Friday, February 17, 2012

ကျောက်စိမ်းမြေက ကံဆီးစော်ဘွားများ





ပြီးခဲ့တဲ့ ပိုစ့်မှာ အစပျိုးခဲ့တဲ့ အတိုင်း ဒီပိုစ့်မှာတော့ ကံဆီးစော်ဘွားခေါ် ကံဆီး ဒူဝါအကြောင်း ဆက်ရေးပါ့မယ်ရှင်။ ကံဆီးစော်ဘွားလို့ ခေါ်ရခြင်းအကြောင်းရင်းက ကျွန်မတို့ ဖားကန့်ဒေသ ကျောက်စိမ်းတွင်း နယ်မြေမှာ ယခုတိုင် ရှိဆဲဖြစ်တဲ့ ကံဆီးမြို့ကို အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်ဆိုတာ ဟိုးယခင် ကတည်းက ကချင် လူမျိုး တွေနဲ့ ရှမ်းလူမျိုးတွေ အများဆုံး နေထိုင်ခဲ့တဲ့ ဒေသ ဖြစ်ပါတယ်။ ယခင်အချိန် ဘုရင် အုပ်ချုပ်ရေးခေတ် ကတည်း က ကချင်ပြည်နယ်မှာ ရှမ်းလူမျိုးတွေ နေထိုင်ရာ မြို့ရွာများကို မိုးညှင်း စော်ဘွား၊ မိုးကောင်း စော်ဘွား၊ မိုးမိတ် စော်ဘွား စသဖြင့် ရှမ်းစော်ဘွားများက အုပ်ချုပ်သလို ကချင်လူမျိုးတွေ နေထိုင်ရာ မြို့ရွာများကိုတော့ ဆမားဒူဝါ စသည်ဖြင့် ဒူဝါတွေက အုပ်ချုပ်ပါတယ်။

ကျွန်မတို့ရဲ့ ကျောက်စိမ်းတွင်း နယ်မြေဟာလည်း ယခင်က မိုးကောင်းစော်ဘွားကြီးရဲ့ နယ်မြေအတွင်းမှာ ပါဝင်ခဲ့ ပါတယ်။ ဒါကြောင့်လည်း ယခုချိန်ထိ ကျေးရွာ၊ တောင်တန်းတို့ဟာ ရှမ်းနာမည်များ ခေါ်တွင်ထား တာကို တွေ့မြင်နိုင် ပါတယ်။ ကျောက်စိမ်းတွင်းဒေသမှာ ရှမ်းလူမျိုးတို့ နေထိုင်စဉ်မှာ ကချင်ပြည်နယ်ရဲ့ တောင်တန်း ဒေသတွေ မှာ နေထိုင်တဲ့ ချင်းလူမျိုးတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရသောကြောင့် အခြားသော နယ်မြေများကို ပြောင်းရွေ့သွား ခဲ့ကြပါတယ်။ အဲဒီအခါမှာ ချင်းလူမျိုးတွေဟာ ကျောက်စိမ်းတွင်း အနီးတစ်ဝိုက်မှာ ရပ်ရွာများ တည်ထောင် ကာ နေထိုင် ကျက်စားခဲ့ ကြရာမှာ တောင်ပေါ် တောင်ထိပ်များမှာသာ ရပ်ရွာများကို အခိုင်အခံ့ တည်ထောင်နေထိုင် ခဲ့ကြပါတယ်။ ကျွန်မတို့ ရွာအနီးဝန်းကျင်က အချို့သော တောင်ပေါ် တောင်တန်းတွေ ပေါ်မှာ ဟိုးယခင်တုန်းခါက နေထိုင်ခဲ့ကြသော ချင်းလူမျိုးတို့ရဲ့ ရွာနေရာတွေ၊ လမ်းမကြီးဖြစ်ခဲ့တဲ့ နေရာဟောင်းတွေ၊ ခံတပ် နေရာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရှမ်းလူမျိုးများဟာ ထိုစဉ်ကတည်းက ဗုဒ္ဓဘာသာ ကိုးကွယ်သော်လည်း ချင်းလူမျိုးတွေနဲ့ ကချင်လူမျိုးတို့ဟာ  နတ်ကိုသာ ပူဇော်ပသတဲ့ အလေ့အထ ရှိကြပါတယ်။ ချင်းလူမျိုးနဲ့ ကချင်လူမျိုးတို့ဟာလည်း အစောပိုင်းမှာ ညီရင်း အစ်ကိုများလို သင့်မြတ်ချစ်ခင်စွာ နေထိုင်ခဲ့ကြပါတယ်။ သို့သော် အချိန်ကြာလာသည်နဲ့အမျှ ချင်းနဲ့ ကချင်တို့ဟာ စိတ်သဘောထား မသင့်မမြတ်ဖြစ် လာကာ ရန်ပွဲများ ဖြစ်ပေါ်လာရပြီး စစ်တိုက်ကြသည် အထိ ပြင်းထန်လာခဲ့ ပါတယ်။ နောက်ဆုံးတော့ အဲဒီဒေသတွေမှာ နေထိုင်တဲ့ ချင်းလူမျိုးတို့ဟာ ချင်းပြည်နယ်ရှိ ယခုနေထိုင်တဲ့ ချင်းတောင်တန်းများ ဆီကို ပြောင်းရွေ့ သွားခဲ့ပါတယ်။ ချင်းလူမျိုးတို့ ပြောင်းရွေ့သွားပြီးနောက်မှာ ကချင်လူမျိုးတွေ ဟာ ကျောက်စိမ်းတွင်းနဲ့ ကချင်ပြည်နယ်ရှိ အချို့သော နယ်မြေများကို ခွဲဝေ အုပ်ချုပ်ကြပါတယ်။ 

