ဒီနေ့ဟာ ကျွန်မတို့ မြန်မာပြည်ရဲ့ အရေးအကြီးဆုံးနေ့ တစ်နေ့ဖြစ်တဲ့ လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး ရယူခဲ့တဲ့ လွတ်လပ်ရေးဟာ အခုဆိုရင် ၆၄နှစ် သက်တမ်း ရှိခဲ့ပါပြီ။ မြန်မာပြည် အတွင်းမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီ ညွှတ်ညွှတ်နဲ့ တောင်ပေါ်မြေပြန့်၊ ပြည်နယ် ပြည်မ မခွဲခြားဘဲ ကိုယ်တိုင်းပြည် ကိုယ့်လူမျိုး အုပ်ချုပ် ကာ အေးအတူ ပူအမျှ နေထိုင်ကြမယ် ရယ်လို့ ရည်ရွယ်ပြီး ရယူခဲ့တဲ့ လွတ်လပ်ရေးဖြစ်တယ် ဆိုတာ အားလုံးလည်း အသိပါနော်။ ဗိုလ်ချုပ်နဲ့တကွ အခြားသော နိုင်ငံသားကောင်းများ အသက်သွေးချွေးတွေနဲ့ ခက်ခဲစွာ ရယူလာတဲ့ လွတ်လပ်ရေး ကိုတော့ ပြည်သူပြည်သား အားလုံးက တန်ဖိုးထား မြတ်နိုးကြရမှာပါ။
လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့တော့ လွတ်လွတ် လပ်လပ် ဟော့ပေါ့ ချက်စားကြမယ်နော်။ လွတ်လွတ်လပ်လပ် ဆိုလို့ ဘယ်လိုများလဲ သိချင်နေကြမယ် ထင်ပါတယ်။ တစ်ခြား မဟုတ်ပါဘူး။ မိမိအိမ်မှာတင် ပေါ့ပေါ့ပါးပါး လွယ်လွယ်ကူကူ ချက်စားနိုင်တဲ့ ဟော့ပေါ့ချက်နည်းကို ပြောပြမှာဖြစ်ပါတယ်။ အဆာပလာ များများစားစား မလိုဘဲ မိမိအိမ်မှာတင် ရှိတဲ့ အသီးအရွက် များများနဲ့ ချက်စားနိုင်ပါတယ်။
ပထမဦးစွာ ကြက်သားကို ရေစင်အောင် ဆေးပြီး အတုံးများတုံးထားပါတယ်. ထို့နောက် ဂျင်းအလွှာ၊ ကြက်သွန်ဖြူ အမွှာလိုက်ကို ဆီသတ်ပြီး ကြက်သားကိုထည့်ကာ ဆီသတ်ပါတယ်။
ခဏအကြာမှာ ရေ ထည့်ပြီး ဆား၊ အရသာမှုန့်တို့ကိုထည့်ကာ ကြက်သားကိုနူးအောင်တည်ပါမယ်။
ကြက်သားနူးရင် ဟော့ပေါ့ထဲထည့်တဲ့ အဆာပလာ အထုပ်ကို မိမိစားနိုင်မည့် အစပ် ပမာဏကို ခန့်မှန်းပြီးထည့်ပါတယ်. အစပ်ကြိုက်ရင် များများထည့်နိုင်ပါတယ်။
ဒါက ကြက်သားချက်ရာမှာလည်းကောင်း၊ ဟော့ပေါ့ချက်ရာမှာလည်းကောင်း သုံးတဲ့ ဟင်းအနှစ်ဖြစ် ပါတယ်။ အင်္ဂလိပ်လို သိချင်သူများအတွက် Chinese Spicy Condiment လို့ မေးဝယ်နိုင် ပါတယ်နော်။ ဟင်းအနှစ်ထုပ်ထဲမှာ တိုကျန်( ပဲငပိ)နဲ့ အတူ ဟွားကြောင်း၊ ချောက်ကော၊ ပါးကော၊ စတဲ့ တရုတ်ဟင်းခတ် အမွှေးအကြိုင်တွေ ပါတာမို့ ဟင်းအနှစ်ထုပ် ဝယ်ဖို့ခက်ရင် တိုကျန်ခေါ် ပဲငပိနဲ့အတူ ချောက်ကော၊ ပါးကောပါ ထည့်ပြီး ချက်စားနိုင်ပါတယ်နော်။ ချောက်ကော၊ ပါးကော မသိရင် (ဒီနေရာမှာ) ဖတ်ကြည့်နိုင် ပါတယ်နော်။
ဒါကတော့ အစောက ဟင်းအနှစ်ထုပ် ထည့်ပြီးတဲ့ အနေအထားပါ။ ကြက်သားကျက်ပြီးမှ ထည့်တာက မကျက်ခင်မှာထည့်ရင် ကြက်သား မနူးလွယ်ဘူးလို့ ဆိုပါတယ်.။ ဒါကြောင့် နောက်မှထည့်တာပါ။
