စစ်တွေမြို့မှာ အလှဆုံး နေရာလေးတစ်ခုကို ပြောပါဆိုရင် ကစ္ဆပနဒီမြစ် (ကုလားတန်မြစ်) နဲ့ ဘင်္ဂလား ပင်လယ်အော်တို့ ဆုံတဲ့ စစ်တွေ ပွိုင့်ဟာ အလှဆုံးနေရာ တစ်ခုလို့ ညွှန်းဆိုချင်ပါတယ်။ စစ်တွေမြို့သူ မြို့သားများနဲ့ စစ်တွေမြို့ကို ရောက်ဖူးသူများကလည်း မှန်ကန်ကြောင်း ထောက်ခံကြမယ်လို့ ထင်ပါတယ်နော်။ ဘယ်လိုဘဲဖြစ်ဖြစ် မြစ်တစ်စင်း ပင်လယ်ထဲ စီးဝင်တဲ့နေရာ (ဒါမှမဟုတ် မြစ်နဲ့ ပင်လယ်တို့ ပေါင်းဆုံ ကြတဲ့နေရာ ) ဆိုကတည်းက စိတ်ဝင်စားဖို့တော့ ကောင်းနေတယ်လို့ ထင်မိပါတယ်။ အဲဒီလို ကစ္ဆပနဒီမြစ်ကြီး ဘင်္ဂလားပင်လယ်အော်နဲ့ ဆုံကြတဲ့အတွက် စစ်တွေမြို့ရဲ့ အလှဆုံး ဗျူးပွိုင့်ဆိုတဲ့နေရာ ဖြစ်လာတာမဟုတ်ပါလားနော်။
ကစ္ဆပနဒီနဲ့ ပင်လယ်ဆုံမှတ်ဖြစ်တဲ့ ပွိုင့်ရဲ့ အနေအထားကို ပြထားတဲ့ မြေပုံပါ။
ရန်ကုန်ကနေ လေယာဉ်နဲ့ ထွက်လာရာ စစ်တွေကို မနက် ၁၁နာရီလောက်မှာ ရောက်ပြီး ထမင်း စားသောက်ကာ စစ်တွေမြို့ထဲရှိ ဘုရားများနဲ့ လည်ပတ်စရာနေရာတို့ကို လည်ပတ်ပြီး နောက်ဆုံးမှ ပွိုင့်ကို သွားကြတာဖြစ်ပါတယ်။ ပွိုင့်ကို ရောက်တဲ့အဲဒီအချိန်ဟာ ညနေစောင်းပြီ ဖြစ်ပါတယ်။ စစ်တွေမြို့ကိုလည်ပတ်ကြည့်ရှုရာမှာ ငှားလာတဲ့ ကားသမားလေးဟာ ရခိုင်သံဝဲဝဲနဲ့ တစ်မြို့လုံးကို လိုက်လည်းပို့၊ ရှင်းလည်း ရှင်းပြပါတယ်။ သူလိုက်ပြတဲ့ နေရာတွေထဲက ထူးထူးဆန်းဆန်း တစ်နေရာကို ပြချင်ပါသေးတယ်။
အဲဒါကတော့ ပုံထဲမှာမြင်ရတဲ့အတိုင်းပါဘဲ။ သစ်ပင်ကြီးတစ်ပင်လုံးပေါ်မှာရှိနေတဲ့ လင်းဆွဲတွေပါ။ အရွက်တောင် မရှိတော့အောင် တစ်ပင်လုံးမှာ တွဲလောင်းချိတ်ပြီးနေ့ခင်းကြောင်တောင်မှာ ရှိနေတဲ့ လင်းဆွဲတွေကို သူလိုက်ပြတော့ ရီလဲရီချင်၊ သဘောလဲကျပြီး ဓာတ်ပုံရိုက်ခဲ့တာပါ။
ကုလားတန်မြစ်လို့ ခေါ်တဲ့ ကစ္ဆပနဒီမြစ်ကမ်းဘက်ကနေ ပွိုင့်ကို ကားနဲ့ထွက်လာရာမှာ လမ်းတွေကို ကွန်ကရစ် ခင်းပြီး ပြုပြင်နေတာမို့ မကြာခင်မှာ မြစ်ကမ်းတစ်လျှောက် ခုထက်ပိုပြီး သာယာ လှပနေတော့မှာ သေချာသလောက် ရှိပါတယ်။ ကစ္ဆပနဒီမြစ်ကမ်းဘေးအတိုင်း ပတ်လာရင်း မြစ်ကြီးကို ကြည့်ပြီး ကစ္ဆပနဒီရယ်လို့ လှပခမ်းနားတဲ့ နာမည်ရှိခဲ့ပေမဲ့ ဘာကြောင့်များ ကုလားတန်မြစ် ရယ်လို့ ခေါ်ကြတယ်ဆိုတာ နားမလည်နိုင် ဖြစ်မိပါတယ်။ ကျွန်မအနေနဲ့ကတော့ ကစ္ဆပနဒီဆိုတဲ့ နာမည်လေးကို ပိုသဘောကျနှစ်သက်မိပါတယ်။

