Showing posts with label ၀တ္ထုတိုများ. Show all posts
Showing posts with label ၀တ္ထုတိုများ. Show all posts

ရခဲ့ဖူးတဲ့ ခရစ္စမတ်လက်ဆောင်



မနက်ခင်း အိပ်ရာမှနိုးနိုးချင်း ခေါင်းရင်းမှ ပြူတင်းတံခါးကို ဖွင့်လိုက်စဉ်မှာဘဲ နှင်းငွေ့တွေဖြင့် ဝေ့၀ဲလွင့်မျောကာ နုထွေးစိမ့်အေးနေသည့် လေပြေကလေးက သူမမျက်နှာကို ရုတ်တရက် ဖြန်းပက် ကျီစယ်လိုက်သည်။ မှုန်ဝါးဝါး နှင်းပွင့်လေးတွေကြောင့် ခပ်ဝေးဝေးမှာ အမြဲတမ်း ပြာလွင်လှပစွာ ရှိနေတတ်သော တောင်စဉ်တောင်တန်း အထပ်ထပ်တွေကိုပင် မမြင်နိုင်တော့အောင် ၀န်းကျင်တစ်ခုလုံးက ၀ိုးတ၀ါးလေး ဖြစ်လို့နေသည်။ ကြည့်လေရာ နေရာတိုင်းကို မှုန်ဝါးဝါးလေးသာ မြင်နေရအောင်ဘဲ ဒီဇင်ဘာရဲ့ နှင်းဝတ်လွှာလေးတွေက ၀န်းကျင်တစ်ခုလုံးကို လွှမ်းခြုံလို့ထားခဲ့ပြီ။ အမြဲတမ်း အိပ်ရာထ နောက်ကျတတ်သဖြင့် မနက်ခင်းမှာ နှင်းတွေ ဝေနေပြီ ဆိုတာကို သတိမထားမိခဲ့ဘဲ ထူးထူးခြားခြား စောစီးစွာ နိုးလာသော ဒီမနက်ခင်းလေးမှဘဲ နှင်းတွေကို သူမ မြင်တွေ့လိုက်ရတော့သည်။ တကယ်တမ်းတော့ ဆောင်းဆိုတာ နှင်းတွေရှိမှ ပြီးပြည့်စုံသလို၊ စိမ့်စိမ့်လေး အေးမှလည်း ဆောင်းရဲ့ အရသာက ပီပြင်သည်ဟု သူမတော့ ယူဆမိပါသည်။ သူမက ဖြူလွှလွှ နှင်းပွင့်လေးတွေကို ချစ်သည်လေ။ မြို့တော်ကြီးမှာ ကာလကြာမြင့်စွာ နေခဲ့ရစဉ်က ဒီလို နှင်းလေးတွေ မမြင်ခဲ့ရ၊ အေးစိမ့်သော အရသာကို မခံစားခဲ့ရဘဲ  ဆောင်းဆိုတာကိုပင် မေ့လျော့ နေခဲ့မိလောက်အောင် ဒီဇင်ဘာ မနက်ခင်းတို့က နှင်းတွေ၊ အအေးဓာတ်တွေ ကင်းပလို့နေခဲ့သည်။

ခုချိန်မှာတော့ ချစ်စဖွယ် နှင်းဝတ်မှုန်လေးတွေက သူမ၀န်းကျင်မှာ အကန့်အသတ်မဲ့ ပိတ်ဆို့ယှက်သန်းလို့ နေလေပြီ။ ခရစ္စမတ်ရောက်တော့မည်ဟု နှင်းပွင့်လေးတွေက သူမကို အသိပေး ပြောကြားနေသယောင် ရှိလေသည်။ သူငယ်ချင်းတစ်ယောက် ပေးပို့လာသည့် လှပ ချစ်စရာကောင်းသော စန်တာကလော့ပုံ ခရစ္စမတ် ကဒ်လေးကို စားပွဲပေါ်တွင် မြင်တွေ့လိုက်မိစဉ်တော့ ဒီအချိန် ဒီရာသီမှာ သူမဇာတိ မွေးရပ်မြေကလေးတွင်လည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက် ပြင်ဆင်ပျော်ရွှင် နေကြပေတော့မည်ကို တွေးလိုက်မိပါသည်။ သူမဘ၀တွင် ဖြတ်သန်းခဲ့သော ခရစ္စမတ်များစွာ၊ နှစ်သစ်များစွာတို့ ရှိခဲ့လေသည်။ ရရှိခဲ့ဖူးသော လက်ဆောင်လေးများမှာလည်း များလှပါသည်။ သို့သော်လည်း ထိုလက်ဆောင် များစွာတို့ထဲတွင်မှ သူမကို အမြဲတမ်းအမှတ်ရနေစေကာ မမေ့နိုင်စေလောက်အောင် ဖြစ်မိသော လက်ဆောင်လေး တစ်ခုလည်း ရှိခဲ့ပါသည်။ ထို လက်ဆောင်လေးအကြောင်း ပြန်စဉ်းစားမိချိန်တွင်တော့ ၀န်းကျင်တခို နှင်းမှုန်လေးများ ယှက်ဖြာ ကာဆီးထားသော်လည်း သူမစိတ်အစဉ်ကိုတော့ ဘယ်အရာကမှ ပိတ်ဆို့ ဆီးတားခြင်းမရှိဘဲ အတိတ်လွင်ပြင်ကို တလွင့်လွင့်ဖြင့် ခရီးနှင်လေတော့သည်။

ထိုစဉ်က သူမသည် ၁၀တန်းအောင်မြင်ပြီးနောက် တက္ကသိုလ်မတက်ခင်စပ်ကြား အားလပ်နေသဖြင့် တက္ကသိုလ်တက်ဖို့စောင့်ရင်း သူမ ဇာတိရွာကလေး၏ အလယ်တန်းတွင် ကျောင်းဆရာမ ပြန်လုပ်နေချိန် ဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးက  သူမ စာသင်ကြားဖို့ တာဝန်ပေးသည့်အတန်းက သူငယ်တန်း(ခ) ဖြစ်သည်။ စာသင်ကြားမှု အတွေ့အကြုံလည်းမရှိ၊ ငယ်ရွယ်သေးသော အချိန်လည်းဖြစ်သောကြောင့် ကလေးငယ်များကို စာသင်ရခြင်း၊ ထိန်းသိမ်းရခြင်းသည် သူမအတွက်တော့ ခက်ခဲသော အလုပ်တစ်ခုပင် ဖြစ်လေသည်။ သို့သော် သူငယ်တန်း(က)ကို သင်ကြားသော ဆရာမမှာ သူမတို့ ဒီကျောင်းမှာ တက်ခဲ့စဉ်ကတည်းက သူငယ်တန်းကိုသာ တစိုက်မတ်မတ် သင်ခဲ့သော ၀ါရင့် အတွေ့အကြုံရှိ သူမ၏ ငယ်ဆရာမ တစ်ဦးလည်း ဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီးရော၊ သူမ၏ ငယ်ဆရာမကပါ ကလေးငယ်များအား စာသင်ကြားရေးသာမက၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်ပုံပါ နည်းလမ်းနှင့် အကြံဥာဏ်ပေးပါသည်။ ဒီကျောင်းသည် သူမ ငယ်စဉ်ကတည်းက တက်လာခဲ့သော ကျောင်းဖြစ်ပြီး အလယ်တန်း ရောက်မှသာ မြို့တွင် ကျောင်းသွားတက်ခြင်း ဖြစ်သောကြောင့် ကျောင်းသည် သူမနှင့် မစိမ်းလှသလို ဆရာ၊ဆရာမ တော်တော်များများသည်လည်း သူမကို စာသင်ပေးခဲ့ဖူးသူများ ဖြစ်ကြပါသည်။ ပြီးတော့လည်း ဆရာဆရာမတွေရော ကျောင်းတော်ကြီးကပါ သူမကို နွေးထွေးစွာ ကြိုဆိုကြပါသည်။

သူငယ်တန်း(ခ)ကို စာသင်ရသည်မှာ အစပိုင်းတွင် သူမအတွက် အလွန်ခက်ခဲသည်ဟု ထင်သော်လည်း တဖြေးဖြေး အရှိန်ရလာသောအခါ သူမသည် ကလေးများနှင့်  ပျော်ရွှင်လာသည်။ ကလေးဆိုသည်ကလည်း အလွန်ချစ်စရာ ကောင်းသူများ ဖြစ်သည်လေ။ ကလေးများအား စာသင်သည့်အချိန်သင်၊ ကစားချိန် တန်လျှင် ကစားခိုင်း၊ ပုံပြင်ပြောပြလိုက် သီချင်းသင်လိုက်ဖြင့် သူတို့လေးတွေ ကျောင်းတွင် ပျော်ရွှင်လာအောင်လည်း သူမ ကြိုးစားတတ်လာသည်။ ကလေးများအတွက် သီချင်းများ၊ ပုံပြင်များ ရှာဖွေရသည်မှာလည်း သူမအတွက် အလုပ်တစ်ခု ဖြစ်လို့လာသည်။ ကလေးများကိုလည်း သံယောဇဉ်ရှိလာသလို သူတို့လေးတွေကလည်း သူမအပေါ် ချစ်ခင်ကြသည်။ သူမ ကျောင်းရှေ့အရောက် ကျောင်းဝင်းထဲဝင်လာတာ တွေ့သည်နှင့် ကလေးများက သူမကို အပြေးကလေး လာကြိုတတ်ကြသည်။ ကိုင်လာသော စာအုပ်၊ ခြင်း စသည်တို့ကို ဆီးယူကြသည်။ ဆံပင်ကို နောက်ကျောတွင် စည်းထားတတ်သော၊ ရံဖန်ရံခါ ဆံထုံးလေး ထုံးထားတတ်သော သူမဆံပင်တွင် ပန်ဆင်ရန်အတွက် ကလေးများသည် အဖိုးမတန်သော်လည်း လှပမွှေးပျံ့သော အလေ့ကျ တောပန်းကလေးများ၊ သူတို့ အိမ်တွင် ပွင့်နေတတ်သော ပန်းကလေးများကို ခူးဆွတ်၍ ယူလာပေးတတ်ကြသည်။ သူမကလည်း ပေးလာသမျှ ပန်းတို့ကို ခေါင်းတွင်ပန်ဆင်၍လည်းကောင်း စားပွဲပေါ်တွင် ပန်းအိုးကလေးတစ်ခုဖြင့် ထိုးထားခြင်း သော်လည်းကောင်း ကလေးများ စိတ်ကျေနပ်စေရန် အလေးထားပေးရသည်။ ကလေးများနှင့် သူမ၏ ဖြူစင်သော မေတ္တာသည် အပြန်အလှန် ကူးလူးယှက်နွယ်လျှက် ရှိလေသည်။

သို့သော်.. သူမစာသင်ရသော အတန်းတွင် ကလေးငယ်များ အားလုံးတော့ သူမ၏ စာသင်ကြားမှု အစီအစဉ်၊ ပျော်ရွှင်စရာ အစီအစဉ်တို့တွင် လိုက်ပါ စီးမျှောနေခြင်းမဟုတ်ဘဲ ထူးထူးခြားခြား တစ်ဦးသော ကလေးငယ်မှာ စာသင်ချိန်လျှင် လိုက်ဆိုခြင်းမရှိဘဲ သူတစ်ဦးတည်း ဆော့နေခြင်း၊ ပုံပြောလျှင် (သို့မဟုတ်) သီချင်းဆို၊ ကဗျာရွတ်လျှင်လည်း သူ့ စာအုပ်လေးထဲတွင် ဟိုခြစ်သည်ခြစ် ခြစ်နေခြင်း၊ ခုံပေါ်တွင်အိပ်နေခြင်း၊ တွေဝေငေးမောနေခြင်း စသဖြင့် လုပ်နေတတ်သည်။ ထိုကျောင်းသားလေး အမည်မှာ နော်ဆိုင်းဖြစ်သည်။  အများအားဖြင့် နော်ဆိုင်းသည် ပုံဆွဲ ၀ါသနာပါပုံရပြီး လူရုပ်၊ ငှက်ရုပ်၊ စက်ရုပ် စသည်ဖြင့် သူစိတ်ကူးပေါက်ရာ အရုပ်များ ရေးဆွဲနေတတ်သည်။ အခြားသူများနှင့် ပြောဆို ရယ်မောခြင်းလည်းမရှိ၊ တစ်ယောက်ထီးတည်းဖြင့် အပြုံးအရယ်ကင်းမဲ့စွာ နေလေ့ရှိသည်။ အခြားကလေးများက သူ့ကိုစနောက်လျှင်လည်း ခဲတံဖြင့် ထိုးခြင်း၊ တွေ့ရာဖြင့်ရိုက်နှက်ခြင်း၊ ပေါက်ခြင်း စသည်ဖြင့် တုံ့ပြန်တတ်သည်။ သူ့ကြောင့် အနာတရဖြစ်ရသော ကလေးများလည်း မနည်းတော့ပေ။ သူမက ပြောဆိုဆုံးမသည်ဖြစ်စေ၊ အပြစ်ပေးလျှင်ဖြစ်စေ မထီမဲ့မြင် ပုံစံမျိုးဖြင့် ပြန်လည်းမပြော နားလည်းမထောင် နေလေ့ရှိသလို သူမအားလည်း ရန်လိုသော အကြည့်ဖြင့် ကြည့်နေတတ်ခဲ့သည်။ တခါတရံ ကျောင်းအားလပ်ချိန် ၁၅မိနစ်ဆင်းပြီး ကျောင်းပြန်တက်လျှင် နော်ဆိုင်းမှာ ကျောင်းခန်းထဲတွင် မရှိတော့ဘဲ အိမ်ပြန်သွားတတ်ပြန်သည်။

ထိုသို့ဖြင့် စာသင်၍လည်းမရ၊ သူမစကားလည်း နားမထောင်၊ အခြားကျောင်းသားများနှင့်လည်း အဆင်မပြေ၊ သူနေချင်သလို နေနေတတ်သော နော်ဆိုင်းကို  စာထဲတွင် စိတ်ပါလာဖို့၊ သီချင်းများ၊ ကဗျာများကို အခြားကလေးငယ်များလို ပျော်ပျော်ရွှင်ရွှင် သီဆိုဖို့၊ ကစားတတ်လာဖို့ သူမ နည်းမျိုးစုံဖြင့် ကြိုးစားသော်လည်း နော်ဆိုင်းလေး၏ အခြေအနေမှာ ထူးခြား ပြောင်းလဲလာခြင်း မရှိဘဲ ဂျစ်ကန်ကန်၊ မာကြောကြော သူ့စရိုက်အတိုင်းသာ နေနေတတ်ခဲ့သည်။ သို့ဖြင့် ဘေးခန်းကိုသင်သော သူမ၏ ဆရာမကိုလည်း နော်ဆိုင်းအကြောင်း ပြောပြကာ ကလေးအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို တိုင်ပင် အကြံဥာဏ်တောင်းသောအခါ ဆရာမက သူမအား အကြံတစ်ချို့ ပေးလေသည်။ သို့သော်လည်း ထိုအတိုင်း နော်ဆိုင်းကို ဆွဲဆောင် စည်းရုံးသော်လည်း ထူးမခြားနားသာ။ နော်ဆိုင်းအကြောင်း  အနည်းငယ်သိရသည်မှာ သူသည် အဖေအမေ မရှိဘဲ ဆင်းရဲသော အဒေါ်တစ်ယောက်က ခေါ်ယူကျွေးမွေးကာ ကျောင်းထားပေးခြင်းခံရသော ကလေးတစ်ယောက် ဖြစ်ကြောင်းကို သူမတို့ သိရသည်။ မိသားစု၏ နွေးထွေးသော မေတ္တာကို ခံစားခဲ့ရခြင်းမရှိ၍ နော်ဆိုင်းမှာ ခပ်ပေပေ ခပ်ဆိုးဆိုး ကလေးတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်လေသည်။ နောက်ဆုံးတော့ စိတ်ရှည်ရှည်ဖြင့် ကလေးအား ပြုပြင်သိမ်းသွင်းရန် ဆရာမက သူမအား အကြံပေးပါတော့သည်။

သို့နှင့် စာသင်နှစ် တစ်ဝက် ကျိုးခဲ့ပြီ။ သူမနှင့် ကလေးများမှာလည်း ပျော်ပျော်ရွှင်ရွှင် စာသင်ရင်း သင်ခန်းစာ အသစ်များဖြင့် အချိန်တွေကို ကျော်ဖြတ်ခဲ့ကြပြီ။ ကလေးတိုင်းလည်း စာသင်ရက် ကြာသည်နှင့်အမျှ ဥာဏ်ရည်နှင့် စိတ်ဝင်စားမှုမှာ တိုးတက် ပြောင်းလဲလာသော်လည်း ခုချိန်ထိ ပြောင်းလဲခြင်းမရှိသူက နော်ဆိုင်းတစ်ယောက်သာ။ သီတင်းကျွတ် ကျောင်းပိတ်ရက် ကုန်ဆုံး၍ ကျောင်းပြန်ဖွင့်ချိန်တွင် နော်ဆိုင်းမှာ ကျောင်းသို့ ရောက်မလာသေးပါ။ ကျောင်းဖွင့်သည်မှာ တစ်ပတ်ခန့်ပင်ရှိပြီ။ သို့သော်လည်း နော်ဆိုင်းအတွက် မည်သူကမှ ခွင့်တိုင်ကြားခြင်းမရှိသလို သူမအနေဖြင့် သူ နေမကောင်း၍လား၊ တစ်စုံတစ်ခုကြောင့် ကျောင်းပျက်သည်လား ဆိုတာ မည်သူ့ကို မေးရမှန်းလည်း မသိပေ။ ကျောင်းဝင် စာရင်း စာအုပ်တွင် လိုက်ရှာသောအခါလည်း နော်ဆိုင်း မိဘနံမည် (ကွယ်လွန်) နှင့်  ရွာနံမည်မှလွဲ၍ လိပ်စာအတိအကျ ဖြည့်မထားပေ။ နော်ဆိုင်းနေသော ရွာမှာလည်း သူမတို့ ရွာနှင့် နှစ်မိုင်ခန့် ဝေးလေသည်။ သို့နှင့် နော်ဆိုင်းတို့ရွာမှ ကျောင်းလာတက်သော ကျောင်းသားတစ်ယောက်ကို ရှာဖွေသောအခါ ၅တန်းမှ ကျောင်းသားလေးတစ်ယောက်ကို သွားတွေ့ပြီး ထိုကျောင်းသားကို ခေါ်ယူစုံစမ်းသောအခါမှ နော်ဆိုင်းမှာ ရေနွေးပူ အလောင်းခံရပြီး ခန္ဓာကိုယ် အတော်များများ နေရာတို့တွင် အပူလောင်သွားပြီး ဒဏ်ရာများ ရသွားခဲ့သည်ဟု သိရလေသည်။

သို့နှင့် စနေနေ့ ကျောင်းပိတ်သောရက်တွင် သူမက ကျောင်းမှ သူငယ်ချင်း ဆရာမလေးတစ်ယောက်ကို အဖော်ခေါ်ပြီး နော်ဆိုင်းတို့ ရွာကလေးသို့ လိုက်သွားကြလေသည်။ မုန့်တစ်ချို့နှင့် အသီးတစ်ချို့ကိုလည်း သူမက ၀ယ်ယူခဲ့လေသည်။ နော်ဆိုင်းတို့ အိမ်ကို မေးမြန်းစုံစမ်းပြီး ရောက်သွားသောအခါ အိမ်ကလေးမှာ ခပ်သေးသေး ၀ါးထရံကြဲကြဲဖြင့် ကာရံထားပြီး အကာနှင့် အမိုးတစ်ချို့မှာ ယိုယွင်းပျက်စီးနေခဲ့ကာ မပြေလည်သော အိမ်၏အခြေအနေကို အထင်းသား ပြနေဘိသို့ ရှိလေသည်။ အိမ်ရှေ့တွင် ကလေးငယ်လေးတစ်ယောက်ကို ပိုက်ထားသော အသက်၃၅နှစ်ခန့် အမျိုးသမီးကို တွေ့ရသဖြင့် နော်ဆိုင်းကို လာကြည့်သော ကျောင်းမှ ဆရာမများ ဖြစ်ကြောင်း အကျိုးအကြောင်း ပြောပြသောအခါ ထိုအမျိုးသမီးက သူမသည် နော်ဆိုင်းအဒေါ် ဖြစ်ကြောင်း ပြောပြီး အိမ်ထဲသို့ သူမတို့ကို ခေါ်သွားကာ ဧည့်ခန်းအဖြစ် ခင်းထားသော ၀ါးကွပ်ပျစ်လေးပေါ်တွင် ထိုင်စေသည်။ အိပ်ခန်း တစ်ခန်းတည်း ရှိသော အိမ်ကလေးဖြစ်ပြီး အိမ်အလည် မြေပြင်တွင် မီးဖိုတစ်ခု ရှိနေပြီး ထမင်းဟင်းများမှာလည်း ၄င်း နေရာတွင်သာ ချက်ပြုတ်စားသောက်ဟန် ရှိလေသည်။ ဘေးနားက ကွပ်ပျစ်ပေါ်တွင်တော့ ခန္ဓာကိုယ် အောက်ပိုင်း တစ်ခုလုံးနီးပါး ပတ်တီးများ ဖုံးနေသော နော်ဆိုင်းတစ်ယောက်ကို တွေ့လိုက်ရလေသည်။

နော်ဆိုင်း၏ ဖခင်မှာ မူးယစ်ဆေးဝါးကြောင့် နော်ဆိုင်း မမွေးခင်ကပင် ဆုံးပါးသွားခဲ့ပြီး ထိုအဒေါ်၏ ညီမဖြစ်သူ နော်ဆိုင်းအမေ မှာလည်း နော်ဆိုင်းကို မွေးပြီး မီးတွင်းထဲမှာပင် ဆုံးပါးသွားခဲ့ပြန်သည်။ ကလေး၃ယောက်ရှိသော နော်ဆိုင်းအဒေါ်သည် တူဖြစ်သူ နော်ဆိုင်းအား မိဘတွေ မရှိတော့သဖြင့် ခေါ်ယူ ကျွေးမွေးထားရသော်လည်း စီးပွားရေး ပြေလည်သူတစ်ယောက် မဟုတ်ပေ။ ယောက်ျားဖြစ်သူမှာ ထင်းခုတ်ရောင်းချရပြီး သူမကတော့ မနက်ခင်း ဈေးထဲတွင် ဟင်းသီးဟင်းရွက်များ ရောင်းချခြင်း၊ အိမ်တွင် ၀က်များ မွေးထားခြင်းဖြင့် မိသားစု နေထိုင်စားသောက်ရေးအတွက် ရုန်းကန်နေရသူဖြစ်သည်။ နော်ဆိုင်းမှာ မနက်တိုင်း ကျောင်းမသွားခင် ကလေးထိန်းရပြီး အိမ်သုံးရန်အတွက်လည်း သောက်ရေ၊ သုံးရေကို ရေခပ်ရသေးသည်။ ညနေပြန်လာလျှင်လည်း ၀က်စာအတွက် ပိန်းရွက်များ၊ အခြားအရွက်များ ခူးရခြင်း၊ ရွာထဲရှိ အိမ်များတွင် စွန့်ပစ် ထမင်းကျန် ဟင်းကျန်များ လိုက်လံသိမ်းဆည်းကာ ၀က်စာကျိုရခြင်း တို့ကိုလုပ်ရပြီး ၀က်များကို ကျွေးမွေးရလေသည်။ သို့နှင့် လွန်ခဲ့သည့်အပတ်က နော်ဆိုင်း ၀က်စာကျိုနေစဉ် မီးဖိုပေါ်မှ ၀က်စာအိုး မှောက်ကျကာ ခန္ဓာကိုယ်အောက်ပိုင်း တော်တော်များများ အပူလောင်သွားခဲ့သည်ဟု နော်ဆိုင်းအဒေါ်က နော်ဆိုင်းအကြောင်းနှင့် အဖြစ်အပျက်တို့ကို  ပြောပြလေသည်။

သူ့လို အရွယ်လေးနှင့်မှ မမျှအောင် အလုပ်လုပ်နေရသည်ကို သိလိုက်ရသဖြင့် သူမရင်ထဲတွင် နော်ဆိုင်းအတွက် နာကျင်ဝမ်းနည်းစွာ ခံစားမိလေသည်။ “အပူလောင်တော့ ဆေးခန်းပြသလား” ဟု သူမ မေးတော့ ရွာထဲရှိ ကျန်းမာရေးမှူးထံတွင် ပြကြောင်း သိရပြီး ကျန်းမာရေးမှူးက ဆေးဖိုးမယူဘဲ ဆေးထည့်ပေးသော်လည်း သောက်ရန်အတွက် ဆေးကိုတော့ ၀ယ်ခိုင်းကြောင်း  သူမတို့ကို ပြောပြလေသည်။ သို့သော်လည်း နော်ဆိုင်း၏ အဒေါ်ဖြစ်သူက စားသောက်ဖို့ပင် အနိုင်နိုင်ဖြစ်နေသော သူတို့မိသားစုက နော်ဆိုင်းသောက်ရန် ဆေးဝယ်ဖို့ အတွက် ငွေကုန်ကြေးကျ ခံနိုင်ခြင်း မရှိသဖြင့် သောက်ဆေးတော့ မ၀ယ်ဖြစ်ကြောင်း သိရလေသည်။ ယခုလည်း နော်ဆိုင်းမှာ စောင်ကောင်းကောင်းပင် ခြုံရဟန်မတူ။ စုတ်ပြဲနေသော စောင်ပါးလေး တစ်ထည်သာ ခြုံထားသည်။ ခါတိုင်းတွင် မှုန်ကုတ်ကုတ် နေတတ်သော နော်ဆိုင်းမျက်နှာလေးမှာ ယခုတော့ ဒဏ်ရာကြောင့်လားမသိ.. ညှိုးငယ်လျှက် ရှိနေလေသည်။ ယခုမှ ဆောင်းဝင်စ ဆိုသော်လည်း သူမတို့ တောင်ပေါ်ဆောင်းက အသည်းခိုက်အောင် အေးသည်မို့ ချမ်းနေရှာမှာ အသေအချာပင်။ တဲအလယ်တွင် မီးဖိုရှိသော်လည်း နော်ဆိုင်းအိပ်နေရာ နေရာဆီသို့ အပူရှိန်က ရောက်နိုင်သည်မဟုတ်။

