ကျွန်မမှာ မနှစ်က ကျွန်မရဲ့ ဇာတိမြေကို ပြန်သွားပြီးစဉ်ကတည်းက စာရေးဖို့ အကြောင်းအရာ တစ်ခု ရှိပါတယ်။ အဲဒါက ကျွန်မတို့ ဒေသအကြောင်းနဲ့ ပတ်သက်တာလေးပါ။ ဒီပိုစ့် ထဲက ဓာတ်ပုံတွေကတော့ မနှစ်က အိမ်ပြန်တုန်း ဖုန်းနဲ့ ရိုက်ခဲ့တာမို့လို့ ကြည့်လို့ အဆင်မပြေခဲ့ရင်တော့ ခွင့်လွှတ် သီးခံပေး ကြပါလို့ နော်။
ဒီပုံကို အရင်ပိုစ့်မှာ ဖော်ပြဖူးပါတယ်။ အဲဒါ ကျွန်မတို့ ရွာထိပ်က စေတီပါ။ စေတီရဲ့ အောက်ခြေမှာတော့ တစ်ရွာလုံးကို ရစ်ခွေစီးဆင်းနေတဲ့ ဥရုချောင်းပါ။ ဥရုချောင်းအကြောင်းကို ကျွန်မ မကြာခဏ လည်း ရေးဖူးပါတယ်။ ကျောက်စိမ်းနဲ့ ရွှေတွေတူးကြပြီး မြေကြီးတွေပါတဲ့ ရေတွေကို ချောင်းအတွင်း စီးဆင်းစေတာကြောင့် နွေမိုးဆောင်း နောက်ကျိနေတတ်တဲ့ ချောင်းကလေးပါ။ ခုတော့ ချောင်းထဲကို စွန့်ပစ်တဲ့ မြေကြီးတွေ၊ နှုန်းတွေကြောင့် ချောင်းကလေးက တဖြေးဖြေး ကောလာပြီး မိုးရာသီဆိုရင် တစ်မြို့လုံး ၊ တစ်ရွာလုံး ရေလျှံတာကို ကြုံကြရပါတယ်။ ကျွန်မ အမြဲပြောနေကျအတိုင်း ဥရုချောင်း ကလေးဟာ ကျွန်မတို့ ငယ်စဉ်တုန်းကတော့ အင်မတန် ကြည်လင်ခဲ့ဖူးပါတယ်။ အဲဒါကို သက်သေပြချင်တာပါ။း)
ချိုးလို့လည်းမရ ၊ သုံးဖို့လည်း မဖြစ်နိုင်တော့တဲ့ ချောင်းရေ ဝါနောက်နောက်များ
ကျွန်မတို့ရွာရဲ့ ဥရုချောင်း အခြေအနေပါ။ ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီစာ တစ်ဝိုက် တို့မှာ ကျောက်တွင်းနဲ့ ရွှေတွင်းတွေ များလှတဲ့အတွက် ချောင်းရေက ဘယ်လိုမှ မကြည်နိုင်တော့ အောင် နောက်ကျိနေခဲ့တာပါ။ ဥရုချောင်းရဲ့ အစ ဘယ်လိုများနေမလဲလို့ ရှာဖွေကြည့်ဖို့ အတွက် အခု ကျွန်မတို့အနေနဲ့ ကျောက်စိမ်းတွင်းတွေ ရွှေတွင်းတွေ မရှိတဲ့ ကျွန်မတို့ရွာရဲ့ အထက် ကိုးမိုင်လောက်ဝေးတဲ့ ဥရုချောင်းမြောက်ဖျားမှာ ရှိတဲ့ ကံဆီးဆိုတဲ့ ရွာကလေးကို အလည် သွားကြည့်ရအောင်နော်။
အရင်တုန်းက ဖော်ပြဖူးတဲ့ ပုံပါဘဲ.. ဖုန်တွေထူတဲ့ လမ်းကို ခုလိုမျက်နှာဖုံးတွေ စွပ်ပြီး သွားကြတာပါ။
အဲဒီလို ပုံစံနဲ့ ဖားကန့်တစ်ခွင်ကို လျှောက်လည်ရာမှာ ကံဆီး မသွားခင် အခြားသော နေရာတွေကို အရင်လျှောက်လည်ကြပါသေးတယ်။ ထမင်း မဆာသေးလို့ မစားဖြစ်ပေမဲ့ ကံဆီးကို အသွားမှာတော့ ခုန်ပေါက်နေတဲ့ ဆိုင်ကယ်ကြောင့် လူတွေအားလုံး ဗိုက်ဆာနေကြပါပြီ။
