ဒီနေ့တော့ အမှတ်မထင် သိခဲ့ရာက လေးစားအားကျမိတဲ့ သူတစ်ဦးအကြောင်း ရေးချင်ပါတယ်။ လွန်ခဲ့တဲ့ ရက်က ဖေ့ဘွတ်မှာ သူ့ဓာတ်ပုံလေးနဲ့အတူ သူ့အကြောင်း တစ်စွန်းတစ်စကို ရေးပြီး တင်ခဲ့ရာမှာ ကျွန်မ နည်းတူ သူ့ကို လူတွေ သိပ် စိတ်ဝင်စားကြတယ် ဆိုတာ တွေ့လိုက်ရပါတယ်။ ပြီးတော့လည်း သူ့အကြောင်း သိခဲ့ဖူးတဲ့၊ ကြားခဲ့ဖူးတဲ့ အခြားသော လူတွေကလည်း သိသလောက်ကို ဝင်ရောက်ဆွေးနွေး ပြောပြကြရင်း အနည်းငယ် ပြည့်စုံ လာတဲ့ သူ့ရဲ့ ပုံရိပ် ကောက်ကြောင်းတွေကလည်း စိတ်ဝင်စားစရာ ချီးကျူးစရာ ပိုပြီး ကောင်းလာ တာကြောင့် ကျွန်မ ဖတ်မိ၊ လေ့လာမိတဲ့ သူ့အကြောင်းတွေကို ဒီပိုစ့်လေးနဲ့ တင်ပြလိုက်ပါတယ်။ သူကတော့ တစ်ခြားသူ မဟုတ်ပါဘူး။ ကျွန်မတို့ မမွေးခင် လွန်ခဲ့တဲ့ ၁၉၅၄ခုနှစ်မှာ အင်္ဂလိပ် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးခဲ့တဲ့ ကမ္ဘာကျော် The Purple Plain (ခရမ်းရောင်လွင်ပြင်) ရုပ်ရှင်ကားကို နာမည်ကြီးမင်းသား Gregory Peck နဲ့ တွဲဖက် ရိုက်ကူးပြီး မြန်မာပြည်မှာ သာမက ကမ္ဘာကပါ အသိအမှတ်ပြု အောင်မြင် ကျော်ကြားခဲ့တဲ့ မင်းသမီး ဒေါ်ဝင်းမင်း သန်း ဖြစ်ပါတယ်။
ခရမ်းရောင်လွင်ပြင်ပေါ်က မင်းသမီးလေး ဝင်းမင်းသန်း
ဒေါ်ဝင်းမင်းသန်း အကြောင်းကို ပြောရာမှာ သူ့အကြောင်းတွေဟာ ဂုဏ်ယူလေးစား စရာတွေနဲ့ စိတ်ဝင်စားဖို့ အလွန်ကောင်းတယ်လို့ ကျွန်မက ယူဆပါတယ်။ သူဟာ မြန်မာအမျိုးသမီးထဲမှာ ဟောလိဝုဒ် ရုပ်ရှင်ကား တစ်ကားကို ပထမဦးဆုံးရိုက်ကူးခွင့် ရသူဖြစ်ပြီး အင်္ဂလိပ်စကားပြောလည်း အလွန်ကောင်းလှတာကို သူ့ဇာတ်ကားကို ကြည့်ရင် တွေ့နိုင်ပါတယ်။ ဇာတ်ကားမှာလည်း တည်ငြိမ်အေးဆေးတဲ့ မြန်မာအမျိုးသမီးရဲ့ ဇာတ်ကောင်စရိုက်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒေါ်ဝင်းမင်းသန်းကို ၁၉၃၃ခုနှစ်မှာ ပဲခူးမြို့တွင် မွေးဖွားခဲ့ပါတယ်။ ဖခင်က နိုင်ငံခြားသား သြစတြေးလျားဟု ပြောကြသော်လည်း အချို့က သူ့အဖေရဲ့ နာမည်အရ ဂျာမန် နာမည် ဖြစ်တယ်လို့ ဆိုတာကြောင့် ဂျာမန်သွေးတစ်ဝက် ပါတယ်လို့လည်း ပြောကြပါတယ်။ မိခင် ကတော့ မြန်မာနိုင်ငံသူ စစ်စစ် ဖြစ်ပါတယ်။ အတိအကျ ပြောရရင် ဒေါ်ဝင်းမင်းသန်းဟာ ဖခင်နိုင်ငံခြားသား၊ မိခင် မြန်မာက မွေးဖွား တဲ့ ကပြားဖြစ်သော်လည်း မြန်မာ့ယဉ်ကျေးမှုကို အလွန် တန်ဖိုးထားပြီး ဗုဒ္ဓဘာသာ ကိုလည်း ထဲထဲဝင်ဝင် ယုံကြည်ကိုးကွယ်သူ တစ်ဦးဖြစ်ပါတယ်။
ကျက်သရေရှိရှိ ချောမောလှပသူ
ငယ်နာမည် Helga Johnson ဖြစ်ပြီး အသက် ၁၄နှစ်အရွယ်ထိ ဒုတိယ ကမ္ဘာစစ်ကြောင့် မြန်မာပြည်မှာ ဂျပန်တို့ ရောက်ရှိချိန် အတွင်း အိန္ဒိယမှာ တိမ်းရှောင် နေထိုင်ခဲ့ရပြီး မြန်မာပြည် ပြန်ရောက်ချိန် မှာတော့ စိန်ဂျွန်း ကွန်ဗင့် ကျောင်းမှာ ပညာ ဆက်လက် သင်ကြားခဲ့ပါတယ်။ စစ်ပြီးတဲ့အချိန် ၁၉၅၁ခုနှစ် အသက်၁၈နှစ်အရွယ်မှာ အင်္ဂလန်နိုင်ငံရှိ အက သင်တန်းကျောင်းမှာ တစ်နှစ်ခန့် အကပညာကို သင်ကြားခဲ့သော်လည်း ထိုအကကို ဝါသနာ မပါတာကြောင့် မြန်မာပြည် ကို ပြန်လာခဲ့ပါတယ်။ ဒေါ်ဝင်းမင်းသန်းဟာ အင်္ဂလိပ် စကားကိုလည်း အလွန် ကောင်းမွန် ကျွမ်းကျင်စွာ ပြောနိုင်သူ တစ်ဦး ဖြစ်ပါတယ်။ ဒေါ်ဝင်းမင်းသန်းဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူ လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာနဲ့ (သခင်အောင်သန်း) နဲ့ လက်ထပ်ခဲ့ပါတယ်။
မြန်မာဆန်ဆန် ဝတ်စားဆင်ပြီး လှပကြော့ရှင်းတဲ့ ဒေါ်ဝင်းမင်းသန်းကို အမေရိကန် ဒါရိုက်တာဖြစ်သူ Robert Parrish ရဲ့ သူငယ်ချင်းတစ်ယောက်က သူမတို့အိမ်ကို အလည် လာတဲ့အခါမှာ မြင်တွေ့သွားခဲ့ပြီး ဒေါ်ဝင်းမင်းသန်းရဲ့ ဓာတ်ပုံ တောင်းယူ သွားခဲ့ကာ ဒါရိုက်တာ Robert Parrish ထံသို့ ပို့ပေးလိုက်ပါတယ်။ ထိုအချိန်က ဒါရိုက်တာ Robert Parrish ဟာ မြန်မာပြည် အကြောင်းကို ရုပ်ရှင်တစ်ကား ရိုက်ကူးဖို့ရှိနေပြီး အဲဒီကားမှာ သရုပ်ဆောင်မဲ့ အမျိုးသမီး အာရှသူ တစ်ဦးကို အလိုရှိနေတဲ့အချိန် ဖြစ်ပါတယ်။ အဲဒီကားကတော့ The Purple Plain (ခရမ်းရောင် လွင်ပြင်) ဖြစ်ပါတယ်။
အခြားသော သတင်းများအရ အဲဒီခေတ်က နာမည်ကြီး ထင်ရှားခဲ့သူ လင်းပင်မင်းသားကြီးရဲ့ မြေးတော် ရတနာ နတ်မယ် (ဦးနေဝင်း၏ ဇနီးဖြစ်ခဲ့သူ) ဟာလည်း ဒီဇာတ်ကားကို ပါဝင်ခွင့်ရဖို့အတွက် လျှောက်လွှာ တင်ခဲ့တယ်လို့ သိရပါတယ်။ လျှောက်လွှာ တင်ပြီးကာမှ မြန်မာပြည် အကြောင်းကို ရိုက်ကူးမဲ့ ဇာတ်ကားဖြစ်ပေမဲ့ ပြည်တွင်းမှာ ရိုက်ကူးမှာ မဟုတ်ဘဲ သီရိလင်္ကာ (သီဟိုဠ်မှာ) ရိုက်ကူးမှာမို့ ရတနာနတ်မယ်က လက်လျော့လိုက်တယ်လို့ သိရပါတယ်။ ဒါရိုက်တာရဲ့ သူငယ်ချင်းဖြစ်သူ ပို့လိုက်တဲ့ ဝင်းမင်းသန်းရဲ့ ဓာတ်ပုံကို ဒါရိုက်တာမှ တွေ့မြင်ပြီး ဒေါ်ဝင်းမင်းသန်းဟာ ခရမ်းရောင်လွင်ပြင် ဇာတ်ကားအတွက် အသင့်တော်ဆုံး သရုပ်ဆောင် ဆိုတာ သဘောကျ လက်ခံခဲ့ကာ မြန်မာပြည် အထိ ရောက်လာကာ ဒေါ်ဝင်းမင်းသန်းကို ခရမ်းရောင်လွင်ပြင် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ ဒေါ်ဝင်းမင်းသန်းက လက်ခံလိုက်တဲ့ အခါမှာတော့ ခရမ်းရောင်လွင်ပြင် ဇာတ်ကားအတွက် လျှောက်လွှာ တင်သူ မင်းသမီးပေါင်း အယောက် ၂၀၀ ကျော်ထဲမှာမှ လျှောက်လွှာ မတင်ဘဲ ရွေးခံလိုက်ရသူ ၊ သရုပ်ဆောင် အတွေ့အကြုံ လုံးဝမရှိဘဲ မင်းသမီးဖြစ် လာသူ အဖြစ် နာမည်ကြီး သွားခဲ့ပါတယ်။
မင်းသမီး ဝင်းမင်းသန်းနဲ့ တွဲဖက် သရုပ်ဆောင်ခဲ့သူ မင်းသား Gregory Peck