စိတ်မကောင်း ကရုဏာဖြစ်ခြင်းဖြင့် သူမရင်ထဲ ဆို့နင့်စွာ ခံစားရကာ သူမက သူမအင်္ကျီ အိတ်ထောင်လေးကို နှိုက်ကာ ပါလာသမျှငွေကို ရေတွက်ကြည့်သော် ငွေ ၇၀၀၀ ကျော် ရှိသည်ကို တွေ့ရလေသည်။ ထိုစဉ်က ငွေ ၇၀၀၀ သည် မနည်းလှသော ပမာဏဖြစ်ပါသည်။  ၀င်စပြုလာပြီဖြစ်သည့် ဆောင်းအတွက် အနွေးထည်ကောင်းကောင်း တစ်ထည်ဝယ်ဖို့ သူမ စိတ်ကူး ရှိခဲ့သော်လည်း ရှိထားသည့် အနွေးထည်နှင့် သည်ဆောင်းကို ဖြတ်သန်းဖို့ လုံလောက်ပါသည်။ သူမအတွက် အင်္ကျီအသစ်တစ်ထည် မ၀ယ်ရလည်း ဘာမျှဖြစ်မည် မဟုတ်ပါ။ သို့သော် နော်ဆိုင်းတို့ မိသားစုမှာတော့ ဆေးကုရန်မပြောနှင့် စားသောက်ဖို့ပင် အနိုင်နိုင်မို့ ထိုငွေပမာဏသည် တစ်စုံတစ်ခုသော အတိုင်းအတာတော့ အကျိုးဖြစ်လောက်မည် ထင်ပါသည်။ နော်ဆိုင်း အဒေါ် လက်ထဲသို့ ထိုငွေကို ထည့်ပေးလိုက်ပြီး နော်ဆိုင်းအတွက် သောက်ရန်ဆေးနှင့်  လိုအပ်သောပစ္စည်းများ ၀ယ်ဖို့ဟု ပြောကာ ပေးလိုက်လျှင် နော်ဆိုင်း အဒေါ်မှာ အားတုံ့အားနာဖြင့် လက်ခံယူပြီး ကျေးဇူးတင်စကား ပြောရှာပါသည်။ နော်ဆိုင်းကိုလည်း မကြာခင် အနာသက်သာပြီး ကျောင်းပြန်တက်နိုင်မည်ဖြစ်ကြောင်း သူမက ပြောဆို အားပေးသောအခါ ယခင်ကလို ရန်လိုသောအကြည့်မျိုးနှင့် ကြည့်မနေဘဲ အားငယ်စိတ်များ လွှမ်းနေသော အကြည့်တစ်မျိုးဖြင့် သူမကို ကြည့်နေခဲ့သည်။

နော်ဆိုင်းနှင့် သူ့အဒေါ်ကို သူမတို့နှုတ်ဆက်ပြီး ပြန်လာခဲ့စဉ်တွင်  မိဘမေတ္တာကိုလည်း မခံစားရ၊ အရွယ်နှင့်ပင်မမျှအောင် အလုပ်လုပ်ရသော နော်ဆိုင်းအတွက် ဖော်ပြရန်ခက်သော ခံစားမှု တစ်မျိုးဖြင့် သူမစိတ်ထဲတွင် ၀မ်းနည်းလို့ နေမိသည်။ ထို့ကြောင့်လည်း နော်ဆိုင်းသည် ကျောင်းတွင် အများနှင့်မတူ ကြမ်းတမ်းခက်ထန်သော၊ နေချင်သလို နေတတ်သော ကလေးတစ်ယောက် ဖြစ်နေခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ သူ့တွင် ငယ်ငယ်ရွယ်ရွယ်နှင့် ဘ၀၏ ဒဏ်ရာဒဏ်ချက်များ ပြည့်နှက် နေခဲ့သည် မဟုတ်ပါလား။ နောက်တစ်ပတ် ကျောင်းပိတ်ရက်တွင် အိမ်တွင်ရှိသည့် စောင်တစ်ချို့၊ စားစရာသောက်စရာနှင့် သူမမောင်လေး၏ မတော်တော့သော အနွေးထည်များကို ယူဆောင်ကာ နော်ဆိုင်းတို့ ရွာကလေးသို့ ထပ်သွားမိပြန်သည်။ သည်တစ်ကြိမ်တွင် နော်ဆိုင်းက ထူးထူးခြားခြား သူမကို နှုတ်ဆက်စကား ပြောပါသည်။  သူမကိုယ်တိုင် နော်ဆိုင်းကို အစားအသောက်တစ်ချို့ကို ကျွေးမွေးကာ ဆေးပါ တိုက်ခဲ့ပြီး သူ့အတွက် ယူသွားသော အနွေးထည်များကို ပေးသောအခါတွင် မျက်နှာလေးမှာ ၀မ်းသာသော အရိပ်အယောင်များဖြင့် ၀င်းပနေခဲ့သည်။ သို့နှင့် ကျောင်းပိတ်ရက်တိုင်း နော်ဆိုင်းတို့ ရွာကလေးသို့ သူမ သွားလေ့ရှိသလို နော်ဆိုင်းမှာလည်း တစ်လနီးပါးခန့်အကြာတွင် အပူလောင်သည့် အနာ ကျက်လာပြီး သက်သာစ ပြုလာတော့သည်။ သူမအပေါ်တွင်လည်း ရင်းနှီးခင်မင်သည့် အမူအရာများ ရှိလာပြီး စကားလုံး များများ ပြောစ ပြုလာပြီဖြစ်သည်။

အနာသက်သာပြီး ကျောင်းပြန်တက်သောအချိန်တွင် နော်ဆိုင်းအမူအရာမှာ ယခင်နှင့်မတူတော့ဘဲ ပြောင်းလဲသွားခဲ့ပါပြီ။ သူမပြောစကားကိုလည်း နားထောင်လာပြီး အခြား ကလေးငယ်များနှင့်လည်း သင့်သင့်မြတ်မြတ် နေထိုင်တတ်လာသည်။ ပုံဆွဲ ၀ါသနာပါသော နော်ဆိုင်းအတွက် သူမက ရောင်စုံခဲတံတစ်ဘူး ၀ယ်ပေးထားပြီး စာသင်ချိန်မဟုတ်သည့် အခါတွင်မှ ဆွဲရန်ပြောထားသည်။ နော်ဆိုင်းကလည်း သူမပြောစကား နားထောင်ပါသည်။  စာသင်လျှင် ငေးမောခြင်း၊ ပုံဆွဲနေခြင်းမျိုး မလုပ်တော့ဘဲ.. ငြိမ်သက်စွာ နားထောင်ခြင်း လိုက်ဆိုခြင်းတို့ကို ပြုလုပ်တတ်လာသည်။  ထိုသို့ အတန်းထဲတွင် စိတ်ပါဝင်စားစွာ ရှိလာခြင်းသည်  သူမ၏ စေတနာအတွက် နော်ဆိုင်းထံမှ ပြန်ရလိုက်သော တုံ့ပြန်မှုလေးများ ဖြစ်ပါသည်။ သို့နှင့် ခရစ္စမတ်ကျောင်းပိတ်ရက် နီးလာပြီဖြစ်သည်။ ပိတ်ရက် မတိုင်မှီတွင် သူမတို့ ကျောင်းတွင်  ကျောင်းခရစ္စမတ်ပွဲတော်ကို ကျင်းပလေ့ ရှိပါသည်။ သူမတို့ကျောင်းသည် ကျောင်းသူကျောင်းသားများတွင်ရော ဆရာဆရာမများတွင်ပါ  ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာ ရောနှောလျှက်ရှိသော်လည်း ဘာသာတစ်ခုနှင့်တစ်ခု ခွဲခြားခြင်းမရှိဘဲ ၀ါဆိုသင်္ကန်းကပ်ခြင်း၊ ကထိန်သင်္ကန်းကပ်ခြင်း၊ ကျောင်းခရစ္စမတ်ပွဲ ပြုလုပ်ခြင်း စသည့် ရာသီအလိုက် ဘာသာရေးပွဲများကို တစ်ကျောင်းလုံး အနေအထားဖြင့် ပြုလုပ်ကျင်းပလေ့ရှိပါသည်။ ကျောင်းသားတိုင်းလည်း သာတူညီမျှ ခွဲခြားခြင်းမရှိ ပါဝင်ဆင်နွဲကြရပါသည်။ ဤသည်မှာ ကျောင်းကို အုပ်ချုပ်မှုကောင်းသော ဆရာမကြီး၏ စည်းလုံးညီညွှတ်မှုနှင့် အရည်အချင်းရှိမှု၏ ပြယုဒ်တစ်ခု ဖြစ်ပါသည်။ 



နှင်းငွေ့တို့ဖြင့် သိုင်းခြုံရစ်ထွေးထားသော သူမမွေးရပ်မြေ၏ ဒီဇင်ဘာဆောင်းသည် ချမ်းအေးလှသော်လည်း ကျောင်းခရစ္စမတ်ပွဲရက်မို့ ကျောင်းသားကျောင်းသူတိုင်းက အချမ်းဒဏ်ကို မေ့လျော့ကာ ပျော်ရွှင် တက်ကြွနေကြသည်။ ခရစ္စမတ်သစ်ပင်များ အလှဆင်ခြင်း၊ အသံချဲ့စက်များ တတ်ဆင်ခြင်း ၊ ကျောင်းဟောခန်းမတွင် တစ်ကျောင်းလုံးအတွက် ထိုင်ခုံနေရာများ ချထားခြင်း၊ တစ်ကျောင်းလုံး စားသောက်ရန်အတွက် ကြက်သားဆန်ပြုတ် ပြုတ်ခြင်းတို့ကို တာဝန်ခွဲဝေထားသော ဆရာဆရာမများက ဦးဆောင်ပြီး အတန်းကြီး ကျောင်းသားများဖြင့် စုပေါင်းကာ ပျော်ပျော်ပါးပါး ပြင်ဆင်နေကြသည်။ တစ်ကျောင်းလုံးအတွက် ဆန်ပြုတ်အိုးကြီးမှာလည်း အငွေ့တစ်ထောင်းထောင်း အနံ့တသင်းသင်းဖြင့် မွှေးပျံ့၍ နေပေတော့သည်။ ကျောင်းခရစ္စမတ်ပွဲရက်တွင် သူမတို့ကျောင်းမှ ကျောင်းသူကျောင်းသားများအားလုံး မိမိတို့၏ ဆရာဆရာမများကို ခရစ္စမတ် လက်ဆောင်လေးများ ပေးလေ့ရှိသလို အတန်းကြီးကျောင်းသားများက အတန်းသားအချင်းချင်းလည်း ခရစ္စမတ် လက်ဆောင်ပစ္စည်းများကို ပျော်ရွှင်စွာ လှဲလှယ်လေ့ ရှိကြသည်။ ကလေးများပေးသည့် ခရစ္စမတ် လက်ဆောင်လေးများမှာ ပြက္ခဒိန်၊ စာအုပ်၊ ပိုစ့်စကဒ် စသည်မှ အမျိုးမျိုးသော လက်ဆောင်ကလေးများ ပါဝင်ကြသည်။ သူမစားပွဲပေါ်တွင်လည်း ကလေးငယ်များပေးသော ပြက္ခဒိန်လေး၊ ပန်းကလေးများ၊ အရုပ်သေးသေးလေးများ၊ ခရစ္စမတ် ရင်ထိုးကလေးများ စသဖြင့် တန်ဖိုးမကြီးသော်လည်း အမြတ်တနိုး အမှတ်တရပေးသော လက်ဆောင်များဖြစ်၍လည်း လှပ ချစ်စရာကောင်းနေပါသည်။


ခရစ္စမတ်ပွဲ ကျင်းပဖို့ အချိန်နီးပြီဖြစ်၍ ကျောင်းသားများအားလုံး ဟောခန်းမသို့ ၀င်ခါနီး ချိန်တွင် နော်ဆိုင်းက သူမအနီးသို့ ရောက်လာပြီး ခေါက်ထားသော စာရွက်လေးတစ်ရွက်ကို ဆရာမအတွက်ဟု ပြောကာ ပေးလာပါသည်။ သူမက ပြုံးလိုက်ကာ စာရွက်လေးကို ဖွင့်ကြည့် လိုက်ချိန်တွင် ရောင်စုံခဲတံဖြင့် အင်္ကျီကို အဖြူရောင်၊ လုံချည်ကို အစိမ်းခြယ်ထားပြီး ခေါင်း တွင် ပန်းပန်ထားပုံရသည့် ကျောင်းဆရာမပုံမှန်း သိသာစေသော အရုပ်ပုံလေးတစ်ခု ဖြစ်နေလေသည်။ ကလေးငယ်တစ်ယောက်၏ လက်ရာဖြစ်၍ သေသပ် လှပ မနေသော်လည်း ပုံကလေးကို သူမအမြတ်တနိုး ဖြစ်မိပါသည်။ နော်ဆိုင်းက ကြည်စင်သန့်ရှင်းနေသော အပြုံးလေးနှင့်အတူ “ဆရာမပုံ ကျွန်တော်ဆွဲထားတာ” ဟု ပြောလေသည်။ ပြုံးနေသော နော်ဆိုင်းမျက်နှာလေးနှင့် သူဆွဲထားသော အဖြူအစိမ်းဝတ် ရုပ်ပုံလေးကို ကြည့်ကာ မျက်ရည်များပင် ရစ်ဝိုင်းလာမိအောင် သူမရင်ထဲ ကြည်နူးချမ်းမြေ့ခြင်းကို ခံစားလိုက်ရပါသည်။ အမြဲတမ်း မှုန်ကုတ်နေတတ်ခဲ့သော၊ ရန်လိုသောအကြည့်များဖြင့် ကြည့်တတ်ခဲ့သော၊ အခြားသူများနှင့် မည်သည့်အခါမှ ပေါင်းသင်းဆက်ဆံခြင်းမပြုဘဲ တစ်သီးတစ်ခြား နေလေ့ရှိသော နော်ဆိုင်းလေးသည် ယခုချိန်တွင်တော့ ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

သူမဘ၀တွင် ကျော်ဖြတ်ခဲ့ဖူးသော ခရစ္စမတ်များစွာ ရှိခဲ့ပါသည်။ ရခဲ့ဖူးသော ခရစ္စမတ် လက်ဆောင် များမှာလည်း များစွာ ရှိခဲ့ပါသည်။ သို့သော်လည်း နော်ဆိုင်းထံမှ ရခဲ့သော အပြုံးကလေးတစ်ပွင့်နှင့် ခရစ္စမတ်လက်ဆောင်လေး တစ်ခုသည် သူမအတွက်တော့ နှစ်ပေါင်းမည်မျှ ကြာသည်ဖြစ်စေ ဘယ်ခါမှ မေ့မည်မဟုတ်သလို အမြဲတမ်း အမှတ်ရနေမည့် လက်ဆောင်လေးတစ်ခုလည်း ဖြစ်ပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့သော ၁၀တန်းအောင်ပြီးစကာလ ဇာတိဒေသတွင် ကျောင်းဆရာမလုပ်ခဲ့စဉ် ရခဲ့ဖူးသော ခရစ္စမတ် လက်ဆောင်လေး များစွာသို့............

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လွန်ခဲ့တဲ့ ၂-နှစ်က ရေးခဲ့တဲ့ ဝတ္ထုလေးပါ။ ခရစ်စမတ်ကာလအတွက် အသစ်မရေးဖြစ်လို့ အဟောင်းလေးကိုပဲ  မဖတ်ရသေးသူများ အတွက်ရော ဖတ်ပြီးသူများအတွက်ပါ ဖတ်လို့ရအောင် ပြန်တင်ပေးလိုက်ပါတယ်ရှင်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





မလုံတဲ့လိပ်ပြာ

သူမမှာ ရှိသည့် အကျင့်တစ်ခုက ညနေတိုင်း ဒီမြစ်ဆိပ်က ကျောက်တုံးကြီးတွေပေါ်ထိုင်ရင်း မြစ် တစ်ဖက်ကမ်းက ရှုခင်းတွေကို ငေးမောကြည့်ရှုတတ်သလို မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညှင်းရဲ့ ပွေ့ဖက်မှုကိုလည်း ခံယူတာကို သူမက နှစ်သက်လှပါသည်။ မြစ်ပြင်မှာ လှိုင်းကြက်ခွပ် ကလေးတွေ ထနေတာ နေရောင်ရဲ့ ရွှေအဆင်းနဲ့ ထိအတွေ့မှာ ရောင်ပြန်လက်ရင်း တစ်ဖျတ်ဖျတ် တောက်ပနေပုံက ညနေခင်း ဆည်းဆာအောက်မှာ သိပ်ကိုလှပတဲ့ ပန်းချီကားလေးတစ်ချပ်လိုပါဘဲ။ နှစ်သက်ဖွယ် ကောင်းလွန်း လှပါသည်။ ရှုခင်းတွေကြည့်၍ ဝလျှင်တော့ ပါလာသည့် ဖတ်စရာ စာအုပ်တစ်အုပ်ပို ထုတ်ကာ ဖတ်နေတတ်သည်။ စဉ်စားကြည့်ပါ။ ညနေခင်းမှာ လေပြေတစ်လွှင့်လွှင့် တိုက်ခတ်နေချိန်တွင် စာအုပ်လေး ဖတ်နေရတဲ့ အရသာသည် ဘယ်လောက်များ ဇိမ်ကျဖို့ ကောင်းမည် ဆိုတာ။ ယခုလည်း သူမတွင်ပါလာသော စာအုပ်လေးကို ဖတ်နေရာမှ မျက်စိညောင်းလာသဖြင့်မြစ်ပြင် ရှုခင်းတွေဘက် ပြန်ပြီး အကြည့် ရောက်သွားမိသည်။

သည်စဉ်မှာဘဲ သူမ မြင်ကွင်းထဲ ၀င်လာတာက မြစ်တစ်ဘက်ကမ်းကနေ အသက် ၁၂နှစ်အရွယ် ကလေးမလေးတစ်ယောက် မြစ်ရေပြင်ကို ဖြတ်ကူးလာတာဘဲ ဖြစ်သည်။ သည်မြစ်ရေက အချို့နေရာများတွင် လူကူး၍ ရနိုင်လောက်အောင် ယောက်ျား ပေါင်ရင်းနားလောက်ထိ တိမ်သော နေရာ ရှိသည်။ သို့သော် လမ်းကြောင်းတော့ ကျွမ်းကျင်ရမည်။ မဟုတ်လျှင် လူတစ်ရပ်မြုပ်သည့်နေရာသို့ ရောက်သွားတာမျိုး ဖြစ်နိုင်သေးသည်။ ယခု မြစ်ကို ဖြတ်ကူးလာသော ကလေးမလေး ကြည့်ရသည်မှာ သည်မြစ်ကို ကူးနေကျလား မသိ။ သူ့မှာ ဘာအပူအပင်မှ မရှိသလို အေးအေးဆေးဆေး အနေအထားမျိုးနှင့် တစ်ဖြေးဖြေး ကူးလာခြင်းဖြစ်သည်။ သူမစိတ်ထဲတွင်တော့ လူကြီး တစ်ယောက်ယောက် မပါဘဲ ကလေးချည်းဘဲ မဖြတ်စေချင်ပါ။ ထို့ကြောင့် အော်ဟစ်တားမြစ်လိုက်ဖို့ စိတ်ကူး ရလိုက်မိသော်လည်း “သူ.. ကူးနေကျ ဖြစ်မှာပါလေ” ဟု စိတ်ကို ပြန်လျှော့ချလိုက်ကာ သူမတွင် ပါလာသော စာအုပ်ကလေးကို ပြန်ဖတ်နေလိုက်တော့သည်။



သို့သော် သူမစိတ်က မဖြောင့်.. စာထဲ စိတ်မရောက်နိုင်ဘဲ မြစ်ကို ဖြတ်ကူးနေသော ကလေးမလေး အတွက် စိတ်က ပူနေမိသဖြင့် မကြာမကြာ လှမ်းကြည့်နေမိသည်။ တတိယအကြိမ်မြောက် သူမ ကြည့်မိလိုက်စဉ်တွင် ကလေးမလေးမှာ ရေနစ်နေသည်ကို သူမ လှမ်းတွေ့လိုက်ရသည်။ ခေါင်းပင် မပေါ်တော့ဘဲ လက်နှစ်ဖက်သာ ဖော်နိုင်ပြီး မြုပ်ချည်ပေါ်ချည် ဖြစ်နေလေပြီ။ သူမ လက်ထဲက စာအုပ်ကို ပစ်ချလိုက်ပြီး ဘေးဝန်းကျင်ကို အကူအညီ တောင်းနိုင်ဖို့ လှမ်းကြည့်မိသော်လည်း လူရိပ်လူခြေ မမြင်ရဘဲ တိတ်ဆိတ်နေသော ဝန်းကျင်သာ သူမအနီးတစ်ဝိုက် ရှိနေလေသည်။ ရေကူးတတ်သော သူမက ထိုကလေးမလေးဆီ ကူးခတ်သွားဖို့ လွယ်အိတ်နှင့် ဖိနပ်ကို ချွတ်ပစ်လိုက်စဉ် လှေကလေးတစ်စင်းက ရေနစ်နေသော ကလေးမလေးဆီ တစ်ရွေ့ရွေ့ လှော်ခတ်သွားနေသည်ကို တွေ့လိုက်ရသဖြင့် အသာ ကိုယ်ရှိန်သတ်ကာ ကမ်းပေါ်ကနေသာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလိုက်မိသည်။ လှေသမားသည် ရေနစ်နေသူ ကောင်မလေးနှင့် မလှမ်းမကမ်း ရောက်ချိန်တွင် လှေလှော်ခြင်းကို ရပ်လိုက်ကာ လှော်တက်ကို လှမ်းပေးလိုက်လေသည်။

ရေနစ်နေသော ကလေးမလေးမှာ ခေါင်းပင်မပေါ်သဖြင့် သူ့လှော်တက်ကို မြင်ဟန်မတူသလို လှော်တက်ကိုလည်း လှမ်းကိုင်နိုင်သည့် အသိစိတ်လည်း ရှိဟန်မတူ။ သို့သော်လည်း လှေပေါ်က လှေသမားကတော့ ရေထဲဆင်းဖို့ စိတ်မကူးဘဲ လှော်တက်ကိုသာ တွင်တွင် ပေးနေလေသည်။ ကြည့်နေရင်း ဒေါသတွေ တနုံ့နုံ့ထွက်လာရသော သူမသည် “ရေထဲဆင်းဆယ်လိုက်ပါလား” ဟု အော်လိုက်သော်လည်း လှေသမားက မကြားသည်လား၊ မကြားဟန်ပြုနေသည်လားတော့ မပြောတတ် မြုပ်ချည်ပေါ်ချည် ဖြစ်နေသော ကလေးမလေးအား သူ့လှော်တက်ကိုသာ အတွင်သား ကမ်းပေးနေလေတော့သည်။

ကြည့်နေရင်း အခြေအနေ မဟန်တော့တာကို ရိပ်မိလိုက်သော သူမက ရေထဲကို ခုန်ဆင်းလိုက်ပြီး ရေနစ်နေသော ကလေးမလေး ရှိရာကို အားသွန် ကူးခတ်မိတော့သည်။ ကလေးမလေးဆီရောက်ဖို့ အနည်းငယ် အကွာအဝေးသာ လိုတော့ချိန်တွင် ကလေးမလေးမှာ ရေပြင်ပေါ် လုံးလုံးပေါ်မလာတော့ပါ။ ထိုအချိန်အထိ လှေသမားသည် လှေပေါ်မှနေ၍ လှော်တက်ကြီး ကိုင်ရက်သား ကြောင်ပြီး ရပ်ကြည့်နေဆဲဖြစ်သည်။ သူမ သွေးရူးသွေးတန်းဖြင့် ပိုပြီးအားစိုက်ကာ ကူးခတ်ရင်း “ မနှစ်သွားပါနဲ့ဦး ကလေးရယ်… ငါမင်းဆီကို ရောက်အောင်လာနေတယ်.. ငါ့ကို ခဏလောက်တော့ စောင့်ပါဦး။ ငါ မင်းကိုကယ်မှာပါ ” ဟု တတွတ်တွတ် ရေရွတ်နေမိသလို လက်တွေ ခြေထောက်တွေကလည်း သူမဘ၀တွင် အမြန်ဆုံးသော နှုန်းထားနှင့် ကူးခတ် လှုပ်ရှားနေမိတော့သည်။

