မြောက်ဦးမြို့ကိုသွားဖို့အတွက် ရန်ကုန်ကနေ စစ်တွေကို လေယာဉ်နဲ့ ထွက်လာရာမှာ စစ်တွေမြို့မှာ တစ်ညအိပ်ဖြစ်တဲ့ ခရီးစဉ်အကြောင်း ဆက်ရေးပါ့မယ်ရှင်။ စစ်တွေမြို့ရဲ့ အထင်ကရနေရာများ၊ တန်ခိုးကြီး ဘုရားများကို သွားရောက်လှည့်လှည် ဖူးမျှော်ရာမှာ ပြီးခဲ့တဲ့ပိုစ့်မှာရေးခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့် သက်တမ်းရှိ စင်္ကြမုနိဘုရားကို သွားဖူးတဲ့ အကြောင်း ရေးခဲ့ပါတယ်။ နှစ်ပေါင်း နှစ်ထောင်ကျော် သက်တမ်းရှိပြီလို့ ခန့်မှန်းကြတဲ့ ကြေး ဆင်းတုတော် ဟာ လောကာနန္ဒာဘုရား ပုရဝုဏ်ထဲမှာရှိတာမို့ စင်္ကြမုနိဘုရားကို ဖူးပြီးတာနဲ့ လောကာနန္ဒာ ဘုရားကြီးပေါ်ကို တက်ခဲ့ကြပါတယ်။ လောကာနန္ဒာ စေတီကြီးကို စစ်တွေမြို့ ရဲနွယ်စုရပ်မှာ ၁၉၉၅ခုနှစ်က စတင် တည်ထားခဲ့ ကြတာဖြစ်ပြီး စေတီ တည်ထားရာ ကုန်းတော်မှာ ၅၉၄ပေ ပတ်လည်ရှိပြီး ပရဝုဏ်အကျယ်မှာ ၇.၂၉ဧက ကျယ်ဝန်း ပါတယ်။ အရံစေတီပေါင်း ၈ဆူရှိပြီး ကြီးမားခန့်ညားတဲ့ မုဒ်ဦးလေးခုရှိပါတယ်။
လောကာနန္ဒာစေတီတော်ကြီး
ကျယ်ဝန်းတဲ့ရင်ပြင်တော်
စေတီတော်ကြီးအား အနီးကပ် ပူဇော်ရာ
ရှေးဟောင်းလက်ရာနှင့်တူသော ဝင်ပေါက် မုဒ်ဦး
မုဒ်ဝအဝင် နံရံပေါ်မှ ရုပ်ကြွများ
စေတီအတွင်းမှာ
ခန်းနားလှပတဲ့ တိုင်လုံးကြီးများ
စေတီအတွင်းရှိ ကြေးဆင်းတုတော်
ဘုရားကြီးဟာ အလွန်ကျယ်ပြန့်တဲ့ ကြွေပြားခင်း ရင်ပြင်ကြီး ရှိပြီး ရွှေတိဂုံဘုရားနဲ့ ပုံစံတူ တည်ထားကာ အတွင်းမှာတော့ လှိုဏ်ပါတဲ့ မဟာဝိဇယ စေတီကဲ့သို့ တည်ထားတာ ဖြစ်ပါတယ်။ လောကာနန္ဒာ ဘုရားကြီးရဲ့ မုဒ်ဦးဟာ ရှေးဟောင်း လက်ရာနဲ့ အလွန်တူပြီး မြင်ရတာ ထူးဆန်းနှစ် သက်ဖွယ်ရာ ကောင်း လှ ပါ တယ်။ ဘုရားထဲ အဝင် ဘေးနှစ်ဘက်က နံရံကျောက်ပြားများပေါ်မှာ ထွင်းထုထားတဲ့ ရုပ်ကြွ လက်ရာ များဟာလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အတွင်းထဲက တိုင်လုံးများကိုလည်း လက်ရာမြောက်အောင် ခမ်းနားစွာ တည်ဆောက်ထားပါတယ်။ ဘုရားအတွင်းမှာ ရှိခိုးပူဇော် လှည့်လှည် ကြည့်ရှု၊ ဓာတ်ပုံရိုက်ပြီးတာနဲ့ အခြားသောနေရာများကို ဆက်သွားဖို့ ထွက်ခဲ့ကြပါတယ်။
ရခိုင်အာဇာနည် ဆရာတော်ဦးဥတ္တမ အထိမ်းအမှတ် ဦးဥတ္တမပန်းခြံ
