သကြားထက် ချိုသောအရာ




အသက်ရနေဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်နေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခုပေါ်မှာ ထိုင်နေပါတယ်..  မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ  အရေးတယူ မရှိကြ.. ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ…. ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့ သူ့ကုတ်အင်္ကျီအဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့ အင်္ကျီမျိုး သူ့အတွက် သိပ်ကို လိုအပ်နေတာတော့ အမှန်ပါ…

ဒီအချိန်လေးမှာ အသက် ၃၅နှစ်ခန့် အမျိုးသမီး တစ်ယောက်ဟာ ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်.. လျှောက်လာရင်းနဲ့  အမျိုးသမီးဟာ သူ့အနားအရောက်မှာ ရပ်တန့်လိုက်ပြီး သူ့ကို ငုံ့ကြည့်လိုက်ကာ “ ဦးလေး.. ရှင်နေကောင်းရဲ့လား”  လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်.. ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်းလွှာက ဖြစ်မယ်ဆိုတာ  အဖိုးအိုက သိလိုက်ပါတယ်.. သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို ၀တ်ဆင် ထားပါတယ်… ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း ဆိုတာကို ဘယ်သောခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါဘူး.. ဒီလို အမျိးသမီး တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိပါ… သူဟာလည်း တစ်ခြား လမ်းသွားလမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ.. ဒါကြောင့်လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ.. ကျုပ်တစ်ယောက်တည်း နေပါရစေလို့ ” အော်ဟစ်ပြီး ပြောလိုက်ပါတယ်..

 အံ့သြစရာက အမျိုးသမီးဟာ ထွက်မသွားဘဲ ဆက်ပြီး ရပ်နေတုန်းပါ….  ညီညာပြီး ဖြူဖွေး လှပနေတဲ့ သွားတွေကို ပေါ်အောင် ပြုံးလိုက်ရင်းက “ ရှင် ဗိုက်ဆာနေသလား ” လို့ သူ့ကို မေးပြန်ပါတယ်… “ မဆာပါဘူး ကျုပ်က သမ္မတကြီးနဲ့ အတူတူ ညစာစားပြီးပြီ ခင်ဗျားသာ ခုချက်ခြင်း ဒီကထွက်သွားစမ်းပါဗျာ ” လို့ ခပ်ရွဲ့ရွဲ့ ပြန်ဖြေ လိုက်ပါတယ်.... အမျိုးသမီးဟာ ထွက်ပြီး မသွားသလို အပြုံးလဲ မပျက်ပါဘူး.. ပြီးတော့ အဖိုးအိုရဲ့လက်မောင်းတွေကို အသာအယာ ဆုပ်ကိုင်လိုက်ပါတယ်.. “ ဟာ ခင်ဗျား ဘာလုပ်တာလဲ ကျုပ်ပြောပြီးပြီ.. ကျုပ်ကို မနှောက်ယှက်ပါနဲ့ ခင်ဗျား ဒီနေရာက ထွက်သွားပါ.. ”  လို့ အဖိုးအိုက ဒေါသတကြီး တုံ့ပြန်ပါတယ်..

 ဒီအချိန်မှာ ရဲအရာရှိ တစ်ယောက် ရောက်လာပြီး “ အစ်မကြီး  ပြဿနာ တစ်ခုခု ဖြစ်နေသလား.. ကျွန်တော် ဘာများ ကူညီပေးရပါမလဲ ” လို့ မေးပါတယ်..  အမျိုးသမီးက  “ ဘာပြဿနာမှ မရှိပါဘူး ရဲအရာရှိကြီးရယ်.. ဒီလူကို ထရပ်နိုင်အောင် ကျွန်မ ကြိုးစားနေတာပါ.. ကျွန်မကို တစ်ဆိတ်လောက် ကူညီပေးပါလားရှင်..  ” ရဲအရာရှိဟာ သူ့ခေါင်းကို ကုတ်လိုက်ရင်း “ ဒီအဖိုးကြီး ဂျက် ဟာ ဒီနေရာမှာ နေလာတာ နှစ်တော်တော် ကြာပါပြီ..  သူဟာ ဘယ်သူ့ကိုမှတော့ ဒုက္ခ မပေးခဲ့ပါဘူး..  သူ့ကို ဘာများလုပ်မလို့ပါလဲ ” လို့မေးလိုက်ပါတယ်..

