တရုတ်ပြည်ရောက် မြန်မာ့ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်


တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှာ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် အလည်အပတ် သော်လည်းကောင်း၊ လေ့လာစရာ အဖြစ်သော်လည်းကောင်း၊ ဘုရားဖူးဖို့အတွက်သော်လည်းကောင်း နာမည်ကျော်တဲ့ နေရာတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူတည်ရှိသော Jade Buddha Temple လို့ ခေါ်တဲ့ ဘုရားကျောင်းဖြစ်ပါတယ်။ အဲဒီ Jade Buddha Temple တရုတ်လိုတော့ ( 玉佛禅寺) ဟာ ရှန်ဟိုင်းမြို့ရဲ့ လည်ပတ်လေ့လာစရာ နေရာ၁၀ခုထဲမှာ ထိပ်ဆုံးက ပါဝင်တဲ့နေရာတစ်ခုဖြစ်ပြီး တရုတ်ပြည်တွင်းက ခရီးသွားများရော၊ နိုင်ငံခြားသားများပါ စိတ်ဝင်တစား သွားရောက်ကြတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။  စိတ်ဝင်စားစရာ ကောင်းတာက အဲဒီ ကျောက်စိမ်း ရုပ်ပွားတော်နှစ်ဆူဟာ အဖြစ် ထုလုပ်တဲ့ ကျောက်စိမ်းဟာ မြန်မာပြည်က ထွက်တဲ့ ကျောက်စိမ်းဖြစ်တဲ့အပြင် မြန်မာတို့ရဲ့ အနုလက်ရာ၊ မြန်မာ့ကျောက်ဆစ်ပညာ တို့နဲ့ ထုလုပ်ထားတဲ့ မြန်မာ့လက်ရာစစ်စစ် ရုပ်ပွားတော်များ ဖြစ်ပါတယ်။ မြန်မာ့လက်ရာစစ်စစ် ဗုဒ္ဓရုပ်ပွားတော်များဟာ တိုင်းတစ်ပါးမှာ နာမည်ကျော်နေတာဟာဖြင့် ထူးဆန်းအံ့သြဖွယ်၊ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ မြန်မာ့ကျောက်စိမ်း၊ မြန်မာ့လက်ရာ ဖြစ်တဲ့ ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်များဟာ ဘယ်လိုပုံ၊ ဘယ်လိုနည်းနဲ့ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ထဲကို ရောက်ရှိသွားတယ်ဆိုတာ လေ့လာမိသလောက် ပြန်လည် ပြောပြရရင်…


၁၈၈၂ခုနှစ်တွင် ကျဲ့ကျန်းပြည်နယ် ဖူထော တောင်ပေါ်က ဘုန်းကြီးကျောင်းမှာ နေထိုင်တဲ့ တရုတ်ဘုန်းတော်ကြီး ဟွေ့ကိန်းဟာ တရုတ်ပြည်က ထင်ရှားတဲ့ တောင်တန်းများ၊ ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာဒေသ ဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ တိဘက်နိုင်ငံ စသည်တို့ဆီကို စီချွမ်ပြည်နယ်က တစ်ဆင့် ဘုရားဖူးထွက်ရင်း အပြန်မှာ မြန်မာနိုင်ငံထဲကို ရောက်သွားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်သွားတဲ့အခါမှာ အရည်အသွေး ကောင်းမွန်လှတဲ့ မြန်မာ့ကျောက်စိမ်းတွေကို တွေ့မြင်ရတဲ့အပြင် ဗုဒ္ဓရုပ်ပွားတော်တွေကို ထုလုပ်ထားတဲ့  မြန်မာတွေရဲ့ ကျောက်ဆစ် လက်ရာတွေဟာ အဆင့်အတန်းမြင့်မားပြီး လက်ရာမြောက်လှတာကိုပါ တွေ့မြင်ရတဲ့အခါ မြန်မာပြည်ထွက် ကျောက်စိမ်းတွေနဲ့ ဗုဒ္ဓရုပ်ပွားတော် ထုလုပ်ကိုးကွယ်ဖို့ စိတ်ဆန္ဒဖြစ်လာပါတယ်။ အဲဒါနဲ့ ဘုန်းတော်ကြီး ဟွေ့ကိန်းဟာ ကျောက်စိမ်းရုပ်ပွားတော်ကို ထုလုပ်နိုင်ဖို့အတွက် နေရာအနှံ့အပြားကို အလှူခံ ထွက်ပါတော့တယ်။ အဲဒီလို အလှူခံတော့ မြန်မာနိုင်ငံမှာ အခြေချ နေထိုင်နေတဲ့ တရုတ်လူမျိုး  Mr. Chen Junpu က ငွေဒင်္ဂါးပေါင်း၂၀၀၀၀ကျော် ကို လှူလိုက်ပါတယ်။

