ချယ်ရီပန်းတို့ ပွင့်ဝေချိန်

ယခုလို ဇန်နဝါရီလလိုမျိုးမှာ ပြင်ဦးလွင်မှာဆိုရင် ချယ်ရီတွေလှလှပပ ပွင့်ဝေလို့ နေကြပြီ။ ရှမ်းတောင်တန်း တွေပေါ်မှာလည်း ချယ်ရီတွေ ဝေဝေဆာဆာ ဖူးပွင့်လို့ နေပါပြီ.. ရှမ်းပြည်တောင်ပိုင်းဖြစ်တဲ့ တောင်ကြီး ကလော စသည်တို့မှာလည်း ချယ်ရီတွေ ပင်လုံးကျွတ် ပွင့်နေကြပြီဆိုတာ ကိုယ်တိုင် မရောက်ရင်တောင် အင်တာနက်ပေါ်မှာ တင်လာကြတဲ့ ဓာတ်ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ထို့အတူ ရှမ်းပြည်မြောက်ပိုင်းဘက်ကို သွားခဲ့မယ်ဆိုရင် မန္တလေး မူဆယ် ကားလမ်းတစ်လျှောက်က တောတောင် တွေမှာလည်း ပန်းရင့်ရောင် ချယ်ရီတွေ ပွင့်ဝေနေတာကို ကားပေါ်ကနေ လှမ်းမြင်တွေ့ရမှာပါ။ အဲဒီလမ်းကနေသွားတဲ့အခါ ကျောက်မဲ၊ သီပေါ၊ သိန္နီ၊ လားရှိုး၊ ကွတ်ခိုင်တို့တွေကို ဖြတ်ပြီးရင် မူဆယ်မြို့ကို ရောက်ပါတယ်။ လာခဲ့တဲ့ ကားလမ်း တစ်လျှောက်မှာတော့ ချယ်ရီတွေ ဝေလို့ပါပဲ။ သို့ပေမဲ့ အမြန်မောင်းနေတဲ့ကားပေါ်ကနေ ဓာတ်ပုံရိုက်ဖို့အတွက်တော့ ခက်ခဲတာမို့ တစ်ပုံနှစ်ပုံသာ ရိုက်လို့ရခဲ့ပါတယ်။ 



