Friday, March 23, 2012

တူညီသော ချစ်ခြင်းတစ်စုံ

လူတိုင်း လူတိုင်းမှာတော့ စိတ်မကြည်မသာ ဖြစ်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊  ၀မ်းနည်း နာကျင်နေတဲ့ အချိန်တွေ တစ်ခါမဟုတ် တစ်ခါတော့ ရှိတတ်ကြမှာဘဲနော်.. အဲဒီအချိန်တွေကို ဘယ်လိုများ ကျော်ဖြတ် ကြပါသလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်ပုံ၊ ရင်ဆိုင်ကြပုံချင်းတော့ တူကြမယ် မထင်ပါဘူး။ တစ်ချို့ကျတော့ စိတ်ဓာတ်ကျရင်၊ ၀မ်းနည်းနာကျင်ရင် ငိုကြွေးကြတယ်။ အချို့က မိမိမိတ်ဆွေ၊ မိဘ မောင်နှမဆီ ရင်ဖွင့် ပြောပြကြတယ်။ အချို့ကျတော့လည်း စိတ်ခွန်အားဖြစ်မဲ့ စာတွေ၊ စိတ်ကို တည်ငြိမ်စေမဲ့ အဆုံးအမ တရားစာတွေ ဖတ်ကြတယ်။ တရားထိုင်ကြတယ်။  တစ်ချို့ကျတော့ သီချင်းတွေ အော်ဟစ် သီဆို တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နွမ်းချိန်ကို ရင်ဆိုင် ဖြတ်သန်းပုံချင်း မတူညီကြ တာတော့ သေချာလှပါတယ်။

