Showing posts with label စီးပွားရေးရာ. Show all posts
Showing posts with label စီးပွားရေးရာ. Show all posts

တရုတ်မြန်မာ နယ်စပ် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး

                                              
မူဆယ်မြို့အ၀င် ရပ်တော်မူဘုရား (မျက်နှာတော်မှာပျားစွဲနေ)   


                                                                       
 မူဆယ်အ၀င်လမ်းမ

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအကြောင်း ကျွန်မသိထားသလောက် ဒီနေရာလေးကနေ ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်.. မြန်မာပြည် နယ်စပ်မြို့ ဖြစ်တဲ့ မူဆယ်မြို့လေးဟာ တရုတ်ပြည်က ကုန်စည်များ ပြည်တွင်းသို့ စီးဆင်းရာ အဓိက ပင်မ ၀င်ပေါက် တစ်ခု ဖြစ်ပါတယ်.. တောင်ကုန်း အတက်အဆင်းတွေ ပေါလှသလို သုံးဘီး ၊ဆိုင်ကယ်၊ ကားများနဲ့ ဆူညံ အသက်ဝင်နေတဲ့ မြို့ကလေးလဲ ဖြစ်ပါတယ်… မန္တလေးက လာမယ်ဆိုရင် မူဆယ်မြို့ မရောက်ခင် ၁၀၅မိုင်စခန်းလို့ လူသိများတဲ့ မိုင်းယုရွာလေးကို အရင် ဖြတ်ရမှာ ဖြစ်ပါတယ်… အဲဒီမှာ ကုန်အ၀င်အတွက် စစ်ဆေးရေး ဂိတ်များ၊ မှတ်ပုံတင် စစ်ဆေးရေးဂိတ်များ စသဖြင့် ဌာနဆိုင်ရာ ဂိတ် ၊ စစ်ဆေးရေးစခန်း  မြောက်များစွာ ရှိပါတယ်.. မည်သည့်ကားမဆို ထိုစခန်းမှာ စစ်ဆေးခံ ရပါတယ်…  မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ တရုတ်နိုင်ငံသို့ တင်ပို့မဲ့ ကုန်တင်ကားကြီးများဟာ  ၁၀၅ မိုင်စခန်းမှာ ညအိပ် ရပ်နားပြီး ပါလာတဲ့ လိုင်စင်နဲ့ တင်လာတဲ့ ကုန်ပစ္စည်း ကိုက်ညီမှု ရှိမရှိ စစ်ဆေး ခံရပါတယ်.. စစ်ဆေးခံပြီးလို့ လိုင်စင်နဲ့ ကိုက်ညီတဲ့ ကုန်ပစ္စည်းများ မှန်ကန်ပြီဆိုပါမှ ၊ သတ်မှတ် ဂျူတီနှုန်း ပေးဆောင်ပြီးပါမှ  ကားပေါ်ပါလာတဲ့ပစ္စည်းများကို ခေါက်တိုကားလို့ ခေါ်တဲ့ အခြားကားတစ်စီးပေါ် ပြန်ပြောင်း တင်ရပါတယ်…  ကျွန်မသိသလောက်တော့ ခေါက်ရှည် (ရန်ကုန် - မန္တလေးမှ တိုက်ရိုက် တင်လာသော ကားများ ) တရုတ်ပြည် ကျယ်ခေါင်အထိ ပစ္စည်းများ တိုက်ရိုက် တင်ဆောင်ခွင့် မရှိပါဘူး… အချို့သော ကုန်စည်းများကို  မြန်မာနိုင်ငံ ၁၀၅မိုင် စခန်းတွင်သာ ရောင်းချခွင့် ပြုထားပါတယ်..  ဥပမာ သစ်သီးများနဲ့ ရေထွက် ပစ္စည်းများ ဖြစ်ပါတယ်… တရုတ်ပြည်ဘက်မှ ကုန်သည်များက ၁၀၅မိုင်စခန်းအထိ လာရောက်ပြီး ဈေးဖြတ် ပေးဝယ် ကြပါတယ်..

