Tuesday, May 29, 2012

ရွှေရောင်ပြူတင်းပေါက်ကလေး

ကောင်မလေးဟာ  ဆင်းရဲပြီး ရိုးသားအေးဆေးတဲ့ မိသားစုမှ မွေးဖွားလာသူတစ်ဦး ဖြစ်ပါတယ်.. သူမတို့ရဲ့ အိမ်ကလေးဟာ တောင်ကုန်းတစ်ခုရဲ့ အပေါ်မှာရှိပြီး သိပ်မကျယ် လှတဲ့ ခြံကလေး ထဲမှာဘဲ ပြေးလွှားဆော့ကစားရင်း ကြီးပြင်းလာခဲ့ရပါတယ်.. အိမ်ကလေးရဲ့ ခြံစည်းရိုး ကနေ ကျော်ကြည့် လိုက်မယ်ဆိုရင် အခြားတောင်ကုန်းလေး တစ်ခုကို လှမ်းမြင်နိုင်ပါတယ်.. အဲဒီတောင်ကုန်းလေးပေါ်မှာ တည်ရှိနေတဲ့ အိမ်တစ်အိမ်ကတော့ ကောင်မလေးရဲ့အမြင်မှာ အင်မတန်မှ လှပခမ်းနားပြီး ရွှေရောင် ၀င်းလက် တောက်ပနေတဲ့ ပြူတင်းပေါက်လေးတွေ ရှိနေတာကို တွေ့ရပါတယ်။ အဲဒီအိမ် ပြူတင်းပေါက်လေးရဲ့ ရွှေရောင် တောက်ပနေမှုက ကောင်မလေးရဲ့ စိတ်အစဉ်ကို အမြဲ ဖမ်းစားထားနိုင်ခဲ့ပါတယ်။ ကောင်မလေးတို့ရဲ့ ရိုးရှင်းလှတဲ့  ဒီအိမ်ကလေးနဲ့စာရင် ဟိုဘက် တောင်ကုန်းပေါ်က အိမ်မျိုးမှာ နေထိုင် ကြီးပြင်းခွင့်သာ ရခဲ့မယ်ဆိုရင် ဘယ်လောက် များ ပျော်ရွှင် ကြည်နူးဖွယ်၊ စိတ်လှုပ်ရှား တက်ကြွဖွယ် ကောင်းလိုက်မှာပါလဲ လို့ အမြဲတမ်း တွေးနေ မိပါတယ်။ 


ကောင်မလေးဟာ သူ့မိခင်ဖခင်နဲ့ သူ့မိသားစုကို ချစ်ခင်တွယ်တာပေမဲ့ ဟိုဘက် တောင်ကုန်းပေါ်က အိမ်ကလေးကိုသာ တမ်းတလို့သာ နေရှာပါတယ်… အဲဒီအိမ်ကလေးဟာ  သူမအမြဲမက်နေတဲ့ အိပ်မက်လေး တစ်ခုလည်း ဖြစ်လာပါတယ်.. ထိုတောင်ကုန်းပေါ်က ရွှေရောင် ပြူတင်းလေးတွေနဲ့ အိမ်ကလေးဟာ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေပြီး နေရထိုင်ရတာ သက်တောင့် သက်သာရှိလိမ့်မယ်၊ နေပျော်ချင်စဖွယ် ရှိနေလိမ့်မယ် လို့လည်း သူမက ယုံကြည်နေပြန် ပါတယ်။ ကောင်မလေး ဟာ အချိန်အားရရင် ခြံစည်းရိုးကလေးကနေ တစ်ဘက်တောင်ကုန်းက အိမ်ကလေးကို မျှော်ငေးရင်း အချိန်ကုန်နေတတ်ခဲ့ပါတယ်..

 သူမဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းလာနိုင်တဲ့အရွယ်၊ စဉ်းစားဆင်ခြင်နိုင်တဲ့အရွယ် ရောက်လာတဲ့ အချိန်မှာတော့ သူမတို့ ခြံစည်းရိုးကလေးကနေ အပြင်လောကကို ထွက်ပြီး လေ့လာကြည့်လိုတဲ့ ဆန္ဒတွေ ဖြစ်လာပါပြီ….  သူမအိမ်က စက်ဘီး အဟောင်း ကလေးနဲ့အတူ သူမတို့အိမ်ရဲ့ ခြံစည်းရိုး အပြင်ဘက် တောင်အောက်က လမ်းကလေးပေါ် စက်ဘီးစီးခွင့်ပြုဖို့ မိခင်ကို အကြိမ်ကြိမ် အခါခါ တောင်းပန်ပါတယ်.. နောက်ဆုံးတော့ သူမရဲ့ မိခင်ဖြစ်သူက ကောင်မလေးရဲ့ ဆန္ဒကို လိုက်လျော ခွင့်ပြုလိုက်ပါတယ်.. အိမ်ကလေးကနေ လွတ်လပ် ပျော်ရွှင်စွာနဲ့ တောင်ကြားလမ်းလေး တစ်လျှောက် စက်ဘီးလေး စီးလို့ ထွက်လာတဲ့ ကောင်မလေးဟာ သူမ သွား နေတဲ့  ဦးတည်ရာကို သေချာ သိနေပါတယ်.. သူမ အသွားချင်ဆုံး၊ အကြည့်ချင်ဆုံး၊ ရင်အခုန်ဆုံး နေရာလေးဖြစ်တဲ့ တစ်ဘက် တောင်ကုန်းပေါ်က အိမ်ကလေးဘဲပေါ့… ကောင်မလေးဟာ သူမ တွယ်ငြိနေတဲ့ တောင်ကုန်း ထိပ်က အိမ်ကလေးရဲ့ အနီးဆုံးနေရာကို  စက်ဘီးကလေးနဲ့ မမောမပန်းနိုင် ရောက်အောင် တက်သွားနေပါတယ်။

ကုန်းထိပ်လေးရောက်တော့ အိမ်ကလေးရဲ့ ခြံဝင်းတံခါးပေါက်နဲ့ အနီးဆုံးနေရာမှာ စက်ဘီးကို ရပ်လိုက်ပါတယ်.… ပြီးတော့ ခြံဝင်း ထိပ်ကနေပြီး အိမ်ကလေးဆီကို ဦးတည်သွားနေတဲ့ လမ်းကလေး၊ ခြံဝင်းတစ်ခုလုံး၊ နောက်ဆုံး အိမ်ကြီးတစ်ခုလုံးကို အသေးစိတ် စေ့စေ့စပ်စပ် လေ့လာ ကြည့်ရှုပါတော့တယ်.. ပြီးတော့ သူမ အစွဲလန်းခဲ့ဆုံး ပြူတင်းပေါက်ကလေးများပေါ့.. ဒီမှာတင်ဘဲ သူမရဲ့ ဒီအိမ်ကလေးအပေါ်ထားတဲ့  ငြိတွယ်မှုတွေ အားလုံး နိဂုံး ချုပ်သွားစေမဲ့ အရာက ရွှေရောင်တောက် ပနေပြီး သိပ်ကို ထူးခြား ဆန်းပြားစွာ လှပ လွန်းပါတယ်လို့ ကောင်မလေး ထင်ခဲ့ဘူးတဲ့ ပြူတင်းပေါက်လေး။ အခု လက်တွေ့ တကယ်တမ်း သူမ တွေ့နေရတာက ဘာ အရောင်အဆင်းမှ မရှိဘဲ မှေးမှိန်ဖျော့တော့လို့နေတဲ့ ခပ်ညစ်ညစ် ပြူတင်းပေါက်လေးများသာ။ အဝေးကနေ လှပထယ်ဝါ တင့်တယ်ခမ်းနားပါတယ်လို့ ထင်ခဲ့တဲ့ အိမ်ကလေးဟာလည်း လူမနေတော့ဘဲ စွန့်ပစ်ထားခဲ့တာ ကြာပြီဖြစ်ပုံရတဲ့ ဘာမှထူးခြားမှုမရှိတဲ့ ခပ်ဟောင်းဟောင်း အိမ်ကလေး တစ်လုံးမျှသာ… ရွှေရောင်ပြူတင်းပေါက်လေး ဆိုတာဟာလည်း နေရောင်ခြည် ဖြာဝေ လင်းပတဲ့ အချိန်မှာ ရွှေရောင်တောက်ပနေတယ်လို့ အဝေးကနေမြင်ခဲ့ရတဲ့ ကောင်မလေးရဲ့ အထင် သက်သက်မျှသာ…