ဒီပန်းခြံထဲမှာ ဆရာတော်ဦးဥတ္တမရဲ့ ကြေးရုပ်ထုလည်း ရှိပါတယ်။ ဆရာတော် အကြောင်းကို အကျဉ်းချုပ် ပြောပြရရင် ဆရာတော်ဦးဥတ္တမကို ၁၈၇၉ခုနှစ် ဒီဇင်ဘာ ၂၈ရက် တနင်္ဂနွေနေ့မှာ စစ်တွေမြို့ ရူပမြောက်ရပ်ကွက်မှာ ဖခင် ဦးမြ၊ မိခင် ဒေါ်အောင်ကြွဖြူတို့မှ မွေးဖွားပါတယ်။ ဆရာတော်ဟာ ရဟန်းဝတ်နဲ့ အိန္ဒိယ၊ ပြင်သစ်၊ ဂျပန် စတဲ့နိုင်ငံများကို သွားရောက် ခဲ့သူဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ဗုဒ္ဓဘာသာ ပါမောက္ခ အဖြစ်နဲ့လည်း ပါဠိနဲ့ သက္ကတဘာသာ တို့ကို ပို့ချခဲ့ပါတယ်။ ဂျပန်နိုင်ငံမှ ပြန်လာတဲ့အခါမှာ ကိုးရီးယား၊ မန်ချုးရီးယား၊ တရုတ်နိုင်ငံများကို ဝင်ရောက်ခဲ့ ပါတယ်။ နိုင်ငံ ရပ်ခြား ဗဟုသုတလည်းစုံ၊ ပညာလည်း တတ်သော ဆရာတော်မှာ အင်္ဂလိပ်တို့ကို တော်လှန်ဖို့ နိုင်ငံရေး တရားများကို ဟောခဲ့ပြီး လူငယ်လူရွယ်များ မျိုးချစ်စိတ် ရှင်သန် ထက်မြက်စေရန်လည်း သူရိယ သတင်းစာမှာ ခေါင်းကြီး၊ ဆောင်းပါးများ ကို ရေးသားခဲ့ ပါတယ်။ နိုင်ငံရေး တရားဟောမှုနဲ့ အင်္ဂလိပ်ခေတ်မှာ ထောင်အကြိမ်ကြိမ် ကျခဲ့ပြီး ၁၉၃၉ခု စက်တင်ဘာ၉ရက် (၁၃ဝ၁ခုနှစ် ဝါခေါင် လပြည့်ကျော် ၁၁ရက်နေ့ )သက်တော် ၆ဝအရွယ်မှာ ပျံလွန်တော် မူခဲ့ပါတယ်။ နိုင်ငံ လွတ်လပ်ရေး၊ မြန်မာပြည် လူငယ်များ မျိုးချစ်စိတ် ရှင်သန် ထက်မြက်ရေးတို့အတွက် စွမ်းစွမ်း တမံ ဆောင်ရွက်ခဲ့သော ဆရာတော်ဟာ ရခိုင်အမျိုးသားထဲမှာမှ ထူးချွန်ထင်ရှားသူ တစ်ဦး ဖြစ်တာကြောင့် စစ်တွေမြို့ရဲ့ ပန်းခြံကို ဆရာတော်အား ဂုဏ်ပြုပြီး ဦးဥတ္တမ ပန်းခြံရယ်လို့ အမည် တွင်စေခဲ့တာ ဖြစ်ပါတယ်။
တစ်ခေတ်တစ်ခါက ထူးချွန်ထင်ရှားခဲ့သော ရခိုင်အမျိုးသားများ
စစ်တွေမြို့ကိုရောက်ရင် မသွားမဖြစ်သွားသင့်တဲ့နေရာက ရှေးဟောင်း သုတေသနနဲ့ ယဉ်ကျေးမှုပြတိုက်ဖြစ်ပါတယ်။
ထို့နောက်မှာတော့ ကျွန်မတို့ဟာ ရှေးဟောင်း ယဉ်ကျေးမှု ပြတိုက်ကို သွားကြပါတယ်။ ယဉ်ကျေးမှုပြတိုက် အတွင်းမှာ ရှေးဟောင်းကျောက်စာများ၊ ရှေးဟောင်း စေတီပုထိုးများ၊ ရှေးဟောင်း အုတ်ခွက်၊ ကျောက် ခွက်များ၊ ရှေးဟောင်း ရခိုင်လက်ရာ ရုပ်ပွားဆင်းတုတော်များ၊ ရှေးရခိုင်တို့ရဲ့ အသုံးအဆောင် ဘွဲ့တံဆိပ်တော်များနှင့် အိုးခွက်ပန်းကန်များ၊ ဝင်စားဆင်ယင် ထုံးဖွဲ့ပုံ၊ ရှေးဟောင်း ရခိုင် တူရိယာများ၊ ရှေးခေတ် ရခိုင်ဘုရင်တို့လက်ထက် သွန်းလုပ် အသုံးပြုခဲ့သော ဒင်္ဂါးများ၊ ဘုရင်ခေတ် မင်းမှူးမတ်တို့၏ အဆောင် အယောင်များ၊ ရခိုင်အမျိုးသား၊ အမျိုးသမီးတို့ ခေတ်အဆက်ဆက် ဝတ်ဆင် အသုံးပြုခဲ့ကြသော