ဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ အတွက် အလေးအမြတ်ပြုရာ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အခါကြီးရက်ကြီး ဖြစ်ပါတယ်။ "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို" ဆိုတဲ့ စာချိုးနဲ့ အညီ ဗုဒ္ဓမြတ်စွာရဲ့ သန္ဓေယူခြင်း၊ တောထွက်တော်မူခြင်း၊ ဓမ္မစကြာတရားဦး ဟောကြားခြင်း စတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ အဖြစ်အပျက်ကြီးများ ဖြစ်ပေါ်ခဲ့ရာ လမြတ်ဝါဆို အခါမှာ ဘလောဂ့်မိတ်ဆွေတို့ကို "မှန်ကန်သော အသိဥာဏ်၊ မြတ်သော အကျင့်စရဏ စတဲ့ ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံရာ" မဟာလူသား သမ္မာသဗ္မုဒ္ဓ ဂေါတမ မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ရည်မှန်းပြီး စိတ်နှလုံး ကြည်လင်ငြိမ်းချမ်းစွာနဲ့ ဘုရား ဖူးစေလိုတဲ့အတွက် ရှမ်းပြည်နယ် တောင်ကြီးမြို့ကိုရောက်ခဲ့စဉ် တောင်ကြီးမြို့ပေါ်မှာ ဖူးခဲ့ရတဲ့ စေတီတော်များရဲ့ ဓာတ်ပုံများကို ဝေမျှချင်ပါတယ်ရှင်။
တောင်ကြီးမြို့ သီရိပုညဝဍ္ဎန ကုန်းတော်ပေါ်မှာ တည်ထားတဲ့ စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး ကျန်စစ်သားမင်းကြီး တည်ထား ကိုးကွယ်ခဲ့တဲ့ ပုဂံခေတ်လက်ရာ အာနန္ဒာဘုရားရဲ့ ပုံစံအတိုင်း၊ ရှေးခေတ် အနုပညာ လက်ရာများကိုပါ ထည့်သွင်းဆောက်လုပ်ကာ တောင်ကြီးမြို့တည် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ်နဲ့လည်း တိုက်ဆိုင်ပြီး တောင်ကြီးမြို့ သီရိပုညဝဍ္ဎန ကုန်းတော်ပေါ်မှာ အများပြည်သူ ကောင်းမှုဖြင့် ၁၉၉၄ခုနှစ်တွင် စတင် တည်ထား ကိုးကွယ်ခဲ့ပါတယ်။ စေတီတော်ကြီးကို ဖူးမြင်ရတာ ဟာလည်း ပုဂံအာနန္ဒာဘုရားကို ဖူးမြင်ရသလို စိတ်ထဲ ခံစားမိရပါတယ်။
ကုန်းတော်ပေါ်ရောက်သည်နှင့် ကြည်ညိုစွာ ဖူးတွေ့ရသည့် စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး
စေတီကြီးဟာ အတွင်းမှာ လှိုဏ်ပါတဲ့ အမျိုးအစားဖြစ်တာကြောင့် အတွင်းထဲကို ဝင်ရောက် ဖူးမျှော်နိုင်ပါတယ်။
စေတီအတွင်းထဲတွင်ရှိ အာနန္ဒာဘုရားအတွင်းမှ ပုဂံခေတ်လက်ရာနှင့် ပုံစံတူ ကြေးသွန်းရုပ်ပွားတော်
စူဠာမုနိစေတီတော်ကြီးရဲ့ အရွယ်အစား၊ အတိုင်းအတာများမှာ
ဥာဏ်တော်အမြင့် ၁ဝ၈ပေ
အထွတ်စေတီအမြင့် ၂၀ပေ
ကွန်းတောင်အမြင့် ၂၄ပေ
အာရုံခံတိုက်မအမြင့် ၂၆ပေ