တကယ်မရှိတဲ့ ရွှေရောင် ပြူတင်းပေါက် ကလေးအတွက် ကြေကွဲဆုံးရှုံးမှုကို ခံစားလိုက်ရတဲ့ ကောင်မလေးဟာ တကယ်တမ်းတော့ သူမရဲ့ ကာလရှည်ကြာ မက်ခဲ့ရတဲ့ အိပ်မက်ကလေး တစ်ခုကို လက်လွတ်လိုက်ရခြင်းလဲ ဖြစ်ပါတယ်။ ဆုံးရှုံးသွားတဲ့ စွဲလမ်းမှုလေးအတွက် နှမြောတသစိတ် ၀မ်းနည်းကြေကွဲစိတ်တွေနဲ့ ကောင်မလေးဟာ သူ့ရဲ့စက်ဘီးလေးကို ပြန်စီးနင်းလိုက်ပြီး ထိုအိမ်ရှိရာ တောင်ကုန်းလေးထိပ်ကနေ ထွက်ခွာ လာပါတော့တယ်.. စက်ဘီးလေးကို အားစိုက်နင်းနေရင်းက အတော်ကြာတော့ သူမရဲ့ခေါင်းလေးကို အသာမော့လို့ ကြည့်လိုက်တဲ့အခါ သူမတွေ့လိုက်ရတာက နေရောင်ခြည်လေးေ တွဟာ သူမတို့ရဲ့ အိမ်ကလေးပေါ်ကို ရွှန်းလဲ့ဖြာကျလို့ ၀င်းဝင်း ၀ါဝါကလေး.... ပြူတင်းပေါက်လေးတွေ ဟာလည်း ရွှေရောင်တောက်ပလို့.. “အိုး…… လှလိုက်တဲ့ ပြူတင်းပေါက်လေး..” တောင်ကြားလမ်းကလေး တစ်လျှောက်က အိမ်ကလေးတွေရဲ့ အပေါ်မှာလည်း နေခြည်လဲ့လဲ့က ၀ါရွှေလင်းမြလို့။ ပြူတင်းပေါက်တွေ မှာလည်း ရွှေရောင်ဖွဖွ ရွှန်းပလို့……  လှလိုက်ပါဘိ.။

ကောင်မလေး သဘောပေါက်ပါပြီ.. တကယ်တမ်းတော့ သူမဟာ ရွှေရောင်ပြူတင်းပေါက်လေးတွေ ရှိတဲ့အိမ်မှာ နေထိုင်ခွင့် ရနေခဲ့တာ သူမကိုယ်တိုင် ဘယ်တုန်းကမှ မသိခဲ့ပါဘူး… ခုလို မြင်သာတဲ့နေရာ ရောက်တဲ့ အခါမှသာ ကိုယ်ပိုင်ဆိုင်ထားတဲ့ အရာရဲ့ တန်ဖိုးနဲ့ အလှအပကို ကောင်းကောင်း မြင်တွေ့နိုင်ခွင့် ရလိုက်တာပါ… သူမရဲ့ အိမ်ကလေးဟာ ချစ်ခြင်းမေတ္တာတွေ၊ နွေးထွေးလုံခြုံခြင်းတွေ အပြည့်နဲ့ အလွန်လှပတဲ့ ရွှေရောင် ပြူတင်းပေါက် ကလေးတွေနဲ့ အိမ်ကလေးတစ်လုံးသာ ဖြစ်ပါတယ်… ဒီနေရာမှာ သူမကို ချစ်ခင်တဲ့ မိသားစုလည်း ရှိနေတယ်လေ.…. အိမ်အပြန်လမ်းမှာတော့ ကောင်မလေးဟာ ကြည်လင်ရွှင်ပြခြင်း ရွှင်လန်း ဝမ်းမြောက်ခြင်း အပြည့်နဲ့ စက်ဘီးကလေးကို ခပ်သွက်သွက်လေး စီးနင်းရင်းပေါ့။ သူမဦးတည်ရာ အရပ်ဟာ ချစ်ခြင်းမေတ္တာနဲ့ မိသားစုဝင်တွေရဲ့ နွေးထွေးလုံခြုံခြင်းတွေ ရှိနေမဲ့ ရွှေရောင် ပြူတင်း နဲ့ ရွှေရောင် လင်းလက်နေတဲ့ ချစ်ဖွယ်ရာ သူမရဲ့ အိမ်ကလေး တစ်လုံးသာ ဖြစ်တယ် မဟုတ်ပါလား။
******@@@******


