ချယ်ရီပန်းတို့ ပွင့်ဝေချိန်

ယခုလို ဇန်နဝါရီလလိုမျိုးမှာ ပြင်ဦးလွင်မှာဆိုရင် ချယ်ရီတွေလှလှပပ ပွင့်ဝေလို့ နေကြပြီ။ ရှမ်းတောင်တန်း တွေပေါ်မှာလည်း ချယ်ရီတွေ ဝေဝေဆာဆာ ဖူးပွင့်လို့ နေပါပြီ.. ရှမ်းပြည်တောင်ပိုင်းဖြစ်တဲ့ တောင်ကြီး ကလော စသည်တို့မှာလည်း ချယ်ရီတွေ ပင်လုံးကျွတ် ပွင့်နေကြပြီဆိုတာ ကိုယ်တိုင် မရောက်ရင်တောင် အင်တာနက်ပေါ်မှာ တင်လာကြတဲ့ ဓာတ်ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ထို့အတူ ရှမ်းပြည်မြောက်ပိုင်းဘက်ကို သွားခဲ့မယ်ဆိုရင် မန္တလေး မူဆယ် ကားလမ်းတစ်လျှောက်က တောတောင် တွေမှာလည်း ပန်းရင့်ရောင် ချယ်ရီတွေ ပွင့်ဝေနေတာကို ကားပေါ်ကနေ လှမ်းမြင်တွေ့ရမှာပါ။ အဲဒီလမ်းကနေသွားတဲ့အခါ ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်တို့တွေကို ဖြတ်ပြီးရင် မူဆယ်မြို့ကို ရောက်ပါတယ်။ လာခဲ့တဲ့ ကားလမ်း တစ်လျှောက်မှာတော့ ချယ်ရီတွေ ဝေလို့ပါပဲ။ သို့ပေမဲ့ အမြန်မောင်းနေတဲ့ကားပေါ်ကနေ ဓာတ်ပုံရိုက်ဖို့အတွက်တော့ ခက်ခဲတာမို့ တစ်ပုံနှစ်ပုံသာ ရိုက်လို့ရခဲ့ပါတယ်။ 



ကားလမ်းဘေးမှာ ပွင့်နေတဲ့ ချယ်ရီတွေပါ။ 




တောင်ဇလပ်ပန်းတို့ လန်းရာမြေ

တစ်ခါတစ်ခေါက်မှ မရောက်ဖြစ်သေးတဲ့ ချင်းပြည်နယ်ကို ရောက်ဖူးချင်နေခဲ့တာ ကြာပါပြီ။ ခရီးထွက်တယ် ဆိုတာကလည်း ကိုယ် တစ်ခါမှ မရောက်ဖူးသေးတဲ့အရပ် ဆိုရင် ဒေသခံ မိတ်ဆွေ သူငယ်ချင်းတွေရှိမှ အဆင်ပြေတတ်တာ ဆိုတော့ ချင်းပြည်လိုနေရာမှာ မိတ်ဆွေသူငယ်ချင်းက မရှိလေတော့ တော်ရုံနဲ့ မရောက်ဖြစ်ခဲ့။ ဒီတစ်ခေါက်တော့ ချင်းပြည်နယ်ရဲ့ အမြင့်ဆုံး (မြန်မာပြည်မှာတော့ တတိယ အမြင့်ဆုံးလို့ ဆိုကြတဲ့) ဖြစ်တဲ့ ပေ၁၀၅၀၀မြင့်တဲ့ ဝိတိုရိယတောင် (ခေါ်)ချင်းအခေါ် ခေါ်နုသုမ် (မြန်မာလိုတော့ တောင်တို့ရဲ့ မိခင်တဲ့) ၊ နတ်မတောင် လို့ အခုတော့ လူသိများတဲ့ တောင်ပေါ်ကို ရောက်ဖြစ်ခဲ့ပါတယ်။ ဒီခရီးကို သွားဖြစ်ခဲ့တာကတော့ အားလပ်ရက်နဲ့ ချိန်ပြီး ဘယ်တွေ ခရီးထွက်ရမလဲ စဉ်းစားနေတုန်းမှာ ဖေစ့်ဘွတ်ပေါ်ကနေ Tango Tour ရဲ့ ချင်းပြည်နယ် ခရီးစဉ် ကြော်ငြာလေးတွေ့ပြီး သိပ်ကို စိတ်ဝင်စားမိတာနဲ့ ဆက်သွယ်ပြီး သွားဖြစ်ခဲ့တာပါ။ ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ ချင်းပြည်နယ်လဲ ဖြစ်တယ်။ တောင်လဲ တက်ရမယ်၊ တောင်ဇလပ် ပန်းတွေကိုလဲ မြင်ရမယ်၊ ထင်းရှူးပင် လှလှတွေလဲ တွေ့ရမယ် ၊ တောင်တွေကြားက ချင်းရွာလေးတွေ ဆီလည်း ရောက်မယ် ဆိုတော့ သိပ်ကို ပျော်ရွှင် စိတ်လှုပ်ရှားမိပါတယ်။ ဟုတ်တယ်လေ… ကျွန်မ အနေနဲ့ တောင်ဇလပ်ပန်းဆိုတာကို ပုံတွေထဲမှာသာ မြင်ဖူးပေမဲ့ အပြင်မှာ တခါမှ မမြင်ဖူးသေးတော့ သိပ်မြင်ဖူးချင် နေခဲ့တာ။ ပြီးတော့လည်း ဒီပန်း ဆိုတာက နေရာ တကာ ပေါက်တာမျိုး မဟုတ်ပဲ အမြင့်ပေ ၅၀၀၀ ကျော် ရှိတဲ့ တောင်တွေပေါ်မှာမှ ပေါက်တာ ဆိုတော့လဲ ကိုယ်ရှိတဲ့နေရာမှာ သူကမရှိတော့ သူရှိရာ တောင်ပေါ်ဆီကို ကိုယ်က လိုက်သွားရတော့တာပေါ့။



တောင်ဇလပ်နီနီ

Tango Tour ရဲ့ကြော်ငြာ

Tangoရဲ့FB စာမျက်နှာ