သို့သော်လည်း ကလေးမလေး ရေနစ်နေသည့်နေရာ ရောက်သည့်အခါတွင်လည်း ကလေးမလေးအား လုံးဝ ရှာမတွေ့တော့ပါ။ ပေါ်မလာတော့သော ကလေးမလေးအား တွေ့လိုတွေ့ငြား အပြန်ပြန် အလှန်လှန် ရေငုတ်ကာ ရှာဖွေနေမိသလို၊ ခပ်လှမ်းကိုများ မျောပါသွားလေမည်လား ဟူ၍လည်း တွေးတောရင်း ထိုနေရာတစ်ဝိုက်တွင် ထက်အောက် စုံခြည်ဆန်ခြည် ရေငုပ်ရင်း ထပ်ခါထပ်ခါ ရှာဖွေနေမိတော့သည်။ ကလေးမလေး ရေနစ်သော နေရာသည် သူမအရပ်နှင့်ဆိုလျှင် ရင်ဘတ်လောက် ရှိသော နေရာ ဖြစ်လေသည်။ ခပ်နောက်နောက် မြစ်ရေကလည်း ကလေးမလေးကို အလွယ်တကူ မတွေ့နိုင်အောင် ဖုံးကွယ်ပေးထားသလို ဖြစ်နေရလေသည်။ ကြည့်ရသည်မှာ ကလေးမလေးသည် ရေကူးရင်း လမ်းကြောင်း လွဲသွားတာ  ဖြစ်နိုင်လေသည်။ အချိန်အတော်လေးကြာတော့ ရေငုပ်ရလွန်း၍ သူမ မျက်စိတွေ နီရဲ ကျိန်းစပ်လာသလို၊ နားတွေလဲ အူကာ နာကျင်ရတော့ချိန်တွင်မှ သူမ ရေငုပ်တာ ရပ်လိုက်တော့ လှေပေါ်တွင် ခုချိန်ထိ အရုပ်တစ်ခုလို ရှိနေသေးသော လှေသမားကို မြင်လိုက်မိချိန်တွင် သူမဒေါသတွေ ပေါက်ကွဲသွားတော့သည်။

“မင်းအသုံးမကျလို့ ဒီကလေးသေရတာ မင်းရဲ့အဝတ်တွေက ဒီကလေးလအသက်ထက် ပိုပြီး တန်ဖိုးလကြီးနေလို့လား အသုံးမကျတဲ့ကောင် သေသင့်တာက မင်း ”ဟု သူမက လှေသမားကို ပက်ပက်လစက်စက် ဒေါသတကြီး ပြောလိုက်မိပါတော့သည်။ သို့သော် လှေသမားကတော့ သူ ရေမကူးတတ်တဲ့လအတွက် ရေထဲဆင်း မဆယ်ရဲတာဖြစ်ကြောင်း သူမကို လေသံ ပျော့ပျော့နဲ့ ပြန်ပြီး ပြောလာပါသည်။ ဒေါသ ထွက်လွန်းနေသော သူမက “ရေမကူးတတ်ရင်လည်း လှေပေါ်ကနေ ကလေးမလေးရဲ့ လက်ကို လှမ်းကိုင်ပြီး ဆွဲတင်လိုက်ရင် ရတာပဲ ဒါမှ မရရင် ရေထဲဆင်းပြီး လက်တစ်ဘက်က လှေ ကို ကိုင် ကျန်လက်တစ်ဘက်က ကလေးမလေးကို အသာတွဲထားပြီး လှေပေါ်ကို ဖြေးဖြေးချင်း တွန်းတင်ပေးလိုက်ရင် ဖြစ်တာဘဲ မဟုတ်လား ရေက ကလေးအတွက် နက်ပေမဲ့ လူကြီးအတွက်တော့ ရင်ဘတ်အထိဘဲရှိတာ။ ရေနစ်ပြီး မသေနိုင်ပါဘူး။ မင်း သတ္တိ မရှိရင် ဘာဖြစ်လို့ ဒီနားထိ လာခဲ့သေးလဲ မင်းလှေကို တွေ့လိုက်လို့ ငါလည်း ရေထဲဆင်းဖို့ နှောင့်နှေးသွားခဲ့ရတာ။ ဒါ မဖြစ်သင့်ဘဲ ဖြစ်သွားရတာ မသေသင့်ဘဲ သေသွားရတာ” သူမသည် အဆက်မပြတ် အရူးတစ်ယောက်လို အော်ဟစ် နေမိပါတော့သည်။

မကြာခင်တွင်တော့ အဖြစ်အပျက်အားလုံးကို တစ်စုံတစ်ယောက်က လှမ်းမြင်သောကြောင့် အခြား သူများအား သွားရောက် ခေါ်ဆောင်ခဲ့ပုံရသည်။ ဆိပ်ကမ်းအနီး တစ်ဝိုက်မှ လူများ ဝိုင်းအုံရောက်ရှိလာကာ ယောက်ျားကြီး တစ်ချို့ ရေထဲ ဆင်း၍ ကလေးမလေးအား ဝိုင်းပြီး ရှာဖွေကြလေတော့သည်။ ထိုအချိန်တွင် လှေသမားမှာ လူတွေ အများကြီးရောက်သဖြင့် သူမ က သူ့အကြောင်းကို လူတွေသိအောင် ပြောမှာ စိုး၍လား၊ သူ့ကိုယ်သူ လိပ်ပြာ မလုံတော့၍လားတော့ မသိပါ။ လှေကလေးကို လှော်ခတ်ကာ ထွက်ခွာသွားပြီ ဖြစ်လေသည်။ နောက်တစ်ကြိမ်လည်း ထိုလှေသမား လုံးဝ ပြန်ပေါ်မလာတော့ပါ။ နောက်ထပ် နာရီဝက်လောက် ကြာတော့မှ ကလေးမလေး ကို သူနှစ်မြုပ်သွားသော နေရာလေးနှင့် မနီးမဝေးမှာဘဲ လူကြီးတစ်ယောက်က သွားတွေ့ပါသည်။ ကလေးမလေးသည် နွံ ထဲတွင် နှစ်မြုပ်သွားခြင်း ဖြစ်သောကြောင့် သူ၏အလောင်းကို နွံတွေကြားထဲမှာ မြုပ်နေတာကို ပြန်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ကလေးမလေးအား ကမ်းပေါ် ခေါ်တင်လာကြကာ အသက်ရှင်လို ရှင်ငြား ရေများ အန်ထွက်အောင် ဝိုင်းဝန်း ပြုစုကြပါသည်။ သို့သော် ကလေးမလေးကတော့ ပြန်လည် နိုးထမလာတော့ပါ။

သူမသည်လည်း ကလေးမလေးကို ပြန်တွေ့ပြီ ဖြစ်တာကြောင့် ကမ်းပေါ်သို့ နှေးကွေး လေးလံစွာ ပြန်လည်ကူးခပ် လာခဲ့သည်။ ကလေးမလေး အလောင်းနားကိုလည်း သွားမကြည့် ဖြစ်တော့ပါ။ ထို မြင်ကွင်းကို ကြည့်ဖို့လည်း သူမ အားမရှိသလို ကြည့်လည်း မကြည့်ချင်ပါ၊ ကြည့်လည်းမကြည့်ရက်ပါ။ မိမိ မျက်စိရှေ့မှာတင် အသက်ဆုံးရှုံးသွားသူ တစ်ဦးကို ကြည့်ဖို့လည်း သူမစိတ်က လုံခြုံမှု မရှိသလို ခံစားနေရသည်။ မျက်စိ ရှေ့မှောက်မှာဘဲ အသက်ရှင်ဖို့ အတွက် အတင်း ကြိုးစားရုန်းကန်ရင်း နှစ်မြုပ် သေဆုံးသွားခဲ့ရသော ကလေးမလေး၏ ပုံရိပ်က သူမ ရင်ကို ဆို့နင့်စွာ နာကျင်ခံစားနေရသည်။

တော်ပါသေးသည်။ ကမ်းစပ်မှာထားခဲ့သော သူမအိတ်နှင့် လွယ်အိတ်ကလေးမှာ ဒီအတိုင်းသာ ရှိနေသေးသည်။ သူမ၏ အိတ်ကို ကောက်လွယ်လိုက်ကာ ဖိနပ်စီးလိုက်ချိန်တွင်တော့ သူမ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေသည့် အသိကို ခံစားလိုက်ရသည်။ သူမ ဖျားနေပြီ။ ရေထဲတွင် ဘယ်လောက် ကြာသွားသည်ကို သူမကိုယ်တိုင် မစဉ်းစားမိသလို အမှတ်လည်း မထားမိနိုင်လောက်အောင် ပူလောင် စိုးရိမ်စိတ်တို့ဖြင့် ပြာယာခတ်နေခဲ့မိသည်။ သို့သော် ကလေးမလေး သေဆုံးရမှုတွင် သူမကိုယ်တိုင် အပြစ်ကင်းပါရဲ့လားဟု ပြန်တွေးမိတော့ ရင်ထဲ နာကျင်မွန်းကြပ် လို့လာသည်။

ရေနစ်နစ်ခြင်းသာ သူမ ကူးခတ်သွားကာ ကယ်လိုက်လျှင် ကလေးမလေး ဒီလို အဖြစ်ဆိုးနှင့် ကြုံမည် မထင်ချေ။ လှေသမားကိုမြင်လိုက်၍ ရပ်ကြည့်နေလိုက်သော သူမတွင်လည်း ကလေးမလေး အသက် ဆုံးရှုံးရမှုအတွက် တာဝန်ရှိသလို ခံစားနေမိပြန်သည်။ တစ်ကိုယ်လုံး တုန်ရီမူးဝေလာသော ကြောင့် သူမကိုယ်သူမ အသာထိန်းလိုက်ရင်း အားတင်းကာ ဆိုင်ကယ်ကို စက်နိုး၍ ဆိပ်ကမ်းမှ ထွက်ခွာလာတော့ ဆိုင်ကယ်မောင်းသည့် အရှိန်နှင့် တိုက်လာသော လေအေးအေးက သူမရင်ကို မအေးမြစေနိုင်တော့ပါ။ တစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက်အောင် ပူလောင်ရင်း သူမရင်ထဲမှာလည်း ဆုံးရှုံးသွားသော အသက်တစ်ချောင်းအတွက် ပူလောင်သော ခံစားချက်များဖြင့် ငိုကြွေးနေမိပါတော့သည်။

လှေသမားတော့ ဘယ်လိုခံစားရမည်မသိ။ သူမကတော့ လိပ်ပြာမလုံသလို၊ အပြစ်မကင်းသလို ခံစားနေရသော သည်မြင်ကွင်းကို ဘယ်အချိန် ဘယ်ကာလ ကြာသည့်တိုင်အောင် သူမ မေ့နိုင်မည် မထင်ပါ။ တစ်ခါတစ်ရံတွင် မဆိုစလောက်သော နှောင့်နှေး လေးကန်မှုလေး တစ်ခုက လူ တစ်ယောက်၏ အသက်ကိုပင် ဆုံးရှုံးသွားစေတတ်ကြောင်း သူမ သိလိုက်ရပါပြီ။ နောင်များတွင်တော့ တစ်စုံတစ်ယောက် အန္တရာယ်နှင့် တွေ့ကြုံရသည်ကို သိရှိပါက မဆိုင်းမတွ ကူညီနိုင်ဖို့ ကြိုးစားမည်ဟုလည်း ဆုံးဖြတ်ချက် ချမိပါသည်။ လူတစ်ယောက် သူမမျက်စိရှေ့မှောက်တွင် အသက်ဆုံးရှုံးသွားသည့် မြင်ကွင်းမျိုးလည်း ဘယ်သောအခါမှ ထပ်မံ မမြင်တွေ့လိုပါဟု သူမ ရင်ထဲက ဆုတောင်းလိုက်မိပါတော့သည်။



 Image Hosted by PicturePush - Photo Sharing

ဖြစ်ရပ်မှန်ကို အခြေခံပြီး လွန်ခဲ့တဲ့ ၂နှစ်က အခြားဘလောဂ့်တစ်ခုမှာ ရေးခဲ့တဲ့ ဝတ္ထုလေးပါ။

ရေမဆေးကျောက်



ကျင်းနှင့် ၃ကိုက် အကွာ သဲပြင်ပေါ်မှာ ဂေါက်သီးလေးကို ပါတာဖြင့် ကျင်းလေးထဲသို့  ချိန်သားကိုက် ရိုက်သွင်းလိုက်သည်။ ဂေါက်သီးလေးက တစ်လိမ့်လိမ့်နှင့် ကျင်းထဲသို့ လှလှပပလေး ကွက်တိ လိမ့်ဆင်းသွားတော့ ရိုက်ဖော်ရိုက်ဖက်တို့ဆီမှ လက်ခုပ်သံများ တစ်ဖြောင်းဖြောင်း ထွက်လို့လာသည်။ လုံးခင်းရဲ့ မြစိမ်းမြေဂေါက်ကွင်းဆိုတာ ရန်ကုန်၊ မန္တလေးတို့လို မြက်ခင်းစိမ်းနဲ့ကျင်းများ မဟုတ်ပါ။ ကိုးကျင်းလုံးက သဲကျင်းတွေသာဖြစ်ပြီး ၁၈ကျင်းပြည့်ဖို့ဆိုတာ ၉ကျင်းကို ၂ကျော့ ရိုက်ရပါသည်။ ဒီနေ့ ပြုလုပ်တဲ့ မြစိမ်းမြေဂေါက်ကလပ်ရဲ့ နှစ်ပတ်လည် ဖလား ပြိုင်ပွဲမှာ ၁၈ကျင်းကို ပါ ၅ကျင်းနှင့် ဘာဒီ ၂ကျင်းဖြင့် သူ ပထမရသွားပြီ မဟုတ်လား။

ဒီလိုဘဲ ဖြစ်ရမည်လေ။ ကျောက်စိမ်းတွင်းဒေသရဲ့ မြစိမ်းမြေ ဂေါက်ကလပ်ဆိုတာ နှယ်နှယ်ရရ မဟုတ်… မြန်မာပြည်ရဲ့ အကျော်ကြားဆုံး ကျောက်စိမ်းသမား လောပန်းကြီးများရဲ့ စုဝေးရာ၊ တွေ့ဆုံကြရာနေရာ တစ်ခုဖြစ်သည်မို့ ဒီလိုလူတွေကြားထဲတွင် ဂေါက်ရိုက်တာ ညံ့ဖျင်းနေလျှင် ရှက်စရာ ကောင်းမည်။ ဒီလိုတော့ ဖြင့် ဦးကျင်ဟုတ် အဖြစ်မခံနိုင်ပေ။ ဒီလက်ခုပ်သံတွေကို လိုချင်လို့၊ ဂေါက်ရိုက် ကောင်းသည် ဆိုတဲ့ နံမည်ကို လိုချင်လို့မှ ဂေါက်ရိုက်တာကို ပိုက်ဆံအကုန်အကျ များစွာခံပြီး ဆရာနှင့် စံနစ်တကျ သင်ယူထားသည်ဘဲလေ။ ဆရာကို ဖားကန့်မြို့ရှိ သူ့အိမ်မှာ လပေါင်းများစွာ လာနေစေပြီး အချိန်များစွာ ပေးကာ အနီးကပ် လေ့ကျင့်သင်ကြားခဲ့ရသလို၊  ဆရာငှားခတင် သိန်းပေါင်းများစွာ အခကြေးငွေ ပေးခဲ့ရပြီး သူ ငှားသည့် ဆရာကလဲ မြန်မာ့လက်ရွေးစင် ဂေါက်သမားဟောင်း တစ်ဦး ဖြစ်သည်။ ကျောက်လောပန်းတွေမှာ ဂေါက်ရိုက်တတ်ဖို့ကလဲ အရည်အချင်းတစ်ရပ်အနေနှင့် လိုအပ်ပါသေးသည်။ ဒါမှလဲ ပေါင်းသင်းဆက်ဆံရေး ၀င်ဆံ့မည်။ ကျောက်သတင်းများ ရမည်။ စီးပွားရေး လောကမှ လူကြီးများ နှင့်လည်း အဆက်အစပ် ရနိုင်မည်။ တွေ့ဆုံခွင့်၊ ရင်းနှီးခွင့် ရမည်။ အသိမိတ်ဆွေ ပေါများလာမည်။ တံခါးပေါက်တွေပွင့်ဖို့ ဂေါက်ရိုက်တာကလဲ အခွင့်အရေးတစ်ခု ဖြစ်သည်ဘဲလေ။

ဦးကျင်ဟုတ် အတွက် ဂေါက်ရိုက်တာကို ဆရာငှားပြီး သင်ရပေမဲ့ သင်စရာမလိုဘဲ အတွေ့အကြုံနှင့်ရင်း၍ တတ်လာသော ပညာရပ်ကတော့ ကျောက်စိမ်းကို အကဲခတ်သည့် ပညာရပ် ဖြစ်လေသည်။ ဒီဖားကန့်ဒေသ မှော်နယ်မြေကို သူရောက်လာတာ ၁၅နှစ်ပြည့်တော့မည်။ ကျောက်အရောင်းအ၀ယ် လုပ်ရင်းကိုင်ရင်းဖြင့် ကျောက်တစ်လုံးရဲ့ အရည်အသွေးကို အပြင်ဘန်းကိုကြည့်ပြီး အကဲခတ်၊ ခန့်မှန်းရသော ပညာကို သင်စရာမလိုဘဲ သူတတ်လေပြီ။ အတွေ့အကြုံနှင့် သဘာတို့ပေါင်းစပ်၍ ကျောက်တစ်လုံးကို ကောင်းကောင်းကြီး ခေါင်းတတ်နေပြီ။ ကျောက်လောကထဲ စတင်ဝင်ရောက်စဉ်ကတော့ အလဲလဲ အကွဲကွဲ ဖြစ်ခဲ့ဖူးပါသည်။ အလိမ်ခံရပေါင်းလဲ ခနခန၊ ဆုံးရှုံးရပေါင်းလဲ အကြိမ်ကြိမ်။ သို့သော်လည်း ကြာလာသည့် အခါတွင်တော့ ပညာစုံသလောက်ဖြစ်လာကာ ခုချိန်မှာတော့ ကျောက်တစ်လုံးကို ကြည့်ပြီး  ဦးကျင်ဟုတ် ခန့်မှန်းလျှင် လွဲခဲပြီ။ သူခန့်မှန်း၍ ၀ယ်ယူလိုက်သော ကျောက် အတော်များများသည်လည်း ဖြတ်တောက် လိုက်သည့် အခါ အောင်ကျောက်များဖြစ်ကာ ပြန်ရောင်းသည့် အချိန်တွင် ၀ယ်ယူသည့်ဈေးထက် အဆပေါင်းများစွာ ပိုပိုရပြီး ခုချိန်မှာတော့ လောပန်းကြီး ဦးကျင်ဟုတ်ဆိုလျှင်ဖြင့် မှော်နယ်မြေမှာ မသိသူ မရှိပြီ။ ငွေကြေး ချမ်းသာမှုရော၊ ကျောက်စိမ်းနှင့်ပါတ်သက်ပြီး အတွေ့အကြုံ ရင့်ကျက်မှုကြောင့်ပါ နံမည်ကျော်ကြား လှပါသည်။ ဒီကြော်ကြားမှုတွေ၊ အောင်မြင်မှုတွေ၊ ငွေကြေးတွေကို သူမမက်မောဘူးလားဟု မေးလာလျှင်တော့ မက်မောလှပါသည်ဟု ရိုးရှင်းစွာ ပြန်ဖြေရပါလိမ့်မည်။ လူမှန်လျှင်ဖြင့် အောင်မြင်မှုနှင့် ငွေကြေးကို မမက်မောသူဟူ၍ ရှိပါမည်လား။ မက်မောလွန်းလှ၍လည်း ဒီလိုဖြစ်လာအောင် ကြိုးစား ခဲ့ရသည် ပါဘဲလေ။

ကျင်းထဲသို့ ဂေါက်သီးလေးကို ရိုက်သွင်းပြီးသွား၍ ဂေါက်တံလေးကို ဘေးမှာရပ်နေသော သူ့ဂေါက်အိတ် သယ်ပေးနေသည့် ကယ်ရီကောင်မလေးအား ပေးလိုက်စဉ် ဧည့်ရိပ်သာဖက်မှ သူ့ဆီသို့ အလျှင်စလို လျှောက်လာသော သူ၏လူယုံတပည့် ကျော်စွာကို တွေ့လိုက်ရသဖြင့် သတင်းတစ်ခုခု ပြောစရာ ရှိနေပြီဆိုတာ သူသိလိုက်၍ ကျန်သောရိုက်ဖော် ရိုက်ဖက်များ ကျင်းစိမ်နေတာကို ရပ်ကြည့်ရင်း ကျော်စွာကို စောင့်နေလိုက်သည်။ သူ့နားသို့ ကျော်စွာ ရောက်လာသောအခါ ခပ်တိုးတိုး လှမ်းပြောသည်။

"ဆရာ မှော်စီစာမှော် မြေစာပုံကနေ ရေမဆေးကျောက်တစ်လုံး ထွက်တယ်.. ကျွန်တော် ကြားခဲ့ရတာတော့ ပစ္စည်းက အရည်အသွေး တော်တော်ကောင်းလို့ လူ၂ယောက်က ၅၀ ပေးပြီး ၀ယ်သွားတယ်.. သူတို့က ကြိုက်ဈေးရတာနဲ့ ပြန်ထုတ်မယ်လို့ ပြောကြတယ်.. အဲဒါ သတင်းရလာလို့ ဆရာ့ကို လာပြောတာ.. ဆရာ သွားကြည့်မလား.. ကျောက်ကတော့ မှော်စီစာမှော် မြေစာပုံကနေ ၀ယ်တဲ့သူတွေ ယူသွားလို့ လုံးခင်းရွာထဲ ရောက်သွားပြီ.. ခုမှ ရတာဆိုတော့ ဘယ်သူမှ မမြင်သေးခင် အရင်သွားကြည့်လိုက်ရင် ကောင်းမယ်ထင်လို့ ကျွန်တော် အမြန်လာပြောတာ "

ဦးကျင်ဟုတ် တစ်ချက် စဉ်းစားလိုက်သည်။ သွားကြည့်လိုက်လျှင် ကောင်းမည်ဟု စိတ်ကူးရမိသည်။ ကျောက်က ခုမှ မြေစာပုံက ရသည်ဆိုလျှင် လူများများ မတွေ့နိုင်သေး.. ရေမဆေးကျောက် ဆိုတာကလည်း လူတွေဘာမှ ပြုပြင်ဖန်တီးထားခြင်း မရှိသေးသည့် ခုမှ မြေကြီးထဲက သဘာဝအတိုင်းရသည့် ကျောက်ကို ပြောသည်မဟုတ်လား။ ကျောက်ဝယ်ရတာလဲ ဒီလို လူများများမသိသည့် ကျောက်ကို သူက ပိုပြီး စိတ်ဝင်စားသည်။ ခုလို ချက်ခြင်း ရသည့်ကျောက်က ၀ယ်ရတာ ပို၍ စိတ်ချရသည်။ လူတွေလက်ထဲ အဆင့်ဆင့်ရောက်ပြီးသား ကျောက်တစ်လုံးသည် ပြုပြင်ဖန်တီးမှု အမျိုးမျိုး လုပ်ပြီးသားလဲ ဖြစ်နေတတ်သည်။ သို့သော် ကျောက်လောကမှာ အတွေ့အကြုံ များလှပြီဖြစ်သော ဦးကျင်ဟုတ်ကတော့ သူဝယ်သည့် ကျောက်သည် မှားခဲလှသလို သူ့ကိုလည်း လိမ်ညာ၍ မရဟု ကျောက်လောကမှာ နံမည်ကြီးသည်လေ။ ဒါကလဲ အတွေ့အကြုံက သင်သွားပေးသည် မဟုတ်လား။

ကျော်စွာက သူ့ဆီမှာ အလုပ်လုပ်တာ ၅နှစ်ပြည့်တော့မည်။ ယခင်ကတော့ ကျော်စွာက သာမန် ကျင်းတူးသမားလေး တစ်ယောက်အဖြစ် သူ့ဆီရောက်လာသူ။ နောက်တော့ လုပ်ရည်ကိုင်ရည်လဲရှိ၊ အရည်အချင်းရှိရှိ အလုပ်ကိုလဲ ကြိုးစားသဖြင့် သူ့ကျင်းဦးစီး ကိုယ်စားလှယ် ဖြစ်လာပြီး နောက်မှာတော့ သူ့လူယုံဖြစ်လာတော့သည်။ ခုလဲ ကျော်စွာကို သူယုံသည်။ ရိုးသားဖြောင့်မတ်သူ တစ်ဦးမှန်းလည်း သူက သိသည်။  သူစိတ်ချရသောသူ၊ သူ့အပေါ် သစ္စာရှိသောသူ တစ်ယောက်ဖြစ်သဖြင့် ကျော်စွာက သူ့အပေါ် ဘယ်တော့မှ လိမ်ညာမည့်သူ မဟုတ်ဟု သူယုံကြည်သည်။ သူ့ကိုခေါ်သည်ကပင် အများကခေါ်သလို လောပန်းဟု မခေါ်၊ တရိုတသေ ဆရာဟုသာ ခေါ်သည်။ ကျောက်သတင်းကို ရွာတွေ၊ မှော်တွေမှာ ခုလို လိုက်စုံစမ်းပြီး သူ့ကို ပြန်သတင်း ပို့နေကျ၊ ပြီးတော့မှ သတင်းရသည့် ကျောက်ကို ဦးကျင်ဟုတ်က လိုက်ကြည့်ပြီး ၀ယ်သင့်မ၀ယ်သင့် ဆုံးဖြတ်လေ့ရှိသည်။ ဦးကျင်ဟုတ်တွင် သူ့ကုမ္ပဏီနံမည်နှင့် ကိုယ်ပိုင်လုပ်ကွက် ကျောက်စိမ်းတူးဖော်သည့် ကျင်းလည်း များပြားစွာရှိပါသည်။ သူ့လုပ်ကွက် ကျင်းမှထွက်သော ကျောက်ကောင်းများစွာကို ကျောက်မျက် ရတနာပြပွဲသို့ တင်ပြီး ရောင်းချလေ့ရှိသလို အခြားသူများ၏ ကျင်းမှ ထွက်သော ကျောက်များ၊ စွန့်ပစ်မြေစာပုံများတွင် လိုက်ရှာကြသော သူများထံမှာ ရေမဆေး ကျောက်သတင်းများကို စုံစမ်းပြီးလည်း ကျောက်အရည်အသွေး ကောင်းပါက ၀ယ်ယူကာ ဖြတ်တန်ဖြတ်၊ ပြန်ရောင်းတန်ရောင်း လုပ်လေ့ရှိပါသည်။