အဲဒီ အလှူငွေတွေကို ရတာနဲ့ ဘုန်းတော်ကြီးဟာ ကျောက်စိမ်းတူးဖော်ဖို့ ပြင်ဆင်ပါတယ်။ မြန်မာဘုရင်ကလည်း ဘုန်းတော်ကြီး ဟွေ့ကိန်းကို အထူးအခွင့်အရေးအနေနဲ့ ကျောက်စိမ်းတူးဖော်ဖို့ ခွင့်ပြုခဲ့တယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီးဟွေ့ကိန်းရောက်လာတဲ့ ခုနှစ်ကို ပြန်တွက်ကြည့်တဲ့အခါ အင်္ဂလိပ်တို့ အထက်ဗမမာပြည်ကို မသိမ်းမှီ သီပေါဘုရင်လက်ထက်က ဖြစ်မယ်လို့ တွက်ဆကြည့်မိပါတယ်။  ကျောက်စိမ်းတုံး ကောင်းကောင်း ရတာနဲ့တပြိုင်နက် ဘုန်းတော်ကြီးဟာ မန္တလေးမြို့က ပန်းပုပညာရှင်၊ ကျောက်ဆစ်ပညာရှင် အကျော်အမော် များကို ငှားရမ်းပြီး ဗုဒ္ဓရုပ်ပွားတော် အကြီးအသေး အရွယ်စုံ ငါးဆူကို ထုလုပ်စေပါတယ်။ ရုပ်ပွားတော်များကိုလည်း အဖိုးတန် ကျောက်မျက်ရတနာများ၊ ကြီးမားသော ပုလဲများနဲ့ တန်ဆာဆင်စေပါတယ်။ အားလုံးသော ဗုဒ္ဓရုပ်ပွားတော်များရဲ့ မျက်နှာတော်ဟာ လမင်းကြီးပမာ ကြည်လင်ဝင်းပ တင့်တယ်လှပြီး အေးချမ်းတည်ငြိမ်သော အသရေတော်နဲ့ ပြည့်စုံလှတယ်လို့ ဆိုပါတယ်။

ထို့နောက်မှာတော့ ရုပ်ပွားတော်များ ထုလုပ်လို့ ပြီးတာနဲ့ တရုတ်ပြည်ထဲကို ရေလမ်းကနေ သယ်ဆောင်လာပါတယ်။ ရှန်ဟိုင်းဆိပ်ကမ်းကို ရောက်တဲ့အခါ သူခိုးဓားပြ၊ အကျင့်ပျက်မြို့သူမြို့သားများ ဆူပူသောင်းကျန်းလှတာကို တွေ့ရှိရတဲ့အတွက် မြို့သူမြို့သားများ ကိုးကွယ်ပူဇော်နိုင်ရန်အတွက် ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူကို ရှန်ဟိုင်းမြို့မှာ ကိန်းဝပ်စံပယ်ဖို့ စိတ်ကူးရမိပါတယ်. ဒါကြောင့်လည်း ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူ ကိန်းဝပ်ဖို့ရန် ဘုရားကျောင်းဆောက်လုပ်ဖို့အတွက် နှစ်ပေါင်းများစွာ ငွေအလှူခံပါတယ်။ ငွေကြေး ပြည့်စုံတာနဲ့ ဘုရားကျောင်း ဆောက်လုပ်ပြီး ကျောက်စိမ်းရုပ်ပွားတော် နှစ်ဆူကို ၄င်းကျောင်းဆောင်ကြီးမှာ ပင့်ဆောင ပူဇော်ထားပါတယ်။ ကျန်တဲ့ ရုပ်ပွားတော် သုံးဆူကိုတော့ သူနေထိုင်ရာ ပူတောင် တောင်တန်းဆီကို ပင့်ဆောင်သွားခဲ့ပါတယ်။ ၁၉၁၁ခုနှစ် မှာ ဘုရားကျောင်းဟာ ယိုယွင်းပျက်စီးခဲ့ရပြီး ၁၉၁၈ခုနှစ်မှာ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ၁၀နှစ်ကြာ တရုတ်ပြည် ခေတ်ပြောင်းတော်လှန်ရေးကြောင့် ဘုရားကျောင်းဟာ တစ်ဖန် ပျက်စီးခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ကျောက်စိမ်း ရုပ်ပွားတော်များကတော့ လုံခြုံကောင်းမွန်စွာ သိမ်းဆည်းခြင်း ခံထားရပါတယ်။  ၁၉၂၈ခုနှစ်မှာ ဘုရားကျောင်းကို အသစ်ပြန်လည် တည်ဆောက်ခဲ့ပြီး ယခု Jade Buddha Temple လို့ ခေါ်တဲ့ကျောင်းဖြစ်လာပါတယ်။ နှစ်ပေါင်း ၁၃၀ခန့် သက်တမ်းရှိပြီဖြစ်သော မြန်မာနိုင်ငံကနေ တရုတ်ပြည်ထဲကို ပင့်ဆောင်သွားတဲ့ ကျောက်စိမ်းရုပ်ပွားတော် အကြောင်း ပြောပြပြီးတဲ့နောက် Jade Buddha Temple ထဲ ဝင်ကြည့်ကြရအောင်နော်။ 