 “ရှင် ဟိုနားက ကော်ဖီဆိုင်လေးကို တွေ့တယ်မဟုတ်လား.. ကျွန်မ သူ့ကို အဲဒီဆိုင်လေးထဲကို ခေါ်သွားပြီး တစ်ခုခု ကျွေးချင်တယ်... ပြီးတော့လဲ ဒီလောက်ချမ်းအေးလွန်းတဲ့ ရာသီဥတုဒဏ်ကနေ ခနလေးဖြစ်ဖြစ် သူ့ကို လွတ်မြောက်စေချင်တယ်.. ”

“ ခင်ဗျား ရူးနေသလား ကျုပ် အဲဒီအထဲကို မသွားချင်ဘူး  ” ပြောနေရင်းမှာဘဲ သူ့ကို သန်မာတဲ့ လက်နှစ်ဖက် တွေနဲ့ ဆွဲထူမခြင်းကို ခံလိုက်ရပါတယ်.. “ ရဲအရာရှိကြီး ကျုပ်ကိုလွှတ်ပါဗျ.. ကျုပ်အေးအေး ဆေးဆေး နေပါရစေ.. ကျုပ်ဘာအမှားမှလဲ လုပ်ထားတာ မဟုတ်ဘူး ” လို့ အဖိုးအို ဂျက်ဟာ အကြောက်အကန် ငြင်းမိပါတယ်..

 “ ခင်ဗျားအတွက် အကောင်းဆုံး အခြေအနေကို ဖန်တီး ပေးတာနေတာကို မမိုက်မဲချင်စမ်းပါနဲ့”  ရဲအရာရှိက ခပ်ထန်ထန် သူ့ကို ပြန်ပြောပါတယ်..  နောက်ဆုံးတော့ အမျိုးသမီးကြီးနဲ့ ရဲအရာရှိဟာ ခက်ခက်ခဲခဲနဲ့ သူ့ကို ကော်ဖီဆိုင်လေးထဲကို ရောက်အောင် ဆွဲခေါ်လာနိုင်ခဲ့ပြီး ဆိုင်ရဲ့ အတွင်းဘက် ခပ်ကျကျ ကောင်တာအနီးမှာ သူ့ကို ထိုင်စေလိုက်ပါတယ်.. အချိန်က မနက်စာ စားချိန်ကျော်သွားပြီး နေ့လည်စာစားချိန်လဲ မရောက်သေးတဲ့ အတွက် ဆိုင်အတွင်းထဲမှာတော့ လူသူ ရှင်းလင်းနေပါတယ်..  ဆိုင်ရဲ့ မန်နေဂျာဖြစ်သူဟာ စားပွဲတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ စားပွဲမှာ လာရပ်ပြီး မေးပါတယ်.. “ ရဲအရာရှိ ခင်ဗျာ.. ဘာများဖြစ်လို့ပါလဲ.. ဒီအဖိုးကြီးက ခင်ဗျားတို့ကို ဒုက္ခများပေးနေလို့လား ”

“ ဘာမှ ဒုက္ခ မပေးပါဘူး… သူ့ကို ဒီအစ်မကြီးက ကျွေးမွေးဖို့ ခေါ်လာတာပါ.. ”  ရဲအရာရှိရဲ့ စကားအဆုံးမှာ    “ အိုး ဒီနေရာဟာ ဒီလိုလူမျိုးတွေနဲ့ သင့်တော်တဲ့နေရာ မဟုတ်ပါဘူးခင်ဗျာ.. ကျွန်တော်တို့ ဆိုင်ဟာ လူကြီးလူကောင်းတွေ ၀င်ထွက်သွားလာ စားသောက်တဲ့ ဆိုင်ဖြစ်ပါတယ်.. ဒီလိုလမ်းပေါ်က လူတစ်ယောက်က ကျွန်တော်တို့ ဆိုင်ထဲမှာ လာစားနေတာ သူများတွေ တွေ့သွားရင် ဆိုင်ရဲ့ စီးပွားရေးကို ထိခိုက်ပါလိမ့်မယ်…”  လို့ ဆိုင်မန်နေဂျာက ပြောလိုက်ပါတယ်..

