Showing posts with label ဖားကန့်မှော်နယ်မြေအကြောင်းများ. Show all posts
Showing posts with label ဖားကန့်မှော်နယ်မြေအကြောင်းများ. Show all posts

မြောက်ကိုလားသော်..

ကျွန်မမှာ မနှစ်က ကျွန်မရဲ့ ဇာတိမြေကို ပြန်သွားပြီးစဉ်ကတည်းက စာရေးဖို့ အကြောင်းအရာ တစ်ခု ရှိပါတယ်။ အဲဒါက ကျွန်မတို့ ဒေသအကြောင်းနဲ့ ပတ်သက်တာလေးပါ။ ဒီပိုစ့် ထဲက ဓာတ်ပုံတွေကတော့ မနှစ်က အိမ်ပြန်တုန်း ဖုန်းနဲ့ ရိုက်ခဲ့တာမို့လို့ ကြည့်လို့ အဆင်မပြေခဲ့ရင်တော့ ခွင့်လွှတ် သီးခံပေး ကြပါလို့ နော်။

Image Hosted by PicturePush - Photo Sharing
ဒီပုံကို အရင်ပိုစ့်မှာ ဖော်ပြဖူးပါတယ်။ အဲဒါ ကျွန်မတို့ ရွာထိပ်က စေတီပါ။ စေတီရဲ့ အောက်ခြေမှာတော့ တစ်ရွာလုံးကို ရစ်ခွေစီးဆင်းနေတဲ့ ဥရုချောင်းပါ။ ဥရုချောင်းအကြောင်းကို ကျွန်မ မကြာခဏ လည်း ရေးဖူးပါတယ်။ ကျောက်စိမ်းနဲ့ ရွှေတွေတူးကြပြီး မြေကြီးတွေပါတဲ့ ရေတွေကို ချောင်းအတွင်း စီးဆင်းစေတာကြောင့် နွေမိုးဆောင်း နောက်ကျိနေတတ်တဲ့ ချောင်းကလေးပါ။ ခုတော့ ချောင်းထဲကို စွန့်ပစ်တဲ့ မြေကြီးတွေ၊ နှုန်းတွေကြောင့် ချောင်းကလေးက တဖြေးဖြေး ကောလာပြီး မိုးရာသီဆိုရင် တစ်မြို့လုံး ၊ တစ်ရွာလုံး ရေလျှံတာကို ကြုံကြရပါတယ်။ ကျွန်မ အမြဲပြောနေကျအတိုင်း ဥရုချောင်း ကလေးဟာ ကျွန်မတို့ ငယ်စဉ်တုန်းကတော့ အင်မတန် ကြည်လင်ခဲ့ဖူးပါတယ်။ အဲဒါကို သက်သေပြချင်တာပါ။း)


Image Hosted by PicturePush - Photo Sharing

ချိုးလို့လည်းမရ ၊ သုံးဖို့လည်း မဖြစ်နိုင်တော့တဲ့ ချောင်းရေ ဝါနောက်နောက်များ


Image Hosted by PicturePush - Photo Sharing

ကျွန်မတို့ရွာရဲ့ ဥရုချောင်း အခြေအနေပါ။ ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင်၊ မှော်စီစာ တစ်ဝိုက် တို့မှာ ကျောက်တွင်းနဲ့ ရွှေတွင်းတွေ များလှတဲ့အတွက် ချောင်းရေက ဘယ်လိုမှ မကြည်နိုင်တော့ အောင် နောက်ကျိနေခဲ့တာပါ။ ဥရုချောင်းရဲ့ အစ ဘယ်လိုများနေမလဲလို့ ရှာဖွေကြည့်ဖို့ အတွက် အခု ကျွန်မတို့အနေနဲ့ ကျောက်စိမ်းတွင်းတွေ ရွှေတွင်းတွေ မရှိတဲ့ ကျွန်မတို့ရွာရဲ့ အထက် ကိုးမိုင်လောက်ဝေးတဲ့ ဥရုချောင်းမြောက်ဖျားမှာ ရှိတဲ့ ကံဆီးဆိုတဲ့ ရွာကလေးကို အလည် သွားကြည့်ရအောင်နော်။ 

Image Hosted by PicturePush - Photo Sharing
 အရင်တုန်းက ဖော်ပြဖူးတဲ့ ပုံပါဘဲ.. ဖုန်တွေထူတဲ့ လမ်းကို ခုလိုမျက်နှာဖုံးတွေ စွပ်ပြီး သွားကြတာပါ။