ကျောက်စိမ်းတွင်း နယ်မြေအနီးက ကံဆီးမြို့ကို အုပ်ချုပ်သူကတော့ မရစ်မျိုးနွယ်စု ဖြစ်တဲ့ နိန်တူလူ ဖြစ်ပါတယ်.. သူဟာ ဥရုချောင်းဖျား ဖာလဲတောင်ခြေရင်းနားမှာ မြို့ရွာအသစ် တည်ထောင်ပြီး ကချင် မျိုးနွယ်စုများနဲ့ နေထိုင် ခဲ့ပါတယ်။ အဲဒီလိုနေထိုင်ရင်း အချိန်ကြာတဲ့အထိ  သားသမီး မထွန်းကားသောကြောင့် အမျိုးအဆက် အနွယ် ပြတ်မှာ စိုးတဲ့အတွက် ရှမ်းအမျိုးသမီး တစ်ဦးကို လက်ထပ်ယူခဲ့ပါတယ်။ မကြာခင်မှာ ရှမ်း အမျိုး သမီးဖြစ်သူဟာ ကိုယ်ဝန် ရှိလာတဲ့အတွက် အားလုံးက ဝမ်းမြောက်ကြပြီး ကံဆီးဆ ၊ ကံဆီးဆ ဟု ရွေရွတ်ကြတယ်လို့ ဆိုပါတယ်။ ကံဆီးဆ ဆိုတဲ့ အဓိပ္ပါယ်က ဝမ်းပိုက်မှ ကလေးရှိပြီလို့ ဆိုလိုတယ်လို့ သိရပါတယ်။ ထိုအချိန်က စလို့ မွေးလာတဲ့ကလေးကို ကံဆီး အမည်ပါအောင် မည့်ခေါ်ပြီး “ကံဆီး တဲဖာကန့်” လို့ အမည်ပေးလာခဲ့ရာ ခုချိန်ထိတိုင် ကံဆီးမျိုးနွယ်တို့မှာ မိမိတို့နာမည်များရှေ့မှာ ကံဆီးဟူသော မျိုးရိုးနာမည်ကို ထည့်သွင်း ခေါ်ဆို လာခဲ့ကြတာ ဖြစ်ပါတယ်။ တဲဖာကန့် (တိုင် ဖာကန့်) အမည်ကတော့ ရှမ်း အမျိုးသမီးက မွေးသော ကလေးလို့ အဓိပ္ပါယ် ရတယ်လို့ ဆိုပါတယ်။ 

ကံဆီးတဲဖာကန့်မှ သားဖြစ်သူ ကံဆီးစောရာ၊ ကံဆီးစောရာ၏သား ကံဆီးစောကင်၊ ကံဆီးစောကင်သား ကံဆီးဝရာတူ ၊ကံဆီးဝါရာတူသား ကံဆီးစောကိန်၊ ကံဆီးစမော့နောင် စသဖြင့် အစဉ်အဆက် ကံဆီးအမည်များ ပါဝင်ခဲ့ပါတယ်။ ကံဆီးဝါရာတူ လက်ထက်မှာ မြို့ကို အခြားနေရာသို့ ရွေ့ပြောင်းခဲ့ပါတယ်။ ကံဆီးဝါရာတူရဲ့သား ကံဆီးစမော့နောင်ဟာ ငယ်စဉ်ကတည်းက ရှမ်းမြို့ဖြစ်တဲ့ မိုင်းတောင်းမြို့ရဲ့ ပေါ်မိုင်း (မြို့အုပ်) အိမ်မှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ကျောင်းနေစဉ် အရွယ်ရောက်တဲ့အခါ ဘုန်းတော်ကြီးကျောင်းမှာ စာပေ များကို လေ့လာ သင်ယူစေပြီး သာမဏေအဖြစ်ပါ သွပ်သွင်းပေးခဲ့ကာ လူပျိုအရွယ် ရောက်ချိန် မှာတော့ ပေါ်မိုင်းဖြစ်သူဟာ ကံဆီးစမော့နောင်ကို ကျောင်းမှ ပြန်ခေါ်လာခဲ့ပြီး အုပ်ချုပ်ရေးဆိုင်ရာ ပညာများကို သင်ကြားပေးခဲ့ပါတယ်။ အိမ်ထောင်ပြုချိန်မှာတော့ ပေါ်မိုင်းဟာ သူ့ရဲ့သမီးဖြစ်သူ စံသာမိနဲ့ လက်ထပ် ထိမ်းမြားပေးခဲ့ ပါတယ်။ 

