ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေနေ့က ကျွန်မနေတဲ့ မြို့ကလေးနဲ့ သိပ်မဝေးတဲ့ နေရာလေးတစ်ခုကို ခရီးထွက်ဖြစ် ပါတယ်။ မရည်ရွယ်ဘဲ သွားဖြစ်တဲ့ ခရီးပါ။ မြို့ကြီးပြကြီး မဟုတ်တဲ့ ကျေးလက်လေး တစ်ခုလို့ ဆိုရမှာပါ။ အဲဒီ မြို့သေးသေးလေးကို ရောက်နေတဲ့ သူငယ်ချင်းက အလည်လာဖို့ ဖုန်းဆက်တာနဲ့ ကောက်ခါငင်ခါ သွားလိုက်တာပါ။ မြို့သေးသေးလေးဆိုပေမဲ့ တောင်တန်းတွေ ပတ်လည်ဝိုင်းပြီး ထင်းရှူးတောတွေ၊ လိမ္မော်ခြံတွေ အများကြီး ရှိတယ်ဆိုတာနဲ့ တောတောင် ရှုခင်းတွေ တောင်တန်းတွေကို သဘောကျတတ်တဲ့ ကျွန်မဟာ ချက်ခြင်းဘဲ အလည်သွားဖို့ စီစဉ်ပါတော့တယ်။ သူငယ်ချင်းက ပြောပါသေးတယ်. သူတို့ မြို့ကလေးဟာ မနက်ဆို ရေတွေ ခဲလောက်အောင်ကို အေးပါတယ်တဲ့။ ဒါကြောင့် ထူထူထဲထဲ ဝတ်လာပါ တဲ့လေ။ ကျွန်မနေတဲ့မြို့ကလည်း အလွန်အေးမြတဲ့ ရာသီဥတု ရှိပေမဲ့လို့ ရေခဲတဲ့ထိတော့ မအေးပါဘူး။ ဒါကြောင့် ရေခဲအောင်အေးတဲ့ နေရာက အအေးဒဏ်ကိုလည်း ခံစားကြည့်ချင်တာလည်း ပါတာကြောင့် ဒီခရီးကို ထွက်ဖြစ်တာပါ။
လမ်းတစ်လျှောက်မှာ မြင်ရတဲ့ တောင်တွေ ထင်ရှူးတောတွေက ခရီးမထွက်ဖြစ်တာ ကြာလို့ လေးလံ ထိုင်းမှိုင်းနေတဲ့ စိတ်တွေကို လန်းဆန်းစေနိုင် တာတော့ အမှန်ဖြစ်ပါတယ်။ လမ်းကောင်းတာကြောင့် ၂နာရီနီးပါးလောက် ကားစီးရပေမဲ့ အိပ်ငိုက်တာ၊ ပျင်းရိတာမျိုး မဖြစ်ရလေအောင် ခရီးတစ်လျှောက် ရှုခင်းတွေက ကျွန်မကို ဆွဲဆောင် ထားပါတော့တယ်။ လမ်းတစ်လျှောက် ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေကို ဖော်ပြချင်ပါတယ်နော်။ အမြန်မောင်းနေတဲ့ ကားပေါ်က ရိုက်ချက်တွေကတော့ လှလှပပ မရှိသလို ကိုယ်လိုချင်တဲ့ ရှုခင်းတွေကို ရိုက်ဖို့ လွတ်သွားတာတွေလည်း ရှိပါတယ်။ သို့သော်လည်း အောက်က ပုံလေးတွေဟာ ကြည့်တဲ့သူကို အနည်းငယ်တော့ဖြင့် စိတ်ကို လန်းဆန်းစေနိုင် လိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်ရှင်။
တစ်ဖက်မှာ တောင်.. တစ်ဖက်မှာတော့ နက်စောက်လှတဲ့ ချောက်ကမ်းပါးကြီး
တောင်ကမ်းပါးယံတွေကို ကွေ့ကာ ပတ်ကာ ဖောက်ထားတဲ့ လမ်းတစ်လျှောက်
စိမ်းလန်းတဲ့ တောအုပ်တွေက တစ်ဖက်မှာ
ကွေ့ကောက်နေတဲ့ တောင်ပေါ် ကားလမ်းကို မြင်ရပုံ
အကွေ့အကောက်တွေ များလှတဲ့ တောင်တန်းကြီးတွေပေါ်က လမ်းကို ကျော်ဖြတ်ပြီးတဲ့ နောက် မြေပြန့် လွင်ပြင်လမ်းကို ဖြတ်ရပြန်ပါတယ်. ဘေးတစ်ဖက် တစ်ချက်မှာတော့ ကျယ်ဝန်းလှတဲ့ ကြံစိုက်ခင်းတွေက ကြည့်၍ မဆုံးနိုင်အောင်
စိမ်းစိုလှစွာ တည်ရှိနေပါတယ်။ မြေပြန့်ဆိုပေမဲ့လို့ တောင်တန်းတွေ ပတ်ကာ ဝိုင်းနေတဲ့ လွင်ပြင်ဒေသဖြစ်ပါတယ်.
စိမ်းစိုလှစွာ တည်ရှိနေပါတယ်။ မြေပြန့်ဆိုပေမဲ့လို့ တောင်တန်းတွေ ပတ်ကာ ဝိုင်းနေတဲ့ လွင်ပြင်ဒေသဖြစ်ပါတယ်.