                                       
 တရုတ်မြန်မာ အ၀င်အထွက် ပင်မ ဂိတ်( တရုတ်ဘက်ခြမ်းမှမြင်ကွင်း)





                                                            ကျယ်ခေါင်ရဲ့ နေ့မြင်ကွင်း



                                                            

 ကျယ်ခေါင်ရဲ့ည ရှုခင်း


 ပဲ၊ နှမ်း ၊ပြောင်း၊ ရာဘာ ၊သီဟိုစေ့၊ ကြက်ဆူ ၊ဆီးသီးခြောက် ၊ ကြက်သွန် စတဲ့ ကုန်ပစ္စည်းများကို ခေါက်တို လို့ခေါ်တဲ့ ကားနဲ့ ပြန်ပြောင်းတင်ပြီး ကျယ်ခေါင် - ရွှေလီ အထိ ၀င်ရောက် ရောင်းချခွင့်ရှိပါတယ်.. ရောင်းချတဲ့ စနစ်ကတော့ ရွှေလီ ကျယ်ခေါင်မှာရှိတဲ့ တရုတ်လူမျိုးပိုင် ဂိုဒေါင်တွေမှာ ပစ္စည်းကို ထားကြပြီး ၀ယ်လက် တရုတ်  ကုန်သည်တွေနဲ့ ဈေးစကားဆိုရပါတယ် .. ရွှေလီအ၀င် တရုတ် အကောက်ခွန်ဌာနမှာ ပေးဆောင်စရာရှိတဲ့ အခွန်အခကို ဂိုဒေါင်ပိုင်ရှင်မှ  စိုက်ထုတ် ပေးဆောင်ထားပါတယ်..  ရောင်းချရာတွင် မိမိကြိုက်ဈေး မရမချင်း ဂိုဒေါင်မှာ ထားခွင့်ရပါတယ်.. လိုအပ်ပါက သို့မဟုတ် ပစ္စည်း ပိုင်ရှင်က တောင်းဆိုပါက ပိုးသတ်ပေးခြင်းကိုလည်း ထိုဂိုဒေါင် ပိုင်ရှင်များမှ အခမဲ့ ဆောင်ရွက် ပေးပါတယ်.. ဈေးကိုက်လို့ ရောင်းပြီဆိုပါက ဂိုဒေါင်ပိုင်ရှင်ကို အကျိုးဆောင်ခ ရာခိုင်နှုန်း အလိုက်ပေးရပါတယ်.. အကျိုးဆောင်ခ သတ်မှတ်တဲ့ နှုန်းထားကတော့ သီးနှံ အလိုက် ခွဲခြား သတ်မှတ် ထားပါတယ်.. မကြာခနလဲ အပြောင်းအလဲ ရှိတတ်ပါတယ်… အကျိုးဆောင်ခ အပြင် အလုပ်သမားခနှင့် အကောက်အခွန်အတွက် စိုက်ဆောင်ထားသော ငွေကိုပါ ထည့်တွက်လေ့ရှိပါတယ်… အလုပ်သမားခ ဆိုတာကတော့ ကားပေါ်က ကုန်ပစ္စည်းများ တင် ချတဲ့အခါ ဂိုဒေါင်ရှိ အလုပ်သမားများနဲ့ အတင်အချ ပြုလုပ်ထားတဲ့ အတွက်ကြောင့်ပါ.. တရုတ်ပြည်မှာ အသုံးပြုတဲ့ ငွေကြေးက ယွမ်ဖြစ်ပါတယ်.. ခုလောလောဆည် ငွေပေါက်ဈေးက မြန်မာငွေ တစ်သိန်းကို တရုတ်ငွေ ၆၇၄ ယွမ်လောက် ရှိပါတယ်… တရုတ်ငွေတစ်ယွမ်ကို မြန်မာငွေ ၁၄၈ ကျပ်ပါ ငွေဈေးကတော့ နေ့စဉ် အတက်အကျ အပြောင်း အလဲ ရှိပါတယ်..

                                                    
  နံမည်ကျော်ရွှေလီမြစ် (ယခင်တံတားဟောင်းအုတ်တိုင်များ)