ကားလမ်းဘေးမှာ ပွင့်နေတဲ့ ချယ်ရီတွေပါ။ 





တောင်ယာတဲ့ ဟိုးအနောက်ဘက်မှာလည်း ချယ်ရီတွေ ပွင့်နေတာ ခပ်ဝါးဝါးလှမ်းမြင်ရတယ်။ 


ကားလမ်းဘေးမှာလည်းချယ်ရီ

ကားက တောင်တက်တောင်ဆင်း အကွေ့အဝိုက်များစွာကို ကျော်ဖြတ်ပြီးတဲ့နောက်မှာ မူဆယ်မြို့ကို ရောက်ပါတယ်။ မူဆယ်လို့ ဆိုလိုက်ရင် ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် အနီးက မြို့လေးတစ်မြို့လို့ သိကြပြီးသားပါ။ ရှမ်းတောင်တန်းကြီးတွေပေါ်မှာ တည်ရှိတာကြောင့် အေးချမ်းလှတဲ့ မြို့ကလေးဖြစ်ပြီး တရုတ်ပြည်နဲ့ ကုန်စည်ကူးသန်း ရောင်းဝယ်မှုမှာ အကြီးဆုံး နယ်စပ် စခန်းမြို့လည်း ဖြစ်တာကြောင့် စည်ကားလှပါတယ်။ တရုတ်ပြည်ကိုရောင်းချဖို့ ကုန်ပစ္စည်းများစွာကို တင်ဆောင်လာတဲ့ ကားတွေ၊ တရုတ်ပစ္စည်းတွေကို မြန်မာပြည်အတွင်း သယ်ပို့ဖို့ တင်ဆောင်ထားတဲ့ ကုန်ကားကြီးတွေနဲ့ ပျားပန်းခတ်မျှ စည်းကားရှုပ်ထွေးနေတတ်တဲ့ မြို့ကလေးပါ။   မြန်မာပြည်ရဲ့ အခြားသော မြို့တွေဆီကနေ မူဆယ်မြို့ကို လာကြပြီဆိုရင် အများအားဖြင့်ဟာ ဈေးဝယ်ဖို့လောက်သာ လာကြတာ များပါတယ်။ ဒေသန္တရ ဗဟုသုတအတွက် လာတဲ့သူ နည်းပါးလှပါတယ်။ ရောက်လာကြသူတွေဟာ မူဆယ်မြို့ထဲရောက်တာနဲ့ တစ်ဖက်ကမ်း (တရုတ်ပြည်ထဲ)ကူးပြီး ဈေးဝယ်ဖို့၊ လျှောက်ကြည့်ဖို့ လောက်သာ စိတ်စောနေကြပြီး မူဆယ်မြို့ထဲကို တော့ လည်ပတ်ကြည့်ရှုဖို့ သိပ်စိတ်မဝင်စားကြပါဘူး။ အချို့ကလည်း ပြောကြပါတယ် .. မူဆယ်မှာ လည်စရာ ပတ်စရာ သိပ်မရှိဘူး.. ဈေးဝယ်ဖို့သက်သက်ပဲ ကောင်းတယ်လို့ ဆိုတတ်ကြပါတယ်။



လွယ်တိန်ခမ်း တောင်အတက်လမ်းဘေးက ချယ်ရီပင်တန်းများ









ကျွန်မကတော့ မူဆယ်မြို့ကို မကြာခဏ ရောက်နေတတ်တော့ ဘယ်နေရာမှာ ဘာတွေ ရှိတတ်တယ်ဆိုတာ နည်းနည်း ပါးပါးတော့ သတိထားမိ နေတတ်ပါပြီ။ မူဆယ်မြို့မှာ သွားဖို့အကောင်းဆုံး နေရာတစ်ခုက မြို့အဝင်ကနေ လှမ်းဖူးမြင်ရတဲ့ ရပ်တော်မူ စေတီတော် တည်ထားရှိရာ လွယ်တိန်ခမ်း တောင်ပေါ်ဖြစ်ပါတယ်။ ကွေ့ဝိုက်စီးဆင်းနေတဲ့ မြစ်ရွှေလီရယ်၊ ရွှေလီမြစ်ဝှမ်းပေါ်က မြို့တွေဖြစ်တဲ့ မူဆယ်-ကျယ်ခေါင်- ရွှေလီတို့ရဲ့ ရှုခင်းကို အပေါ်စီးကနေ လှမ်းမြင်နိုင်ပြီးတော့ စိမ်းစိမ်းစိုစို ပြာပြာညိုညို တောင်တန်းများကို ကြည့်ပြီးလည်း လွမ်းချင်တိုင်း လွမ်းနိုင်ပါသေးတယ်။ အဲဒီ လွယ်တိန်ခမ်း တောင်ပေါ်မှာ ကျွန်မ နှစ်သက်တဲ့ ချယ်ရီပန်းတွေ အများကြီးကို လှပစွာ တွေ့မြင်ရတော့တာပါပဲ။ တောင်ပေါ်လမ်း တစ်လျှောက်လုံးမှာရော ဘုရားစေတီများရဲ့ အနီးနားတွေမှာပါ ချယ်ရီပင်တွေကို လှပစီရီစွာ စိုက်ပျိုးထားတာကို မြင်တွေ့ရမှာပါ။ လွယ်တိန်ခမ်း ဆိုတာ တကယ်တော့ ရှမ်းနာမည်ပါ။ လွယ် (လွိုင်) ဆိုတာ တောင်ကို ခေါ်တာဖြစ်ပြီး တိန်ခမ်းဆိုတာ ရွှေရောင် ဝင်းဝါနေတဲ့ သမင် (ရွှေသမင်)ကို ပြောတာကြောင့် ရွှေသမင်တောင် လို့ ခေါ်ပါတယ်။ မြတ်စွာဘုရား နုစဉ်ကာလမှာ ရွှေသမင် ဘဝနဲ့ ဒီတောင်ပေါ်မှာ နေထိုင် ကျက်စားခဲ့တာကြောင့် ယခုအချိန်မှာ ရွှေသမင်တောင်လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ 