သက်ထား စိတ်ညစ်ရင်၊ စိတ် မကြည်မသာဖြစ်ရင် အေးချမ်းဆိတ်ငြိမ်တဲ့ ရှုခင်းတွေ တမျှော် တစ်ခေါ်ကြီး ကို ငေးမောလို့ ရနိုင်မဲ့ ၊ အချိန်အကြာကြီး ကိုယ့်စိတ်အာရုံတွေကို အဆုံးမရှိ လွတ်ပေးလိုက်လို့ ရတဲ့ နေရာမျိုးမှာ ထိုင်နေရတာကို သဘောကျ နှစ်သက်မိတယ်။ ဒီအချိန်မှာ ဖုန်းတွေကို ပိတ်ချင် ပိတ်ထားမယ်။ ပြင်ပ အဆက် အသွယ်တွေ အကုန်ဖြတ်တောက်လို့ ကိုယ်မသိ၊ ကိုယ်မရင်းနှီးတဲ့ မျက်စိ တစ်ဆုံး မြင်နေရတဲ့ တောင်တန်း ကြီးတွေပေါ်ကို ကျော်ဖြတ်ပြီး  အဝေးဆုံးထိ စိတ်ကို ဖြန့်ကျက်လို့ ခရီးနှင်ရတာက သက်ထားရဲ့ စိတ်အာရုံကို ပြန် လည် လန်းဆန်းလာအောင်၊ စိတ်တွေ ပြန်လည် တည်ငြိမ် လာအောင်  ကုစားတဲ့နည်းတစ်မျိုးပါဘဲ။ အဲဒီချိန်မျိုးမှာ အိမ်ထဲမှာ နေနေတာထက် စာရင် အိမ်ပြင်ပကို ထွက်ပြီး လန်းဆန်း သန့်စင်တဲ့ လေပြေနုထွေး အေးအေးလေးရဲ့ အပွေ့အဖက်ကို ခံယူလို့ ကြည်လင်လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပြီ ဆိုရင် သက်ထားမှာရှိနေတဲ့ သောက စိတ်တွေ အနည်းနဲ့ အများတော့ အေးချမ်းသွားတတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီညနေလဲ တစ်စုံတစ်ရာသော အကြောင်းကြောင့် နောက်ကျိ ညစ်နွမ်းနေတဲ့၊ ၀မ်းနည်းပင်ပန်းနေတဲ့ စိတ် အာရုံတွေကို ဆေးကြောဖို့ ထိုင်နေကျ နေရာလေးတစ်ခုဖြစ်တဲ့ မြစ်ဆိပ်ကမ်းဘေးက တာရိုးလေးကို သက်ထား တစ်ယောက်တည်း ထွက်လာခဲ့မိပါတယ်။ တာရိုးလေးက မြစ်ရေမကျော်အောင် မြေဖို့ထားတဲ့ နေရာပေမဲ့ ကား သွားလို့ရတဲ့အထိ လမ်းအကျယ်ရှိပြီးတော့ တာရိုးတစ်လျှောက်ကိုလည်း အုတ်တံတိုင်း ကာထားပါတယ်။ အုတ်တံတိုင်း ဆိုပေမဲ့လို့ အလုံပိတ်တံတိုင်းမျိုး မဟုတ်ဘဲ အကွက်ကျဲကျဲ ကာထားတဲ့ အရံအတားသဘောမျိုးပါဘဲ။ တံတိုင်းနဲ့ကပ်ရပ်မှာ ထိုင်စရာ ကွန်ကရိ ခုံကလေးများ ခပ်ကျဲကျဲ ရှိနေပြီး တာရိုးပေါ်က လမ်းကလေးကတော့ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးလဲ ဖြစ်ပါတယ်။ အရိပ်ရ အပင်တွေကို အရွယ်ညီညီ စီရီလှပစွာ လမ်းဘေးဝဲယာ စိုက်ပျိုးထားပါတယ်။ သစ်ရွက်စိမ်းတို့ရဲ့ ရနံ့ကလည်း စိတ်ကိုလ တ်ဆတ် ကြည်မြစေနိုင်တယ် မဟုတ်ပါလား။  တာရိုးမှာတော့ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင် ကျယ်ကြီးနဲ့အတူ ပြုပြင်ထားတဲ့ အရွယ်မျိုးစုံ၊ အပင်မျိုးစုံတို့ကို စံနစ် တကျ စိုက်ပျိုး ထိန်းသိမ်းထားတဲ့ အပန်းဖြေစရာနေရာ ရှိပါတယ်။ ပန်းခြံလို့ခေါ်ချင်ပေမဲ့ အပွင့်ပွင့်တဲ့ ပန်းပင်ဆိုလို့ စက္ကူပန်းပင်ကလွဲလို့ ကျန်တာအားလုံးက စိမ်းစိမ်းစိုစို အရွက်ဖားဖား အပင်ကြီး၊ အပင်လတ်တွေ ဖြစ် တာကြောင့် ပန်းခြံလို့လဲ ခေါ်ဖို့ခက်ပါတယ်။ မြို့နေလူထု အပန်းဖြေနားနေစရာ ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အဲဒီ အနားယူစရာ နေရာရဲ့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သဘာဝ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ စားပွဲကြီးတွေ၊ လူတွေ ထိုင်စရာ ကျောက်ခုံတွေ ရှိပါတယ်.. နေ့ခင်း နေ့လည်ဆိုရင် အနားယူသူများ၊ မင်္ဂလာဆောင် အလှဓာတ်ပုံ ရိုက်ကြသူများ၊ ပျော်ပွဲစားထွက်သူများ ရှိနေတတ်ပြီး ညနေခင်းဆိုရင်တော့ လမ်းလျှောက်လာသူများ၊ ကားနဲ့လာပြီး မိသားစုလိုက် အပန်းဖြေ လေကောင်း လေသန့် ရှုကြသူ များနဲ့ မြက်ခင်းပြင်ကြီးမှာရော တာရိုး တစ်လျှောက်မှာပါ စည်ကားလှပါတယ်။ အစား အသောက် ရောင်း ချတဲ့ ဆိုင်ကလေးများလည်း ရှိနေတာကြောင့် အပန်းဖြေလာသူများအတွက် အဆင်ပြေလှပါတယ်။ သက်ထားကတော့ မြစ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ် လာတတ်တဲ့ လေပြေ အေးအေး စိမ့်စိမ့် လေးတွေရယ် ဟိုးအဝေးမှာ အဆုံးမရှိ မြင်နေရတဲ့ တောင်ပြာတန်း ကြီးတွေရဲ့ ညှို့ယူဆွဲဆောင်နိုင်လွန်းတဲ့ အလှအပ ရယ်ကြောင့် ဒီနေရာလေးကို  အလွန် သဘောကျမိ တာပါ ဘဲ။ တွေးချင်တိုင်း တွေး၊  ငေးချင်တိုင်း ငေးလို့ ကောင်း တဲ့ နေရာလေး တစ်ခုဘဲ မဟုတ်လား။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ခုလဲ တံတိုင်းနားက ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဟိုးဝေးဝေးက ဆင့်ကာဆင့်ကာ စီရီလှပစွာ ရှိနေတဲ့ ပြာရီ မှိုင်းမှိုင်း တောင် တံတိုင်းတွေကို ကျော်ဖြတ်လို့ သက်ထားရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်း လွှင့်သွားနေ တဲ့ အချိန်မှာ အနီးနားမှာ ကပ်ပြီး ပေါ်လာတဲ့ အသံတစ်ခုကြောင့် စိတ်နဲ့ကိုယ် ပြန်တွဲမိရက် သား ဖြစ်သွားပါတယ်။ ဒီလို စိတ်တွေ ရွက်လွှင့်သွားလိုက်မိတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သတိမထားလိုက်မိပေမဲ့ မြစ်ပြင် က လေအေးကြောင့် အင်္ကျီလက်တို ဝတ်ထားတဲ့ သက်ထားရဲ့ လက်မောင်း တစ်လျှောက် လုံးတော့ အေးစက်နေ ခဲ့ပါပြီ။ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လမ်းလျှောက်နေကြတဲ့ အသက် ၇ဝကျော် ၈ဝနီးပါး အဖိုးအဖွား စုံတွဲတစ်တွဲ။ အဖိုးအိုက တောင်ဝှေးလေးကို တစ်ဘက်က ကိုင်ထားရင်း လက်တစ်ဘက်က အဖွားအိုရဲ့ လက်ကလေးတွေကို ဖေးမတွဲကူလို့။ အဖွားအိုရဲ့ လက်တွေကလဲ အဖိုးရဲ့ လက်ပေါ်မှာ အားကိုးတကြီး ဆုပ်ကိုင်လို့။ ကြည့်ရတာ နဲ့တင် ကြည်နူးစရာ ကောင်းနေပြီ။ ကြားလိုက်ရတဲ့ အဖိုးအိုရဲ့ အကြင်နာမေတ္တာ အပြည့်နဲ့ အသံကရော သက်ထားရဲ့ အာရုံတွေကို ဆွဲယူသွားခဲ့တာဘဲမဟုတ်လား။ အဖိုးအိုက အဖွားကို ပြောတဲ့စကားက “အဖွားကြီးရေ.. မောနေပြီလား.။ ဖြေးဖြေးလျှောက်နော်.. ထိုင်စရာခုံ တွေ့ရင် ခဏလောက် နားရအောင်.. ရေရော ဆာနေပြီလား.. ထိုင်မဲ့နေရာကျရင် အိတ်ထဲက ရေ တိုက်မယ်နော်” တဲ့။. အဖွားကို ကြည့်ရတာ အနည်းငယ်တော့ မောပန်းနေပုံ ရပါတယ်။

