Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

ညှို့ငင်ဆွဲဆောင် အီမောဘွမ်တောင်


စာအုပ်လေးတစ်အုပ်ကို နာမည်ကြားတာနဲ့ ဖတ်ချင်နေခဲ့တယ်။ စာအုပ်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေဟာ ဘယ်လိုဟာတွေ ဖြစ်တယ်ဆိုတာ သိရတော့ အဲဒီစာအုပ်လေးက ကျွန်မကို ပိုလို့တောင် ဆွဲဆောင် ညှို့ငင်နိုင်စွမ်း ရှိစေခဲ့တယ်။ စာအုပ်နာမည်ကို စာရေးသူ ဆရာငြိမ်းအေးအိမ်က ညှို့ငင်တောင် လို့ အမည်ပေးထားခဲ့တယ်။ စာအုပ်ထဲမှာ ပါဝင်တဲ့ အီမောဘွမ်ဆိုတဲ့ လူသူ အရောက်အပေါက်နည်းပြီး လှပ အရိုင်းဆန်လွန်းတဲ့ ကချင်ပြည်နယ် အခေါင်အဖျား တောင်ပေါ်ဒေသရဲ့ ဓာတ်ပုံတွေကို FB ပေါ်မှာ မြင်ရတုန်းကလည်း အဲဒီဓာတ်ပုံတွေရဲ့ ဆွဲဆောင် စေ့ဆော်မှုကြောင့် "ဆရာ့ဓာတ်ပုံတွေနဲ့အတူ ပိုစ့်လေးတစ်ပုဒ်လောက် ရေးခွင့်ပြုပါ ဆရာ" လို့ ဆရာ့ကို ခွင့်တောင်းပြီး အိမ်မက်ထဲက ကချင်မြေ ဆိုတဲ့ နာမည်နဲ့ ပိုစ့်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ ခုလဲ ရင်သပ်ရှုမော လှပဆန်းကျယ်တဲ့ နေရာတစ်ခု ဖြစ်တဲ့ အီမောဘွမ်တောင်ကို ညှို့ငင်တောင်ရယ်လို့ လိုက်ဖက်လှပတဲ့ အမည်လေး ပေးထားတဲ့ စာအုပ်လေး ကျွန်မလက်ထဲ ရောက်လာတော့ စာအုပ်လေးကို ဖတ်ရင်း ဖတ်ရင်းက အဲဒီ စာအုပ်လေးအကြောင်းကို မဖတ်ရသေးတဲ့သူတွေကို မျှဝေချင်၊ သိစေချင် လာတာကြောင့်  ရေးဖို့ စေ့ဆော်လာတဲ့ စိတ်ဆန္ဒတစ်စုံကို ဘယ်လိုအရာကမှ တားဆီးလို့ မရနိုင်တော့တာကြောင့် ဒီပိုစ့်လေး တစ်ပုဒ်ကို ရေးဖြစ်ရပြန်ပါပြီ။


Image Hosted by PicturePush - Photo Sharing

ညှို့ငင်တောင်စာအုပ်ရဲ့ ရှေ့နောက် မျက်နှာဖုံး

ဆရာရဲ့ ညှို့ငင်တောင် ဆိုတဲ့ စာအုပ်လေးအကြောင်းကို Facebook က ဆရာ့ဝေါလ်ပေါ်က ပေါ်မှာ တွေ့ကတည်းက အရမ်းကို ဖတ်ချင်နေခဲ့တာ။ အဲဒါနဲ့ ထုံးစံအတိုင်း ကျွန်မရဲ့ အစ်မလို ချစ်ခင်ရပါတဲ့ မမြသွေးနီကို အပူကပ်ရပါတော့တယ်။ မမြသွေးနီကလည်း အဲဒီ စာအုပ်လေးကို မရမက ရှာဝယ်ပြီး ကျွန်မဆီကို လက်ဆောင်လေးအဖြစ် ပို့ပေးလိုက်တဲ့အခါမှာတော့ ဝမ်းသာကြည်နူးစိတ်တွေနဲ့ စာအုပ်လေးကို တယုတယ ကိုင်ကြည့်မိပါတယ်။ ကဒ်ထူအဖုံးလေးတွေနဲ့ သပ်ရပ်လှပစွာ ချုပ်ထားတဲ့ ဒီစာအုပ်လေးဟာ မဖတ်ခင်ကပင်လျှင် ဖတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာအောင် ညှို့ငင်နိုင်စွမ်း လွန်းခဲ့ပါတယ်။ နှင်းဖုံးရေခဲတောင်ကြီးတစ်ခုရဲ့ ပုံရိပ်နဲ့အတူ အခြားသော ဓာတ်ပုံများစွာတို့ကလည်း အေးချမ်းတဲ့ တောတောင် သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားသူတွေ၊ လူသူ အရောက်အပေါက်နည်းတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေကို စိတ်ဝင်စားသူတွေ၊ သမိုင်းကြောင်းကို စိတ်ဝင်စားသူတွေ တကယ်ကို တန်ဖိုးထား ဖတ်ရှုချင်စရာပါ။ စာအုပ်ထဲက အကြောင်းအရာတွေဟာလည်း ကျွန်မ ဘယ်တုန်းကမှ မရောက်ခဲ့ဖူးသေးတဲ့ နေရာတစ်ခု၊ ဘယ်တော့မှ ရောက်နိုင်မယ်မှန်း မသိတဲ့ နေရာဒေသလေး တစ်ခုအကြောင်းပါ။ ကချင်ပြည်နယ်သူ ကျွန်မဟာ မြန်မာပြည်ရဲ့ နေရာ ဒေသ တော်တော် များများကို ရောက်ခဲ့ဖူးပေမဲ့ အီမောဘွမ်ဆိုတဲ့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲပြီး တောတောင် ထူထပ်လှတဲ့ ဒီနေရာ ဒီဝန်းကျင် ဒီဒေသကိုတော့ နာမည်ကြားဖူးရုံကလွဲလို့ ဘယ်တုန်းကမှ မရောက်ခဲ့ ဖူးသေးပါဘူး။ တစ်ခြားသော သူတွေထဲမှာလည်း အစိုးရ ဝန်ထမ်းများလောက်သာ ရောက်ဖူးကြမှာဖြစ်ပြီး  သာမန်သူတွေ အနေနဲ့တော့ ရောက်ဖူးတဲ့သူ အလွန်ကို နည်းမယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ခက်ခဲတဲ့ နေရာဒေသဖြစ်တာမို့ အဲဒီစာအုပ်ထဲက အကြောင်းအရာ တစ်ချို့ကို ပြန်လည် ဖော်ပြချင်စိတ်တွေ ဖြစ်လာမိတာပါ။

Image Hosted by PicturePush - Photo Sharing

အစ်မ မြသွေးနီရဲ့လက်မှတ်လေး ပါရှိတဲ့ ညှို့ငင်တောင် စာအုပ်လေးပါ။ ခုလည်း သူ့ ကျေးဇူးနဲ့ စာအုပ်ထွက်ပြီး မကြာမီမှာဘဲ ဖတ်ခွင့်ရတဲ့ စာအုပ်လေးမို့ တကူးတက ရှာဝယ်ပြီး အမြန်ဆုံး ပို့ပေးတဲ့ အစ်မကို ကျေးဇူးတင်ကြောင့် ဒီနေရာကနေ ပြောချင်ပါတယ်။ ကျွန်မ ဖတ်ချင်သမျှ၊ ပူဆာသမျှ စာအုပ်တွေကို လိုလိုလားလား ရှာဖွေပို့ပေးလေ့ရှိတဲ့ အစ်မရဲ့ ကျေးဇူးတွေကလည်း ကျွန်မထံရောက်နေတဲ့ များလှစွာသော စာအုပ်တွေနည်းတူ ကျေးဇူးများလှပါပြီ။ ကျေးဇူးကုဋေကုဋာပါ အစ်မရေ။


ညှို့ငင်တောင် စာအုပ်အကြောင်း ဆက်ပြောရမယ်ဆိုရင် စိတ်ကူးချိုချို စာပေကနေ ထုတ်ဝေပြီး စာမျက်နှာ ၂၅၈ မျက်နှာပါ စာအုပ်တန်ဖိုး ၅ဝဝဝ လို့ ဆိုပေမဲ့လို့ ၅ဝဝဝထက် မကသော ဗဟုသုတ အကြောင်းအရာတွေက တကယ်ကို တန်ဖိုး ဖြတ်လို့ မရခဲ့တာ စာအုပ်လေးကို ဖတ်မိသူတိုင်း လက်ခံရမှာ အသေအချာပါ။ စာအုပ်လေးထဲမှာလည်း စိတ်ဝင်စားဖွယ် ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့ တကယ်ကို ကိုယ်တိုင်ရောက်သွားသလို ခံစားရတဲ့ ခံစားချက်မျိုး ပေးနိုင်တာကိုလည်း တွေ့ရပါလိမ့်မယ်ရှင်။ ပုံတွေ တော်တော်များများကလည်း အပြင်မှာ လွယ်လွယ်နဲ့ မြင်တွေ့နိုင်ဖို့ မလွယ်ကူတဲ့ လူမျိုးစုတွေရဲ့ လူမှုစရိုက်၊ ဒေသသဘာဝအလှ ဓာတ်ပုံတွေကို ဆေးရောင်စုံ ပုံတွေအဖြစ် ထည့်သွင်းထားတာကြောင့်လည်း စာရေးသူနဲ့ စာအုပ်ထုတ်ဝေသူတို့ရဲ့ စေတနာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒီလောက်တောင် ဝေးလံခေါင်ဖျားပြီး ခက်ခဲလှတဲ့ နေရာဒေသ တစ်ခုရဲ့ အကြောင်းကို ဂဃနဏ နှိုက်နှိုက်ချွတ်ချွတ် သိမြင်နှံ့စပ် ရေးနိုင်စွမ်းတဲ့ ဆရာ ငြိမ်းအေးအိမ်ရဲ့ စိတ်အားထက်သန်မှု၊ လေ့လာအားထုတ်မှုနဲ့ ဒီမြေ  ဒီဒေသကို ချစ်မက်တွယ်တာမှုတို့ကိုလည်း စာအုပ်ဖတ်ရင်း ဖတ်ရင်းနဲ့ ပိုမို သဘောပေါက် နားလည်ခဲ့ရပါတယ်။


Image Hosted by PicturePush - Photo Sharing

စာအုပ်တွင် ပါဝင်သော လီဆူးမျိုးနွယ်တစ်စုတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကျင်းပပုံ ပုံရိပ်တစ်ချို့

အီမောဘွမ်ဒေသဟာ ဆရာ့စာအုပ်ထဲမှာ ရေးသားဖော်ပြထားသလို စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့ ပြည့်နှက်နေလိမ့်မယ်ဆိုတာလည်း ဘယ်တုန်းကမှ မတွေးခဲ့ မထင်ခဲ့မိတာကို ဝန်ခံမိပါတယ်။ စာအုပ်လေးကို ဖတ်မိတော့မှ ဒီတောင်တန်းဒေသတွေမှာ ဒီလိုစိတ်ဝင်စားဖွယ် သမိုင်းကြောင်းတွေ ၊ စိတ်ဝင်စားဖွယ် သစ်ပင်တွေ၊ လူနေမှု စရိုက်တွေ၊ သဘာဝ ပတ်ဝန်းကျင်တွေ ရှိနေပါလားဆိုတာ သိလာရပါတော့တယ်။ စာအုပ်ထဲမှာ ပါဝင်တဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတစ်ချို့ကို ကောက်နှုတ်ဖော်ပြရမယ်ဆိုရင် စာအုပ်ထဲ ပါဝင်တဲ့ အီမောဘွမ်တောင် ဝန်းကျင်ဆိုတာ လော်ဝေါ်၊ လာချိဒ်၊ လီဆူ၊ ရဝမ် သတဲ့ ကချင်မျိုးနွယ်စုမှာပါဝင်တဲ့ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသ တစ်ခု ဖြစ်ပြီး ထူးခြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ အယူအဆ ကိုးကွယ်ယုံကြည်မှုများနဲ့အတူ သက်တမ်းရှည်လှတဲ့ သမိုင်းကြောင်းများရှိပြီး ရှားပါး သစ်ပင်၊ သယံဇာတနဲ့ အင်းဆက်၊ သက်ရှိ ဇီဝမျိုးစိတ်များ ပေါကြွယ်ရာ ဒေသတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ တရုတ်ပြည်နယ်စပ်နဲ့ နီးကပ်နေပြီး ကချင်ပြည်နယ်ရဲ့ အရှေ့မြောက်ဖက်နားမှာ တည်ရှိတဲ့ အီမောဘွမ်တောင် ဒေသဟာ ဟိမဝန္တာတောင်စဉ် တောင်တန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင် ၁၀၀ကျော်က ပင်လယ်ရေအောက်ကနေ ကုန်းမြေအဖြစ် ပေါ်ထွန်းလာတဲ့ ဟိမဝန္တာ တောင်တန်းကြီး ပေါ်ပေါက် လာပြီးနောက်မှာ မြန်မာ့မြေလွှာအဖြစ် အစောဆုံးပေါ်ထွန်းလာတဲ့ ဒေသတစ်ခုလည်း ဖြစ်တယ်လို့ ဆရာက အကိုးအကားများနဲ့ ပြဆိုထားပါတယ်။ ထိုသို့သော အစောဆုံးပေါ်ထွန်းလာတဲ့ မြေလွှာများဖြစ်တဲ့အပြင် ကောင်းမွန်တဲ့ မြေသြဇာနဲ့ ဆင်းကဲဖြစ်စဉ် ပြောင်းလဲတိုးတက်မှုတို့ကြောင့် ကမ္ဘာပေါ်မှာ မည်သည့်နေရာတွင်မျှ မတွေ့နိုင်ရနိုင်တဲ့ အပင်များ ပေါက်ရောက်ရာ နေရာဖြစ်တယ်လို့ ဖတ်ရတဲ့အချိန်မှာတော့ ဆရာနဲ့ ထပ်တူထပ်မျှ ဝမ်းသာလှိုက်လှဲခြင်း ပီတိကို ခံစားခဲ့ရပါတယ်။ အဲဒီလို အဖိုးတန် ဒေသဖြစ်လို့လည်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက သဘာဝတရားမပျက် ဆက်လက် ရှိနေစေချင်ကြပြီး ထိန်းသိမ်းတန်ဖိုးထားသင့်တဲ့ နေရာတစ်ခု ဖြစ်ကြောင်း အသိအမှတ်ပြုထားကြတယ်လို့ ဆိုပါတယ်။ 


Image Hosted by PicturePush - Photo Sharing

အီမောဘွမ်တောင်အနီးက ဖီမော်ဒေသကို ဒုတိယကမ္ဘာစစ် မဖြစ်မီကပင် အစောဆုံးရောက်ရှိခဲ့တဲ့ နိုင်ငံခြားသား သဘာဝသိပ္ပံပညာရှင် Frank Kingdon Ward ဟာ အီမောဘွမ်ဒေသက တောင်ဇလပ်ပန်း အပါအဝင် ပန်းမျိုးစိတ်ပေါင်း တစ်ထောင်ကျောက်ကို ခက်ခက်ခဲခဲ စုဆောင်းပြီး အင်္ဂလန် တောင်ဝင် ရုက္ခဗေဒဥယျာဉ်ကို ပေးပို့နိုင်ခဲ့ကာ နှစ်ပေါင်း ၆၀အတွင်းမှာ တောင်ဇလပ် မျိုးစပ်ပေါင်း ၁ဝဝဝ ကျော်နဲ့ အခြားသော ပန်းမျိုးစပ်ပေါင်း များစွာ ဖန်တီးနိုင်ခဲ့တဲ့အတွက် မြန်မာ့ရေမြေပေါ်က သယံဇာတ ပန်းမျိုးကလေးတွေဟာ မြန်မာ့မြေမှာ ကျော်ကြားခွင့်မရခဲ့ဘဲ တိုင်းတစ်ပါးမှာ ရှင်သန်ပြီး ကိုယ့်မြေကိုယ့်ရေပေါ်က ပန်းတွေနဲ့ သူတစ်ပါးက နာမည်ကြီးသွားတာ၊ ကျော်ကြားခွင့် ရသွားခဲ့တာကို ဆရာက ရင်ထုမနာ ရေးသားထားတာကို ဖတ်ရတော့ တကယ်ကို  နှမြောတသ ဖြစ်ရပါတယ်။ ပြီးတော့လည်း အီမောဘွမ်တောင် တစ်ဝိုက်က ရှားပါးလိပ်ပြာတွေ ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲ ရောင်းနေတာကို တွေ့ခဲ့ရတယ်လို့ ပြန်လည်ပြောပြသူက ကိုယ့်အိမ်က အဖိုးတန်ရတနာတွေကို အခိုးခံသွားရတာကို မသိလိုက်တဲ့ အိမ်ရှင် လူနုံ လူအ တစ်ယောက်ကို ကြည့်နေတဲ့ သနားကြည့် လို့ ဆရာက ဆိုထားပြန်တော့ လူနုံလူအထဲမှာ ကျွန်မတို့တွေ အပါအဝင်ဖြစ်ပြီး မိမိတို့ကိုယ်တိုင်က တန်ဖိုးထားသင့်တာတွေကို တန်ဖိုးထားရကောင်းမှန်း မသိခဲ့တဲ့ နုံအခြင်းမျိုးနဲ့ ကြီးပြင်းလာရသူတွေပါလားလို့ တွေးမိရပါတယ်။


Image Hosted by PicturePush - Photo Sharing


ငါ့ချန်းခ ထင်းရှူးပင် (ဒီပုံကိုတော့ အင်တာနက်က ရှာဖွေထည့်သွင်းထားတာပါ)

ညှို့ငင်တောင် စာအုပ်ထဲက နောက်ထပ် သိခွင့်ရလိုက်တဲ့ အပင်အကြောင်းကတော့ အမြင့်ပေ ၇ဝဝဝ ကနေ ၁၂ဝဝဝ ကျော်၊ အီမောဘွမ်တောင်ခြေက ခေါင်လန်ဖူး နဲ့ ထော့ဂေါ် ဒေသတို့မှာသာ ပေါက်ရောက်တဲ့ ငေါ့ချန်းခ ထင်းရှူးမျိုးနွယ် အကြောင်းပါ။ ( Taiwania Cryptomerioides) လို့ခေါ်တဲ့ ၄င်းထင်းရှူးမျိုးဟာ ထိုင်ဝမ် ( ဖော်မိုဆာ ကျွန်းမှာ) ပေါက်ရောက်ခဲ့ဖူးပေမဲ့ မျိုးတုန်းသွားခဲ့ပြီး ခုနေခါမှာတော့ တစ်ကမ္ဘာလုံးမှာမှ မြန်မာပြည် အီမောဘွမ်တောင်ခြေက ငေါ့ချန်းခ မြစ်ဝှမ်းတစ်လျှောက်မှာသာ ရှိတော့တယ်လို့ ဂုဏ်ယူဖွယ် သိရပါတယ်။ သို့ပေမဲ့လည်း အဲဒီထင်းရှူးတွေကို Coffin Tree လို့လည်းခေါ်ပြီး တရုတ်လူမျိုးတွေက  လူသေရင် ထည့်သွင်း မြှုပ်နှံဖို့ အခေါင်း ပြုလုပ်ရန်အတွက် ၁၈၉၀ ခန့် လမ်းဟူ၍ လုံးဝမရှိခင်ကတည်းက ပေတစ်သောင်းကျော်မြင့်ပြီး ခက်ခဲကြမ်းတမ်းလှတဲ့ တောင်ပေါ်ခရီးလမ်းကနေ သူတို့ရဲ့ တစ်ဖက်နိုင်ငံကို ထုတ်ယူနေခဲ့ကြတာဟာ ခုချိန်မှာတော့ အလွန်ရှားပါးနေပြီ ဖြစ်တယ်လို့ ဖတ်ရပါတယ်။ တရုတ် လူမျိုးတွေအတွက် လူသေခေါင်းတွေကို ဒီလို အဖိုးတန် ထင်းရှူးသားတွေနဲ့ ပြုလုပ်ကြကြောင်းနဲ့ ၄င်း ထင်းရှူးသား နဲ့ ပြုလုပ်တဲ့ ခေါင်းတွေဟာလည်း ဈေးအလွန် ကြီးကြောင်း စိတ်ဝင်စားဖွယ် ဖတ်ရသော်လည်း ဒီပိုစ့်မှာ အဲဒီထင်းရှူးပင်တွေရဲ့ အကြောင်းများကိုလည်း ဆက်ရေးမယ်ဆိုရင် ပိုစ့်က သိပ်ရှည်သွားမှာစိုးပါတယ်။ ဒါကြောင့် အဲဒီ အကြောင်းတွေကို စိတ်ဝင်စားတယ်ဆိုရင် ဒီ ညှို့ငင်တောင် စာအုပ်ထဲမှာ အသေးစိတ် ရေးထားတာကို ဆက်လက် ဖတ်ရှူနိုင်ပါတယ်။ တရုတ်လူမျိုးတွေရဲ့ အသုဘအတွက် အလွန် အဖိုးတန်ပါတယ် ဆိုတဲ့ အဲဒီ ထင်းရှူးပင် တွေဟာ ငေါ့ချန်းခ ဒေသမှာ ဘယ်နှစ်ပင်လောက်သာ ကျန်ရှိတော့မလဲ ဆိုတာကိုတော့ ကျွန်မ သိချင်စမ်းလှပါတယ်။