ကစ္ဆပနဒီမြစ်ကမ်းဘေး
ဒီပုံတွေကတော့ ကစ္ဆပနဒီ မြစ်ကမ်းဘေးတစ်လျှောက် ရှုခင်းတွေ ဖြစ်ပါတယ်။
ပွိုင့်သို့ဝင်ရာ ကမ်းခြေပတ်လမ်း
ပင်လယ်နဲ့မြစ်တစ်စင်းတို့လှလှပပ ပေါင်းဆုံရာနေရာဖြစ်တဲ့ ပွိုင့်ကိုရောက်ပါပြီ။
ပွိုင့်မှာရှိတဲ့ မျှော်စဉ်ပါ။ မျှော်စဉ်ပေါ်တက်ပြီးလည်း ရှုခင်းတွေကို ကြည့်ရှုနိုင်ပါတယ်။
ပွိုင့်မှာ စားသောက်ဆိုင်လည်း ရှိတဲ့အတွက် စားရင်းသောက်ရင်းလည်း ရှုခင်းများကို ကြည့်ရှုနိုင်ပါသေးတယ်။

ပွိုင့်မှာ အမှတ်တရထားရှိတဲ့ ရှေးဟောင်းထန်းလုံးအမြောက်ပါ။ ပင်လယ်ပြင်ကို ချိန်ရွယ်ထားဟန် ထားရှိနေပုံကိုကြည့်ပြီး ဒီအမြောက်ဟာ ပင်လယ်ဘက်က လာသမျှ အန္တရာယ်ကို တွန်းလှန်တိုက်ခိုက်ပစ်မဲ့ ပုံသဏ္ဍာန်ရတယ်လို့ ကျွန်မစိတ်ထဲ တွေးလိုက်မိပါသေးတယ်။
လှပသာယာပွိုင့်ကမ်းခြေမှာ
ကစ္ဆပနဒီမြစ်ဘက်ခြမ်း
ဒီနေရာကတော့ ပင်လယ်နဲ့ မြစ်တစ်စင်းတို့ရဲ့ အလယ်ဆုံမှတ်ဘဲဖြစ်မယ်ထင်ပါရဲ့
ဆည်းဆာအောက်က စစ်တွေကမ်းခြေ
ဒီပုံတွေကတော့ကမ်းစပ်က ကျောက်ဆောင်တွေပေါ် ဆင်းပြီးရိုက်ထားတာပါ။ ပွိုင့်မှာ ရှိနေတဲ့ ကျောက်ဆောင်တွေဟာ မြင်ရတဲ့အတိုင်း အလွှာအထပ်ထပ်တွေနဲ့မို့ စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်လို့လည်း အလွန်လှပါတယ်။ ပင်လယ်ရဲ့ ရိုက်ခတ်မှုကြောင့် ခုလို အလွှာအထပ်တွေ ဖြစ်နေတာလား။ ဘာကြောင့်ခုလို ဖြစ်နေတာလဲဆိုတာတော့ မသိနိုင်ပါဘူး။
ဟိုးခပ်လှမ်းလှမ်းမှာတော့ ကျွန်းကလေးတစ်ကျွန်းကို မှုန်ပြပြမြင်နေရပြီး အဲဒီကျွန်းပေါ်မှာတော့ အင်္ဂလိပ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ မီးပြတိုက်အဟောင်း ရှိနေပါတယ်။
ဒါကတော့ ယခုမှ ဆောက်လုပ်ထားတဲ့ မီးပြတိုက်အသစ်လို့ ဆိုပါတယ်။