ကံဆီးရွာကို သွားတဲ့လမ်းဟာ တောင်တန်းတွေ မြေလမ်းကြမ်းကြမ်းတွေ၊ ဖုန်တွေများတဲ့ လမ်းတွေကို ကျော်ဖြတ်ပြီး သွားရပါတယ်။
ကံဆီးဆိုတာ တစ်ချိန်ကတော့ ရွာအကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ ကံဆီးစော်ဘွားက အစဉ်အဆက် အုပ်ချုပ်ခဲ့ပြီး ကချင်လူမျိုးတွေ အများဆုံး နေထိုင်ကြတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။ ခုချိန်မှာတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန် စေတီပုထိုးများလည်း ရှိနေပြီဖြစ်ပြီး KIO ထိန်းချုပ်မှုအောက်က ရွာတစ်ရွာဖြစ် ပါတယ်။
ချောင်းကို ဒီလို လူကူး ဝါးတံတားလေး လုပ်ထားတော့ အဲဒီတံတားကိုလည်း ဆိုင်ကယ်စီးဖြတ်ရပါတယ်။
ဟိုဘက်နားမှာ လုပ်လက်စ ကြိုးတံတား
ဒီချောင်းဟာ ကျွန်မတို့ ရွာကလေးကို ဖြတ်စီးတဲ့ ဥရုချောင်းပါ။ သို့ပေမဲ့ ဒီနေရာမှာတော့ ကြည်လင်နေတဲ့ ဥရုချောင်း ဖြစ်နေပါတယ်။ ဘာလို့ဆိုတော့ ဒီပတ်ဝန်းကျင်မှာ ကျောက်စိမ်းလုပ်ကွက်တွေ၊ ရွှေတူးတာတွေ မရှိသလောက်မို့လို့ပါ။
ဒီချောင်းဟာ ကျွန်မတို့ ရွာကလေးကို ဖြတ်စီးတဲ့ ဥရုချောင်းပါ။ သို့ပေမဲ့ ဒီနေရာမှာတော့ ကြည်လင်နေတဲ့ ဥရုချောင်း ဖြစ်နေပါတယ်။ ဘာလို့ဆိုတော့ ဒီပတ်ဝန်းကျင်မှာ ကျောက်စိမ်းလုပ်ကွက်တွေ၊ ရွှေတူးတာတွေ မရှိသလောက်မို့လို့ပါ။
ကံဆီးရွာဟောင်းရဲ့ ဘုန်းတော်ကြီးကျောင်းမှာ တည်ထားတဲ့ စေတီကို အရင်ဦးစွာ ဦးခိုက်ပါတယ်။
နောက်တော့ ဒီကျောင်းကို လှူထားတဲ့ အလှူ့ရှင်တွေက ဘုန်းကြီးကျောင်းမှာ အခါကြီးရက်ကြီးမို့ ဘုန်းကြီးကျောင်းတက် လာသူများကို ထမင်းကျွေးတယ်ဆိုလို့ ဆာနေတဲ့ ဗိုက်ကို ပွတ်ပြီး အားရဝမ်းသာ အပြေးအလွှား သွားကြပါတယ်။ (ကံကောင်းလိုက်တာ) :) စားသောက်ပွဲတွေပြီးလို့ သိမ်းဆည်းနေပေမဲ့ အလှူ့ရှင်က ကျွန်မတို့ကို ဝမ်းပန်းတသာ ကြိုဆိုပြီး ဟင်းတွေအသစ်ပြင်ဆင်ပြီး ကျွေးမွေးပါတယ်။
ကျောင်းထိုင်ဆရာတော်ရဲ့ ကျောင်းပါ။
ဝက်သားနှပ်၊ ငါးခြောက်ထောင်းကြော်၊ ကြက်သားလုံးကြော်၊ သရက်ချဉ်သုပ်၊ ကိုက်လန်ကြော်၊ မယ်ဇလီဟင်းချို၊ ငရုပ်သီးထောင်း