The Purple Plain ရုပ်ရှင်ကို ရိုက်ကူးတဲ့အခါမှာ မင်းသား Gregory Peck နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ရပြီး Anna အမည်ရှိသော မြန်မာ အမျိုးသမီးလေး နေရာမှာ ဝင်းမင်းသန်းက သရုပ်ဆောင်ခဲ့ပါတယ်။ ဇာတ်ကားများကို အထက်က ဆိုခဲ့တဲ့အတိုင်း သီဟိုဠ်နိုင်ငံမှာ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်တဲ့အတွက် အချို့နေရာတွေ မှာ မြန်မာ လူမျိုးနဲ့ မတူတဲ ရုပ်မျိုးနဲ့ မြန်မာရှုခင်းနဲ့ အနည်းငယ် ကွဲလွဲနေတဲ့ ရှုခင်း တစ်ချို့ကို တွေ့ရတာက လွဲလို့ ကြည့်ရတာ ကောင်းမွန်ပြီး စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်။ အင်္ဂလိပ် စကားပြော ရုပ်ရှင် ဆိုသော်လည်း မြန်မာစကားများကိုလည်း ထည့်သွင်း ရိုက်ကူးထားတာ တွေ့ရ ပါတယ်။ ဒီဇာတ်ကားကို ကြည့်တဲ့ အခါမှာ ၁၉၅၀ ပတ်ဝန်းကျင်ကာလများရဲ့ ဝတ်စား ဆင်ယင်ပုံကိုလည်း တွေ့မြင်နိုင်ပါတယ်။ တစ်ပတ်လျှို ဆံထုံးလေးနဲ့ ယဉ်စစ လှပနေတဲ့ ဒေါ်ဝင်းမင်းသန်းရဲ့ အလှဟာ အလွန် သိမ်မွေ့လှတာကို မြင်နိုင်ပါတယ်။
ဇာတ်ကားထဲမှ ပုံရိပ်များ
ကလေးတွေကတော့ဖြင့် မြန်မာကလေးငယ်များနှင့် မတူသလို ထင်မိပါတယ်။
The Purple Plain ရုပ်ရှင်ဟာလည်း အောင်မြင်ထင်ရှားပြီး အကောင်းဆုံး ဗြိတိသျှရုပ်ရှင်စာရင်းမှာ ပါဝင်ခဲ့ကာ ရုပ်ရှင် အကယ်ဒမီဆုပါ ရရှိခဲ့ပါတယ်။ ဇာတ်ကားအောင်မြင် လာတာနဲ့အမျှ ဒေါ်ဝင်းမင်းသန်း ဟာလည်း ကမ္ဘာကျော် မြန်မာအမျိုးသမီး သရုပ်ဆောင် ဖြစ်လာပါတယ်။ မြန်မာပြည်မှာ ရုံတင်ပြတဲ့အခါမှာလည်း ကြိတ်ကြိတ်တိုး စည်ကားတယ်လို့လည်း သိရပါတယ်။ The Purple Plain ရုပ်ရှင် အရောင်းမြှင့်တင်ဖို့ အတွက် အမေရိကန်ကို ရောက်စဉ်မှာ အခြားသော ရုပ်ရှင်ကုမ္ပဏီများက ဇာတ်ကားများ ဆက်လက် ရိုက်ကူးဖို့ ကမ်းလှမ်းတဲ့အခါ ဒေါ်ဝင်းမင်းသန်းက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါတယ်။ သူမဟာ အမေရိကန် လူမျိုးတို့ အလုပ် ကြိုစားကြပုံကို ချီးကျူးပေမဲ့လည်း အမေရိကန် ရုပ်ရှင်လောက ကို ဝင်ရောက်ဖို့ စိတ်ဆန္ဒမရှိဘဲ ဟောလိဝုဒ် ရုပ်ရှင်လောကဟာ သဘာဝမကျဘဲ မိန်းခလေးများမှာလည်း အဖော်အချွတ်တွေ ဦးစားပေးလွန်းတဲ့ အတွက် မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက်ညီတာကြောင့် သူ သဘောမကျဘူး လို့ ဆိုပါတယ်။ ပြီးတော့လည်း ကိုယ်လုံးကိုဖော် ရတာ၊ ပြရတာတွေကိုလည်း မြန်မာ အမျိုးသမီး တစ်ယောက် အနေနဲ့ သူ အလွန်ရှက်ပါတယ်လို့ အင်တာဗျုး တစ်ခုမှာ ပွင့်ပွင့် လင်းလင်း ဖြေကြားခဲ့ပါတယ်။
ဒီအချက်တွေဟာ မြန်မာ အမျိုးသမီးတို့ရဲ့ ဂုဏ်သိက္ခာနဲ့ အိနြေ္ဒကို အလွန်စောင့်စည်းတဲ့ အရှက်အကြောက် ကြီးမား တဲ့ မြန်မာ အမျိုးသမီးတို့ အကြောင်းကို ကမ္ဘာ သိအောင် ဖော်ပြနိုင်ခဲ့တာကြောင့် သူ့ကို လေးစားမိတဲ့ အချက်ထဲက တစ်ချို့ဖြစ်ပါတယ်။ ဒေါ်ဝင်းမင်းသန်း အရှက်အကြောက် ကြီးတာနဲ့ ပတ်သက်ပြီး နောက်ထပ် ဖော်ပြချင် တာက ခရမ်းရောင် လွင်ပြင် ရုပ်ရှင်ကို ရိုက်ကူးနေတဲ့အခါမှာ ဇာတ်ဝင်ခန်းအရ မလုံ့တလုံ ရေချိုးတဲ့အခန်းများ ပါဝင်ပါတယ်။ ဒါရိုက်က ၄င်းအခန်းကို ထည့်ရိုက်ချင်သော်လည်း မင်းသမီးဖြစ်သူ ဒေါ်ဝင်းမင်းသန်းက ခါးခါး သီးသီးနဲ့ ခေါင်းမာစွာ ငြင်းဆန်တဲ့ အတွက် ရေချိုးတဲ့အခန်းများကို ရိုက်ခွင့်မရဘဲ ချန်လှပ်ထားခဲ့ရတယ်လို့ ဆိုပါတယ်။ သီဟိုဠ်ရှိ အင်္ဂလိပ်သတင်းစာ တစ်စောင်ကလည်း ရေကူးဝတ်စုံ ဝတ်ဆင်ထားတဲ့ ပုံနဲ့ ဓာတ်ပုံ ရိုက်ခွင့်ပြုဖို့ တောင်းဆိုတဲ့အခါမှာ“ မြန်မာထုံးစံ မဟုတ်လို့ ခွင့်မပြုနိုင်ပါဘူး နောင်ကိုလည်း ဘယ်တော့မှ ဒီလို မလုံ့တလုံ ရေကူးဝတ်စုံနဲ့ ရိုက်ကူးမှာ မဟုတ်ပါဘူး” လို့ ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့ပါတယ်။ သူကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ ခရမ်းရောင်လွင်ပြင် ဇာတ်ကားကြော်ငြာ အတွက် ရုပ်ရှင်ကုမ္ပဏီရဲ့ အတန်တန် တောင်းပန် ချက်ကြောင့် ရေကူး ဝတ်စုံနဲ့ မဟုတ်ဘဲ မြန်မာ အမျိုးသမီးတို့ ရေချိုးတဲ့ ပုံစံဖြစ်တဲ့ ထမီရင်လျှားနဲ့ ရေချိုးပုံကို ရိုက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသူတွေရဲ့ ဖော်ချွတ်တဲ့ ဝတ်စား ဆင်ယင်ပုံတွေကို သဘောမကျ တာကြောင့် ကမ္ဘာကျော် ဟောလိဝုဒ် ရုပ်ရှင် မင်းသမီး အဖြစ် ဆက်လက် သရုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့သူ ဒေါ်ဝင်းမင်းသန်းဟာ ကျွန်မ အတွက်တော့ လေးစား အထင်ကြီးစရာ ဖြစ်ခဲ့ရပါတယ်။ နိုင်ငံခြားသွေး ပါပေမဲ့ မြန်မာ့ယဉ်ကျေးမှုကို မြန်မာ စစ်စစ်တွေ ထက်တောင် ထိန်းသိမ်းခဲ့တဲ့ ဒေါ်ဝင်းမင်းသန်းဟာ အမျိုးသမီးတွေ နမူနာ ယူထိုက်သူ တစ်ဦးလို့ ကျွန်မ အနေနဲ့ ဆိုချင်ပါတယ်။ မင်းသမီး မဖြစ်ခင် ဖော်ချင်၊ ပြချင်၊ ချွတ်ချင်သူတွေ များလှတဲ့ ဒီနေ့ခေတ်ကြီးထဲမှာ အတုယူစရာ ကောင်းလှတယ် လို့ မြင်မိပါတယ်။ ဖော်မှ ချွတ်မှ နာမည်ကြီးတယ်လို့ ထင်တတ်ကြသူများနဲ့ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်း ရကောင်းမှန်း မသိကြတဲ့သူတွေ၊ ခုခေတ်လူငယ်တွေ သိပ် မကြားဖူးတဲ့ လေးစား အတုယူဖွယ်ရာ မြန်မာ အမျိုးသမီး၊ ကမ္ဘာကျော် ရုပ်ရှင် မင်းသမီး ဒေါ်ဝင်းမင်းသန်း အကြောင်းလေးကို ပြောပြချင်လို့ ဒီပိုစ့်လေးကို ရေးဖြစ်တာဆိုရင် ပိုပြီး မှန်ပါ လိမ့်မယ်။
ဒေါ်ဝင်းမင်းသန်းဟာ တစ်ကားတည်းသော ရုပ်ရှင်ကားကိုရိုက်ခဲ့ပြီး အောင်မြင်တဲ့ ကမ္ဘာသိ သရုပ်ဆောင် တစ်ဦး ဖြစ်ခဲ့သော်လည်း သရုပ်ဆောင် တစ်ယောက်အဖြစ်ကို ရပ်တန့်လိုက်ကာ ဗိုလ်စင်္ကြာ၏ ဇနီးအဖြစ်သာ ပျော်မွေ့ ခဲ့ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်မှာ ဗိုလ်မှူးစင်္ကြာမှာ စီးပွားရေးသမားတစ်ဦး အဖြစ်ကို ကူးပြောင်း ခဲ့ရာ အလွန် စီးပွားရေးအောင်မြင်ပြီး ချမ်းသာကြွယ်ဝလှပါတယ်။ လိုတိုင်းတ ရနိုင်လောက်အောင် စည်းစိမ် ချမ်းသာနှင့် ပြည့်စုံခဲ့သော်လည်း ဘာသာရေးကို လေ့လာလိုက်စားကာ ၁၉၆၄ခုနှစ် အသက် ၃၁နှစ်အရွယ်မှာ သာသနာ့ဘောင်ထဲကို သီလရှင် ဒေါ်ဝံသမာလာ အဖြစ် ဝင်ရောက်သွားခဲ့ပါတယ်။ သူဟာ သီလရှင်အဖြစ် မဝင်ခင်ကတည်းက ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းပြီး နက်နက်နဲနဲ လေ့လာ အားထုတ်ခဲ့သူလည်း ဖြစ်ပါတယ်။