လဖက်ခင်း၊ ကြံစိုက်ခင်းနဲ့ ထင်းရှူးပင်တို့ စိမ်းစိမ်းစို...
သီးနှံစိုက်ခင်းတစ်ချို့..
ခြုံလွှာခြုံထားတဲ့စိုက်ခင်းများ
စိမ်းစိမ်းစိုစို
လွင်ပြင်စိုက်ခင်းတွေ ဆုံးသွားပြန်တော့ တောင်တန်းတွေ လာပြန်ချေပြီ။
ကားလမ်းဘေးက လှမ်းမြင်ရတဲ့ ဘုရားရှိခိုးကျောင်း
တစ်ဖက်က လာတဲ့ကားတွေ တသီတစ်တန်း
တောင်တွေကို ဖြတ်ကာ လမ်းဖောက်လုပ် ရုံတင်မက တောင်ကိုထွင်းပြီး လုပ်ထားတဲ့ လိုဏ်ခေါင်းကိုလည်း ဖြတ်ကျော်ရပါသေးတယ်။ ဒီထဲမှာတော့ ပါလာတဲ့ ဖုန်းတွေ လိုင်းမမိတော့ပါဘူး။ တစ်မိုင်ကျော်ကျော် ရှည်နိုင်တဲ့ ဥမှင်လမ်းဟာ ကား၂စီး ဟိုဘက်ဒီဘက် သွားသာရုံသာ ကျယ်ဝန်းပေမဲ့လို့ မီး အလင်းရောင် လုံလုံ လောက်လောက် ရှိရုံတင်မက တစ်နေရာနဲ့ တစ်နေရာ မဝေးလှဘဲ ဖုန်းဆက်နိုင်မဲ့ တယ်လီဖုန်းလိုင်းတွေ တပ်ဆင်ပေးထားပါတယ်။ ဥမှင်ထဲမှာ တစ်စုံတစ်ခု ဖြစ်ခဲ့ရင် မိမိမှာ ပါသွားတဲ့ လက်ကိုင်ဖုန်းတွေ အလုပ်မလုပ်ပေမဲ့လို့ အချိန်မဆိုင်းဘဲ ဆက်သွယ်နိုင်ဖို့ စီစဉ်ထားတာမို့ တော်တော်လေး အဆင်ပြေ စေပါတယ်။
ထွက်ပေါက်ရောက်ပါပြီ။ ညာဘက်မှာ လေးထောင့်ကွက်လေးနေရာက တယ်လီဖုန်းထားတဲ့ နေရာပါ။
သူငယ်ချင်းက မှာထားပါတယ်။ ဒီလှိုင်ဂူကျော်တာနဲ့ သူတို့နေတဲ့ မြို့ကလေးကို ရောက်တော့မှာတဲ့ ။ ဒါနဲ့ ဆင်းဖို့ အသင့်ပြင်ထား ရပါတော့တယ်။ ရှေ့မှာ လမ်းခွဲရှိပါတယ်။ မကြာခင်မှာ လမ်းခွဲရောက်ပါပြီ။ အဲဒီနေရာမှာ ဆင်းလိုက်တော့ သူငယ်ချင်းအိမ်က လာကြိုမဲ့ကားက မရောက်သေးတာနဲ့ ခဏစောင့်နေရင်း ဘေးဝန်းကျင် ရှုခင်းကိုရသလောက် ဓာတ်ပုံ ရိုက်လိုက် ပါသေးတယ်။ :)
စိုက်ခင်းတစ်ချို့..
ရှေ့ဆက်သွားရမဲ့ လမ်း (လမ်းခွဲနေရာကနေ ရိုက်ထားတာပါ)
တောင်အောက်ကို ဆင်းသွားတဲ့ လမ်းသွယ်လေးက သူငယ်ချင်းနေတဲ့ မြို့ကလေးဖြစ်ပြီး အစောက လမ်းမကြီးအတိုင်းကတော့ တစ်ခြား မြို့ကြီး ဆီ ရောက်ပါတယ်။
အပေါ်မှာ လမ်းမကြီးပေါ်က မြင်ရတဲ့ တံတားကြီးက အစောက ဖြတ်ခဲ့တဲ့ လမ်းပါ။ တောင်တန်းတွေ ကြားထဲကနေ သူကတော့ ရှေ့ဆက်သွားနေပါတယ်။. ကျွန်မတို့ကတော့ သူငယ်ချင်းနေတဲ့ အိမ်ကိုသွားဖို့ လမ်းခွဲဆင်းသွားတဲ့ လမ်းပေါ်ကနေ ကားရပ်ပြီး ဓာတ်ပုံ ခဏ ရိုက်ကြပါတယ်။ နက်ရှိုင်းတဲ့ ချောက်နှစ်ဖက် ကို ဖြတ်ဖောက်ထားတဲ့ ကွန်ကရိ တံတားကြီးမြင်တော့ ဂုတ်ထိပ်တံတားကို သတိရလိုက်မိတာ အမှန်ပါ။
ဒါက ကျွန်မတို့ ရှေ့ဆက်သွားမဲ့ လမ်းပါ။ သူက လွင်ပြင်တွေကြားကနေ ဖြတ်သွားရမှာမို့ အဆင်းလမ်းဖြစ်ပါတယ်။