ကံဆီးစမော့နောင်မှာ ပေါ်မိုင်းသမီး စံသာမိနဲ့ မွေးဖွားတဲ့သမီးပေါင်း ၅ယောက်ရှိပြီး နာမည်များကိုလည်း အဖဘက်လိုက်ကာ ကံဆီးကန်၊ ကံဆီးနောင်ဂျာ၊ ကံဆီးလှတောင်၊ ကံဆီးရောင် သမီး စအိန်ကံဆီး ရောင် စသဖြင့် အမည်ခေါ်တွင်ပါတယ်။ ကံဆီးစမော့နောင်ရဲ့ ဖခင်ဖြစ်သူ ကံဆီးဝါရာတူ ကွယ်လွန်သောအခါ ကံဆီးစမော့နောင်ကို မိုင်းတောင်းမြို့အထိ ကျေးကျွန်များက လာရောက်ခေါ်ဆောင်ကြတဲ့အတွက် ဇနီးဖြစ်သူ စံသာမိနဲ့အတူ သားသမီး များကို ခေါ်ဆောင်ကာ ဖာလဲသို့ ပြန်လာပြီး လက်အောက် ငယ်သားများနဲ့ နယ်သူနယ်သားများကို တရား နည်းလမ်းနဲ့အညီ အုပ်ချုပ်ပါတယ်။ ကံဆီးစမော့နောင်ဟာ လိမ္မာယဉ်ကျေးစွာ စကားကို ဆိုတတ်ပြီး ဥာဏ်ပညာထက်မြက်တဲ့အတွက် လူချစ် လူခင်လည်း များတယ်လို့ သိရပါတယ်။ မိုးကောင်းမြို့ကို အုပ်ချုပ်တဲ့ အမတ်များနဲ့လည်း သင့်မြတ်ချစ်ခင်ခြင်း ရှိပါတယ်။ ကျောက်စိမ်းတွင်း တစ်ဝိုက်ရှိ အခြားကျေးရွာများကို အုပ်ချုပ်သော သူကြီးများနဲ့လည်း ပလဲနံပ သင့်ခဲ့ပါတယ်။ ကျောက်စိမ်းတွင်း သူကြီးတို့ အစည်းအဝေးများ ကျင်းပလျှင်လည်း ကံဆီးစမော့နောင်မှာ မပါမပြီးဖြစ်ပြီး အကြံကောင်း ဥာဏ်ကောင်းများ လည်း ပေးတတ်သူ ဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ကျောက်စိမ်းတွင်းမှာလည်း ကျောက်စိမ်း တူးဖော် သူများနဲ့ စည်ကားစပြုချိန် ဖြစ်ပါတယ်။ 

အဲဒီအချိန်မှာ မန္တလေးရတနာပုံ ရွှေနန်းတော်ကြီးမှာ စိုးစံနေသူက မင်းတုန်းမင်းကြီးဖြစ်ပါတယ်။ နန်းတော်နဲ့ အဝင်အထွက် အဆက်အဆံရှိတဲ့ မိုးကောင်းအမတ်များက ကံဆီးစမော့နောင်ကို ကျောက်စိမ်းများ ရှိခဲ့ရင် ဘုရင်မင်းမြတ်ထံ ဆက်သဖို့ ကံဆီးစမော့နောင်ထံ စာပို့ပြီး တိုက်တွန်းကြတဲ့အတွက် ငိုးပင်းမှော်ကနေ တူးဖော် ရရှိတဲ့  လူဆယ့်ခြောက်ယောက် ထမ်းရသော ကျောက်စိမ်းတုံးကြီး ရှိပါတယ်လို့ အကြောင်းပြန်တဲ့အခါ ၄င်းကျောက်စိမ်းကို ဘုရင်းမင်းကြီးထံ အလျှင်အမြန် ဆက်သသင့်ကြောင်း တိုက်တွန်းပြန်ပါတယ်။ ထို့ကြောင့်လည်း ၄င်း လူဆယ့်ခြောက်ယောက် ထမ်းရသော ကျောက်စိမ်းတုံးကို မန္တလေးနေပြည်တော်ရှိ မင်းတုန်းဘုရင်ထံ ဆက်သပါတော့တယ်။ အလွန်ကြီးတဲ့ ကျောက်စိမ်းတုံးကို မိမိထံ ဆက်သလာတာကို မြင်ရတဲ့ မင်းတုန်းဘုရင်လည်း အားရဝမ်းသာ ရှိတော်မူပြီး ကျောက်စိမ်းပိုင်ရှင် ကံဆီးစမော့နောင်ကို ချီးမြှင့်မြောက်စား လိုတဲ့အတွက် မျိုးရိုးဇာတိကို မေးမြန်းပါတယ်။

ကံဆီးစမော့နောင်ဟာ ကချင်ခေါင်းဆောင် မျိုးရိုးဖြစ်ပြီး ဇနီးဖြစ်သူ စံသာမိမှာလည်း ရွှေတိုက်စရင်းဝင် မိုင်းတောင်းပေါ်မိုင်းရဲ့ သမီးဆိုတာ သိရတာကြောင့် ကံဆီးနယ်မြေဒေသက ကြီးကျယ်ထင်ရှားတဲ့ ဖာလဲတောင်ကို အမှီပြုပြီး ဖာလဲတောင်စားဟူသော ဘွဲ့ထူး အမည်နဲ့တကွ သက္ကရာဇ် ၁၂၂၆ခု နတ်တော်လပြည့်ကျော် ၆ရက်နေ့မှာ ရွှေထီး၊ ရွှေဓါး၊ ရွှေဖလား၊ ရွှေစလွယ်တို့နဲ့အတူ အခြားသော မင်းခမ်းမင်းနား အသုံးအဆောင်များကို ချီးမြှင့်ပြီး ကျောက်စိမ်းနယ်မြေကိုပါ အပိုင်စားပေးအပ်ပါတယ်။ ကံဆီးစမော့နောင်ကို ပေးသော ဘွဲ့အမည်ကို ရေးထိုးထားတဲ့ စာချွန်ပေါ်မှာ ဖော်ပြထားတာကတော့ “မိုးကောင်းမြို့၊ ပါလိုက်ဦးရူးတောင်စား၊ ပါလိုက် ပဗ္ဗတရာဇာကိုဝ် ” လို့ ရေးထိုးထားပါတယ်တဲ့။ ပါလိုက် ဦးရူးဆိုတာ ကံဆီးမြို့အနီးက ရှမ်းဘာသာဖြင့် ခေါ်ဆိုသော ဖာလဲတောင်ကိုဆိုလိုပြီး ဦးရူးဆိုတာကတော့ ခုလက်ရှိ ဥရုလို့ခေါ်တဲ့ ဥရုချောင်းရဲ့ အမည်ဖြစ်ပါတယ်။ ထိုအချိန်က စလို့ ကျောက်စိမ်းတွင်း ဒေသ တစ်ဝိုက်မှာ ရှမ်းနဲ့ ဗမာလူမျိုးများက ကံဆီးစော်ဘွားရယ်လို့ ခေါ်ကြပြီး ကချင် လူမျိုးတို့က ကံဆီး ဒူဝါရယ်လို့ ခေါ်တွင်လာတာ ဖြစ်ပါတယ်။