အရှက်အကြောက် ကြီးပြီး (ဟီရိ၊ သြတပ္ပ တရား ၂-ပါးကို ဆိုလိုတာပါ) ဘာသာရေးကို လိုက်စားတတ်ပုံကိုလည်း ကျွန်မ အကိုးအကားပြုထားတဲ့ ဒီပိုစ့်ရဲ့ အောက်နားက လင့်တွေမှာလည်း သွားရောက် ဖတ်ရှုနိုင်ပါတယ် ရှင်။ နိုင်ငံခြားသွေး ပါပေမဲ့ မြန်မာ့ ယဉ်ကျေးမှုကို အလွန်မြတ်နိုး၊ ထိန်းသိမ်း ခဲ့သူ၊ မြန်မာကို ကမ္ဘာက သိစေခဲ့သူ၊ မြန်မာတို့ရဲ့ ယဉ်ကျေးမှုအကြောင်းကိုလည်း ကမ္ဘာကို သိစေခဲ့သူ၊ ချောမောလှပ နူးညံ့ပျော့ပြောင်းတဲ့ ချစ်စရာ၊ အတုယူ လေးစားဖွယ်ရာ မြန်မာ အမျိုးသမီး တစ်ဦးရဲ့ ပုံရိပ်ကောက်ကြောင်းကို ချစ်ခင်နှစ်လိုစိတ်၊ လေးစား ဂုဏ်ယူစိတ် တို့ဖြင့် ဖော်ပြရေးသားတာ ဖြစ်ပါတယ်။ အချက် အလက်များ မှားယွင်းခြင်း၊ လွှဲချော်ခြင်း၊ လိုအပ်ခြင်းတို့ ရှိခဲ့ပါက ကျွန်မရဲ့ အားနည်းချက်ကြောင့်သာ ဖြစ်တဲ့အတွက် ခွင့်လွှတ် နားလည်ပေးကြပါလို့လည်း အနူး အညွှတ် ပန်ကြားချင်ပါတယ်ရှင်။
ဒေါ်ဝင်းမင်းသန်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ The Purple Plain ရုပ်ရှင်ကို မကြည့်ရသေးသူများ၊ ပြန်ကြည့် ချင်သူများ အတွက် အစအဆုံး ပါဝင်တဲ့ YouTube လေးကို အောက်မှာ တင်ပေးထားပါတယ်။ အချိန်ရမယ်ဆိုရင် ကြည့်ရှုနိုင်ပါတယ်နော်။ ဓာတ်ပုံများကိုလည်း YouTube ထဲက ယူထားတာ ဖြစ်ပါတယ်။
ဒီပိုစ့်အတွက် Facebook မှာ စိတ်ဝင်တစား ဝင်ရောက် ပြောပြကြသူများ၊ ရုပ်ရှင်ဇာတ်ကား အပြည့်အစုံပါသော လင့်ကို လာပေးကြသူများ၊ သူမရဲ့ အကြောင်း ဖတ်စရာ အခြားလင့်များ ရှာဖွေပေးကြသူများ၊ ယခုစာဖတ်နေသူများ အားလုံးကို ကျေးဇူးအထူး တင်ပါကြောင်း ပြောကြားလိုက်ပါတယ်ရှင်။ အားလုံးသော မိတ်ဆွေများ စိတ္တ ကာယ နှစ်ဖြာသော သုခ ချမ်းသာနဲ့ ပြည့်စုံကြပါစေရှင်။

ကိုးကား
IMDB - http://goo.gl/Tc5jJ
Myanmar Wikipedia - http://goo.gl/6P4tt
Shweamyutay Magazine - http://goo.gl/hnGve
Mingalapar - http://goo.gl/1OciM



























41 comments:
မချောရေ..
အရမ်းကို အဖိုးတန်တဲ့ ပို့စ်လေးတစ်ခု ဖတ်လိုက်ရလို့ ကျေးဇူးပါ..သူ့နာမည်ကိုမေမေတို့ ပြောတာကြားဖူးပေမယ့် သူ့အကြောင်းမသိခဲ့ဘူး..ခုလို စုံစုံလင်လင်လေး ဖော်ပြပေးတာကို ကျေးဇူးတင်လို့ မဆုံးပါဘူး..အဖော် အချွတ်နဲ့ ပတ်သတ်ပြီး မချော အမြင်လေးကိုလဲ အားပေး ထောက်ခံ သွားပါတယ်..
အိမ်မက်စေရာ
အစ်မချောရေ
လေးလေးစားစားနဲ့ ကြည်နူးဂုဏ်ယူစွာဖတ်ရှုသွားပါတယ်.။ ဒီဇာတ်ကားကို တစ်ခါ ဒေါင်းပြီးသိမ်းထားတာရှိပါတယ် ။ အပိုင်းတွေအများကြီးပြတ်နေလို့ ထပ်ဒေါင်း သွားပါတယ်ခင်ဗျာ. ။ အစ်မရဲ့ သဘောထားကို မြန်မာ အမျိုးသမီးအားလုံး သိရှိနားလည်ရင်သိပ်ကောင်းမှာပဲ
မချောရေ.. ဒီပို့စ်လေးအတွက်ရော၊ ဇာတ်ကားလင့်လေးအတွက်ပါ ကျေးဇူးတင်ပါတယ်။
ခင်မင်လျက်
မြတ်
မမရေ.. ကျေးဇူးနော်
ရုပ်ရှင်ပါတခါတည်းကြည့်သွားတယ်.
အတုယူ စရာ ဆို တာ ဒါပါဘဲ......