Image Hosted by PicturePush - Photo Sharing


Yew Tree ခေါ် ကျောက်ထင်းရှူး 

အဲဒီဒေသက နောက်ထပ် အဖိုးတန် အပင်တစ်မျိုးကတော့ Yew Tree လို့ခေါ်တဲ့ ကျောက်ထင်းရှူးပင်ပါ။ တရုတ်နဲ့ တိဘက်တိုင်းရင်းဆေးအရ ကင်ဆာရောဂါများ အထူးပျောက်ကင်းတယ်လို့ ဆိုပါတယ်။ အဲဒီ ကျောက်ထင်းရှူးနဲ့ လုပ်တဲ့ အိုးခွက်ပန်းကန်ခွက်ယောက်တွေကို သုံးစွဲခြင်းအားဖြင့် ခန္ဓာကိုယ်တွင်းက ရောဂါ ဘယတွေ ပျောက်ကင်းစေနိုင်လို့ ဆိုပါတယ်တဲ့။ ကျွန်မတို့ မြန်မာနိုင်ငံကြီးရဲ့ နယ်နမိတ်ထဲမှာ ပေါက်ရောက်ပေမဲ့ အဲဒီအိုးခွက်ပန်းကန် အသုံးအဆောင်တွေကို မြင်ဖူးသူ မရှိသလောက် ရှားမယ် ထင်ပါရဲ့။ သို့သော်လည်း တရုတ်ပြည်တွင်းက လူတွေကတော့ ၄င်းထင်းရှူးများကို ဈေးကြီးပေး ဝယ်သုံးကြတဲ့ ဈေးကွက်တစ်ခု ဖြစ်နေခဲ့ပါတယ်တဲ့။ ကိုယ့်မြေက ထွက်တဲ့ တန်ဖိုးကြီးရှားပါး အပင်တွေကို ထိမ်းသိမ်းဖို့မပြောနဲ့ သိတောင် မသိလိုက်၊ မြင်တောင် မမြင်ဖူးလိုက်ရဘဲ မကြာခင်မှာ မျိုးတုန်း ပျောက်ကွယ်သွားရတော့မှာကိုတော့ တကယ်ကို နှမြော သတ နောင်တ ရချင်စရာပါ။ စာအုပ်ထဲက စိတ်ဝင်စားဖွယ် နောက်ထပ် အကြောင်းအရာတစ်ခုက သစ်ခွပင်ကနေရတဲ့ အမျှင်တွေနဲ့ ရိုးရာဝတ်စုံတွေ၊ လွယ်အိတ်တွေ၊ ခေါင်းပေါင်း စတဲ့ အသုံးအဆောင်တွေမှာ အလှဆင်တဲ့ အတတ်ပညာအကြောင်းပါ။ ပြီးတော့လည်း မြို့ပြနဲ့ ဝေးလှတဲ့ နေရာဒေသမှာ နေထိုင်ကြတဲ့ တောင်ပေါ် တိုင်းရင်းသားတွေရဲ့ ဝတ်စုံတွေအတွက် အရောင်မျိုးစုံ ရအောင်လုပ်တဲ့ အပင်တွေ အကြောင်းကလည်း တကယ်ကို ဗဟုသုတရခဲ့ပါတယ်။ တောင်ပေါ်ဒေသသားတွေဟာ ဆန်းစပါးကို အဓိက စိုက်ပျိုးစားသုံးကြတာကြောင့် တောင်ပေါ်က မြေနေရာ ကျဉ်းကျဉ်းလေးတွေမှာဘဲ လှေကားထစ်လေးတွေ ခက်ခက်ခဲခဲ ပြုလုပ်ပြီး စိုက်ပျိုးကြပုံဟာ အခြားသူတွေ ကြည့်ရုံသာကြည့်ရင် မျက်စိ ပသာဒဖြစ်စရာရှုခင်း ဖြစ်နေနိုင်ပေမဲ့ ဒီလို လှေကားထစ် စပါးစိုက်ခင်းမျိုးဖြစ်လာဖို့ ဒေသခံတွေမှာ ဘယ်လောက်တောင် ကြိုးပမ်းအားထုတ်ခဲ့ရမယ်ဆိုတာ စဉ်းစားကြည့်ချင်စရာပါ။  လော်ဝေါ်တိုင်းရင်းသားတို့ဟာ ရာသီအလိုက်အော်မြည်တတ်တဲ့ ငှက်အော်သံကို နားထောင်ပြီး စပါးစိုက်ပျိုးခြင်း၊ တောင်ယာခုတ်ထွင်ခြင်း၊ တောင်ယာမီးရှို့ခြင်း စသည်တို့ကို လုပ်ကိုင်တတ်ကြကြောင်း ဖတ်ရတဲ့အခါမှာ တောတောင်ကျေးလက်နေ လူသားတွေရဲ့ ပတ်ဝန်းကျင် သဘာဝနဲ့ လိုက်လျောညီထွေ နေထိုင်တတ်ကြပုံကလည်း နှစ်သက်စဖွယ်ဖြစ်ရပြန်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


အီမောဘွမ်တောင် အနောက်တောင်အရပ်က ချီဖွေမြို့အနီး မေခမြစ်ကမ်းအနီးမှာရှိတဲ့ လာဗျူချောင် လိုဏ်ဂူ အကြောင်းကလည်း စာအုပ်အပေါ် ကျွန်မရဲ့ စိတ်ဝင်စားမှုကို ပိုပြီး မြှင့်တက် လာစေခဲ့ပါတယ်။ ၄င်း လာဗျူချောင်လိုဏ်ဂူဟာ မြန်မာနိုင်ငံမှာ တွေ့ရှိရတဲ့ ရှေးဟောင်းဂူတွေထဲမှာ အကြီးဆုံးဖြစ်နိုင်ပြီး အဲဒီဂူသွားလမ်းတစ်လျှောက်မှာတော့ နွား၊ လား၊ မြင်း၊ ဝက် စတဲ့ အကောင်ပုံသဏ္ဍန် ထွင်းထုထားတဲ့ ကျောက်တုံးမှာ ၊ ရူအတွင်း နံရံတွေပေါ်မှာ ရှေးဟောင်းလူသားတွေ ရေးဆွဲထားခဲ့တဲ့ တိရိစ္ဆာန်ရုပ်ပုံများနဲ့ ဂူအတွင်း မှာတော့  ကျောက်ဆုံ၊ ကျောက် ဒယ်အိုး၊ ဖိုခနောက်များနဲ့ ရှေးဟောင်း ရုပ်ကြွင်းများ တွေ့ရှိခဲ့ရဖူးတယ်လို့ သိရပါတယ်။ အထူးစိတ်ဝင်စားဖွယ် အချက်ကတော့ အဲဒီဂူထဲမှာ တွေ့ခဲ့ရတဲ့ စပါးစေ့တွေရဲ့ သက်တမ်းဟာ ကျောက်ခေတ်နှောင်းပိုင်း ကာလဖြစ်တယ်လို့ ခန်းမှန်းတွက်ချက်ထားတာကြောင့် မြန်မာပြည်မှာ အစောဆုံး စပါးစိုက်ပျိုးခဲ့တဲ့ နေရာဟာ ၄င်းနေရာ ဒေသ တစ်ဝိုက် ဖြစ်နိုင်ပြီးတော့ ရှေးခေတ်လူတွေအနေနဲ့ စပါးပင်အရိုင်းကနေ စားနိုင်တဲ့ စပါးစေ့ရရှိတဲ့ အပင်အဖြစ် ယဉ်ပါးလာအောင် စိုက်ပျိုးခဲ့တဲ့ ကမ္ဘာ့စပါး ပထမဦးဆုံး စပါးစိုက်ပျိုးရာနေရာလည်း ဖြစ်နိုင်တယ်လို့ အကိုးအကား အထောက်အထားများနဲ့ ဖော်ပြထားတာကြောင့် လာဗျူချောင် လိုဏ်ဂူထဲက တွေ့ရှိရတဲ့ ရှေးဟောင်းလူတွေရဲ့ အသုံးအဆောင်တွေနဲ့ ကျောက်ခေတ် စပါးစေ့တွေဟာ စပါးနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်၊ ဂုဏ်ယူဖွယ်သမိုင်းကြောင်းတစ်ခု အဲဒီနေရာမှာ ရှိခဲ့တယ်လို့ ဖော်ပြနိုင်ခဲ့တာဟာလည်း ဝမ်းမြောက်စရာ ဖြစ်ရပါတယ်။ အဲဒါကြောင့်လည်း အီမောဘွမ်အနီးက လာဗျူချောင် ဂူဟာ လူသိနည်းပြီး မထင်ရှားသေးသော်လည်း သမိုင်းတန်ဖိုး အထောက်အထား ကြီးမားလှတယ်ဆိုတာ ထင်ရှားလှပါတယ်။ သို့သော်လည်း ယခုအခါ  ချီဖွေ ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေး စီမံကိန်းအတွက် လုပ်ငန်းခွင် ဝင်နေသော စက်ယန္တရားများ၊ လူများ၊ လမ်းများကတော့ လဗျူချောင်ရှိရာ ဝန်းကျင်တစ်ဝိုက်တွင် တိုးတိုးလှုပ်လှုပ် ရှိနေကြသည်။  ခေတ်သည် မြန်ဆန်သော အဟုန်ဖြင့် ကမူးရှူးထိုး ပြေးလွှားပြောင်းလဲနေ၏။ သမိုင်းတန်ဖိုး မသိသော၊ ဥာဏ်ပညာနည်းသောသူတို့ မောင်းနှင်ကြမည့် ယန္တရားကြီးသည် ထိုဂူကို ဖောက်ထွင်း ဖြတ်မောင်းဝင်ချသွားမည်ကို စိုးရိမ်နေမိသည် လို့ ရေးသား ဖော်ပြထားတဲ့ အရေးအသားပေါ်မှာ ဆရာ့ရဲ့ အဲဒီဒေသကို တန်ဖိုးထား စိုးရိမ်စိတ်တွေကို အထင်းသား တွေ့မိရပါတယ်။ လာဗျူချောင်လိုဏ်ဂူနည်းတူ စိတ်ဝင်စားဖွယ် အခြားဂူတစ်ခုလည်း ရှိသေးတယ်လို့ဆိုပါတယ်။ ချီဖွေမြို့ အနီးက လင်းနို့ဂူလို့ခေါ်တဲ့ ရှေးဟောင်းဂူကြီးတစ်ခုထဲက ဂူနံရံမှာလည်း ရှေးခေတ်လူသားတွေ ရေးဆွဲခဲ့တဲ့ နံရံပန်းချီများစွာ ရှိနေတယ်လို့ ဖတ်ရပါတယ်။ အဲဒီရှေးဟောင်းလက်ရာတွေကို တာဝန်ရှိသူများက လေ့လာဖော်ထုတ်မှုပြုနေပြီလား၊ သိပင်မသိကြသေးဘူးလား ဆိုတာကတော့ ကျွန်မတို့ မသိနိုင်ခဲ့ပါ။ လေ့လာ မှတ်တမ်းတင်ခြင်း မပြုနိုင်ခင်မှာဘဲ ပျောက်ပျက်သွားခဲ့ရင်တော့ အလွန်ကို နှမြောစရာပါ။