တစ်ခါတစ်လေမှာတော့ ကျွန်မတို့ဟာ ကိုယ်နေတဲ့ အိမ်ကလေးကိုကျော်ပြီး တစ်ဘက်က အိမ်ကလေးကို ကိုယ့်အိမ်ထက်ပိုပြီး ပျော်ရွှင်ဖွယ်ကောင်းတယ်၊ သာယာလှပတယ်လို့ ထင်တတ်ကြပါတယ်..  တကယ်တမ်း မှာတော့ ကိုယ်နေထိုင်ရာ ကိုယ့်မိသားစုရှိတဲ့ အိမ်ကလေး ကသာလျှင် မိမိကို နွေးထွေးတဲ့ မေတ္တာတရားတွေပေးမဲ့ ရွှေရောင် ရိပ်မြုံလေးသာ ဖြစ်တယ် မဟုတ်ပါလားနော်။ အိမ်နဲ့ဝေးနေသူများအားလုံး နွေးထွေးတဲ့ အိမ်ရိပ်ကို အမြန်ဆုံး ပြန်လည် ခိုလှုံနိုင်ကြပါစေလို့ ဆုမွန်ခြွေလျှက်    The House with The Golden Windows (Author Unknown) ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။



Image Hosted by PicturePush - Photo Sharing

17 comments:

ဖတ်ပြီးသားလို့ ထင်တယ်နော်- ပြန်ဖတ်သွားပါတယ်...

ဟုတ်တယ်နော်.. လူတွေဟာ အဝေးက ကိုယ်သေချာမသိတဲ့ အရာကိုမှ ပိုကောင်းတယ်လို့ ထင်တတ်ကြတယ်..
ကိုယ်ပိုင်ဆိုင်နေတဲ့ လက်ရှိအရာတွေကို တန်ဖိုးထားတတ်ဖို့ လိုပါရဲ့..

သိင်္ဂါကျော်

ဒါကြောင့် ....
“ Home Sweet Home
There's no place like home” ..လို့ ပြောကြတာနေမှာ။
အမှန်လည်း အိမ်ပြန်ရောက်လို့ ရှိရင် လုံခြုံပြီး နေသားတကျဖြစ်သွားသလို ခံစားရတယ်။

ဒီပို့စ်လေး ဖတ်လိုက်ရမှပဲ.. ကိုယ့်အတွက် အကောင်းဆုံးဟာ .. အဝေးက ဘာမှန်းမသိတာတွေကိုတမ်းတနေတာထက်.. ကိုယ့်ဘေးမှာပဲ ရှိတယ်ဆိုတာ သိလာတော့တယ်..

ဒါဆိုရင်လဲ ကိုယ့်တောကိုယ့်ရွာမှာပြန်နေကြလေ..
ဘာလို့မြို့ကိုတက်လာကြတာတုန်း..
လူဆိုတာကိုယ်အဆင်ပြေရာအရပ်မှာအကောင်းဆုံးဖန်တီး ပြီးနေကြရမှာဘဲ..ရေကြည်ရာမြက်နုရာပေါ့..
မချောလဲရေးထားတဲ့အတိုင်းကိုယ့်ရွာပြန်နေကြည့်လေ... ရွှေရောင်တွေလွှမ်းနေတာမှဟီးထလို့...

အမည်မဖော်လိုသူကြီးရယ်
ဖြေးဖြေးပြောပါ မောနေပါဦးမယ်ရှင်.. :P:P
အရေးကြီးတာက ကိုယ့်အတွက် အဆင်ပြေမဲ့ ရွှေရောင်ပြူတင်းပေါက်တွေ ရှိနေဖို့သာ လိုပါတယ်.. ဘယ်မှာဘဲ နေနေပါ။
တစ်ချို့အရပ်က ကိုယ်ထင်တဲ့အတိုင်းဖြစ်ချင်မှ ဖြစ်တာကို ဆိုလိုပါတယ်။

ဟုတ်တာပေါ့.. မချောရယ်... ကိုယ်နေထိုင်ရတြ့ ဒေသလေးသာလျှင် အနွေးထွေးဆုံးပါ....း)