                                                                   
ယခု ရွှေလီတံတား


တရုတ်မြန်မာ နယ်နမိတ်ကို ရွှေလီမြစ်က ခွဲခြား သတ်မှတ် ပေးထားပါတယ်..  ကျယ်ခေါင်လို့ခေါ်တဲ့ နေရာလေးဟာ မြန်မာဘက်ကမ်းမှာ ရှိပေမဲ့ တရုတ်ပိုင်နက် ဖြစ်ပါတယ်.. ယခင်ကတော့ မြန်မာတွေရဲ့ ပိုင်နက်ဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်… တရုတ်အစိုးရက သူတို့နိုင်ငံရဲ့ ကုန်စည် စီးဆင်းမှုလွယ်ကူအောင် မြန်မာဘက်ကို လာရောင်းနိုင်ရင် ပိုတွက်ချေကိုက်မယ်ဆိုတဲ့ မူဝါဒနဲ့ အဲဒီနေရာလေးကို အပိုင် ၀ယ်ယူလိုက်တယ်လို့  ပါးစပ်ရာဇ၀င်အနေနဲ့ မှတ်သားဖူးပါတယ်.. ခုချိန်မှာတော့ ကျယ်ခေါင်ဆိုတဲ့ နေရာလေးဟာ တိုက်တာအိမ်ခြေ သစ်သစ်လွင်လွင် တွေနဲ့ မိုးထိလု အဆောက်အဦးတွေနဲ့ ကြီးကျယ်တဲ့ ဆိုင်ခန်းတွေနဲ့ အရင်ကနဲ့တော့ ကွာချင်တိုင်း ကွာခြားနေပါပြီ…. တရုတ်ပြည်တစ်ပြည်လုံးက စက်ရုံတွေ အတော်များများဟာ ကျယ်ခေါင်မှာ ကိုယ်စားလှယ်တွေ ဆိုင်ခွဲတွေနဲ့ မြန်မာပြည်ရဲ့ ၀ယ်လို အားကို ဖြည့်ဆည်းနိုင်ဖို့ ပစ်မှတ်ထားနေကြပါတယ်.. အမျိုးအမည်ပေါင်း စုံလင်စွာနဲ့ ဆိုင်အမျိုးအစားပေါင်းများစွာ ရှိနေပါတယ်.. တရုတ်ဆိုင်ကယ် အလွန် ပေါပါတယ်.. လျှပ်စစ်ပစ္စည်း နဲ့ MP4, MP3, ကွန်ပျူတာ ပစ္စည်း ၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်ပစ္စည်း ၊ဓာတုပစ္စည်း ၊ အ၀တ်အထည်၊ စသဖြင့် စုံလင် လှပါတယ်.. အားလုံးထည့်ရေးမယ်ဆိုရင် ပြီးဖို့မမြင်လို့ ဒီလောက်ဘဲ ထည့်ရေးထားပါတယ်.. လိုချင်တဲ့ပစ္စည်းမှန်သမျှ အကုန်ရနိုင်ပါတယ်..

ပစ္စည်းအဆင်သင့်  မရှိရင်တောင်မှ ကိုယ်လိုချင်တဲ့ ပစ္စည်း အမျိုးအစားကို စရံငွေပေးပြီး အော်ဒါမှာလို့ရပါတယ်…  လိုချင်တဲ့ တံဆိပ် လိုချင်တဲ့ဈေးနှုန်း ကို မှီအောင် လုပ်ပေးနိုင်တဲ့အထိ တရုတ်တွေရဲ့ နည်းပညာက ထွန်းကားလှပါတယ်.. ဈေးနှုန်းနည်းလေ ပစ္စည်း quality ကတော့ စကားပြောလေ ဖြစ်ပါတယ်… နိုင်ငံတကာ ပေါင်းစုံရဲ့ ဘယ်လို တံဆိပ်မျိုးကို မဆို မရမရှိစေရအောင် လုပ်ပေးနိုင်ကြပါတယ်.. တရုတ်အစိုးရကလဲ ပစ္စည်းအတုနဲ့ အရည် အသွေးညံ့ ပစ္စည်းများကို အတော်လေး ထိန်းချုပ် ကွပ်ကဲပါတယ်.. သို့သော်လည်း ၀ိသမလောဘ ကိုတော့ ထိန်းချုပ်နိုင်ဖို့ ခက်ခဲလှတယ် မဟုတ်ပါလားရှင်.. အတုကတော့ နေရာတကာမှာ ပေါပေါများများ တွေ့နေရဆဲပါ…