Image Hosted by PicturePush - Photo Sharing

အီမောဘွမ်တောင်ဒေသမှာ နေထိုင်ကြတဲ့ လာချိဒ်၊ လော်ဝေါ်၊ လီဆူ စတဲ့လူမျိုးတွေရဲ့ ရှေးနှစ်ပေါင်းများစွာက ဆင်းသက်လာတဲ့ သမိုင်းကြောင်းများ၊ နေထိုင်စားသောက်မှု ဘဝများ၊ ရုန်းကန်လှုပ်ရှားမှုများ၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံများ ၊ ဘာသာစကား၊  ရိုးရာပွဲတော်များ၊ အမဲလိုက်ခြင်း၊ စိုက်ပျိုးခြင်း အတတ်ပညာများ၊ နွားနောက်စတဲ့ ဒေသတွင်း တိရိစ္ဆာန်များနဲ့ ရှားပါးပန်ဒါနီ၊ တိဘက်နွား စသည်တို့နဲ့၊ ထိုဒေသမှာဖြစ်ပွားခဲ့သော စစ်ပွဲများ၊ အင်္ဂလိပ်ခေတ်မှာ အီမောဘွန်လို မြန်မာပြည်ရဲ့ နယ်နမိတ် အစွန်အဖျား ဝေးလံခေါင်ဖျား တောင်ပေါ်ဒေသအထိ ရောက်အောင် သွားရောက်ခဲ့တဲ့ ဗြိတိသျှစစ်တပ်များ၊ တရုတ်နဲ့ နယ်မြေကိစ္စ အချင်းများရပုံများ ၊ ဒေသခံ တိုင်းရင်းသားများမှ နယ်ချဲ့တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့ပုံများ၊ KIA အဖွဲ့အစည်း စတင်ပေါ်ပေါက်လာပြီး ၄င်းဒေသကိုဖြတ်သန်းကာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားပုံများ၊ အင်အားကောင်းလာပုံများ စသည့် အကြောင်းအရာကိုလည်း ဓာတ်ပုံများ၊ အထောက်အထား အကိုးအကားများနဲ့ ထည့်သွင်းဖော်ပြထားတာဟာ မပျင်းမရိ ဖတ်ချင်စဖွယ် စိတ်ဝင်စားစဖွယ် ဖြစ်ရပါတယ်။ လာချိဒ်လူမျိုးတွေရဲ့ နာမည်ပေးပုံနဲ့ ရှေး ပုဂံခေတ်က ဘုရင်တွေရဲ့ နာမည် နောက်ဆုံးစာလုံးကို အဆင့်အဆင့် ယူဆောင် ထည့်သွင်းသွားကြပုံတို့ရဲ့ ( ဥပမာ- ပျူစောထီး၊ ထီးမင်းယဉ်၊ ယဉ်မင်းပိုက်၊ ပိုက်သေလည်၊ သေလည်ကြောင်၊ ကြောင်ဒူရစ် စသဖြင့်) တူညီ ဆက်စပ်မှုကိုလည်း ဗဟုသုတ ရလိုက်ရပြန်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

နှင်းဖုံးတောင်ကို တစ်စွန်းတစ် လှမ်မြင်ရတဲ့ ဂိတ်စခန်းတစ်နေရာ

နယ်ချင်းဆက်စပ်နေတဲ့ တရုတ်ပြည်နဲ့  ခေတ်အဆက်ဆက် အငြင်းပွားခဲ့ရတဲ့ နယ်နမိတ်သတ်မှတ်ရေး ပြဿနာဟာလည်း အီမောဘွမ်ဒေသလေးကို သက်ရောက်မှု ရှိခဲ့ရပြန်ပါတယ်။  မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် ဦးနုခေတ်မှာ တရုတ်ပြည်နဲ့ နယ်နမိတ် အခိုင်အမာ ခွဲဝေ သတ်မှတ်ကြရာမှာ မြန်မာပြည်ရဲ့ အီမောဘွမ်ဒေသက ကချင်ရွာ သုံးရွာကို တရုတ်ဘက် ပေးလိုက်ရတယ်လို့ ပြောဆိုနေကြတဲ့ အကြောင်းရင်း အမှန်ကိုလည်း ဆရာရဲ့ စာအုပ်ထဲမှာ သေချာ အသေးစိတ် မြေပုံများနဲ့တကွ ရှင်းပြထားတာကြောင့် တော်တန်ရုံ မသိခဲ့တဲ့ ၊ လူအများ ဝေဝေဝါးဝါး သိထားခဲ့တဲ့ အကြောင်းအရာတွေကို သိလိုက်ရပြန်တာဟာ ဒီစာအုပ်ထဲက ရလိုက်တဲ့ တန်ဖိုးရှိ အကြောင်းအရာ တစ်ခု ဖြစ်ခဲ့ရပါသေးတယ်။  ရှေးကဖြစ်ပွားခဲ့တဲ့ ဒီအကြောင်းအရာတွေကို မသိမမီခဲ့တဲ့ နှောင်းခေတ် ကျွန်မတို့လို လူတွေနဲ့ အခြားသူတွေကို သိစေ၊ ဖတ်စေချင်မိပါတယ်။ မြန်မာ့ရေမြေ၊ မြန်မာ့သမိုင်းကြောင်းနဲ့တကွ အီမောဘွမ်ဆိုတဲ့ ဒေသဟာ ဝေးလံခေါင်ဖျား လူသူ အရောက်အပေါက်နည်းတဲ့ နေရာဖြစ်ပေမဲ့ ကျွန်မတို့ရဲ့ သွေးချင်း မြန်မာပြည် သားတွေ နေထိုင်တဲ့ နေရာ ဖြစ်တာကြောင့် သိထားသင့်တဲ့ အကြောင်းအရာတွေ ဆိုရင်လည်း မမှားပါဘူး။ ဒါကတော့ စာအုပ်ရဲ့ ပထမပိုင်းမှာ ပါဝင်တဲ့ အကြောင်းအရာများ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

အပိုင်း (၂)မှာတော့ ဆရာက ဂျပန်နိုင်ငံသူ သူငယ်ချင်းတစ်ယောက်ရဲ့ အီမောဘွမ်တောင်ကို ဘယ်လိုလာရမလဲ ဆိုတဲ့ မေးတဲ့အီးမေလ်းကို ပြန်ဖြေတဲ့သဘောမျိုး၊ အသေးစိတ် အကြောင်းပြန်တဲ့ လမ်းညွှန်စာ သဘောမျိုးနဲ့ ရန်ကုန်ကနေ မြစ်ကြီးနား မြစ်ကြီးနားကနေမှတစ်ဆင့် အီမောဘွမ်တောင်ကို ဘယ်လိုလာရမယ်၊ လမ်းမှာ ဘာတွေ တွေ့ကြုံရမယ်၊ ဘာတွေရှိတယ်၊ အဲဒီဒေသခံတွေဟာ ဘယ်လိုရုန်းကန် လှုပ်ရှား သွားလာကြတယ်၊ ဘယ်လိုနေထိုင်အသက်မွေးကြတယ် ဆိုတာတွေကို ဒေသခံလူတွေရဲ့ ခံစားမှု တစ်စိတ်တစ်ပိုင်း ရောစွက်လို့ ရေးသားထားပုံကလည်း ကောင်းမွန်တဲ့ ဆရာ့ရဲ့ အရေးအသား ၊ စိတ်ဝင်စားဖွယ် အချက်များရဲ့ ဆွဲခေါ်မှုကြောင့် ကိုယ်တိုင်ကိုယ်ကျ ဒီခရီး ဒီလမ်းကို သွားလိုက်ရသလို ခံစားရစေပါတယ်။ 
 
ဆရာငြိမ်းအေးအိမ်ဟာ ဒီစာအုပ်ကို ရေးသားရာမှာ သေချာအချိန်ယူပြီး လေ့လာဆည်းပူးခဲ့တဲ့ အချက်အလက်များစွာ ၊ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ အတွေ့အကြုံများစွာ၊ ဆရာကိုယ်တိုင် ရိုက်ယူခဲ့တဲ့ ဓာတ်ပုံများစွာတို့နဲ့အတူ သမိုင်း အထောက်အထား၊ စာရွက်စာတမ်းများစွာတို့ကို ကိုးကားပြီး ရေးသားထားတယ်ဆိုတာ စာအုပ်ကို ဖတ်ကြည့်ရင် သိသာထင်ရှားလှပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတာနဲ့ မကြာခဏ ပြန်ဖတ်ဖြစ်မဲ့ စာအုပ်၊ အခြားသူတွေကိုလည်း ဖတ်စေချင်တဲ့ စာအုပ်၊ ကိုယ့်ရဲ့စာအုပ်စင်လေးထဲမှာ သိမ်းဆည်းထားရမဲ့ စာအုပ်လို့ ကျွန်မအနေနဲ့ ခံစားမိပါတယ်။ ညှို့ငင်တောင် စာအုပ်အကြောင်း ဒီထက် ဆက်ရေးမယ်ဆိုရင် မူရင်းရသ ပျက်သွားမှာလည်း စိုးတာရယ်၊ စာအုပ်ဖတ်မဲ့သူတွေ အရှိန်ပျက်သွားမှာရယ် စိုးတာကြောင့် ဒီလောက်နဲ့ ရပ်ပါမယ်။ ကျွန်မ တတ်အားသလောက် ရေးထားတဲ့ ဒီစာအုပ်အညွှန်းလေးဟာ ဆရာ့စာအုပ်ထဲမှာပါဝင်တဲ့ အကြောင်းအရာတွေရဲ့ တန်ဖိုးနဲ့ စိတ်ဝင်စားဖွယ်ရာတွေကို ကုန်စင်အောင် ညွှန်မပြနိုင်ပေမဲ့ တစ်စိတ် တစ်ပိုင်းကိုတော့ အနည်းငယ်မျှလောက်ဖြစ်ဖြစ် ပေါ်လွင်စေလိမ့်မယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။ စာအုပ်လေးကို ဖတ်ပြီးပေမဲ့ စာအုပ်ထဲက အကြောင်းအရာတွေက ကျွန်မရဲ့ အတွေးမျှင်တန်းကြီးက မပြတ်အောင် ဆွဲဆန့်ထားနိုင်ခဲ့ပါတယ်။ စာအုပ်ထဲက အကြောင်းတွေပေါ်မှာ တွေးစရာတွေ အများကြီး ကျန်ခဲ့ ရခဲ့ပါတယ်။  ဒီမြေဒီရေ ဒီတောင်တန်းပေါ်က ရှားပါးအကြောင်းအရာ၊ မသိသေးတဲ့ အကြောင်းအရာ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ရေးသားခဲ့သူ ဆရာငြိမ်းအေးအိမ်ကိုလည်း ကျေးဇူးအထူး တင်ပါကြောင်း ချစ်ခင်စွာ ပြောကြားရင်း  စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့ ပြည့်နှက်နေတဲ့ အီမောဘွမ်တောင်ခြေရဲ့ ရင်ခွင်ကို ခိုဝင်ရင်း တောင်ဇလပ်ပန်းတွေ ထင်းရှူးရနံ့တွေကို ရှူရှိုက်ဖို့၊ ဧရာဝတီမြစ်ကြီးထဲ စီးဝင်တဲ့ မေခမြစ်ရေ၊ မေခမြစ်ထဲ စီးဝင်တဲ့ ငေါ့ချမ်းခမြစ်ရေတွေကို သောက်သုံးဖို့ ၊ လော်ဝေါ်၊ လာချိဒ် တိုင်းရင်းသားတို့နဲ့ ထမင်းလက်ဆုံ စားနိုင်ဖို့ တစ်နေ့နေ့မှာတော့ ကျွန်မသည် အရောက်သွားနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