တာရိုးတစ်လျှောက် သက်ထား လိုက်ကြည့်တော့ လူတွေက အတော်များနေတယ်။ ပြီးတော့ ထိုင်ဖို့လုပ်ပေးထားတဲ့ ခုံတွေကလဲ နေရာလွတ် မကျန်တော့အောင် လူတွေအပြည့် ရှိနေပါတယ်။ အထူးသဖြင့်တော့ ငယ်ငယ်ရွယ်ရွယ် စုံတွဲကလေးတွေက ပိုမိုများပြားပါတယ်။ ဒီတော့ မနေနိုင်တဲ့သက်ထားက ကိုယ်လက်ရှိ ထိုင်နေတဲ့ ကွန်ကရိ ခုံကလေးကနေ ထလိုက်ပြီး “အဖိုးနဲ့အဖွား ဒီမှာ ခနလောက်နားပါလား။ သမီး ဒီဘေးက အုတ်တံတိုင်းပေါ် ထိုင်လိုက်မယ်လေ” လို့ ဖိတ်ခေါ်လိုက်ပါတယ်။ အုတ်တံတိုင်းရဲ့ အမြင့်က ခါးလောက်ရှိတာမို့ အဖိုးအဖွားတို့ အတွက် အဆင် မပြေနိုင်ပေမဲ့ သက်ထားအတွက်တော့ ထိုင်လို့ အဆင်ပြေတာကြောင့် ခုံနေရာလေး ဖယ်ပေးပြီး အနီးနားက အုတ်တံတိုင်းပေါ် တက်ထိုင်လိုက်ပါတယ်။ သူမ ကလည်း အိမ်မပြန်ချင်သေးဘူး မဟုတ်လား။