လွယ်တိန်ခမ်းတောင်ပေါ်က ရပ်တော်မူ ဘုရားကိုလည်း ချယ်ရီပင်ကြားကနေ လှမ်း၍ ဖူးမျှော်ကြည်ညိုနိုင်





ပင်လုံးကျွတ် ပွင့်နေတဲ့ ချယ်ရီပင်တွေကြားကနေ ကြည်ညိုဖွယ် ရပ်တော်မူရုပ်ပွားတော်ကို ဓာတ်ပုံများစွာရိုက်ဖြစ်ခဲ့ပါတယ်



ရုပ်ပွားတော်အား ရှေ့တည့်တည့်မှ ဖူးမြင်ရပုံ





ချယ်ရီပန်းတွေ ဖူးပွင့်ဝေတဲ့ ဒီဇင်ဘာလ ကုန်ခါနီးကနေ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ တို့ဟာ ပင်လုံးညွှတ် ဖူးပွင့်ဝေနေတဲ့ ချယ်ရီတွေနဲ့ လွယ်တိန်ခမ်းတောင်ရဲ့ အလှဆုံး အချိန်တွေလို့ သိရပါတယ်။ အဲဒီအချိန်ဟာ တောင်ပေါ်က လာရောက်ကြသူတွေ များပြားပြီး ပျော်ပွဲစား လာကြသူတွေပါ ရှိကြပါတယ်။ ချယ်ရီပင်တွေဟာလည်း တစ်ပင်နဲ့တစ်ပင် ပွင့်ချိန်လေးတွေ အနည်းငယ် ကွဲတတ်လေတော့ အချို့အပင်တွေ ပွင့်နေတုန်း အချို့အပင်က ဖူးနေဆဲပါ။ ပွင့်တဲ့အပင်တွေ အပွင့်ကုန်ပြီး အရွက်သစ်တွေ ဝေလာတဲ့အချိန်မှာ အစောက ဖူးနေတဲ့အပင်တွေက ပွင့်လာပြန်ပါတယ်။ ဒါကြောင့်လည်း တစ်ပင်ပွင့်လိုက်၊ ကုန်သွားရင် နောက်အပင်တွေက ပွင့်လိုက်နဲ့ ၂လကျော်ကျော် လောက်ဟာ တောင်ပေါ်မှာ ချယ်ရီပန်းတွေ ဝေနေတတ်တယ်လို့ ဆိုပါတယ်။ အချို့က မူဆယ်မှာ ချယ်ရီပန်းတွေ ရှိတာကို မသိကြပါဘူးတဲ့။ မြို့ထဲမှာတော့ ချယ်ရီပင်နဲ့တူတာကိုလည်း မတွေ့ခဲ့ရဖူးလို့ မိတ်ဆွေတစ်ချို့က ပြောကြပါတယ်။ သို့ပေမဲ့ မူဆယ်မြို့ကို ရောက်တယ်ဆိုရင် လွယ်တိန်ခမ်း တောင်ပေါ်တက်ကြည့်ပါ။ တောင်ပေါ်မှာတော့ ချယ်ရီပင်ပေါင်း များစွာ စိုက်ပျိုးထားတာကို အံ့သြစွာ တွေ့မြင်ရပါလိမ့်မယ်။