ကံဆီးစမော့နောင် ချီးမြှင့်ခံရသော ရွှေစလွယ်မှာ ၉သွယ်ရှိသော ရွှေစလွယ်ဖြစ်တယ်လို့ သိရပါတယ်။ ဘုရင် အသုံးပြုသော ရွှေစလွယ်မှာ ၂၄သွယ်ဖြစ်ပြီး အိမ်ရှေ့မင်းသုံးစလွယ်မှာ ၂၁သွယ်၊ မင်းညီမင်းသားသုံး စလွယ်မှာ ၁၈သွယ်၊ မင်းဆွေမင်းမျိုးသုံး စလွယ်မှာ ၁၅သွယ်၊ သေနာပတိ၊ ဘုရင့် ပုဏ္ဏားတော်တို့ သုံးသောစလွယ်မှာ ၁၂သွယ်၊ ဗြဟ္မဏမျိုးတို့မှာ ၉သွယ်၊ ခေတြေ ပုဏ္ဏားတို့မှာ ၆သွယ်၊ ဗိသျှပုဏ္ဏားတို့မှာ ၃သွယ် စသဖြင့် စလွယ် အသီးသီး ဆင်မြန်းရပါတယ်။ ကံဆီးစမော့နောင်ရရှိသော စလွယ်မှာ ရွှေချိန်၂၇ကျပ်သားရှိပြီး တစ်သွယ်လျှင် ရွှေကြိုးမျှင် ၂၂မျှင်ပါဝင်ပြီး ခြင်္သေ့၊ လူပျံ၊ ဒေါင်း၊ ယုန်ရုပ်နှင့် ပန်းခက်အလိမ်များနဲ့ ဘယက်တန်ဆာ ၄ခုပါဝင်သော ၉သွယ်ရွှေစလွယ်ဖြစ်ပါတယ်။ စစ်ဖြစ်တဲ့အချိန်မှာ ကျောက်စိမ်းတွင်း ဒေသကို  ဂျပန်များပါ ရောက်ရှိ လာပြီး မီးရှို့ဖျက်ဆီး မှုများကြောင့် စလွယ်နဲ့ အခြားသော နန်းတွင်း အသုံးအဆောင် တော်တော် များများ မီးထဲပါသွားခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် မှတ်တမ်းမှတ်ရာများ အဖြစ်တော့ ဓာတ်ပုံများသာ ကျန်ခဲ့ပါတော့တယ်။ 
ပုံမှာ မင်းတုန်းဘုရင် ချီးမြှင့်သည့် ကိုးသွယ်သောစလွယ်များ၏ပုံ (ပဗ္ဗတရာဇာဘွဲ့ခံ ကံဆီးစော်ဘွား စမော့နောင် ) ဆိုပြီး ရေးထိုးထားပါတယ်။ 


ကံဆီးစော်ဘွားရရှိတဲ့ ထီးဟာလည်း အနီအဝါ နှစ်လက်ဖြစ်တာကြောင့် သက်ဦးဆံပိုင်လို အထူးအာဏာရရှိတယ်လို့ ဆိုပါတယ်။ အခြားသော  နန်းတွင်း အသုံးအဆောင်များဖြစ်တဲ့ မောက်ရှည်၊ ရွှေခြေနင်း၊ ခက်ရင်း၊ လှံခွ၊ လှံမ၊ လှံချွန်း၊ ကိုယ်လွန်း၊ ကြယ်စီဇာပြင်၊ ရွှေခြည်ဝတ်လဲ ၊  ရွှေဓါး၊ ရွှေဖလား၊ ရွှေဝေါ၊ ရွှေရေတကောင်း၊ မနောလင်ဗန်း၊ ခြင်္သေ့ တံဆိပ်တုံးများ၊ ထီးနီ။ မီးစကောက်သေနတ်၊ ဖားစည်လေးလုံး၊ အမတ်၊ မိဖုရားနဲ့ သားသမီး စစ်သည်များဝတ်ဆင်ရန် ဝတ်လဲတော် အဆင်တန်ဆာများ စသည့်တို့နဲ့ အဆောင်အရွက်များစွာကို ချီးမြှင့်တယ်လို့ သိရပါတယ်။ ၄င်းအဆင်တန်ဆာများကိုလည်း မင်းတုန်းမင်းကြီးထံ အခစားဝင်ရောက်တဲ့အခါမှာ အပြည့်အစုံ ဝတ်ဆင်ပြီး အဆောင်အရွက်များ နောက်တော်ပါများနဲ့အတူ ဝင်ရောက်ခစားရတယ်လို့ ဆိုပါတယ်။ 