ဒီ ထမင်းဟင်းတွေကတော့ ကံဆီးဘုန်းကြီးကျောင်းမှာ ကျွေးမွေးတဲ့ ဟင်းတွေပါ။ ဟင်းတွေကတော့ ဝက်သားနှပ်၊ ငါးခြောက်ထောင်းကြော်၊ ကြက်သားလုံးကြော်၊ သရက်ချဉ်သုပ်၊ ကိုက်လန်ကြော်၊ မယ်ဇလီဟင်းချို၊ ငရုပ်သီးထောင်းတို့ဖြစ်ပါတယ်။ ကျွန်မတို့ သွားကြတဲ့ ၈ယောက်အဖွဲ့ဟာ အားလုံးက ဗိုက်ဆာနေကြသူတွေချည်းမို့ အပီအပြင်ကို အားပေးလိုက်ကြတာမှာ တစ်ယောက်ကို ထမင်း ဘယ်နှပန်းကန် ကုန်သွားလဲဆိုတာတောင် မမှတ်မိတော့ပါဘူး။ ထမင်းလိုက်ပွဲ ချထားသမျှ အားလုံးကုန်ပါတယ်။း)
စားသောက်ပြီးတဲ့အခါမှာတော့ ဒီကံဆီးမြို့ဟောင်းကို လာရတဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်သော ဖားကန့်ကို အုပ်ချုပ်ခဲ့တဲ့ ကံဆီးစော်ဘွားကြီးတို့ ရှိစဉ်က နေထိုင်ခဲ့တဲ့ ဟော်နန်းကြီးရဲ့ အိမ်ရာကို သွားကြည့်ပါတယ်။ အဲဒီနေရာမှာတော့ အုတ်ရိုးပျက်တွေဟာ ခုထိ ရှိနေခဲ့ပါတယ်။ အဲဒါကို သေချာ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ကျွန်မတို့ ဖားကန့် ရတနာမြေကို ဟိုးယခင်ကတည်းက အုပ်ချုပ်ခဲ့တဲ့ ကံဆီး စော်ဘွားကြီးအကြောင်းကို အတော်လေး စိတ်ဝင်စားမိတာကြောင့်ပါ။
ဒီနေရာကတော့ကံဆီးစော်ဘွားကြီးတို့ တည်ထားကိုးကွယ်ခဲ့သော မြတ်စွာဘုရားရုပ်ပွားတော် စံပ္ပါယ်တော်မူခဲ့တဲ့ ကျောင်းတော်ရာ ဖြစ်ပါတယ်.
အပေါ် ၂ပုံကတော့ ကံဆီးစော်ဘွားကြီးနဲ့ စော်ဘွားကတော်ကြီးတို့ရဲ့ ရုပ်တုများပါ။

ပြီးနောက်မှာတော့ ကျောင်းကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဥရုချောင်းကို အပြေးအလွှား သွားကြပြီး ရေကစားကြ ပါတော့တယ်။ ဥရုချောင်းရေကို ကြည့်ပါနော်။ ကျွန်မတို့ရွာမှာ မြင်ရတဲ့ ဥရုချောင်းရေနဲ့ ဘာမှကို မဆိုင်အောင် ကွာခြားတာကို တွေ့ရမှာပါ။
အောက်ခံကျောက်တုံးတွေကို အတိုင်းသားမြင်နေရအောင် ကြည်လင် လှပါတယ်။ ချောင်းအဖျားပိုင်း မို့ ရေတော့ တိမ်ပါတယ်။
အတူသွားကြတဲ့ ညီမငယ်တွေကတော့ ကြည်လင်လှတဲ့ ချောင်းရေမှာ ဆော့ကစားနေကြတာပါ။ ဒီလိုကြည်လင်သန့်ရှင်းလှတဲ့ ချောင်းထဲမှာ ရေချိုးခွင့်မရတာ နှစ်များစွာ ကြာလှပါပြီ။ နောက်ကျိ ညစ်နွမ်းနေတဲ့ ချောင်းရေထဲတော့ ဘယ်သူကမှ ချိုးချင်ကြမှာ မဟုတ်ဘူး မို့လားရှင်။