အာရုံခံတိုက်မအကျယ် ၁၁၃ပေ
လှိုဏ်ပတ်လည်းအရှည် တစ်ဖက်လျှင် ၈၈ပေ
လှိုဏ်ပတ်လမ်းအကျယ် ၉ပေ
ဖိနပ်တော်အလျား ၁၁၇ပေ
အထွတ်စေတီ ၁ဆူ
တိုက်မအရံစေတီ ၄ဆူ
ကွန်းတောင်အရံစေတီ ၄ဆူ
မုခ်ဦးစေတီတော် ၈ဆူ စသည်တို့ဖြစ်ပါတယ်။
မုခ်လေးဘက် အတွင်းများတွင် တစ်ဖက်လျှင် တစ်ဆူစီ တည်ထား ကိုးကွယ်တော်မူသော ကြေးသွန်း ရုပ်ပွားတော် လေးဆူ
စေတီအတွင်း လှိုဏ်ပတ်လမ်း
လှိုဏ်ပတ်လမ်း ဘေးတစ်ဖက် တစ်ချက်ရှိ မြတ်စွာဘုရား ဖွားတော်မူခန်း ရုပ်ကြွများ
စေတီတော်အား ထောင့်ဘက်မှ ဖူးမြင်ရသည့် အနေအထား
ကျယ်ဝန်းသည့် ရင်ပြင်တော်
တောင်ကြီးမြို့ကို ရောက်ချိန်ဟာ ချယ်ရီတွေ ဝေတဲ့ ဖေဖော်ဝါရီလဖြစ်တာကြောင့် ပန်းရောင်အဆင်းနဲ့ ပွင့်ဝေနေတဲ့ ချယ်ရီပင်ကြီးနဲ့အတူ တောင်ကြီးရဲ့ အထိမ်းအမှတ် တောင်ချွန်းကိုမြင်ရတာကလည်း ကြည်နူးစရာကောင်းလှပါတယ်။
စေတီရဲ့ ရင်ပြင်တစ်ဖက်ကနေ မျှော်ကြည့်ရင် စိန်ပန်းပြာပွင့်တွေကြားကနေ တောင်ကြီးမြို့ကို ခုလိုလည်း တွေ့မြင်နိုင်ပါတယ်။
ချယ်ရီတွေဝေတဲ့ တောင်ကြီးမြို့
ထမ်ဆမ်းဂူကနေ အပြန် ညနေစောင်းမှာ တောင်ကြီးမြို့ရဲ့ အမြင့်ဆုံးတောင်ပေါ်မှာတည်ထားတဲ့ ရွှေဘုန်းပွင့်စေတီရှိရာ တောင်ထိပ်ပေါ်ကို သွားခဲ့ကြပါတယ်။ တောင်ကြီး မြို့ဝန်းကျင်တစ်ဝိုက်မှာ တောင်တွေ ပေါများလှပြီး တောင်တွေဟာလည်း ထုံးကျောက်တောင်ကြီးတွေဖြစ်တာကို တွေ့ရပါတယ်။
မြင့်မားလှတဲ့ တောင်ချွန်းပေါ်က ရွှေဘုန်းပွင့်စေတီတော်
ရွှေရောင်ဝင်းဝါ သပ္ပါယ်လှသော ရွှေဘုန်းပွင့်စေတီတော်
တောင်ချွန်းပေါ်မှ မြင်ရသည့်တောင်ကြီးမြို့
ကျနေရောင်အောက်တွင် တောင်၏တစ်ဖက်၌ အင်းလေးကန်ကို မှုန်ပျပျ မြင်တွေ့နိုင်သည်။
တောင်ထိပ်ပေါ်မှာ ရှိနေစဉ်မှာဘဲ နေဝင်သွားပြီဖြစ်လို့ စေတီရင်ပြင်ကနေ တောင်ကြီးဝန်းကျင် ရှုခင်းတွေကို ငေးမောနေရာကနေ တောင်ပေါ်ကနေ ပြန်ဆင်းလာခဲ့ကြပါတယ်။ မွေတော်ကက္ကူနဲ့ ပင်းတယ၊ အင်းလေး အကြောင်းများကိုတော့ နောက်များမှ ရေးပါဦးမယ်။
အားလုံးသော မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ၊ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်..
ချစ်ခင်လေးစားစွာဖြင့်..
























13 comments:
ဘုရားကြီးကလဲ သပ္ပါယ်.. ရှုခင်းတွေကလဲ လှ လိုက်တာ..
အရမ်းဘဲ သွားချင်မိပါတယ်..။ ကျေးဇူးလဲ တင်ပါတယ်..