“ ကဲ အမျိုးသမီး ခင်ဗျားတွေ့တယ် မဟုတ်လား.. ကျုပ်ပြောခဲ့သားဘဲ .. ဒီလိုနေရာကို ကျုပ်မလာချင်ပါဘူးလို့.. ကျုပ်သွားတော့မယ်.. ဒီလိုနေရာမျိုးကိုလဲ ဘယ်တော့မှ ထပ်မလာဘူး.. ” အဖိုးအို ဂျက်က သွားတစ်ချောင်းမှ မရှိတော့တဲ့ နှုတ်ခမ်းတွေကို ဖွင့်ဟရင်း ဒေါသဖြစ်စွာ ပြောလိုက်ပါတယ်..

အမျိုးသမီးဟာ ဆိုင်ရဲ့ မန်နေဂျာကို သေချာကြည့်လိုက်ပြီး  ပြုံးပြလိုက်ရင်းက “  မန်နေဂျာ..  ရှင် ဒီလမ်းမကြီးပေါ်မှာ ရှိတဲ့ အက်ဒီ နှင့် အဖွဲ့ရဲ့ ဘဏ်လုပ်ငန်းစုကြီးကို သိတယ် မဟုတ်လား. ”   လို့ မေးလိုက်ပါတယ်.. ဒီတော့ မန်နေဂျာက စိတ်မရှည်တဲ့လေသံနဲ့ “ သိပါတယ်.. သူတို့ဟာ အပတ်စဉ်တိုင်း ကုမ္ပဏီ အစည်းအဝေးကို ကျွန်တော်တို့ဆိုင်ရဲ့ အထူးခန်းမှာ အမြဲ လုပ်ပါတယ်.. ဘာဖြစ်လို့ပါလဲ ” လို့ပြန်ဖြေပါတယ်..

အမျိုးသမီးက  “ ဒါဆိုရင် သူတို့ရဲ့ အပတ်စဉ် အစည်းအဝေးကြောင့် ရှင်တို့ဆိုင်ရဲ့ အစားအသောက်တွေ ပိုပြီး ရောင်းခဲ့ရတဲ့ အတွက် သူတို့ဟာ ရှင်တို့ ဆိုင်ကို တစ်ဘက်တစ်လမ်းက အကျိုးပြုနေတယ် ဆိုတာတော့ ရှင်လက်ခံတယ် မဟုတ်လား.. ”

“အဲဒီကိစ္စ  ခင်ဗျားနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်.. ” မန်နေဂျာက ဒေါသထွက်လာပုံ ရတဲ့ လေသံနဲ့ ပြန်ပြောပါတယ်..

 “ကျွန်မက အဲဒီ ဘဏ်လုပ်ငန်းစုရဲ့ အမှုဆောင် အရာရှိချုပ် မစ္စ ပင်နီလုပ် အက်ဒီ ပါ.. ”

 “ဗျာ…. ”   မန်နေဂျာရဲ့ အမူအယာက ချင်ခြင်းဘဲ ပြောင်းလဲသွားပါတယ်..

အမျိုးသမီးက နောက်တစ်ကြိမ် ထပ်ပြုံးလိုက်ရင်း “ကျွန်မက ခါတိုင်းလုပ်တဲ့ အဲဒီပွဲနဲ့ မတူတဲ့ စားသောက်ပွဲလေး တစ်ခုကို အခု လုပ်ချင်ပါတယ်.. ရှင်တို့ဆိုင်ရဲ့ အကောင်းဆုံး စားသောက်ဖွယ်ရာတွေ ယူလာခဲ့ပါ.. ”

စားပွဲမှာ ရပ်နေဆဲဖြစ်တဲ့ ရဲအရာရှိကို တစ်ချက်ကြည့်လိုက်ပြီး “ ရဲအရာရှိကြီးကိုလည်း   ကျွန်မတို့နဲ့အတူတူ စားသောက်ဖို့ ဖိတ်ခေါ်ပါတယ်.. ”

 “တော်ပါပြီခင်ဗျာ ကျေးဇူးပါ.. ကျွန်တော်က တာဝန်ချိန်တွင်း ဖြစ်နေပါတယ်….”

“ဒါဆိုရင် အပြန်ကို ကော်ဖီတစ်ခွက်လောက်တော့ ယူသွားပါရှင်.. ”

“ကောင်းပါပြီဗျာ .. ကော်ဖီတော့ ယူသွားပါ့မယ်.. ”  

ရဲအရာရှိစကား အဆုံးမှာ မန်နေဂျာက

“ကျွန်တော် ရဲအရာရှိ ယူသွားဖို့အတွက် ကော်ဖီ တစ်ခွက် ယူလာပေးပါ့မယ်.. ဒီဝိုင်းအတွက်လဲ အကောင်းဆုံး အစားအသောက်တွေကို ယူလာခဲ့ပါ့မယ် ခင်ဗျာ ” လို့ပြောပြီး မန်နေဂျာက စားပွဲကနေ ထွက်ခွာသွားပါတယ်..