ခုံကလေးပေါ် ထိုင်လိုက်တဲ့ အဖိုးအဖွားတို့ကိုကြည့်ရင်း ဘာရယ်မသိတဲ့ ခံစားချက်လေးတွေနဲ့ စိတ်ဝင်တစား ငေးကြည့်နေမိပါတယ်။ အဖိုးအိုက သူလွယ်လာတဲ့ အိတ်ကလေး ထဲက ရေဘူးလေးတစ်ခု ကို ထုတ်လိုက်ပြီး အဖွားကို တိုက်ပါတယ်။ ဒါပေမဲ့ အဖွားက ငြင်းလိုက်ပြီး အဖိုးကို “အရင် သောက်ပါ” လို့ ပြော လိုက်တော့မှ အဖိုးအိုက ခပ်ပြုံးပြုံးလေး နဲ့ ရေကို မော့သောက်လိုက်ပြီး အဖွားဘက်ကို ပြန်ပေးလိုက်တော့မှ အဖွားအိုက ရေကို ဖြေးဖြေးလေး မော့သောက်ပါတယ်။ အဖွား ရေသောက်နေ တုန်းမှာ အဖိုးအိုက အိတ်ထဲက နောက်ထပ် ပစ္စည်းလေး တစ်ခုကို ဆွဲထုတ်လိုက်ပြန်တယ်.. သူ့လက်ထဲ ပါလာတာက လက်ကိုင် ပုဝါလေး တစ်ထည်။ အဲဒီ လက်ကိုင်ပုဝါလေးနဲ့ ချွေးစို့နေတဲ့ အဖွားရဲ့ နဖူးနဲ့ လည်ပင်းတို့ကို သာသာဖွဖွလေး သုတ်ပေးနေပါတယ်။ “အိုး သိပ်ကို ရိုမန်တစ်ဆန်လှတဲ့ ကြည်နူးဖွယ် မြင်ကွင်းကလေး ပါဘဲလား”  သေချာတာ ကတော့ အဲဒီမြင်ကွင်းကို ကြည့်နေမိတဲ့ သက်ထားရဲ့ မျက်နှာဟာ ကြည်နူးမှုတွေနဲ့ ပြုံးနေမိလိမ့်မယ်လို့ ထင်ပါတယ်။

အဖိုးကိုကြည့်ရတာ သူ့အပြုအမူတွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ဟန် ဘာမှ မတွေ့ရသလို ဒီလို လုပ်ပေးနေတာ ဟာလည်း သူ့အတွက် ဘာမှမထူးဆန်းသလို အမြဲလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေတဲ့ပုံစံမျိုးနဲ့။ သက်တောင့် သက်သာ စေတနာ မေတ္တာအပြည့်နဲ့ပါဘဲ။ အဖွားအိုကရော.. သူ့မျက်နှာပေါ်လည်း အဖိုးကို ချစ်ခင်မြတ်နိုးခြင်း၊ အားကိုးယုံကြည်ခြင်းတွေအပြည့်နဲ့ အဖိုးခုလို လုပ်ပေးနေတာကို ကြည်နူးနှစ်သက်နေတဲ့ အပြုံးကလေးနဲ့အတူ မျက်နှာလေးက အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်နေပေမဲ့လို့ ချစ်ခြင်း မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှန်းစို လင်းလက်လို့ပါဘဲ။ သူတို့ နှစ်ဦးကိုကြည့်ပြီး သက်ထားရင်ထဲက သောက တို့ကိုတောင် ခဏမေ့သွားတယ်လို့ ထင်မိတော့တယ်။

ရေသောက်ပြီး ရေဘူးလေးကို အဖိုးကိုပြန်ပေးလိုက်တဲ့ အဖွားဟာ လက်ကိုင်ပုဝါကို ပြန်ဆွဲယူလို့ အဖိုးအိုကို ယုယ ကြင်နာစွာနဲ့ တစ်လှည့် ပြန်သုတ်ပေးနေပါတယ်.. ပြီးသွားတော့မှ တစ်ယောက်တည်း ထိုင်နေတဲ့ သက်ထား ဘက်ကို လှည့်ကြည့်ပြီး “သမီးက တစ်ယောက်တည်းလား.. အဖော်မပါဘူးလား” လို့ မေးလာပါတယ်။ သက်ထားလဲ “အဖိုးနဲ့ အဖွားတို့လို ပျော်စရာ အဖော် မရှိဘူးလေ” လို့ ရယ်ရွှင်ပြပြနဲ့ နောက်တောက်တောက်လေး လုပ်ကာ ပြန်ဖြေလိုက် ပါတယ်။ သူတို့ ၂ယောက်ကို ကြည့်ပြီး သက်ထားစိတ်ထဲမှာ ရင်းရင်းနှီးနှီးကို ခံစားနေ မိပြီး အလိုလို ရွှင်မြုးနေတဲ့ စိတ်ကလေး ဖြစ်နေခဲ့မိ တာကြောင့်ပါ။ အဖိုးအဖွားတို့က သက်ထားရဲ့စကားကို ခပ်ဟက်ဟက်လေး ရယ်မော လိုက်ကြပါတယ်။ ချစ်ဖို့ တကယ်ကို ကောင်းတဲ့ အဖိုးအဖွား စုံတွဲပါဘဲ။ အဖိုးနဲ့အဖွားကို ကြည့်ရင်း စိတ်ထဲကနေ မေးခွန်းလေးတွေ မေးကြည့်ချင်လာတာကြောင့် စကားစလိုက်မိပါပြီ..