မျှော်စင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းပါ။ ညနေစောင်းလာပြီမို့ နေလုံးကြီးက ပင်လယ်ထဲကို ငုတ်လျှိုးစ ပြုလာပြီမို့ နေဝင်ချိန်ကို ထိုင်ကြည့်ဖို့ စားပွဲတွေဆီကို သွားကြပြီး အုန်းရေလေးသောက်ရင်းနဲ့ ပင်လယ်ရဲ့ ဆည်းဆာချိန်ကို စောင့်ကြည့်ရတာ တကယ်ကို အရသာရှိလှပါတယ်။
စစ်တွေပွိုင့်ကနေလှမ်းမြင်ရတဲ့ ပင်လယ်ရဲ့ ဆည်းဆာအလှ
ငါးဖမ်းလှေတွေ ပင်လယ်ထဲ ထွက်ကြပြီလား.. ငါးဖမ်းပြီး ပြန်လာကြလေသလား.. မသိပေမဲ့ ဆည်းဆာရဲ့အောက်မှာ ငါးဖမ်းလှေတွေကလည်း ခန့်ညားလှပလို့နေခဲ့တယ်။
နောက်ဆုံးမှာ နေလုံးကြီးပင်လယ်ထဲ ငုတ်လျှိုးသွားတာနဲ့ စစ်တွေပွိုင့်ကနေ ပြန်လာပါတော့တယ်။ လှပလွန်းတဲ့ စစ်တွေပွိုင့်ရဲ့ အလှကိုကြည့်ဖို့ နောက်တစ်ကြိမ် အခွင့်သာရင် ထပ်လာပါဦးမယ်လို့လည်း စိတ်ထဲကနေ တိတ်တိတ်လေး ဆန္ဒပြုခဲ့ပါသေးတယ်။
ကျွန်မတို့တည်းတဲ့ စစ်တွေ ဟိုတယ်ကလည်း ကမ်းခြေမှာဘဲ ရှိတဲ့အတွက် ဟိုတယ်ရောက်တာနဲ့ အဝတ်အစားလဲပြီး ကမ်းခြေကိုအပြေးအလွှားဆင်းကာ ဓာတ်ပုံရိုက်ပါတော့တယ်။ ခုပုံတွေကတော့ စစ်တွေ ကမ်းခြေ (ဘင်္ဂလားပင်လယ်အော်ရဲ့ နေဝင်သွားပြီးတဲ့နောက်) ရိုက်ထားတဲ့ ပုံတွေပါ။
ဒီပုံလေးကိုတော့ ပင်လယ်ရဲ့ ကဗျာလို့ ကျွန်မ တင်စားပြီး ရိုက်ခဲ့တဲ့ပုံလေးပါ။ ပင်လယ်ကြီးကတော့ နေဝင်သွားပြီးတာတောင် အလှကြီးလှနေတုန်းဘဲဆိုတာ ပုံလေးတွေကြည့်ပြီး လက်ခံနိုင်မယ် ထင်ပါတယ်နော်။ :P
ကမ်းစပ်ကနေ ပြန်တက်လာတော့ တော်တော်လေး မိုးချုပ်နေပါပြီ။ ဟိုတယ် ဝင်ပေါက်နားမှာ လူငယ်လေးတစ်ယောက် ရပ်စောင့်နေတာကိုတွေ့ရပြီး သူတို့က ကမ်းခြေကို ဆင်းသွားတဲ့ ဟိုတယ်ဧည့်သည်တွေရဲ့ လုံခြုံရေးကို စောင့်ကြည့်ပေးနေတဲ့ ဟိုတယ် ဝန်ထမ်းလေး ဖြစ်တာကို တွေ့လိုက်ရတော့ ဟိုတယ်ရဲ့ ဝန်ဆောင်မှုကို စိတ်ထဲက အသိအမှတ် ပြုလိုက်မိ ပါတယ်။
နောက်တစ်နေ့ မနက်မှာတော့ အစောကြီးထပြီး မြောက်ဦးမြို့ကို ကားနဲ့ခရီးဆက်ခဲ့ပါတော့တယ်။ မကြာခင်မှာတော့ မြောက်ဦးမြို့ရဲ့ ရှေးဟောင်းစေတီပုထိုးများအကြောင်း ရေးပါတော့မယ်ရှင်။ ဆက်လက် အားပေးကြပါဦးလို့လည်း ပြောချင်ပါတယ်နော်။
ချစ်သော မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်ရှင်။

.jpg)