မန်နေဂျာ ပြန်အထွက်ကိုစောင့်ပြီး ရဲအရာရှိက အမျိုးသမီးကို “ ခင်ဗျား သူ့ကို လူမှန်နေရာမှန် ဖြစ်အောင် လုပ်ပေးလိုက်တာဘဲ ” ဟု လှမ်းပြောလိုက်ပါတယ်..

“ ကျွန်မ ဒီလိုတော့ မရည်ရွယ်ပါဘူး… ကျွန်မ  အနေနဲ့ အန်ကယ် ဂျက် ကို ဒီခေါ်လာတာ အကြောင်း အများကြီး ရှိပါတယ်..”  ပြောရင်းက အမျိုးသမီးဟာ ထိုင်ခုံပေါ် ထိုင်ချလိုက်ပါတယ်.  အဖိုးကြီးဘက်ကို လှည့်ပြီး စကား စတင်ပြောပါတယ်.. 

“ အန်ကယ် ဂျက် ရှင်ကျွန်မကို မှတ်မိလား.. ”

အဖိုးအို ဂျက်ဟာ အမျိုးသမီးကြီးရဲ့ မျက်နှာကို သေသေချာချာ စူးစမ်းစွာကြည့်နေရင်းက “ ကျုပ်ထင်တာ.. ခင်ဗျားဟာ ကျုပ်ကို ရင်းရင်းနှီးနှီး သိနေပုံဘဲ”

“ဟုတ်ပါတယ် .. ကျွန်မရုပ်ရည်က ဟိုတုန်းကထက် ရင့်ရော်သွားခဲ့ပါပြီ.. အခုအချိန်မှာ ငွေကြေးဥစ္စာ အရာရာ ပြည့်စုံကောင်း ပြည့်စုံနေပြီလို့ ဆိုနိုင်ပေမဲ့ ကျွန်မရဲ့  ငယ်စဉ်ကာလ  ရှင် ဒီဆိုင်မှာ အလုပ်လုပ်ခဲ့တဲ့အချိန်  အေးခဲနေတဲ့ ခုလိုရာသီမျိုးမှာ ကျွန်မဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတကာ လျှောက်ပြီး အစားလေး တစ်လုပ်အတွက် အလုပ်တောင်းခဲ့ရဖူးတဲ့ အချိန်တွေကို ဘယ်တော့မှ မမေ့ပါဘူးရှင်…”

“ အစ်မကြီး” 

ရဲအရာရှိထံမှ အံ့သြတကြီး လေသံက လွှတ်ခနဲ ထွက်ကျလာပါတယ်.. ဒီလို ဂုဏ်သရေရှိ အမျိုးသမီး တစ်ယောက်ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားခဲ့ ဖူးတယ် ဆိုတာကို သူဘယ်လို လုပ်ပြီး ယုံနိုင်မှာလဲ..

အမျိုးသမီးက သူ့ဘ၀နောက်ကြောင်းကို စတင်ပြီး ရှင်းပြပါတယ်.. “ ကျွန်မဟာ အဲဒီအချိန်က ကောလိပ်ကျောင်းက ထွက်လာကစ ဒီမြို့ကလေးကို အလုပ်ရှာဖို့ ရောက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့  အလုပ်တစ်ခုတစ်လေမှကို  တော်တော်နဲ့ ရှာလို့မရခဲ့ပါဘူး.. ဘယ်သူကမှ အလုပ်မခန့်ခဲ့ကြပါဘူး… နောက်ဆုံးတော့ လက်ထဲမှာ ပြားစေ့လေး အနည်းငယ်က လွဲလို့ ဘာမှ မကျန်တော့တဲ့အခါ ကျွန်မ ငှားနေတဲ့ အခန်းပိုင်ရှင်က အခန်းငှားခ မပေးနိုင်တော့တဲ့ ကျွန်မကို မောင်းထုတ်လိုက်ပါတယ်.. ဒီလိုနဲ့.. ဖေဖော်ဝါရီလရဲ့ ပြင်းလွန်းတဲ့ အအေးဒဏ်အောက်မှာ ခိုနားရာမရှိ၊ ငတ်ပြတ်ဆင်းရဲစွာနဲ့ လမ်းတွေပေါ်မှာ လျှောက်သွားနေခဲ့ရင်း ဒီနေရာလေးကို စားစရာ တစ်ခုတစ်လေ ရလို ရငြား ရောက်လာခဲ့ပါတယ်.. ”

