ဖေဖေပေးတဲ့ သင်ခန်းစာများ

 


photo from  Here


 


ငါးမျှားတံကို ရေထဲချလိုက်တဲ့အချိန်မှာတော့  ရော့ကီးတောင်တန်း ထိပ်ဖျားပေါ်က ရေခဲဖုံးတောင်ထွတ်တွေရဲ့ အရိပ်က ရေကန်မျက်နှာပြင်ပေါ် ရောင်ပြန်ဟပ်လို့ နေခဲ့သည်။ ဒီနေရာလေးကို လွန်ခဲ့သော နှစ်များစွာကတည်းက ကျွန်မရဲ့ ဖေဖေနဲ့ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ရဖူးပါသည်။ ခုလဲ ရောက်လာရပြန်ပါပြီလေ … ရော့ကီး တောင်တန်းတွေ တည်ရှိရာ အမျိုးသားပန်းခြံတွင်းက အလွန်လှပတဲ့ ရေကန်ကြီးရဲ့ ကမ်းနှဖူးမှာ   ငါးမျှားဖို့ ပြင်ဆင်နေမိရင်း  ကျွန်မရဲ့ အသိစိတ် လိပ်ပြာလေးက အတိတ်လွင်ပြင်ကို တောင်ပံခတ်ကာ ပျံသန်းလို့ သွားမိတော့သည်။ 


 


 


ဒီနေရာလေးမှာပါဘဲ..  ကျွန်မကို ဖေဖေက  ငါးမျှားနည်းကို စပြီး သင်ပေးခဲ့သည်လေ.. ငါးမျှားတံမှာ ငါးမျှားကြိုးကို ဘယ်လို ချည်ရမည်၊  ဘယ်လို ငါးမျှားကြိုးကို သုံးရမည်၊ ဘယ်လို ငါးစာကို ရွေးချယ်ရမည်၊ ငါးမျှားချိတ်မှာ ငါးစာ ဘယ်လိုတပ်ရမည် ဆိုတာတွေကအစ ငါးမျှားချိတ်မှာ ငါးလာတွတ်ပြီး ဘယ်လောက်အကြာမှာ ငါးမျှားတံကို ဆတ်ခနဲ အပေါ်ကို ရုပ်ရမယ်ဆိုတာက အဆုံး အသေးစိတ်ကို စိတ်ရှည်လက်ရှည် သင်ကြားပြသပေးခဲ့ဖူးပါသည်။


 


 


ငါးမျှားဖို့ နေရာ သေချာရွေးချယ်တတ်ဖို့ကိုလဲ ဖေဖေက ကျွန်မကို အကောင်းဆုံး သင်ကြားပေးခဲ့ သည်ပါဘဲလေ…  ဖေဖေ ရွေးချယ်ပေးတဲ့နေရာက နက်ရှိုင်း မဲမှောင်နေပြီး တည်ငြိမ်သော ရေပြင်ရှိသည့် ကြီးမားလှသော ကျောက်ဆောင်ကြီးနဲ့ နံဘေးနေရာ.. 


 


“ ဒီနေရာမှ ငါးမျှားကြိုးကိုချ ” ဖေဖေက ကျွန်မကို ပြောသည်။


 


 


“ ဘာလို့လဲဖေဖေ ”


 


 


“  ဒီနေရာမှာ သမီးအတွက် အကောင်းဆုံးနဲ့အကြီးဆုံး ငါးရှိနေတယ်.. ”


 


 


“ ဖေဖေက ဘယ်လိုသိတာလဲ”


 


 


“ဖေဖေပြောသလိုသာ လုပ်ကြည့်ပါသမီးရယ် ”


 


 