ခင်မင်လျက်
နေ၀သန်

ဟုတ်တယ်ချောရေ
မိမိရဲ့ရွှေရောင်ပြတင်လေးကိုလူတိုင်းတွေ့ရှိခံစားနိုင်ပါစေလို့

အမည်မဖေါ်လိုသူကြီးကဖြေးဖြေးဘဲပြောလိုက်ပါတယ်ကြီးတော်ချောရယ်
လက်ရှိမြန်မာနိုင်ငံရဲ့စစ်ဘေးဒဏ်ခံနေရတဲ့နေရာဒေသတွေမှာနေရတဲ့သူတွေ
မြန်မာနိုင်ငံရဲ့မြို့ကြီးတွေမှာလျှပ်စစ်မီးမလာလို့လမ်းပေါ်ထွက်ဖရောင်းတိုင်ထွန်းနေကြပေမယ့် တချို့ကျေးရွာတွေမှာလျှပ်စစ်မီးမပြောနဲ့ရေနံဆီမီးခွက်နဲ့အမှောင်ထုထဲမှာတသက်လုံးနေရတဲ့သူတွေ
အာဖရိကလိုဆင်းရဲနွမ်းပါးပြီးအစာရေစာငတ်ပြတ်ကျန်းမာရေးချို့တဲ့နေရာဒေသတွေမှာနေရတဲ့သူတွေ
အဲဒီလိုအဆင်မပြေနေရာတွေမှာနေရတဲ့သူတွေကတော့ရွှေရောင်လင်းတဲ့နေရာတွေကိုရှာနေကြမှာဘဲ
မချောကကိုယ်ရောက်နေတဲ့နေရာမှာအဆင်ပြေနေတော့ကိုယ်နေရာဒေသကိုအနွေးထွေးဆုံးလို့ဆိုမှာပေါ့
အခက်အခဲပြသနာပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ဒေသတွေကြတော့သူတို့နေရာတွေကနွေးထွေးမှု့မရှိနိုင်ဘူးလေ..
သူတို့နေရာမှာနေကြည့်ပြီးရေးဖို့ပြောတာပါဒေါ်ချောရယ်
အမည်မဖေါ်ဘဲကော်မန့်ပေးလိုက်တာလည်းကိုယ့်နာမည်ကလွဲရင်ပေါက်ကနာမည်မရေးချင်တာရယ် ပြီးတော့မချောနဲ့အခင်အမင်ပျက်ပြီးမချောကမုန်းသွားမှာစိုးလို့...ဒီကရေးတဲ့ကော်မန့်တွေကိုဖျက်ဖြစ်နိုင်ပါတယ်.........

အရာအားလုံးအတွက်..
မရှိမဖြစ်နဲ့
အနွေးထွေးဆုံးနေရာဟာ..“အိမ်”ပါဘဲ
ကျေးဇူးပါအစ်မ..
ဒီပို့စ်လေးကြောင့်.အိမ်ကိုချစ်တတ်သွားပါပြီ :)

ချစ်ခင်လျှက်
မိစံ

ဟုတ်ပါတယ် အမ။ လူတိုင်းဟာ သူများဟင်းခွက်ထဲက အသားတုံးမှ ပိုပြီးကြီးတယ်လို့ ထင်တတ်ကြပါတယ်။ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ကျေနပ်မနေတတ်ကြပါဘူး။
ဒါကလဲ သဘာဝဘဲထင်ပါတယ်။ အမှန်ဆို ဖြစ်နိုင်သလောက်နဲ့ ကျေနပ်နေတတ်ရင် ဘ၀ဆိုတာ ပျော်စရာကြီးပါ။း))))

တကယ်အမှန်ပါပဲမချောရယ်။အိမ်ဆိုတာလူသားတွေရဲ့နှလုံးသားထဲကထာဝရနေရာပါ။နေ..လည်းတစ်ချိန်ကဒီလိုပဲထင်ခဲ့ဖူးတယ်။

ဖတ်လို့ ကောာင်းပါတယ်။
အိမ် မရှိတဲ့လူတွေအတွက်တော့ ခက်သားနော်။

အားတဲ့အခါ လာဖတ်ပါအုံးမယ်။
ခင်မင်စွာဖြင့်

ဘယ်လို ဖြစ် လုံးခင်းကိုတော့ အမလွမ်းနေရင်တောင်ပြန်မလာပါနဲ့ ဥိး အခြေအနေတွေက အမ ငယ်တုန်းကနဲ့ မတူတော့ဘူး အမပြောသလို ပါတ်ဝန်းကျင်ပျက်တာရော ဒိ့ထက်ဆိုးတဲ့ လူတွေရဲ့ စိတ်ဓါတ်ပျက်စိးနေတာတွေရော ကေအိုင်အေတွေ က လမ်းဘေးကွမ်ယာဆိုင်ပါမကျန် ဆက်ကြေးကောက်နေတာတွေရော မြင်ပြိး

အကောင်းအမြင်လေးကြည့်ပြီးကိုယ်
အတွက်ဗဟုသုတလေးရစေချင်လို့
ပြပေးဒါလေချင့်ချိန်ပြီးဘ၀အတွက်
သင့်တော်တဲ့နေရာမှာကိုယ့်ဘဝ
တိုးတက်ရာလမ်းကိုရှာမှရမှာပါ။

တစ်ခါတစ်ရံအိမ်နှင့်အဝေးဆုံးနေတာကောင်းပါတယ်။