အဲဒီလို ပုံစံနဲ့ ဖားကန့်တစ်ခွင်ကို လျှောက်လည်ရာမှာ ကံဆီး မသွားခင် အခြားသော နေရာတွေကို အရင်လျှောက်လည်ကြပါသေးတယ်။ ထမင်း မဆာသေးလို့ မစားဖြစ်ပေမဲ့ ကံဆီးကို အသွားမှာတော့ ခုန်ပေါက်နေတဲ့ ဆိုင်ကယ်ကြောင့် လူတွေအားလုံး ဗိုက်ဆာနေကြပါပြီ။



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ကံဆီးရွာကို သွားတဲ့လမ်းဟာ တောင်တန်းတွေ မြေလမ်းကြမ်းကြမ်းတွေ၊ ဖုန်တွေများတဲ့ လမ်းတွေကို ကျော်ဖြတ်ပြီး သွားရပါတယ်။

ကံဆီးဆိုတာ တစ်ချိန်ကတော့ ရွာအကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ ကံဆီးစော်ဘွားက အစဉ်အဆက် အုပ်ချုပ်ခဲ့ပြီး  ကချင်လူမျိုးတွေ အများဆုံး နေထိုင်ကြတဲ့ ရွာတစ်ရွာ ဖြစ်ပါတယ်။  ခုချိန်မှာတော့ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန် စေတီပုထိုးများလည်း ရှိနေပြီဖြစ်ပြီး KIO ထိန်းချုပ်မှုအောက်က ရွာတစ်ရွာဖြစ် ပါတယ်။


Image Hosted by PicturePush - Photo Sharing
ချောင်းကို ဒီလို လူကူး ဝါးတံတားလေး လုပ်ထားတော့ အဲဒီတံတားကိုလည်း ဆိုင်ကယ်စီးဖြတ်ရပါတယ်။

Image Hosted by PicturePush - Photo Sharing
ဟိုဘက်နားမှာ လုပ်လက်စ ကြိုးတံတား 
ဒီချောင်းဟာ ကျွန်မတို့ ရွာကလေးကို ဖြတ်စီးတဲ့ ဥရုချောင်းပါ။ သို့ပေမဲ့ ဒီနေရာမှာတော့ ကြည်လင်နေတဲ့ ဥရုချောင်း ဖြစ်နေပါတယ်။ ဘာလို့ဆိုတော့ ဒီပတ်ဝန်းကျင်မှာ ကျောက်စိမ်းလုပ်ကွက်တွေ၊ ရွှေတူးတာတွေ မရှိသလောက်မို့လို့ပါ။


Image Hosted by PicturePush - Photo Sharing

ကံဆီးရွာဟောင်းရဲ့ ဘုန်းတော်ကြီးကျောင်းမှာ တည်ထားတဲ့ စေတီကို အရင်ဦးစွာ ဦးခိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing
နောက်တော့ ဒီကျောင်းကို လှူထားတဲ့ အလှူ့ရှင်တွေက ဘုန်းကြီးကျောင်းမှာ အခါကြီးရက်ကြီးမို့ ဘုန်းကြီးကျောင်းတက် လာသူများကို ထမင်းကျွေးတယ်ဆိုလို့ ဆာနေတဲ့ ဗိုက်ကို ပွတ်ပြီး အားရဝမ်းသာ အပြေးအလွှား သွားကြပါတယ်။ (ကံကောင်းလိုက်တာ) :) စားသောက်ပွဲတွေပြီးလို့ သိမ်းဆည်းနေပေမဲ့ အလှူ့ရှင်က ကျွန်မတို့ကို ဝမ်းပန်းတသာ ကြိုဆိုပြီး ဟင်းတွေအသစ်ပြင်ဆင်ပြီး ကျွေးမွေးပါတယ်။ 

Image Hosted by PicturePush - Photo Sharing
ကျောင်းထိုင်ဆရာတော်ရဲ့ ကျောင်းပါ။


Image Hosted by PicturePush - Photo Sharing

ဝက်သားနှပ်၊ ငါးခြောက်ထောင်းကြော်၊ ကြက်သားလုံးကြော်၊ သရက်ချဉ်သုပ်၊ ကိုက်လန်ကြော်၊ မယ်ဇလီဟင်းချို၊ ငရုပ်သီးထောင်း