လမ်းဘေးတစ်လျှောက်က အရောင်စုံသစ်ပင် တောင်တန်းတို့က နောက်မှာ တရိပ်ရိပ် ကျန်ခဲ့လေပြီ။
တဖြေးဖြေးနဲ့ အိမ်နဲ့ နီးလာလေ အမှောင်ထုက စိုးမိုးစ ပြုလာလေ ဖြစ်ပါတယ်. ဒီတော့ ဘာဓာတ်ပုံမှ ကောင်းကောင်း မရိုက်လိုက် ရတော့ဘဲ သူငယ်နေတဲ့ မြို့ကလေးကို ရောက်သွားပါတယ်။ အိမ်ရိုက်တော့ ဗိုက်ကလည်း ဆာနေပြီဖြစ်လို့ ထမင်းစားဖို့ ပြင်ဆင်ကြပါတယ်။ သူငယ်ချင်းတို့ အိမ်ရဲ့ အရှေ့ကွပ်လပ်ကြီးမှာ မီးဖိုကြီး အကြီးကြီး ရှိပါတယ်။ မီးဖိုမြင်လိုက်တာနဲ့ အေးစပြုနေတဲ့ ကျွန်မအတွက် အပျော်လွန်ပြီး မီးဖိုဘေးနား မခွာနိုင်ဖြစ်ရပါတယ်။ ဒီတော့ ထမင်းစားဖို့ ပြင်ဆင်တဲ့နေရာမှာ မီးဖိုဘေးနား နေရတဲ့ ဟင်းချက်နည်းကို ကျွန်မက လူလည်ကျပြီး ရွေးချယ်လိုက်ပါတယ်။ :)
ဒီမှာကြည့်ပါ။ ကျွန်မက မီးဖိုဘေးနားထိုင်ပြီး ငါးကင်ရတဲ့ အလုပ်ကို ရွေးလိုက်တာပါ။ ဘယ်လောက် ကောင်းထားလဲနော်. ဟင်းချက်ကူရင်း မီးလဲ လှုံရတယ်လေ.. ငါးကင်ဖို့ ဗိုက်ထဲမှာ ဂျုးမြစ်အပါအဝင် နံနံ၊ ပင်စိမ်း ဖက်ဖယ်၊ ငရုပ်သီး၊ ကြက်သွန်ဖြူတို့ကို ဆား၊ အရသာမှုန့်တွေနဲ့ အဆာသွပ်ပြီး ငါးတစ်ကောင် လုံးကိုလည်း အဲဒီ အဆာပလာတွေနဲ့ အရသာ ဝင်အောင် နယ်ဖတ်ထားတာပါ။ ငါးကင်နေရင်း ကင်မရာတကိုင်ကိုင်နဲ့ ဓာတ်ပုံရိုက်စရာရှာနေတဲ့ ကျွန်မဟာ အမှောင်ထုထဲမှာ ဘာကိုမှ ရိုက်စရာမတွေ့တဲ့ အဆုံး ငါးကင်တာကို ဓာတ်ပုံရိုက် ပါတယ်။ ပြီးတော့ ကောင်းကင်မှာ ရွှန်းရွှန်းမြမြ သာနေတဲ့ လပြည့်ခါနီး တစ်ရက်အလိုရဲ့ လမင်းကြီးကို ဓာတ်ပုံ ရိုက်ပါတော့တယ်။ :)
ဒါကတော့ နတ်တော်လပြည့် မရောက်ခင် တစ်ရက်အလိုမှာ လမင်းကြီးကို ရိုက်ထားတဲ့ ပုံရိုက်ပါ။ အဲဒီလို ဓာတ်ပုံရိုက်နေတုန်းမှာ မီးဖိုထဲမှာ တစ်ခြားဟင်းတွေ ချက်ပြုတ်ပြင်ဆင်နေတဲ့ သူငယ်ချင်းက လှမ်းအော်ပါတယ်။ “ ဟေး ငါးကင်ရင်း ဓာတ်ပုံရိုက်တာချည်းဘဲ လုပ်မနေနဲ့.. ငါးတွေ မီးတူးကုန်ဦးမယ်”တဲ့ :P မီးတူးအောင်တော့ ဘယ်သူက ကင်ပါ့မလဲနော်။ မီးတူးရင် ကိုယ်ပါ ငတ်သွားမှာပေါ့.. ဟုတ်ဘူးလား။
ကဲ.. ကြည့်လေ ဘယ်မှာတူးလို့လဲနော်။. တဖြေးဖြေးနဲ့ အနံ့လေး မွှေးလာတဲ့ ငါးကင်လေးက ဗိုက်ဆာနေတဲ့ ကျွန်မကို မနေနိုင်အောင် မြူဆွယ်လို့ နေပါတယ်။ ခုလို အနေအထားလေးမှာ ချောက်ကော၊ ပါးကော အနံ့တွေပါတဲ့ နှမ်းဆီလေးနဲ့ ငါးကို နှံ့အောင် သုတ်လိမ်းပေးပါတယ်။
ဝါး... ကျက်သွားပြီ.. ဗိုက်လဲ ဆာလှပြီ။ ကျက်မှ ပါဘဲ.. မကျက်ရင် အစိမ်းလိုက် စားမိတော့မယ်.. :)