ဖေဖေညွှန်ပြသည့် နေရာမှာဘဲ ကျွန်မရဲ့ ငါးမျှားတံကို အတိအကျ နေရာ ချလိုက်တော့  အစာတတ်ထားသည့် ငါးမျှားချိတ်လေးက နက်ရှိုင်းလှသည့် ကန်ရေပြင်အောက်ကို ကြိုးအရှည်ရှိသလောက် ငုတ်လျှိုးလို့ သွားခဲ့သည်။ ဖေဖေ့ကို နောက်ထပ် ဘာမှ ပြန်မေးနေစရာ မလိုတော့ပါ … သူ့ညွှန်ကြားချက်အတိုင်း တိတ်ဆိတ်စွာ လိုက်လုပ်ရုံသာရှိပါသည် …  မကြာခင်မှာ  ငါးလာတွတ်သည့် ခံစားချက်မျိုး လက်က ခံစားမိသည့်အတွက် ငါးမျှားတံကို ဆွဲကိုင် မြောက်လိုက်ချိန်မှာ ကွက်တိပါဘဲ ဖေဖေပြောသလို ကြီးမားလှတဲ့ ငါးကြီးတစ်ကောင်.. ငါးမျှားတံထိပ်မှာ တစ်လူးလူး တစ်လွန့်လွန့်နှင့် ပါလာခဲ့တော့သည်။


 


 


ဒီအဖြစ်အပျက်လေးကို ပြန်သတိရမိတော့ ဖေဖေဟာ ကျွန်မကို ငါးမျှားပုံ မျှားနည်းတင်သာမက ဘ၀မှာ ဘယ်လိုရှင်သန် ရပ်တည်ရမယ်ဆိုတာတွေပါ သင်ကြားပေးခဲ့တာကို ကောင်းစွာ သဘောပေါက်လာမိပါသည်။


 


 


“ ဒီနေရာမှာ ငါးမျှားချိတ်ကို မချနဲ့…. ”


 


 


“ ဘာလို့လဲဖေဖေ”


 


 


“ ဒီနေရာရဲ့ ကန်ရေပြင်အောက်ခြေဟာ မှော်ပင်တွေ အရမ်းထူထပ်တယ်… သမီးရဲ့ ငါးမျှားချိတ်ရော ငါးစာပါ  ဆုံးရှုံးရလိမ့်မယ်. ”  လို့ ညွှန်ကြားခဲ့သလို  


 


ဘ၀အတွက်လည်း “သမီး ဒီလမ်းကိုတော့ မရွေးချယ်ပါနဲ့ ဒီလမ်းဟာ သမီးအတွက် အန္တရာယ်များလွန်းတယ် ” စသဖြင့် ဆုံးမ သွန်သင်ခဲ့ပါသည်။ ကျွန်မဘ၀အတွက် အန္တရာယ်တွေကို  ဖေဖေက ကြိုတင်တွေးတော၊ ကြိုတင် သိနားလည်လို့ နေခဲ့သည်။ ကျွန်မအတွက် ဘယ်လို အမျိုးသားဟာဖြင့် ဘ၀ကြင်ဖော်ကောင်းတစ်ယောက် ဖြစ်လာနိုင်တယ်ဆိုတာပါ စိတ်ရှည်လက်ရှည်နဲ့ ဖေဖေက သင်ပြညွှန်ကြားခဲ့ပါရဲ့ .. ဖေဖေမှန်ခဲ့ပါသည်လေ.


 


ကျွန်မရဲ့ ဘ၀သည် ဖေဖေ၏ ဦးဆောင်မှု၊ လမ်းညွှန်မှု အောက်တွင် အသားကျနေထိုင်ရင်း အဆင်ပြေ ပျော်ရွှင်သော အိမ်ထောင်သည်ဘ၀နဲ့အတူ တန်ဖိုးရှိသော အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရဲ့ ဘ၀နှင့်၊ အောင်မြင်သော အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးပါပြီ။ သားလေး၂ယောက်ရပြီးသည့် နောက် ယခုဆိုလျှင် သူတို့တွေ သည်လည်း ကိုယ့်အိုးကိုယ့်အိမ်နဲ့ အခြေတကျ ဖြစ်ကုန်ပြီ ဖြစ်သည်။ မည်သူမှ မရှိတော့တဲ့ အိမ်ကလေးမှာ ကျွန်မနဲ့ ကျွန်မယောက်ျား ၂ယောက်သာ ကျန်ခဲ့တော့သည်လေ။ ဖေဖေ၏ အကူအညီ၊ ဖေဖေ့လမ်းညွှန်မှုသာ မရခဲ့လျှင် ကျွန်မ၏ဘ၀သည် ယခုလောက် အဆင်ပြေ လွယ်ကူချောမွေ့လိမ့်မည် မဟုတ်သည်မှာ သေချာလှသည်။