"ကဲ ဒါဖြင့်လဲ သွားကြည့်မယ်.. ပြီးတော့မှ ငါဒီကိုပြန်လာမယ်.. မင်းက ဖားကန့်ကိုပြန်လိုက်ပေါ့. ဘာနဲ့လာခဲ့တာလဲ ကားနဲ့လား ဆိုင်ကယ်နဲ့လား"သူမေးလိုက်တော့ ကျော်စွာက "ကျွန်တော် ဖိုးဝီးနဲ့ လာခဲ့တာဆရာ.. အခု ဆရာ့ကားနဲ့သွားမလား ကျွန်တော်ယူလာတဲ့ ဖိုးဝီးကားနဲ့ပဲ သွားမလားဆရာ"

"အင်း ဖိုးဝီးနဲ့ သွားကြတာပေါ့.. ငါ့ကားကို ဒီမှာထားခဲ့မယ်.. ပြီးတော့ ငါက ဒီပြန်လာရဦးမှာဘဲဟာ "

ထို့နောက် ဂေါက်ရိုက်ဖော်များကို ညနေ ဆုချီးမြှင့်ပွဲအမှီ ပြန်လာခဲ့မည်ဖြစ်ကြောင်း အသိပေးကာ သူနဲ့ကျော်စွာတို့ လုံးခင်းရွာထဲသို့ ကားနှင့် ထွက်လာကြသည်။ ရွာနှင့် ဂေါက်ကွင်းမှာ မဝေးလှပါ။ ကျောက်ရှိနေသည် ဆိုသော အိမ်နှင့်လည်း ကားနှင့်သွားတော့ ၁၅မိနစ်လောက်တွင်  ရောက်သွား ပါသည်။ ကားပေါ်မှ ဆင်းပြီး ကျော်စွာဦးဆောင်ရာ နောက်ကို သူလိုက်ခဲ့ရာ အိမ်တစ်အိမ်၏ အနောက်ဖက်တွင် အလေးချိန် ၅ ပိဿခန့် ရှိမည့်ကျောက်တစ်လုံးကို လူငယ်၃ဦး ၀ိုင်းကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူငယ်၃ဦး အရွယ်က ကျော်စွာတို့ အရွယ်တွေ။  သူတို့က  ဦးကျင်ဟုတ်ကို တွေ့လိုက်သည်နှင့် မတ်တပ်ရပ်လိုက်ကြပြီး သူလွတ်လပ်စွာ ကျောက်ကိုကြည့်နိုင်ရန် ဘေးကို ဖယ်ပေးလိုက်ကြသည်။ ဦးကျင်ဟုတ်ဆိုတာ ဒီနယ်မြေမှာ မသိသူ မရှိမဟုတ်လား။

ကျောက်စိမ်းတုံးမှာ ရေပင်ကောင်းမွန်စွာ ဆေးကြောရသေးဟန်မတူ။ ရွံ့များက ကျောက်တုံးအချို့နေရာတွင် ကပ်လျှက်သား ရှိနေသေးသည်။ ပါလာသည့် ကျောက်ကြည့်ဓာတ်မီးကိုထုတ်ကာ အစိမ်းရည်ပြချက် (မန်းအုံ) များကို သူ စေ့စေ့စပ်စပ် ကြည့်တော့သည်။ ကျော်စွာက ရေခွက်ကို ကိုင်ကာ သူညွှန်ပြသည့်နေရာတွင် ရေဆေးပေးသည်။ ရွံ့ပေနေသော နေရာ အချို့ကို သံဘရပ်လေးနှင့် အသာအယာပွတ်တိုက်ကာ ကျောက်သားနှင့် အခွံအခြေအနေကို သူကြည့်သည်။ ကျောက်က အမျိုးလည်းကောင်းသည်။ အသားလည်း မဆိုး။ အရည်ပြချက်လေးများကလည်း တော်တော်ကို ကောင်းသည်။ အတွင်းထဲတွင် စိမ်းနေသော အရည်များကို ကျောက်ကြည့်ဓာတ်မီးရောင်နှင့် ထင်ထင်ရှားရှား တွေ့ရသည်။ အခွံပေါ်တွင် အနာဖြစ်နေသော အက်ကြောင်းများကို မြင်နေရသော်လည်း အတွင်းထဲထိ ရောက်မည့်ပုံ မပေါ်။ ကျောက်တစ်လုံးလုံးကို လှန်လှော၍ သူအသေးစိတ် စေ့စေ့စပ်စပ် လေ့လာသည်။ စစ်ဆေးသည်။ ကျောက်တွင် မသင်္ကာစရာ အနေအထားမျိုး မတွေ့ရဟု သူယုံကြည်သည်။ ပြီးတော့လည်း ခုမှ မြေကြီးထဲက ရလာသည့် ကျောက်တစ်လုံးသည် ပြုပြင်ထားဖို့ အချိန်လဲ ရဦးမည်မဟုတ်။ ဒီကျောက်ကို မြန်မာ့ ကျောက်မျက်ရတနာပြပွဲသို့ တင်နိုင်လျှင် နိုင်ငံခြားသားများ အကြိုက်တွေ့မည့် အမျိုးအစားဖြစ်သည်။ ရောင်းရငွေကို ဒေါ်လာနှင့်ရမည်ဖြစ်၍ ဦးကျင်ဟုတ် အတော်ကို စိတ်ဝင်စားမိသည်။ ဒီကျောက်က သေချာပေါက် အမြတ်ရနိုင်မည့်ကျောက်ဖြစ်သည်။

"ကဲ ကျောက်ပိုင်ရှင်ဘယ်သူလဲ.. ဘယ်ဈေးနဲ့ရောင်းမလဲ ပြော"

လူငယ်၂ဦးက ပိုင်ရှင်ဖြစ်ဟန်တူသည်။ ပြီးတော့ ဒီကျောက်လောကထဲ ရောက်တာ ကြာသေးပုံမရ။ သူတို့ကို ဦးကျင်ဟုတ် တစ်ခါမှတော့ မတွေ့ဖူး။ ရောင်းမည့်ဈေးကို ကြိုတင် တိုင်ပင်ပြီးဟန်တူသည်။ တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ယောက်ထံမှ အသံထွက်လာသည်။

"ကျွန်တော်တို့က ၂၀၀ ရရင် ရောင်းမှာပါ လောပန်း "

သူတို့ပြောသည့် ၂၀၀ ဆိုသည်မှာ သိန်း၂၀၀ ကိုပြောခြင်းဖြစ်သည်။ ဈေးစကား အသုံးအနှုန်းဆိုတာက အရောင်းအ၀ယ်လုပ်ရာတွင် အချင်းချင်း နားလည်ပြီးသား။ သိန်းဆိုတာ ထည့်မပြောလဲ ဘယ်လောက်ကို ရည်ရွယ်တာဆိုတာ လူတိုင်း နားလည်ကြသည်။ ဒီမှာက အရောင်းအ၀ယ်စကားတွင် သိန်း ဂဏန်းကို အသုံးပြုကြသည်။ ဥပမာ ၅၀ ဆိုတာ သိန်း၅၀၊ ၂၀၀ ဆိုတာ သိန်း ၂၀၀ ကိုပြောခြင်းဖြစ်သည်။ ကျောက်ကို သူတစ်ချက် ပြန်ကြည့်လိုက်သည်။ ကျောက်က သူတို့ပြောသော ဈေးဖြစ်သည့် ၂၀၀ ဆိုတာ မဆိုးလှပါ။ ဖြတ်သင့်သည့်နေရာကို ဖြတ်လိုက်လို့ သူ ထင်ထားသလို ဖြစ်လာ၍ ပြပွဲတင်နိုင်လျှင် ဒေါ်လာသန်းနှင့်ချီ၍ တန်သွားနိုင်သည်။ သို့သော် ဈေးကတော့ အနည်းဆုံးရအောင်တော့ ဆစ်ရပေလိမ့်မည်။ သို့နှင့် သူက ၁၀၀ နှင့်ဈေးဆစ်လိုက်သည်။ ဟိုဘက်က တင်းခံသည်။ သူကလည်း ၁၀၀ တစ်ပြားမှ တိုးမပေးဟု တင်းသည်။ ဒီလိုနှင့် ဈေးစကား အခြေအတင် ပြောကြရင်း နောက်ဆုံးတော့ ၁၅၀ နှင့် ဈေးတည့်သွားသည်။ ရောင်းသူနှင့် ၀ယ်သူ တိုက်ရိုက် အရောင်းအ၀ယ် ပြုကြသဖြင့် ပွဲစားမပါသည့်အတွက် ပွဲခကုန်စရာမလိုတော့ပေ။ ပွဲခ ကုန်တာ မကုန်တာထက် ကျောက်သတင်းအား အပြင်ကို ပြန့်မှာကို သူက ပိုစိုးပါသည်။

"ကဲ ကောင်းပြီး ဒီကျောက်ကို တိပ်စီးထားလိုက်တော့ .. ကျော်စွာက ဖားကန့်အိမ်ကိုပြန်ပြီး ငွေသွားယူ။ ငါဖုန်းဆက်ထားလိုက်မယ်..  ပိုက်ဆံချေပြီးရင် ကျောက်ကို မင်းဘဲ အိမ်သယ်သွားလိုက် သွားကြမယ်..  ငါ့ကို ဂေါက်ကွင်းပြန်လိုက်ပို့တော့ .. "

တိပ်စီးသည်ဆိုသည်မှာ ရောင်းသူဝယ်သူ ဈေးတည့်၍ အတည်ပြုပြီးသောအခါ ငွေမချေခင် စပ်ကြား အဖြူရောင် ကျောက်စီးသည့်တိပ်နှင့်စည်းကာ ရောင်းသူက သိမ်းထားလိုက်သည်။ တိပ်စည်းထားပြီးလျှင် အခြား ၀ယ်လက်များကို ပြ၍ မရတော့ပေ။ ထို့နောက် ၀ယ်ယူသူဘက်မှ ငွေလာချေသောအခါတွင်မှ ကျောက်ကို ၀ယ်သူလက်ထဲ ထည့်လိုက်ခြင်းဖြစ်သည်။  ကျောက်ဝယ်ရောင်းလုပ်ကြသည်မှာ မည်သူမျှ ငွေထုပ်ကြီးပိုက်ကာ ၀ယ်ကြ ရောင်းကြသည်မဟုတ်ပါ။ ပစ္စည်းကြည့်ပြီး ဈေးတည့်ပြီးပြီဆိုမှသာ နောက်မှသာ သင့်ရာနည်းနှင့်  ငွေချေကြခြင်းဖြစ်သည်။ အချို့ကလည်း ဈေးတည့်လျှင် စရံငွေ ပေးထားရသည်။ ၀ယ်သူဘက်မှ အရောင်းအ၀ယ် ပျက်ခဲ့လျှင် စရံငွေရှုံးပြီ ဖြစ်သည်။ ဦးကျင်ဟုတ်ကတော့ နံမည်တစ်လုံးနှင့် နေသူမို့ သူ့ကို မယုံကြည်သူလဲ မရှိသောကြောင့် စရံငွေ ပေးလေ့မရှိပါ။ သူတို့၂ယောက် ကားပေါ်တက်ပြီး ကားမောင်းထွက်လာတော့ သူက ကျော်စွာကို လှမ်းပြောလိုက်သည်။

"ကျော်စွာ ကျောက်က မဆိုးဘူး အတော်ကောင်းတယ်.. ဒီဈေးနဲ့ ရတာ တော်တော် တန်သွားပြီ. ငါဒီကျောက်ကို ဖြတ်ပြီးရင် ကျောက်မျက်ပြပွဲကို တင်မယ်..  "

"ဟုတ်ကဲ့ ကောင်းပါတယ်. ဆရာ" ကျော်စွာက သူ့စကားကို ထောက်ခံလိုက်သည်။

"အင်း ငါဂေါက်ကွင်းကနေ ညနက်မှ ပြန်ရောက်တော့မယ်. ဆုပေးပွဲပြီးရင် အစားအသောက်တွေက ပါဦးမှာဆိုတော့ ညတော်တော်နက်မဲ့ပုံ ရတယ်.. မင်း ဖားကန့်အိမ်ကနေ ငွေယူလာပြီး ကျောက်လာတင်တဲ့ အခါ ငါ့ဆီ ၀င်မလာနဲ့တော့.. အိမ်ကိုသာ ပြန်သွားတော့ ဟုတ်ပြီလား..  သတင်းမပေါက်ကြားခင် ကျောက်ကို မနက်ဖန် ဖြတ်မယ်.. အချိန်က သိပ်မရှိတော့ဘူး ပြပွဲလဲနီးနေပြီး.. ပြပွဲတင်ဖို့ဆို ရန်ကုန်ပို့ဖို့ လုပ်ရဦးမယ်.. ဒီကျောက်က အခြေအနေကောင်းမယ်လို့ ငါတော့ ထင်တယ်.. အင်း.. မင်းသတင်းလာပေးတဲ့အတွက် မင်းကိုလဲ ဘောက်ဆူး ကောင်းကောင်းပေးရမှာပေါ့ကွာ.. "

ကျော်စွာက ပြုံးလိုက်ရင်း "ရပါတယ်ဆရာ"  ဟု သာပြန်ပြောသည်။

သူ ဂေါက်ကွင်းမှာ ဆင်းနေခဲ့ပြီး ကျော်စွာကတော့ လုံးခင်းနှင့် ၆မိုင်ဝေးသော ဖားကန့်အိမ်သို့ ပြန်ကာ ငွေပြန်ယူလေပြီ။ အိမ်က သူ့မိန်းမထံ ကျော်စွာ ရောက်လာလျှင် ပိုက်ဆံ သိန်း၁၅၀ ထုတ်ပေးလိုက်ဖို့ သူဖုန်းကြိုဆက်ထားလိုက်သည်။ ဂေါက်ကလပ်ထဲ သူပြန်ရောက်တော့ ဂေါက်ရိုက်သူအားလုံး သူ့အဖွဲ့လိုက် ၁၈ကျင်းပြည့် ရိုက်ပြီးနေပြီ။ ဆုချီးမြင့်ရန်ပင် အဆင်သင့် ဖြစ်နေပေပြီ။ ဒီနေ့ပွဲစဉ် ကုန်ကျစရိတ်အတွက် Sponsor က  ရွှေမြစိမ်း ကုမ္ပဏီပိုင်ရှင် ဦးလောဟန်ဖြစ်သည်။ ပထမရသော သူ့အတွက် အမှတ်တရ ဖလားတစ်လုံးနှင့် လက်ဆောင်ပစ္စည်းများကို ဂေါက်ကလပ်၏ နာယကဖြစ်သူ မြို့နယ် မယက ဥက္ကဌမှ ချီးမြှင့်သည်။ ကျန်သည့် ဒုတိယ၊ တတိယဆု၊ အဝေးဆုံးရိုက်ချက်ဆု၊ စသည့် ဆုအသီးသီးကို ချီးမြှင့်ပေးပြီး အစားအသောက်ပွဲကြီးကို ကျင်းပတော့သည်။ နံမည်ကြီး လောပန်းကြီးက Sponsor လုပ်သော ပွဲဖြစ်၍ စားစရာ သောက်စရာတွေက အလျှံပယ်ဖြစ်သည်။ ထိုညက တော်တော်ညနက်မှ သူအိမ်ပြန်ရောက်သည်။ အိမ်ရောက်တော့ သူ့မိန်းမပင် အိပ်ပျော်နေပြီ။ အ၀တ်အစားလဲကာ သူ့အိပ်ရာပေါ် ၀င်အိပ်လိုက်တော့ သောက်ထားသည့်အရှိန်ကြောင့် ခေါင်းချလိုက်တာနှင့် နှစ်နှစ်ခြိုက်ခြိုက် သူ အိပ်ပျော်သွားတော့သည်။
-----------------------------------------------------------------။

နောက်တစ်နေ့ မနက် ၁၀နာရီလောက်မှ သူအိပ်ရာက နိုးတော့သည်။ အိပ်ရာက နိုးနိုးချင်း လုပ်စရာ အလုပ်ကို စဉ်းစားတော့ မနေ့ညနေက ၀ယ်ထားသော ကျောက်ကို သူသတိရလိုက်သည်။ သူ့မိန်းမကို "မနေ့ညက ကျော်စွာ ကျောက်လာထားသွားတယ် မဟုတ်လား " ဟု မေးလိုက်တော့ မိန်းမက "ဟုတ်တယ် ကျောက်တွေသိမ်းတဲ့ ဂိုဒေါင်ထဲမှာ သိမ်းထားလိုက်တယ်.. " ဟု ပြန်ဖြေသည်။ သူမျက်နှာသစ် မနက်စာ စားသောက်ပြီး သူ့ခြံထဲက ကျောက်ဖြတ်ခုံရှိသည့် ဂိုဒေါင်ဘက်သို့ သူထွက်လာခဲ့သည်။ ဖြတ်ခုံတွင် အလုပ်သမား ၃ ယောက်က ယခင်နေ့တွေက သူဖြတ်ရန် ပေးထားသော ကျောက်အချို့ကို ဖြတ်နေကြသည်။ သူ့ကိုယ်စားလှယ် တစ်ချို့က ဘေးမှာ ကြီးကြပ်နေသည်။ ကိုယ်စားလှယ် ဆိုတာက ကျင်းကိစ္စ ကျောက်ကိစ္စများကို ဦးစီးကြီးကြပ်ဖို့ ခန့်အပ်ထားသူများဖြစ်သည်။ သူက ကိုယ်စားလှယ်တစ်ယောက်ကို သူ့မိန်းမထံမှ မနေ့က ၀ယ်လာသည့်ကျောက်ကို သွားထုတ်ခိုင်းလိုက်သည်။

ကိုယ်စားလှယ်ကောင်လေး ရောက်လာတော့ ကျောက်ကိုသေချာ ပြန်စစ်ကာ ဖြတ်ရမည့်နေရာကို မှင်ခြစ်ရာလေးနှင့် သူက မှတ်သားပေးလိုက်သည်။ ကျောက်ဖြတ်ရမည်ဟု သူသတ်မှတ်သော နေရာက အတွင်းထဲတွင် အစိမ်းရည် များများ ရှိနိုင်မည့်နေရာ။ အပေါ်ပိုင်း အသား ခပ်ပါးပါးလေးကိုသာ သူက ဖြတ်ခိုင်းလိုက်သည်။ ကျောက်ဖြတ်နေသည့် ကောင်လေးက ဖြတ်လက်စ ကျောက်ပြီးသွားတော့ သူပေးလိုက်သည့် ကျောက်ကို အမှတ်အသား ပေးထားသည့် နေရာတွင် စတင်ဖြတ်သည်။ ထိုအချိန်တွင် သူ့အသိ လောပန်းဖြစ်သူ ဦးမောင်ဟန်နှင့် ဦးဝင်းအောင် တို့၂ယောက် ရောက်လာကြောင်း သူ့မိန်းမက လာပြောတော့ သူက "ဒီကို လွတ်လိုက်" ဟု ပြောလိုက်သည်။ သူတို့က ရန်ကုန်ကျောက်မျက် ရတနာပြပွဲမှာ ကျောက်တင်ရောင်းရန်ကိစ္စ တိုင်ပင်ဖို့ ရောက်လာကြခြင်းသာ။ ကြုံတုန်း သူတို့၂ဦးကို သူဖြတ်သည့် ကျောက် အနေအထားကို ကြွားဖို့ အတော်ဘဲ ဖြစ်သွားသည်။ သူက ဒီကျောက်သည် အောင်ကို အောင်ရမည်ဟု စိတ်ထဲက ယုံကြည်မိလေသည်။

ကျောက်သားအနေအထားက ပြောစရာမရှိ၊ အထဲတွင်လည်း အစိမ်းရည်များများ စားစား ရှိနေမည်ဟု မျှော်လင့်ထားသည်။ သူတို့ကလည်း ကျောက်ဖြတ်တာကို ကြည့်ဦးမည် ပြီးတော့မှ အလုပ်ကိစ္စ စကားပြောမည်ဟု ဆိုကာ စောင့်ကြည့်နေသည်။ ဦးကျင်ဟုတ် ကိုယ်တိုင်လည်း ဘေးနားကနေ အခြေအနေကို စောင့်ကြည့် နေမိသည်။ ကျောက်ကို စက်နှင့် ဖြတ်နေ၍ ကျောက်သားနှင့် စိန်သွား ပွတ်တိုက်နေသည့် တစ်ကျွီကျွီသံက နားငြီးစရာ ပေါ်ထွက်နေသည်။ သို့သော် ကျောက်သမားများ အတွက်တော့ ထိုအသံသည် မျှော်လင့်ချက်တို့ရဲ့ စိန်ခေါ်သံသာ ဖြစ်လေသောကြောင့် နားငြီးသည်ဟု သူကတော့ မထင်ပေ။  ကျောက်က ဖြတ်နေရင်း သုံးပုံ တစ်ပုံလောက် နီးပါးလောက်တွင် မင်္သကာစရာ အနံ့တစ်ခုကို ရလိုက်သည်။

အနံ့…..  ဒီအနံ့ သူသိသည်။ သွားတိုက်ဆေးအနံ့ပဲ ဖြစ်သည်။

သူတစ်ကိုယ်လုံး မတ်ခနဲဖြစ်သွားသည်။ မျက်နှာတစ်ပြင်လုံးလဲ နီရဲလာသည်။ စောင့်ကြည့်နေသည့် သူ့မိတ်ဆွေ ၂ယောက်နှင့်၊ ကိုယ်စားလှယ်အချို့ ဒေါသထွက်လာပုံရသည့် သူ့ကို အထိတ်တလန့် လှမ်းကြည့်သည်။ မိတ်ဆွေ လောပန်း၂ယောက်ကလည်း အခြေအနေကို နားလည်သွားသည်။ ကျောက်ကို သူကြည့်ဖို့ မလိုတော့။ သူသိပြီ။ သူအလိမ်ခံလိုက်ရပေပြီ။ ပြုပြင်ပြီး ပိပိရိရိဖြင့် အတု လုပ်ထားသော ကျောက်ကို ကျော်စွာက ရေမဆေးကျောက်ဟု သတင်းလာပေးသည်။ သူကလဲ ကျော်စွာကို ယုံကြည် လွန်းစွာနှင့်  သူပြောသည့်နေရာကို လိုက်သွားပြီး သွားကြည့်ခဲ့သည်။ စစ်တော့စစ်ဆေးတာပါဘဲ။ သို့သော် ကျော်စွာကို ယုံကြည်စိတ်ရယ်၊ သူ့ဘက်က ပေါ့လျှော့တာရယ်၊ အတုက အင်မတန် အကွက်စေ့ ပိရိကာ ဘယ်လိုမှ မရိပ်မိနိုင်တာရယ်ကြောင့် သူခံလိုက်ရလေပြီ။

"သွားစမ်း  ကျော်စွာကို အခုချက်ခြင်း သွားခေါ်ခဲ့.. " သူ ဒေါသတကြီး အော်ပြောလိုက်သည်။