                                                
ကျယ်ခေါင်ရှိ တရုတ်ဆိုင်တန်းများ







                                                     
  နံမည်ကြီး ဆိုင်ကယ်ဝယ်မယ်ဆိုရင် ခုလိုတန်းစီ


အချို့သော စက်ရုံကြီးများကတော့ quality နဲ့ Image ကို ထိန်းသိမ်းကြပါတယ်.. တံဆိပ်အတုနဲ့ အရည် အသွေးညံ့ ပစ္စည်းများ အော်ဒါလက်ခံခြင်း လုံးဝမပြုလုပ်ကြပါ..  အဲလို စက်ရုံမျိုးကိုလည်း ကျွန်မကိုယ်တိုင် ဆက်ဆံ ဖူးပါတယ်..  ထိုစက်ရုံများကိုတော့ လေးစားစွာ ဂုဏ်ပြု လိုက်ပါတယ်.. မြန်မာပြည်မှ အော်ဒါမှာသော ပစ္စည်းများ မြန်မာပြည်ဈေးကွက်အတွက် ရည်ရွယ်တဲ့ ပစ္စည်းများကို  တင်ဆောင်လာသော တရုတ်ပြည် အရပ်ရပ် စက်ရုံမှ တင်ပို့လိုက်တဲ့ ကားများဟာ အများအားဖြင့် ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းမှာ အဆုံးသတ်ပါတယ်..  အဲဒီကမှတစ်ဆင့် ကားဂိတ်တွေမှာ နောက်ထပ် ကားချိန်းပြီး ရွှေလီမြို့ကို ရောက်လာပါတယ်.. ရွှေလီမြို့ရဲ့ သက်ဆိုင်ရာ ဂိတ်အသီးသီးမှာ ပစ္စည်းများ ချပါတယ်..  ပြီးတော့မှ ကားအသေးများနဲ့ ကျယ်ခေါင်ကို တစ်ခါ ပြန်သယ်ဆောင်ဖို့ စီစဉ်ရပါတယ်… ကျယ်ခေါင်ကို သယ်တဲ့အခါ   ရွှေလီမြို့အလွန် အကောက်အခွန် ဌာနရဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရပါတယ်.. တရုတ်အစိုးရရဲ့ စီးပွားရေး မူဝါဒ တစ်ခုက သူတို့နိုင်ငံသားများကို အချို့သော ကုန်ပစ္စည်း အတွက် Export လုပ်တဲ့အခါ ငွေပြန်အမ်းပေးပါတယ်.. အများဆုံး ၁၇ ရာခိုင်နှုန်းအထိ draw back   ပြန်ရတယ်လို့ သိရပါတယ်.. စာရွက်စာတမ်းတော့ ပြည့်စုံရပါမယ်..   အခွန်မဆောင်ရဘဲ အစိုးရက ငွေပြန်ထုတ်ပေးတဲ့ စနစ်ပါ.. ကိုယ်တွေဆီမှာ တစ်ခါမှ မကြားခဲ့ဖူးလို့ အံ့သြမိရပါသေးတယ်..



                                                   
  ရွှေလီတံတားအလွန်တရုတ်အကောက်ခွန်ဌာန



  မြန်မာ ကုန်ကားများ တရုတ်အကောက်ခွန်ဌာနအ၀င်


ကားတစ်စီးလုံးအပြည့် ကုန်တစ်မျိုးတည်း သယ်ဆောင်လာတဲ့ကားများတော့ တရုတ်ပြည် စက်ရုံမှနေပြီး ကျယ်ခေါင်အထိ တိုက်ရိုက် တင်ပို့ကြပါတယ်.. ဥပမာ အိမ်ဆောက်ပစ္စည်းများ… ဆိုင်ကယ်များ ပန်းသီးများ လျှပ်စစ်ပစ္စည်းများ အစရှိသဖြင့် ဖြစ်ပါတယ်..  တရုတ်ပြည်ထုတ် ဆိုင်ကယ်ကတော့ မြန်မာပြည်ရဲ့ ၀ယ်လိုအား အမြင့်ဆုံး ပစ္စည်းထဲမှာ ထိပ်ဆုံးက ပါပါတယ်… တစ်ရက်တစ်ရက်ကို ဆိုင်ကယ်စင်းရေပေါင်း ထောင်နဲ့ချီပြီး နယ်စပ်ကနေ ထွက်ပါတယ်.. ခုလက်ရှိ  မြန်မာကုန်သည်များ ယူဝယ်ပြီးတဲ့ပစ္စည်းများကို ကျယ်ခေါင်တွင် ကားတင်ပြီး မူဆယ်မြို့ကို ဖြတ်သန်းကာ  ၁၀၅မိုင်စခန်းမှာ စစ်ဆေးခံရပါတယ်… စစ်ဆေးခံပြီးတော့မှ ကားများကို ထွက်ခွာခွင့်ပြုပါတယ်…  လားရှိုးမြို့မရောက်ခင် ရေပူစခန်းမှာလဲ စစ်ဆေးရေးဂိတ်ရှိပါတယ်… အဲဒီစခန်းမှာလဲ အလာတုန်းက ကားတိုင်း စစ်ဆေးခံရသလို အပြန်မှာလဲ စစ်ဆေးခံရပါတယ်… စခန်းတွေအားလုံး ည ၉နာရီ တိတိမှာ ဂိတ်ပိတ်ပါတယ်.. ၉နာရီနောက်ပိုင်း မည်သည့်ကားမှ ဖြတ်သန်းခွင့် မရှိပါ…


