ဝက်သားဓညင်းသီးချက်

မနေ့က ထူးထူးခြားခြား ဓညင်းသီး လက်ဆောင်ရပါတယ်။ အဲဒီဓညင်းသီးကလည်း ကျွန်မတို့ ကချင်ပြည်နယ်က ထွက်တဲ့ ဓညင်းသီးပါ။ ကချင်ပြည်နယ်ထွက်တဲ့ ဓညင်းသီးဟာ စီးစီးပိုင်ပိုင်နဲ့ စားလို့ကောင်းလှတာကို စားဖူးသူတွေ သိကြမယ်ထင်ပါတယ်နော်။ လက်ဆောင်ရတဲ့ ဓညင်းသီးတွေကလည်း အခွံတွေ မခွာရသေးတဲ့ အလုံးအတိုင်းဖြစ်ပါတယ်။ ညတုန်းက အဲဒီ ဓညင်းသီးတွေကို အခွံထုခွဲပြီး အထဲက အဆန်ကိုထုတ်ပြီး ရေစင်အောင် ဆေးပြီး ဆား၊ ထန်းညက်ထည့်ပြီး ပြုတ်ပါတယ်။ လက်ဆောင်ပေးတဲ့ သူကလည်း ထန်းလျှက်ပါ တစ်ခါတည်း ယူလာပေးပါတယ်။ ဒီ ဓညင်းသီးတွေကို လက်ဆောင်ရတော့တော်တော်လေး ပျော်မိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ခုလို ကိုယ်တိုင်အခွံနွာပြီး၊ ကိုယ်တိုင်ပြုတ်ရတဲ့ အရသာဟာ နယ်မှာရှိတဲ့ ကျွန်မတို့ အိမ်ကို သတိရသွားစေလို့ပါ။ 

Image Hosted by PicturePush - Photo Sharing

ငယ်တုန်းက ကျွန်မတို့အိမ်မှာ ဓညင်းပင်၊ ပန္နဲပင်၊ သရက်ပင်၊ ငှက်ပျောပင် စသဖြင့် အပင်တော်တော် များများ ရှိပါတယ်။ ဒါကြောင့် စားချင်တဲ့ အသီးအနှံဆို အိမ်မှာရှိတဲ့ အပင်ကနေ အလွယ်တကူ ခူးဆွတ်လိုက်ရုံပါဘဲ။ အခါကြီးရက်ကြီးတွေမှာ ဆွမ်းချက်တဲ့အခါ အိမ်ကဓညင်းပင်ကြီးလည်း တစ်တပ်တစ်အား ပါဝင်ခဲ့ဖူးပါတယ်။ အဖိတ်နေ့မှာ အပင်ကနေ ခူးဆွတ်ပြီး ညကတည်းက ပြုတ်ထားလိုက်ပါတယ်။ မနက်ကျရင်တော့ အမေက ဓညင်းသီးကို အုန်းနို့လေးနဲ့ ကြော်ပြီး ဆွမ်းတော်ဟင်း တစ်ပွဲအဖြစ် ချက်ပြုတ်ပါတယ်။ ဆွမ်းဟင်းတွေထဲမှာ အမေ့လက်ရာ ဓညင်းသီးကို အုန့်နို့နဲ့ ကြော်တဲ့ဟင်းတစ်ခွက်ကလည်း တကယ်ကိုမမေ့နိုင်အောင် ကောင်းလွန်းလှပါတယ်။ ဒါကြောင့်လည်း ဒီဓညင်းသီးတွေကိုမြင်တော့ မချောတစ်ယောက်ကို အိမ်ကို သတိရမိတာပါ။ 

Image Hosted by PicturePush - Photo Sharing

အခွံခွာပြီးတဲ့ ဓညင်းသီးတွေကို ရေဆေးပြီး ဆား၊ ထန်းညက်ထည့်ပြီး ပြုတ်ပါတယ်။ ပထမ တစ်ရေ ကုန်အောင်ပြုတ်ပြီးချိန်မှာ အပေါ်က အခွံလေးတွေ ကွာလာတာကို ခွာဖို့ ရေအေးအေးမှာ စိမ်ပြီး အခွံခွာပါတယ်။ အားလုံးပြီးတဲ့အခါ ရေထည့်ပြီး ပြန်ပြုတ်ပါတယ်။ ရေအကြိမ်ကြိမ်ထည့်ပြီး ပြုတ်တဲ့အခါ စားရန် အသင့်ဖြစ်တဲ့ ဓညင်းသီးစေးစေးပိုင်ပိုင်ကို ရပါပြီ။ ကျွန်မတို့ နယ်ဘက်မှာတော့ ဓညင်းသီးကို ပြုတ်စားတာနဲ့ ဟင်းချက်စားတာကလွဲလို့ အခြားနည်းနဲ့ သိပ်စားလေ့မရှိပါဘူး။ ဓညင်းသီးသုပ်ကိုတော့ မန္တလေးရောက်မှ စားဖူးတာဖြစ်ပြီး ဓညင်းဝက်နဲ့ ဓညင်းသီး အနုလေးတွေကို အစိမ်းစားကြတာကိုတော့ ရန်ကုန်ရောက်မှ တွေ့ဖူး စားဖူးပါတယ်။ ဓညင်းသီး အစိမ်းကို စစချင်း စားဖူးတဲ့နေ့မှာဘဲ လိမ့်နေအောင် ခံလိုက်ရတာ မှတ်မှတ်ရရ အဖြစ်တစ်ခုပါ။ :) 

Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီးသား ဓညင်းသီးများ 

ကျွန်မကတော့ ပြုတ်ထားတဲ့ ဓညင်းသီးတွေကို ဝက်သားနဲ့ချက်ဖို့ စီစဉ်ထားပါတယ်။ ဝက်သား ဓညင်းသီး ချက်နည်းဟာ ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့တဲ့ ဝက်သားနာနတ်သီး ချက်နည်းနဲ့ အတူတူဖြစ်ပါတယ်။  ဝက်သားကို အသားထက် အခေါက်ကို ပိုကြိုက်တဲ့ ကျွန်မက အသားအဆီ၊ အခေါက် ပါတဲ့ သုံးထပ်သားလိုမျိုးတို့ အနေတော်အတုံးလေးများ တုံးပါတယ်။ ပြီးရင် ဟင်းချက်ဝိုင်၊ ဆား၊ အရသာမှုန့်၊ ငံပြာရည်တို့နဲ့ နယ်ပြီး ၁၅မိနစ်ခန့်ထားထားပါတယ်။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းတို့ကို အရောင်တင်၊ဆနွင်းမှုန့်တို့နဲ့ ဆီသတ်ပြီး ဝက်သားကို ထည့်လိုက်ပါတယ်။ ဝက်သားကို အချိုဓာတ်ရအောင် ကြာညှို့ကို ထည့်ချက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing


ကြက်သွန်များကိုဆီသတ်ကာ ဝက်သားထည့်ပြီးနောက် ရေထည့်ပြီး အဖုံးအုပ်၍ မီးပေါ်တည်ထားလိုက်ပါတယ်။ ဝက်သားမနူးမချင်း ရေထပ်ထပ်ထည့်ပါ။ ကျွန်မက ဟင်းချက်တဲ့အခါ ဆီတွေ များတာကို သိပ်သဘောမကျတာကြောင့် ဆီလျှော့ထည့်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

ဝက်သားနူးလာရင် ဓညင်းသီးများကို ထည့်ပါ။ ဓညင်းသီးကို များများစားချင်တာကြောင့် ဝက်သားထက် ဓညင်းသီးကို ပိုထည့်ထားတာပါ။ ရေထပ်ထည့်ပြီး ရေခမ်းအောင်တည်ထားပါတယ်။ ဆား၊ အရသာမှုန့်တို့ကို အပေါ့အငံမြည်းကာထည့်ပါ။

Image Hosted by PicturePush - Photo Sharing

ရေခမ်းသွားပြီဆိုရင် အရသာရှိလှတဲ့ ဝက်သားဓညင်းသီးချက် ရပါပြီ။ 



ထမင်းမြိန်စေမဲ့ ဝက်သားဓညင်းသီးချက်ပါ။ 

Image Hosted by PicturePush - Photo Sharing

ဒီပိုစ့်ရေးမပြီးခင် မျက်စိတွေ စင်းလာအောင် အစွမ်းပြလို့နေပါပြီ။ :P

ဓညင်းသီးဆိုတာကတော့ မိုးရာသီမှသာ အများအားဖြင့် ရနိုင်တာမို့ ရာသီစာလို့ဘဲ ဆိုရမယ်ထင်ပါတယ်။ ကျွန်မကတော့ ရှားရှားပါးပါး လက်ဆောင်ရလိုက်တဲ့ ဓညင်းသီးတွေကို ပျော်ပျော်ပါးပါးစားလိုက်ပါတယ်။ စားပြီးရင်တော့ မဟာဖြေဆေးတော့ အဆင်သင့် ဆောင်ထားပါကြောင်းး)



မိတ်ဆွေများအားလုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေ.။


Image Hosted by PicturePush - Photo Sharing