တစ်ယောက်က ကမန်းကတန်း ထွက်သွားသည်။ ထိုအချိန်တွင် သူသတ်မှတ်ထားသော ဖြတ်ရာအတိုင်း ကျောက်က ဖြတ်ပြီး၍ နှစ်ခြမ်းဖြစ်သွားသည်။ ကောင်လေးတစ်ယောက် ကောက်ယူကာ သူ့ရှေ့ လာချပေးသည်။ ထင်သည့်အတိုင်းပါပဲ…  ကျောက်ထဲတွင် သွားတိုက်ဆေးနှင့် ဖယောင်းသားများကို တွေ့လိုက်ရသည်။ ကျောက်ထိပ်ပိုင်း တစ်နေရာကို အသာဖြတ်ကာ ဂန်းနှင့် ဖောက်ထုတ်ပြီး ကျောက် အတွင်းသားများကို ဖယ်ထုတ်ထားခြင်းပင်။ ပြီးနောက် အရောင်လှသော အစိမ်းရောင် သွားတိုက်ဆေးနှင့် ဖယောင်းသားတို့ကို ကျောက်ကြည့်မီးနှင့် ထိုးကြည့်မည့်နေရာများတွင် အဓိက ထား၍ သိပ်ထည့်ထားသည်။ ဖြတ်ထားသည့် နေရာကို ပိပိရိရိ ပညာပါပါ ကျောက်ကပ်ကော်နှင့် ပြန်ဆက်ကာ ပြန်ဖုံးထားသည်။ ထို့နောက် ဖြတ်ဆက်ထားသည့်အရာကို ဖုံးလွှမ်းမိစေရန် အပေါ်ကမှ ကျောက်အခွံ၏ အရောင်အတိုင်း တစ်ထပ်တည်းဖြစ်အောင် ကျောက်ပြုပြင်သူ ပညာရှင် တစ်ယောက်ယောက်က ကျွမ်းကျင်စွာ မီးဖုတ်ကာ ကျောက်အခွံအတုအဖြစ် ပြုပြင်ထားခြင်းသာ ဖြစ်လေသည်။ ရုတ်ရက်တော့ ဖြတ်ဆက်ထားသည့် နေရာကို မမြင်ရတော့ပေ။ အထဲက စိမ်းမြနေသော သွားတိုက်ဆေး အရောင်ကြောင့်လည်း ကျောက်ကို အပြင်ကနေ ဓာတ်မီးနှင့် ထိုးကြည့်သည့်အခါ အတွင်းထဲက ကျောက်သားအရောင်က စိမ်းစို လှပနေခြင်းသာ။

ဦးကျင်ဟုတ်လို ကျောက်လောကမှာ ဆရာတစ်ဆူအဖြစ် ကျွမ်းကျင်လှပါသည်ဆိုသည့် သူပင် ခံသွားရလောက်အောင် ပိပိရိရိ သေသေသပ်သပ် လှည့်စားသွားနိုင်သည့် ရိုက်ချက်ပြင်းလှသော ရေမဆေးကျောက်။ သူ့အတွက် သိန်း ၁၅၀ ဆုံးရှုံးတာ ဘာမှ ပြောပလောက်သည် မဟုတ်သော်လည်း ဂုဏ်သိက္ခာဆုံးရှုံးမှုက ပိုတန်ဖိုးကြီးသည်။ ဒီသတင်းက အပြင်ကို ထွက်သွားလျှင် ဦးကျင်ဟုတ် အလိမ်ခံလိုက်ရသည်ဆိုသည့် သတင်းက ကျောက်သမားမား အချင်းချင်း၊ လောပန်းအချင်းချင်းကြားတွင် သူမျက်နှာပျက်ရတော့မည်။ လူတွေရဲ့ ပါးစပ်ပေါက်ဆိုသည်ကား ထိန်းဖို့ ခက်လှသည်လေ။ တားလို့ရမည်မဟုတ်။ ကျောက်ကျွမ်းကျင်လှပါသည်ဟု နံမည်တစ်လုံးနှင့် နေနေသော သူ့အတွက်က ခံရခက်လှစေတော့သည်။ စဉ်းစားတိုင်း ဒေါသဒီရေက တစ်ရှိန်ရှိန်နှင့် တက်လာလေတော့သည်။

မကြာခင်မှာ ကျော်စွာကို သွားခေါ်သော သူ့ကိုယ်စားလှယ် ကောင်လေး ပြန်ရောက်လာသည်။

"လောပန်း.. ကိုကျော်စွာက မနေ့ညကတည်းက ပြန်အိပ်ပုံမရဘူး။ သူ့အခန်းထဲမှာ မရှိဘူး။ပြီးတော့ သူ့ပစ္စည်းတွေလဲ မရှိတော့ဘူး… သူ ဒီက အပြီးထွက်သွားပြီထင်တယ် လောပန်း "  ဟု သူ့ကို  ပြောသည်။

"တောက် … "


ခံပြင်းလွန်းသော ဒေါသစိတ်နှင့် တောက်တစ်ချက် ပြင်းထန်းစွာ ခေါက်လိုက်မိသည်။ သူ့မိတ်ဆွေ ၂ယောက်ရှေ့တွင် ကောင်းကောင်းကြီး အရှက်ကွဲလေပြီ။ ဦးမောင်ဟန်က "ကိုကျင်ဟုတ်.. ခင်ဗျား ဘာဆက်မလုပ်မလဲ.. ဒီကိစ္စ ရဲစခန်းမှာ သွားပြီး အမှုဖွင့်မလား.. ဒါဆို ရောင်းတဲ့သူကိုရော ခင်ဗျားလူ ကျော်စွာကိုပါ ဖမ်းလို့ရတယ်.. " ဟု ၀င်ပြောသည်။

မဖြစ်ပါ။ ဒီလိုတော့ သူအဖြစ်မခံနိုင်ပြန်။ ရဲစခန်းသွားတိုင်လိုက်လျှင် သူအလိမ်ခံရသည့် သတင်းက ပိုပြီး ပျံ့နှံ့မှာ သေချာသည်။ ခုထက်ပိုဆိုးမည့် အခြေအနေကို သူဖန်တီးခွင့်မပြုနိုင်။

"မတိုင်ဘူး.. ဒီကောင့်ကို မြေလှန်ရှာမယ်.. ကျုပ်ကိုယ်တိုင် သူ့ကို မှတ်လောက်အောင် ပညာပေးရမယ်.. ဒီဒေသမှာ ဒီကောင့်အတွက် နေစရာ လုပ်စားစရာ မြေမရှိစေရဘူး…  ငါ့ဆီမှာ အလုပ်လုပ်ပြီး ငါ့ကို သစ္စာဖောက်တဲ့အကောင်.. ငါလိုလူကိုများ ဒင်းက မခန့်လေးစားနဲ့.. တွေ့ကြသေးတာပေါ့ကွာ… "

ထိုစဉ် ကောင်လေးတစ်ယောက်က သူ့ကို စာတစ်စောင်လာပေးသည်။ လူတစ်ယောက်က ဦးကျင်ဟုတ်အတွက် ပေးသွားသည်ဟု ဆိုသည်။

"ပေးစမ်း အဲဒီစာ " သူ ဆတ်ခနဲလှမ်းယူကာ သိချင်စိတ်ဖြင့် အလျှင်အမြန်ဖွင့်ကြည့်လိုက်တော့

ဦးကျင်ဟုတ်

လွန်ခဲ့တဲ့ ၁၅နှစ်က အကြွေးလေးတစ်ခုကို ဆပ်လိုက်တယ်လို့ သဘောထားလိုက်ပါ။ ခင်ဗျား ဦးကျော်အောင် ကို မှတ်မိဦးမှာပါနော်။ ဦးကျော်အောင် ဆိုတာ တစ်ခြားသူမဟုတ်ပါဘူး။ ကျွန်တော့်အဖေအရင်းခေါက်ခေါက်ပါ။ အဖေနဲ့ ခင်ဗျားနဲ့ ကျောက်တစ်လုံးကို အတူတူရခဲ့ကြတယ်.. ဒီကျောက်က အောင်မဲ့ကျောက်ဆိုတာ ခင်ဗျားရော အဖေရော သိတယ်.. ပြီးတော့ ဒီကျောက်ကို ဒီမှာဘဲ ရောင်းရင် ဈေးကောင်းမရမှာစိုးလို့ တရုတ်နယ်စပ်မှာ သွားရောင်းဖို့ ခင်ဗျားက အဖေ့ကိုပြောတယ်.. အဲဒီချိန်မှာ အဖေက ငှက်ဖျားကြောင့် နေသိပ်မကောင်းဖြစ်နေတော့ ဖားကန့်မှာဘဲ ဆေးရုံတက်ပြီး နေခဲ့ဖို့ ခင်ဗျားက အဖေကိုအကြံပေးတယ်.. ကျောက်ကို ခင်ဗျားဘဲ တရုတ်ပြည်ထဲကို နယ်စပ်ကနေ သွားရောင်းမဲ့အကြောင်း ပြောတယ်.. အဖေကလဲ သူခင်မင်လွန်းတဲ့ ခင်ဗျားကို ယုံကြည်စိတ်ချစွာနဲ့ဘဲ ကျောက်ကို ခင်ဗျားလက်ထဲ ထည့်လိုက်တယ်.. ဒါပေမဲ့ ၁နှစ်၂နှစ် ကြာတဲ့အထိ ခင်ဗျားက ကျောက်ကို ရောင်းပြီး ဖားကန့်ကိုပြန်မလာခဲ့ဘူး..  အဲဒီကျောက်ကို ခင်ဗျား ရောင်းလိုက်တာ သိန်း တစ်ရာ ရတယ်လို့ တရုတ်ပြည်က ပြန်လာတဲ့ အသိတစ်ယောက်ဆီက အဖေက သတင်းရတယ်.. အဲဒီခေတ်က သိန်းတစ်ရာဆိုတဲ့ ငွေဟာ နည်းနဲ့ ပမာဏမဟုတ်ဘူးဆိုတာ ဒီငွေတွေနဲ လူလူသူသူ ဖြစ်လာတဲ့ ခင်ဗျားက အသိဆုံးဖြစ်မှာပါ။ ငှက်ဖျားဒဏ်ကြောင့်ဘဲ ခင်ဗျားထွက်သွားပြီး ၃နှစ်အကြာမှာ အဖေဆုံးသွားခဲ့တယ်. အဖေဆုံးတယ်ဆိုတာ သိရတော့ ဖားကန့်ကို ပြန်လာပြီး ခင်ဗျားက ကျောက်လုပ်ငန်းဆက်လုပ်ပြီး တကယ့်လောပန်းကြီး လုပ်နေခဲ့တယ်..

ကျွန်တော်တို့သားအမိမှာတော့ ငှက်ဖျားရောဂါဖိစီးပြီး မန္တလေးအိမ်ကို လက်ချည်းသက်သက် ပြန်လာတဲ့ အဖေကို ရှိတာလေးနဲ့ ဆေးကုပေးရင်း လုံးပါးပါးခဲ့ရတယ်.. အဖေပြောပြလို့ ခင်ဗျားအကြောင်းကို ၁၀နှစ်သားထဲက သေသေချာချာသိခဲ့ရတယ်..မှတ်မိနေခဲ့တယ်..  အဖေက ခင်ဗျားကို သိပ်ကို စိတ်နာခဲ့တယ်.. သူဒီလောက် ခင်မင်တဲ့ ယုံကြည်စိတ်ချတဲ့ ခင်ဗျားက ဒီလို လုပ်သွားမယ်လို့ သူလုံးဝမထင်ခဲ့ဘူး.. သေတဲ့အထိ အဖေက ခင်ဗျား အကြောင်းဘဲ တဖွဖွ ပြောသွားခဲ့တယ်.. ဒါကြောင့် ကျွန်တော် အရွယ်ရောက်လာတော့ ခင်ဗျားအကြောင်းကို သေချာအောင်  စုံစမ်းပြီး အဖေ့ရဲ့ ကြွေးကို ဆပ်နိုင်ဖို့ ခင်ဗျားဆီမှာ အလုပ်ဝင်ခဲ့ရတာ။ ခုချိန်မှာ သိန်းတစ်ရာ့ငါးဆယ်ဆိုတာ ခင်ဗျားအတွက် ဘာမှ မဖြစ်လောက်ဘူးဆိုတာ ကျွန်တော်သိပါတယ်.. ဒါပေမဲ့ ခင်ဗျားကို လူယုံသတ်လို့ သေရတဲ့ အရသာ ဘယ်လိုခါးသီးတယ်ဆိုတာ ခံစားတတ်စေချင်တယ်.. ကိုယ်ချင်းစာတတ်စေချင်တယ်.. ကျွန်တော့်အဖေက သူငယ်ချင်းအရင်းဖြစ်တဲ့ ခင်ဗျားရဲ့ လိမ်ညာမှုကို ခံသွားရတယ်..

ဒါကြောင့်လဲ ဒီကျောက်ကိစ္စကို အကွက်စေ့အောင် စီစဉ်ပြီး သေချာပြီ ဆိုတော့မှ ရေမဆေးကျောက်လို့ သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ခင်ဗျားကို လိမ်ခဲ့တာ။ သူငယ်ချင်းတွေက ငွေကြေးကြောင့်မဟုတ်ဘဲ ကျွန်တော့်ကို ခင်မင်မှု သက်သက်နဲ့အတူ ခင်ဗျားကို သင်ခန်းစာပေးချင်တဲ့ စိတ်ကြောင့်  သူတို့ ကူညီကြတာဘဲ ဖြစ်တယ်.. ခင်ဗျားဆီက ရလိုက်တဲ့ ငွေ သိန်းတစ်ရာ့ငါးဆယ်ကို ကျွန်တော်လဲ မယူသလို ဘယ်တစ်ဦးတစ်ယောက်မှလဲ မယူပါဘူး… ခင်ဗျားရဲ့ အပြစ်ဒဏ်အတွက် ဆေးကြောဖို့ ဖားကန့်မြို့ အထက်တန်းကျောင်းကို သိန်းတစ်ရာနဲ့၊ လုံးခင်း အလယ်တန်းကျောင်းကို သိန်း၅၀ ခင်ဗျားနံမည်ရယ် ကျွန်တော့် အဖေနံမည်ရယ် ပေါင်းပြီး လှူလိုက်ပါပြီ. ဒါဆိုရင် အဖေ့အပေါ်တင်နေတဲ့ ခင်ဗျားအကြွေးလဲ ကျေပြီလို့ ကျွန်တော်ယူဆသလို ခင်ဗျားအတွက်လဲ မနစ်နာဘူးလို့ ကျွန်တော်ထင်ပါတယ်.. ဒီနေ့ကစပြီး ခင်ဗျားနဲ့ အဖေကြားက အကြွေး ရှင်းပြီဖြစ်သလို ကျွန်တော်လဲ အလုပ်ထွက်ပါပြီ. ကျွန်တော့အမေရှိရာကို ပြန်ပြီး ကောင်းရောင်းကောင်းဝယ် အလုပ်တစ်ခုခုကို လုပ်ပြီး ဘ၀အသစ်ပြန်စပါပြီ။  ယုံကြည်မှုကို ရိုက်ချိုးခံရတာ၊ သစ္စာဖောက်ခံရတာ  ဘယ်လောက် ခါးသီးဖို့ကောင်းတယ် ၊ မနှစ်သက်ဖွယ်ကောင်းတယ်ဆိုတာ ခင်ဗျား အခုခံစားလိုက်ရလို့ သိလောက်ပါပြီ။

ဒါပါဘဲခင်ဗျား

ကျော်စွာ

စာကိုဖတ်ပြီး ဦးကျင်ဟုတ်မျက်နှာ တစ်ဖြေးဖြေး ပြောင်းလဲသွားသည်။ ဒေါသတကြီး ဖြစ်ခဲ့သော အမူအရာများပျောက်ကွယ်သွားပြီ။ ကျော်စွာလုပ်ရပ်ကို သူနားလည်နိုင်လိုက်ပါပြီ။ သူ့အပြစ်နှင့် သူဘဲမဟုတ်လား။ ကျော်စွာ့စာထဲမှာ ရေးထားသည်များကလည်း အမှန်ဘဲဖြစ်သည်။ သူနှင့် ကျော်စွာ့အဖေ ဦးကျော်အောင်တို့က ဒီဖားကန့်ရောက်မှ ခင်ကြသိကြပေမဲ့ အတော့်ကို ရင်းနှီး ခင်မင်သွားကြသည်။ အရောင်းအ၀ယ် အတူတူလုပ်၊ ကျောက်တူးတော့လည်း အတူတူ တူးခဲ့ကြသည်။ ကျောက်တစ်လုံး အတူတူရတော့ တရုတ်ပြည်မှာ သွားရောင်းဖို့ သူက အကြံဖြစ်သည်။ ထိုအချိန်တွင် ကျော်စွာ့အဖေက အပြင်းအထန် နေမကောင်းတာကြောင့် မလိုက်ခဲ့ဖို့ သူက တားခဲ့သည်။ ကျောက်ရောင်းရပြီးတာနှင့် ပြန်လာမည်ဟု ကတိပေးခဲ့သည်။  ဒီလို စီစဉ်တုန်းကတော့ ထိုကျောက်ကို သူလိမ်သွားဖို့ ဆန္ဒမရှိခဲ့တာတော့ အမှန်ပါ။ သို့သော် တရုတ်ပြည်နယ်စပ်တွင် သွားရောင်းချတော့ သူမျှော်လင့် ထားသည်ထက် ငွေက ပိုရသဖြင့် ငွေမြင်လျှင် အလိုရမ္မက် ပိုကြီးလာသော လောဘသားတို့ ထုံးစံအတိုင်း ဒီငွေတွေကို ကျော်စွာတို့အဖေကို သူတစ်ဝက် ခွဲပေးရမှာ ၀န်လေးသွားတော့သည်။ အားလုံးကို အပိုင်လိုချင်စိတ်နှင့် ဖားကန့်သို့ ပြန်မလာတော့ဘဲ ဟိုမှာ နေနေခဲ့သည်။ သူပြန်အလာကို ကျော်စွာ့အဖေက ဖားကန့်မှာ ၂နှစ်လောက်စောင့်နေရင်း ငှက်ဖျားက ပိုပိုဆိုးလာသောကြောင့် မန္တလေးသို့ ပြန်သွားခဲ့ပြီး ဟိုရောက်လို့ သိပ်မကြာခင် ဆုံးသွားသည်လို့ သတင်းရတော့ သူဖားကန့်ပြန်လာပြီး ၂ဦးပိုင် ကျောက်ရောင်းရသည့်ငွေနှင့် လောပန်းကြီးလုပ်ကာ ကျောက်လောကတွင် ပြန်လည်ကျင်လည်ရင်း ပို၍ပို၍ ချမ်းသာလာတော့သည်။

သူစာကို ပြန်ခေါက်လိုက်ရင်း ခုနက ဖြတ်ထားသည့်ကျောက်ကို အိတ်တစ်လုံးထဲထည့်ဖို့ တစ်ယောက်ကို လှမ်းပြောလိုက်သည်။ ထိုအိတ်ထဲတွင်ကျော်စွာရဲ့ စာကိုပါ ထည့်ခိုင်းလိုက်ပြီး အိတ်ကိုပိတ်ကာ လုံခြုံရာ ဂိုဒေါင်ထဲသိမ်းထားဖို့ သူပြောလိုက်တော့သည်။ သူအလိမ်ခံရသည့်သတင်း အပြင်ပေါက်ကြားမှာကိုလည်း သူစိတ်မပူချင်တော့ပါ။ မကောင်းမှုဆိုသည်မှာ အရိပ်တစ်ခုလိုသာ အနောက်ကနေ လိုက်ပါတတ်ကြောင်း သူသိနားလည်လိုက်ပါပြီ။ လောဘစိတ်ကြောင့် သစ္စာမဲ့ခြင်းဆိုသည့် အပြစ်ကို လွန်ကျူးခဲ့သည့်အတွက် သူ့နံမည်၊ သူ့ဂုဏ်သိက္ခာ  စွန်းထင်းသွားမည် ကျဆင်းသွားမည် ဆိုလျှင်လည်း ပေးဆပ် ရတော့မည်သာ ဖြစ်သည်။ တကယ်ဆိုလျှင် ကျော်စွာသည် အလွန်စိတ်ထားကောင်းသည်ဟုသာ ဆိုရမည်။ သူ့အပေါ် ဒီထက် ဒုက္ခပေးချင်လျှင် ရပါရက်နဲ့ ခုလောက်သာ လုပ်သွားသည်။ ပြီးလျှင်လည်း ငွေကို ယူသွားသည်မဟုတ်။ သူ့နံမည်၊ သူ့အဖေနံမည်ဖြင့်ပင် စာသင်ကျောင်းကို လှူသွားခဲ့သည်။  ကျော်စွာ့ကို ပြန်တွေ့ခဲ့လျှင် သူကျူးလွန်ခဲ့သော အပြစ်တွေအတွက် ခုထက်ပို၍ သူ့ဘက်က ပေးဆပ် လိုပါကြောင်းတော့ဖြင့် ပြောလိုက်ချင်ပါ သေးသည်လေ။


(ဒီရက်ပိုင်း စာအသစ်ရေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တာကြောင့် ဟိုးအရင်နှစ်က ရေးခဲ့တဲ့ ဒီဝတ္ထုလေးကို ပြန်တင်လိုက်တာဖြစ်ပါတယ်။  )




Image Hosted by PicturePush - Photo Sharing

လှအိုးကွဲ

ပြောရဦးမယ်ဗျာ ကျွန်တော်တို့ရွာက ကောင်မလေး တစ်ယောက်အကြောင်းပေါ့၊ အတင်းပြောတာတော့ မဟုတ်ရပါဗျာ။ စပ်မိစပ်ရာ ပြောတဲ့သဘောပါ။

အဲဒီကောင်မလေးနံမည်က လှအုန်းမယ်တဲ့ ကျွန်တော်တို့ရွာမှာတော့ သိပ်ချောတဲ့ ကောင်မလေးပေါ့ဗျာ..  ကွမ်းတောင်ကိုင်လေး ဆိုပါတော့။ ရွာက ကာလသားတွေများ သည်းသည်းကိုလှုပ်လို့။ အဲဒီထဲမှာ ကျွန်တော်လည်းပါသလား ဆိုတော့ ဟဲဟဲ ဒါတော့ လှတပတ ကောင်မလေးဘဲဗျာ မကြိုက်ဘဲနေမလား ပါတာပေါ့ဗျ.. ဘယ်နေလိမ့်မတုန်း။ အဲဒီ လှအုန်းမယ်လေးက ဘယ်သူနဲ့တူသလဲဆိုတော့ ကျွန်တော်တို့ရွာက ဗွီဒီယိုရုံမှာ ခနခန ပြတတ်တဲ့ ဟို ဗီဒီယိုသမီးလေ.. ဘယ်သူပါလိမ့်.. နံမည်က ခပ်မေ့မေ့။ လှအုန်းမယ်ရဲ့ ရုပ်ရည်က အဲဒီ ရုပ်ရှင်မင်းသမီးလေးနဲ့ တူသဗျ။ ကျွန်တော်တို့ရွာမှာတော့ အဲဒီ မင်းသမီးကို ကြိုက်တဲ့သူ သိပ်များတာ။ နောက်ထပ် တူတာတစ်ခုက အဲဒီမင်းသမီးလေးက သိပ်လှချင်တာ။ ပြီးတော့လည်း အဲဒီမင်းသမီးက သိပ်စွာတယ်။ ကက်ကက်လန်အောင် ပြန်ပြောတတ်တယ် လို့လည်း ကြားဖူးတယ်။ လှအုန်းမယ်ကလဲ အပြင်မှာ စွာကျယ်မ.. ဆတ်ဆတ်ကြဲ.. ရွာက ကာလသားတွေ သူ့ကို ကြိုက်ပေမဲ့ သူ့ပါးစပ်ကိုလန့်တယ်။ ဘယ်သူကမှ အနား မကပ်ရဲဘူး.. လှအုန်းမယ်ကလည်း သူ့ကိုယ်သူ ဗီဒီယိုမင်းသမီးနဲ့တူတယ် ဆိုတာသိတော့ ဘ၀င်က မြင့်တယ်။ သူနဲ့ တူတယ် တန်တယ်ဆိုတဲ့သူ ရွာမှာ မရှိတော့ဘူးမှတ်တာ။

ဒီလိုနဲ့ ရွာမှာ စုပေါင်းရှင်ပြုပွဲ ရှိတယ်ဆိုပါတော့ဗျာ။ စုပေါင်းရှင်ပြုပွဲဆိုတဲ့အတိုင်း ရွာနီးချုပ်စပ်က ရှင်လောင်းပေါင်းများစွာ စုပေါင်းပြီး ပြုကြမှာဆိုတော့ ခြိမ့်ခြိမ့်သည်းပေါ့.. ဇာတ်တောင်မှ နံမည်ကြီး ဖိုးချစ်ဇာတ်ကို ငှားတာ။ တစ်ရွာလုံးလဲ တက်တက်ကြွကြွ၊ ကာလသားတွေကလဲ ရှင်ပြုမဏ္ဍပ်တွေဆောက်၊ ရွာထဲက အလှူ့ရှင်တွေနဲ့ လူကြီးတွေကလဲ အလှူအတွက် လိုအပ်တာတွေ ဝယ်ကြဖို့ မြို့ကိုတက်ကြ၊ အပျိုအုပ်စုကလဲ အလှူမှာ ချက်ပြုတ်ကျွေးမွေးမဲ့ အသင်းတွေ ဖွဲ့ကြ၊ တာဝန်တွေ ခွဲကြနဲ့ တစ်ရွာလုံး ဘယ်သူမှ မအားရပါဘူး။ အလှူအတွက် ၀ိုင်းဝန်းနေကြတာ။ ကျွန်တော်တို့ ရွာမှာ ထုံးစံက အလှူလှည့်တဲ့နေ့မှာ အချောဆုံး အပျို ၂၄ယောက်ကို ပရိတ်အိုး ကိုင်ခိုင်းရတယ်။ ပရိတ်အိုးတစ်လုံးစီမှာ ဟေတုပစ္စယော၊ အရမဏပစ္စယော စသဖြင့် ၂၄ ပစ္စယောကို ပရိတ်အိုးလုပ်တဲ့ မြေအိုး ခပ်ရွယ်ရွယ်မှာ တစ်အိုးမှာ ပစ္စယော တစ်လုံးစီ ရေးထားတယ်။ ၂၄ပစ္စယောဆိုတော့ အိုး၂၄လုံးပေါ။ အိုးထဲမှာ ချည်လုံးတစ်လုံးရယ် သပြေခက်၊ အုန်းရွက်၊ ဒန်းရွက် စတာတွေ ပါတယ်.. အဲလို အလှူလှည့်တဲ့နေ့မှာ ပရိတ်အိုးကိုင် ရှေ့ဆုံးကောင်မလေးက လှအုန်းမယ်ပေါ့ဗျာ။ သူက အချောဆုံးဆိုတော့ ရှေ့ဆုံးက ကိုင်ရတာပေါ့လေ။ 
 
 

လှအုန်းမယ်က လှပြီးသားပေမဲ့ သူများနဲ့ မတူအောင် လှချင်သူဖြစ်လေတော့ ဒီတစ်ခေါက် အလှူမှာ ထူးထူးခြားခြား ဒေါက်မြှင့်ဖိနပ်လေးနဲ့ဗျ။ သိပ်မကြာခင်က ဗွီဒီယိုတစ်ကားမှာ အဲဒီမင်းသမီး စီးသွားတဲ့ ဖိနပ်ဆိုလား။ အလှူအတွက် မြို့တက်ပြီး ဈေးသွားဝယ်တဲ့အဖွဲ့ကို လှအုန်းမယ်က မှာလိုက်တာလို့ ကြားမိတယ်။ ဒေါက်ဖိနပ်နဲ့ဆိုတော့ ကြည့်ရတာ ပိုတောင်လှနေတယ်လို့ ထင်မိသေး။ ဒါပေမဲ့ ခက်တာက ဒေါက်ဖိနပ်ကို သူက စီးကျင့်မရှိဘူး။ ပြီးတော့ ကျွန်တော်တို့ရွာက လမ်းတွေကလဲ မြို့မှာလို ကတ္တရာလို့ခေါ်တဲ့ မဲမဲကြီးတွေ ခင်းထားတဲ့လမ်းတွေ မဟုတ်ဘူးဗျာ။ မြေလမ်း ကြမ်းကြမ်းပေါ်မှာ ကျောက်ခဲနဲ့ ချိုင့်တွေနဲ့။ စီးကျင့်မရှိတဲ့ ဒေါက်ဖိနပ်နဲ့ ကျောက်ခဲတွေရှိနေတဲ့ ချိုင့်တွေအပြည်နဲ့လမ်းဆိုတော့ သူလမ်းလျှောက်တာက ဟိုဘက်ယိုင်လိုက် ဒီဘက်ယိုင်လိုက်နဲ့.. ကြည့်ရတာ ဘယ်လိုမှ အဆင်မပြေပါဘူးဗျာ။ အလှူလှည့်တာကို ဝိုင်းကြည့်နေတဲ့ ရွာသူရွာသားတွေကလည်း လှအုန်းမယ်အဖြစ်ကို ကြည့်ပြီး ပြုံးစိစိနဲ့ပေါ့။ ဒါပေမဲ့ ဘယ်သူကမှတော့ အသံထွက်အောင် မရယ်ရဲဘူး.. သူ့ပါးစပ်ကို ကြောက်ကြတယ်လေ..