ရှိတာလေးနဲ့ ပြင်ဆင်ကျွေးတဲ့ သူငယ်ချင်းအိမ်က ထမင်းဝိုင်းပါ.. ဝက်သားနဲ့ မုန်လာပန်းကြော်၊ ငါးကင်၊ ကြက်ခြေထောက်ချဉ်စပ်၊ ဝက်အူအခြောက်ကြော်၊ ဝက်ရိုးနဲ့ ဆွမ်ထန် ဟင်းချို၊ ခရမ်းချဉ်သီးနဲ့ ဂျူးမြစ်သုပ် ချဉ်ချဉ်စပ်စပ်လေးပါ။ ဗိုက်ဆာနေလို့ ဘယ်နှပန်းကန် စားမိမှန်းတောင် မမှတ်မိတော့ဘူး ။ စပ်လိုက်တာလဲ ရှူးရှုးရှဲရှဲ အသံမြည်အောင်ကို စပ်ပါတယ်:)
ညအိပ်ရာဝင်တော့ သူငယ်ချင်းက စောင်တွေ အထူစားကြီး လာပေးပါတယ်။ ခုခြုံထားတဲ့ စောင်တွေတင် အတော်လေး ထူလှပါပြီ။ ဒါပေမဲ့ သူငယ်ချင်းက ပြောရှာတယ် မနက်မိုးလင်းလို့ လာကြည့်ရင် ရေခဲဖြစ်နေ မှာ စိုးလို့ စောင်တွေ လာထပ်ပေးတာဆိုပြီး အထူကြီးတွေ လာပေးပါတယ်။ သူတို့မြို့ ကလေးရဲ့ အေးစက်တဲ့ ဆောင်းရာသီ ညက ဘယ်လောက်များ အေးပါ လိမ့်လို့ မျှော်လင့်ပြီး သကာလ စောင် အထပ်လိုက် ကြီးကို ခြုံရင်း မအိပ်သေးခင် ပါသွားတဲ့ စာအုပ်လေး ဖတ်ပြီး အေးလာမဲ့ အချိန်ကိုစောင့်ပါတယ်. သို့သော် စာဖတ်ရင်း မကြာခင်မှာ အိပ်ပျော်သွားပြီး တရေးနိုး လာချိန် မှာတော့ ခြုံထားတဲ့ စောင်ကြီးတွေက ထူလွန်းလို့ အိုက်လာရပြီး စောင်တောင် ခွာပစ်ယူရ ပါတော့တယ်။ မနက်မိုးလင်းတော့ သူငယ်ချင်းကို “နင်ပြောတော့ အရမ်းအေးတယ်ဆို.. ဘယ်ကလာ၊ အိုက်လာလို့ စောင်တောင် ခွာပစ်ရတယ်” လို့ ရယ်ရယ်မောမော ပြန်ပြောမိပါတယ်။ “အဲဒါ ကံကောင်းတာတဲ့ .. ခါတိုင်းနေ့ဆို ချမ်းလွန်းလို့ အိပ်လို့တောင် မရဘူး” လို့ သူက ပြန်ဖြေပါတယ်။
မနက်ခင်း မိုးလင်းတော့ ဓာတ်ပုံရိုက်ဖို့ အကွက်အကွင်း ရှာရပါတယ်။ တောင်တွေကလွဲလို့ ဘာမှ ရိုက်စရာ မမြင်တော့ အိမ်နားမှာခုန်ဆွ ခုန်ဆွ ကျလိကျလိ လုပ်နေတဲ့ စာကလေးငှက်တွေကို ရိုက်ပါတယ်။
တူတူ ပျံသန်းစို့..
ဟိုသည်ပျံသွား ဆော့ကစား
တစ်မိုးအောက်မှာ... နှစ်ယောက်တည်းး)
ဒီပုံမှာဆိုရင် ဘယ်ဘက်ကအကောင်လေးက ကနွဲ့ကလျမှီနေတယ်လို့ ထင်ပါတယ်. အော် သူတို့တွေ..း)
တစ်ကောင်က ကနွဲ့ကလျမှီနေပြီး. တစ်ကောင်က အကြင်နာအကြည့်တွေနဲ့ ကြည့်နေတယ်လို့ မထင်ဘူးလားဟင်.. (သူများတွေများ နွေးနွေးထွေးထွေး) :P
နှစ်ယောက်တည်းဆိုရင်. မောင်ရယ် အဲလေ. သူတို့က စာကလေးတွေဆိုတော့ မောင်လို့ ပြောလို့ မရဘူး ဒီတော့ “ နှစ်ယောက်တည်းဆိုရင် စာရယ်” (စာ= ကိုကို စာကလေး(သို့) မောင်မောင် စာကလေးကို ဆိုလိုပါသည် ) လို့ သီချင်းဆိုနေကြတယ် ထင်ပါရဲ့နော်. :P