အဖိုးကြီးဂျက်ဟာ  ပါးစပ်ကို ဟလိုက်ပြီး “  အိုး ကျုပ်မှတ်မိပြီ… ကျုပ်ဟာ ဟိုနားက ကောင်တာမှာ ရပ်နေခဲ့တယ်. ခင်ဗျားက ကျုပ်ကိုမေးတယ်.. အစားအသောက် နည်းနည်းပေးပါ.. ဆိုင်မှာရှိတဲ့ အလုပ်ကို လုပ်ပေးပါ့မယ်လို့ ပြောခဲ့တယ်လေ. ကျုပ်က ဆိုင်ဝန်ထမ်းမဟုတ်တဲ့ အပြင်လူကို အလုပ်ခိုင်းတဲ့ အချက်ဟာ ဆိုင်ရဲ့ စည်းကမ်းချက်ကို ဖောက်ဖျက်ရာ ကျတဲ့အတွက် အလုပ် မပေးနိုင်ကြောင်း ပြောခဲ့တယ်လေ။ ”

“ဟုတ်ကဲ့ .. ကျွန်မသိပါတယ် အန်ကယ်ဂျက်.. ပြီးတော့ ရှင်ဟာ ကျွန်မ တစ်သက် မြင်ဖူးသမျှထဲမှာ အကြီးဆုံးဖြစ်တဲ့ အသားညှပ် ဆင်းဒ၀စ်ကြီးတစ်ခုနဲ့ ကော်ဖီ တစ်ခွက်ကို ပေးပြီးတော့ ဟိုထောင့်နားက စားပွဲမှာ သွားထိုင်စားပါလို့ ပြောခဲ့တယ်. ကျွန်မက ရှင် ကျွန်မကြောင့်  ပြဿနာတစ်ခုခု ဖြစ်မှာကို စိုးရိမ်နေခဲ့ပေမဲ့ ရှင်က ကျွန်မ အတွက် ကျသင့်ငွေကို ကောင်တာမှာ သွားရှင်းနေတာ တွေ့လိုက်ပါတယ်.. ဒီတော့မှ အားလုံး အဆင်ပြေသွားပြီဆိုတာ သိမှ စိတ်ချလက်ချနဲ့ အစားကို စားနိုင်ခဲ့တယ်.. ”

“ခင်ဗျား ဒီနောက်ပိုင်း အလုပ်ရသွားခဲ့သလား.. ”  အဖိုးဂျက်က အမျိုးသမီးကြီးကို မေးလိုက်ပါတယ်..

“ဟုတ်တယ်.. သိပ်မကြာခင်မှာ ကျွန်မဟာ အလုပ်တစ်ခုကို ရလိုက်တယ်.. အလုပ်လုပ်တဲ့ အခါ သူများတွေထက်ပိုပြီး အလုပ်မှာ စေတနာထားတယ်.. ကြိုးစားတယ်.. ကျွန်မက ငတ်ပြတ်တဲ့ ဘ၀ကို ရောက်ခဲ့ဖူးတော့ ဒီဘ၀ကို ပြန်မသွားချင်ဘူးလေ.. ဒီတော့ ဘာလုပ်သလဲ... သူများထက် ပိုကြိုးစားရတာပေါ့ ကျွန်မရဲ့ လုံ့လ ၀ရိယကောင်းမှုကြောင့် မကြာခင်မှာ ကိုယ်ပိုင်လုပ်ငန်း တစ်ခုကို ထူထောင်လာနိုင်ခဲ့တယ်.. ကံတရားရဲ့ ဖေးမမှုလဲ ပါတာပေါ့လေ.. ”  အမျိုးသမီဟာ သူမရဲ့ ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိုက်ပါတယ်.. ပြီးတော့ လိပ်စာကဒ်ပြားလေး တစ်ခုကို ဆွဲထုတ်လိုက်ရင်းက