ကျွန်မတို့ ရွာကလေးရဲ့ မြောက်ဖက်အရပ်မှာရှိတဲ့ ကံဆီးရွာ (ယခင်မြို့ဟောင်း) နဲ့ ဥရုချောင်းဖျားမှာ ထမင်းစားသောက် ၊ရေဆော့ လို့ ဝတာနဲ့ ဆိုင်ကယ်ကိုယ်စီစီးပြီး အိမ်ပြန်ခဲ့ ကြပါတော့တယ်။ ဒီပိုစ့်ကို ရေးရတဲ့ အကြောင်းရင်းက ကံဆီးမြို့ဟောင်း တည်ရှိတဲ့ ဥရုချောင်းဖျားက ဥရုချောင်းရေရဲ့ ကြည်လင်မှု၊ သန့်ရှင်းမှုတို့နဲ့ ကျွန်မတို့ လုံးခင်းနား အရောက်မှာ နောက်ကျိနေတဲ့ ဥတုချောင်းရေရဲ့ ကွာခြားချက်ကို ပြချင်တာရယ်.. လူသိနည်းနေသေးတဲ့ ကံဆီးစော်ဘွားကြီးတို့ အကြောင်း ရေးချင်တာ ရယ်ကြောင့် ပဏာမ အစပျိုးလိုက်တာ ဖြစ်ပါတယ်ရှင်။
အားလုံးဘဲ ရေလိုအေးလို့ ပန်းလို့ လန်းကြပါစေရှင်..
ကံဆီးမြို့ဟောင်းက အပြန်မှာ ယခုလက်ရှိ အသက်ရှင်နေထိုင်ဆဲဖြစ်တဲ့ ကံဆီးစော်ဘွားကတော်ကြီး (အဖွားလေးလို့ ကျွန်မတို့က ခေါ်ပါတယ်။ ) အိမ်ကို သွားပြီး ကျွန်မ သိချင်တာလေးတွေ မေးဖြစ် ပါတယ်။ မေးပြီးတော့လည်း အဖွားလေးတို့ အကြောင်း စာတစ်ပုဒ်လောက် ရေးချင်ပါတယ်လို့ ခွင့်တောင်းတော့ အဖွားလေးက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ပါတယ်။ နောက် အဖွားလေးရဲ့ ဘိုးဘေးများ ဖြစ်တဲ့ ကံဆီးစော်ဘွားတို့ကို မင်းတုန်းမင်းတရားကြီး ဆုချခဲ့တဲ့ ကြေးမောင်းတော်များ ကိုလည်း ဓာတ်ပုံရိုက်ခွင့် ပြုခဲ့ပါတယ်။ ဒါကြောင့် ဖားကန့် ရတနာမြေကို အပိုင်စားခဲ့သော ကံဆီး စော်ဘွား အကြောင်းကို ဓာတ်ပုံတစ်ချို့နဲ့ မကြာခင်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြချင်ပါတယ်နော်။
အားလုံးဘဲ ရေလိုအေးလို့ ပန်းလို့ လန်းကြပါစေရှင်..
































35 comments:
စေတီလည်းဖူးရင်းဗဟုသုတတွေရသွားတယ် ချောရေ။
ဝက်သားနှပ်ကလွဲရင်ကျန်တာအားပေးသွားတယ်း)
ရေလေးတွေကြည်လင်နေတာပဲနော်
ချောင်းရေထဲမှာပျော်စရာ အတူလိုက်ကစားချင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
စိတ်ဝင်စားစရာပို့စ်အသစ်တွေကိုထပ်ထပ်ပြီး မျှော်နေရပါတယ် မချောရေ..
camomilla
ကံစီး စော်ဘွားကြီး အကြောင်းကိုလည်း စိတ်ဝင်စားတယ်၊ ဥရုချောင်းကိုလည်း သနားတယ်........ ပိုစ့်အသစ်ကို မျှော်ရင်း ဖတ်သွားပါတယ် မချော ခင်ဗျာ။ :P
ဥရုချောင်းဖျားကို မြင်ခွင့်ရလို့ ကျေးဇူးပါ ..
