ဒီတစ်ပတ်မှာ လုပ်စားဖြစ်တဲ့ အစားအသောက်တွေ ထဲက သခွားသီးထောင်း အကြောင်းကို ပြောပြချင်ပါတယ်။ သခွားသီးထောင်း ဆိုလို့ သခွားသီးကို ငရုပ်ဆုံထဲထည့်ပြီး ညက်ညက်ကြေအောင် ထောင်းပစ်လိုက်တာမျိုး မဟုတ်ပါဘူး။ အားလုံးလည်း စားဖူးကြတဲ့ သင်္ဘောသီးထောင်းနည်းအတိုင်း ထောင်းထားတဲ့ သခွားသီးထောင်း ဖြစ်ပါတယ်။ ဒီနည်းဟာလည်း ယိုးဒယားအစားအစာ ရောင်းချတဲ့ဆိုင်တွေမှာ စားဖူးခဲ့တဲ့ သခွားသီးထောင်းနည်း အတိုင်း ထောင်းထားတာ ဖြစ်ပါတယ်။ ပါဝင်တဲ့ ပစ္စည်း အဆာပလာတွေကလည်း သင်္ဘောသီးထောင်းမှာ ပါဝင်တဲ့အတိုင်းသာ ဖြစ်ပါတယ်။
သခွားသီးထောင်း
*************
သခွားသီးထောင်းဖို့အတွက် ပုံမှာမြင်ရတဲ့ သခွားသီးရှည်ရှည်သွယ်သွယ်မျိုးကို ထောင်းထားတာပါ။ တကယ်လို့ ခုလို သခွားသီးမရှိရင် ရိုးရိုးသခွားသီးကို အခွံနွာပြီး ထောင်းနိုင်ပါတယ်။ ခု သခွားသီးကတော့ အခွံပါ စားလို့ရတာကြောင့် အခွံမနွာဘဲ ပါးပါးလှီးပါတယ်။
အခွံနွာပြီး ပါးပါးလှီးထားတဲ့ သခွားသီးတွေကို ခပ်တောင့်တောင့်လေးဖြစ်အောင် ရေအေးအေးမှာ ခဏစိမ်ထားလိုက်ပါတယ်။
ထို့နောက်မှာတော့ သခွားသီးကို ထောင်းပါတော့မယ်။ သခွားသီးထောင်းဖို့အတွက် ကြက်သွန်ဖြူ ၂မွှာခန့်ကို အရင်ထောင်းပါတယ်။ အစပ်ကြိုက်ရင် ငရုပ်သီးများများ ထည့်ထောင်းနိုင်ပါတယ်။ သခွားသီး၊ ခရမ်းချဉ်သီး ခပ်ထူထူးလှီး၊ ပဲတောင့်ရှည်ပို တစ်လက်မခန့်ဖြတ်၊ ပုဇွန်ခြောက်တို့ကိုထည့်ပါတယ်။ ဆား၊ ငံပြာရည်၊ အရသာမှုန့်၊ သကြား (အချို့က ထန်းညက်)၊ မြေပဲဆန်လှော်၊ သံပုရာသီးကို အရည်ညှစ်ပြီး အခွံပါ ထည့်လိုက်ပါတယ်။ ငံပြာရည်မရှိရင် ငပိနည်းနည်းလေး ထည့်ထောင်းနိုင်ပါတယ်။ အရောင်လှဖို့အတွက် ပုလင်းနဲ့လာတဲ့ ခရမ်းချဉ်သီးဆောစ့် အနည်းငယ်ကို ထည့်ပါတယ်။
အပြည့်အစုံထည့်ပြီးပြီဆိုရင် သစ်သားကျည်ပွေ့လေးနဲ့ ဖြေးဖြေးလေး ထောင်းရုံထောင်းပါတယ်။ အရသာတွေအားလုံး ရောသွားပြီဆိုရင် ချဉ်ချဉ်ချိုချိုစပ်စပ်လေးနဲ့ သခွားသီးထောင်းရပါပြီ။
ချိုချဉ်ငံစပ် သခွားသီးထောင်း
နံနံ၊ ကန်ဇွန်ရွက်တို့နဲ့ တွဲဖက်ပြီး စားဖို့ပါ
ချဉ်ချဉ်ချိုချို စပ်စပ် ကြိုက်သူများအတွက် အဆင်ပြေမဲ့ သခွားသီးထောင်းပါ။ ဒီနည်းနဲ့ ဂေါ်ရခါးသီး၊ ဆလပ်ရိုးတို့ကိုလည်း ထောင်းနိုင်ပါသေးတယ်။
ကြက်ဥထောင်း
**********
တလက်စတည်းမှာ ကြက်ဥထောင်းနည်းကို ပြောပြချင်ပါသေး တယ်။ ကြက်ဥထောင်းဆိုလို့ အပေါ်က နည်းတွေနဲ့ ချဉ်ချဉ်စပ်စပ် ထောင်းတာမျိုး မဟုတ်ပါဘူး။ ဒီနည်းကတော့ ကျွန်မတို့ကချင်ပြည်နယ်မှာ ထောင်းစားလေ့ရှိတဲ့ ကြက်ဥ ငရုပ်သီးထောင်းနည်းဖြစ်ပါတယ်။ ပထဦးဆုံး ကြက်ဥ ၂လုံး ၃လုံးကို ကျက်အောင် ပြုတ်လိုက်ပါတယ်။ ကျက်ရင် ရေအေးမှာစိမ်ပြီး အခွံခွာထားလိုက်ပါတယ်။
ကြက်ဥပြုတ်၊ ငရုပ်သီး၊ ကြက်သွန်ဖြူ
ထို့နောက် ကြက်ဥကို သေးသေးလေးတွေဖြစ်အောင် ဓားနဲ့ စင်းထားလိုက်ပါတယ်။
ကြက်သွန်ဖြူနဲ့ ငရုပ်သီးကို အရင်ထောင်းပါတယ်။ ညက်ရင် ကြက်ဥကို ထည့်ထောင်းပြီး ဆား၊ အရသာမှုန့်တို့ကိုထည့်ပါတယ်။ ပြီးရင် ပါးပါးလှီးထားတဲ့ နံနံပင်၊ ဖက်ဖယ်ရွက်တို့ကို ထည့်လိုက်ပါတယ်။
ကြက်ဥကို ငရုပ်သီးနဲ့ ထောင်းစားတဲ့ ကြက်ဥ ငရုပ်သီးထောင်းပါ။ ဒီ ကြက်ဥ ငရုပ်သီးထောင်းကတော့ အချဉ်ရည်ဟင်းတွေနဲ့ လိုက်ဖက်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်။
အားလုံးအတွက် ပျော်ရွှင်သော အားလပ်ရက်များဖြစ်ကြပါစေရှင်..