ကျေးဇူးအထူးတင်ပါတယ်၊
ဓါတ်ပုံတွေက တော်တော်ကောင်းပါတယ်၊
မင်းသမီးနဲ့ နည်းနည်းဆင်တဲ့ တစ်ယောက်ကို တွေဖူးပါတယ်၊ စိတ်ဓါတ်ချင်းတော့ တခြားပါပဲ။
တကယ်ကို ကျက်သရေရှိရှိ ချောမောလှပသူ တစ်ယောက်ပါလား။ မမလိုပဲ သူ့စိတ်ဓါတ်ကို အထင်ကြီးလေးစားမိတယ်။ ဓါတ်ပုံတွေနဲ့ youtube link အတွက် ကျေးဇူးပဲ မမ။ ကြည့်ုလိုက်ဦးမယ်။ (အခုခေတ် အဖော်အချွတ်မင်းသမီးတွေနဲ့များကွာခြားချက်)
အမေတို့ ဒက်ဒီတို့ ပြောပြောနေခဲ့ကြလို့ သူနဲ့ သူ့ ကားကိုစိတ်ဝင်စားခဲ့တာငယ်ငယ်လေးထဲက။ ဇာတ်ကားနံမည် Purple plain ကိုလည်းသိပ်သဘောကျလို့ အိုးပုတ်ပန်းခင်းကြီးတွေတွေ့ တိုင်း Purple plain လို့ ရွတ်ခဲ့မိတယ်။
ချောတင်ပေးတော့သိပ်စိတ်ဝင်စားပြီးဖတ်မိပါတယ်။
ဇာတ်ကားလည်းကြည့်ဖြစ်အောင်ကြည့်ပါအုန်းမယ်။
ကျေးဇူးပါချောရေ။
အိုင်အိုရာ
ဟိုနေ့ ကတည်းက မချောဖဘကနေ ကျွန်တော် ရှယ်သွားသေးတယ်... ဇာတ်လမ်းလဲ ကြည့်ပြီးသွားပြီ... ခုခောတ် မြန်မာမင်းသမီးတွေနဲ့ မော်ဒယ်တွေ အတုယူသင့်တယ်...
လေးစားထိုက်ပါပေတယ်ဗျာ။ သူ့ဇာတ်ကားလေးရှိရင် ကြည့်ချင်လိုက်တာ။ ဖတ်ခွင့်ရလို့ ကျေးဇူးပါခင်ဗျာ။
အမရေ..
သိပ်ကို ကောင်းတဲ့ပို့စ်လေးပါခင်ဗျာ..
ခုခေတ် မင်းသမီးတွေ မော်ဒယ်တွေတင်မက အမျိုးသမီးတိုင်း လေးစားအတုယူသင့်တဲ့ မြန်မာအမျိုးမီးတစ်ယောက်အကြောင်းကို ပြည့်ပြည့်စုံစုံ သိခွင့်ရတဲ့အတွက် ကျေးဇူးကမ္ဘာပါခင်ဗျာ
ဒီပို့စ်လေးအတွက် အရမ်းကိုကျေးဇူးတင်သွားပြီ ဇတ်ကားကိုလဲဒေါင်းပြီးသိမ်းထားအုံးမယ်...
တကယ်ကို ကျက်သရေရှိပြီးယဉ်ကျေးသိမ့်မွေ့ တဲ့အလှပိုင်ရှင်လေးနော် စူးရှမနေပဲကြည့်လိုက်ရင်အေးချမ်းတယ်အလှက။
ကျေးဇူးမရေ
နေကောင်းတယ်ဟုတ်
သတိရပါတယ်။
မြန်စာဖတ်မရ ရေးမရ မနေနိုင်လို့  အလုပ်သစ်မှာခပ်တည်တည်နဲ့ဒေါင်းလိုက်တယ် လစ်ရင်ဝင်ဖတ်မယ်နော် မမးD
ကိုယ်ရောစိတ်ပါအေးချမ်းပျော်ရွှင်ပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
Ma
Thank you so much :)
မချော .. ( ဒေါ် ) ဝင်းမင်းသန်း အကြောင်း ဖတ်သွားပါတယ်..
ကျေးဇူးတင်ပါတယ်။။အားပေးလျှက်ပါ့
၁၉၅၀ ကျော်ခေတ်ကာလကို ၁၀မိနစ်လောက်သွားသလိုပဲ...thanks Sis :)
ချီးကျူးစရာမြန်မာအမျိုးသမီးတစ်ယောက်အကြောင်း
ကိုပြန်ရှာဖွေဖော်ထုတ်ပေးလို့ကျေးဇူးပါ....
Very interesting article about Win Min Than and how she become a nun. U can read it in here.
http://blog.nyilynnseck.com/
Thank you for your post and Ko Nyi Linn Seck post. Really interesting.
Thank you .