“အဖွားတို့ကို ကြည့်ရတာ အရမ်းကြည်နူးစရာ၊ အားကျစရာကောင်းတယ်နော်..  အိမ်ထောင်သက် ဘယ်လောက် ကြာပြီလဲဟင်”

သက်ထားရဲ့အမေးကို အဖွားက ပြုံးပြုံးကလေးနဲ့ “အဖွားတို့က ငယ်လင်ငယ်မယားတွေ သမီးရဲ့ .. အဖွား ၁၈နှစ် သမီးရဲ့အဖိုး အသက် ၂၂မှာ အိမ်ထောင်ကျတာ ဆိုတော့ အခု အဖွားက ၇၈၊ အင်း နှစ် ၆၀ရှိပြီပေါ့သမီးရယ်.. ” လို့ ပြန်ဖြေပါတယ်..

“သားသမီးတွေရော ဘယ်နှယောက်ရှိလဲ” လို့မေးပြန်တော့ “သား၂ယောက် သမီး၎ယောက်ရှိတယ် သမီးရေ.. အားလုံး အိမ်ထောင်ကျလို့ အဖွားတို့မှာ မြေးတွေချည်း ၂၀ကျော်နေပြီ… အဲ မြစ်တွေတောင် တစ်ချို့ အိမ်ထောင် ကျသူ ကျနေပြီလေ” လို့ပြန်ပြောပါတယ်။ အဖွားရဲ့အသံက အရမ်းကို နူးညံ့ သိမ်မွေ့တာပါဘဲ.. လေသံလေးကလဲ ချိုချိုအေးအေးလေးနဲ့။ ကြည့်ရတာ သူ့တစ်သက်မှာ ကြမ်းကြမ်းတမ်းတမ်း စကားတို့ကိုပင် ဆိုခဲ့ဖူးပုံမပေါ်ပါ..

“အဖွားတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာဘဲနော်.. အဖွားတို့ အိမ်ထောင်သက်မှာ ရန်တစ်ခါမှ မဖြစ်ဖူးဘူးလား” လို့ မေးမိတော့ အဖိုးက ပြန်ဖြေပါတယ်.. “အဖွားက စိတ်ကောင်းတယ် သမီးရဲ့။ အဖိုးက လူငယ် ဘဝတုန်းကတော့ စိတ်ဆတ်တာပေါ့။ ဒါပေမဲ့ အဖိုးစိတ်ဆိုးမယ်ပြင်ရင် သူက အရင် အလျှော့ပေးလိုက်တော့ ဘယ်တော့မှ ရန်ဖြစ်တဲ့အဆင့်ကို မရောက်ပါဘူးကွယ်။ လူနှစ်ယောက်မှာ တစ်ယောက်က တင်းရင် တစ်ယောက်က အလျော့ပေးလိုက်တယ်ဆိုရင် ပြီးသွားတာဘဲ မဟုတ်လား သမီးရယ်  ”

“သူကလဲ အဖွားအပေါ် ညှာတာတာကိုးသမီးရဲ့။ အဖွားကို အော်ဟစ်ဆူပူတာမျိုး မဖြစ်ခဲ့ဖူးတော့လည်း ရန်ဖြစ်တယ် ဆိုတာလည်း ဘယ်ရှိတော့မှာလဲ။ အဓိက ကတော့ နားလည်မှုပေါ့သမီးရယ်.. အဖိုးက အဖွားအပေါ် အမြဲတမ်း နားလည်မှုပေးခဲ့တယ်.. အိမ်ထောင်ဦးစီး ပီပီသသနဲ့ အဖွားကို ငဲ့ညှာတယ်။ ကြင်နာတယ်လေ။. အဖွားတို့ မိန်းမတွေရဲ့ စိတ်က ကိုယ့်ယောက်ျားကို အားကိုးတွယ်တာ တတ်တဲ့ စိတ်မျိုး ရှိတယ် မဟုတ်လား။ ယောက်ျားလုပ်သူက ကောင်းနေရင် မိန်းမတွေကလဲ အိမ်ထောင်ရှင်မ ကောင်း ပီသဖို့ ဘယ် ဝန်လေးတော့မလဲ သမီးရယ်…  ကိုယ်ချစ်လို့ ထူထောင်ထားတဲ့အိမ်ထောင်ရေးကို တစ်သက်လုံး ပျော်ပျော် ရွှင်ရွှင် အေးအေး ချမ်းချမ်းနဲ့ ရိုးမြေကျတဲ့အထိ ဖြတ်သန်းချင်တာလေ.. သမီးအဖိုးကလဲ ဒီလို စိတ်မျိုးဘဲရှိပါတယ်.. ဒီတော့ အဖွားတို့က မချမ်းသာပေမဲ့ ဘ၀ကို နားလည်မှုလေးတွေနဲ့ တည်ဆောက်ကြတော့ စိတ်အေးချမ်းတယ် သမီးရဲ့”  အဖွားရဲ့ လေသံ အေးအေးလေးက သူ့ရဲ့စိတ်လေးလိုပါဘဲ အေးချမ်းလိုက်တာ သူတို့ပြောတဲ့ စကားတွေဟာ အမှန်ဖြစ်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင် သက်ထား ရင်ထဲက ယုံကြည်မိ ပါတယ်။သူတို့ရဲ့ စိတ်သဏ္ဍာန်တွေက  သူတို့ရဲ့ အပြုအမူ ပေါ်မှာတင်မက မျက်နှာပေါ်မှာပါ ဖော်ပြနေ သားဘဲလေ။