Image Hosted by PicturePush - Photo Sharing

ဒီ ထမင်းဟင်းတွေကတော့ ကံဆီးဘုန်းကြီးကျောင်းမှာ ကျွေးမွေးတဲ့ ဟင်းတွေပါ။ ဟင်းတွေကတော့ ဝက်သားနှပ်၊ ငါးခြောက်ထောင်းကြော်၊ ကြက်သားလုံးကြော်၊ သရက်ချဉ်သုပ်၊ ကိုက်လန်ကြော်၊ မယ်ဇလီဟင်းချို၊ ငရုပ်သီးထောင်းတို့ဖြစ်ပါတယ်။ ကျွန်မတို့ သွားကြတဲ့ ၈ယောက်အဖွဲ့ဟာ အားလုံးက ဗိုက်ဆာနေကြသူတွေချည်းမို့ အပီအပြင်ကို အားပေးလိုက်ကြတာမှာ တစ်ယောက်ကို ထမင်း ဘယ်နှပန်းကန် ကုန်သွားလဲဆိုတာတောင် မမှတ်မိတော့ပါဘူး။ ထမင်းလိုက်ပွဲ ချထားသမျှ အားလုံးကုန်ပါတယ်။း)


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

စားသောက်ပြီးတဲ့အခါမှာတော့  ဒီကံဆီးမြို့ဟောင်းကို လာရတဲ့ အဓိက အကြောင်းရင်းတစ်ခုဖြစ်သော ဖားကန့်ကို အုပ်ချုပ်ခဲ့တဲ့ ကံဆီးစော်ဘွားကြီးတို့ ရှိစဉ်က နေထိုင်ခဲ့တဲ့ ဟော်နန်းကြီးရဲ့ အိမ်ရာကို သွားကြည့်ပါတယ်။ အဲဒီနေရာမှာတော့ အုတ်ရိုးပျက်တွေဟာ ခုထိ ရှိနေခဲ့ပါတယ်။ အဲဒါကို သေချာ ဓာတ်ပုံရိုက်ဖြစ်ပါတယ်။ ကျွန်မတို့ ဖားကန့် ရတနာမြေကို ဟိုးယခင်ကတည်းက အုပ်ချုပ်ခဲ့တဲ့ ကံဆီး စော်ဘွားကြီးအကြောင်းကို အတော်လေး စိတ်ဝင်စားမိတာကြောင့်ပါ။

Image Hosted by PicturePush - Photo Sharing
ဒီနေရာကတော့ကံဆီးစော်ဘွားကြီးတို့ တည်ထားကိုးကွယ်ခဲ့သော  မြတ်စွာဘုရားရုပ်ပွားတော် စံပ္ပါယ်တော်မူခဲ့တဲ့ ကျောင်းတော်ရာ ဖြစ်ပါတယ်.

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
အပေါ် ၂ပုံကတော့ ကံဆီးစော်ဘွားကြီးနဲ့ စော်ဘွားကတော်ကြီးတို့ရဲ့ ရုပ်တုများပါ။




Image Hosted by PicturePush - Photo Sharing


ပြီးနောက်မှာတော့ ကျောင်းကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ ဥရုချောင်းကို အပြေးအလွှား သွားကြပြီး ရေကစားကြ ပါတော့တယ်။ ဥရုချောင်းရေကို ကြည့်ပါနော်။ ကျွန်မတို့ရွာမှာ မြင်ရတဲ့ ဥရုချောင်းရေနဲ့ ဘာမှကို မဆိုင်အောင် ကွာခြားတာကို တွေ့ရမှာပါ။


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

အောက်ခံကျောက်တုံးတွေကို အတိုင်းသားမြင်နေရအောင် ကြည်လင် လှပါတယ်။ ချောင်းအဖျားပိုင်း မို့ ရေတော့ တိမ်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

အတူသွားကြတဲ့ ညီမငယ်တွေကတော့ ကြည်လင်လှတဲ့ ချောင်းရေမှာ ဆော့ကစားနေကြတာပါ။ ဒီလိုကြည်လင်သန့်ရှင်းလှတဲ့ ချောင်းထဲမှာ ရေချိုးခွင့်မရတာ နှစ်များစွာ ကြာလှပါပြီ။ နောက်ကျိ ညစ်နွမ်းနေတဲ့ ချောင်းရေထဲတော့ ဘယ်သူကမှ ချိုးချင်ကြမှာ မဟုတ်ဘူး မို့လားရှင်။