သူ့ကျတော့ သနားစရာ တစ်ကိုယ်တည်းရယ်. ကြည့်ရတာ ဝမ်းနည်းအားငယ်နေတဲ့ ပုံ....း(
သူတို့အိမ်မှာ အိုးတွေနဲ့ စိုက်ထားတဲ့ ပန်းတွေကို ရိုက်ပါတယ်။ ပန်းတွေမှာ လာနားတဲ့ ပျားတွေလည်း ကျွန်မရဲ့ မော်ဒယ်တွေ ဖြစ်သွားကုန်တာပေါ့နော်။ :P
ပန်းနာမည်ကသာ Kiss me quick ။ အပင်က ဆူးတွေချည်း .. နာမည်ကိုသာ ယုံလိုက်ရင် သွားပြီ :P
ဘာပန်းမှန်းနာမည်မသိတဲ့ ပန်းတွေကိုလည်း ရိုက်ပါတယ်။
နောက်တော့ လိမ္မော်ခြံကိုသွားပြီး ပိုင်ရှင်ကို ခွင့်တောင်းလို့ ဓာတ်ပုံသွားရိုက်ပါတယ်။ ပြွတ်သိပ်ခဲအောင်နေ သီးနေတဲ့ လိမ္မော်သီးတွေကို ကြည့်ပြီး အသည်းယားဖို့ကောင်းတာ အမှန်ပါ။
အပင်ပေါ်က
တို့လို့ တွဲလောင်း
အပြန်မှာတော့ အခင်းပိုင်ရှင်က ကျွန်မတို့စားဖို့ ဆိုပြီး လိမ္မော်သီး လတ်လတ် ဆတ်ဆတ်တွေ ပေးလိုက်ပါတယ်။ ဒီကလည်း အားနာနာနဲ့ လိမ္မော်သီးတွေ ယူပြီး ပြန်လာခဲ့ပါတယ်။ အဲဒီလို အားနာတတ်သူပါ။ :)
လိမ္မော်သီးတွေဟာ အပင်ပေါ်က ချက်ခြင်း ခူးလာတာမို့ ဘယ်လောက်တောင် လတ်ဆတ်တယ်ဆိုတာ ပုံမှာ မြင်နိုင်ပါတယ်။ အဲဒီလို အတွဲလိုက်ကို အလုံးရေ ၈လုံး ၉လုံးခန့် ပါဝင်ပါတယ်။ လတ်ဆတ် ချိုမြနေတဲ့ လိမ္မော်သီးဟာ လူကို လန်းဆန်း သွားစေခဲ့ပါတာ အမှန်ပါ။
ဓာတ်ပုံရိုက်ပြီး ပြန်လာတဲ့ ကျွန်မတို့ကို သူငယ်ချင်းရဲ့ အမျိုးသားကိုယ်တိုင် ချက်ပြုတ် ပြင်ဆင် ကျွေးမွေး တဲ့ မြီးရှည်ကို အားရပါးရ စားကြပါတော့တယ်။ ကျွန်မတို့ စားနေကျ မြီးရှည်နဲ့ မတူ တမူကွဲပြားတဲ့ ဒီမြီးရှည် အကြောင်း ကိုတော့ ( ဒီနေရာမှာ) ရေးခဲ့ဖူးပါတယ်နော်။ သူငယ်ချင်းရဲ့ အမျိုးသားက သူ ကိုယ်တိုင် လုပ်ကျွေးတဲ့ မြီးရှည် ကို စားကောင်းရဲ့လားနဲ့ မကြာခဏ မေးရှာပါတယ်။ ကျွန်မသူငယ်ချင်းက “မကောင်းရင်လည်း ကောင်းတယ်လို့သာပြော ၊ ဒါမှ နောက်တစ်ခေါက် သူလုပ်ကျွေးမှာတဲ့.. မကောင်းဘူးပြော လိုက်ရင် နောက်တစ်ခါ မကျွေးဘဲ နေလိမ့်မယ်” လို့ စ နောက်ပြီး ပြောပါတယ်။ ဒါပေမဲ့ .. မကောင်းဘူးလို့ ပြောစရာ မလိုအောင်ကို စားလို့ကောင်းလှတဲ့ မြီးရှည်ဖြစ်ပါတယ်။ မြီးရှည် စားပြီးတာနဲ့ အိမ်ပြန်ဖို့ ပြင်ဆင်ပြီး သူငယ်ချင်းတို့ရဲ့ မြို့ကလေးကနေ ပြန်ခဲ့ကြ ပါတော့တယ်။ ဒီခရီး ကိုတော့ တောင်တွေ ကြားကနေ ဖြတ်သန်းပြီး သွားရတာမို့ “ တောင်တွေကြားမှာ သွားတဲ့ ခရီး ” လို့ အမည်ပေးလိုက် ပါတယ်ရှင်..
ချစ်သော မိတ်ဆွေများအားလုံး ပျော်ရွှင်ငြိမ်းချမ်းကြပါစေနော်..