Jade Buddha Temple လို့ခေါ်တဲ့ ဘုရားကျောင်းပါ။ ဒီကျောင်းထဲကို ဝင်ဖို့အတွက် လူတိုင်း လက်မှတ်ဝယ်ရပါတယ်။ လက်မှတ်တစ်စောင်ကို တရုတ်ငွေ ၃၀ ယွမ် (မြန်မာငွေ ၄၈၀၀ ခန့်) ပေးရပါတယ်။ ဘုရားကျောင်းထဲမှာ ဘုရားရှိခိုးပူဇော်ဖို့ ရောက်နေတဲ့  ပြည်တွင်းက တရုတ်တွေရော၊ ဘုရားကျောင်းထဲက ယဉ်ကျေးမှု လက်ရာများကို လေ့လာဖို့ ရောက်ရှိနေကြတဲ့ နိုင်ငံပေါင်းစုံက ခရီးသည်တွေပါ များပြားလှပါတယ်။ 


တရုတ် လက်ရာစစ်စစ် ရုပ်ပွားတော်များ 











ကျောင်းဆောင်ထဲမှာ ရွှေရောင်ဝင်းနေတဲ့ ရုပ်ထုများစွာ ရှိပြီး တရုတ်တို့လက်မှုပညာနဲ့ ထုလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်များ၊ ကောင်းကင်ဘုံနတ်မင်းများ၊ ကွမ်ရင်မယ်တော်၊ မိုးနတ်မင်း စသည့်ရုပ်ထုများစွာ တွေ့ရပါတယ်။


တရုတ်ဘုန်းတော်ကြီးအချို့ ဘုရားစာ ရွတ်ဖတ်ပူဇော်နေတာ တွေ့ရပါတယ်။

ရုပ်ထုတွေကိုတော့ မှန်အလုံခန်းထဲ ထည့်ထားတာမို့ အလင်းပြန်ပြီး ဓာတ်ပုံရိုက်ရတာ တော်တော်လက်ဝင်ပါတယ်။ 


ယပ်တောင်တဖျတ်ဖျတ်ခတ်ပြီး လျှောက်သွားနေတတ်တဲ့ တရုတ်ကျိကုန်း ရသေ့ရဲ့ ရုပ်ထုပါ
ဘုရားကျောင်း တစ်ဆောင်နဲ့တစ်ဆောင်ကြားမှာ သစ်ပင်လေးတွေ၊ ထင်းရှူးပင်ပုတွေ (ဘွန်ဇိုင်း)တွေကို လှလှပပ အလှဆင် စိုက်ပျိုးထားတာ တွေ့ရပါတယ်။ 


ဘွန်ဇိုင်းလုပ်ထားတဲ့ အပင်တွေထဲမှာ ဒီအပင်လေးဟာ အပွင့်တွေပွင့်နေပြီး ပျားလေးတွေဟာ ပန်းပွင့်တွေဆီမှာ ရစ်ဝဲနားခိုနေကြတာ တွေ့ခဲ့ရပါတယ်။ ဘာပင်မှန်းမသိပေမဲ့ တော်တော် ချစ်စရာကောင်းလို့ သဘောကျမိပါတယ်။ 