အဝတ်အစား၊ အသုံးအဆောင်များ၊ စာပေ ယဉ်ကျေးမှုအနု လက်ရာ၊ စသည်ဖြင့် ရခိုင်လူမျိုးတို့ရဲ့ ရှေးဟောင်း အမွေအနှစ်များက ကြည့်ရှုစရာ စုံလင်လှပါတယ်။ သို့သော်လည်း ပြတိုက် အတွင်းမှာ ဓာတ်ပုံရိုက်ခွင့် မရှိတာကြောင့် ပြတိုက်အတွင်းက ရှေးဟောင်း ပစ္စည်းများ၊ စေတီ ပုထိုး ကျောက်စာ၊ ရုပ်ပွားတော်များ ဒင်္ဂါးများ စသည်တို့ကို ဓာတ်ပုံ မဖော်ပြနိုင်တာတော့ စိတ်မကောင်း စရာပါ။
ရခိုင်ရိုးရာလောင်းလှေ
ဒီပုံကတော့ ပြတိုက်အရှေ့မှာ ထားထားတဲ့ ရခိုင်ရိုးရာ လောင်းလှေပါ။ ရခိုင်လူမျိုးတွေရဲ့ ရိုးရာသင်္ကြန်ဟာ ဒီလို လောင်းလှေကြီးထဲမှာ ရေအပြည့်ဖြည့်ပြီး ကစားကြတဲ့ ချစ်စရာ အလွန်ကောင်းတဲ့ ဓလေ့ဖြစ်ပါတယ်။ အပျိုလူပျိုတွေ ရေအပြည့်ဖြည့်ထားတဲ့ လောင်းလှေရဲ့ တစ်ဖက် တစ်ချက်မှာ နေရာယူပြီး ရေပက်ပြိုင် ကြတဲ့အခါ မျက်နှာကို လက်နဲ့ပွတ်သပ်မိသူက အရှုံးလို့ မှတ်သားခဲ့ရဖူးတာကြောင့် စိတ်ဝင်စားစရာ၊ ချစ်စရာကောင်းတဲ့ ရေကစားတဲ့ ဓလေ့ထုံးစံကို နှစ်သက်ခဲ့ရဖူးပါတယ်။
အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး
နောက်ထပ် ဖူးဖြစ်တဲ့ ဘုရားကတော့ အများပြည်သူကောင်းမှုနဲ့ သွန်းထုထားတဲ့ အတုလ မာရဇိန် ပြည်လုံးချမ်းသာ ရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါတယ်။ ဦးဥတ္တမလမ်းနဲ့ စက်ရုံလမ်းထောင့်မှာ ကိန်းဝပ်စံပယ်တော်မူနေတဲ့ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးဟာ အမြင့်မှာ ၉တောင်နှင့် တစ်မိုက်ရှိပြီး စံပါယ်တော်မူသော ပလ္လင်တော်ရဲ့အမြင့်မှာ ၆တောင်ခန့်ရှိပြီး ရခိုင်ပြည်နယ်မှာ အကြီးဆုံး ကြေးဆင်းတုတော်ကြီး ဖြစ်ပါတယ်။
ဘုရားကြီးရဲ့ မျက်နှာတော်ဟာ ( ပဉ္စလောဟာ) ရတနာ ၅မျိုးပါဝင်ပြီး ကြည်လင်အေးမြသော လအဆင်း ကဲ့သို့ ဝင်းပကြည်လင်လျှက် ရှိပါတယ်။ ဘုရားကြီးအား တည်ထားနေစဉ်အတွင်း ဝတ်ဖြူစင်ကြယ် ပုဂ္ဂိုလ်တစ်ဦးက “ပြည်လုံးချမ်းသာ” ဘုရားကြီးဟု ဘွဲ့အမည်သတ်မှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထူးခြားချက်မှာ ကြေးဘုရားကြီးရဲ့ ပိဿာချိန်မှာလည်း ( ၅၄၂၆) ပိဿာနဲ့ တိုက်ဆိုင်နေပါတယ်။ ပြည်-၅၊ လုံး-၄၊ ချမ်း-၂ ၊ သာ -၆ အမည်နဲ့ ကြေးပိဿာချိန်တို့ဟာ တူညီနေခဲ့ပါတယ်။ အခြားသော ထူးခြားချက်များမှာ ဘုရားကြီး ထံတွင် အဓိဌာန်ပြု၍ ကျင့်ကြံအားထုတ်သူများ၊ ပူဇော်လှူဒါန်းသူများမှာ အလိုဆန္ဒပြည့်ဝကြခြင်း၊ ဘုရားကြီးသည် အခါအားလျော်စွာ အတိတ်နမိတ်များပြသခြင်း၊ မျက်နှာတော်မှ ရောင်ခြည်တော်များ ကွန့်မြူးခြင်း၊ ၁၉၄၂-ခုနှစ်တွင် ဒုတိယကမ္ဘာစစ် ဘေးအန္တရာယ်သည် စစ်တွေမြို့သို့ ရောက်ရှိလာသည့် အခါ မျက်နှာတော် ညှိုးမှောင်သွားခြင်း၊ စစ်ဖြစ်ချိန်တွင်လည်း အနီးနား ပတ်ဝန်းကျင်တို့တွင် ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော်လည်း ဘုရားကြီးမှာ လုံးဝ ထိခိုက်ပျက်စီးမှု မရှိခဲ့ခြင်း စသည့်ထူးခြားမှုများနှင့် ပြည့်စုံပြီး တန်ခိုးကြီးမားသော ရခိုင်ပြည်နယ် ကျက်သရေဆောင် ဘုရားကြီး တစ်ဆူဖြစ်ပါတယ်။
ရခိုင်အမျိုးသား၊ အမျိုးသမီးများ ဝတ်စားဆင်ယင် ထုံးဖွဲ့ပုံ
မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်ကတည်းက ယခုအချိန်အထိ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ခဲ့ကြသော ရခိုင်လူမျိုးတို့ရဲ့ နယ်မြေဒေသများမှာ စေတီပုထိုးများ ပေါများလှပြီး ယဉ်ကျေးမှု လက်ရာများမှာလည်း အဆင့်အတန်းမြင့်လှတာကို တွေ့ရပါတယ်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အမွေအနှစ် ရှေးဟောင်းလက်ရာများမှာလည်း သမိုင်း တန်ဖိုးအရရော၊ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များ အဖြစ်ပါ အဖိုးမဖြတ်နိုင်လောက်အောင် ယနေ့ထက်တိုင် တည်ရှိနေတာကို တွေ့မြင် ရပါတယ်။ ဘိုးဘွားတို့ ချန်ရစ်ခဲ့သော တန်ဖိုးကြီးမားလှသည့် ယဉ်ကျေးမှု ဆိုင်ရာ အမွေအနှစ်များ ကို မြေအိုးတစ်လုံးမှ အစ ရှစ်သောင်း၊ ကိုးသောင်း ပုထိုးတော်ကြီးများ အထိ တိုင်အောင် နောင်နှစ်ပေါင်း များစွာ မပျက်မစီး၊ မပျောက်မပျက် ဆက်လက်တည်တံ့နေအောင် ပြုပြင် ထိန်းသိမ်းစောင့်ရှောက် ကြရမယ့် တာဝန်ကတော့ ဒေသခံ ရခိုင်လူမျိုးများနှင့် အစိုးရတာဝန်ရှိသူတို့သာ မကပဲ လူတိုင်းမှာပါ ရှိနေတဲ့ သမိုင်းပေးတာဝန်တစ်ရပ်ဟု ထင်မြင်မိပါတယ်။
နောက်ပို့စ်မှာတော့ စစ်တွေမြို့ရဲ့ ထင်ရှားတဲ့ သမိုင်းဝင်နေရာများနှင့် စိတ်ဝင်စားဖွယ် နေရာများ အကြောင်း ဆက်ရေးပါ့မယ်နော်။ အားလုံးဘဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေရှင်။




























18 comments:
စစ်တွေ က သူငယ်ချင်းကလည်း ခေါ်နေတာ ကြာပြီ.. မြောက်ဦးကို လည်း သွားချင်နေတာ.. မသွားဖြစ်သေးဘူး..။ ခုတော့ ပုံတွေပဲ ကြည့်သွားပါတယ်..