37 Responses to “တောင်တွေကြားမှာ သွားတဲ့ခရီး..”
ရူခင်းတွေက ရင်သက်ရူမောချင်စရာလေး.. ငါးကင်လေးကလည်း မွှေးမှမွှေး ..ရှလွတ်...:P:P
လမ်းခရီးတစ်လျှောက် ရိုက်ထားတဲ့ ပုံတွေ လှတယ်၊ ငါးကင်ကြီးကလည်း စားချင်စရာ၊ လပြည့်ဝန်းပုံကလည်း လှပါ့၊ စာကလေး ငှက်နှစ်ကောင်ပုံတွေ၊ ပျားနဲ့ပန်းပုံလေးတွေလည်း လှ၏။ ရေစက်လေးတွေ တွဲလွဲခိုနေတဲ့ လိမ္မော်သီးပုံလေးကိုတော့ အကြိုက်ဆုံးပဲ။
အမ ဘယ်မြို့လေးလဲ ချစ်ဖို့ကောင်းတဲ့နေရာလေး
အော်..မြင်သာမြင်..မကြင်ရတဲ့
ငါးကင်တွေပါ့လားနော်း)
kiss me quick ကိုတော့
အကြိုက်ဆုံးပဲအစ်မရေ :P
ချမ်းမြေ့ပျော်ရွှင်ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ
ပုံလေးတွေ အရမ်းလှတာပဲ ချောရေ.
လာရောက်ဖတ်ရှုသွားပါကြောင်း- :)
ငါးကင်ကတော့ရှယ်နော်ကြည့်ရင်းနဲ့ဗိုက်ဆာလာသလိုပဲ
ပုံတွေကြည့်ရတာ လှလိုက်တာချောရယ်
( ထင်းရှူးပင်နဲ့ တောင်တန်းများ )ဆိုတဲ့ပုံလေးက ရှမ်းပြည်ဖက်ကရွာတွေနဲ့ခပ်ဆင်ဆင်နော်
ရှမ်းပြည်မှာမွေး ရှမ်းပြည်မှာကြီးပြီး ဒီလောက်သီးတဲ့
လိမ္မော်သီး တွေမတွေ့ဘူးပါဘူးလှလိုက်တာ အဲဒီမှာဂျူးမြစ်
ရှိတယ်ပေါ့ စားချင်လိုက်တာ
ချောရေးသမျှ စာတွေက ဖတ်လို့လည်းကောင်း..၊
ဗဟုသုတလည်းရ...၊ ဓါတ်ပုံလေးတွေကလည်းလှ...၊
တကယ်စိတ်ကြည်နူးရတယ်...။
ပြီးတော့... ငါးကင်ရယ်၊ လိမ္မော်သီးရယ်၊ မြီးရှည်ရယ်..၊
စားချင်လိုက်တာ....:P
အပေါ်ကလူတွေစုံနေအောင်မန့်သွားတော့ ဘာရေးလို့ရေးရမှန်းမသိတော့ဘူး။
တကယ်တော့ တောတောင်တွေရဲ့အလှက စာဖွဲလို့မကုန်နိုင်အောင်ဘဲနော်
မမရေ အကြိုက်နှစ်သက်ဆုံး အစားအစာထဲမှာ ငါးကင်ကရှေ့ဆုံးကဘဲ
အားလုံးကြိုက်တယ်ချောရေ
ခရီးသွားဖို့ဆို တို့များလည်း ရှေ့ဆုံးက။ အအေးမိနေတာ မပျောက်သေးဘူး ခရီးထပ်သွားချင်နေသေးတယ်။ ဒီပိုစ့်က ပုံလေးတွေကို ပိုကြိုက်တယ် ကြည့်မဝသေးဘူး ထပ်လာအုံးမယ် နောက်တစ်ခေါက် ...
လူပြောများနေတဲ့ ငါးကင်က တကယ့်ကိုပဲ စားချင်စရာ ကောင်းတယ် မချောရေ..၊ ဓါတ်ပုံတွေ လှတယ်၊ လိမ္မော်သီးမှာ ရေစက်လေးတွေ သီးနေတဲ့ ပုံလေး ကြိုက်တယ်၊ ပုံတွေ တဝကြီး ကြည့်လိုက်ရတာ မိုက်တယ်...။း)
ပြင်ဦးလွင်အတက်လမ်းတွေ၊ တောင်ကြီးအတက်လမ်းတွေကို သတိရတယ်... လမ်းသားတွေ၊ လမ်းပုခုံးတွေက ကောင်းလိုက်တာ.. လမ်းတွေရဲ့ သန့်ရှင်းမှုကလည်း တကယ်အားကျမိပါရဲ့... ဘာပဲပြောပြော... မဝေးတော့တဲ့ တစ်နေ့မှာတော့ မြန်မာ့တောင်ကြားလမ်းတွေမှာလည်း ဒီလိုအဆင့်မှီ လမ်းတွေပေါ်လာတော့မယ်လို့ ယုံကြည်နေပါတယ်..တူတူကုန်းလို့ ရုန်းကြတာပေါ့လေ။။။
သူမတူအောင် ထူးခြားလှပလာသော ဓါပုံများဝေဝေဆာဆာဖြင့် ချော(အစိမ်းရောင်လွင်ပြင်)မှ စီစဉ်တင်ဆက်လက်သော တောင်တွေကြားမှာ သွားတဲ့ခရီး..ထွက်ပါပြီ..အဲလေ..ဖတ်သွားပါသည်။ ကောင်းလဒယ်ဗျာ..:)
မကြီးချောရေ
ပုံတွေရိုက်ချက်ကလည်း
လှလိုက်တာလေ
လိမော်သီးမှာရေစက်တွေတောင်
တွဲလဲလေးခိုနေတာကို
ရိုက်ထားတာ လှလိုက်တာလေ
ပစ်ပစ်အဲပုံကို download ချသွားတယ်နော်
ချောရေ... လမ်းတွေက အရမ်းကောင်းပြီး ရှုခင်းတွေက အရမ်းလှနေတော့ မြန်မာပြည်လို့တောင် မထင်ရဘူးဗျာ..။
ချမ်းမြေ့ပါစေကြာင်း
ချယ်ရီမြေ
ချောရေ ... တောတွေ တောင်တွေ ရှုမျှော်ခင်းတွေ ရင်သပ်ရှုမော ကြည့်ရင်း စာကလေးလေးတွေကို မြင်တော့ ချစ်လိုက်တာ အရမ်းပဲ။ ရိုက်တတ်လိုက်တာ ချောရယ်။ အောက်က ငါးကင်ကြီးကတော့ မမေရဲ့ ဖေးဘရိတ်ပဲ။ ရန်ကုန်မှာတုန်းက ခုလို ဆောင်းရာသီဆို ငါးကင်ခဏခဏ လုပ်စားဖြစ်တယ်။ ဟင်းးး လွမ်းလိုက်တာနော် ...