ဒီလိုနဲ့ ရွာလည်ပိုင်း လူစည်ကားတဲ့နေရာရောက်လာလေ လှအုန်းမယ်ရဲ့ဒေါက်ဖိနပ်က အခြေအနေ ဆိုးလေ။ ကြည့်ရတာ တစ်ခါမှ မစီးဖူးလို့ ခြေချော်နေပုံရတဲ့အပြင်၊ လမ်းကဆိုး၊ ဖိနပ်ပေါက်တဲ့ ဒဏ်ပါ ခံရပြီထင်ပါရဲ့။ ယိုင်နဲ့နဲ့ လမ်းလျှောက်နေရပါတယ်ဆို လူတွေကလဲ သူ့ကိုကြည့်ပြီး ပြုံးစိစိဆိုတော့ လှအုန်းမယ်လည်း ရှက်ကိုးရှက်ကန်းပေါ့.. ဒီချိန်မှာဘဲ လမ်းပေါ်မှာ ပြန့်ကြဲနေတဲ့ ကျောက်စရစ်ခဲလေး တစ်တုံးကို လှအုန်းမယ်ရဲ့ ခြေထောက်က တက်နင်းမိပြီးသကာလ ခေါက်ခနဲဖြစ်ပြီး လဲကျသွားပါရောဗျာ။ ချော်လဲကျသွားတော့ လှအုန်းမယ် လက်နဲ့ပိုက်ထားတဲ့ ပရိတ်အိုးကလည်း မြေပြင်ပေါ်လွှတ်ကျပြီး ခွမ်းခနဲဆို နှစ်ခြမ်း ကွဲပါလေရော။ နဂိုက သူလှမ်းလျှောက်ပုံကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြတဲ့ ရွာကလူတွေနဲ့ အလှူလှည့်ရာမှာ ပါဝင်ကြတဲ့သူ အားလုံးဟာ ဘယ်လိုမှ အိနြေ္ဒမဆည်နိုင်တော့ဘဲ  မပြုံးဘဲ ၀ါးလုံးကွဲ ၀ိုင်းရယ်ကြပါတော့တယ်။ လှအုန်းမယ်လေး ချော်လဲတော့ သူ့ကို ကြိုက်နေတဲ့ ရွာက ကာလသား ကိုလူအေးက မျက်နှာလိုအားရ အပြေးသွားပြီး သွားဆွဲထူရာမှာ ရှက်လဲရှက်၊ ဒေါသတွေလည်း ထွက်နေတဲ့ လှအုန်းမယ်က ရှက်ရှက်နဲ့ လုပ်မိလုပ်ရာ လုပ်လိုက်တာက လာဆွဲထူတဲ့ ကိုလူအေးကို သူ့ရှေ့က အိုးခြမ်းကွဲနဲ့ ကောက်ထုလိုက်တာမှာ ကိုလူအေး ခေါင်းကွဲပါလေရော။ လှအုန်းမယ်ရဲ့ ဒေါသကို ထည့်မတွက်မိဘဲ  စေတနာပိုမိတဲ့ ကိုလူအေးရဲ့အဖြစ်က ထိပ်ပေါက်ခေါင်းကွဲ ဖြစ်ရရှာပါတယ်။

အဖြစ်ကတော့ အဲဒီလိုပါဘဲဗျာ.. ကျွန်တော်တို့ ရွာအလှူအကြောင်းပြောတိုင်း လှအုန်းမယ်နဲ့ ကိုလူအေးရဲ့ အကြောင်းက မပါမပြီးပေါ့.. စေတနာကောင်းလို့ ခေါင်းကွဲသွားတဲ့ ကိုလူအေးကို အကြောင်းပြုပြီး တစ်ယောက်ယောက်ကို စေတနာပိုနေရင် "သတိထား ကိုလူအေးလို ဖြစ်မယ်နော် " လို့ ရွာမှာ ပြောစမှတ် ပြုကြသလို အလှူမှာ လှချင်လွန်းအားကြီးလွန်းလို့ ရွာရဲ့ လမ်းနဲ့ သင့်မသင့် ထည့်မတွက်မိဘဲ ဒေါက်ဖိနပ်စီးမိတာကြောင့် ချော်လဲပြီး ပရိတ်အိုး ကျကွဲတဲ့ လှအုန်းမယ်ကို အဲဒီနေ့ကစလို့ တစ်ရွာလုံးက လှအိုးကွဲ  ရယ်လို့ နံမည်ပေးလိုက်ကြတယ်ဗျာ။ လှတပတ ချောချောမောမော ရွာရဲ့ကွမ်းတောင်ကိုင်ကလေးဟာ အလှမက်ပြီး ဒေါက်မြှင့်ဖိနပ်ကို အကျင့်မရှိဘဲ စီးမိတဲ့ အတွက် လူပုံလယ်မှာ  အရှက်ကွဲရသလို၊ နံမည်ရင်းပျောက်ပြီး လှအိုးကွဲ လို့ အမည်တွင်သွား ရတာသာ ကြည့်တော့ဗျာ။ လှချင်တာ တစ်ခုတည်း ကြည့်လို့မဖြစ်ဘဲ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ် တန်မတန်၊ သင့်မသင့်လဲ ကြည့်ဖို့လိုသေးတာကိုးဗျ။ သိပ်လှချင်တဲ့ မိန်းခလေးတွေကို တွေ့ရင် ပြောလိုက်ပါဗျာ.. ကိုယ်နဲ့ လိုက်မလိုက်၊ ကိုယ်နေရာဒေသနဲ့ ကိုက်ညီ မကိုက်ညီ အရင်ကြည့်ပါဦးလို့။ တော်ကြာမှ ကျွန်တော်တို့ရွာက လှအုန်းမယ်လိုတော့ လှအိုးကွဲလို့ နာမည်တွင်သွားပါဦးမယ်။ အတင်းပြောတာ မဟုတ်ပါဘူး.. စပ်မိစပ်ရာ ပြောတဲ့သဘောပါဗျာ :P :P



Image Hosted by PicturePush - Photo Sharing

ပိတောက်တစ္ဆေ

အိပ်ရာပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော သက်ထားနှာခေါင်းထဲသို့ မွှေးပျံ့သော ရနံ့တစ်မျိုးက ဝင်ရောက်လို့လာသည်။ ပထမတော့ အိပ်မောကျနေသည့်အတွက် အိပ်မက်ထဲမှာလိုလို ထို ရနံ့ကို ခံစားနေရသော်လည်း မည်သည့်အနံ့ဆိုသည်ကို သေချာ ခံစားသိမိလိုက်သည်တွင် အိပ်မောကျနေရာမှ အသိစိတ်တို့က ဖြတ်ခနဲ ချဉ်းနင်းဝင်ရောက်လာရတော့သည်။ သေချာပါပြီ။ ထိုသင်းပျံ့ပျံ့ ရနံ့သည် ပိတောက်ပန်း ရနံ့သာ ဖြစ်ပေမည်။ ဧပရယ်လဖြစ်သည်မို့ လွန်ခဲ့သည့် ရက်တွေတုန်းက ပိတောက်ပန်းတွေ ဖူးနေသည်ကို သူမ မြင်ခဲ့ရဖူးသည်။ မျက်စိနှစ်လုံးကို အသာအယာဖွင့်လိုက်ပြီး အခန်းတွင်းကို လှည့်ပတ် ကြည့်လိုက်သော်လည်း သူမ ထင်ထားသလို ပိတောက်ပန်း တစ်ပွင့်တစ်လေမှ ရှိမနေပါ။ ပြင်ပမှ ဝင်လာသည့် ရနံ့ဟု ဆိုရအောင်ကလည်း သူမအခန်း၏ ပြူတင်းပေါက် တို့သည်လည်း စေ့စေ့ ပိတ်လျှက် သား ရှိပါသည်။ သို့သော်လည်း ထိုပိတောက်ပန်းတို့၏ ရနံ့မှာ ဘယ်နေရာက လာသည် ဆိုသည်ကို သူမ သေချာသိပါသည်။ 

မျက်နှာသစ် အဝတ်အစား လဲပြီးသည်နှင့် အိမ်ကနေ ဘယ်သူ့ကိုမှ အဖော်မခေါ်ဘဲ တစ်ဦးတည်း ထွက်လာခဲ့လိုက်သည်။ သက်ထားခြေလှမ်းတို့ ဦးတည်ရာသည်ကား သက်ထားတို့မြိုကလေး၏ အပြင်ဘက်တွင်ရှိသော သုဿန်ကို ဖြစ်လေသည်။ သူမ မျှော်လင့်ထားသည့် အတိုင်းပင် မြို့ကလေး၏ တစ်ခုတည်းသော သုဿာန်သို့ ရောက်သည်တွင် ခပ်လှမ်းလှမ်းမှပင် တစ်ပင်လုံး ဝင်းဝါနေသော ပိတောက်ပန်းပင်ကြီးကို မြင်နေရလေပြီ။ ပိတောက်ရနံ့တို့ကလည်း အနီးနား ဝန်းကျင် တစ်ခုလုံး မွှေးပျံ့ သင်းကြိုင် နေတော့သည်။ ပိတောက်ပန်းတို့ကို မြင်သည့်အခါတွင် အခြားသူများလို ကြည်နူး ဝမ်းသာစိတ်များ ဖြစ်မလာဘဲ ဝမ်းနည်းသည့် ခံစားမှုတို့က သူမရင်ထဲမှာ ဆို့ကြပ်လာတော့သည်။ တစ်ပင်လုံး ပွင့်နေသော ပိတောက်ပင်ကြီး အောက်တွင်တော့ အုတ်ဂူဖြူဖြူတစ်လုံး။ ထိုအုတ်ဂူတွင် ထင်ထင်ရှားရှား ရေးထိုးထားသည့် စာတန်းမှာ
မောင်ကျော်စိုးကို
အသက်(၂၄)နှစ်
၁၃.၄.၂ဝ၀၄ တွင်ကွယ်လွန်သည်။

အုတ်ဂူရှိရာဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည့် သူမခြေလှမ်းတို့က လေးကန်ဖင့်နွဲ့လို့နေသည်။ သို့သော် သူမခြေလှမ်းတို့ကို ရပ်တန့်ပစ်ဖို့ စိတ်ကူးမရှိပါ။ ထို အုတ်ဂူရှေ့ကို ရောက်အောင် သွားရပါမည်။ အုတ်ဂူအနီး ပတ်လည်တွင် ပိတောက်ပွင့်ကြွေတို့ကို နေရာအနှံ့တွေ့ရသည်။ ဖြူလွလွ အုတ်ဂူပေါ်တွင် လည်း ပိတောက်ပန်းတို့က ဖွေးလို့နေလေပြီ။ အုတ်ဂူပေါ်က ပိတောက်ပွင့်ကြွေတို့ကို လက်ဖြင့် ဖွဖွ ကောက်ယူ မိတော့ သူမ ရင်တွင်းတစ်နေရာက တဆစ်ဆစ် ကိုက်ခဲလို့ လာသည်။ တကယ်တမ်းတွင် သက်ထားသည် ပိတောက်ပန်းတို့ကို ဟိုးယခင်က အလွန် နှစ်သက်ခဲ့ဖူးသော်လည်း ယခုအချိန်တွင်တော့ အမုန်းဆုံးပန်း ဖြစ်နေလေပြီ။ သို့သော်လည်း ပိတောက်ပွင့်ချိန် ရောက်တိုင်း ဒီနေရာကို သူမ လာမြဲတိုင်း လာနေပါဦးမည်။ သူမ စိတ်နှလုံးတို့ ဒီပိတောက်တစ္ဆေ ခြောက်ခြင်းကနေ ကင်းလွတ်ခွင့်မရမချင်း ပိတောက်ပန်း တို့ကို မုန်းတီးနေရဦးမည်သာ။ အုတ်ဂူဘေးတွင် ထိုင်ချလိုက်ကာ နာကျင်သော စိတ်နှလုံးဖြင့် စကားလုံးတစ်ချို့ကို နှုတ်ဖြင့် ရွတ်ဆိုမိတော့သည်။

“ကျော်စိုးရယ်.. နင်ငါ့ကို ခုထိ မမေ့သေးဘူးလားဟင်.. လွတ်ရာကျွတ်ရာကို သွားပါတော့လား။ ဒီပိတောက်ပန်းတွေနဲ့ ငါ့ကို တစ္ဆေတစ်ကောင်လို မှီတွယ်မနေပါနဲ့တော့လား။ နင့်ဘဝရဲ့ လွတ်လပ်ရာကို ထွက်ခါသွားပါတော့လား ” သူမ ပါးစပ်က ပလုံးပထွေး အသံထွက်နေမိရင်းက ရှိုက်ကြီး တငင်ဖြင့်  တသိမ့်သိမ့်လှုပ်ကာ ငိုကြွေးနေပါတော့သည်။ 

အုတ်ဂူဘေးတွင်ထိုင်ကာ သည်းသည်းထန်ထန် ငိုကြွေးနေသော သူမကို သုဿန်ရှေ့ ဖြတ်သွားဖြတ်လာ တို့မှာ မြင်လေတိုင်း စိတ်မကောင်းဖြစ်ကြသည်။ လူတိုင်းကလည်း “သက်ထားတစ်ယောက် ကျော်စိုးကို သတိရသဖြင့် ငိုကြွေးနေသည်၊ သက်ထားသည် အလွန်အချစ်ကြီးပြီး ကျော်စိုး ကွယ်လွန်သည်မှာ ၇နှစ်ခန့်ပင် ရှိပြီ ဖြစ်သော်လည်း ယခုထိ သူမမှာ မမေ့နိုင်သေး၊ ကျော်စိုးကို ချစ်စိတ်ဖြင့် သက်ထား တစ်ယောက် ဘယ်သူ့ကိုမှ လက်မထပ်နိုင်သေး” ဟု ဆိုကြကာ ပို၍ သနား ကရုဏာ သက်ကြလေသည်။ စိတ်မကောင်း ဖြစ်ကြသည်။ ပိတောက်ပွင့်ချိန်ရောက်တိုင်း ပိတောက်တွေ တစ်ပင်လုံးဝေနေသော ဒီ ပိတောက်ပင်ကြီးအောက်မှာ လာလာငိုတတ်သည့် သက်ထားအကြောင်းကို လူတိုင်းက သိနေကြလေပြီ။ ပိတောက်ပွင့်ချိန်တွင် မြင်ရသည့် ကြေကွဲစရာ မြင်ကွင်းဖြစ်လေသည်။ အဘယ်ကြောင့် ပိတောက်ပွင့်ချိန် တိုင်း သက်ထားတစ်ယောက် ဒီအုတ်ဂူ ဖြူဖြူဘေးနား လာငိုရပါသနည်း ဟု မေးလာ လျှင် ကျော်စိုးသည် လွန်ခဲ့သော် (၇)နှစ်က ယခုလို ပိတောက်ပွင့်ချိန်တွင် ကွယ်လွန်သွား ခဲ့သောကြောင့် ဖြစ်လေသည်။ 

ထို အုတ်ဂူဖြူဖြူနှင့် ပိတောက်ပင်တို့ ဖြစ်ပေါ်လာရာ ဇာတ်လမ်းမှာ လွန်ခဲ့သော ( ၇)နှစ်က…..

ထိုအချိန်သည် သက်ထားတစ်ယောက် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီး သူမတို့မြို့ကလေးရှိ ဘဏ်တစ်ခုတွင် အလုပ် စဝင်နေချိန် ဖြစ်လေသည်။ ဘွဲ့ရပြီးကာစ အသက် ၂၂ အရွယ် သူမသည် ပျိုမြစ်နုနယ် ချစ်စဖွယ် ချောမောသူလေး ဖြစ်သောကြောင့် သက်ထားကို ပိုးပန်းကြသူ အလွန်များပြားလေသည်။ မိန်းခလေးပီပီ ပန်းကြိုက်တတ်သော သက်ထားသည် သင်္ကြန်အကြိုနေ့မနက်စောစောတွင် သူမတို့အိမ်နှင့် ၃အိမ်ခန့်အကွာရှိ လူမနေသော ခြံကျယ်ကြီးတစ်ခု၏ ခြံစည်းရိုးနားက တစ်ပင်လုံး ပွင့်ဝေနေသော ပိတောက်ပင်ကြီးပေါ်က ပိတောက်ပန်းတွေကို တွေ့မြင်ပြီး အလွန် ပျော်ရွှင်မိလေသည်။ ညတုန်းက မိုးရွာသည်ကို သူမ သတိရလိုက်ပြီး ထိုမိုးကြောင့် ပိတောက်ပန်းတို့ ပွင့်ကြလေပြီ။ သူမ အလုပ်သို့ သွားလျှင် ပိတောက်ပန်းများ ပန်ဆင်သွားလိုသည့်စိတ်ဖြင့် အလုပ်မသွားခင်တွင် ထို ပိတောက်ပင်ကြီးအောက်သို့ ရောက်လာမိတော့သည်။

အပင်ကြီးက အတန်ငယ်မြင့်သောကြောင့် အပင်ပေါ်တွင် ပြွတ်ခဲစွာပွင့်နေသော ပိတောက်ပန်းတို့ကို လိုချင်မိသော်လည်း မည်သို့မည်ပုံ ခူးရမှန်းမသိဖြစ်ကာ သူမအရပ်ဖြင့် ပိတောက်ကိုင်း တစ်ခုတလေကို မှီလိုမှီငြား ခုန်ဆွ ခုန်ဆွဖြင့် လုပ်နေမိတော့သည်။ အနိမ့်ပိုင်းရှိ အကိုင်းများတွင် အပွင့်များ မရှိတော့ပေ။ ကြည့်ရသည်မှာ မနက်ခင်းစောစောတွင် ပိတောက်ပန်းများကို ဈေးတွင် ရောင်းချင်သူများက ဝိရိယကောင်းကောင်းဖြင့် လာခူးသွားကြဟန် ရှိသည်။ မြေပြင်ပေါ်တွင်လည်း သစ်ရွက်စိမ်း တစ်ချို့နှင့် ပိတောက်ပွင့်ကြွေများက ပြန့်ကျဲလို့နေသည့်အတွက် အပွင့်ကြွေတစ်ခုကို ကောက်ယူကာ နမ်းရှိုက်မိတော့ ပိတောက်ပန်း၏ ချိုအီသင်းထုံသော ရနံ့က သူမ နှလုံးသားထိတိုင် မွှေးပျံ့သွားသည်ဟုပင် ထင်မိလေသည်။ 

သို့သော် သူမ လိုချင်သည်က ပိတောက်ပွင့်ကြွေ မဟုတ်ပါ။ အရွက်စိမ်းစိမ်းတို့ ဝန်းရံနေသော ပိတောက်ခက်ကို လိုချင်မိလေသည်။ အပင်ပေါ်ကို မော့ကြည့်ရင်း ထိုပိတောက်ပန်းကို ရနိုင်သည့် နည်းလမ်းကို စဉ်းစားနေမိသည်။ သက်ထားတို့အိမ်နှင့် ထိုပိတောက်ပင်ကြီးရှိရာ လမ်းသည် လမ်းမကြီး မဟုတ်ဘဲ လမ်းသွယ်ကလေးသာ ဖြစ်သောကြောင့် လူသွားလူလာ အတန်ငယ် ရှင်းသည့်လမ်း ဖြစ်လေ သည်။ ထို့ကြောင့် သက်ထားမှာ တစ်စုံတစ်ယောက်ကို အကူအညီ တောင်း ဖို့ တွေ့လိုတွေ့ငြား မျှော်ကြည့် မိသော်လည်း ဖြတ်သွားဖြတ်လာ လူသူမရှိ ဖြစ်နေလေ သည်။ ထိုစဉ်မှာ သူမကို ချစ်ခင် နှစ်သက်လှ ပါချည်ရဲ့ ဆိုကာ ချစ်ကြောင်း၊ ကြိုက်ကြောင်း ဖွင့်ပြောကာ တစ်ဂျီဂျီဖြင့် အဖြေတောင်း ထားသော ကျော်စိုးကို က ထိုလမ်းသွယ်ရှေ့သို့ ဆိုင်ကယ်ဖြင့် ဖြတ်လာရာ ပိတောက်ပင်အောက်မှာ ခုန်ဆွ ခုန်ဆွလုပ်နေသော သွယ့်ကိုမြင်သွားပြီး ဆိုင်ကယ်ကို ရပ်လိုက်ကာ သက်ထားကို “ဘာလုပ်နေတာလဲ”ဟု လှမ်းမေးလေသည်။ တကယ်တမ်းတော့ ကျော်စိုးသည် သူမ အလုပ်သွားမည့်အချိန်ကို မှန်းကာ သူမတို့ အိမ်အနီးမှာ လာစောင့်နေခြင်းသာ ဖြစ်လေသည်။

အမှန်ပြောရလျှင် သက်ထားသည် ကျော်စိုးကို ကို နည်းနည်းလေးမှ စိတ်မဝင်စားပါ။ အသားဖြူဖြူ လူပုံခပ်နွဲ့နွဲ့ ကျော်စိုးမှာ ဆံပင်ရှည်ရှည်ထားတတ်သဖြင့် သူမမျက်စိထဲ မိန်းခလေးဆန်သည်ဟု ထင်ကာ ထိုပုံစံမျိုးကို စိတ်မဝင်စားသော သက်ထားအတွက်တော့ ကျော်စိုးကိုကို ချစ်သူအဖြစ် စိတ်ကူးလို့မရဘဲ သာမန် လူတစ်ယောက်ထက် မပိုခဲ့ပါ။ ကျော်စိုး သူမကို ချစ်ကြောင်း ဖွင့်ပြောခဲ့သည်မှာ ကြာလှပြီ ဖြစ်သော်လည်း သူမဖက်က တစ်ခါမှ စဉ်းစားဖို့ စိတ်ကူးမရှိခဲ့ဖူးပါ။ အခါတိုင်း ဆိုလျှင် ကျော်စိုးကိုကို အဖက်လုပ်ပြီး ပြန်ဖြေချင်မှ ဖြေမည်ဖြစ်သော်လည်း ဒီနေ့တော့ဖြင့် အပင်ပေါ်က ပိတောက်ပန်းတို့ကို လိုချင်စိတ်ကြောင့် အားကိုးရလိုရငြား “ပိတောက်ပန်းလိုချင်လို့” ဟု ပြန်ဖြေ လိုက်မိသည်။ ကျော်စိုးက ဆိုင်ကယ်ပေါ်မှ ဆင်းလာပြီး ဟိုဟိုဒီဒီ လိုက်ကြည့်ကာ ဝါးလုံး သို့မဟုတ် တုတ် တစ်ခုခု တွေ့လိုတွေ့ငြား လိုက်ရှာနေသည်။ သူ့အရပ်မှာလည်း သက်ထားအရပ်နှင့် သိပ်မကွာသည်မို့ အပင်ပေါ်က ပိတောက်ပန်းကို မမှီ့တမှီ။ 