အဝေးက လှမ်းကြည့်ရင်လည်း တောင်ရဲ့ပတ်လည်မှာ ချယ်ရီတွေ ပွင့်နေတာ တွေ့ရပါတယ်။




ပင်လုံးကျွတ် ညွှတ်ဝေစွာ










ချယ်ရီပွင့်တွေကြားကနေ ရွှေလီမြစ်တစ်ဖက်ကမ်းက စေတီများကိုလည်း ဖူးတွေ့ရနိုင်တာ။ 

ချယ်ရီပွင့်ချိန်တိုင်း မူဆယ်မြို့ထဲကို အမြဲလိုလို မရောက်ရောက်အောင် သွားတတ်တဲ့ကျွန်မဟာ ချယ်ရီပန်းတွေကို အချိန်ယူပြီး ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ဒီနှစ် ချယ်ရီပွင့်ချိန်မှာတော့ အရင်နှစ်တွေကနဲ့ မတူအောင်တော့ ချယ်ရီပန်းလေးတွေကို မူဆယ်သူ ရှမ်းပျိုဖြူ ချောချောလေးနဲ့ ဓာတ်ပုံ ရိုက်ချင်တာကြောင့် ညီမတစ်ယောက်လို ခင်မင်ရတဲ့ မူဆယ်သူလေး ဟွန်ကို အညီအကူတောင်းမိတော့ သူက လိုလိုလားလားနဲ့ ညီမစီစဉ်ပေးပါမယ်ဆိုပြီး အလွန် ချစ်စရာကောင်းလှတဲ့ ညီမလေးတစ်ဦးကို ကျွန်မ ရိုက်ချင်တဲ့ အနေအထားနဲ့ ဓာတ်ပုံရိုက်ဖို့ ခေါ်လာပေးပါတယ်။ မော်ဒယ်လေးတစ်ယောက်လို လှပ ချစ်စရာကောင်းတဲ့ မူဆယ်သူလေး ယုမွေလျှမ်းကို ချယ်ရီပန်းလေးတွေနဲ့ တွဲပြီး ဓာတ်ပုံတွေ အများကြီးရိုက်ဖြစ်ခဲ့ပါတယ်၊ အဲဒီထဲကမှ တစ်ချို့သော ပုံလေးတွေကို တင်ပေးပါမယ်နော်။ အချောအလှမှာ နာမည်ကျော်တဲ့ ရှမ်းမင်းသမီး စောမွန်လှရဲ့ အဆက်အနွယ်များဖြစ်တဲ့ မူဆယ် - နမ့်ခမ်း- စယ်လန့်သူတွေ ချောမချော ဆိုတာတော့ အောက်က ဓာတ်ပုံလေးတွေကြည့်ပြီး ဆုံးဖြတ်ကြည့်ပါနော်။




ချယ်ရီကိုသာပန်ကာ ကျေနပ်သူ 




ချယ်ရီပန်းနဲ့အပြိုင် လှနေတဲ့ မူဆယ်သူ ယုမွေလျှန်း 

















ချယ်ရီပန်းကို ဘုရားလှူ












ချယ်ရီပင်အောက်မှာ 





ချယ်ရီချစ်သူ 


လွယ်တိန်ခမ်းတောင်ပေါ်မှာ မူဆယ်သူ ရှမ်းမလေးနဲ့ အတူ ချယ်ရီပန်းတွေကို သွားရိုက်ခဲ့တာကြောင့် ဒီပိုစ့်ကိုတော့ လွယ်တိန်ခမ်းတောင်ပေါ်မှာ ချယ်ရီတွေ ပွင့်ပြီနန်းလို့ နာမည် ပေးလိုက်ပါတယ်။ ဒီပိုစ့်လေးအတွက် အကူအညီအများကြီးပေးတဲ့ မူဆယ်သူလေးများ ဖြစ်ကြသော ညီမလေး ယိင်းဟွန်တို့ ညီအစ်မ၊ ဓာတ်ပုံကို စိတ်ရှည်လက်ရှည် အရိုက်ခံပေးတဲ့ ညီမလေး ယုမွေလျှမ်းနဲ့ အဖက်ဖက်က ကူညီပေးတဲ့ ညီမလေး ယဉ်ယဉ် တို့ကို ကျေးဇူး အထူးတင်ရှိပါတယ်။







4 Responses to “ချယ်ရီပန်းတို့ ပွင့်ဝေချိန် ”

တောင်ကြီးကိုလွမ်းတယ်