တစ်ကယ်ကောင်းတဲ့ပို့စ်လေးပါ။ မြန်မာအမျိုးများ အထူးသဖြင့် ကမ္ဘာကျော်ချင်ကြသော သရုပ်ဆောင်မြန်မာအမျိုးသမီးများ လုံးဝကိုအတုယူပါတယ်။ မြန်မာ့ယဉ်ကျေးမှု လူသားတိုင်းလိုချင်ကြသော အောင်မြင်မှုထက်တန်ဖိုးထားသော စံပြအမျိုးသမီးတစ်ယောက်
အဖြစ် ကမ္ဘာကိုသိစေသွားတယ်။ အရမ်းကိုဂုဏ်ယူ
စရာပါ။
အရမ်းကျေးဇူးတင်ပါတယ်
အရမ်းကျေးဇူးတင်ပါတယ်
တန်ဘိုးရှိတဲ့ပို့စ်လေးတစ်ခုပဲချောရေ။ ကျက်သရေရှိပြီး အတုယူစရာကောင်းတဲ့ မင်းသမီးတစ်လက်ပါပဲ။
အခုလိုစေ့စေ့စုံစုံလေးတင်ပေးတာကျေးဇူးပါကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
မေတ္တာဖြင့်
အန်တီတင့်
အတုယူထိုက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် လေးစားမိပါတယ်။ ရုပ်ရှင်လေးလည်း ကြည့်အုံးမယ်။
ချစ်တဲ့
သဒ္ဓါ
သိပ်တန်ဖိုးရှိတဲ့ပို့စ်လေးတစ်ခုပဲ...။ ခုခေတ်မြန်မာအမျိုးသမီးလေးတွေကို အားကျအတုယူစေချင်ပါတယ်....။
ပြည့်စုံ၊ သေသပ်ပြီး အတုယူစရာတွေကို ထင်သာ၊ မြင်သာ ရှိအောင် ပြောပြသွားတဲ့ ပို့စ်ကောင်းလေး တစ်ပုဒ်ပါပဲ မချောရေ..၊ ဒေါ်ဝင်းမင်းသန်း အကြောင်းကို လူအများစုက တစွန်းတစ ကြားဖူးထား ကြပေမယ့် အခုလို အစ၊ အဆုံး တစုတစည်းထဲ ဖတ်ရတော့ ပိုပြီး ထဲထဲဝင်ဝင် သိခွင့်ရတာပေါ့၊ ကျေးဇူး တင်ပါတယ်ဗျာ..။
လေးစားအတုယူထိုက်တဲ့ မြန်မာအမျိုးသမီးတစ်ယောက်ပါပဲ။ အရင်တုန်းကတည်း ဖွားဖွားပြောပြောနေလို့ ဒေါ်ဝင်းမင်းသန်း နာမည်ကို ကြားဖူးနေပါတယ်။ မချောပို့စ်လေး ဖတ်လိုက်ရတော့ သူ့အကြောင်းလေးတွေ သေသေချာချာသိလိုက်ရတာပေါ့။ ငယ်ငယ်ရွယ်ရွယ်မှာ လောကီစီးစိမ်ကို စွန့်လွှတ်နိုင်တာလည်း ချီးကျူးလောက်ပါတယ်။ ပါရမီအခံကောင်းသူတစ်ယောက်လို့မြင်မိပါတယ်။
မမချောရေ...အရင်ကဒေါ်ဝင်းမင်းသန်းအကြောင်းကို နိုင်ငံခြားသားနဲ့ရုပ်ရှင်တွဲရိုက်တဲ့ မြန်မာမင်းသမီးဆိုတာထက်ဘာမှပိုမသိခဲ့ပါဘူး။ ဒါတောင်ဖေဖေက အဲဒီရုပ်ရှင်ကားကိုဝယ်လာလို့
သိရ၊ ကြည့်ရတာပါ။တနေ့က ဖေ့စ်ဘုတ်မှာတွေ့လို့ရုံးကလူတွေကိုတောင် သိသလောက်ပြေပြဖြစ်သေးတယ်။စိတ်ဝင်စားနေတဲ့အကြောင်းကိုပိုပြီး ပြည့်ပြည့်စုံစုံသိလိုက်ရတဲ့အတွက် အင်မတန်ကိုကျေးဇူးတင်ကြောင်းပြောပါရစေ။
ကျေးဇူးအထူးပါ။ (ဒေါ်)၀င်းမင်းသန်းဆိုတာ ကြားဖူးပါတယ်။ သူ(မ)နဲ့နာမည်တူ ဗွီဒီယို သရုပ်ဆောင် ၀င်းမင်းသန်း ဆိုတာလည်း ပေါ်ခဲ့ဖူးတယ်ထင်ပါတယ်။ အတော်များများက (ဦး)မော့စ်နဲ့ တွဲရိုက်တာ များပါတယ်။ နာမည်သာကြားဖူးပြီး ဘယ်လောက် လှပ ကျက်သရေရှိတယ်ဆိုတာ အခုမှသိရတာပါ။ ဇာတ်ကားရရင်တော့ ကြည့်ချင်ပါတယ်။
ဇာတ်ကားကို အပြာရောင်နဲ့ ခရမ်းရောင် စာပိုဒ် ၂ခုကြားမှာ အဆင်သင့် ကြည့်နိုင်အောင် ယူကျု အနေနဲ့ တင်ပေးထားပါတယ်။ မမြင်ရဘူးလား မသိနော်။ ဒီလိုဖြင့် ယူကျု တိုက်ရိုက်လင့် http://youtu.be/KZt7j0BiiJY မှာ ကြည့်နိုင်ပါတယ်။ အားလုံးကို ကျေးဇူးပါနော်။
တကယ့်ကို လေးစားအားကျစရာ ကမ္ဘာသိအမျိုးသမီးမို့ ဒီပို့စ်လေးဖတ်ရတာ ၀မ်းမြောက်ဂုဏ်ယူမိရတယ်။ စုံစုံစေ့စေ့ ရှာဖွေ အားထုတ်ထားတဲ့ ချောရဲ့ စေတနာတွေကိုလဲ အတိုင်းသား မြင်လိုက်ရတယ် ချောရေ...။
အစ်မချောရေ...
malware ပြသာနာကို ဖြေရှင်းသွားနိုင်တယ်နော်...