သူတို့ဆီမှာတော့ ခေါင်းလောင်းကို ဒီတိုင်းချထားတာ တွေ့ခဲ့ရပါတယ်။ 

အရှေ့ဘက်ဆောင်ထဲက ရုပ်ပွားတော်တွေ၊ နတ်ရုတ်တွေကို လေ့လာကြည့်ရှု ဓာတ်ပုံရိုက်ပြီးတဲ့နောက် နိုင်ငံခြားသားတွေ အုပ်စုလိုက်သွားနေတဲ့ အနောက်ဖက် ဆောင်ဘက်ကို လိုက်သွားကြည့်တဲ့အခါမှာ ထိုင်တော်မူ ကျောက်စိမ်းရုပ်ပွားတော်သို့ လို့ လမ်းညွှန်ထားတဲ့ ဆိုင်းဘုဒ်လေးကို တွေ့တာနဲ့ အဲဒီ ဆိုင်းဘုဒ်လမ်းညွှန်ရာအတိုင်း လိုက်သွားတဲ့အခါမှာ ကော်ရစ်တာ ဒေါင့်မှာ ဘုရား ဂေါပကဖြစ်ဟန်တဲ့တူတဲ့ လူကြီးတစ်ယောက်ကို  တွေ့ပါတယ်။ သူက လက်မှတ်စစ်နေတာပါ။ ဆိုလိုတာက ကျောက်စိမ်းရုပ်ပွားတော်ကို ဖူးမယ်ဆိုရင်  နောက်ထပ် လက်မှတ်တစ်စောင် ထပ်ဝယ်ရပါတယ်။ လက်မှတ်မပါရင် ဝင်လို့ မရဘူးလို့ ဆိုပါတယ်။ အဲဒါနဲ့ ကျွန်မလည်း လက်မှတ်က ဘယ်မှာ ဝယ်ရမလဲ လို့ မေးတော့ သူက လက်မှတ်ရောင်းနေတဲ့  ပြူတင်းပေါက်တစ်ခုကို ညွှန်ပြပေးပါတယ်။ အဲဒါနဲ့ လက်မှတ်တစ်စောင်ကို တရုတ်ငွေ ၂၀ယွမ်နဲ့ ( မြန်မာငွေ ၃၀၀၀ကျပ်ခန့်) တစ်ယောက်တစ်စောင်စီ ထပ်ဝယ်ကြရပါတယ်။ လက်မှတ်ဝယ်ပြီးတာနဲ့ လမ်းညွှန်ဆိုင်းဘုဒ် ပြထားတဲ့အတိုင်း လမ်းလျှောက်ဝင်သွားရာမှာ သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ ကျောင်းဆောင်တစ်ခုရဲ့ အပေါ်ထပ်ကို တက်သွားရပါတယ်။ အဲဒီမှာ ခပ်ကျယ်ကျယ် ဘုရားဝတ်ပြုခန်းတစ်ခု တွေ့ရပြီး ကျွန်မ ဖူးချင်တဲ့ ကျောက်စိမ်းရုပ်ပွားတော်ကို ဖူးခွင့်ရခဲ့ပါတယ်။ သို့သော် စိတ်မကောင်းစရာတစ်ခုက ဓာတ်ပုံလုံးဝ ရိုက်ခွင့်မရပါဘူး။အင်္ကျီအနက် ဘောင်းဘီအနက်နဲ့ ဘော်ဒီဂတ်လိုလို ဘာလိုလို အမျိုးသမီး နှစ်ယောက် အစောင့်အဖြစ် စောင့်နေတာ တွေ့ခဲ့ရပြီး ဓာတ်ပုံရိုက်တာ ၊ ဘုရားဝတ်ပြုခန်းထဲဝင်တာ လုံးဝ မလုပ်နိုင်အောင် သေချာ စောင့်ကြည့်နေတာ တွေ့ရပါတယ်။ ကျွန်မတို့ရှေ့နားမှာလည်း နိုင်ငံခြားသား တစ်အုပ်ကို သူတို့ရဲ့ tour guide က ဒီရုပ်ပွားတော်အကြောင်း အင်္ဂလိပ်လို ရှင်းပြနေတာ ကြားနေရပါတယ်။ Guide လုပ်သူက ဒီကျောက်စိမ်း ရုပ်ပွားတော်ဟာ မြန်မာပြည်ကထွက်တဲ့ ကျောက်စိမ်းကို မြန်မာ့ကျောက်ဆစ်ပညာရှင်တွေ ထုလုပ်ထားတာဖြစ်ကြောင်း မြန်မာပြည်ကနေ ဒီတရုတ်ပြည်ကို ပင့်ဆောင်လာတာဖြစ်ကြောင်း ရှင်းပြနေတဲ့အခါ ဂုဏ်ယူစိတ်တွေနဲ့ ကျွန်မ ပြုံးနေမိပါတယ်။ စိတ်ထဲကနေတော့ ဒါ ငါတို့တိုင်းပြည်က ထွက်တဲ့ အဖိုးတန် ကျောက်စိမ်းလေ.. ပြီးတော့ ငါတို့တိုင်းပြည်မှာ အင်မတန်မှ လက်ရာမြောက်အောင် ထုဆစ်နိုင်တဲ့ ပညာရှင်တွေ အများကြီးရှိတယ်လို့ ပြောနေမိပါတယ်။ 