“အဖွားတို့အိမ်ထောင်ရေးက သိပ်စိတ်ချမ်းသာစရာ ကောင်းတာဘဲနော် .. နှစ်ယောက်လုံးက ချစ်ဖို့ကောင်းတယ်။ သဘောလည်း ကောင်းလို့လေ။ အဖိုးရဲ့ နားလည်မှုကို ရထားတဲ့ အဖွားက ကံကောင်းသလို အလျှော့ပေးတတ်တဲ့ အဖွားကို ရတာလဲ အဖိုး ကံကောင်းတာပါဘဲနော် ”

သက်ထားက ပြောလိုက်တော့ အဖွားက သက်ထားကို ရင်းနှီးခင်မင်စိတ်ကြောင့် ထင်ပါရဲ့.. မေးခွန်းလေး တစ်ခု ပြန်မေး ပါတယ်..  “ဒီလိုဆို သမီးကရော သမီးရရှိထားတဲ့အချစ်က ဘယ်လို အချစ်မျိုးလဲ.. နားလည်မှုပေးတဲ့ အချစ်လား။ အလျှော့ပေးတဲ့ အချစ်မျိုးလား၊ အဲဒီအချစ်မှာ သမီးကိုယ်တိုင်ကရော စိတ်ချမ်းမြေ့မှု ရရဲ့လား” တဲ့

သူမ ကသာ မေးခွန်းတွေ တောက်လျှောက် မေးလာခဲ့ပေမဲ့ ရုတ်တရက် ပြန်မေးလိုက်တဲ့ အဖွားရဲ့ မေးခွန်းမှာ သက်ထားရဲ့ နှုတ်ခမ်းတွေဟာ ဆွံ့အလို့ သွားခဲ့ပါတယ်။ ပြန်ဖြေစရာ စကား ရှာမရတာနဲ့ဘဲ  ခပ်ပြုံးပြုံးလေးသာ လုပ်နေ လိုက်မိပါတော့တယ်၊ တကယ်တမ်းတော့  အဖွားရဲ့ မေးခွန်းကို သက်ထား သိပ်ဖြေချင်ပါတယ်။ အဲဒီလို ဖြေချင်တဲ့ စကားလုံးလေးတွေ ဟာလည်း “ သမီး ရရှိထားတဲ့ ချစ်ခြင်းမှာ စိတ်ချမ်းမြေ့ပါ တယ်။ ပျော်ရွှင်ကျေနပ်ပါတယ်” လို့ ဖြေချင်ခဲ့မိတယ်။ ဒါပေမဲ့ စိတ်ထဲက တကယ်တမ်း တီးတိုးလေး ပြောနေမိတာက “သမီးလဲ အဖွားလို ကံကောင်းချင် ပါတယ်။ ချစ်ခြင်းမှာ သာယာ ချမ်းမြေ့ချင်တာပါဘဲ အဖွားရယ်။  ဒါပေမဲ့ အဖွားလို ကံမကောင်းခဲ့ပါဘူး”

