ရန်ကုန်မြို့ရောက်တုန်း ကုသိုလ်ကောင်းမှုလေးတစ်ခု လုပ်ချင်တာနဲ့ ဒီပိုစ့်ကို တင်ချင်ပါတယ်ရှင်။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များအတွက် ကြုံတောင့် ကြုံခဲ ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့ နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးဟာ ၂လပိုင်း ၂၂ရက်နေ့မှ ၃လပိုင်း ရ၇က်နေ့ထိ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျွန်မ ရန်ကုန်ရောက်လာတုန်း ရွှေတိဂုံဘုရားကို တက်ရောက်ဖူးမျှော်စဉ်မှာ သိလိုက်ရဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီး အနှစ် ၂၆၀၀ ပြည့် ပူဇော်ပွဲသဘင်အတွက် ၀မ်းသာအားရဖြင့် ကျွန်မ တတ်အားသ၍ အလှူအတန်းပြုခဲ့ပါတယ်။ အခြားသော နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများ၊ ရပ်ဝေးမြေက မိတ်ဆွေများ အတွက် တိုက်တိုက်ဆိုင်ဆိုင် မိမိတို့ အသက်ရှင်စဉ်မှာ တွေ့ကြုံရတဲ့ အနှစ် ၂၆၀၀ ပြည့် ဒီပူဇနိယ ပွဲတော်ကြီးကို ကြုံကြိုက်တုန်းမှာ အလှူအတန်း ပါဝင်လိုကြရင်ဖြင့် မိမိတို့ အိမ်မှတဆင့်လည်းကောင်း၊ မိတ်ဆွေ သူငယ်ချင်းများမှ တဆင့်လည်းကောင်း ပါဝင်လှူတန်း နိုင်အောင် နှိုးဆော်အသိပေးရင်း ဒီပိုစ့်လေး ရေးဖြစ်ပါတယ်ရှင်။
ကျွန်မရောက်သွားတဲ့ တစ်လပိုင်း ၂၄ရက်နေ့ညမှာတင် ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာ လှလှပပ ဖူးပွင့်နေတဲ့ ပန်းအိုးများကို မြင်တွေ့ခဲ့ရပါတယ်. အဲဒီပန်းအိုးတွေဟာ ရွှေတိဂုံစေတီတော်ကြီး နှစ် ၂၆၀၀ ပြည့်မှာ ပန်းပင်ပေါင်း ၅၄၀၀၀၀ ပြည့်အောင် ပူဇော်မဲ့ ပန်းအိုးများထဲက စေတနာရှင် အချို့ရဲ့ ပန်းအိုးများ ဖြစ်ပါတယ်။ ပန်းအိုးတွေကို မိမိနှစ်သစ်ရာ ပန်းတွေကို အောက်က ဆိုင်းဘုဒ်ပါ နှုန်းထားများနဲ့ လှူဒါန်း ကုသိုလ်ယူနိုင်ပါကြောင်း တွေ့ခဲ့ရပါတယ်။
အောက်မှာတော့ မိမိနှစ်သက်ရာ အလှူဒါန အမျိုးအစားကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်ရှင်။
အခြားသော လှူတန်းမှုများကိုလည်း မိမိစေတနာ သဒ္ဓါထက်သန်သလို ပါဝင် လှူဒါန်း နှိုင်ကြောင်းလည်း တွေ့ရပါတယ်။ ကျွန်မရောက်သွားတဲ့ ရွှေတိဂုံစေတီရဲ့ ရင်ပြင်ပေါ်မှာ တစ်နှစ်ထက် တစ်နှစ်၊ တစ်ချိန်ထက် တစ်ချိန်၊ နိုင်ငံခြားသားများ ရောက်ရှိမှုဟာ ပိုမို များပြားလှတာကို တွေ့ရပါတယ်။ ဒါဟာ ရှေးနှစ်ပေါင်း များစွာကတည်းက တည်ရှိခဲ့တဲ့ ရွှေတိဂုံစေတီကြီးရဲ့ အံ့မခန်း ကြည်ညိုဖွယ် ကောင်းမှုနဲ့၊ အနုလက်ရာများရဲ့ ဆွဲဆောင်မှုတို့ကြောင့် ဖြစ်ပါတယ်။ ပြီးတော့လည်း ကျွန်မတို့ မြန်မာပြည်ကြီးရဲ့ ဂုဏ်ယူဖွယ် ကိုးကွယ်မှု၊ ယဉ်ကျေးမှု လက်ရာတို့ရဲ့ ပြယုဒ် လည်း ဖြစ်ပါ တယ်နော်။
ပြီးတော့လည်း ရွှေတိဂုံဘုရားရဲ့ ဘယ်နေရာ ဘယ်ရှုထောင့်ကနေဖြစ်ဖြစ် ဓာတ်ပုံရိုက်တဲ့အခါ အလွန် သပ္ပါယ် ကြည်ညိုဖို့ ကောင်းလှတာကို တွေ့မြင်ရပါတယ်။ အရံစေတီများနဲ့ စောင်းတန်း၊ ပြသာဒ်များကအစ ရှုမငြီးနိုင်အောင် လှပဆန်းကျယ်လှပါတယ်။ သပ္ပါယ်လွန်းလို့၊ ဖူးမျှော်လို့ မဝနိုင်သလို ဓာတ်ပုံရိုက်လို့လည်း အားမရနိုင် ဖြစ်ရပါတယ်။ အချို့သော နိုင်ငံခြားသားများဟာလည်း ရင်ပြင်ပေါ်နဲ့ တန်ဆောင်းများမှာ ထိုင်ပြီး ရွှေတိဂုံစေတီတော်ကို ရှုထောင့် အစုံစုံကနေ ဖူးမျှော်လေ့လာနေတာကို ကြည်နူးဖွယ် တွေ့မြင်ရပြီး အချို့မှာ ပန်းဆီမီးများပင် ကိုယ်တိုင်ကိုယ်ကျ လှူတန်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။
ကြည်ညိုဖွယ်ရာ ပုံရိပ်များ
ကန်တော်ကြီးထဲကနေ ရိုက်ထားတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ညပုံရိပ်
ကရဝိတ်ကိုပါ မြင်ရအောင် ရိုက်ယူထားတဲ့ မြင်ကွင်း
ကျွန်မ ရိုက်ဖြစ်ခဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီးနဲ့ ရင်ပြင်တစ်ဝိုက်က ဓာတ်ပုံအချို့ကို အဝေးက မိတ်ဆွေများ ဖူးမျှော်ကုသိုလ် ယူနိုင်ကြဖို့ ရန်ကုန်မြို့ရဲ့ connection ကို အံတုကာ မျှဝေလိုက်ပါတယ်ရှင်။ ခရီး တစ်ထောက်ဖြစ်တဲ့ ရန်ကုန်မြို့ကို ရောက်တုန်း ဒီပိုစ့်လေး ကြားဖြတ် တင်လိုက်ပါတယ်နော်။ ကျွန်မဟာ လေ့လာရေးခရီးစဉ်ကို ဖြစ်တဲ့ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ကနေ ပြန်ရောက်ပါပြီ။ ချစ်ခင်ရပါသော မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့ ဆုမွန်တောင်း နှုတ်ဆက် လိုက်ရင်း နောက် ၂ရက်လောက်မှာ ပုံမှန်အတိုင်း အင်တာနက် ပြန် သုံးဖြစ်မှာ ဖြစ်ပါတယ် လို့နော်။





