ကျွန်မတို့ ရွာကလေးရဲ့ မြောက်ဖက်အရပ်မှာရှိတဲ့ ကံဆီးရွာ (ယခင်မြို့ဟောင်း) နဲ့ ဥရုချောင်းဖျားမှာ ထမင်းစားသောက် ၊ရေဆော့ လို့ ဝတာနဲ့ ဆိုင်ကယ်ကိုယ်စီစီးပြီး အိမ်ပြန်ခဲ့ ကြပါတော့တယ်။ ဒီပိုစ့်ကို ရေးရတဲ့ အကြောင်းရင်းက ကံဆီးမြို့ဟောင်း တည်ရှိတဲ့  ဥရုချောင်းဖျားက ဥရုချောင်းရေရဲ့ ကြည်လင်မှု၊ သန့်ရှင်းမှုတို့နဲ့ ကျွန်မတို့ လုံးခင်းနား အရောက်မှာ နောက်ကျိနေတဲ့ ဥတုချောင်းရေရဲ့ ကွာခြားချက်ကို ပြချင်တာရယ်.. လူသိနည်းနေသေးတဲ့ ကံဆီးစော်ဘွားကြီးတို့ အကြောင်း ရေးချင်တာ ရယ်ကြောင့် ပဏာမ အစပျိုးလိုက်တာ ဖြစ်ပါတယ်ရှင်။

ကံဆီးမြို့ဟောင်းက အပြန်မှာ ယခုလက်ရှိ အသက်ရှင်နေထိုင်ဆဲဖြစ်တဲ့ ကံဆီးစော်ဘွားကတော်ကြီး (အဖွားလေးလို့ ကျွန်မတို့က ခေါ်ပါတယ်။ ) အိမ်ကို သွားပြီး ကျွန်မ သိချင်တာလေးတွေ မေးဖြစ် ပါတယ်။ မေးပြီးတော့လည်း  အဖွားလေးတို့ အကြောင်း စာတစ်ပုဒ်လောက် ရေးချင်ပါတယ်လို့ ခွင့်တောင်းတော့ အဖွားလေးက ကြည်ကြည်ဖြူဖြူ ခွင့်ပြုခဲ့ပါတယ်။ နောက် အဖွားလေးရဲ့ ဘိုးဘေးများ ဖြစ်တဲ့ ကံဆီးစော်ဘွားတို့ကို မင်းတုန်းမင်းတရားကြီး ဆုချခဲ့တဲ့ ကြေးမောင်းတော်များ ကိုလည်း ဓာတ်ပုံရိုက်ခွင့် ပြုခဲ့ပါတယ်။ ဒါကြောင့်  ဖားကန့် ရတနာမြေကို အပိုင်စားခဲ့သော ကံဆီး စော်ဘွား အကြောင်းကို ဓာတ်ပုံတစ်ချို့နဲ့ မကြာခင်မှာ  ပြည့်ပြည့်စုံစုံ ဖော်ပြချင်ပါတယ်နော်။



အားလုံးဘဲ ရေလိုအေးလို့ ပန်းလို့ လန်းကြပါစေရှင်..



Image Hosted by PicturePush - Photo Sharing

ဖားကန့် သို့မဟုတ် ဒဏ်ရာများနဲ့ မှော်နယ်မြေ...

ကျွန်မတို့ ဖားကန့်တစ်ခွင်ရဲ့ တောင်ပေါ်လမ်းတွေ၊ မြေလမ်း ကြမ်းကြမ်းတွေကို နေပူပူ၊ ဖုန်ထူထူမှာ မျက်နှာ ဖုံးတွေ၊ ဦးထုပ်တွေနဲ့ ကာဗာ ယူပြီးသကာ မှော်နယ်မြေအနှံ့ ခြေဆန့်ကြပါတယ်။ အားလုံးလည်း ကျွန်မနဲ့ အတူတူ ဖားကန့် မှော်နယ်မြေရဲ့ ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုကြရအောင်လားနော်...