လေးစားချစ်ခင်စွာ

  

ခြံစည်းရိုးလေး လုံပါစေ

Photo Source - cjbnc@flickr.com


နယ်မှာရှိတဲ့ ကျွန်မတို့အိမ်ဟာ ရေချောင်းလေးတစ်ခုရဲ့ဘေးမှာ ရှိပါတယ်။ ကျွန်မတို့အိမ်မှာ ရှေ့မျက်နှာစာ ပေ ၇၀လောက်ရှိပြီး အနောက်ဖက်မှာတော့ ချောင်းရိုးစပ်အထိ ပေ ၁၅၀ခန့် ကျယ်ဝန်းတဲ့ ရှည်မျောမျော ခြံဝင်း ရှိပါတယ်။ ဘေးနှစ်ဖက်မှာတော့ အိမ်နီးချင်းတွေရဲ့ အိမ်တွေ တည်ရှိနေပါတယ်။ ကျွန်မ အခု ပြောချင်တာက ကျွန်မတို့အိမ်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အိမ်နီးချင်းအကြောင်းပါ။ ကျွန်မ ၅တန်းအရွယ်လောက်မှာ ကျွန်မတို့ ဘေးခြံကို တစ်ခြား တစ်မြို့တစ်ရွာကလူတွေ ဝယ်ယူလိုက်ကြပြီး ပြောင်းရွေ့နေထိုင်ဖို့ ရောက်လာကြပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးချင်း အဟောင်းတွေကတော့ ရွာအစွန်က ခြံကို ပြောင်းရွေ့သွားကြပါတယ်။ အိမ်နီးခြင်း အသစ်တွေဟာ စီးပွားရေး ချောင်လည်ပုံရပါတယ်။ သို့ပေမဲ့လည်း ကျွန်မတို့ ရွာသူ ရွာသားတွေလို  ပျူပျူငှာငှာ ဖော်ဖော်ရွေရွေ မရှိကြပါဘူး။ မျက်နှာထား ခပ်တင်းတင်းနဲ့ နေတတ်ကြပါတယ်။

သူတို့မိသားစုထဲမှာ ဆေးသမားတစ်ယောက် ပါလာပါတယ်။ အဲဒီ ဆေးသမားဟာ ဆေးချစရာ ပိုက်ဆံမရှိရင်၊ အိမ်ကလူတွေ ပိုက်ဆံမပေးရင် တွေ့ကရာပစ္စည်းတွေ ရောင်းချပြီး ဆေးချတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေကနေ အဖိုးမတန်ပစ္စည်းတွေက အထိ ခိုးယူပြီး ဆေးချတတ်သူပါ။ သူတို့အိမ်က ပစ္စည်းတွေဟာလည်း အဲဒီဆေးသမား ခိုးပြီးရောင်းတာ မနည်းမနော ရှိနေပုံရပါတယ်။ အိမ်ခြင်းက နီးနေတော့ တစ်ဖက် ဆူသံပူသံတွေကို အတိုင်းသား ကြားနေရတဲ့အတွက် ပစ္စည်းပျောက်တာတွေ၊ ဆေးသမားကို အော်ဟစ်နေတာတွေ တွေ့နေမြင်နေ ရတာကြောင့်လည်း သိနေရတာပါ။ ဆေးသမားဆိုတာကလည်း ဆေးချဖို့အတွက် အိမ်ကပိုက်ဆံမပေးရင် ရတဲ့ပစ္စည်းကို ခိုးယူ တတ်ကြသူတွေပါ။

ကျွန်မတို့ နယ်ဘက်တွေက ရွာတွေရဲ့ ထုံးစံ ခြံစည်းရိုးကို အခိုင်အခံ့ ကာရံတယ်ဆိုတာ မရှိသလောက် ပါဘဲ။ ဝါးခြမ်းနဲ့ သော်လည်းကောင်း သစ်သားအပိုများနဲ့သော်လည်း တစ်အိမ်နဲ့တစ်အိမ် ခြံစည်းရိုး ကာရံလေ့ရှိပါတယ်။ ပြီးတော့လည်း တောရွာဆိုလေတော့ အိမ်တွေကလည်း ဂရံတွေဘာတွေ ရှိတာမျိုး၊ ခြံဝင်းရဲ့ အတိုင်းအတာကလည်း အတိအကျ တိုင်းတာထားကြတာမျိုး မရှိကြပါဘူး။ အဲဒီလိုပါဘဲ ကျွန်မတို့အိမ်နဲ့ ဘေးအိမ်ဟာ ခြံစည်းရိုးကို ဝါးနဲ့ကာတဲ့အခါ ကာ၊ သစ်သားနဲ့ကာတဲ့အခါ ကာပါတယ်။ ဝါးခြံစည်းရိုး ဆိုတာကတော့ အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက်သာ ခံသာမို့ မကြာခဏ အသစ်ပြန်ပြန် ကာရပါတယ်။  သစ်သားခြံစည်းရိုးကတော့ အနည်းဆုံး ၄နှစ်လောက်တော့ ခံပါတယ်။ ကျွန်မတိုရဲ့အရင် အိမ်နီးချင်း အဟောင်းတွေနဲ့ တုန်းကတော့ ခြံစည်းရိုး ပြဿနာ လုံးဝ မရှိဘဲ သူ့ဘက်က ကာလိုက်၊ ကိုယ့်ဘက်က ကာလိုက်နဲ့ အဆင်ပြေတဲ့သူက ကာလိုက်ကြတာပါဘဲ။ ဘယ်သူကာကာ ထူးထူးခြားခြား ဘာမှ ပြောတာဆိုတာမျိုး မရှိတတ်ကြပါဘူး။ အိမ်ရှင် အသစ်တွေဟာ ဘေးအိမ်ကို ရောက်လာပြီး သိပ်မကြာခင်မှာ ကျွန်မတို့ခြံစည်းရိုးနဲ့ ကပ်လျှက်မှာ ဝါးပင်ငယ်လေးတွေ စိုက်ပျိုးတာကို တွေ့ရပါတယ်။ အပင်ပေါက် ခပ်ငယ်ငယ်မို့ စိမ်းစိမ်းစိုစိုရှိပြီး ဝါးရွက်လေးတွေဟာ သေးသေးချွန်ချွန်နဲ့ ချစ်ဖို့လည်း ကောင်းပါတယ်။

ကျွန်မတို့အိမ်နဲ့ အဲဒီဘေးအိမ် တို့ကြားမှာ ခြံစည်းရိုး အသစ်မလဲတာ ကြာတဲ့အခါ စည်းရိုးနဲ့ အကာ အရံတွေက ရာသီဥတုဒဏ်တွေ၊ ခြစားတဲ့ဒဏ်တွေကြောင့် ဆွေးမြေ့ပြီး ခွေးတိုးပေါက်တွေဖြစ်နေတာ၊ ပြိုကျတာတွေ ဖြစ်တာမျိုး ရှိတတ်ပါတယ်။ အဲဒီလို အပေါက်အပြဲတွေ ဖြစ်နေရင်တော အိမ်မှာ စိုက်ထားတဲ့ ငှက်ပျောခိုင်ဆိုတာ ရင့်လာကာစ ရှိသေးတယ်။ အခိုင်လိုက် ခုတ်ယူသွားတာမျိုး၊ လိုချင်တဲ့ အဖီးအကြီးကြီးတွေကိုသာ ရွေးပြီး ခုတ်သွားတာမျိုးတွေ မကြာခဏ ဖြစ်လာတတ်ပါတယ်။ ခြံထဲမှာ အဝတ်တွေ လှန်းထားလို့ သတိ မထားမိလိုက်ရင် လှန်းထားတဲ့ အဝတ်တွေ ပျောက်သွားတာမျိုး မကြာခဏ ဖြစ်ပါတယ်။ တစ်ခါသား ဆိုင်ကယ် အစီးလိုက် ခြံထဲကနေ ပျောက်သွားခဲ့ပါသေးတယ်။ အခြားသော ပစ္စည်းတွေ ပျောက်တယ် ဆိုတာလည်း ရေတွက်မကုန်အောင်ပါဘဲ။ သို့ပေမဲ့ ဘယ်သူခုတ်တယ်ဆိုတာ လက်သည် မပေါ်ပါဘူး။ ကျွန်မတို့အနေနဲ့ကလည်း ဘယ်သူက ခိုးလို့ ခိုးမှန်း အတိအကျ မပြောနိုင်ပါဘူး။

ထင်စရာရှိတာက ဘေးအိမ်က ဆေးသမားလက်ချက်လို့ဘဲ ထင်စရာရှိတာပါဘဲ။ သို့ပေမဲ့လည်း အဲဒီတစ်ယောက်ရယ်လို့ ကျွန်မတို့အနေနဲ့ အတိအကျ ယိုးစွတ်လို့ မရပါဘူး။ အိမ်က တစ်ယောက်ယောက်ကများ အဲဒီဆေးသမား ခိုးတာဘဲဖြစ်မှာပါလို့ မိသားစုထဲ  ပြောမိရင်တောင် လက်ပူးလက်ကြပ် မမိတာရယ်၊ ကိုယ့်ခြံကကို မလုံခြုံတဲ့ အားနည်းချက် ရှိတာကြောင့်ရယ်ကြောင့် သူတစ်ပါးကို အရမ်းမစွတ်စွဲပါနဲ့လို့ ကျွန်မတို့ မိဘတွေက ဆုံးမလေ့ရှိပါတယ်။ “ကိုယ့်ခြံကမှ မလုံတာ သူခိုးက ဝင်တော့မှာပေါ့။ ဒီတော့ သူခိုးမဝင်စေချင်ရင် ခြံကို လုံအောင် ကာဖို့ဘဲ ရှိတယ်” လို့ ဖေဖေက ပြောပါတယ်။