ဖာလဲသူကြီး ကံဆီးစမော့နာင်မှာ ဘုရင်မင်းမြတ်ရဲ့ ချီးမြှင့်မြောက်စားခြင်းကို ခံရသည့်သတင်းကို ယောက္ခမဖြစ်သူ မိုင်းတောင်းမြို့စား ပေါ်မိုင်းနဲ့တကွ မိုင်းတောင်းရှိ ရှမ်းလူမျိုးတို့ ကြားသိတဲ့အခါ အလွန်ဝမ်းသာ  မိုင်းတောင်းမြို့မှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးအချို့ တို့ဟာလည်း ဖာလဲနယ်မြေ ကံဆီးမြို့သို့ပြောင်းရွေ့လုပ်ကိုင် စားသောက်ကြပါတယ်။ အဲဒီခါမှာ ဖာလဲနယ် ကံဆီးစော်ဘွားရဲ့နယ်မြေမှာ လူနေများပြားလာပြီး အကောက်အခွန် လည်း နည်းပါး၊ ခိုးဆိုးလုယက်မှုလည်း မရှိသောကြောင့် ကံဆီးစော်ဘွားရဲ့ တန်ခိုးအာဏာလည်း ကြီးမား လာပါတော့တယ်။ စော်ဘွားကြီးကလည်း နယ်သူနယ်သားများကို တရားသဖြင့် အုပ်ချုပ်ပြီး ကြည့်ရှုစောင့်ရှောက် တဲ့အတွက် အခြားသော နယ်များမှပါ ကံဆီးနယ်ထဲကို ဝင်ရောက်လာကြပါတယ်။ ကံဆီးစော်ဘွားဟာ ကျောက်စိမ်း တွင်းရှိ မှော်နယ်မြေ အသီးသီးကို မှော်အုပ်၊ မှော်ထိန်းများထားကာ ရှမ်းလူမျိုးအများစု နေထိုင်လျှင် ရှမ်းကို အုပ်ချုပ်စေပြီး ကချင်လူမျိုး အများစု နေထိုင်ရာကိုတော့ ကချင်သူကြီးများကို အုပ်ချုပ်စေခဲ့ပါတယ်။ 

ကံဆီးစော်ဘွားခေတ်က ကျောက်စိမ်းတွင်းမှာ အခွန်တော် ကောက်ခံပုံမှာ ကျောက်များကို တစ်နယ်တကျေးသို့ သယ်ဆောင်လိုတဲ့အခါ လူ၊ ဆင် တို့ဖြင့်ဆွဲခြင်း၊ ဖောင်ဖြင့်တင်ခြင်း သယ်ဆောင်တဲ့ ခေတ် ဖြစ်တာမို့ ကျောက်ကို ကြည့်ပြီး သုံးကျပ် လေးကျပ်၊ ငါးကျပ်၊ တစ်ဆယ် စသဖြင့် ကောက်ခံပါတယ်။ ပေါ်မိုင်းမျိုးဆိုရင် အခွန်ကောက်ခံခြင်း မရှိ လို့ ဆိုပါတယ်။ မှော်အုပ်၊ မှော်ထိန်းတို့ကိုလည်း ပေါ်မိုင်းမျိုးဖြစ်ပါက မိမိဒေသတွင်းမှာ  တောခွန်၊၊ မျှောခွန်၊ ကူးတို့ခွန် တို့ကို ကောက်ခံစားသောက်ခွင့် ပေးထားပြီး ယာခွန်၊ အိမ်ခွန် ကျောက်ခွန်တို့ကိုသာ ကံဆီးစော်ဘွားထံ ဆက်သရပါတယ်။ နယ်သူနယ်သားများကို တရားသဖြင့် အုပ်ချုပ်သော ကံဆီးစော်ဘွားကြီးမှာ တစ်နှစ်တစ်ကြိမ်ကျ ရွှေနန်းတော်သို့လည်း အခစားမပျက် ကန်တော့ပန်း ဆက်ဖို့လည်း မမေ့မလျော့ ရှိတတ်ပါတယ်။ 

