ဒီအသီးကို လူတိုင်းသိမယ် ထင်ပါတယ်နော်။ ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ ဝက်မြေဥခေါ် မြေစာဥ လို့လည်း ခေါ်ကြပါတယ်။ Water Chestnut လို့ခေါ်တဲ့ ဝက်မြေဥဟာ ချိုချို ဆိမ့်ဆိမ့်လေးနဲ့ စားကောင်းပြီး မြေကြီးထဲမှာ ဥအနေနဲ့ တွေ့ရတဲ့ စားသောက်ဖွယ်ရာ တစ်မျိုး ဖြစ် ပါတယ်။ စည်သွပ်ဗူးတွေ နဲ့လည်း အဆင်သင့်စားနိုင်အောင် ပြုပြင်ပြီး လာတာကို တွေ့ရ ပါတယ်။ အစိမ်းစားကြသလို သွားရည်စာ အဖြစ် ပြုတ်ပြီးလည်း ရောင်းကြပါတယ်။ ကျွန်မကတော့ စိမ်းစားဥနဲ့ အရသာတူတဲ့ အဲဒီဝက်မြေဥကို ဟင်းအဖြစ် လုပ်စားရတာကို ပိုပြီး နှစ်သက်ပါတယ်။ စိမ်းစားဥကိုလည်း ကျွန်မတို့ဒေသမှာ ဟင်းအဖြစ်ကြော်စား ကြပါသေးတယ်။ အခုတော့ ဝက်မြေဥကို အသားနဲ့ ကြော်စားတဲ့နည်းကို ပြောပြချင် ပါတယ်နော်။
ဝက်မြေဥကို အခွံခွာပါတယ်
အသားများကို ခပ်သေးသေးတုံးပြီး ဆား၊ ဟင်းချက်ဝိုင်၊ ငရုပ်ကောင်းမှုန့်၊ စသည်တို့နဲ့ နယ်ထားလိုက်ပါတယ်။ ကြက်သား ဝက်သား နှစ်သက်ရာ သုံးနိုင်ပါတယ်။ ကျွန်မတော့ ဝက်သားကို သုံးထားပါတယ်။
အခွံခွာထားတဲ့ ဝက်မြေဥကို သင့်တော်တဲ့အရွယ်လေးတွေ ခြမ်းလိုက်ပါတယ်။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ဂျင်း
ဝက်သားများကို အရင်ကြော်ပါတယ်။
ကြက်သွန်နီ၊ ဂျင်း၊ ကြက်သွန်ဖြူ တို့ထည့်ပါတယ်။
ထို့နောက် ဝက်မြေဥကို ထည့်ပါတယ်။
ဝက်မြေဥ နူးစေဖို့ ရေ အနည်းငယ်၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည် အကြည်တို့ထည့်တာ အချိန် ခဏထားပါတယ်။
ရေခမ်းလာပြီဆို ငရုပ်သီးစိမ်းထည့်လိုက်ပါတယ်.ဆားအပေါ့အငံမြည်းပါတယ်။
ချကာနီးမှာ နံနံရွက်ကို ထည့်လိုက်ပါတယ်.
ဝက်သား ဝက်မြေဥကြော် ရပါပြီနော်။
အရသာ ချိုဆိမ့်လေးနဲ့ ဝါးလိုက်ရင် ဝက်မြေဥက ကျွတ်ကျွတ်လေးနဲ့မို့ အသားထက် ပိုစားကောင်း တာကြောင့် ဝက်မြေဥဟင်းချည်း ရွေးစားဖြစ်တဲ့ တစ်ခွက်ဖြစ်ပါတယ်.း)
အားလုံးဘဲ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာကြပါစေရှင်။