အဲဒီလိုနဲ့ ပေါက်ပြဲနေတဲ့ ခြံစည်းရိုးကို ဖြိုချပြီး ကိုယ့်ခြံလုံခြုံအောင် အသစ်ကာဖို့အတွက် သစ်ဝါးတွေ စတင် စုဆောင်း ပြင်ဆင်ကြပါတယ်။ အဲဒီအချိန်မှာ တစ်ဖက်ခြံက လူတွေက ဖေဖေကို လာတွေ့ပြီး ဦးလေးတို့ အေးအေးဆေးဆေးသာ နေပါ။ ခြံကို သူတို့ကာပါ့မယ်လို့ လာပြောကြပါတယ်။ အဲဒီလိုလာပြောတော့ သူတို့ကာတော့လဲ ကိုယ့်ဘက်က အကုန်အကျ သက်သာတာပေါ့ကွာ ဆိုပြီး ဖေဖေတို့က လက်ခံလိုက်ပါတယ်။ အဲဒီလိုနဲ့ တစ်ဖက်ခြံက လူတွေဟာ ခြံစည်းရိုး ပျက်စီးဟောင်းနွမ်းတိုင်း တစ်နှစ်တစ်ခါ (သို့မဟုတ်) ၂နှစ်တစ်ခါ သူတို့ဘက်က တာဝန်ယူပြီး ကာရံပေးပါတယ်။ အဲဒီလို စစချင်းနှစ်တွေမှာတော့ ကျွန်မတို့ဘက်ကလည်း ဘာမှ သတိမထားမိဘဲ သူတို့ခြံကာတာကို အမှတ်မဲ့နေလိုက်မိပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ် ကြာတော့မှ ခြံစည်းရိုးဟာ တစ်နှစ်ထက် တစ်နှစ် ကျွန်မတို့အိမ်နဲ့ မသိမသာ နီးနီးလာတာကို သိလာတော့ တစ်ဖက်ခြံရှင်တွေဟာ စေတနာ ကောင်းလွန်းလို့ခြံကာတာ မဟုတ်ဘဲ ရည်ရွယ်ချက်နဲ့ ခြံကာတာမှန်း သိလာရပါတော့တယ်။

ကျွန်မတို့မောင်နှမတွေဟာ ကျောင်းတက်လိုက်၊ စာကျက်လိုက်နဲ့ ဆော့ကစားလိုက်နဲ့ အချိန်တွေကုန်ရင်း တဖြေးဖြေး လူလားမြောက် ကြီးပြင်းလာသလို အဲဒီဝါးပင်တွေဟာ တဖြေးဖြေးနဲ့ အရွယ်ရောက် ကြီးပြင်းလာပါတယ်။ မောင်နှမတွေမှာ ကိုယ်ပိုင်အလုပ်တွေ၊ စီးပွားတွေနဲ့ ဖြစ်လာသလို တစ်ဖက်ခြံက ဝါးပင်ငယ်တွေကနေ ဝါးရုံကြီး ကြီးကြီးမားမား အုပ်အုပ်ဆိုင်းဆိုင်း ဖြစ်လာပါတယ်။ သို့ပေမဲ့ အဲဒီဝါးပင်တွေဟာ ဝါးအကြီးမျိုးလည်း မဟုတ်ပါဘူး။ ထီးရိုးဝါးလို ခပ်သေးသေး အရွယ်ငယ်ငယ် ဝါးပင်တွေပါ။ ဒါပေမဲ့ ဝါးရုံကြီးဟာ ကြာလေ ကြီးလေ၊ ကြာလေ ပွားလာလေ ဖြစ်လာပါတယ်။ ကျွန်မတို့လည်း အသက်ရလာလို့ ငယ်စဉ်ကထက် အသိဥာဏ် ကြီးရင့်လာသလို အဲဒီလို ဝါးပင်တွေ ကြီးရင့်ရှည်လျားပြီး ပွားချင်တိုင်း ပွားလာတော့မှ ခြံစည်းရိုးနားမှာ ဝါးပင်တွေ စိုက်ထားတဲ့ အိမ်နီးချင်းရဲ့ ရည်ရွယ်ချက်ကို အကောင်လိုက် မြင်ရပါတော့တယ်။

သူတို့ဟာ ခြံစည်းရိုးကို ဘယ်တော့မှ ကျွန်မတို့ဘက်က အကာမခံပါဘူး။ ခြံစည်းရိုး ဟောင်းပြီဆိုတာနဲ့ သူတို့ဘက်က ကာပါတယ်။ ကာတိုင်းလည်း ခြံစည်းရိုးနေရာဟာ မသိမသာ ကျွန်မတို့ဘက်ကို တိုးလာတာပါ။ နောက်တစ်ခုက သူတို့စိုက်ထားတဲ့ ဝါးရုံပင်ပါ။ အဲဒီဝါးရုံပင်တွေဟာ ကြီးထွား များပြား လာတဲ့အခါ တဖြေးဖြေး ကျွန်မတို့ ခြံဘက်ထဲကိုပါ အပင်တွေက ပွားလာတာပါ။ အဲဒီလို ပွားလာတဲ့ ဝါးရုံကြီးဟာ သူတို့ စိုက်ထားတာ ဖြစ်တယ်ဆိုကာ ခြံစည်းရိုးကာတဲ့အခါ ဝါးရုံကြီးတစ်ခုလုံး သူတို့ခြံဘက် ပါအောင် ကာပါတယ်။ အဲဒီလို ကာတဲ့အခါမှာ ကျွန်မတို့ခြံထဲ ပေါက်နေတဲ့ ဝါးပင်တွေကိုပါအောင် သူတို့ရဲ့ ခြံစည်းရိုးကို ချဲ့ကာတဲ့အတွက် ကျွန်မတို့ ခြံဘက်က မြေတွေပါ ပါကုန်တာပါဘဲ။ သူတို့ရဲ့ လွန်လွန်းလာတဲ့ လုပ်ရပ်တွေကို ကျွန်မတို့လို လူငယ်တွေက ဘယ်လိုမှ သည်းခံနိုင်ခြင်း မရှိတော့ပါဘူး။ အိမ်ရဲ့ အုပ်ထိန်းသူဖြစ်တဲ့ ဖေဖေနဲ့ မေမေ့ကို တစ်ဖက်ခြံကလူတွေကို တစ်ခုခု ပြောဖို့ ဝိုင်းပြောကြတဲ့အခါ တရားသမားတွေဖြစ်တဲ့ ဖေဖေနဲ့ မေမေက “ မြေကြီးဆိုတာ သေရင်ကိုယ့်နောက်မှာ ပါမှာမှ မဟုတ်တာ။ သူတို့ မဟုတ်တာလုပ်ရင် သူတို့ခံရမှာပါ။ ဘာမှ ပြောဖို့ မလိုပါဘူး. ” လို့ ပြောတတ်ပါတယ်။

ကျွန်မတို့ မိဘတွေဟာ အနေအေးပြီး ပူလောင်ဒေါသတွေ အတော်နည်းကြသူတွေ ဖြစ်ပါတယ်။ ကျွန်မတို့ မောင်နှမတွေက တစ်ဖက်ခြံရဲ့ လုပ်ရပ်ကို စိတ်ဆိုးဒေါသတွေ ထွက်နေပေမဲ့ ဖေဖေနဲ့ မေမေကတော့ ဘာမှ မဖြစ်သလိုဘဲ နေနိုင်ကြပါတယ်။ ကျွန်မတို့ အိမ်ပေါ်ကနေ လှမ်းကြည့်လိုက်ရင် သူတို့ခြံထဲမှာ ထင်ထင်ရှားရှား မြင်နေရတဲ့ တိုင်ငုတ်တို တစ်ခု ရှိပါတယ်။ အဲဒီတိုင်ငုတ်တိုဟာ ခြံစည်းရိုးနဲ့ သုံးတောင်လောက် ကွာနေပါတယ်။ တကယ်တမ်းတော့ အဲဒီတိုင်ငုတ်တိုဟာ ကျွန်မတို့ ငယ်ငယ်ကတည်းက မိဘတွေ ကာခဲ့တဲ့  ခြံစည်းရိုး ငုတ်နေရာပါ။ တဖြေးဖြေးနဲ့ တိုးလာတဲ့ တစ်ဖက်က ခြံစည်းရိုးကြောင့် အရင်ခြံစည်းရိုး တိုင်ဟောင်းက သူတို့ခြံထဲ ရောက်နေတာသာ ဖြစ်ပါတယ်။ ဘယ်လောက်တောင် ဥာဏ်များပြီး လိုချင်လောဘကြီးလိုက်တဲ့ လူတွေလည်း ဆိုတာ ဒီခြံစည်းရိုးက သက်သေပြနေခဲ့ပါတယ်။ ကျွန်မတို့လူငယ်တွေက တစ်ဖက်ခြံကို သွားပြောကြရင် သူတို့ဘက်ကနင်ဘဲ ငဆ ပြောလွတ်တတ်ပါတယ်။ 

အနေအေးပြီး တရားကို နှလုံးသွင်းတဲ့ ကျွန်မတို့ မိဘတွေကဘာမှ မပြောပေမဲ့ လူငယ်တွေဖြစ်တဲ့ ကျွန်မတို့ မောင်နှမ တစ်တွေကတော့ သူတို့တွေရဲ့ လုပ်ရပ်ကို သည်းမခံနိုင်လောက်အောင် ဖြစ်ရပါတယ်။ နောက်ဆုံးမှာတော့ ဆက်လက် သည်းခံဖို့ရာ မဖြစ်နိုင်တော့တဲ့ မိသားစုအားလုံး တိုင်ပင်ကြပြီး  ခိုင်ခံ့တဲ့ အုတ်တံတိုင်း ကာလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ခြံစည်းရိုးကို အုတ်တံတိုင်းကာဖို့ ဆုံးဖြတ်ကြတာမှာ တစ်နှစ်တစ်ခါ ခြံစည်းရိုးပြန်ကာရတာမျိုး မဖြစ်တော့အောင် ခိုင်ခိုင်ခံ့ခံ့ ဖြစ်သွားစေချင်တာရယ်၊ ပွားများလာတဲ့ ဝါးပင်တွေကို အကြောင်းပြုပြီး ဖြေးဖြေးချင်း တိုးလာတဲ့ ကျွန်မတို့ပိုင် ခြံမြေကို ကျူးကျော်လာတဲ့ကိစ္စကို ဟန့်တားချင်တာရယ် အတွက်ကြောင့် ဆိုတာ အထူးပြောဖို့လိုမယ် မထင်ပါဘူး။ 