ငါကင်ကြီးက သာလိုက်တာ။
လကြီးက စားချင်စရာ၊ ပြောချင်ဇောတွေအားကြီးပြီး မှားကုန်ပြီ
ရှုခင်းတွေလည်းလှလိုက်တာ။ စာရေးပုံလေးကလည်း ပြုံးချင်စရာ၊
မချောအားနာတတ်တာသိသွားပြီ။ ;)
စာကလေး လေး နှစ်ကောင်ချစ်စရာကောင်းလိုက်တာ။
အသည်းယားစရာလေးတွေ။
လိမ္မော်သီးတွေရောလှလိုက်တာ။
မြီးရှည်လည်း စားချင်။ ပိုစ့်တစ်ပုဒ်လုံးမှာ အရသာကို စုံနေတာပဲ။ fb မှာ တစ်ယောက် share ထားတာတွေ့တော့မှ ပိုစ့်အသစ်သိလိုက်တာ။ ပိုစ့်အဟောင်းအကြွေးတွေလည်း ကျန်သေးတယ် မချောရယ်။
ဟေး ...အပြန် အလှန် လိုက် ပို့ ကြေး။ ကျွန်တော် ဆီ ကို မချော လာ လည် ရင် နိုင်ဂရာ ရေ တံခွန် ကို လိုက်ပို့မယ်. ကျွန်တော် လည်း နောက် ထပ် တခါ သွားချင်နေတာ။ မချော ဆီ ကို ကျွန်တော် လာလည် ရင် ပို့စ် ထဲက မြို့ ကို လိုက် ပို့ ပါ။ ပုံ တွေ ကြည့် ပြီး သွားချင် စရာ ကောင်းတယ်။
ဓာတ်ပုံတွေ တကယ်မိုက်တယ် မချော..ငါးကင်နံ့ လေးတောင် ရတယ်..မချောလို ခရီးတွေသွား၊ စားကောင်းသောက်ဖွယ်တွေ စား၊ ဓာတ်ပုံလေးတွေရိုက်..အောင်မငှီး အားကျလိုက်တာနော်
ရှုခင်းလေးတွေ လှတယ်။ ဒါပေမဲ့ ကိုယ်တိုင် ကားစီးပြီး သွားရင် ခေါင်းများ မူးနေမလား မသိ။
မျက်စိပသာဒအရမ်းဖြစ်တယ်။ ကင်မရာဝူးမင်းရဲ့ ရိုက်ချက် ပီပြင်တာလဲ ပါတာပေါ့လေ။း)
ချစ်မကြီးရေ လှလိုက်တဲ့ပုံတွေ .
ဟင်းးဟင်းးသူနဲ့ကျမှ ပျားတောင်မနေရဘူး
မတုတ်ခံရတယ်ကံကောင်းတယ် ..
ငါးကင်တွေ ကိုစား
လိမ္မော်သီးတွေကိုခါချကြည့်ချင်တယ်း(
ချစ်တဲ့
မဒိုးကန်
I really like the photo of the moon. I haven't try moon photo yet. :)
ကျွန်မက မချောရေးထားတဲ့စာတွေ၊ ပုံတွေကို တအားသဘောကျတယ်ရယ်။ ဟာသလေးတွေကောပေါ့နော်။ ကလေးတွေကိုတောင် ပြဖြစ်တယ်ရယ်။ ခုလည်း ရှု့ခင်းတွေရိုက်ထားတာကောင်းပါတယ်။ ဒါပေမဲ့ လိမ္မော်သီးပုံလောက်တော့မကြိုက်ဘူး။ ကားပေါ်ကနေရိုက်ရတော့ တချို့တွေက ပါကုန်တာပေါ့နော်။ မချောမို့ လှအောင်ရိုက်နိုင်တယ်။ ကျွန်မရိုက်ရင် ၀ါးတားတားကြီးတွေဖြစ်ကုန်မှာသေချာတယ်။ ဒီလိုနေရာမျိုးလေးတွေမှာနေချင်တာလေ။ ကျွန်မက ပင်စိမ်းနံ့ကို မကြိုက်ပေမဲ့ ခုမြင်ရတဲ့ငါးကင်ကတော့ စားကောင်းမဲ့ဖြစ်ခြင်း။
ချောရယ်..
