကြည့်သွားပါတယ်။ တစ်ပုံခြင်းကိုကြည့်သွားတာပါ။ ချော လည်းတော်တော်
ဓါတ်ပုံရိုက်တတ်နေပြီဘဲ-အယူအဆတွေတော်တော်ကောင်းပါတယ်။ အဝေးကြီးက
အနေအထားတွေမို့ နဲနဲကလေးမပြတ်သားတာကလွဲရင်
အကုန်နီးပါကောင်းပါတယ်။ ကျနော်ကြိုက်တယ်။
နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ ပါစေ---
ပန်းလေးတွေကလှပြီး ငှက်ကလေးတွေက ချစ်ဖို့ကောင်းတယ်နော်။
ဓါတ်ပုံရိုက်တဲ့လူက တော်တော်စိတ်ရှည်တာပဲ ..း)
Happy (Belated) New Year ပါ ချော ရေ..
ချောနှမ ကွန်မကောင်းတာနဲ့ ပုံတွေ မပေါ်လို့ သေချာမကြည့်ရဘူး ဆိုးလိုက်တာ အခုတော့ တ၀က်တပျက်လေးကြည့်ရလို့ ကျေနပ်ရပြန်ရော ချော ရေ ငှက်ကြည့်အဖွဲ့ထဲဝင်လို့ရပြီ. လှုတ်ရှားနေတဲ့ ဓါတ်ပုံတွေရိုက်ရတာ ခက်တယ်နော ...ချောတော်တော် တော်တယ်နော.....စိတ်ရှည်လက်ရှည်လုပ်ထားတာ.....နှစ်သစ်မှာ လွတ်လွတ်လပ်လပ်နဲ့ ကျန်းမာပျော်ရွှင်ပါစေ
ခင်မင်တဲ့
seesein
ပုံတွေကြည့်ချင်တာကြည့်မရဘူး...ပရောင်စီပိတ်ထားတယ်..ဘာလုပ်လို့ပါလိမ့်..
Post a Comment