“ရှင် ဒီမှာ စားသောက်ပြီးစီးတဲ့အခါ ဒီလိပ်စာလေးအတိုင်း ရောက်အောင်သွားပြီး ကျွန်မရဲ့ ကိုယ်ရေးအရာရှိနဲ့ သွားတွေ့စေချင်တယ်.. ကျွန်မတို့ ကုမ္ပဏီမှာ ရှင့်အတွက် သင့်တော်တဲ့ အလုပ်တစ်နေရာကို သူ စီစဉ်ပေးလိမ့်မယ်.. ပြီးတော့ ရှင့်အတွက် အ၀တ်အစားဝယ်ဖို့၊ နေထိုင် စားသောက်ဖို့ ငွေတစ်ချို့ကို သူ ထုတ်ပေးလိမ့်မယ်.. ရှင် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်တဲ့ တစ်နေ့အထိ ထောက်ပံ့ပါလိမ့်မယ်.. ရှင် ဘယ်လို အကူအညီဘဲ လိုလို ကျွန်မဆီ လာခဲ့ပါ… ကျွန်မ ရှင့်အတွက် အမြဲတမ်း တံခါးဖွင့်ထားပါတယ် အန်ကယ်ဂျက်.. ”

အဖိုးအို ဂျက်ရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာရင်းက   “ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူးဗျာ”

“ကျေးဇူးတင်ဖို့ မလိုပါဘူး အန်ကယ် ဂျက်ရယ်.. ကူညီထိုက်သူကို ကူညီရတာ ၀မ်းမြောက်စရာပါ..  ရှင့်ရဲ့ စာနာ ထောက်ထား တတ်တဲ့ စိတ်ထားလေးကို ကျွန်မဘယ်တော့မှ မမေ့ပါဘူး.. ရှင်ကျွေးခဲ့တဲ့ ဆင်းဒ၀စ်နဲ့ ကော်ဖီတစ်ခွက်ဟာ ကျွန်မဘ၀မှာ တန်ဖိုးအကြီးဆုံး အရာတွေပါ… ဘယ်လိုမှ တန်ဖိုးဖြတ်လို့မရပါဘူး.. ကျွန်မကို ခုလို ကူညီတတ်ခြင်းရဲ့ လမ်းစကို လမ်းပြခဲ့တဲ့သူကလဲ အန်ကယ်ဂျက် ကိုယ်တိုင်ပါ”

စားသောက်နေတဲ့ အဖိုးအိုဂျက်ကို နှုတ်ဆက်ပြီးနောက် အမျိုးသမီးနဲ့ ရဲအရာရှိဟာ ကော်ဖီဆိုင်ရဲ့ အပြင်ဘက်ကို ထွက်လာ ကြပါတယ်.. ဆိုင်ရှေ့အရောက်မှာ တစ်ယောက်တစ်လမ်း ထွက်ခွာမသွားခင် ဆိုင်အ၀နားမှာ ခေတ္တရပ်ပြီး  အမျိုးသမီးဟာ ရဲအရာရှိကို ကျေးဇူးတင်စကား ဆိုပါတယ်..

“ ရှင့်ရဲ့ အကူအညီအတွက် ကျေးဇူးအထူး တင်ပါတယ် ရဲအရာရှိမင်းရယ်.. ”

“အိုး ကျေးဇူးတင်ဖို့ မလိုပါဘူး မစ္စ အက်ဒီ.. ကျွန်တော်ကတောင် ကျေးဇူးတင်ရမှာပါဗျာ.. ကျွန်တော် ဒီနေ့ သိပ်ထူးဆန်း အံ့သြစရာ အဖြစ်အပျက်ကလေးကို တွေ့လိုက်ရပါတယ်.. ဘယ်တော့မှ မေ့နိုင်မဲ့ အဖြစ်အပျက်လဲ မဟုတ်ပါဘူးဗျာ.. ကျွန်တော့ ရင်ထဲကို တော်တော် ထိပါတယ်..  ခင်ဗျားရဲ့ ကော်ဖီအတွက်လဲ ကျေးဇူးပါ မစ္စ အယ်ဒီ.. ”