ဖာလဲစော်ဘွား ကံဆီးစမော့နောင်ဟာ သက္ကရာဇ် ၁၂၂၉ခုမှာ ကံတော်ကုန်တဲ့အခါ ကံဆီးနောင်ဂျာနဲ့ ကံဆီးလှတောင် သားတော်နှစ်ပါး ကျန်ရစ်ခဲ့ပါတယ်။ သားတော်နှစ်ပါးဟာလည်း ဖခင်ရဲ့ ရုပ်ကလပ်ကို ချက်ခြင်း သင်္ဂြီုလ်ခြင်း မပြုဘဲ မိုးလေကင်းလွတ်ချိန်မှ ကြီးကျယ်ခမ်းနားစွာ သဂြိုလ်ရန် စံအိမ်တော်တည်ပြီး အလောင်းကို တင်ဆောင်ထားကြပါတယ်။ ထို့နောက်လက်ဆောင်ပဏ္ဍာများနဲ့အတူ မင်းတုန်းမင်းကြီးထံ အခစား ဝင်ရောက်ခဲ့ရာ ဖခင်စော်ဘွားကြီးအား ချီးမြှင့်တဲ့ အဆောင်အယောင်အတိုင်း သားတော်များကို မင်းကြီးက ပြန်လည် ချီးမြှင့်ပါ တယ်။ သားတော်ကြီးဖြစ်သူ ကံဆီးနောင်ဂျာကို ကံဆီးစော်ဘွားဘွဲ့ ဆက်လက်ချီးမြှင့်ပါတယ်။ မိမိနယ်မြေသို့ ပြန်ရောက်လာပြီး နယ်သူနယ်သားများကို ဖခင်ကြီးရှိစဉ်ကအတိုင်း စောင့်ရှောက်ခဲ့ရာ သီတင်း ကျွတ်ပြီး၍ လယ်ကိစ္စများ ပြီးစီးသည့် ချိန်ရောက်မှ ခမည်းတော်စော်ဘွားကြီးရဲ့ ရုပ်ကလပ်ကို ပွဲလမ်းများ ကြီးကျယ်စွာ ဆင်ယင် ခင်းကျင်းပြီး မြေတွင်မြုပ်နှံပါတယ်။ ထို့နောက် ဖခင်သေဆုံးခဲ့သော မြို့နေရာဟောင်းမှာ မနေလိုတဲ့ အတွက် ညီနောင်နှစ်ပါး တိုင်ပင်ပြီး ၁၂၃၀ပြည့်နှစ်မှာ မြို့သစ်ကို ပြောင်းရွေ့ခဲ့ကြပါတယ်။ 

ကံဆီးမြို့ကို တည်ထောင်ပြီး အုပ်ချုပ်နေချိန်မှာ ကျောက်စိမ်းတွင်းနယ်မြေဟာ ယခင်ထက် များစွာ ပိုမိုစည်ပင်လာပြီး ကျောက်စိမ်းတူးဖော် လုပ်ကိုင်သူများ အလွန်များပြားလာပါတယ်။ အဲဒီချိန်မှာ တရုတ်လူမျိုးများ ဟာလည်း ကျောက်စိမ်းနယ်မြေကို ရောက်ရှိပြီး ကျောက်စိမ်း ရှာဖွေနေကြပြီ ဖြစ်ပါတယ်။ ကျောက်စိမ်း ထွက်သော မှော် အသစ်များလည်း များစွာ တိုးပွားလာခဲ့ပါတယ်။ အများပြည်သူ အလွယ်တကူ လုပ်ကိုင် စားသောက်နိုင်ရန် ကျောက်စိမ်းအခွန်များကိုလည်း လျော့ပေါ့ပေးခဲ့ပါတယ်။ ရွှေနန်းတော်ကြီးသို့လည်း အခါအားလျှော်စွာ ကျောက်စိမ်းကောင်းများကို သွားရောက် ဆက်သလေ့ရှိပါတယ်။ မင်းတုန်းဘုရင်ကြီးကလည်း ကံဆီးညီနောင်တို့ကို သားအရင်းကဲ့သို့ ချစ်ခင်မြတ်နိုးခြင်း ရှိတော်မူတယ်လို့ စာအုပ်စာပေ မှတ်တမ်းများမှာ တွေ့ရှိရ ပါတယ်။ 

၁၂၄၀ခုနှစ် မင်းတုန်းမင်းကြီး နတ်ရွာစံလျှင် သီပေါမင်း နန်းတက်တော်မူပါတယ်။ ရွှေနန်းတော်များ၏ ထုံးတမ်းစဉ်အလာအရ ဘုရင်အသစ် နန်းသစ်တက်သည့်အခါတွင် ရှေ့ဘုရင်က ခန့်အပ်သူကောင်းပြုခဲ့တဲ့ နယ်ခံနယ်စားများကို လာရောက် ခစားစေလေ့ ရှိပါတယ်။ ထိုသို့ ခစားရောက်လာသော နယ်ခံနယ်စားတို့ကို သီပေါဘုရင်က ရှေးကကဲ့သို့ ရာထူးရာခံများ မြို့စားနယ်စားများ ဆက်လက်ခံစားစေပြီး မလာရောက်သော နယ်မြေဒေသရဲ့ နယ်ခံ နယ်စားများကိုတော့ နယ်မြေကို ပြန်သိမ်းယူခြင်း၊ ရာထူးများ ပြန်နှုတ်သိမ်းခြင်း ပြုလေ့ ရှိကြပါတယ်။ ထိုသို့ကြောင့် ကံဆီးစော်ဘွား ညီနောင်တို့မှာလည်း  လက်ဆောင်ပဏ္ဏာများနဲ့ အတူ သီပေါမင်းအား ဖူးမျှော် ခစားရောက်ကြ ရပါတယ်။ စိတ်သဘောကျေနပ်တော်မူတဲ့ သီပေါဘုရင်လည်း ရှေးကအတိုင်း နယ်စားနယ်ခံ စော်ဘွားဘွဲ့ကို ပြန်လည်ပေးအပ်ပါတယ်။ 