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

တောင်တန်းတွေကို တစ်ပိုင်းတစ်စ တူးဖော်နေတဲ့ ကျောက်စိမ်းလုပ်ကွက် တစ်နေရာ
Image Hosted by PicturePush - Photo Sharing
တူးကြ ဆွကြ ရှာဖွေကြ
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 တောင်နံရံတွေကို ဖြိုဖျက်၍




Image Hosted by PicturePush - Photo Sharing

ဒီလိုသာတူးနေရင် နောင်တစ်ချိန်ကျ ဖားကန့်ဆိုတာ မြေပုံပေါ်မှာ ရှိပါဦးမလား


ဖားကန့်တစ်ခွင်မှာ နေရာတိုင်း ကြည့်လေရာရာတိုင်းဟာ ကျောက်တူးနေတဲ့ လုပ်ကွက် အကြီးစားတွေနဲ့သာ ပြည့်နေပြီး  ယခင်က စိမ်းစိမ်းစိုစို တောင်တန်းတွေဟာ ခုလို ဖြိုချခံထား ရပြီးတဲ့ လုပ်ကွက်တွေသာ ဖြစ်နေခဲ့ပါပြီ။ သဘာဝ အလှအပဆိုတာ ရှားရှားပါးပါး လိုက်ရှာရမဲ့ နေရာတစ်ခု ပါ။ ပြီးတော့လည်း ခုလို ကုမ္ပဏီများစွာတို့က အပြိုင်အဆိုင် အကြိတ်အနယ် တူးဖော် ရှာဖွေနေ လိုက်ကြ တာဟာ နောင်တစ်ချိန်မှာ ကျောက်စိမ်းဆိုတာ မြင်ချင်လို့တောင် မမြင်ရတော့မဲ့ ရှားပါး ပစ္စည်း ဖြစ် သွားတော့မှာ သေချာပါတယ်။ မြင်နေရတဲ့ အတိုင်းပါဘဲ.. ဖားကန့်ဆိုတဲ့ ကျောက်စိမ်း နယ်မြေဟာ လူတွေ ရဲ့ လောဘနဲ့ တူးကြဆွကြ၊ မြေလှန် ရှာဖွေကြတဲ့အတွက် ကမ္ဘာမြေပြင်ဟာ အပိုင်း ပိုင်း ပြတ်တောက်လို့ ဒဏ်ရာ ဒဏ်ချက်များနဲ့ ဖြစ်နေခဲ့ပါပြီ။


တောင်လိုမြင့်မားတဲ့ မြေစာပုံကြီးများ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ကျောက်တူးပြီး မြေကြီးတွေ ဖယ်ပစ်လိုက်လို့ ကျင်းကြီးဖြစ်သွားတဲ့နေရာမှာ ပြန်မဖို့ဘဲ ထားလိုက်တော့  ရေကန်ကြီးလိုဖြစ်လာ
Image Hosted by PicturePush - Photo Sharing 
ဒီမှာလည်းတစ်ခု

Image Hosted by PicturePush - Photo Sharing


ဟိုးယခင်တုန်းကတော့ ကျွန်မတို့ ဖားကန့်ဒေသမှာ ကျောက်တူးတယ်ဆိုတာ ခုလို စက်တွေ၊ ဘက်ဖိုးတွေ၊ မြေသယ်ကားကြီးတွေနဲ့ တူးကြတာမျိုးမဟုတ်ဘဲ သံတူရွင်းတွေ၊ ဂေါ်တောင်းတွေ စတဲ့ ပစ္စည်းတွေနဲ့ အတူ လူအင်အားနဲ့သာ တူးဖော်ကြတာမို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှုန်းက ခုလောက် မမြန်ဆန်ပါဘူး.။ ခုချိန်မှာတော့ ကုမ္မဏီ လုပ်ကွက်တွေက စက်တွေ၊ ကားတွေ များစွာနဲ့ အပြိုင်အဆိုင် အလုအယက် တူးဖော်ကြတော့ ပျက်စီးမှုနှုန်းထားက အံ့မခန်း မြန်ဆန် လွန်းလှပါတယ်။ တစ်နှစ်ထက် တစ်နှစ် ပြောင်းလဲသွားတဲ့ မြင်ကွင်းတွေက မယုံနိုင်စရာ ကောင်းလောက်အောင်၊ မမှတ်မိနိုင်လောင်အောင် အပြောင်း အလဲ မြန်လွန်းလှပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ပုံထားတဲ့ မြေစာပေါ်မှာ ရေမဆေးရှာကြသူများ  



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

 
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒါတွေက ရွှေမျှောလုပ်ကွက်တွေပါ။


ဖားကန့်ရတနာမြေဟာ ကျောက်စိမ်းတင်မက ရွှေပါထွက်တာမို့ ဥရုချောင်းနဲ့ မှော်တစ်လျှောက်မှာ ခုလို ရွှေမျှော လုပ်ကွက်တွေ မနည်းမနော ရှိနေပါတယ်.


