ရွှေရောင်သေတ္တာလေး



သနားစရာ ကလေးမလေးဟာ အခန်းထောင့်မှာထိုင်ရင်း တရှုပ်ရှုပ်ငိုကြွေးနေပါတယ်… ခရစ်စမတ် သစ်ပင် ထည့်တဲ့သေတ္တာကို အလှဆင်ဖို့ ရွှေရောင် စက္ကူ လိပ်လေးကို ယူဆော့ပစ် လိုက်မိတဲ့အတွက် သူမအဖေရဲ့ အပြစ်ပေးခြင်းကို ခံထားရတာကြောင့်ပါ…. ငွေကြေး ကြပ်တည်း လွန်းနေတဲ့ အခုလို အချိန်မျိုးမှာ ကလေးမလေးရဲ့ ဖြုန်းတီးမှုအတွက် ဖခင်ဖြစ်သူက သီမခံနိုင်လောက်အောင် စိတ်ပျက်သွားမိပါတယ်..ငွေရှာရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ ကလေးမလေးက နားမလည်ဘူးလေ…

သို့ပေမဲ့ နောက်တစ်နေ့မနက် မိုးလင်းတော့ ကလေးမလေးက သေချာထုပ်ပိုးထားတဲ့ ရွှေရောင် လက်ဆောင် သေတ္တာကလေးတစ်ခုကို ယူလာပြီး ” ဖေဖေ ..ဒီထဲမှာ ဖေဖေ့အတွက် လက်ဆောင် သမီးထည့်ထားပါတယ်” လို့ ပြောလိုက်တော့ သူမဖခင်က မနေ့က ကလေးအပေါ် ဒေါသတွေနဲ့ ဆက်ဆံခဲ့မိတာ အပြစ်ပေးခဲ့မိတာကို စိတ်မကောင်း ဖြစ်သွားပါတယ်… လက်ဆောင်ထည့်ထားတဲ့ သေတ္တာ ကို ဖွင့်ကြည့် လိုက်ချိန်မှာတော့ သူ့ရဲ့ ဒေါသအိုးက ပေါက်ကွဲလုနီးပါး ပြန်ဖြစ်လာပါတယ်….သေတ္တာလေးထဲမှာက ဘာမှ မရှိဘဲ ဗလာ သက်သက်သာ ဖြစ်နေပါတယ်..  “တစ်ယောက်ယောက်ကို လက်ဆောင်ပေးရင် တစ်ခုခု ထည့်ပြီးမှ ပေးရတယ် ဆိုတာ မင်းနည်းနည်းမှ မသိဘူးလား ကောင်မလေး” လို့ ကြမ်းတမ်းတဲ့အမူအရာနဲ့ ဒေါသတကြီး ပြောလိုက်မိတယ်…

ကလေးမလေးက မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးလေးနဲ့ သူမရဲ့အဖေကို ကြည့်ပြီး    ”အိုး..ဖေဖေရယ်..သေတ္တာလေးက အလွတ် မဟုတ်ပါဘူး  ဒီထဲမှာ ဖေဖေ့ အတွက် သမီးရဲ့ အနမ်းတွေကို ပြည့်အောင်ထည့်ထားပါတယ်” လို့    ၀မ်းနည်းစွာ ပြန်ပြောပါတယ်…. ဒီအချိန်မှာ ဖခင်ဖြစ်သူက အရုပ်ကြိုးပြတ် ၀မ်းနည်း ပက်လက် ဖြစ်သွားပြီး ဒူးထောက်လှဲပြိုကာ ကလေးမလေးကို ဖက်ပွေ့လိုက်မိရင်းနဲ့ မလိုအပ်ဘဲ ထွက်မိတဲ့ ဒေါသတွေအတွက် ခွင့်လွတ်ဖို့ တတွတ်တွတ် တောင်းပန် နေမိပါတော့တယ်….

သိပ်မကြာခင် အချိန်လေးမှာဘဲ မတော်တဆကြောင့် ကလေးမလေးဟာ လူ့လောကကနေ စောစီးစွာဘဲ ထွက်ခွာ သွားခဲ့ပါတယ်….သူမလေး မရှိတော့ပေမဲ့ ဖခင် ဖြစ်သူကတော့ ရွှေရောင် သေတ္တာလေးကို အိပ်ရာဘေးမှာ သူ့ဘ၀တစ်လျှောက်လုံး သိမ်းဆည်းထားခဲ့တယ်….သူ့ရဲ့ဘ၀မှာ အခက်အခဲတွေ ကြုံလာတိုင်း စိတ်ပျက် အားငယ်စရာတွေ ကြုံလာတိုင်း ရွှေရောင်သေတ္တာလေးကိုဖွင့်ကြည့်မိတယ်…..ဖွင့်ကြည့်မိတိုင်းလဲ ချစ်ခြင်းမေတ္တာအပြည့်နဲ့ စိတ်ကူးအနမ်းလေးတွေကို ထည့် ထားခဲ့တဲ့ ကလေးမလေးရဲ့မေတ္တာကို ခံစားမိရင်း ဘ၀မှာ ကြုံတွေ့နေတဲ့ အခက် အခဲတွေကို ရင်ဆိုင်ဖို့အတွက် ခွန်အားသစ်တွေ အလိုလိုမွေးဖွားလာတယ်…သတ္တိတွေရှိလာတယ်….ချစ်ခြင်းမေတ္တာ ဆိုတာ အစွမ်းထက် လှသလို တန်ဖိုးဖြတ်ဖို့လဲ ခက်လှပါတယ်…



———————————————————————————————–

ကျွန်မတို့ရဲ့ဘ၀မှာလည်း သားသမီးတွေ၊ မိဘတွေ၊ သူငယ်ချင်း မိတ်ဆွေတွေက ပေးထားတဲ့ ရွှေရောင် သေတ္တာလေးတွေ ကိုယ်စီ ရှိကြပါတယ်… အဲဒီထဲမှာ သာမန် မျက်စိနဲ့ကြည့်လို့ မမြင်နိုင်တဲ့ ချစ်ခြင်း မေတ္တာတွေ အနမ်းတွေနဲ့အပြည့်ပါ…ဒီ ရွှေရောင် သေတ္တာလေးတွေကို တန်ဖိုးထား တတ်ဖို့သာ လိုပါတယ်… ပိုင်ဆိုင်သမျှ အဖိုးတန်အရာတွေ ထဲမှာ ဒီ သေတ္တာလေး လောက် တန်ဖိုးဖြတ်မရတဲ့အရာ ဆိုတာ မရှိပါဘူး….အချိန် မနှောင်းခင်လေးမှာ မိမိမှာရှိတဲ့ ရွှေရောင်သေတ္တာလေးကို အချိန်မှီ ဖွင့်ကြည့်ကြစို့ရဲ့နော်……


http://www.dobhran.com/greetings/GRinspire498.htm ကနေဘာသာပြန်ဝေငှပါတယ်ရှင်…


ချော (အစိမ်းရောင်လွင်ပြင်)