ကံစီးစော်ဘွားကြီးရဲ့ ရွှေမောင်းတွေကိုလည်းတွေ့ဖူးချင်ပါတယ်.. (ဘိုထိန်)
ကြည့်ပါဦးနော်..ပျော်နေလိုက်ကြတား)
ဓာတ်ပုံတွေကြည့်ကြည့်ပြီး
စားချင်၊သွားချင်၊လည်ချင်တဲ့ရောဂါ
ဖြစ်နေတာမကြာသေးပါဘူး။
တရားခံကတော့.ဘာဖြစ်ဖြစ်
သရေကျအောင်.ရိုက်ချက်ကောင်းတဲ့
အစ်မချောကြောင့်ပါ.. :D
ချစ်ခင်လျှက်
မိစံ
အင်းး စဉ်းစားမိလိုက်တယ်။
ရတနာတွေ ရှိနေခြင်းက ပတ်ဝန်းကျင် သယံဇာတတွေကို ထိခိုက်စေနိင်တယ် ဆိုပြီးတော့လေ။
ကံဆီးရွာက ပျော်စရာလေးနော်။ ရေကလဲ ကြည်လင်နေတာဘဲ။ ပြီးတော့ အရမ်းလဲ ရေမနက်ဘူး။
Wahh I want to go there n play in that stream.(use phone n comment) sorry My dear sis:)))))
ရေထဲက ခြေထောက်က မချောခြေထောက်လား.. :P.. အဟီး.. နောက်တာ.... မချောရဲ့ ဇာတိမြေအလှလေးကို ခံစားသွားတယ်ဗျာ... နာမည်ကြီးပဲနော့... လောပန်းလောင်းတွေ သွားလေ့ရှိတာပေါ့..း))
ခင်မင်လျက်
နေ၀သန်
ကံဆီးစော်ဘွားကြီးအကြောင်းဖတ်ချင်နေပြီ...
မြောက်ပိုင်းဒေသရဲ့ အလှအပတွေကို မြင်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်အမရေ။ ဥရုချောင်းရေက ပြန်ကြည်ဖို့ မလွယ်တော့ဘူးထင်ပါ့။ အဲ့ဒီအတွက် ရင်မောမိပါတယ်။
သို့သော်လည်း ချောင်းဖျားကတော့ အရင်အတိုင်းရှိနေသေးတာကို ကျေးဇူးတင်ရမယ်။ ဆက်တင်မယ့် ပို့စ်တွေကို မျှော်နေပါတယ်ခင်ဗျာ။
ကြည်လင်တဲ့ ချောင်းရေထဲမျာ ဆော့ကစားရတာ ပျော်စရာအလွန်ကောင်းမှာ...။ ၀ါးတံတားလေးကလဲ အသည်းယားစရာ...။ သဘာဝရဲ့အလှတရားတွေ တဖြည်းဖြည်းနဲ့ ယိုယွင်းလာတာ စိတ်မကောင်းစရာပါချောရေ...။ ကံဆီးစော်ဘွားကြီးအကြောင်း စိတ်ဝင်စားတယ်။ ဒီပြင်ဟာ ကြားမဖြတ်ပဲ ပို့စ် ဆက်တင်ပေးပါဗျို့...။
ဒေါ်ချော ပြန်ရောက်ပြီကိုး...
အိမ်ထောင်မှုကိစ္စတွေနဲ့ ချာလပတ်ရမ်းသွားလို့ အလည်မလာဖြစ်တာ ခွင့်လွှတ်ဗျာ...စာကြွေးတွေကို ဖြည်းဖြည်းချင်းမှပဲ လာလာဖတ်တော့မယ်...
ဘုန်းကြီးကျောင်းက ကျွေးတဲ့ ထမင်းနဲ့ဟင်းကို သွားရည်ကျလိုက်တာလေ...တကယ့်ကို စေတနာကောင်းတဲ့ ဒေသပါပဲ...တစ်နေ့နေ့တော့ အဲဒီဒေသဘက်ကို အလည်ရောက်ဖြစ်မယ်ထင်ပါရဲ့...
ဒေါ်ချော ပြန်ရောက်ပြီကိုး...
အိမ်ထောင်မှုကိစ္စတွေနဲ့ ချာလပတ်ရမ်းသွားလို့ အလည်မလာဖြစ်တာ ခွင့်လွှတ်ဗျာ...စာကြွေးတွေကို ဖြည်းဖြည်းချင်းမှပဲ လာလာဖတ်တော့မယ်...