ကံဆီးမြို့ကို ပြန်လည်ရောက်ရှိကြတဲ့ ကံဆီးစော်ဘွားညီနောင်တို့မှာ မြို့နယ်ကိုကောင်းစွာ အုပ်ချုပ်ကြပြန်ပါတယ်။ တစ်နေ့သောအခါ မိခင်ဖြစ်သူ စံသာမိက သားတော်နှစ်ပါးတို့ကို ခေါ်ယူပြီး “ငါတို့ မိုင်းတောင်းမြို့ရှိ အဖိုး အဖွားများတို့ဟာ ကျောင်းကန်ဘုရား၊ သံဃာများကို ကိုးကွယ်ကြသော်လည်း ယခု ကံဆီးမြို့တွင် မည်သည့် ဘုရားကျောင်းကန်မှ မရှိ၊ သာသနာ အရောင်လည်း ထွန်းလင်းခြင်းမရှိ။ သည့်အတွက် မိခင်မှာ စိတ်မပျော်ပိုက် သဖြင့် နေရပ်ဖြစ်သော မိုင်းတောင်းမြို့သို့ ပြန်လိုပါသည်” ဟု ပြောကြားသည့်အခါ မိခင် စိတ်သဘောအတိုင်း ဘုရားကျောင်းကန်များကို တည်ထား ကိုးကွယ်ပါမည်ဟု ကံဆီးစော်ဘွားတို့က ကတိပြုကြပါတယ်။ ထို့နောက် မိုင်းတောင်းမှ ဘုန်းတော်ကြီး ဦးဇိနရအား ကံဆီးမြို့သို့ ပင့်ဆောင်ပြီး ဆည်းကပ် ကိုးကွယ်ကြပါတယ်။ ထို့နောက် ကျောင်းများဆောက်လုပ်ပြီး ဗုဒ္ဓရုပ်ပွားတော်ကိုလည်း တည်ထား ကိုးကွယ်လာကြရာ ကံဆီးနယ်မြေမှာ ဗုဒ္ဓသာသာနာ စတင် စည်ပင်ပြန့်ပွား လာခဲ့ပါတယ်။ နတ်ဂျော့ဟုခေါ်သော နတ်ကိုးကွယ်သည့် အလေ့အထရှိခဲ့သော ကချင်မျိုးနွယ် ကံဆီးစော်ဘွားတို့မှာလည်း မိခင်ဖြစ်သူ ဗုဒ္ဓဘာသာဝင် ရှမ်းအမျိုးသမီး စံသာမိကြောင့် ယခုထိတိုင် ကံဆီး မျိုးရိုးစဉ်ဆက် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာခဲ့ကြပါတယ်။



ဒီပုံကလည်း အရင်ပိုစ့်မှာဖော်ပြခဲ့တဲ့ မြတ်စွာဘုရားဆင်းတုတော်စံမြန်းခဲ့တဲ့ ကျောင်းဆောင်ဟောင်း နေရာပါ။ 
 

ဒီကြေးဆင်းတုတော်ရုပ်ပွားတော်မြတ်ကြီးဟာ ကံဆီးစော်ဘွား လှူဒါန်းကိုးကွယ်ခဲ့တဲ့ ရုပ်ပွားတော်ဖြစ်ပါတယ်။ အပေါ်က စံကျောင်းဟောင်းမှာ ဒီရုပ်ပွားတော်မြတ်ကြီး စံပါယ်ခဲ့တာ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ ကြေးသွန်းခဲ့ပြီး ကံဆီးမြို့ကို ပင့်ဆောင်လာခဲ့သော ဆင်းတုတော်ကို အတုလ ဓမ္မရာဇာ မဟာမုနိ ရုပ်ပွားတော်လို့ ဘွဲ့အမည် ပေးခဲ့ကာ ကျောက်စာကဗျည်းများ ရေးထိုးခဲ့ပါတယ်။ ရွှေ၊ ငွေ၊ ကြေး စုစုပေါင်း ၅၂၇ပိဿာ ကိုးကျပ် တစ်မတ်သား ရှိတယ်လို့ သိရပါတယ်။

ခုချိန်မှာတော့ အခြားသော ရုပ်ပွားတော်များနဲ့အတူ ကျွန်မတို့ လုံးခင်းရွာရဲ့ ဘုန်းတော်ကြီးကျောင်းမှာ ကိုးကွယ် ခံတော်မူနေပြီ ဖြစ်ပါတယ်။

  
ကံဆီးစော်ဘွားအကြောင်း စိတ်ဝင်တစား လာဖတ်ပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်.. ပိုစ့်က မထင်မှတ်ဘဲ အတော်လေး ရှည်သွားတဲ့အတွက် ၂ပိုင်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီး ဒီနေရာမှာဘဲ တစ်ပိုင်းကိုဖြတ်လိုက် ပါတယ်။  နောက်ရက်မှ ကျန်တဲ့တစ်ပိုင်းကို ပြီးအောင်ရေးပြီး တင်ပါ့မယ်။ ဒီပိုစ့်ကို သမိုင်းမှတ်တမ်း အနေနဲ့ မဟုတ်ဘဲ အထ္ထုပ္ပတ္တိအနေနဲ့သာ ဖတ်ပေးပါလို့နော်။ 



လေးစားချစ်ခင်စွာ

Image Hosted by PicturePush - Photo Sharing

19 comments:

ယုံကြည်မူနဲ့ ကိုးကွယ်တာပါ
သူများတွေလို ဘာလိုလို့ဘာတောင်းတာတော့
မရှိပါဝူး အခုလဲကိုယ်မရောက်နိုင်တဲ့ဒေသက
ဘိုးဘိုးကြီးရုပ်ထုကိုဒီကနေပဲ ကန်တော့လိုက်ပါတယ်

ကျေးဇူးပါ

ချွေးမလေးး)
စိတ်ဝင်စားလို့ လာဖတ်တရ်
လာမဖတ်ရင် မနေနိုင်လို့ လာဖတ်တရ်
တတိရလို့ လာလည်တရ် :P