ထိုစဉ် သက်ထားက လက်တွင်ပတ်ထားသော နာရီကို ကြည့်လိုက်မိပြီး အလုပ်သွားရန် အချိန် နီးနေပြီကို သတိရလိုက်မိကာ ဂျင်းဘောင်းဘီနှင့် တီရှပ်ကို ရှိုးအပြည့် ဝတ်ထားသော ကျော်စိုးကိုကြည့်ရင်း “ ကျော်စိုးရယ် အပင်က သိပ်မမြင့်ပါဘူး. နင်အပင်ပေါ် တက်ခူးပေးပါလား” ဟု ပြောမိတော့

“ဟာ.. ငါ သစ်ပင်ပေါ် မတက်ရဲဘူး။ တစ်ခါမှလည်း သစ်ပင်မတက်ဖူးဘူး” ဟု ကျော်စိုးက ပြန်ပြောလေသည်။ 

“အမလေး။ ဖြစ်ရလေတယ်။ ငါက မိန်းခလေးဖြစ်နေလို့။ သစ်ပင်တက်ဖို့ မသင့်တော်လို့။ ထမီကြီးနဲ့ တက်ဖို့လည်း မဖြစ်လို့။ မဟုတ်ရင် တက်ပြီးတာ ကြာပြီ။ ဒီသစ်ပင်တက်တာများ ဘာများ ခက်တာမှတ်လို့။ ဒီခြံစည်းရိုးကနေ တစ်ဆင့် တက်လိုက်ရင် လွယ်လွယ်လေးဟာကို။ ကျော်စိုး နင်က မတက်ရဲရအောင် ယောက်ျားလေး မဟုတ်ဘူးလား။ ငါက အလုပ်သွားရင် ပိတောက်ပန်းလေး ပန်သွားချင်လို့ပါဆိုမှဘဲ ဖြစ်နေလိုက်တာ” 

သူမက စိတ်ပေါက်ပေါက်ဖြင့် ပြောလိုက်မိသော စကားက ကျော်စိုးကို တွေဝေသွားစေပြီး ခဏမျှ စဉ်းစားသလို လုပ်နေကာ “ ကဲ တက်မယ်ဟာ. နင်ဒီလောက် ရချင်တယ်ဆိုမှတော့ ငါတက်ခူးပေးပါ့မယ်” ဟု ပြောလိုက်ကာ စီးထားသော ရှုးဖိနပ်ကို ချွတ်လိုက်ပြီး ခြံစည်းရိုးသံပန်းကို ဖြေးဖြေးချင်း တက်ပြီး သစ်ပင်ခွကြားသို့ ရောက်သွားတော့သည်။ ပုံမကျ ပန်းမကျ အပင်ပေါ်တက်နေသော ကျော်စိုးကို ကြည့်ပြီး သက်ထားစိတ်ထဲ ရယ်ချင်ပက်ကျိ ဖြစ်မိသော်လည်း ကျော်စိုးကို အားနာသဖြင့် အတင်းကို မျက်နှာပိုး သတ်ထားရသည်။ သစ်ပင်ခွကြားပေါ်မှ သစ်ကိုင်းများပေါ် ဆက်တက်ဖို့ တော်တော် ခက်ခဲနေဟန်ဖြင့် ကျော်စိုးမှာ အတန်ကြာ ရပ်တန့်နေသည်ကို တွေ့သဖြင့် “ကဲ နင်မတက်ရဲရင်လည်း ဆင်းခဲ့တော့ဟာ။ ” သူမက စိတ်မရှည်စွာဖြင့် အော်လိုက်တော့ သစ်ကိုင်းတစ်ခုပေါ်ကို တွယ်တက် လိုက်တော့သည်။ ပိတောက်ပင်မှာ အကိုင်း ခပ်နိမ့်နိမ့်တွင် အပွင့်များမရှိဘဲ အနည်းငယ် မြင့်သော နေရာတွင်သာ ပြွတ်ခဲနေအောင် ပွင့်လျှက်ရှိသည့်အတွက် ကျော်စိုးမှာ အကိုင်း ခပ်မြင့်မြင့်ထိ တက်ရလေသည်။ 

အပင်ပေါ်မှလူက မည်သည့်အကိုင်းတွင် ပန်းရှိသည်ကို သေချာ မမြင်ရသဖြင့် အောက်မှ သက်ထားက ဟိုနားမှာ ၊ ဒီနားမှာစသဖြင့် အော်ဟစ်ပေးရသည်။ ကျော်စိုးက ချိုးချပေးလိုက်သည့် ပိတောက်ကိုင်းလေး များကို သူမက လိုက်ကောက်ပြီး တစ်နေရာတွင် စုပုံထားလိုက်သည်။ ပန်းခက်များ များများရနေပြီ ဖြစ်သောကြောင့် ဘုရားတင်ဖို့ပါ သူမက စိတ်ကူးလိုက်မိသည်။ ထို့နောက် အပင်ပေါ်သို့ မော့ကြည့်လိုက်ပြီး “ ကျော်စိုးရေ နောက်တစ်ခက် နှစ်ခက်ဆို တော်ပြီနော်။ နင်ဆင်းခဲ့လို့ရပြီ” ဟု လှမ်းအော်ရင်း မြေပြင်ပေါ် ဆောင့်ကြောင့် ထိုင်ချပြီး စုပုံထားသည့်  ပန်းခက်များကို တယုတယဖြင့် တစ်ခက်ချင်းကို ကောက်ယူကာ ပွေ့ပိုက်နေလိုက်သည်။ 

ထိုအချိန်မှာ သစ်ပင်ပေါ်မှ ပြန်ဆင်းရန် ပြင်နေသော ကျော်စိုးမှာ  မိုးရေကြောင့် ခပ်ချောချော ဖြစ်နေသော အကိုင်းကို နင်းမိသောကြောင့်  ခြေချော်ကာ ဟန်ချက်ပျက်သွားပြီး ပိတောက်ပင်ပေါ်မှ မမျှော်လင့်ဘဲ ဝုန်းကနဲ ပြုတ်ကျလေတော့သည်။ အောက်ကို ငုံ့ကာ ပိတောက်ပန်းခက်များကို ကောက်ယူနေသော သက်ထားသည် ကျော်စိုးကို သစ်ပင်ပေါ်မှ ရုတ်တရက် ပြုတ်ကျသည့်အသံကို ကြားသည်နှင့် အထိတ်တလန့်ဖြင့် ကျော်စိုးရှိရာသို့ အပြေးသွားကာ သွားကြည့်မိတော့ မြေပြင်ပေါ်တွင် ခွေခွေလေး လဲနေသော ကျော်စိုးကို တွေ့လိုက် ရလေသည်။ ကျော်စိုးနာမည်ကို အော်ဟစ်ကာ ပုခုံးနှစ်ဖက်ကို ကိုင်လှုပ်လိုက်ချိန်တွင်တော့ ကံဆိုးလှစွာပင် ကျော်စိုးပြုတ်ကျရာ နေရာတည့်တည့် သူ့ ဦးခေါင်းအောက်တွင် အတန်ငယ်ကြီးသည့် ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရပြီး ထို ကျောက်တုံးဖြင့် ဦးခေါင်း ဆောင့်မိကာ ဦးခေါင်းဆီမှ နီရဲနေသော သွေးများတစ်စိမ့်စိမ့်ထွက်နေသည်ကို မြင်လိုက်ရလေသည်။ သွေးမြင်လျှင် မူးတတ်သည့် သက်ထားမှာလည်း "ကျော်စိုး၊ ကျော်စိုး" ဟု လှုပ်နှိုးနေရင်းဖြင့်ပင် မြေပြင်ပေါ် ခွေလဲ ကျသွားတော့သည်။

သက်ထား သတိရလာသည့်အချိန်တွင် အိမ်ရှိ သူမ၏ အိပ်ရာထက်သို့ ရောက်ရှိနေပြီး သက်ထားညီမ ကေသီက ဝမ်းနည်းဖွယ် အခြေအနေ အားလုံးကို ပြောပြတော့သည်။ ကျော်စိုးကို ကားဖြင့် ဆေးရုံသို့ တင်ခေါ်လာရာ ကျော်စိုး၏ ဦးခေါင်း ဒဏ်ရာမှာ အလွန်ပြင်းထန်သည့်အတွက် ဆေးရုံမရောက်မီပင် ကွယ်လွန်သွားကြောင်းနှင့် ကျော်စိုး မဆုံးမီ သတိတစ်ချက် လည်လာချိန်တွင် "ပိတောက်ပန်းတွေ ပိတောက်ပန်းတွေ" ဟု ကယောင် ကတန်း ရေရွတ် ပြောနေခဲ့ကြောင်း ဆေးရုံ ပို့သူများက ပြန်ပြောပြသည်ကို  ဝမ်းနည်းဖွယ် သိရှိရလေသည်။ ထိုအဖြစ်အပျက်အတွက် သက်ထားနှင့် ကျော်စိုးမှာ ချစ်သူများဖြစ်ပြီး ကျော်စိုးက သက်ထားအတွက် ပိတောက်ပန်း တက်ခူးပေးရင်း အပင်ပေါ်မှ ပြုတ် ကျ သေဆုံး ရသည်ဟု သူမတို့ တစ်မြို့လုံးက ထင်မြင် ပြောဆိုနေခဲ့ကြသည်။ သက်ထား မှာလည်း ကျော်စိုး တစ်ယောက် သစ်ပင်ပေါ်မှ ပြုတ်ကျပြီး ကျောက်တုံးနှင့် ဦးခေါင်းဆောင့်မိတာကို မျက်ဝါးထင်ထင် မြင်လိုက်ရသောကြောင့်လည်းကောင်း၊ သူမကြောင့် လူတစ်ယောက် သေဆုံး ရသည်ဟုဆိုကာ စိတ်မကောင်း ဖြစ်လှသောကြောင့် လည်းကောင်း တစ်လလောက် နေမကောင်းဖြစ်ရလေသည်။ 

သူမ နေမကောင်းဖြစ်နေသည့် ရက်များတွင် ကျော်စိုးသည် သူမထံသို့ ရောက်လာတတ်ပြီး သူ့အားမြုပ်နှံထားသည့် အုတ်ဂူတွင် ပိတောက်ပင်တစ်ပင် စိုက်ပေးပါရန် လာလာပြောသည်ဟု အိပ်မက် မက်လေ့ရှိသည်။ ထိုအိပ်မက်မှ နိုးလာတိုင်းလည်း သူမသည် ကြက်သီးများ ဖြန်းခနဲထကာ ဝမ်းနည်းစွာ ငိုကြွေးမိလေသည်။ အစောတုန်းကတော့ စိတ်စွဲသဖြင့် တစ်ရက်တလေ မက်သည့်အိပ်မက်ဟု ထင်ခဲ့သော်လည်း နေ့စဉ် ရက်ဆက်လိုလို မက်နေသည့်အခါတွင်မူ သူမမှာ ထိတ်လန့်လာပြီး လူကြီးမိဘများကို ဖွင့်ပြောပြသည့် အခါတွင်တော့ အားလုံးက သက်ထား နေမကောင်းသဖြင့် လည်းကောင်း၊ ကျော်စိုးကို စိတ်စွဲလမ်းနေခြင်းကြောင့် လည်းကောင်း အိပ်မက် ကယောင်ခြောက်ခြား မက်နေခြင်းသာဖြစ်သည်ဟု ဆိုကြသည်။ သို့သော် သက်ထားမှာ အိပ်မက်မက်ပြီးတိုင်း ငိုကြွေးလို့သာ နေသဖြင့် သက်ထားနေကောင်းလျှင် ကျော်စိုးအုတ်ဂူမှာ ပိတောက်ပင်တစ်ပင် သွားစိုက်ပေး ကြမည်ဟု ကတိပေးကာ သူမ နေကောင်းသည့်နောက် အိမ်က လူများ အစီအစဉ်ဖြင့် ကျော်စိုး မိဘများကို ခွင့်တောင်းကာ ပိတောက်ကိုင်းခပ်ကြီးကြီးကို ကျော်စိုး၏ အုတ်ဂူဘေးတွင် သွားရောက်စိုက်ပျိုးပေးခဲ့ကြသည်။

ပိတောက်ပင် စိုက်ပြီးသည့်နောက်တွင် အိပ်မက်မက်ခြင်း မရှိတော့သည့်အတွက် သက်ထားမှာ စိတ်သက်သာရသော်လည်း လူတိုင်းက သူမနှင့်ကျော်စိုးကို ချစ်သူတွေဟု အထင်မှား ကြသည်ကို ဖြေရှင်း ချင်စိတ် မရှိဘဲ ဒီအတိုင်း ထားလိုက်တော့သည်။ ကျော်စိုးအုတ်ဂူတွင် သွားရောက် စိုက်ပျိုးခဲ့သည့် ပိတောက်ကိုင်းမှာ ၂နှစ်ခန့်တွင် အပွင့်များ စပွင့်တော့သည်။ ထူးဆန်းသည်မှာ ထိုပိတောက်ပင်မှ ပိတောက်ပန်းပွင့်လေတိုင်း သက်ထားအခန်းထဲတွင် ပိတောက်ပန်းရနံ့ကို ရတတ်သည်။ ပထမတော့ သူမ စိတ်ထင်၍ဟု ထင်ခဲ့သော်လည်း အုတ်ဂူဘေးမှ ပိတောက်ပွင့်တိုင်း သူမနှာခေါင်းထဲတွင် ပိတောက်နံ့ကို အမြဲလိုလို ရလာတတ်သည်။  သူမ မိသားစုများကို ပြောပြတော့လည်း စိတ် အစွဲအလန်းကြောင့် ဖြစ်သည် ဟုသာ ပြောတတ်ကြပြီး သူမ ညီမ ကေသီကလွဲ၍ မည်သူကမျှ မယုံကြည်ကြပေ။ သို့သော် ပိတောက်ပန်းနံ့ကို တစ်ခန်းလုံး မွှေးနေအောင် ရသည့်အခါတိုင်း သုဿန်ကို သွားပြီး ကြည့်လျှင် ကျော်စိုးအုတ်ဂူမှ ပိတောက်ပန်းများ ပွင့်နေသည်မှာ ထူးဆန်းစွာ တွေ့ရလေသည်။ ထိုအဖြစ်အပျက်မှာ လည်း တစ်နှစ်ထဲ မဟုတ်ဘဲ ပိတောက်ပွင့် ချိန် ရောက်တိုင်း နှစ်စဉ်နှစ်တိုင်း သက်ထားတစ်ယောက် ကြုံရလေ့ ရှိသည့် အဖြစ်အပျက် တစ်ခု ဖြစ်လာလေသည်။

တစ်မြို့လုံး ထင်မြင်ယူဆနေသလို သက်ထားနှင့် ကျော်စိုးမှာ ချစ်သူရည်းစားများ လုံးဝ မဟုတ်ကြဘဲ ကျော်စိုးဘက်ကသာ သူမကို ချစ်ခဲ့သည်ဖြစ်ကြောင်း သက်ထား အသိဆုံးဖြစ်သော်လည်း သူမ မဖြေရှင်းချင်တော့ပါ။ ပိတောက်ပွင့်ချိန်တိုင်း သူမအခန်းတွင် ပိတောက်ပန်းနံ့လေးများ ရောက်ရောက် လာတတ်သည်မှာ ကျော်စိုးတစ်ယောက် ယခုအချိန်ထိ သူမကို စိတ်စွဲလန်းနေတုန်း၊ မကျွတ်မလတ် ရှိနေတုန်းဟု သူမ ယုံကြည်မိသည်။ ပြီးတော့လည်း ကျော်စိုးတစ်ယောက် ပိတောက်ပင်မှ လိမ့်ကျပြီး သေဆုံးရခြင်းသည် သူမကြောင့်ဖြစ်သည်။ သူမသာ ပိတောက်ပန်း မခူးခိုင်းလျှင် ကျော်စိုး တစ်ယောက် ခုလို အသက်သေဆုံးရမည် မဟုတ်ဟု ယူကျုံးမရဖြစ်ကာ သူမတွင် အပြစ်ရှိသည်ဟု ခံယူမိသည့်အတွက် ကျော်စိုးသေဆုံးပြီး ယခု ၇နှစ်ခန့် ကြာသည်ပင်လျှက် သက်ထားမှာ သူမကို ချစ်ခင်ပိုးပန်းသော မည်သူ တစ်ဦးတစ်ယောက်ကိုမှ လက်ခံခြင်းမရှိဘဲ နေလာခဲ့သည်။ တစ်စုံ တစ်ယောက်ကို လက်ခံရလောက်လည်း  သူမ စိတ်ထဲတွင် ကျော်စိုးနှင့် ပတ်သက်၍ လိပ်ပြာ မသန့်နိုင်အောင် ခံစားမိလေသည်။

သူမ အလွန်ချစ်ခဲ့သော ပိတောက်ပန်းကို ယခုအခါတွင် မကြည့်ချင် မမြင်ချင်လောက်အောင် ဖြစ်မိသလို ပိတောက်တွေပွင့်ချိန်တိုင်း ရောက်လာတတ်သည့် ပိတောက်နံ့များကို သူမမုန်းပါသည်။ ပိတောက်ပန်းကို လိုချင်စိတ်ကြောင့် လူတစ်ယောက်လုံး အသက်ဆုံးရှုံးရစေသည့် သူမကိုယ်သူမလည်း မုန်းတီးမိသည်။ သူမအခန်းတစ်ခုလုံး ပိတောက်ပန်းနံ့များ လွှမ်းနေအောင် ဖြစ်ပေါ်စေတတ်သည့် တစ်စုံတရာကိုလည်း သူမ ထိတ်လန့်မိသည်။ ထိုအဖြစ်မှ လွတ်မြောက်ချင်မိသော်လည်း ယခုအချိန်ထိ မလွတ်မြောက်နိုင်သေးသည် ကိုလည်း နာကျင်မိသည်။ တကယ်တမ်းတော့ ထိုအဖြစ်အပျက်ဆိုး၊ အိပ်မက်ဆိုးမှ သူမ လွတ်မြောက် လိုလှပါသည်။ ပိတောက်ပန်း မရှိသည့်အရပ်ကို ထွက်သွားဖို့ အကြိမ်ကြိမ် စိတ်ကူးမိသော်လည်း မိဘများက ခွင့်မပြုသောကြောင့် ဒီမြို့ကနေ မထွက်ခွာနိုင်သော သူမအဖြစ်ကိုလည်း စိတ်ဆင်းရဲလှပါတော့သည်။ 

အကယ်၍များ သင်သည် ပိတောက်ပန်းပွင့်ချိန်၊ ဧပရယ်လမျိုးတွင် မြို့ကလေး တစ်မြို့ရှိ သုဿန်တစ်ခုအတွင်း ပိတောက်ပင်ကြီး တစ်ပင်အောက်မှ  အုတ်ဂူဖြူဖြူလေးတစ်ခုဘေးတွင် ရှိုက်ကြီးတငင် ငိုကြွေးနေသူ မိန်းခလေးတစ်ယောက်ကို တွေ့ခဲ့ပါက ထိုမိန်းခလေးမှာ သက်ထားဖြစ်သည်ကို သံယသဖြစ်စရာမရှိပါ။ သက်ထားတစ်ယောက် ပိတောက်ပန်းအိပ်မက်ဆိုး၊ ပိတောက် တစ္ဆေခြောက်ခံရခြင်းမှ လွတ်မြောက်အောင် သင့်ထံတွင် အကြံဥာဏ်ကောင်းများ ရှိပါကလည်း ပေးခဲ့စေချင်ပါကြောင်း အသိပေးလို ပါသည်။





တူညီသော ချစ်ခြင်းတစ်စုံ

လူတိုင်း လူတိုင်းမှာတော့ စိတ်မကြည်မသာ ဖြစ်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊  ၀မ်းနည်း နာကျင်နေတဲ့ အချိန်တွေ တစ်ခါမဟုတ် တစ်ခါတော့ ရှိတတ်ကြမှာဘဲနော်.. အဲဒီအချိန်တွေကို ဘယ်လိုများ ကျော်ဖြတ် ကြပါသလဲ၊ လူတစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်ပုံ၊ ရင်ဆိုင်ကြပုံချင်းတော့ တူကြမယ် မထင်ပါဘူး။ တစ်ချို့ကျတော့ စိတ်ဓာတ်ကျရင်၊ ၀မ်းနည်းနာကျင်ရင် ငိုကြွေးကြတယ်။ အချို့က မိမိမိတ်ဆွေ၊ မိဘ မောင်နှမဆီ ရင်ဖွင့် ပြောပြကြတယ်။ အချို့ကျတော့လည်း စိတ်ခွန်အားဖြစ်မဲ့ စာတွေ၊ စိတ်ကို တည်ငြိမ်စေမဲ့ အဆုံးအမ တရားစာတွေ ဖတ်ကြတယ်။ တရားထိုင်ကြတယ်။  တစ်ချို့ကျတော့ သီချင်းတွေ အော်ဟစ် သီဆို တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နွမ်းချိန်ကို ရင်ဆိုင် ဖြတ်သန်းပုံချင်း မတူညီကြ တာတော့ သေချာလှပါတယ်။