ဘုန်းကြီးကျောင်းက ကျွေးတဲ့ ထမင်းနဲ့ဟင်းကို သွားရည်ကျလိုက်တာလေ...တကယ့်ကို စေတနာကောင်းတဲ့ ဒေသပါပဲ...တစ်နေ့နေ့တော့ အဲဒီဒေသဘက်ကို အလည်ရောက်ဖြစ်မယ်ထင်ပါရဲ့...
ချောရဲ့ဇာတိမြေက နေချင်စရာကောင်းတဲ့ရှုခင်းလေးတွေနဲ့ပါ
ဥရုချောင်းလဲခုမှမြင်ဖူးတယ် စာထဲသင်ခဲ့တာပဲရှိတာလေ
ရေကကြည်လင်နေတာပဲ အောက်က
ကျောက်ခဲလေးတွေကိုလဲမြင်နေရတယ် ရိုက်တာလဲတော်လို့ပါ
ချစ်တဲ့ jasmine
စာလာဖတ်တဲ့သူတွေ တော်တော်များများက ကြည်လင်နေတဲ့ ဥရုချောင်းကိုပဲ မြင်သွားကြသလိုပဲ။ ကြည်နူးစရာကိုပဲ ကွက်မြင်ပြီး စိတ်မချမ်းသာစရာ တွေကို မမြင်ချင်ယောင်ဆောင် တတ်ကြတာ လူ့သဘာဝပဲထင်တယ်နော်။ မချောပေးချင်တဲ့ မက်ဆေ့ခ်ျကို အပြည့်အ၀ခံစားမိတဲ့ ဒို့ကတော့ တကယ်ကို ဥရုချောင်းအတွက် စိတ်မကောင်းဖြစ်ရတယ်။ ဘာမှမလုပ်ပေးနိုင်တဲ့အတွက်လဲ ကိုယ့်ကိုယ်ကို အားငယ်မိတယ်။ မချောရဲ့ ဒီပို့စ်လေးကို ဖေ့ဘွတ်မှာ ရှယ်ခွင့်ရရင် ရှယ်ချင်ပါတယ်။ ကိုယ့်လိုမျိုး တခြားသူတွေ ဖတ်ရလို့ တယောက်ပဲဖြစ်ဖြစ် ဥရုချောင်းရဲ့ အဖြစ်ကိုသိရရင်လဲ အကျိုးရှိတယ်လို့ ခံစားမိလို့ပါ။ ကျေးဇူး။
ချောင်းလေးကိုကြည့်ပြီး တာလေက နန့်မွေချောင်းကိုသတိရသွားတယ်....။
Anonymous >> ရှယ်လို့ရပါတယ်ရှင်..
ဥရုချောင်းအတွက် စိတ်မကောင်းဖြစ်ပေးတာ ကျေးဇူးပါနော်..
အားလုံးကိုလည်း ကျေးဇူးပါနော်..
ဆိုင်ကယ်ကူးလို့ ရတဲ့ ဝါးတံတားလေးကို သဘောကျတယ်..ချောင်းရေက ကြည်လင်လိုက်တာ မချောရေ..အဲဒီချောင်းလေးမှာ ရေချိုး၊ ရေစိမ်၊ ရေဆော့ချင်လိုက်တာ..ကံစီစော်ဘွားအကြောင်း ဖတ်ချင်တယ်..
အားကျတယ် .. အားကျတယ်
အဲလိုနေရာတွေရောက်ဖူးချင်လိုက်တာ
ဥရုချောင်းအကြောင်းကို ဖတ်ရတိုင်း စိတ်မကောင်း ဖြစ်ရပါတယ် မချော... ဟင်းတွေကို ကြည့်ရတာနဲ့ တင် မချောတို့ ဘယ်နှပန်းကန်မှန်း မသိလောက်အောင် ဆိုတဲ့ စကားကို ယုံကြည်မိပါတယ်...