ရဲအရာရှိရဲ့ လက်ထဲက ကော်ဖီခွက်ကို သတိရလိုက်မိတဲ့ အမျိုးသမီးဟာ  “အိုး ရှင် ကော်ဖီကို ဘယ်လို သောက်တယ် ဆိုတာ မေးဖို့ ကျွန်မ မေ့သွားတယ် အခု ယူလာတာ ဘလက်ကော်ဖီ သက်သက်ဘဲ ထင်တယ်.. နို့ ဖြစ်ဖြစ် သကြားဖြစ်ဖြစ် ထပ်ယူမလား. ”

ရဲအရာရှိဟာ လက်ထဲက ကော်ဖီခွက်ကို ငုံ့ကြည့်လိုက်ရင်းက ပြုံးလိုက်ပြီးတော့ “ကျွန်တော့ အတွက် သကြားတွေ နို့တွေ မလိုတော့ ပါဘူးဗျာ.. ဒီနေ့ ခင်ဗျား အန်ကယ် ဂျက်ကို ပေးလိုက်တဲ့ စေတနာမေတ္တာတွေက အဲဒီအရာတွေထက် ချိုပါတယ်.. တန်ဖိုးကြီးလှပါတယ်.. စေတနာ မေတ္တာ နဲ့ ကျေးဇူးသိတတ်ခြင်းဆိုတဲ့ အရာတွေဟာ ဘယ်အရာနဲ့မှ မတူအောင် ချိုမြိန်လွန်းလှပါတယ်.. ကျွန်တော့ ရင်ထဲမှာလဲ ဒီအချိုဓာတ်တွေ ကူးစက်ပြီး နောက်ထပ် ဘယ်လို သကြားမှ မလိုတော့ပါဘူးဗျာ..” လို့ ပြောလိုက်ပါတော့တယ်..
-----------------------------------------------------------------------------------------------------------------------------------

ကျွန်မတို့တွေရဲ့ ဘ၀မှာရော သကြားထက်ချိုတဲ့ အရာများကို မိမိမိတ်ဆွေ၊ မိမိပတ်ဝန်းကျင်ကနေ ရရှိခဲ့ဖူးပါရဲ့လား.. ကိုယ့်ဘက်ကရော ပြန်ပေးဆပ်ဖူးပါပြီလား... ဇာတ်လမ်းလေးထဲက အမျိုးသမီးရဲ့ အလုပ်အပေါ် ထားတဲ့ စိတ်ဓာတ်၊ ဇွဲလုံ့လနဲ့ ကြိုးစားခဲ့တဲ့ စိတ်ဓာတ်တွေက အတုယူစရာ လေးစားအားကျစရာ ကောင်းလှပါတယ်နော်.. အလှပဆုံးကတော့ ကျေးဇူးသိတတ်တဲ့ စိတ်ဓာတ်လေးပါ.. ရဲအရာရှိ ပြောသလိုပါဘဲ.. စေတနာ မေတ္တာ အပြည့်နဲ့ ကျေးဇူးသိတတ်ခြင်းက သကြားထက်ကို ချိုမြိန်လှပါတယ်.. ကျွန်မတို့လဲ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်အပေါ်ကျေးဇူးရှိသူများ၊ ကိုယ်နဲ့ ဆက်ဆံနေရတဲ့ လူတွေအပေါ်မှာ သကြားထက် ချိုမြိန်တဲ့ အရာတွေကို ပေးနိုင်ဖို့ ကြိုးစားကြပါဦးစို့ရှင်..


Great-inspirational မှ Kindness (Unknown Author) ကို ဘာသာ ပြန်ပါသည်...


ချော(အစိမ်းရောင်လွင်ပြင်)

18 Responses to “သကြားထက် ချိုသောအရာ”

seeseinshin said...

ဘာသာပြန်တတ်ချင်လိုက်တာ အရမ်းကို အားကျပါတယ်
စာကောင်းလေးတွေအတွက် ကျေးဇူးပါ

ခင်တဲ့
seesein

ဟုတ်တယ်.. .
ပီတိ ဆိုတာ သကြားလိုပဲ.ချိုမြိန်ပါတယ်.

ကိုချမ်း said...

အစ်မ ကျွန်တော် ဖတ်သွားတယ်နော်...အမြဲတမ်း ၀င်ဖတ်မယ်နော်..