ခြံစည်းရိုး အသစ်ကာတဲ့အခါမှာ အရင်က ရှိခဲ့ဖူးတဲ့ ခြံစည်းရိုး အဟောင်းအကြောင်း၊ ဝါးပင်တွေအကြောင်း ကျွန်မတို့ လုံးဝ မပြောတော့ဘဲ ပါသွားပြီးသား မြေတွေကို ရှိစေတော့ဆိုပြီး ယခုလက်ရှိသူတို့ယူထားတဲ့  အနေအထားအတိုင်း ခိုင်ခန့်တဲ့ အုတ်တံတိုင်းကို ကာရံလိုက်ပါတယ်။ ခြံစည်းရိုးကာဖို့ ပန္နက်ချတဲ့နေ့မှာ တစ်ဖက်အိမ်က လူတွေကို ခေါ်ပြီး သူတို့အရင်က ကာခဲ့တဲ့ ခြံစည်းရိုးအတိုင်း အုတ်ပန္နက်ချမဲ့ အကြောင်းကို ခေါ်ပြပါတယ်။ မြေကြီးလည်း သူတို့ဘက် ပါထားတဲ့အတိုင်း ကာမယ်ဆိုတဲ့အတွက် တစ်ဖက် အိမ်ရှင်တွေက မကျေနပ်ကြောင်း ဘာမှ မပြောသာပါဘူး။ သို့ပေမဲ့ အုတ်တံတိုင်း ခတ်မယ်ဆိုတာ ကိုတော့ သိပ်သဘောကျပုံ မရပါဘူး။ သို့ပေမဲ့လည်း အဲဒီလို ခြံစည်းရိုးကောင်းကောင်းမှ မကာရင် တဖြေးဖြေးနဲ့ မြေခိုးလာတဲ့ သူတို့ကို ဟန့်တားဖို့ ဆိုတာ သိပ်မလွယ်လှပါဘူး။ ဒါကြောင့် ငွေအကုန်ခံပြီး အုတ်တံတိုင်း ကာလိုက်ရခြင်း ဖြစ်ပါတယ်။


သေချာ ခိုင်မာတဲ့ ခြံစည်းရိုး ကာလိုက်ပြီးတော့မှဘဲ ကျွန်မတို့ခြံမြေကို တစ်တိတိ ဖဲ့ယူနေတဲ့ အိမ်နီးချင်းဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ အုတ်တံတိုင်းကာလိုက်တဲ့အတွက် ခြံစည်းရိုးကို ခြစားမှာလည်း မစိုးရိမ်ရတော့ပါဘူး။ တကယ်တမ်းတော့ ခြဆိုတဲ့အကောင်ကလေးတွေက သေးသေးလေးတွေဖြစ်ပေမဲ့လို့ ခြံစည်းရိုးတစ်ခုလုံးကို ပြိုပျက်သွားနိုင်စေတယ်လေ။ ခြံက လုံလုံခြုံခြုံဖြစ်သွားတဲ့အတွက် အိမ်ရဲ့ ပစ္စည်းပျောက်တာတွေ၊ အသီးအနှံတွေ ခိုးခံရတာတွေ လုံးဝကို မရှိတော့ပါဘူး။ အဲဒီတော့မှ ကိုယ့်အိမ်လုံခြုံဖို့၊ ကိုယ့်ခြံထဲက မြေတွေ ပါမသွားဖို့ဆိုတာ ခြံစည်းရိုးဟာ အင်မတန်မှ အရေးကြီးတယ် ဆိုတာ အိမ်နီးချင်းဆိုးဆိုးနဲ့ တွေ့ကြုံရတဲ့ ကျွန်မတို့ ကောင်းကောင်းကြီး သဘောပေါက် သင်ခန်းစာ ရလိုက်ပါတော့တယ်။ ကိုယ့်ခြံစည်းရိုးကို လုံအောင် မကာနိုင်ရင်၊ ကာထားတဲ့ခြံစည်းရိုး ခြစားရင်၊ ခြံစည်းရိုးက မလုံတော့ ကိုယ့်ခြံထဲက ပစ္စည်းပျောက်ရင်တောင် သူတစ်ပါးကို အပြစ်တင်လို့ မရတဲ့ အဖြစ်ကိုလည်း ကြုံခဲ့ရပြီး ဥာဏ်များတဲ့ အိမ်နီးချင်းတွေနဲ့ တွေ့တဲ့အခါ ဒုက္ခရောက် တတ်ကြောင်း နားလည်မိပြီမို့ ခုချိန်မှာတော့ ကျွန်မဟာ ဘယ်ဒေသကိုရောက်ရောက် ဘယ်မှာဘဲ နေနေ အိမ်လုံခြုံဖို့ အတွက် ခြံစည်းရိုးကို လုံခြုံ ခိုင်ခန့်အောင် ကာရံဖို့၊ ခြံစည်းရိုး ခြစားမခံရဖို့ အမြဲတမ်း သတိထား မိပါတော့တယ်။ 

တကယ်လို့များ မိတ်ဆွေတို့လည်း မိမိတို့အိမ်ကို လုံခြုံစေပြီး၊ အိမ်နီးချင်းဆိုးရန်က ကင်းဝေးကာ မိမိရဲ့ မိသားစုဝင်တွေ အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တယ်ဆိုရင်တော့ မိမိတို့ရဲ့ အိမ်ခြံစည်းရိုးလေးတော့ လုံအောင်ကာထားကြပါလို့ အကြံပေးလိုက်ချင်ပါတယ်ရှင်...



 Image Hosted by PicturePush - Photo Sharing

နှစ် ၂၆၀၀ ပြည့် ရွှေတိဂုံစေတီတော်




ရန်ကုန်မြို့ရောက်တုန်း ကုသိုလ်ကောင်းမှုလေးတစ်ခု လုပ်ချင်တာနဲ့ ဒီပိုစ့်ကို တင်ချင်ပါတယ်ရှင်။ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များအတွက် ကြုံတောင့် ကြုံခဲ ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့ နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ကြီးဟာ  ၂လပိုင်း ၂၂ရက်နေ့မှ ၃လပိုင်း ရ၇က်နေ့ထိ  ကျင်းပတော့မှာ ဖြစ်ပါတယ်။ ကျွန်မ ရန်ကုန်ရောက်လာတုန်း ရွှေတိဂုံဘုရားကို တက်ရောက်ဖူးမျှော်စဉ်မှာ သိလိုက်ရဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီး အနှစ် ၂၆၀၀ ပြည့် ပူဇော်ပွဲသဘင်အတွက် ၀မ်းသာအားရဖြင့် ကျွန်မ တတ်အားသ၍ အလှူအတန်းပြုခဲ့ပါတယ်။ အခြားသော နိုင်ငံရပ်ခြားရောက်နေကြတဲ့ ဗုဒ္ဓဘာသာဝင် မိတ်ဆွေများ၊ ရပ်ဝေးမြေက မိတ်ဆွေများ  အတွက် တိုက်တိုက်ဆိုင်ဆိုင် မိမိတို့ အသက်ရှင်စဉ်မှာ တွေ့ကြုံရတဲ့ အနှစ် ၂၆၀၀ ပြည့် ဒီပူဇနိယ ပွဲတော်ကြီးကို ကြုံကြိုက်တုန်းမှာ အလှူအတန်း ပါဝင်လိုကြရင်ဖြင့် မိမိတို့ အိမ်မှတဆင့်လည်းကောင်း၊ မိတ်ဆွေ သူငယ်ချင်းများမှ တဆင့်လည်းကောင်း ပါဝင်လှူတန်း နိုင်အောင် နှိုးဆော်အသိပေးရင်း ဒီပိုစ့်လေး ရေးဖြစ်ပါတယ်ရှင်။ 

Image Hosted by PicturePush - Photo Sharing



ကျွန်မရောက်သွားတဲ့ တစ်လပိုင်း ၂၄ရက်နေ့ညမှာတင် ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်ပြင်တော်ပေါ်မှာ လှလှပပ ဖူးပွင့်နေတဲ့ ပန်းအိုးများကို မြင်တွေ့ခဲ့ရပါတယ်. အဲဒီပန်းအိုးတွေဟာ ရွှေတိဂုံစေတီတော်ကြီး နှစ် ၂၆၀၀ ပြည့်မှာ ပန်းပင်ပေါင်း ၅၄၀၀၀၀ ပြည့်အောင် ပူဇော်မဲ့ ပန်းအိုးများထဲက စေတနာရှင် အချို့ရဲ့ ပန်းအိုးများ ဖြစ်ပါတယ်။ ပန်းအိုးတွေကို မိမိနှစ်သစ်ရာ ပန်းတွေကို အောက်က ဆိုင်းဘုဒ်ပါ နှုန်းထားများနဲ့ လှူဒါန်း ကုသိုလ်ယူနိုင်ပါကြောင်း တွေ့ခဲ့ရပါတယ်။ 

Image Hosted by PicturePush - Photo Sharing


အောက်မှာတော့ မိမိနှစ်သက်ရာ အလှူဒါန အမျိုးအစားကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်ရှင်။ 


Image Hosted by PicturePush - Photo Sharing




Image Hosted by PicturePush - Photo Sharing

အခြားသော လှူတန်းမှုများကိုလည်း မိမိစေတနာ သဒ္ဓါထက်သန်သလို ပါဝင် လှူဒါန်း နှိုင်ကြောင်းလည်း တွေ့ရပါတယ်။ ကျွန်မရောက်သွားတဲ့ ရွှေတိဂုံစေတီရဲ့ ရင်ပြင်ပေါ်မှာ တစ်နှစ်ထက် တစ်နှစ်၊ တစ်ချိန်ထက် တစ်ချိန်၊ နိုင်ငံခြားသားများ ရောက်ရှိမှုဟာ ပိုမို များပြားလှတာကို တွေ့ရပါတယ်။ ဒါဟာ ရှေးနှစ်ပေါင်း များစွာကတည်းက တည်ရှိခဲ့တဲ့ ရွှေတိဂုံစေတီကြီးရဲ့ အံ့မခန်း ကြည်ညိုဖွယ် ကောင်းမှုနဲ့၊ အနုလက်ရာများရဲ့ ဆွဲဆောင်မှုတို့ကြောင့် ဖြစ်ပါတယ်။ ပြီးတော့လည်း ကျွန်မတို့ မြန်မာပြည်ကြီးရဲ့ ဂုဏ်ယူဖွယ် ကိုးကွယ်မှု၊ ယဉ်ကျေးမှု လက်ရာတို့ရဲ့ ပြယုဒ် လည်း ဖြစ်ပါ တယ်နော်။ 

Image Hosted by PicturePush - Photo Sharing

ပြီးတော့လည်း ရွှေတိဂုံဘုရားရဲ့ ဘယ်နေရာ ဘယ်ရှုထောင့်ကနေဖြစ်ဖြစ် ဓာတ်ပုံရိုက်တဲ့အခါ အလွန် သပ္ပါယ် ကြည်ညိုဖို့ ကောင်းလှတာကို တွေ့မြင်ရပါတယ်။ အရံစေတီများနဲ့ စောင်းတန်း၊ ပြသာဒ်များကအစ ရှုမငြီးနိုင်အောင် လှပဆန်းကျယ်လှပါတယ်။ သပ္ပါယ်လွန်းလို့၊ ဖူးမျှော်လို့ မဝနိုင်သလို ဓာတ်ပုံရိုက်လို့လည်း အားမရနိုင် ဖြစ်ရပါတယ်။ အချို့သော နိုင်ငံခြားသားများဟာလည်း ရင်ပြင်ပေါ်နဲ့ တန်ဆောင်းများမှာ ထိုင်ပြီး ရွှေတိဂုံစေတီတော်ကို ရှုထောင့် အစုံစုံကနေ ဖူးမျှော်လေ့လာနေတာကို ကြည်နူးဖွယ် တွေ့မြင်ရပြီး အချို့မှာ ပန်းဆီမီးများပင် ကိုယ်တိုင်ကိုယ်ကျ လှူတန်းနေတာကို တွေ့မြင်ခဲ့ရပါတယ်။ 