ဒီလိုမျိုးခရီးမျိုးသွားချင်စမ်းပါဘိတော့။
ပတ်ဝန်းကျင်ကလှ၊ အစားအစာတွေကရှယ်၊ ဒီကြားထဲခြံထွက်လတ်လတ်ဆတ်ဆတ်လိမ္မော်သီးကလည်းပါသေး။ အားကျလိုက်တာ။
ငါးကင် လိမ္မော်သီး နောက်ဆုံးမြီးရှည် ကို အလွန် စားချင်ပါကြောင်း... ငှက်ကလေးများ နဲ့ ဘုရားရှစ်ခိုးကျောင်း ရှု့ခင်းအလှအပများ ကိုလည်း ခံစားသွားပါကြောင်း
ချစ်အမကြီး
ပန်းနီနီလေးတွေထဲက အ၀ါရောင်ပျားပတုန်းလေးတွေ လှလိုက်တာ ကျနော် အဲ့ပန်းအရောင်စိုစိုလေးကိုလည်းကြိုက်တယ်ဗျ ခရီးသွားရတာစိတ်ကြည်နူးစေတာ အမှန်ပဲကော။
ချောရေ..ကျန်းမာပါစ..မြန်မာပြည်မှာဒီလိုမျိုးလမ်းတွေရှိတာတွေရတော့ဝမ်းသာမိပါတယ်..အမြန်ဆုံးတိုတက်ပါစေ..
မေတ္တာဖြင့်..
ရွှေဝန်းရတနာ...
လမ်းတွေကောင်းလိုက်တာများ ညက်ပြီးချောနေတာပါလား...ဘုရားရှိခိုးကျောင်းကိုမြင်ရတာလည်း အေးချမ်းလိုက်ပါဘိ...ငါးကင်ကို ငေးပြန်တော့လည်း သွားရည်ယိုပြန်ရော...
လောလောဆယ် အလုပ်ပိနေလို့ ဘယ်မှကို မသွားဖြစ်တော့လည်း ဒေါ်ချောကို မုဒိတာပွားရတော့မှာပဲဗျို့...
ပုံတွေက စုံပြီးတော့ လှနေတယ်
ခရီးထွက်ခင်ေလာပြီ
ခရီးကပြန်ရောက်တာမကြာသေးဘူး။
ချောရဲ့ ပို့စ်ကိုဖတ်ပြီး နောက်တစ်ခေါက်
ခရီးထပ်ထွက်ချင်စိတ်ပေါ်လာတယ်း)
ရှမ်းပြည်ဘက်လမ်းကြောတွေလိုပဲနော်
အကွေ့အကောက်တောင်တွေကြားကဖြတ်ရတာလေ။
ခရီးသွားလို့မောရင် စားဖွယ်စုံလင်စွာစားပြီး အမောဖြေ။ (မြီးရှည်စားချင်တယ်)
မျက်စိပသာဒလှတဲ့ သဘာဝသတ္တဝါလေးတွေကြည့်ရင်း
ကြည်နူးမှုခံစား။ ထပ်သွားဘို့ဆုံးဖြတ်လိုက်ပြီး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
လှလိုက်တဲ့ ရှုခင်းများ...
ကင်မရာကလည်းကောင်း... ရိုက်သူကလည်း..ရိုက်တတ်ဆိုတော့ ပုံတွေအားလုံး ရှယ်ပဲ..။ လိမ္မ်ာသီးပုံနဲ့ ပျားလေးနဲ့ ပန်းပွင့်လေးပုံ၊ ငှက်ကလေးနှစ်ကောင်.. အရမ်းမိုက်တယ် ချောရေ...။
( ပုံတွေ အားလုံးမြင်ရဖို့ နာရီဝက်လောက် စောင့်ရတယ် ချောရေ..)
ပျော်စရာကောင်းတဲ့ ခရီးစဉ်လေးဖြစ်ခဲ့မှာနော်.. လိမ္မော်ခြံကို သိပ်ချစ်တယ်.... လိမ္မော်ခြံထဲမှာဆို အရမ်းပျော်ဖို့ကောင်းတယ်နော်..း))
ခင်မင်လျက်
နေ၀သန်
ပုံအားလုံးကောင်းတယ် အဲဒီထဲမှာ လမင်းကြီးပုံက သဘောအကျဆုံးပဲ။ ကိုယ့်ဘာသာကိုယ် ကြည့်တုန်းက ၀ိုင်းတော့ ၀ိုင်းတယ်။ ဒါပေမယ့် လုံးဝန်းတယ်ဆိုတာကိုတော့ သေချာမကြည့်မိဘူး။ အစ်မချော ရိုက်တဲ့ပုံကို ကြည့်ကာမှ ၀ိုင်းစက်ပြီး လုံးဝန်းနေတာကို မြင်ရတယ်...
which country?why you not post to country name and region name?if you possible,can you reply to me country name and region name?i like very much all of your photos.i think so you can open to photo studio.you will be famous photographer............
hi ma chaw, if i m not wrong, this is one of the road in China, correct or not? pls confirm.
rgds/nang myint
Ofcourse, it should not be in Myanmar. May be, somewhere near China border or, inside China. :) Wondering when our country can build those kind of good road?
မချောရေ
အဲဒီနေရာဘယ်မှာ
ရောက်ဖူးချင်တယ်
Post a Comment