 


ရော့ကီးတောင်တန်းအနီးက ရေကန်ကြီးရဲ့ ကမ်းနဖူးမှာ တစ်ယောက်တည်း မတ်တပ်ရပ်နေမိရင်း လက်ရှိ ခုချိန်မှာတော့ ကျွန်မဟာ ပီဘိ ကလေးမလေး ပြန်ဖြစ်နေခဲ့ပါပြီ။ ရေထဲချထားသော ငါးမျှားကြိုးလေးကို အသာအယာ ပြန်ဆွဲယူပြန်တော့ လှိုင်းဂယက်လေးတွေ ထသွားခဲ့သော ကန်ရေမျက်နှာပြင်ကိုကြည့်ရင်း  ကျွန်မဖေဖေရဲ့ စကားတစ်ချို့ကို ပြန်ကြားယောင်မိသည်။


 


“သမီးရေ…. သမီးဟာ ဖေဖေရဲ့ အကောင်းဆုံး ငါးမျှားသမားတစ်ယောက်ပဲ…”


 


“အိုး ဖေဖေ.. ”


 


“သမီးအတွက် ဖေဖေဂုဏ်ယူပါတယ်.. ”


 


“သမီး ငါးမျှားတတ်သွားလို့လား ဖေဖေ”


 


“သမီးဟာ ဖေဖေ မျှော်လင့်ထားသလို အကောင်းဆုံး အမျိုးသမီးတစ်ယောက်ရဲ့ဘ၀နဲ့ အောင်မြင်စွာ လူလား မြောက်သွားလို့ ပေါ့ကွယ်.. ”   ဖေဖေက ကျွန်မကို ကြည်ကြည်နူးနူးလေး ပြုံးပြလိုက်ရင်း ပြန်ဖြေခဲ့ပါသည်။ ဖေဖေနှင့်အတူ ကျွန်မလဲ ကြည်ကြည်နူးနူးလေး ပြုံးလိုက်မိပါသည်။


 


ဒီချိန်လေးမှာ အသက်ကြီးကြီး စုံတွဲတစ်တွဲ လမ်းလျှောက်လာရင်း  ကျွန်မကို မြင်တော့ နှုတ်ဆက်စကား ဆိုရင်းက ငါးတစ်ကောင်တစ်လေများ ရပြီလားဟု လှမ်းမေးပါသည်။ “ဘာမှ မရသေးပါဘူး” လို့ ကျွန်မပြန်ဖြေလိုက်ရင်း ပါးပေါ်တွင်  မျက်ရည်စီးကြောင်း၂ခုက အလိုလို စီးကျလာပါတော့သည်။ ကျွန်မကို ကြည့်ကာ ဇဝေဇ၀ါ အတွေးတွေနှင့် စိတ်ရှုပ်သွားပုံရသော  အမျိုးသားကြီးက “  စိတ်မပူပါနဲ့ကွယ်.. မကြာခင်တော့ မိမှာပါ။ ဒီကန်မှာ ငါးမျှားနေကြတဲ့ လူတိုင်းဆီကို ရောက်ခဲ့ပြီး လိုက်မေးကြည့်တာ ဘယ်သူကမှ ငါးမရကြသေးပါဘူး.. ”  ဟူ၍  ကျွန်မကို ပြန်နှစ်သိမ့်ပြီး အနားကနေ ကသုတ်ကယက် ထွက်ခွာသွားကြ ပါတော့သည်။ ကြည့်ရသည်မှာ  တစ်ယောက်တည်း ငါးမျှားနေပြီး အချိန်ကြာသည်ထိ ငါးမရသေး၍ စိတ်မငြိမ်မသက် ဖြစ်နေသည်ဟု ကျွန်မကို ထင်သွားသည့်ပုံ ရသည်လေ။ 