အကြာကြီး တိတ်ဆိတ်သွားတဲ့ သက်ထားကိုကြည့်ပြီး အဖိုးက “ကဲ... သမီးရေ.. မမှောင်ခင် အဖိုးတို့ ပြန်လိုက်ဦးမယ်.. ညနေတိုင်း အဖိုးတို့က လမ်း လာလာလျှောက် တယ်လေ.. ဟိုးနားလေးက အိမ်မှာနေတယ် သမီးရေ။ ရောက်ရင် ဝင်လာလည်နော်.. သမီးအဖွားက ခုချိန်ထိ အဖိုးကို ဟင်းချက်ကျွေးတုန်း.. သူက ဟင်းချက် သိပ်ကောင်းတာသမီးရဲ့။ လာလည်ရင် သမီးကို အဖွားလက်ရာနဲ့ ထမင်းကျွေးမယ်နော်။” လို့ ပြောလိုက်ရင်း  တောင်ဝှေးကိုကောက်လို့ အရင် ထလိုက်ပြီး လက်ကလေးတစ်ဖက်ကို ကမ်းလိုက်ကာ အဖွား ထနိုင်အောင် ကြင်ကြင် နာနာလေး တွဲထူ လိုက်ပါတယ်။ အတွဲခံရတဲ့ အဖွားရဲ့ လက်ကလေးတွေကလည်း အဖိုးရဲ့ လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်လို့။

“သမီးလဲ တစ်ယောက်တည်း ဆိုတော့ မမှောင်ခင်ပြန်နော်.. အကြာကြီး မထိုင်နဲ့။ မြစ်ဘက်ကနေ  လာတဲ့ လေက အေးတော့ အအေးမိနေဦးမယ်.. နောက်ကို ဟိုနားဘက်ရောက်ဖြစ်ရင် အဖွားတို့ဆီလဲ လာလည်နော်” လို့ လေသံ ချိုချိုအေးအေးလေးနဲ့ အဖွားက သက်ထားကို သံယောဇဉ် ကြီးတတ်စွာ ဝင်ပြောလိုက် ပါတယ်။



တစ်ယောက်လက် တစ်ယောက်တွဲပြီး တစ်ရွေ့ရွေ့ ဝေးကွာသွားတဲ့ အဖိုးနဲ့ အဖွားကိုကြည့်ပြီး ခံစားချက် တစ်မျိုးကြောင့် မျက်ရည်စတစ်ချို့တို့က သက်ထားရဲ့ မျက်ဝန်းအိမ်မှာ ရစ်ဝဲ လာမိပါတယ်။ ကြည်နူးမှုကြောင့် ကျတဲ့ မျက်ရည်လား။ ဘယ်လို ခံစားချက်ကြောင့် ကျတဲ့ မျက်ရည်လဲ ဆိုတာကိုတော့ သက်ထား ကိုယ်တိုင်တောင် ဝေခွဲဖို့ ခက်နေမိပါတယ်။ နားလည်စာနာမှု၊ အလျှော့ပေးသိတတ်မှု၊ ချစ်ခင် ကြင်နာမှုစတဲ့ အရာတွေနဲ့ လှလှပပ ယှက်ဖွဲ့ထားတဲ့ အဖိုးအိုနဲ့ အဖွားအိုတို့ရဲ့ လေးစားအားကျဖွယ် တူညီသော ချစ်ခြင်း မျိုးကိုတော့ မက်မက်မောမော လိုချင်ခဲ့မိသော်လည်း သက်ထားဟာ အချစ်နဲ့ ပတ်သက်လို့  အဖွားလို ကံကောင်းသူ တစ်ယောက် မဖြစ်ခဲ့ကြောင်း ကိုတော့ဖြင့် အဖိုးအဖွားတို့ကို ပြောမပြချင်တော့ပါ။ အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စာနာ နားလည်မှု၊ ဖေးမ ကူညီမှု၊ မြတ်နိုး တွယ်တာမှု၊ လေးစား ချစ်ခင်မှုတွေနဲ့ တည်ဆောက် ထားကြမယ်ဆိုရင် သာယာ လှပတဲ့ ပျော်ရွှင် ချမ်းမြေ့ဖွယ် ချစ်ခြင်းတစ်စုံ ဖြစ်လာမှာတော့ သေချာသားဘဲ မဟုတ်ပါ လားနော်။






လွန်ခဲ့တဲ့ ၂နှစ်က ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုလေးပါ။ စာရေးဖို့ အချိန်မရသေးတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို ပြန်တင် မိပါတယ်။ လူတိုင်းအတွက် တူညီသော ချစ်ခြင်းများကို ပိုင်ဆိုင်နိုင်ကြ ပါစေရှင်။

15 comments:

အရမ်းကောင်းတယ်အစ်မ ချော..
လာဖတ်သွားပါတယ်..။ အဲဒီလိုမျိုးမိသားစုတစ်ခုဖြစ်အောင် ကြိုးစားနေပါတယ်.။

Wish you all the best Sis ...

ဒါကိုဖတ်ပြီး.....စိတ်ထဲပေါ်လာ တာတွေ အများကြီးဘဲ......