စိတ်ဝင်စား စရာလေးမို့ ဖတ်သွားပါတယ်

ကိုယ့်ဒေသရဲ့အကြောင်း၊ရာဇ၀င်တွေကို
အားလုံးသိအောင်ဗဟုသုတအနေနဲ့
ရေးပေးထားတော့.ကောင်းတာပေါ့အစ်မရယ်။
အားလုံးသိအောင် ဖြန့်ဝေပေးတဲ့အတွက်
ဇာတိဒေသကို..ကူညီရာလဲရောက်တာပေါ့း)
အစ၊အဆုံး ဖတ်မှတ်သွားပါတယ်ရှင်။

ချစ်ခင်လျှက်
မိစံ

စိတ်ဝင်စားဖို့ကောင်းလိုက်တာ။ နောက်တစ်ခါထပ်လာဖတ်ဦးမယ်။ ပုံဖော်ဖတ်နေရလို့။

Excellent! Well done, Chaw!
I learnt something meaningful and new from this post.
Can't wait to read the next post! :-)
Thank you!
PPL

ချောရေ ... ချောရဲ့ အားထုတ်မှုအတွက် ချီးကျူးဂုဏ်ယူပါတယ်။ မသိသေးတဲ့ စိတ်ဝင်စားဖွယ် အတ္ထုပ္ပတ္တိကြောင်းတွေ သိလိုက်ရတယ်။ ရှေ့ဆက်မယ့် အပိုင်းကို စောင့်မျှော်နေမယ်နော်။

စိတ်ဝင်စားဖို့ ကောင်းတယ်နော် မမရေ ဆက်လက်စောင့်မျှော်လျှက်ပါလို့..

ဖတ်လို့တော့ ကောင်းတယ် ဒါပေမဲ့ နာမည်တွေကို မနည်းမှတ်ယူရတယ် ဟီးးး မေ့မေ့သွားလို့...ဒုတိယအပိုင်းလေး ကို ၂ရက်လောက်ကြာရင်တင်ပါတော့ဗျို့ မစောင့်နိုင်တော့လို့ပါ ဟီးးး

စိတ်ဝင်စားဖို့ ကောင်းတယ် မချောရေ..

စိတ်ဝင်စားဖို့ တကယ်ကောင်းတဲ့ သမိုင်းကြောင်းလေးပါဘဲ... တကယ် ဗဟုသုတ ရခဲ့ပါတယ်... ကျေးဇူးပါ အစ်မ...

မချောရေ.. ဗဟုသုတရစရာတွေကို ရှာလို့ဖွေလို့ ကြိုးစားတင်ပြပေးတာကို ကျေးဇူးတင်ပါတယ်.... မသိသေးတာတွေ ဖတ်ရတယ်.. မမြင်ဖူးတာတွေ မြင်ရပါတယ်..း)))

ခင်မင်လျက်
နေ၀သန်

အစဉ်လာအရ ယုံကြည်ကိုးကွယ်လာကြတဲ့ ကိုးကွယ်မှုလေးတွေ နေရောအတော်များများမှာ တွေ့ရပါတယ်..။ ဖားကန့်ဒေသရဲ့ ကံဆီစော်ဘွားအကြောင်းကိုတော့ ချောရေးမှ ဖတ်သိရဖူးတယ်..။ မှတ်သားစရာတော့အတော်ကောင်းသား...။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

သမိုင်းအထောက်အထားတွေ ပျက်စီးကုန်တာကိုတော့ အနှမြောဆုံးပဲ...ဓာတ်ပုံလေးတွေကျန်ရစ်သေးတာကိုပဲ တွေးပြီး ဖြေယူရတော့တာပ...အင်္ဂလိပ်နဲ့ ဂျပန်တွေလုပ်ခဲ့သမျှမှာ သမိုင်းဝင်ပစ္စည်းတွေကို မီးတင်ရှို့တာ၊ ခိုးသွားတာတွေကို အမုန်းဆုံးပဲ ဒေါ်ချောရေ...

ဒုတိယပိုင်းကို စောင့်ဖတ်ပါဦးမယ်...

သိပ်စိတ်ဝင်စားစရာကောင်းတဲ့အပြင်ဒီလိုသေသေချာချာ
လေ့လာပြီးစာနဲ့ မှတ်တမ်းတင်ထားတာအလွန်တန်ဘိုးရှိပါတယ်။
အိုင်အိုရာ

စိတ်ဝင်စားတယ်ချောရေ....
ဒုတိယပိုင်းမျှော်နေမည်...
သိပ်မကြာစေလိုပါ... :)

နာမည်တွေက မှတ်မိအောင်တော်တော်ဂရုစိုက်ရတယ် မသိသေးတာတွေသိရလို့ကျေးဇူးတင်ပါတယ်

စိတ်ဝင်စားဖို့ ကောင်းတယ်။ သမိုင်းစဉ်တွေနဲ့ သေချာရေးထားတော့ စာကိုက ခန့် သွားတယ်။ တရုတ်တွေလည်း ဟိုအရင်ချိန်ကတည်းကိုက ကျောက်စိမ်းတွေ လာတူးပြီး ထော နေကြတာကိုး။
နောက်တပိုင်း ဆက်ဖတ်လိုက်အုံးမယ်။

ကျေးဇူးပြုပြီး facebook တွင်ပြန်လည်ဖော်ပြခွင့်ပြုပါ