အားလုံးသိတဲ့အတိုင်း ဒီနေ့ဟာ ကဆုန်လပြည့် - ဗုဒ္ဓနေ့ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ အလွန် ထူးခြားတဲ့ နေ့လို့လည်း ပြောလို့ရပါတယ်။
ဘာဖြစ်လို့ ထူးခြားတာလဲဆိုရင် ကျွန်မတို့ ဗုဒ္ဓဘာသာအနေနဲ့လည်း ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် သဗ္ဗညုတဉာဏ်တော် ရခဲ့တဲ့နေ့ ဖြစ်ပြီး ဒီနှစ်မှာ ဗုဒ္ဓဘာသာဟာ သာသနာသက္ကရာဇ် နှစ်ပေါင်း ၂၆၀၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။ ကဆုန်လပြည့်နေ့ဟာ ဒီပင်္ကရာ ဘုရားရှင်ထံသုမေဓာ ရသေ့ဘဝနဲ့ ဂေါတမဘုရားစင်စစ်ဧကန်ဖြစ်မည်ဟု ဗျာဒိတ် ခံယူသောနေ့၊ ဂေါတမမြတ်စွာဘုရား ဖွားတော်မူသောနေ့၊ ဗောဓိပင် နဲ့ ရွှေပလ္လင်ကို အောင်မြင်ပြီး ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန် စံဝင်သောနေ့ စသည့် ထူးမြတ်သောဗုဒ္ဓနေ့ ဖြစ်ပါတယ်။
ဒါ့အပြင် နောက်ထပ် ထူးခြားတာ တစ်ခုကတော့ ဒီည ကဆုန်လပြည့်နေ့မှာ မြင်ရမဲ့ လမင်းကြီးဟာ ပုံမှန်လပြည့်နေ့ထက် ၁၄ရာခိုင်နှုန်းပိုကြီးမှာဖြစ်ပြီး ပုံမှန်ထက် ၃၀ ရာခိုင်နှုန်း အလင်းရောင် ပိုမိုတောက်ပမဲ့ Super Mon ဖြစ်မဲ့နေ့လည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လဟာ ပုံမှန်လှည့်ပတ်ချိန်များထက် ကမ္ဘာမြေကြီးရဲ့ အနီးကို ကီလိုမီတာ ၅၀၀၀ခန့် အနီးဆုံး အခြေအနေထိ ပိုမို နီးကပ်လာတာကြောင့် ဖြစ် ပါတယ်။
Super Moon ဖြစ်မဲ့ လပတ်လမ်းကြောင်း
ဘာကြောင့် အဲဒီလို အနီးဆုံးအခြေအနေကို ရောက်ရှိရသလဲ ဆိုရင် လဟာ ကမ္ဘာကြီးကို ဘဲဥပုံသဏ္ဍာန် ပတ်လမ်းကြောင်း အတိုင်း လှည့်ပတ်ပါတယ်။ အဲဒီလို လှည့်ပတ်တဲ့ အခြေ အနေမှာ အပေါ်မှာ ဖော်ပြ ထားတဲ့ ပုံအတိုင်း Perigee moon ဆိုတဲ့ နေရာဟာ လပတ်လမ်းကြောင်းမှာ ကမ္ဘာနဲ့ အနီးဆုံး ရောက်တဲ့ လမ်းကြောင်းနေရာကို ရောက်လာတဲ့ အတွက်ကြောင့်ပါပဲ။ (ကမ္ဘာနဲ့ ဝေးရာ ဘက် ရောက်တဲ့ လပတ် လမ်းကြောင်းကိုတော့ Apogee Moon လို့ ခေါ်ပါတယ်) ဒါကြောင့်လည်း ယနေ့ညမှာ ပြည့်ဝတဲ့ လမင်းကြီးဟာ Perigee moon နေရာ အနေအထားကို ရောက်ရှိမှာဖြစ်တဲ့ အတွက် ကမ္ဘာနဲ့ အနီးဆုံး ဖြစ်နေတာကြောင့် ခါတိုင်းထက် ရွှန်းရွှန်းမြမြ သာနေမဲ့ လမင်းကြီး ကို မြင်တွေ့နိုင်မှာပါ။
ဒီပုံကတော့ ၂၀၁၀ မတ်လ၁၉ရက်နေ့ Super Moon လပြည့်ညနဲ့ ၂၀၁၀ခု ဒီဇင်ဘာ ၂၀ရက်နေ့က သာမန်လပြည့်ည တို့ကို နှိုင်းယှဉ်ပြထားတာပါ။
ပုံမှန်လပြည့်အရွယ်အစားနဲ့ Super Moon ဖြစ်မဲ့ လအရွယ်အစားတို့ နှိုင်းယှဉ်ပြထားပုံ
အပေါ်ပုံမှာတော့ အရှေ့က လဟာ ပုံမှန် လပြည့်ညတွေမှာ မြင်ရတဲ့ လဖြစ်ပြီး အနောက်က လကတော့ မနက်ဖြန်မှာ သာမဲ့ လမင်းကြီးရဲ့ အရွယ်အစား ဖြစ်တယ်လို့ နှိုင်းယှဉ်ပြထားတာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ထူးထူးခြားခြား ကြီးမားနေတဲ့ လမင်းကြီးကို အကောင်းဆုံးနဲ့ အကြီးဆုံး၊ အရှင်းလင်းဆုံး မြင်ခွင့်ရမယ့် အချိန်ဟာ မိုးကုတ်စက်ဝိုင်း အနီးမှာ လမင်းကြီး ရောက်ရှိနေတဲ့အချိန်ပါပဲလို့ နာဆာ(NASA)က သိပ္ပံပညာရှင်များကလည်း အကြံပြုထားပါတယ်။
မိုးကုတ်စက်ဝိုင်းမှ ထွက်ပေါ်လာသော လပြည့်ညများ
Super Moon ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းချက် အသေးစိတ်ကို သိလိုရင်လည်း အောက်က YouTube လေးမှာ ကြည့်နိုင်ပါတယ်နော်။
ဘယ်လိုပင်ဖြစ်စေ လပြည့်နေ့ကတော့ သဘာဝတရားကို စိတ်ဝင်စားသူအတွက်ဖြစ်စေ၊ ဘာသာရေးနဲ့ ပတ်သက်၍ ဖြစ်စေ ထူးခြားတဲ့နေ့တစ်နေ့ဖြစ်မှာ သေချာပါတယ်နော်။ သာသနာ သက္ကရာဇ် ၂၆၀၀-ပြည့်နှစ် နှင့်လည်း တိုက်တိုက်ဆိုင်ဆိုင်၊ Super Moon ဖြစ်စဉ်နဲ့လည်း တိုက်ဆိုင်နေတဲ့ ထူးခြားလှတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ချစ်ခင်ရတဲ့ မိတ်ဆွေ သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနှင့် မိမိကောင်းကျိုး၊ အများကောင်းကျိုး ကိစ္စများ ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင် သူများ ဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်ရှင်။