ဒါက ကျောက်စိမ်းရုပ်ပွားတော် စံပါယ်နေတဲ့ ကျောင်းဆောင်နဲ့အတူ ကျောက်စိမ်းရုပ်ပွားတော်ကို ဖူးမြင်ရတာပါ။ 

ဓာတ်ပုံ လုံးဝ ရိုက်ခွင့်မရှိဘူး ဆိုလို့ ကျွန်မအနေနဲ့ တော်တော် စိတ်မကောင်းဖြစ်မိပါတယ်။ မြန်မာ့မြေပေါ်က ရတနာနဲ့ ထုဆစ်ထားတဲ့ ထင်ရှားကျော်ကြားလှသော ကျောက်စိမ်းရုပ်ပွားတော်ကြီးကို တစ်ခြားသူတွေကိုလည်း ဖူးတွေ့စေချင်ပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေကြား ထင်ရှားလှပေမဲ့ ကျွန်မတို့တိုင်းပြည်မှာတော့ တိုင်းတပါးမှာ ထင်ရှားကျော်ကြားနေတဲ့ ကိုယ့်တိုင်းပြည်က ရတနာ၊ ကိုယ့်တိုင်းပြည်က အနုပညာ လက်ရာအကြောင်းကို သိတဲ့သူ နည်းလှပါတယ်။ အဲဒီအကြောင်းကို  ကျွန်မတို့ တိုင်းပြည်ကလူတွေကို ပြန်လည်ပြသချင်ပါတယ်။ ဒါကြောင့်လည်း အစောင့် ၂ယောက်အလစ်မှာ ကင်မရာကို လုံးဝမချိန်ဘဲ လည်ပင်းမှာ ချိတ်ဆွဲထားရက်ကနေ ရအောင် ရိုက်ယူခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်မကို စည်းကမ်းဖောက်ဖျက်သူ ၊ စည်းကမ်း မလိုက်နာသူ တစ်ယောက်လို့ စွတ်စွဲမယ်ဆိုရင် စွတ်စွဲနိုင်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် ဖောက်ဖျက်ခဲ့တဲ့ စည်းကမ်းမဲ့ ကျွန်မ လုပ်ရပ်အတွက်တော့ နောင်တ ရမိမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ တိုင်းပြည်ကထွက်တဲ့ ရတနာ၊ ကျွန်မတို့ တိုင်းပြည်ကပညာရှင်တွေရဲ့ လက်ရာ ဖြစ်လို့ပါ။ ကင်မရာကို လုံးဝ မချိန်ဘဲ ရိုက်ခဲ့ရတာဖြစ်တော့ ဓာတ်ပုံ အရည်အသွေးကတော့ မကောင်းလှပေမဲ့ ရိုက်ခဲ့ရတာကိုပဲ ကျေနပ်မိပေမဲ့ ကင်မရာနဲ့ အနီးကပ် ဆွဲယူလို့လည်း မရခဲ့လေတော့ ခပ်ဝေးဝေးကပုံတွေပဲ ရခဲ့ပါတယ်။ 



ဒီပုံမှာတော့ အလင်းရောင် နည်းသွားပါတယ်။ 




ရုပ်ပွားတော်ရှေ့တွင် ဘုရားဝတ်ပြုသူ အချို့ကို တွေ့ရစဉ်.. 