ရုပ်ဝတ္ထု ဆန်သထက် ဆန်လာတဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ အဲဒီ အဖိုးနဲ့အဖွားလိုမျိုး သက်ဆုံးတိုင် ချစ်ခင်တွယ်တာခြင်းတွေ ရှားပါးသထက် ရှားပါး လာနေပြီ မချောရေ..၊ ဒီဝတ္ထုလေးက ကိုယ်တွေ့ ကြုံခဲ့ရတာ အပေါ် အခြေခံတယ် ဆိုရင်တော့ ဒီလိုမျိုး အဖိုးနဲ့အဖွားကို ဆုံခဲ့ရတာ မချော ကံကောင်းတာပဲ..။း)

စိတ်ညစ်ညူးတဲ့အခါချောရဲ့စိတ်ဖြေပုံလေးကို
သဘောကျတယ်။မြင်တွေ့လိုက်ရတဲ့ရှုခင်းလေးတွေ
ကရင်ကိုအေးမြစေတာအမှန်ပါ။ ခက်ခဲတဲ့အချိန်ကို
ကျော်ဖြတ်ပြီးတဲ့တစ်နေ့ဟာ အဖိုးအဖွားတို့လို
ဘဝအတွက်စိတ်ချမ်းမြေ့မဲ့ရက်တွေပေါ့ချောရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော ... ရေ .. ချော ဘလော့ကိုလေ .. Maxthos 3 browser နဲ့ ဖွင့်တော့ ရတယ်။ mozilla နဲ့ ဖွင့်တော့ မရဘူးရယ် ... အမြန်ဆုံး ပြန်ကောင်းလာပါစေနော်

ချော ရေ ... အလည်သွားတယ်နော် ... ဒီပိုစ့်လေးလည်း ကြိုက်တယ် ..

ချော ဘလော့ကိုလေ ..
Maxthon 3 browser နဲ့ ဖွင့်မှပဲ ရပါတယ် ...
Mozilla တို့ ...
Chrome တို့နဲ့ ဖွင့်လို့မရဘူး ...

ကွန်ပြူတာမှာ virus scan software ရှိလို့ မကြောက်ပါဘူး ...
ဘာမှလည်း virus alert မပြဘူး ...

အမြန်ဆုံး ဘလော့လေး နေပြန်ကောင်းလာပါစေနော် ...

ချော ရေ ..

နောက်တခေါက် ထပ်လာလည်တယ်နော် ...

အခု .. အားလုံး အိုကေ သွားပီ ...

နေပြန်ကောင်းသွားတဲ့ ချောရဲ့ အိမ်လေး အမြဲတန်း စိမ်းလန်း စိုပြေနေပါစေကွယ် ....

အင်း...သေချာသားဘဲလို့ ခုထိတော့ယုံကြည်နေသေးတယ်...

အချစ်ဆိုတာပုလောင်တယ်ဆိုပေမယ့်
တခါတခါအဲလိုငြိမ်းအေးတဲ့အချစ်တွေရှိနေသေးတယ်ဆိုတာကိုအကြွင်းမဲ့ယုံကြည်ပါတယ်

အားပေးလျှက်ပါချစ်မကြီးရေ

ချစ်တဲ့

ဒိုးကန်

မချောဘလော့ခ်မှာ ပိုးဝင်နေလို့ အခုမှ လာဖြစ်တယ်... အဲဒီလိုမျိုးအချစ်တွေကို... ဖတ်ရတာ ကြည်နူးတယ်... . နေတတ်ရင် လောကကြီးက ပျော်စရာပါ မချောရေ....း)))

ခင်မင်လျက်
နေ၀သန်

အဲလိုအချစ်မျိုးလေးတွေအားကျတယ် လူတိုင်းအချစ်ကံကောင်းပါစေလို့ ဆုတောင်းပါတယ်...

တို့ အစ်မချောကို အားကျလိုက်တာ...
"ငရဲပန်းဆီသို့ "ပို့ စ်ကို look facebook မှာတွေ့ ရတဲ့အတွက် အရမ်းလည်းဂုဏ်ယူမိပါတယ်...
ဆက်လက်ပြီး ငရဲပန်းဇာတ်သိမ်းကို ထုဆစ်နိုင်ပါစေလို့ 
မျှော်လင့်ရင်း...
ထော်ဦး

မမရေ လာလည်သွားတယ်
အားရင် ဘလော့ဂ်အသစ်ကပုံလေးတွေ လာပြီးဝေဖန်အားပေးပါအုံး

အဖိုး၊ အဖွားရဲ့  အချစ်လေးက ကြည်နူးစရာ