 


ကိစ္စမရှိပါ… ကျွန်မနှင့် အတူတူ ဖေဖေရှိနေသည်ကို သူတို့ သိနိုင်မည် မဟုတ်သလို နားလည်နိုင်မည်လဲ မဟုတ်ပါ။  ငါးတစ်ကောင်တစ်လေ ရလာခဲ့လျှင်တောင် ကျွန်မ စိတ်ကူးလေးထဲတွင် ကျွန်မနှင့် အတူတူ  ဖေဖေ ရှိနေသည်ဆိုသည့် အတွေး၊ ဖေဖေနှင့် ငါးမျှားခဲ့ရချိန်တုန်းက ရရှိခဲ့သော ပျော်စရာအချိန် လေးတွေအကြောင်းကို  သတိတရ ပြန်တမ်းတ နေမိတာလေးတွေ အနှောက်အယှက်တောင် ဖြစ်သွားနိုင်ပါသည်။  ခုချိန်တွင် မည်သည့်ငါးမျှ မရသော်လည်း ဖေဖေ့မေတ္တာတရားကို ပြန်လည် တသ သတိရနေမိသည်က ကျွန်မအတွက် ပိုကောင်းသည်ပဲ မဟုတ်ပါလား။


 


ကျွန်မဘ၀ကနေ ဖေဖေပျောက်ကွယ်သွားခဲ့တာ ကြာပြီဖြစ်ပေမဲ့လို့ ယခုအချိန်ထိ ဖေဖေပေးခဲ့သော ငါးမျှားနည်းသင်ခန်းစာမှသည် ဘ၀အတွက် လေ့လာသင်ယူစရာ သင်ခန်းစာအားလုံးသည် ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတုန်း၊ လေးစားစွာ လိုက်နာနေရတုန်းသာ ဖြစ်လေသည်။ ဒီလိုအချိန်မှာတော့ ဖခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လေးလေးနက်နက် နက်နက်ရှိုင်းရှိုင်း ခံစားနားလည်မိရင်း နှလုံးသား ကန်ရေပြင်ပေါ်မှာ ထင်ဟပ်နေသော ဖေဖေ့ပုံရိပ်လေးကို ချစ်ခင်နှစ်သက်မိစွာ ပြုံးရင်း ကြည့်နေမိပါတော့သည်။


 


 


Chicken Soup for the Fisherman’s Soul မှ Kathleen Kovach Ripples of Reflection ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။


 


 


ချော(အစိမ်းရောင်လွင်ပြင်)

25 Responses to “ဖေဖေပေးတဲ့ သင်ခန်းစာများ”

ဒဏ္ဍာရီ said...

ဘ၀အတွက် သင်ခန်းစာကို ဥပမာလေး တခုနဲ့ နှိုင်းပြသွားတာ ကောင်းလိုက်တာ ချောရေ..။ မိဘတိုင်း သားသမီးတွေကို အခုလို မှန်ကန်တဲ့ နည်းလမ်းလေးနဲ့ ဆုံးမသွန်သင်တတ်သလို သားသမီးတိုင်းကလည်း လိုက်နာနိုင်မယ်ဆိုရင် အရမ်းကောင်းမှာပေါ့။ ဘာသာပြန်လေးအတွက် လေးစားမိပါတယ်..။

ခင်မင်လေးစားလျှက်

သင်ခန်းစာတွေ လာဖတ်ပါတယ်။

shwezinu said...