ဒီပို့စ်လေးတွေကို စောင့်နေတာ. မချော... ရခိုင်ဘက်ကို သွားလည်ချင်တယ်.. မလည်ခင် မချောသွားခဲ့တာလေးတွေနဲ့ အရင်လည်ကြည့်ချင်တယ်..း))
ခင်မင်လျက်
နေ၀သန်
ဖတ်လို့ ကြည့်လို့သိပ်ကောင်းတယ်။ မစုံခဲ့ဘူး။ ထပ်သွားမယ်။ ထ္မင်းဆိုင်ကောင်းကောင်း မတွေ့ခဲ့တာ ဆိုးတယ်။
ရခိုင်ကို အရမ်းသွားလည်ချင်တယ်။ တစ်ခေါက်မှ မရောက်ဖူးသေးဘူး။ ရခိုင်စာလည်း ကြိုက်တယ်။
ဘုရားတွေစိတ်ကြည်နူးစွာဖူးခွင့်ရတဲ့အတွက်
သာဓုခေါ်ပါတယ်ချောရေ။ ဗဟုသုတတွေလည်း
ရသွားတယ်။ အခွင့်သာရင်သွားလည်ချင်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘရားဖူးရတာ သိပ်ကို သပ္ပယ်တာပဲချောရယ်...။ ရခိုင်ကိုရောက်ဖူးချင်တယ် တခါမှမသွားဖူးသေးတာ..။
ရခိုင်ကို တခါမှ မရောက်ဖူးဘူး
ဘုရားတွေက သပ္ပယ် တယ်နော်
ဆက်ရေးပါဦးဗျို့
ရခိုင်ကိုမရောက်ဖူးဘူးဘုရားတွေဖူးရလို.ချောရေကိုယ်စိတ်၂ပါးကျမ်းမာပါစေခင်တဲ.အန်တီလေး
ဟုတ်တယ် မချော..၊ ရခိုင်မှာ စိတ်ဝင်စားစရာတွေ အများကြီးပဲ၊ အလုပ်နဲ့တုန်းကတော့ ရံဖန်ရံခါ ရောက်ဖြစ် ခဲ့ပေမယ့် ကိုယ့်ဟာကိုယ်ဆို လမ်းပန်း ဆက်သွယ်ရေးက ဒီလောက် မလွယ်လှဘူး၊ အခုမှ ရောက်ဖြစ်လို့ မချောဆီမှာ စာကြွေးတွေ ရှင်းရဦးမယ်။း)
ငယ်ဘ၀တွေကို လွမ်းသွားတယ်..
ချော ဆီက ဓာတ်ပုံတွေ မလေး ကာလာနဲ့ပရင့်ထုတ်သွားတယ်ချောရေ..
ကျေးဇူးတင်ပါတယ် ဒီပုံတွေတွက်..
ချစ်တဲ့
မလေး
မချောရေ..ရခိုင်ကိုသွားလည်ချင်လောက်အောင်ကို ဆွဲဆောင်တယ်နော်။ ဘုရားဆင်းတုတော်တွေ သပ္ပါယ်လိုက်တာ။ ရခိုင်မုန့်တီလည်း စားချင်တယ် (ဟမ်)း)))
မချောပို့စ်တွေဖတ်ပြီး
အားကျမခံ သွားဖြစ်အောင်သွားအုံးမယ်ဗျာား)း)
မရောက်ဘူးတဲ့ ဒေသမို့ စိတ်ဝင်စားစွာဖတ်သွားပါတယ်၊ ဖေါ်ပြပေးတာတွေကို တော်တော်ကောင်းပါသည်၊ စေတီကြီးရဲ့ အလယ်က နေပြည်တော်က စေတီကြီးလိုပဲ။
ရခိုင်ဘုရားတွေ တစ်ဝကြီးဖူးသွားတယ် မချောရေ..
သာဓု..သာဓု..သာဓု..ပါရှင်..
ဘုရားတွေသွားဖူးချင်လိုက်တာ ကြည်ညိုဖို့ကောင်းလိုက်တာနော်...
ဓါတ်ပုံရိုက်ချက်တွေက လန်းလွန်းအားကြီးတယ် ပုံတွေကို ကြည့်ရင်းနဲ့ ကိုယ်တိုင်ရောက်သွားသလိုတောင်ခံစားရတယ်...
ရခိုင်ကို ၇နှစ်အရွှယ်တုန်းက တခါရောက်ဖူးတာ ဝါးတားတားပဲ မှတ်မိတော့တယ်..ရခိုင်လူမျိုးဖြစ်ပြီး စစ်တွေ၊ ကျောက်ဖြူ မရောက်ဖူးဘူး..မချောကြောင့် ရောက်ဖူးသွားပြီ..ကျေးဇူး
Post a Comment