အစ်မချောရဲ့  ဒီဆောင်းပါးကို
The Ladies ဂျာနယ်ကို ပို့ ကြည့်ပါလား...
ထော်ဦး
More infos related with "Purple Plain" in K Blog :
နောက် တခါ..ဗမာပြည်မှာ.. စစ်ပြီးခေတ်က.. ဟိုးလေး တကြော်.. စိတ်ဝင် စား ခဲ့ ကြတဲ့.. Purple Plain ရုပ်ရှင် မှာ.. ဟောလိဝုဒ် မင်းသား ဂရေဂရီပတ် နဲ့ တွဲ ဖက် သရုပ်ဆောင် ဖို့.. ဦးစွာ သဘောတူ ခဲ့ သူ ဖြစ် ကြောင်း.. လည်း သိလိုက် ရတယ်။
အဲဒီ မှာ... ဗမာ့ ယဉ်ကျေး မူ နဲ့ မလျော် တဲ့.. ထုတ်လုပ်သူဖက်က..တောင်းဆိုချက် တွေ ကြောင့်...သူမ ဖက်က..ဖျက်သိမ်း ခဲ့ တယ်လို့ ဆို တယ်။ အဲဒီ နောက် မှ သာ.. ၀င်းမင်းသန်း နဲ့သဘောတူ ပြီး.. ရုပ်ရှင် ကို ဆက်လက် ရိုက်ကူး ခဲ့ တာ ဖြစ်ပေ လိမ့် မည်။
‘It was so Hollywood, it was ridiculous; it was an insult to
anything that had to do with Burma,’ she said. ‘When the film did come to Burma there was a big hue and cry. Things in the pagoda, things a Buddhist would never
do.’
http://kthwe.blogspot.com/2010/05/blog-post_02.html
http://wikimyanmar.co.cc/wiki/index.php?title=ဝင်းမင်းသန်း
ွှအရမ်းတန်ဖိုးရှိတဲ့ ပို့ စ်လေးပါ..
ခုလိုတန်ဖိုးရှိတဲ့ အကြောင်းလေးတွေတင်ဆက်ပေးတဲ့ 
ချော(အစိမ်းရောင်လွင်ပြင်)ကိုကျေးဇူးတင်ပါတယ်..
ဟိုနေ့က တစ်ပိုင်းပဲကြည့်ပြီး ပြီးအောင်မကြည့်ရသေးဘူးမချောရေ၊ ခုမှ ပိုစ့်လေးတွေ့ပြီးလာဖတ်တာ၊ အမေက ၀င်းမင်းသန်းကိုအမြဲပြောတာ၊ သိပ်ကြိုက်တာတဲ့။
ပြီးအောင်ကြည့်ဦးမယ်။ ချစ်စရာလေး နုနုဖတ်ဖတ်လေးနော်။
သူ့စိတ်ထားလေးကလည်း ဂုဏ်ယူဖို့ကောင်းလိုက်တာ။
ကျေးဇူး
အရမ်းကိုကျက်သရေရှိပြီး ချောလိုက်တာ..
ကျင်နာသနားတတ်တဲ့မျက်လုံးလေးနဲ့ မြန်မာအမျိုးသမီး ပီသလိုက်တာ..
အခုလို ဖတ်ရလို့ ချောကိုကျေးဇူးတင်ပါတယ်နော်..
:D
ကျွန်တော်တို့ မြန်မာတွေကဗျာ သမိုင်းတခုဆိုရင်အမြဲချီးမွန်းခန်း (ဘုံးတော်ဘွဲ့ တွေ) ချည်းပဲ ဘ၀ဆိုတာ အနိမ့် အကျရှိတယ်။ အမြဲပဲ မြင့်မနေဘူးလေ။ ပျောက်နေတဲ့ ကွင်းဆက်ကို ထည့်ပေးမယ်ဗျာ။
နေ၀င်းတက်ပြီး သူနဲ့ သူ့ ယောကျာင်္းဘန်ကောက်ကို ထွက်ပြေးသွားတယ် သူတို့ ပိုင်တာ အကုန်နေ၀င်း ဆိုရှယ်လစ်အစိုးရသိမ်းတယ်။ ဗိုလ်စင်္ကြာက ဘန်ကောက်မှာ နေခဲ့ ပြီး သူက မြန်မပြည်ပြန်ပြီး သူ့ အမျိုသားပိုင်တွေကို ဗိုလ်နေ၀င်းဆီကပြန်တောင်းဖို့ လုပ်တယ် မအောင်မြင်ဘူး။ ပြီး ဗိုလ်စင်္ကြာနဲ့ ကွာရှင်းတယ်။ ပြီး သီလရှင် သုံးနှစ်ဝတ်ယ်။ ပြီးလူထွက်တယ်။ လူထွက်ပြီးနောက်ပိုင်း ဘူးသီးကြော်ရောင်းတယ်။ အဲဒီလို ဘ၀ကဖြစ်သွားတာ။ ပြီးနိုင်ငံခြားသားတစ်ဦးနဲ့ လက်ထပ်ပြီး အပြီးထွက်သွားတယ်။ နောက်ပိုင်းဘာဖြစ်ဘယ်ရောက်တော့ဆက်မသိတော့ဘူး။
ချီးကျူးဂုဏ်ယူထိုက်တဲ့ မြန်မာအမျိုးသမီးကောင်းတစ်ယောက်ရဲ့ အတွေးအခေါ်ပဲနော်။ လေးစားအားကျမိပါတယ်ရှင်။
မေ ချော ကို ကျေးဇူး တင် ပါတယ်
Post a Comment