ထူးမြတ်တဲ့ ရက်ကလေးမှာ ကျက်သရေမင်္ဂလာ အပေါင်းနဲ့ ပြည့်စုံလိုက်တာ ချောရေ။ ဘုရားတွေဖူးရင်း ဘယ်အချိန်ကာလကြည့်ကြည့် ကြည်နူးစရာကောင်းတဲ့ ထင်းရှူး ချယ်ရီတို့ရဲ့ ပျော်စံရာ တောင်ကြီးမြို့ရဲ့ ရှုခင်းလေးတွေ ငေးသွားတယ်။ အလည်သွားချင်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘုရားတွေဖူးရတာကို ကျေးဇူးပါပဲ၊
မချော၏ ဓါတ်ပုံများ အရမ်းကောင်းပါသည် အထူးသဖြင့် အရောင်စိုပြေပါသည်၊
နိုင်ငံခြားသားတွေ မြန်မာနိုင်ငံအကြောင်းလေ့လာချင်ရင် ချောဆီကို လွှတ်လိုက်အုံးမှပဲ၊ ဓာတ်ပုံတွေ သိပ်လှလွန်းလို့ပါ :)
အော် အဲဒီပန်းရဲ့နာမည်က စိန်ပန်းပြာတဲ့လား။ ခုမှ သိတယ်။ ဟိ။ ပင်လုံးကျွတ်ပွင့်တယ်။ အရမ်းလှတာပဲ။
ဘုရားကြီးကအရမ်းသပ္ပါယ်တာပဲ ဓါတ်ပုံရိုက်ချက်တွေကလဲ ရှု့ခင်းတွေကို အသက်ဝင်စေတယ် ။
အစ်မချောပုံတွေမြင်မြင်ပြီး
ဘုရားတွေဖူးဖူးပြီး
တစ်နေ့တစ်ခြား
ရောဂါတိုးပါတယ်..း)
အားလည်းကျပါတယ်။
လေးလည်းလေးစားမိပါတယ်ရှင်..:D
ချစ်ညီမ
မိစံ
မချောရေ... စေတီလည်းသပ္ပါယ်လိုက်တာ... တောင်ကြီးမြို့ကြီးကလည်း လှလိုက်တာဗျာ...
ခင်မင်လျက်
နေ၀သန်
မရောက်ဖူးသေးတဲ့ နေရာနဲ့ မဖူးဖူးသေးတဲ့ ဘုရားတွေ ဖူးလိုက်ရလို့ ကျေးဇူးမချော.
အလည်သွားခွင့်ကြုံချင်လိုက်တာ.
ချစ်တဲ့
သဒ္ဓါ
တောင်ကြီးကို တစ်ခေါက် ရောက်တုန်းက အဲ့ စူဠာမဏိ လောကချမ်းသာကို ရောက်ဖြစ်တယ် ... ။ တခြားနေရာတွေ မရောက်ဖြစ်လိုက်ဘူး ။ တောင်ကြီးက တကယ် အေးချမ်းတယ် ။ သဘောကျတယ် ။ နောက်တစ်ခေါက်ကျမှ နှံ့အောင် လည်ရမယ် ...
ချောရဲ့ ခရီးသွားဆောင်းပါတွေ ဖတ်ရတာ ဓါတ်ပုံတွေနဲ့ဝေဆာစွာတွေ့ရပါတယ်။ ဗဟုသုတများစွာရရှိ ခံစားရသလို ကြည်ညိုစရာဘုရား ပုံတော်တွေလည်း ဖူးမျှော်ရတဲ့အတွက် ကျေးဇူးအတူးတင်ပါတယ်။
ဒီထက်မက အောင်မြင်တိုးတက်ပါစေ။
လွန်ခဲ့တဲ့ ၇ နှစ်လောက်က အဲဒီကို တစ်ခေါက်ရောက်ဖူးတယ်။ တန်ဆောင်တိုင်ပွဲသွားတာ။
တောင်ကုန်းတွေပေါ်ကိုလဲ တက်ခဲ့တယ်။ ဟိုနား ဒီနား လုံခြုံရေးတွေနဲ့။ အမချောဓါတ်ပုံလေးတွေကို ကြည့်ပြီး တောင်ကြီးသွားခဲ့တာလေးကိုပြန်သတိရမိတယ်။
ဘုရားရင်ပြင်က အကျယ်ကြီးဘဲ။ ဘုရားဖူးရင်း လေညှင်းခံရင်း ရှုခင်းတွေကို အပေါ်စီးကနေ ငေးမောကြည့်ဖို့ အတော်ကောင်းမယ်။
၂၀၀၃မှာ ကျောင်းကအဖွဲ့ နဲ့  ရောက်ဖူးတယ်..တောင်ကြီးက သာယာလှပအေးချမ်းတယ်
Post a Comment