ဘုရားဖူးနေရင်း အထဲဝင်ပြီး ဘုရားဝတ်ပြု ချင်ပါတယ် လို့ (ဘုရားရှိခိုးဖို့) ခွင့်တောင်းတဲ့အခါ အစောင့် မိန်းမ နှစ်ယောက်က ဝင်လို့ မရပါဘူး လို့ ပြန်ဖြေပါတယ်။ သို့သော်လည်း တရုတ်ဘုန်းတော်ကြီး တပါးကတော့ သူနဲ့ရင်းနှီးဟန်တူတဲ့ တရုတ် ၃ယောက် ၄ယောက်လောက်ကို ခေါ်သွင်းလာတာကို တွေ့လိုက်ရတော့ ဘုရားဝတ်ပြုဖို့တောင် ဘုန်းကြီးတစ်ပါးပါးနဲ့ ရင်းနှီးမှသာ ဝတ်ပြုလို့ ရတာကို နားလည်မိပါတော့တယ်။ ဘုရားကို ဖူးခွင့်ရခဲ့ပေမဲ့ အားရပါးရ ဦးချခွင့်၊ အနီးကပ် ဖူးမျှော်ခွင့် မရခဲ့တာကတော့ ဝမ်းနည်းစရာပါ။  ဘုရားဝတ်ပြုတဲ့ သူတွေရောက်လာလို့ အစောင့်နှစ်ယောက် အလုပ်များသွားတဲ့အချိန်လေးကို အမိအရ ယူပြီး ဓာတ်ပုံ ခိုးရိုက်ခဲ့ရတာပါ။ အလင်းအမှောင်လည်း ဘာမှကို ချိန်လို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မတို့နည်းတူ  ဘေးနားက နိုင်ငံခြားသား တစ်အုပ်ထဲက အချို့ကလည်း ဓာတ်ပုံ ခိုးရိုက်နေတာများ flash မီးတောင် ဖွင့်ပြီး ရိုက်ပါတယ်။ :P အတူသွားတဲ့ညီမတစ်ယောက်ကတော့ သူ့အိုင်ဖုန်းနဲ့ ခိုးရိုက်တာမှာ shatter အသံက ကျယ်တော့ အစောင့်နှစ်ယောက် ကြားသွားပြီး ဓာတ်ပုံမရိုက်ဖို့ လာတားပါတော့တယ်။ ဒါနဲ့ ကျွန်မတို့လည်း ဒီလောက်နဲ့ ကျေနပ်လိုက်ရပါတယ်။ အနီးကပ် မရိုက်ခဲ့ရလို့ မကျေနပ်တဲ့ ကျွန်မဟာ အိမ်ပြန်ရောက်တဲ့အခါ ဒီရုပ်ပွားတော် အနီးကပ်ပုံကို အင်တာနက်မှာ တွေ့ရလေမလားလို့ လိုက်ရှာတော့ ထင်တဲ့ အတိုင်း တွေ့ရပါတော့တယ်။ ဒီပုံတွေက ဓာတ်ပုံ ရိုက်ခွင့်ပြုချိန်တုန်းက ရိုက်ထားပြီး အင်တာနက်ပေါ် တင်ထားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။  အင်တာနက်က ရှာဖွေစုဆောင်းရရှိတဲ့ ကျောက်စိမ်းရုပ်ပွားတော်ရဲ့ အနီးကပ် ဓာတ်ပုံတစ်ချို့ကိုလည်း အားလုံးဖူးလို့ရအောင် ပြန်လည် မျှဝေလိုက်ပါတယ်။





ကျောက်စိမ်းရုပ်ပွားတော်ရဲ့  မျက်နှာတော် အနေအထားဟာ ကြည်လင်ဝင်းပ တင့်တယ်အေးချမ်းလှပြီး မြတ်စွာဘုရားရှင်ရဲ့ အတုမရှိသော ကျက်သရေ၊ အေးချမ်းတည်ကြည်လှတဲ့ စိတ်နှလုံးကို ကောင်းကောင်းကြီး ဖော်ကျုးနိုင်တယ်လို့  ဗုဒ္ဓဘာသာဝင် ဟုတ်သူများရော မဟုတ်သူများပါ လာရောက်ဖူးမျှော်ကြ၊ လေ့လာကြတဲ့သူတိုင်းက ချီးကျူးကြရပါတယ်။ ၅ပေနီးပါးခန့် ဥာဏ်တော်ရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကို အနီးကပ် ဖူးမျှော်ကြည့်တဲ့အခါ နဖူးသင်းကျစ်တော်၊ သင်္ကန်းတော် အနားစ၊ လက်ပတ်တော်တို့မှာ လှပတဲ့ ရောင်စုံကျောက်များနဲ့ စီခြယ်ပူဇော်ထားပြီး ဦးခေါင်းတော်နဲ့ ဆံထုံးတော်ထိပ်မှာ ကြီးမားလှတဲ့ ပုလဲကြီးတွေကို တွေ့ရပါတယ်။ ရုပ်ပွားတော်ရဲ့ အနောက်ဖက် ကနှုတ်ဘောင်တွေကတော့ ရွှေအစစ်နဲ့ ပြုလုပ်ထားဟန်ရှိပြီးတော့ အရည်အသွေးကောင်းလှတဲ့ ကျောက်စိမ်းများကိုပါ ထည့်သွင်းအလှဆင်ထားတာ တွေ့ရပါတယ်။ တန်ဖိုးကြီးမားလှတဲ့ ရတနာတွေနဲ့ စီခြယ်ထားတာကြောင့်များ ဓာတ်ပုံရိုက်ခွင့် မပြုတာဖြစ်လေမလားလို့တော့ တွေးမိပါတယ်။ 