ညီမချော ရေ

လာရောက်ခံစားသွားပါတယ်..

တကယ့်ကို စိတ်အာဟာရပေးတဲ့ စာတစ်ပုဒ်ပါ ချောရေ...

sosegado said...

‘ဖခင်ဝတ’် ကိုဖတ်လိုက်ရသလိုပဲ၊ သမီးကလဲ သားလေး၂ယောက်ကို ပြန်သင်ပေးဘို့ကောင်းတာပေါ့၊

ဂွတ်.....
ငါးဆိုတာလည်း မျှားဖူးမှ တကယ်ကို သိရတာ...
စိတ်ကူးနဲ့ ငါးမျှားတောင်မှ တချို့က မမိကြဘူးတဲ့. . . .
အင်း...ဖေဖေ့ကိုတောင်မှ သတိရမိသေး....

ငါးမျှားတာ ဝါသနာ သိပ်မပါပေမယ့် အေးအေးလူလူ ငါးမျှားနေတဲ့သူတွေ တွေ့ရင် တစ်ခါတစ်လေ ငါးမျှားချင်စိတ် ဖြစ်မိတယ်။ ဘဝရဲ့ သင်ခန်းစာနဲ့ တွဲပြသွားတဲ့ ငါးမျှားနည်းလေးကိုတော့ စိတ်ဝင်စားမိတယ်။

ကိုကြည်သာ said...

ငါးမျှားနည်းသင်ခန်းစာမှသည် ဘ၀အတွက် လေ့လာသင်ယူစရာ သင်ခန်းစာအားလုံးသည် ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေတုန်း၊ လေးစားစွာ လိုက်နာနေရတုန်းသာ
ဆိုတဲ့စကားအတိုင်းလူတိုင်းအတွက်ပါအဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိနေပီး ၊ လေးစားစွာလိုက်နာနေရမှာပါလေ

post ကိုဖတ်ပြိး ဘာမှမေ၇းဘဲပြန်သွား၇တာ တစ်မျိုးဘဲ မချောေ၇...fair လို့ဘဲမှတ်ချက်လေးပေးသွားပါတယ်...

ဘ၀သင်ခန်းစာကိုမြင်သာအောင်ငါးမျှားပုံလေးနဲ့ယှဉ်ပြီးဆုံးမထားပုံကအတုယူစရာပါ.။ အဖေတယောက်ရဲ့
မေတ္တာဟာ သားသမီးတွေအပေါ်မှာအရမ်းမရေးကြီးပါတယ်။ ကောင်းလိုက်တဲ့ဘာသာပြန်လေးပါမချောရေ.

ခင်တဲ့
သဒ္ဓါ

ကေသရီ said...

စာကောင်းတစ်ပုဒ်ပါပဲအစ်မရေ။ ကျွန်မကို အမြဲ အားပေးဆုံးမတတ်တဲ့ ဖေဖေကိုတောင် သတိရမိသွားတယ်။

သင်ခန်းစာပေးထားတာ ကောင်းတယ်အစ်မ ...

ချောရေ..
ဒီပို့စ်လေးကို ဖတ်ပြီး
အမေ့ကို အရမ်းကိုသတိရနေမိတယ်..။ :(

ဂျစ်တူး(မုံရွာ) said...

ချောဆိုတဲ့မိန်းမလှလေးတယောက်ကို ဓါတ်ပုံအရိုက်ခံဖို့  ကျနော်မျိုး ဒူးထောက်တောင်းပန်နေမိပါပြီဗျာ-
ဒါပေမဲ့ ချောကငါးမျှားကောင်းနေလို့ စောင့်နေလိုက်ပါတယ်-

ဘာသာပြန်လေးကိုခံစားသွားပါတယ်အစ်မရေ....ဇတ်လမ်းအဖွဲ့လေးနဲ့ တင်ဆက်ပုံလေးက နှစ်သက်စရာကောင်းလှပါတယ်...ဆက်လက်အားပေးနေပါ့မယ်...ခင်တဲ့(ချိုကျ)

KiKiငုင said...