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing




 
Image Hosted by PicturePush - Photo Sharing


မြို့ရွာတွေနားက မြေကြီးတွေ ဒီလိုကပ်ပြီးတူးတဲ့အခါ အဲဒီရွာတွေရဲ့ နောင်ရေးက စဉ်းစားစရာ..


တစ်ချိန်ကတော့ တောတောင် သစ်ပင်တွေနဲ့ စိမ်းစိုလှပ သာယာခဲ့ပြီး၊ ကြည်လင်သန့်ရှင်းတဲ့ ဥရုချောင်းကလေး ခွေကာရစ်ကာ စီးဆင်းနေတဲ့ ကျွန်မရဲ့ ဇာတိမြေဟာ ခုတော့ဖြင့် မကြည်မလင် ညိုးရော်ကောက်ကွေ့စွာ စီးဆင်းနေခဲ့ရပါပြီ။ တောင်တွေပြုန်းလို့ တောတွေကတုံးဖြစ်ကာ မြေမညီမညာ၊ ချိုင့်ဝှမ်း၊ အင်းအိုင်တွေနဲ့  မြင်တွေ့ရပုံဟာ သံဝေဂယူမယ်ဆိုရင် သံဝေဂ ရစရာကောင်းတဲ့ မြင်ကွင်းတွေ ပါ.. ဒေသခံတွေ အတွက်ကတော့ ဟိုးအရင်တုန်းကနဲ့ မတူအောင် ပူပြင်းလာတဲ့ ရာသီဥတုက ဥတုရာသီ တောကိုမှီဆိုတဲ့ စကားလို တောတောင်မရှိတော့ ရာသီဥတုကလည်း ပိုပြီး ပူပြင်းလာတာကို သက်သေပြလို့ နေပါတယ်။

 
Image Hosted by PicturePush - Photo Sharing



ကျွန်မတို့ ဖားကန့်တစ်ခွင်ရဲ့မြေပြင်အနေအထား  ဖြစ်ပျက်နေ ပုံကိုကြည့်ပြီး တန့်ယန်း ဆရာတော် စဝ်ဆုခမ်း - (အရှင်သုခမိန္ဒ) ရဲ့ လောကနဲ့ လောဘ ဆိုတဲ့ စာသားလေးကို ဖားကန့် မှော်နယ်မြေ နောက်ခံနဲ့ ရိုက်ထားတဲ့ အပေါ်ကပုံနဲ့ ကွက်တိကို ကျနေတော့တာပါဘဲလေ...လူတွေရဲ့ လောဘမကုန်သေးသရွေ့၊ ကျွန်မတို့ ဖားကန့်ကလူတွေလည်း ရင်ခုန်နေရဦးမှာပါ။ ရင်ခုန်ရတယ် ဆိုတာက ငါတို့အိမ်ကလေး ဘယ်တော့များ မြေစာပုံအောက် ရောက်မလဲ၊ ဒီနှစ်လဲ မိုးရွာရင် ချောင်းရေက ဘယ်လောက်ထိ နှစ်ဦးမှာလဲ စသဖြင့်  တွေးတော ပူပင်ပြီး ရင်ခုန်နေရတာကို ဆိုလိုတာပါ။

ဒါကြောင့်လည်း ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တွေကို စနစ်တကျ  လုပ်ကိုင်စေမယ်လို့ သတင်းတွေ ထွက်လာတာဟာ ဖားကန့် နယ်မြေခံ တစ်ယောက်အနေနဲ့ ဝမ်းသာကျေနပ်မိတဲ့ သတင်းကောင်း ဖြစ်ပါ တယ်..

ဖားကန့် ကျောက်တွင်းတွေအကြောင်းတော့ စာတွေအများကြီး ရေးခဲ့ပြီးပြီမို့ ရှည်ရှည်ဝေးဝေး မရေးတော့ဘဲ ပုံတွေသာ များများ တင်လိုက်ပါတယ်.. ပုံတွေကြည့်ပြီး ဖားကန့်ကျောက်စိမ်းတွင်းကို မြင်ယောင်ကြည့်ရင် သိနိုင်ပါပြီနော်။ ဖားကန့်အကြောင်း စာတွေ အသေးစိတ်ဖတ်ချင်သေးရင် ဖားကန့်မှော်နယ်မြေ အကြောင်းများ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှာကြည့်ပါလို့သာ ညွှန်းဆိုလိုက်ပါတယ်ရှင်.



Image Hosted by PicturePush - Photo Sharing