အောက်ထပ်မှာတော့ လျောင်းတော်မူ ရုပ်ပွားတော်ကို ဖူးတွေ့ရပါတယ်. ဒီရုပ်ပွားတော်ကိုတော့ လွတ်လွတ်လပ်လပ် ဓာတ်ပုံရိုက်ခွင့်ပြုထားပါတယ်။ အဲဒါကိုတော့ သေချာ ချိန်ပြီးရိုက်ဖြစ်ခဲ့ပါတယ်။ အချို့ကတော့ ဒီလျောင်းတော်မူ ရုပ်ပွားတော်ဟာ စင်္ကာပူက ဘုန်းတော်ကြီး ဆယ်ပါးက လာရောက်လှူဒါန်းထားတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ မြန်မာပြည်က ယူဆောင်လာတဲ့ လျောင်းတော်မူရုပ်ပွားတော်ဟာ ဒီရုပ်ပွားတော်ထက် သေးငယ်ပြီး ကျောင်းဆောင်ရဲ့ တစ်နေရာမှာ ပူဇော်ထားတယ်လို့ ဆိုကြပေမဲ့ အဲဒီ လျောင်းတော်မူ နောက်တစ်ဆူကိုတော့ မဖူးခဲ့ရပါဘူး...


ပုံထဲကလို  Jade Buddha Temple ရဲ့ အမှတ်တရ လက်ဆောင်ပစ္စည်းများ ၊ ရုပ်ပွားတော်ပုံတူများ၊ တရုတ်ရိုးရာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ပစ္စည်းများ၊ ရုပ်ထုများ  များစွာကို ရောင်းချတဲ့ဆိုင်တွေ တော်တော်များများ တွေ့ခဲ့ရပါတယ်။ ဈေးလည်း တော်တော်ကြီးပြီးတော့ အမှတ်တရ ရောင်းချတဲ့ တူ (ထမင်းစားရင် သုံးတဲ့ တူ) တစ်စုံကိုပင် တရုတ်ငွေ ၅၀ (မြန်မာငွေ ၈၀၀၀ခန့်) ရှိပါတယ်။ 


ဘုရားကျေင်းထဲသို့ လာရောက် ပူဇော် ဆုတောင်းကြသူများ..