ဒီစာလေးကို ဖတ်ရင်း ၊ မိဘဝတ်ကျေတဲ့ မိဘ ရဲ့ သွန်သင်မှုကို ခံယူရတဲ့ သားသမီး တွေလည်း သားသမီးဝတ်ကျေ စေဖို့ သဘောပေါက်မိတယ် မချောရေ ...
မရှိတော့တဲ့  ဖေဖေ့ ကိုလည်း လွမ်းမိတယ်။
စာရေးအားကောင်းတဲ့ မချောကို အားကျမိပါတယ်။
ခင်မင်စွာဖြင့်
မကိ။

မချောရေ......
စာလေးဖတ်ရင်း..... ဖေဖေ့ကို သတိရမိသွားပြီဗျာ.........း((
ခင်မင်တဲ့
ဏီလင်းညို

ဖွဲ့နွဲ့ထားတာလေးနဲ့ ပေးထားချက်လေးက အတွေးထဲမှာ ထင်ဟပ်သွားစေတယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

ငါးမျှားတာနဲ့ ဆက်နွယ်ပြီး ဘ၀မှာ နေထိုင်နည်းတွေပါ သင်ပေးသွားတယ်။
ကျေးဇူးပါမမ။ ဘာဘဲပြောပြော အသိပညာတစ်ခုတိုးတာပေါ့။

သမီးဆီလာလည်တာကျေးဇူးပါနော်။ သမီးက စာအရေးအသား မကောင်းလှပါဘူးမမရယ်။ ဒါပေမယ့် မမက ကြံဖန်ချီးကျုးသွားလို့  ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

း)

မချောရေ....
ငါးမျှားနည်းကတစ်ဆင့် ဘ၀ကို ဘယ်လို ကူးခပ်ဖြတ်သန်းရမယ်ဆိုတဲ့ သင်ခန်းစာလေးပါ ရသွားပါတယ်။
ဘယ်လိုဖြတ်သန်းရင် အန္တရာယ်များတယ်၊ ဘယ်လိုဖြတ်သန်းရင် ချောမွေ့နိုင်တယ်ဆိုတဲ့ အသိလေးကို ဖော်ပြပေးတဲ့ ပို့စ်လေးတစ်ခုပါဘဲ။

ahphyulay said...

ပြောချင်တာကို မြင်လိုက်တယ်နော်..။
အဖေ တစ်ယောက်ရဲ့  သူ ချစ်တဲ့ သမီးကို
အပြောကျယ်တဲ့ ပင်လယ်ကြီး ထဲ ဘယ်လို ကူး ခတ်ရမယ် ဆိုတာကို လေ။
အတွေး လေး ပါ သွားတယ်

မမရေ...ဒီပိုစ့်လေးကို ဖတ်မိတော့ ဖေဖေ့ကို အရမ်းသတိရသွားမိတယ်...စာကောင်းလေးမို့လို့ ကျေးဇူးနော်...

Kotunygn said...

Very Good post ......... I like it ......

mg han said...

ငယ်ငယ်ကတော့ငါးမျှာရင်အရိုက်ခံရတာပဲ။
အမရေအိမ်ကိုအရမ်းသတိရသွားပြီ။
နက်ဖြန်ပြန်ဗဗျို့။

ဒီပို့စ် လေး ကို ဖတ်ပြီး ဖေဖေရဲ့ လမ်းညွှန်ပေးမှုတွေနဲ့ ဖေဖေရဲ့ မေတ္တာတရားတွေ ကို သတိရလွမ်းဆွတ်မိ ပါတယ်ဗျာ... ။
မအားလို့ စာတွေ မဖတ်ဖြစ်ဘူးဗျ.. အခုမှ ပဲ ဖတ်ဖြစ်တော့တယ်။ နှစ်သစ်မှာ ပျော်ရွှင်ပါစေနော် မမချော ။