 

 ညအမှောင်နဲ့အတူ ခရီးဆက်ကြမဲ့ ဆိုင်ကယ် မင်းသားများ



တရုတ်နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့ကလေးရဲ့ နေလို့ကောင်းတဲ့ အချက်တွေက ရာသီဥတု အေးချမ်းပါတယ်.. အအေးကြိုက်သူများအတွက်တော့ အဆင် ပြေပါတယ်.. ဒီဒေသမှာ ရှမ်းတရုတ်အစားအစာပေါများပါတယ်.. အစားအသောက် အကြောင်း နောက်မှ သီးသန့်ရေးပါဦးမယ်.. တရုတ်ပြည်က ထုတ်တဲ့ Mobile Phone card များကို နေရာတကာမှာ လွယ်လင့်တကူ ၀ယ်ယူနိုင်ပါတယ်.. တရုတ်ငွေ ၆၀ ယွမ် (မြန်မာငွေ 9000) လောက်နဲ့ SIM Card တစ်ခု ရနိုင်ပါတယ်.. ဖုန်းထဲမှာ ၅၀ယွမ် ပါရှိပြီးသားဖြစ်ပါတယ်.. လက်ကိုင်ဖုန်းတစ်လုံး ကိုင်ဖို့အတွက် ငွေ ၁၅ သိန်း ရှိဖို့မလိုတဲ့ နေရာလေးတစ်ခုပါ…  ဖုန်းထဲမှာ ပိုက်ဆံလက်ကျန် နည်းနေပြီ ဆိုရင်လည်း နီးရာဖုန်းဆိုင် (သို့မဟုတ်) လမ်းဘေးမှာ ရှိနေတဲ့ ပိုက်ဆံသွင်းစက်ထဲကို ခလုပ်လေးတွေနှိပ်ပြီး စက်ထဲကို  ပိုက်ဆံ ထည့်လိုက်ရုံပါဘဲ..  တန်းစီနေစရာ စာအုပ်ထပ်စရာ အချိန်ကုန်စရာ မလိုတဲ့နည်းတွေနဲ့ ဖုန်းဘီလ် ဆောင်လို့ရပါတယ်..  မြန်မာပြည်တွင်းဖုန်းကို ခေါ်မယ်ဆိုရင်တာ့ oversea call ဖြစ်တဲ့အတွက် ဈေးအလွန်ကြီးပါတယ်.. ထည့်ထားတဲ့ပိုက်ဆံ ခနလေးနဲ့ ကုန်သွားနိုင်ပါတယ်.. ဒါကြောင့် ပြည်တွင်းကို စီးပွားရေး လုပ်ငန်းအတွက် ဆက်သွယ်ဖို့ဆိုရင်တော့ မြန်မာဖုန်းကဒ်နဲ့ ဆက်သွယ်မှသာ အဆင်ပြေပါလိမ့်မယ်… လုပ်ငန်းရှိသူများကတော့ တရုတ်ဖုန်းရော မြန်မာဖုန်းပါ ကိုင်ကြရပါတယ်.. တရုတ်ပြည်ထုတ် Nokia, Sony Ericsson,  Samsung နဲ့ တရုတ်တံဆိပ် ဖုန်းမျိုးစုံ အလွန်ပေါပါတယ်..
လေ့လာမိသလောက် ရေးပြတာပါ.. နောက်မှ ဆက်ရေးပါဦးမယ်...



ချော (အစိမ်းရောင်လွင်ပြင်)