ဒါကတော့ ဟော့ပေါ့နဲ့ တွဲဖက်စားဖို့ အသီးအရွက်နဲ့ ခေါက်ဆွဲ စတာတွေပါ။ ဒီအသီးအရွက်တွေ ဆိုတာကလည်း မိမိဒေသမှာရှိတဲ့ အသီးအရွက်တွေနဲ့ အဆင်ပြေသလို ပြင်ဆင် စားသောက်နိုင်ပါတယ်။ ဒီထဲမှာ ပြင်ဆင်ထားတဲ့ အသီးအရွက်တွေက ကန့်လန့်ဆိုင်( ကိုက်လန်)၊ နံနံ၊ စမုန်စပါးရွက်၊ ရွှေပဲရွက်၊ ဖတ်ချီငိုးလို့ ရှမ်းလိုခေါ်တဲ့အရွက်၊ Zucchini သီး ( ဖရုံသခွားသီး) ၊
ငါး၊ အသားလုံး၊ ဝက်အူချောင်းအကြီး၊ မာလာခေါက်ဆွဲ( ဝဥခေါက်ဆွဲ)၊ တိုဖူးဖြူ၊ ဆန်ပြားခေါက်ဆွဲ၊ တိုဖူးခေါက်ဆွဲ၊ ပဲပြားခြောက်(ရေစိမ်)၊ စတာတွေပါ။ ဒီအသီးအရွက်ကိုတော့ မိမိနှစ်သက်ရာ မိမိမှာရှိတဲ့ အဆင်ပြေရာ အသီးအရွက်ကို ထည့်နိုင်ပါတယ်နော်။
ဝက်သားကြိုက်သူများ ခုလို ပါးပါးလှီးပြီး ထည့်စားနိုင်ပါတယ်။
ဆူနေပါပြီ။
ကျက်သွားတဲ့ ကြက်သားများကို အိုးအကျယ်တစ်ခုထဲ ပြောင်းထည့်ပြီး အောက်က အပူပေးနိုင်တဲ့ လျှပ်စစ်မီးဖို၊ ဂက်စ်မီးဖိုအသေး (သို့မဟုတ်) Rice cooker စသည်တို့ထဲ ပြောင်းထည့်ပြီး စားပွဲ အလည်ကောင်မှာ တည်ခင်းကာ ဆူပွက်အောင်တည်ပြီး မိမိနှစ်သက်ရာ အသီးအရွက်၊ အသားငါး စသည်တို့ကို ထည့်စားနိုင်ပါပြီနော်။
စားရန်အသင့်ပါ။
သင့်မှာ ဆီးသီးခြောက်များရှိရင်လည်း ခုလို ထည့်ချက်နိုင်ပါတယ်။
တကယ်လို့များ သင့်ဆီမှာ အခြားသော အဆာပလာ ခေါက်ဆွဲ၊ ပဲပြား၊ တိုဖူးတို့ မရနိုင်ရင်လည်း ခုလို အသီးအရွက် ၃မျိုး ၄မျိုးလောက်နဲ့လည်း စားနိုင်ပါတယ်နော်။ အချဉ်ရည်အဖြစ်တော့ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ နံနံ တို့ကို တောက်တောက်စင်းပြီး သံပုရာရည်ညှစ် ဆား၊ အရသာမှုန့် ထည့်လို့ ဖျော်စပ်နိုင် ပါတယ်နော်။
ဒီလို အိုးထဲကို အသီးအရွက်လေး နှစ်ပြီးထည့်စားကြတာပေါ့နော်။ ဆီများတယ် မပြောနဲ့နော်။ ကျွန်မ အနေနဲ့ဆိုရင် ဆီတွေ သိပ်မကြိုက်ပါဘူး ဒါပေမဲ့ ခုဟာက ဟင်းအနှစ်ထုပ်ထဲမှာ နဂိုက ပါတဲ့ ဆီတွေပါ။ ဒီမှာတော့ အသားလုံးတွေ၊ မျှစ်ခြောက်တွေ၊ ဝက်ခေါက်တွေ၊ ဝက်စအုကြော် စသဖြင့်စုံအောင် တစ်ခါတည်း ထည့်ချက်ထားလိုက်ပါတယ်။
ဆူနေပြီ
ခုလို အရွက်လေးတွေ ထည့်ပြီး စားလို့ရပြီ
ဇန်နဝါရီလရဲ့ အအေးဒဏ်ကို အငွေ့တစ်ထောင်းထောင်း ထနေတဲ့ ပူပူနွေးနွေး ဟော့ပေါ့လေးက အကောင်းဆုံး အကာ အကွယ်ပေးနိုင် ပါလိမ့်မယ်နော်။ ကျွန်မတို့မြန်မာတွေရဲ့ အထိမ်းအမှတ် မှတ်တိုင် တစ်ခု ဖြစ်တဲ့ ပျော်စရာ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရင်း ကျွန်မနဲ့အတူတူ ဟော့ပေါ့ ပူပူလေး လွတ်လပ်စွာ စားလိုက်ကြပါစို့ရဲ့နော်။

