 ကျောက်စိမ်းဟာ တရုတ်နိုင်ငံရဲ့ အနှစ်သစ်ဆုံး ရတနာတစ်ပါးပါ။ မြန်မာပြည်က ထွက်သမျှ ကျောက်စိမ်းဟာ တရုတ်ပြည်ကို ရောက်သွားပါတယ်။ မြန်မာ့ကျောက်စိမ်း၊ မြန်မာ့လက်ရာ ကျောက်စိမ်းရုပ်ပွားတော်ဟာ နိုင်ငံခြားသားများရော၊ တရုတ်ပြည်တွင်းက တရုတ်လူမျိုးများပြာ နေ့စဉ်နေ့တိုင်း လူပေါင်းများစွာ လာရောက်ဖူးမျှော် လေ့လာကြပါတယ်။ လူတစ်ဦးတိုင်းကို တရုတ်ငွေ ၅၀၊ မြန်မာငွေ ၈၀၀၀ခန့် တန်ကြေးရှိတဲ့ လက်မှတ်ဝယ်မှသာ ရုပ်ပွားတော်ကို ဖူးခွင့်ရတာ ဖြစ်ပါတယ်။ ဘုရားဖူး လာရောက်သူ၊ လေ့လာရေး လာရောက်သူများဆီက တစ်ရက်တစ်ရက်ကို ကောက်ခံရရှိတဲ့ ငွေတွေ မနည်းလှဘူး ဆိုတာကို တွက်ဆကြည့်နိုင်ပါတယ်။ ကျွန်မတို့ မြန်မာပြည်ထွက် အဖိုးတန် ကျောက်စိမ်းနဲ့ ထုလုပ်ထားတဲ့ မြန်မာ့လက်ရာစစ်စစ် ဗုဒ္ဓရုပ်ပွားတော်ဟာ ပြည်ပမှာ နာမည်ကျော်ကြားပြီး လူတိုင်းက တန်ဖိုးထား လေ့လာနေကြတာဟာ ဂုဏ်ယူစရာကောင်းလှပါတယ်။ သို့သော်လည်း မြန်မာ့ကျောက်စိမ်းတွေကို ပြည်ပကို အရိုင်းတုံးအတိုင်း ဈေးပေါပေါနဲ့ ရောင်းချမဲ့ အစား အခုလို  အနုပညာ အရရော၊ ကိုးကွယ်ယုံကြည်မှု အရပါ တန်ဖိုးထားရမဲ့ လက်ရာမြောက်တဲ့ ဗုဒ္ဓရုပ်ပွားတော်များ၊ ဘာသာရေးနဲ့ဆိုင်တဲ့ ရုပ်ထုများကို ထုလုပ်ပြီး အများပြည်သူ ပူဇော်နိုင်ရန်သော်လည်းကောင်း၊ အနုပညာ လက်ရာမြောက်လှတဲ့ ရုပ်ထုများကို ထုလုပ်ပြီး အများပြည်သူ လေ့လာကြည့်ရှုဖို့လည်းကောင်း စီစဉ်မယ်သာ ဆိုခဲ့ရင် နိုင်ငံခြားခရီးသွားများကိုလည်း ယခု ရှန်ဟိုင်းရောက် Jade Buddha Temple လိုမျိုး ဆွဲဆောင်နိုင်မှာဖြစ်ပြီး ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှု အနုလက်ရာများကိုပါ နိုင်ငံတကာ သိအောင် စိတ်ဝင်စားအောင်၊ အဖိုးတန် ကျောက်မျက်ရတနာတွေကိုလည်း ပြည်တွင်းမှာပဲ ထိန်းသိမ်းထားခွင့်၊ ပြသခွင့်ရမှာဖြစ်ပါတယ်လို့ တာဝန်ရှိသူ လူကြီးမင်းများကို အကြံပြုချင်ပါတယ်။ 

အားလုံးသော မိတ်ဆွေများလည်း အတာသင်္ကြန်မှာ ရွှင်လန်းကြပါစေ.. နှစ်သစ်မှာ စိတ်ရောကိုယ်ပါ အေးချမ်းကြပါစေ ၊ လိုရာဆန္ဒများအားလုံး ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်..


3 Responses to “တရုတ်ပြည်ရောက် မြန်မာ့ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်”

Yin Sue said...

မချောရေးမှဘဲ သိရဖူးရတော့တယ်ဗျာ ... ကိုယ့်နိုင်ငံက အရေအသွေးမြင့်ကျောင်းစိမ်းတုံးပေါင်းများစွာ မှောင်ခိုဈေးကနေ ကမ္ဘာအနှံ့ပြန့်နေတာသိလည်း ဘာမှမလုပ်နိုင်တာ အားမရလိုက်တာ ... မချောပြောသလို ကိုယ့်ယဉ်ကျေးမှု့နဲ့ ကိုယ့်တွင်းထွက်ပစ္စည်းရတနာတွေနဲ့ ကိုယ့်တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ့်လူတွေရှိရင် သိပ်ကောင်းမှာဘဲ ....

mabaydar said...

ဒီပိုစ့်လေးအတွက် ကျေးဇူးတင်ပါတယ်.. ရှန်ဟိုင်းရောက်ဖူးပေမဲ့ ဒီဘုရားကျောင်းမရောက်ခဲ့ဘူး...

Aung Htut said...

မချော ရှန်ဟိုင်း ရောက်နေတာလားဟင်..... ကျွန်တော်ကတော့ နန်တုန် ပြန်ရောက်သွားပြီ...