ပုံကြည့်ပြီး သရက်ချဉ်သုပ် စားချင်လိုက်တာ ..း)
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ကြိုးတံတား ဝါးတံတား ဘေလီတံတားတွေနဲ့ လောဘသမားတွေ ကြောင့် ဒီချောင်းလည်း နှောက်ကာပျက်ရပြီပေါ့၊
ဝါးတံတားပေါ် ဆိုင်ကယ်စီးတာ လန့် စရာကောင်းလိုက်တာ မမမချောရယ်..
ဆော့နေလိုက်ကြတာလည်း မနာလိုကောင်းပါဘိ။
နောက်မှ ခရီးတစ်ခုခုသွားဖို့  စီစဉ်ရဦးမယ်
(နေပြည်တော်ကိုသွားပြီး ထီးနန်းပေါ် စံမြန်းနေလိုက်ရင်ကောင်းမလားလို့ ...)
ထော်ဦး
ကံဆီးစော်ဘွားအကြောင်း ဖတ်ချင်တယ်ချောရေ ...
မျှော်နေမယ်နော်
ဥရုချောင်းထဲမှာ ရေကစားပြီး ဘုန်းကြီးကျောင်းမှာ ထမင်းအ၀ စားချင်လိုက်တာ :))
အစ်မရေ အဲ.နေရာလေးတွေ မောင်မောင်ငယ်ငယ်ကရောက်ဖူးတယ်။ အရမ်းကိုပျှော်ဖို.ကောင်းတယ်။ လူလည်းအရမ်းစည်တယ်နော်။ အလွမ်းပြေစေတဲ.အတွက် ကျေးကျေးပါဗျို.။
ခင်မင်လေးစားစွာဖြင်.
မောင်မောင်(မြစ်ဆုံ)
ကြည်လင်နေတဲ့ ချောင်ရေရယ် အေးချမ်းလှပတဲ့ သဘာဝပတ်ဝန်းကျင်အလှရယ်.. စိတ်ချမ်းမြေ့ ကြည်နူးစရာပါလား မမရေ...ရောက်ဖူးချင်လိုက်တာ...
ပုံကြည့်ပြီး ဘုန်းကြီးကျောင်းမှာ ကျွေးတဲ့ ဟင်းတွေ စားချင်လိုက်တာ
ဟင်းတွေကရှယ်ဘဲနော်
ကံဆီး စော်ဘွားအကြောင်းဖတ်ချင်လိုက်တာ။
ဘုန်းကြီးကျောင်းက ဟင်းတွေလည်းကောင်း။
ဥရုချောင်းဖျားရေလေးကလည်း ကြည်၊
စကားမစပ် မုန့်ဝယ်လာခဲ့လား။
ချစ်တဲ့
pp
face book မှာ အစိမ်းရောင်လွင်ပြင်နာမည်နဲ့ ဓါတ်ပုံတွေတွေ့တွေ့နေတာ၊ ဓါတ်ပုံတွေကြိုက်တယ်.. ဒီနေ့မှ ထမနဲပုံနဲ့အတူ comment ကိုတွေ့လို့.. ကိုဝင်းသောင်း share ထားတဲ့ပုံပါ။ ၀င်ကြည့်ဖြစ်သွားတယ်။ အများကြီးလုပ်ထားတာနော်.. အားကျပါတယ်။ တ၀ကြီးဝင်ဖတ်သွားပါတယ်.... ကံဆီး စော်ဘွားကြီးအကြောင်း စောင့်ဖတ်ပါမယ်။
ဟုတ်တယ်နော် ဥရုချောင်းရေက လုံးဝကို ကွာခြားသွားတာ...လူတွေရဲ့ လောဘအရောင်တွေပေါ့ မချောရယ်.. နောက်ပို့စ်ကို လဲ မျှော်နေမယ်
ချစ်တဲ့
အိမ်မက်
Dear Ma Chaw, thanks for the interesting post.
with best regards,
Nang Myint
Dear Ma Chaw, thanks for the interesting post.
with best regards,
Nang Myint
U RU HKA U RU Myit we can't protect you sorry ! when we are young we drink from this river but now every things change :( Lone Khine village also how long can u stand there :(
အခု ဗမာ စစ်တပ်ရောက်သွားပြီ ဆိုတော့ သိပ်မကြာခင် အဲဒီ ဒေသ မြစ်ရေတွေလဲ နှောက်သွားတော့မှာပါ။
Post a Comment