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
စတင် ဖူးပွင့်နေပြီဖြစ်တဲ့ ပန်းပင်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

အရံစေတီများ


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ကြည်ညိုဖွယ်ရာ ပုံရိပ်များ


Image Hosted by PicturePush - Photo Sharing

ကန်တော်ကြီးထဲကနေ ရိုက်ထားတဲ့ ရွှေတိဂုံစေတီတော်ရဲ့ ညပုံရိပ်

Image Hosted by PicturePush - Photo Sharing

ကရဝိတ်ကိုပါ မြင်ရအောင် ရိုက်ယူထားတဲ့ မြင်ကွင်း

ကျွန်မ ရိုက်ဖြစ်ခဲ့တဲ့ ရွှေတိဂုံစေတီတော်ကြီးနဲ့ ရင်ပြင်တစ်ဝိုက်က ဓာတ်ပုံအချို့ကို အဝေးက မိတ်ဆွေများ ဖူးမျှော်ကုသိုလ် ယူနိုင်ကြဖို့ ရန်ကုန်မြို့ရဲ့ connection ကို အံတုကာ မျှဝေလိုက်ပါတယ်ရှင်။ ခရီး တစ်ထောက်ဖြစ်တဲ့ ရန်ကုန်မြို့ကို ရောက်တုန်း ဒီပိုစ့်လေး ကြားဖြတ် တင်လိုက်ပါတယ်နော်။ ကျွန်မဟာ လေ့လာရေးခရီးစဉ်ကို ဖြစ်တဲ့  ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့ ကနေ ပြန်ရောက်ပါပြီ။ ချစ်ခင်ရပါသော မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေလို့ ဆုမွန်တောင်း နှုတ်ဆက် လိုက်ရင်း နောက် ၂ရက်လောက်မှာ ပုံမှန်အတိုင်း အင်တာနက် ပြန် သုံးဖြစ်မှာ ဖြစ်ပါတယ် လို့နော်။ 






Image Hosted by PicturePush - Photo Sharing


အညိုရောင် မယ်စကြာဝဠာ

ဒီနှစ် ၂၀၁၁အတွက် ဘရာဇီးနိုင်ငံ Sao Paulo မြို့တွင် ကျင်းပပြီးစီးသွားတဲ့ မယ်စကြာဝဠာ ပြိုင်ပွဲမှာ ကမ္ဘာ့နိုင်ငံအသီးသီးက ပြိုင်ပွဲဝင်သူ ၈၉ဦး ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ပြိုင်ပွဲဝင်တွေထဲမှာ မယ်စကြာဝဠာဆုကို ရရှိပြီး သရဖူ ဆောင်းသွားခဲ့တဲ့သူက အားလုံးသိပြီးဖြစ်တဲ့ အင်ဂိုလာမယ် Miss Leila Lopes ဖြစ်ပါတယ်။ ထူးခြားတာက အင်ဂိုလာနိုင်ငံအတွက် ပထမဦးဆုံး မယ်စကြာဝဠာ ဖြစ်တဲ့အပြင် အသားညိုတဲ့ အာဖရိကတိုက်ကနေ ဆုရတဲ့ ဒုတိယမြောက်မယ် ဖြစ်ပါတယ်။ အသားညိုပေမဲ့ အင်မတန်မှ ချိုသာကြည်လင်တဲ့  ချစ်စရာမျက်နှာလေးနဲ့ အင်ဂိုလာမယ်ဟာ ပရိတ်သတ်အားပေးမှုလည်း များပြားလှပါတယ်။ Body Structure ဒီလောက်မလှ၊ အသားအရေကလည်း ညိုမှောင်နေပေမဲ့ ဘာကြောင့်များ Miss Universe ရသွားတယ်ဆိုတာ ဆန်းစစ်ကြည့်လိုက်တော့ အင်မတန်မှ ချိုမြနေတဲ့ သူ့အပြုံးလေးက ဆွဲဆောင်အား ကောင်းလှတာကို တွေ့လိုက်ရပါတယ်။ ဒိုင်လူကြီးရဲ့ မေးခွန်းကို ဖြေပုံလေးကလည်း ချစ်စရာကောင်းလှတဲ့ ညိုချောလေး Miss Angola ကို ကျွန်မက အညိုရောင် မယ်စကြာဝဠာလို့  ပေးလိုက်ချင်ပါတယ်။
00-Miss-Universe-2011

ဘရာဇီးနိုင်ငံ မယ်စကြာဝဠာပြိုင်ပွဲစင်မြင့် မြင်ကွင်း


Miss Angola Leila Lopes
ချစ်ဖွယ် အပြုံးချိုချိုပိုင်ရှင် အညိုရောင်မယ်


Miss Universe ရရှိသွားတဲ့ Miss Angola

၂၀၁၁ မယ်စကြာဝဠာပြိုင်ပွဲကို တစေ့တစောင်း လေ့လာကြည့်ရမယ်ဆိုရင် ဝင်ရောက်ကြသူ မိန်းမပျိုလေးများဟာ အရပ်မြင့်ကြသူတွေ များပြီးတော့ အမြင့်ဆုံး ၆ ပေရှိတဲ့ Miss Peru (Natalie VértiZ ) အထိ ပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ၅ပေ ၈လက်မ၊  ၅ပေ၉ လက်မ ရှိသူ အများစုဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲဝင်မယ်တွေထဲမှာ Miss Guam ဖြစ်သူ Shayna Afaisen ကတော့ ငါးပေ ငါးလက်မနဲ့ အရပ်အနိမ့်ဆုံးလို့ ဆိုနိုင်ပါတယ်။ ပြိုင်ပွဲစစချင်းမှာ မယ်ကလေးများဟာ မိမိနိုင်ငံကို ကိုယ်စားပြုတဲ့ (National Costume) အမျိုးသားဝတ်စုံများနဲ့ ပြိုင်ပွဲဝင်ကြရတဲ့အခါ သက်ဆိုင်ရာနိုင်ငံများရဲ့ ရိုးရာယဉ်ကျေးမှု၊ အထိမ်းအမှတ်၊ သမိုင်းကြောင်းဆိုင်ရာ၊ သို့မဟုတ် နိုင်ငံ အလံနဲ့ ပတ်သက်တဲ့ ဝတ်စုံများကို ဆန်းသစ်တီထွင်ပြီး ဝတ်ဆင်ပြိုင်ပွဲဝင်ကြတာ တွေ့ရပါတယ်။ ပြိုင်ပွဲဝင်များရဲ့ နိုင်ငံအလိုက် ဝတ်စုံများဟာ အရောင်စုံ၊ အမျိုးစုံလှပြီး စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်။ ပြိုင်ပွဲဝင်များထဲက ကျွန်မတို့ မြန်မာပြည်ရဲ့ အိမ်နီးချင်း အာရှနိုင်ငံများရဲ့ ဝတ်စုံများနဲ့ ထူးခြားသော အခြားနိုင်ငံက အမျိုးသားဝတ်စုံတစ်ချို့ကို ဖော်ပြရမယ်ဆိုရင်..
01-Miss-Panama-2011-Sheldry Saez
အကောင်းဆုံး အမျိုးသားဝတ်စုံဆု ရရှိတဲ့ Miss Panama

03-Miss-Venezuela-2011-Vanessa-Goncalves
Miss Venezuela

04-Miss-Universe-Mexico-2011-Karin-Ontiveros
Miss Mexico

05-Miss-Angola-2011-Leila-Lopes
Miss Angola

06-Miss-Universe-Aruba-2011-Gillain-Berry
Miss Aruba

07-Miss-Peru-2011-Natalie-Vertiz
အရပ်အရှည်ဆုံး ပြိုင်ပွဲဝင် Miss Peru

12-Miss-Costa-Rica-2011-Johanna-Solano
Miss Costa Rica

13-Miss-Trinidad-and-Tobago-2011-Gabrielle-Walcott
Miss Trinidad and Tobago

14-Miss-US-Virgin-Islands-2011-Alexandrya-Evans
Miss U.S Virgin Islands

15-Miss-Guatemala-2011-Alejandra-Barillas-Solis
Miss Guatemala

09-Miss-Ireland-2011-Aoife-Hannon
Miss Ireland

16-Miss-Universe-Bolivia-2011-Olivia-Pinheiro
Miss Bolivia

20-Miss-USA-2011-Alyssa-Campanella
Miss USA

22-Miss-Cayman-Islands-2011-Cristin-Alexander
Miss Cayman Islands

24-Miss-Universe-France-2011-Laury-Thilleman
Miss France

25-Miss-Botswana-2011-Larona-Motlatsi-Kgabo
Miss Botswana

26-Miss-Haiti-2011-Anedie-Azael
Miss Haiti

27-Miss-Universe-Colombia-2011-Catalina-Robayo
Miss Bolivia

30-Miss-British-Virgin-Islands-2011-Sheroma-Hodge
Miss Virgin Islands

32-Miss-Canada-2011-Chelsae-Durocher
Miss Canada

33-Miss-Tanzania-2011-Nelly-Kamwelu
Miss Tanzania

31-Miss-Chile-2011-Vanessa-Ceruti

Miss Chili

54-Miss-Universe-Guyana-2011-Kara-Lord
Miss Guyana

53-Miss-Universe-Nigeria-2011-Sophie-Gemal

Miss Nigeria

52-Miss-Guam-2011-Shayna-Jo-Afaise

အရပ် အမြင့် ၅ပေ ၅လက်မနဲ့ ပြိုင်ပွဲဝင်ထဲမှာ အပုဆုံး Miss Guam

51-Miss-Dominican-Republic-2011-Dalia-Fernandez

Miss Dominican Republic

48-Miss-Universe-Australia-2011-Scherri-Lee-Biggs
Miss Australia

47-Miss-Brazil-2011-Priscila-Machado

Miss Brazil

46-Miss-South-Africa-2011-Bokang-Montjane

Miss South Africa

45-Miss-Nicaragua-2011-Adriana-Dom

Miss Nicaragua

42-Miss-Curacao-2011-Eva-Van-Putten

Miss Curacao

40-Miss-Jamaica-2011-Shakira-Martin

Miss Jamaica

38-Miss-Universe-Ecuador-2011-Claudia-Schiess

Miss Ecuador

35-Miss-Czech-Republic-2011-Jitka-Novackova

Miss Czech Republic

ဆက်လက်ပြီး အာရှနိုင်ငံများရဲ့ အမျိုးသားဝတ်စုံများကို ဖော်ပြရမယ်ဆိုရင်...

08-Miss-Universe-Malaysia-2011-Deborah-Henry

Miss Malaysia