သက်ထား စိတ်ညစ်ရင်၊ စိတ် မကြည်မသာဖြစ်ရင် အေးချမ်းဆိတ်ငြိမ်တဲ့ ရှုခင်းတွေ တမျှော် တစ်ခေါ်ကြီး ကို ငေးမောလို့ ရနိုင်မဲ့ ၊ အချိန်အကြာကြီး ကိုယ့်စိတ်အာရုံတွေကို အဆုံးမရှိ လွတ်ပေးလိုက်လို့ ရတဲ့ နေရာမျိုးမှာ ထိုင်နေရတာကို သဘောကျ နှစ်သက်မိတယ်။ ဒီအချိန်မှာ ဖုန်းတွေကို ပိတ်ချင် ပိတ်ထားမယ်။ ပြင်ပ အဆက် အသွယ်တွေ အကုန်ဖြတ်တောက်လို့ ကိုယ်မသိ၊ ကိုယ်မရင်းနှီးတဲ့ မျက်စိ တစ်ဆုံး မြင်နေရတဲ့ တောင်တန်း ကြီးတွေပေါ်ကို ကျော်ဖြတ်ပြီး  အဝေးဆုံးထိ စိတ်ကို ဖြန့်ကျက်လို့ ခရီးနှင်ရတာက သက်ထားရဲ့ စိတ်အာရုံကို ပြန် လည် လန်းဆန်းလာအောင်၊ စိတ်တွေ ပြန်လည် တည်ငြိမ် လာအောင်  ကုစားတဲ့နည်းတစ်မျိုးပါဘဲ။ အဲဒီချိန်မျိုးမှာ အိမ်ထဲမှာ နေနေတာထက် စာရင် အိမ်ပြင်ပကို ထွက်ပြီး လန်းဆန်း သန့်စင်တဲ့ လေပြေနုထွေး အေးအေးလေးရဲ့ အပွေ့အဖက်ကို ခံယူလို့ ကြည်လင်လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပြီ ဆိုရင် သက်ထားမှာရှိနေတဲ့ သောက စိတ်တွေ အနည်းနဲ့ အများတော့ အေးချမ်းသွားတတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီညနေလဲ တစ်စုံတစ်ရာသော အကြောင်းကြောင့် နောက်ကျိ ညစ်နွမ်းနေတဲ့၊ ၀မ်းနည်းပင်ပန်းနေတဲ့ စိတ် အာရုံတွေကို ဆေးကြောဖို့ ထိုင်နေကျ နေရာလေးတစ်ခုဖြစ်တဲ့ မြစ်ဆိပ်ကမ်းဘေးက တာရိုးလေးကို သက်ထား တစ်ယောက်တည်း ထွက်လာခဲ့မိပါတယ်။ တာရိုးလေးက မြစ်ရေမကျော်အောင် မြေဖို့ထားတဲ့ နေရာပေမဲ့ ကား သွားလို့ရတဲ့အထိ လမ်းအကျယ်ရှိပြီးတော့ တာရိုးတစ်လျှောက်ကိုလည်း အုတ်တံတိုင်း ကာထားပါတယ်။ အုတ်တံတိုင်း ဆိုပေမဲ့လို့ အလုံပိတ်တံတိုင်းမျိုး မဟုတ်ဘဲ အကွက်ကျဲကျဲ ကာထားတဲ့ အရံအတားသဘောမျိုးပါဘဲ။ တံတိုင်းနဲ့ကပ်ရပ်မှာ ထိုင်စရာ ကွန်ကရိ ခုံကလေးများ ခပ်ကျဲကျဲ ရှိနေပြီး တာရိုးပေါ်က လမ်းကလေးကတော့ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးလဲ ဖြစ်ပါတယ်။ အရိပ်ရ အပင်တွေကို အရွယ်ညီညီ စီရီလှပစွာ လမ်းဘေးဝဲယာ စိုက်ပျိုးထားပါတယ်။ သစ်ရွက်စိမ်းတို့ရဲ့ ရနံ့ကလည်း စိတ်ကိုလ တ်ဆတ် ကြည်မြစေနိုင်တယ် မဟုတ်ပါလား။  တာရိုးမှာတော့ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင် ကျယ်ကြီးနဲ့အတူ ပြုပြင်ထားတဲ့ အရွယ်မျိုးစုံ၊ အပင်မျိုးစုံတို့ကို စံနစ် တကျ စိုက်ပျိုး ထိန်းသိမ်းထားတဲ့ အပန်းဖြေစရာနေရာ ရှိပါတယ်။ ပန်းခြံလို့ခေါ်ချင်ပေမဲ့ အပွင့်ပွင့်တဲ့ ပန်းပင်ဆိုလို့ စက္ကူပန်းပင်ကလွဲလို့ ကျန်တာအားလုံးက စိမ်းစိမ်းစိုစို အရွက်ဖားဖား အပင်ကြီး၊ အပင်လတ်တွေ ဖြစ် တာကြောင့် ပန်းခြံလို့လဲ ခေါ်ဖို့ခက်ပါတယ်။ မြို့နေလူထု အပန်းဖြေနားနေစရာ ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အဲဒီ အနားယူစရာ နေရာရဲ့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သဘာဝ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ စားပွဲကြီးတွေ၊ လူတွေ ထိုင်စရာ ကျောက်ခုံတွေ ရှိပါတယ်.. နေ့ခင်း နေ့လည်ဆိုရင် အနားယူသူများ၊ မင်္ဂလာဆောင် အလှဓာတ်ပုံ ရိုက်ကြသူများ၊ ပျော်ပွဲစားထွက်သူများ ရှိနေတတ်ပြီး ညနေခင်းဆိုရင်တော့ လမ်းလျှောက်လာသူများ၊ ကားနဲ့လာပြီး မိသားစုလိုက် အပန်းဖြေ လေကောင်း လေသန့် ရှုကြသူ များနဲ့ မြက်ခင်းပြင်ကြီးမှာရော တာရိုး တစ်လျှောက်မှာပါ စည်ကားလှပါတယ်။ အစား အသောက် ရောင်း ချတဲ့ ဆိုင်ကလေးများလည်း ရှိနေတာကြောင့် အပန်းဖြေလာသူများအတွက် အဆင်ပြေလှပါတယ်။ သက်ထားကတော့ မြစ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ် လာတတ်တဲ့ လေပြေ အေးအေး စိမ့်စိမ့် လေးတွေရယ် ဟိုးအဝေးမှာ အဆုံးမရှိ မြင်နေရတဲ့ တောင်ပြာတန်း ကြီးတွေရဲ့ ညှို့ယူဆွဲဆောင်နိုင်လွန်းတဲ့ အလှအပ ရယ်ကြောင့် ဒီနေရာလေးကို  အလွန် သဘောကျမိ တာပါ ဘဲ။ တွေးချင်တိုင်း တွေး၊  ငေးချင်တိုင်း ငေးလို့ ကောင်း တဲ့ နေရာလေး တစ်ခုဘဲ မဟုတ်လား။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ခုလဲ တံတိုင်းနားက ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဟိုးဝေးဝေးက ဆင့်ကာဆင့်ကာ စီရီလှပစွာ ရှိနေတဲ့ ပြာရီ မှိုင်းမှိုင်း တောင် တံတိုင်းတွေကို ကျော်ဖြတ်လို့ သက်ထားရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်း လွှင့်သွားနေ တဲ့ အချိန်မှာ အနီးနားမှာ ကပ်ပြီး ပေါ်လာတဲ့ အသံတစ်ခုကြောင့် စိတ်နဲ့ကိုယ် ပြန်တွဲမိရက် သား ဖြစ်သွားပါတယ်။ ဒီလို စိတ်တွေ ရွက်လွှင့်သွားလိုက်မိတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သတိမထားလိုက်မိပေမဲ့ မြစ်ပြင် က လေအေးကြောင့် အင်္ကျီလက်တို ဝတ်ထားတဲ့ သက်ထားရဲ့ လက်မောင်း တစ်လျှောက် လုံးတော့ အေးစက်နေ ခဲ့ပါပြီ။ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လမ်းလျှောက်နေကြတဲ့ အသက် ၇ဝကျော် ၈ဝနီးပါး အဖိုးအဖွား စုံတွဲတစ်တွဲ။ အဖိုးအိုက တောင်ဝှေးလေးကို တစ်ဘက်က ကိုင်ထားရင်း လက်တစ်ဘက်က အဖွားအိုရဲ့ လက်ကလေးတွေကို ဖေးမတွဲကူလို့။ အဖွားအိုရဲ့ လက်တွေကလဲ အဖိုးရဲ့ လက်ပေါ်မှာ အားကိုးတကြီး ဆုပ်ကိုင်လို့။ ကြည့်ရတာ နဲ့တင် ကြည်နူးစရာ ကောင်းနေပြီ။ ကြားလိုက်ရတဲ့ အဖိုးအိုရဲ့ အကြင်နာမေတ္တာ အပြည့်နဲ့ အသံကရော သက်ထားရဲ့ အာရုံတွေကို ဆွဲယူသွားခဲ့တာဘဲမဟုတ်လား။ အဖိုးအိုက အဖွားကို ပြောတဲ့စကားက “အဖွားကြီးရေ.. မောနေပြီလား.။ ဖြေးဖြေးလျှောက်နော်.. ထိုင်စရာခုံ တွေ့ရင် ခဏလောက် နားရအောင်.. ရေရော ဆာနေပြီလား.. ထိုင်မဲ့နေရာကျရင် အိတ်ထဲက ရေ တိုက်မယ်နော်” တဲ့။. အဖွားကို ကြည့်ရတာ အနည်းငယ်တော့ မောပန်းနေပုံ ရပါတယ်။

တာရိုးတစ်လျှောက် သက်ထား လိုက်ကြည့်တော့ လူတွေက အတော်များနေတယ်။ ပြီးတော့ ထိုင်ဖို့လုပ်ပေးထားတဲ့ ခုံတွေကလဲ နေရာလွတ် မကျန်တော့အောင် လူတွေအပြည့် ရှိနေပါတယ်။ အထူးသဖြင့်တော့ ငယ်ငယ်ရွယ်ရွယ် စုံတွဲကလေးတွေက ပိုမိုများပြားပါတယ်။ ဒီတော့ မနေနိုင်တဲ့သက်ထားက ကိုယ်လက်ရှိ ထိုင်နေတဲ့ ကွန်ကရိ ခုံကလေးကနေ ထလိုက်ပြီး “အဖိုးနဲ့အဖွား ဒီမှာ ခနလောက်နားပါလား။ သမီး ဒီဘေးက အုတ်တံတိုင်းပေါ် ထိုင်လိုက်မယ်လေ” လို့ ဖိတ်ခေါ်လိုက်ပါတယ်။ အုတ်တံတိုင်းရဲ့ အမြင့်က ခါးလောက်ရှိတာမို့ အဖိုးအဖွားတို့ အတွက် အဆင် မပြေနိုင်ပေမဲ့ သက်ထားအတွက်တော့ ထိုင်လို့ အဆင်ပြေတာကြောင့် ခုံနေရာလေး ဖယ်ပေးပြီး အနီးနားက အုတ်တံတိုင်းပေါ် တက်ထိုင်လိုက်ပါတယ်။ သူမ ကလည်း အိမ်မပြန်ချင်သေးဘူး မဟုတ်လား။

ခုံကလေးပေါ် ထိုင်လိုက်တဲ့ အဖိုးအဖွားတို့ကိုကြည့်ရင်း ဘာရယ်မသိတဲ့ ခံစားချက်လေးတွေနဲ့ စိတ်ဝင်တစား ငေးကြည့်နေမိပါတယ်။ အဖိုးအိုက သူလွယ်လာတဲ့ အိတ်ကလေး ထဲက ရေဘူးလေးတစ်ခု ကို ထုတ်လိုက်ပြီး အဖွားကို တိုက်ပါတယ်။ ဒါပေမဲ့ အဖွားက ငြင်းလိုက်ပြီး အဖိုးကို “အရင် သောက်ပါ” လို့ ပြော လိုက်တော့မှ အဖိုးအိုက ခပ်ပြုံးပြုံးလေး နဲ့ ရေကို မော့သောက်လိုက်ပြီး အဖွားဘက်ကို ပြန်ပေးလိုက်တော့မှ အဖွားအိုက ရေကို ဖြေးဖြေးလေး မော့သောက်ပါတယ်။ အဖွား ရေသောက်နေ တုန်းမှာ အဖိုးအိုက အိတ်ထဲက နောက်ထပ် ပစ္စည်းလေး တစ်ခုကို ဆွဲထုတ်လိုက်ပြန်တယ်.. သူ့လက်ထဲ ပါလာတာက လက်ကိုင် ပုဝါလေး တစ်ထည်။ အဲဒီ လက်ကိုင်ပုဝါလေးနဲ့ ချွေးစို့နေတဲ့ အဖွားရဲ့ နဖူးနဲ့ လည်ပင်းတို့ကို သာသာဖွဖွလေး သုတ်ပေးနေပါတယ်။ “အိုး သိပ်ကို ရိုမန်တစ်ဆန်လှတဲ့ ကြည်နူးဖွယ် မြင်ကွင်းကလေး ပါဘဲလား”  သေချာတာ ကတော့ အဲဒီမြင်ကွင်းကို ကြည့်နေမိတဲ့ သက်ထားရဲ့ မျက်နှာဟာ ကြည်နူးမှုတွေနဲ့ ပြုံးနေမိလိမ့်မယ်လို့ ထင်ပါတယ်။

အဖိုးကိုကြည့်ရတာ သူ့အပြုအမူတွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ဟန် ဘာမှ မတွေ့ရသလို ဒီလို လုပ်ပေးနေတာ ဟာလည်း သူ့အတွက် ဘာမှမထူးဆန်းသလို အမြဲလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေတဲ့ပုံစံမျိုးနဲ့။ သက်တောင့် သက်သာ စေတနာ မေတ္တာအပြည့်နဲ့ပါဘဲ။ အဖွားအိုကရော.. သူ့မျက်နှာပေါ်လည်း အဖိုးကို ချစ်ခင်မြတ်နိုးခြင်း၊ အားကိုးယုံကြည်ခြင်းတွေအပြည့်နဲ့ အဖိုးခုလို လုပ်ပေးနေတာကို ကြည်နူးနှစ်သက်နေတဲ့ အပြုံးကလေးနဲ့အတူ မျက်နှာလေးက အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်နေပေမဲ့လို့ ချစ်ခြင်း မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှန်းစို လင်းလက်လို့ပါဘဲ။ သူတို့ နှစ်ဦးကိုကြည့်ပြီး သက်ထားရင်ထဲက သောက တို့ကိုတောင် ခဏမေ့သွားတယ်လို့ ထင်မိတော့တယ်။

ရေသောက်ပြီး ရေဘူးလေးကို အဖိုးကိုပြန်ပေးလိုက်တဲ့ အဖွားဟာ လက်ကိုင်ပုဝါကို ပြန်ဆွဲယူလို့ အဖိုးအိုကို ယုယ ကြင်နာစွာနဲ့ တစ်လှည့် ပြန်သုတ်ပေးနေပါတယ်.. ပြီးသွားတော့မှ တစ်ယောက်တည်း ထိုင်နေတဲ့ သက်ထား ဘက်ကို လှည့်ကြည့်ပြီး “သမီးက တစ်ယောက်တည်းလား.. အဖော်မပါဘူးလား” လို့ မေးလာပါတယ်။ သက်ထားလဲ “အဖိုးနဲ့ အဖွားတို့လို ပျော်စရာ အဖော် မရှိဘူးလေ” လို့ ရယ်ရွှင်ပြပြနဲ့ နောက်တောက်တောက်လေး လုပ်ကာ ပြန်ဖြေလိုက် ပါတယ်။ သူတို့ ၂ယောက်ကို ကြည့်ပြီး သက်ထားစိတ်ထဲမှာ ရင်းရင်းနှီးနှီးကို ခံစားနေ မိပြီး အလိုလို ရွှင်မြုးနေတဲ့ စိတ်ကလေး ဖြစ်နေခဲ့မိ တာကြောင့်ပါ။ အဖိုးအဖွားတို့က သက်ထားရဲ့စကားကို ခပ်ဟက်ဟက်လေး ရယ်မော လိုက်ကြပါတယ်။ ချစ်ဖို့ တကယ်ကို ကောင်းတဲ့ အဖိုးအဖွား စုံတွဲပါဘဲ။ အဖိုးနဲ့အဖွားကို ကြည့်ရင်း စိတ်ထဲကနေ မေးခွန်းလေးတွေ မေးကြည့်ချင်လာတာကြောင့် စကားစလိုက်မိပါပြီ..

“အဖွားတို့ကို ကြည့်ရတာ အရမ်းကြည်နူးစရာ၊ အားကျစရာကောင်းတယ်နော်..  အိမ်ထောင်သက် ဘယ်လောက် ကြာပြီလဲဟင်”

သက်ထားရဲ့အမေးကို အဖွားက ပြုံးပြုံးကလေးနဲ့ “အဖွားတို့က ငယ်လင်ငယ်မယားတွေ သမီးရဲ့ .. အဖွား ၁၈နှစ် သမီးရဲ့အဖိုး အသက် ၂၂မှာ အိမ်ထောင်ကျတာ ဆိုတော့ အခု အဖွားက ၇၈၊ အင်း နှစ် ၆၀ရှိပြီပေါ့သမီးရယ်.. ” လို့ ပြန်ဖြေပါတယ်..

“သားသမီးတွေရော ဘယ်နှယောက်ရှိလဲ” လို့မေးပြန်တော့ “သား၂ယောက် သမီး၎ယောက်ရှိတယ် သမီးရေ.. အားလုံး အိမ်ထောင်ကျလို့ အဖွားတို့မှာ မြေးတွေချည်း ၂၀ကျော်နေပြီ… အဲ မြစ်တွေတောင် တစ်ချို့ အိမ်ထောင် ကျသူ ကျနေပြီလေ” လို့ပြန်ပြောပါတယ်။ အဖွားရဲ့အသံက အရမ်းကို နူးညံ့ သိမ်မွေ့တာပါဘဲ.. လေသံလေးကလဲ ချိုချိုအေးအေးလေးနဲ့။ ကြည့်ရတာ သူ့တစ်သက်မှာ ကြမ်းကြမ်းတမ်းတမ်း စကားတို့ကိုပင် ဆိုခဲ့ဖူးပုံမပေါ်ပါ..

“အဖွားတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာဘဲနော်.. အဖွားတို့ အိမ်ထောင်သက်မှာ ရန်တစ်ခါမှ မဖြစ်ဖူးဘူးလား” လို့ မေးမိတော့ အဖိုးက ပြန်ဖြေပါတယ်.. “အဖွားက စိတ်ကောင်းတယ် သမီးရဲ့။ အဖိုးက လူငယ် ဘဝတုန်းကတော့ စိတ်ဆတ်တာပေါ့။ ဒါပေမဲ့ အဖိုးစိတ်ဆိုးမယ်ပြင်ရင် သူက အရင် အလျှော့ပေးလိုက်တော့ ဘယ်တော့မှ ရန်ဖြစ်တဲ့အဆင့်ကို မရောက်ပါဘူးကွယ်။ လူနှစ်ယောက်မှာ တစ်ယောက်က တင်းရင် တစ်ယောက်က အလျော့ပေးလိုက်တယ်ဆိုရင် ပြီးသွားတာဘဲ မဟုတ်လား သမီးရယ်  ”

“သူကလဲ အဖွားအပေါ် ညှာတာတာကိုးသမီးရဲ့။ အဖွားကို အော်ဟစ်ဆူပူတာမျိုး မဖြစ်ခဲ့ဖူးတော့လည်း ရန်ဖြစ်တယ် ဆိုတာလည်း ဘယ်ရှိတော့မှာလဲ။ အဓိက ကတော့ နားလည်မှုပေါ့သမီးရယ်.. အဖိုးက အဖွားအပေါ် အမြဲတမ်း နားလည်မှုပေးခဲ့တယ်.. အိမ်ထောင်ဦးစီး ပီပီသသနဲ့ အဖွားကို ငဲ့ညှာတယ်။ ကြင်နာတယ်လေ။. အဖွားတို့ မိန်းမတွေရဲ့ စိတ်က ကိုယ့်ယောက်ျားကို အားကိုးတွယ်တာ တတ်တဲ့ စိတ်မျိုး ရှိတယ် မဟုတ်လား။ ယောက်ျားလုပ်သူက ကောင်းနေရင် မိန်းမတွေကလဲ အိမ်ထောင်ရှင်မ ကောင်း ပီသဖို့ ဘယ် ဝန်လေးတော့မလဲ သမီးရယ်…  ကိုယ်ချစ်လို့ ထူထောင်ထားတဲ့အိမ်ထောင်ရေးကို တစ်သက်လုံး ပျော်ပျော် ရွှင်ရွှင် အေးအေး ချမ်းချမ်းနဲ့ ရိုးမြေကျတဲ့အထိ ဖြတ်သန်းချင်တာလေ.. သမီးအဖိုးကလဲ ဒီလို စိတ်မျိုးဘဲရှိပါတယ်.. ဒီတော့ အဖွားတို့က မချမ်းသာပေမဲ့ ဘ၀ကို နားလည်မှုလေးတွေနဲ့ တည်ဆောက်ကြတော့ စိတ်အေးချမ်းတယ် သမီးရဲ့”  အဖွားရဲ့ လေသံ အေးအေးလေးက သူ့ရဲ့စိတ်လေးလိုပါဘဲ အေးချမ်းလိုက်တာ သူတို့ပြောတဲ့ စကားတွေဟာ အမှန်ဖြစ်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင် သက်ထား ရင်ထဲက ယုံကြည်မိ ပါတယ်။သူတို့ရဲ့ စိတ်သဏ္ဍာန်တွေက  သူတို့ရဲ့ အပြုအမူ ပေါ်မှာတင်မက မျက်နှာပေါ်မှာပါ ဖော်ပြနေ သားဘဲလေ။

“အဖွားတို့အိမ်ထောင်ရေးက သိပ်စိတ်ချမ်းသာစရာ ကောင်းတာဘဲနော် .. နှစ်ယောက်လုံးက ချစ်ဖို့ကောင်းတယ်။ သဘောလည်း ကောင်းလို့လေ။ အဖိုးရဲ့ နားလည်မှုကို ရထားတဲ့ အဖွားက ကံကောင်းသလို အလျှော့ပေးတတ်တဲ့ အဖွားကို ရတာလဲ အဖိုး ကံကောင်းတာပါဘဲနော် ”

သက်ထားက ပြောလိုက်တော့ အဖွားက သက်ထားကို ရင်းနှီးခင်မင်စိတ်ကြောင့် ထင်ပါရဲ့.. မေးခွန်းလေး တစ်ခု ပြန်မေး ပါတယ်..  “ဒီလိုဆို သမီးကရော သမီးရရှိထားတဲ့အချစ်က ဘယ်လို အချစ်မျိုးလဲ.. နားလည်မှုပေးတဲ့ အချစ်လား။ အလျှော့ပေးတဲ့ အချစ်မျိုးလား၊ အဲဒီအချစ်မှာ သမီးကိုယ်တိုင်ကရော စိတ်ချမ်းမြေ့မှု ရရဲ့လား” တဲ့

သူမ ကသာ မေးခွန်းတွေ တောက်လျှောက် မေးလာခဲ့ပေမဲ့ ရုတ်တရက် ပြန်မေးလိုက်တဲ့ အဖွားရဲ့ မေးခွန်းမှာ သက်ထားရဲ့ နှုတ်ခမ်းတွေဟာ ဆွံ့အလို့ သွားခဲ့ပါတယ်။ ပြန်ဖြေစရာ စကား ရှာမရတာနဲ့ဘဲ  ခပ်ပြုံးပြုံးလေးသာ လုပ်နေ လိုက်မိပါတော့တယ်၊ တကယ်တမ်းတော့  အဖွားရဲ့ မေးခွန်းကို သက်ထား သိပ်ဖြေချင်ပါတယ်။ အဲဒီလို ဖြေချင်တဲ့ စကားလုံးလေးတွေ ဟာလည်း “ သမီး ရရှိထားတဲ့ ချစ်ခြင်းမှာ စိတ်ချမ်းမြေ့ပါ တယ်။ ပျော်ရွှင်ကျေနပ်ပါတယ်” လို့ ဖြေချင်ခဲ့မိတယ်။ ဒါပေမဲ့ စိတ်ထဲက တကယ်တမ်း တီးတိုးလေး ပြောနေမိတာက “သမီးလဲ အဖွားလို ကံကောင်းချင် ပါတယ်။ ချစ်ခြင်းမှာ သာယာ ချမ်းမြေ့ချင်တာပါဘဲ အဖွားရယ်။  ဒါပေမဲ့ အဖွားလို ကံမကောင်းခဲ့ပါဘူး”

အကြာကြီး တိတ်ဆိတ်သွားတဲ့ သက်ထားကိုကြည့်ပြီး အဖိုးက “ကဲ... သမီးရေ.. မမှောင်ခင် အဖိုးတို့ ပြန်လိုက်ဦးမယ်.. ညနေတိုင်း အဖိုးတို့က လမ်း လာလာလျှောက် တယ်လေ.. ဟိုးနားလေးက အိမ်မှာနေတယ် သမီးရေ။ ရောက်ရင် ဝင်လာလည်နော်.. သမီးအဖွားက ခုချိန်ထိ အဖိုးကို ဟင်းချက်ကျွေးတုန်း.. သူက ဟင်းချက် သိပ်ကောင်းတာသမီးရဲ့။ လာလည်ရင် သမီးကို အဖွားလက်ရာနဲ့ ထမင်းကျွေးမယ်နော်။” လို့ ပြောလိုက်ရင်း  တောင်ဝှေးကိုကောက်လို့ အရင် ထလိုက်ပြီး လက်ကလေးတစ်ဖက်ကို ကမ်းလိုက်ကာ အဖွား ထနိုင်အောင် ကြင်ကြင် နာနာလေး တွဲထူ လိုက်ပါတယ်။ အတွဲခံရတဲ့ အဖွားရဲ့ လက်ကလေးတွေကလည်း အဖိုးရဲ့ လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်လို့။

“သမီးလဲ တစ်ယောက်တည်း ဆိုတော့ မမှောင်ခင်ပြန်နော်.. အကြာကြီး မထိုင်နဲ့။ မြစ်ဘက်ကနေ  လာတဲ့ လေက အေးတော့ အအေးမိနေဦးမယ်.. နောက်ကို ဟိုနားဘက်ရောက်ဖြစ်ရင် အဖွားတို့ဆီလဲ လာလည်နော်” လို့ လေသံ ချိုချိုအေးအေးလေးနဲ့ အဖွားက သက်ထားကို သံယောဇဉ် ကြီးတတ်စွာ ဝင်ပြောလိုက် ပါတယ်။



တစ်ယောက်လက် တစ်ယောက်တွဲပြီး တစ်ရွေ့ရွေ့ ဝေးကွာသွားတဲ့ အဖိုးနဲ့ အဖွားကိုကြည့်ပြီး ခံစားချက် တစ်မျိုးကြောင့် မျက်ရည်စတစ်ချို့တို့က သက်ထားရဲ့ မျက်ဝန်းအိမ်မှာ ရစ်ဝဲ လာမိပါတယ်။ ကြည်နူးမှုကြောင့် ကျတဲ့ မျက်ရည်လား။ ဘယ်လို ခံစားချက်ကြောင့် ကျတဲ့ မျက်ရည်လဲ ဆိုတာကိုတော့ သက်ထား ကိုယ်တိုင်တောင် ဝေခွဲဖို့ ခက်နေမိပါတယ်။ နားလည်စာနာမှု၊ အလျှော့ပေးသိတတ်မှု၊ ချစ်ခင် ကြင်နာမှုစတဲ့ အရာတွေနဲ့ လှလှပပ ယှက်ဖွဲ့ထားတဲ့ အဖိုးအိုနဲ့ အဖွားအိုတို့ရဲ့ လေးစားအားကျဖွယ် တူညီသော ချစ်ခြင်း မျိုးကိုတော့ မက်မက်မောမော လိုချင်ခဲ့မိသော်လည်း သက်ထားဟာ အချစ်နဲ့ ပတ်သက်လို့  အဖွားလို ကံကောင်းသူ တစ်ယောက် မဖြစ်ခဲ့ကြောင်း ကိုတော့ဖြင့် အဖိုးအဖွားတို့ကို ပြောမပြချင်တော့ပါ။ အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စာနာ နားလည်မှု၊ ဖေးမ ကူညီမှု၊ မြတ်နိုး တွယ်တာမှု၊ လေးစား ချစ်ခင်မှုတွေနဲ့ တည်ဆောက် ထားကြမယ်ဆိုရင် သာယာ လှပတဲ့ ပျော်ရွှင် ချမ်းမြေ့ဖွယ် ချစ်ခြင်းတစ်စုံ ဖြစ်လာမှာတော့ သေချာသားဘဲ မဟုတ်ပါ လားနော်။






လွန်ခဲ့တဲ့ ၂နှစ်က ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုလေးပါ။ စာရေးဖို့ အချိန်မရသေးတာနဲ့ ဒီနေ့တော့ ဒီပိုစ့်လေးကို ပြန်တင် မိပါတယ်။ လူတိုင်းအတွက် တူညီသော ချစ်ခြင်းများကို ပိုင်ဆိုင်နိုင်ကြ ပါစေရှင်။