သကြားထက်ချိုတဲ့ အရာလေးတွေ တွေ့ဖို့ ကိုယ်ကိုယ်တိုင်ကလည်း အရင် ပေးနိင်အောင် ကြိုးစားရမယ် မဟုတ်လား။
မချောက ဘာသာပြန်အားကောင်းတယ်နော်။
ခင်မင်လေးစားလျက်။

ကောင်းလိုက်တာဗျာ...
တကယ်ပါပဲ ..ကိုယ့်ပေါ်ပြုဖူးသူ့ကျေးဇူး အထူးသိတတ်စေ ဆိုတဲ့ ..ဆုံးမစာလေးကို ကြားလာမိတယ်..
တစ်ဦးက မေတ္တာ တစ်ဦးကစေတနာ..ပေါ့နော်....
မှတ်သားစရာမို့ မှတ်ထားလိုက်ပါတယ်ခင်ဗျာ...
ပျော်ပါစေ
*.*.*

kokomaung said...

တစ်ခါကျွေးဖူးသူ့ကျေးဇူးကို သိတတ်တဲ့ အမျိုးသမီးအတွက် ဂုဏ်ယူမိတယ်။ ပြီးတော့ သူကြိုးစားအားထုတ်ခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေကိုလဲ လေးစားတယ်။
သင်ခန်းစာတွေပေါ့ အမ။

ခေါ်န် said...

အရမ်းကောင်းတယ်အမ။။
ဖတ်ရတဲ့ အတွက်လဲ အရမ်းကျေးဇူးတင်ပါတယ်။။
လူတိုင်းလူတိုင်းသာ အဲဒီအမျိုးသမီးလိုကျေးဇူးသိတတ်ရင် အရမ်းကောင်းမှာပဲနော်။။
...................ကမွှေး..........................

ကိုဖြိုး said...

ရေလည်မိုက်တယ်။
ကျေးဇူးပါ အမရေ...။ :)

အခုလိုကျေးဇူးမမေ့တတ်တဲ့သူမျိုးကအရမ်းရှားတယ်နော်.။ အောင်မြင်တဲ့အချိန်မှာပိုလို့မေ့သွားတတ်ကြတယ်။ ဒီဇာတ်လမ်းလေးကတော့ တကယ့်ကိုအတုယူစရာကောင်တဲ့ပိုစ့်လေးပါပဲ။ ကိုယ်လည်းကျေးဇူးမမေ့တတ်တဲ့သူဖြစ်အောင်သတိထားပြီးကြိုးစားရမှာပေါ့နော်..။
ခင်တဲ့
သဒ္ဓါ

ကျေးဇူးတရားဆိုတာ မမေ့ကောင်းတဲ့ အရာပါ။
အချိန်မရွေး နေရာမရွေး ဖော်ပြနိုင်ရဲရမှာပါ။
ပီတိကိုစားသုံးသွားပါကြောင်း။

Mary Kie KIe said...

Ma Chaw Chaw, It's terrific good. :)Really !!

မကေ said...

အမရေ ချိုမြိန်တဲ့ ပီတိကို စားသုံးသွားပါတယ်

စိတ်စမ်းရေ said...

ရင်ထဲထိ ရောက်တဲ့ စာစုလေးအတွက် အများကြီး ကျေးဇူးတင်ပါတယ်...။

အစ်မကိုလည်း ကျေးဇူးပြုချင်လို့ ကော်ဖီတစ်ခွက် ၀ယ်တိုက်။ အဲဒါမှ ကျွန်တော်လည်း ကျေးဇူးပြန်ဆပ်လို့ရမှာ။ မုန့်ပါလည်း စိတ်မဆိုးဘူး။

maylay said...

ဟုတ်ပါ့ ပိုစ့်လေးဖတ်ပြီး ပီတိလေးလည်းဖြစ်၊ စိတ်ထားတတ်မှုလည်း သိရ။ ကျေးဇူးတင်သွားပါတယ် ကျန်းမာပျော်ရွှင်ပါစေ

လွင် said...

ကျမစာဖတ်လိုက်တယ် အ၇မ်းကိုပီတိ မျက်ရည်များတောင်ဝဲမိပါတယ် မချော ဒိထက်ပိုကောင်းတဲ့စာတွေအများကြိးရေးနိုင်ပါစေ

soe moe said...

တော်တော်ကောင်းပါတယ် အစ်မ
ကျွန်တော့်ကောင်မလေးဆိုမျက်ရည်တောင်ဝဲတယ်

သန္တာ said...

ကျေးဇူးတင်ပါတယ်အမ..... အရမ်းကောင်းတဲ့ ဆောင်းပါးလေးပါ... တကယ်ကိုခံစားရပါ၏