မေတ္တာပေါင်းကူးတံတား


photo from Here


သိပ်ကို ပြန့်ပြူး ကျယ်ဝန်းလှတဲ့ မြေဧကကျယ်ကြီး တစ်ခုတည်းပေါ်က မလှမ်းမကမ်းစီမှာ တစ်ယောက်တစ်အိမ် ဆောက်ပြီး အတူတကွ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေထိုင်လာတဲ့ ညီအစ်ကို ၂ဦး ရှိကြပါတယ်.. တစ်နေ့မှာတော့ ညီအစ်ကို၂ယောက်ဟာ ကိစ္စလေးတစ်ခုနဲ့ ခွန်းကြီး၊ ခွန်းငယ် စကားများ ကြပါတော့တယ်  သူတို့၂ယောက် ခုလို စကားများကြတာဟာ နှစ်ပေါင်း ၄၀အတွင်းမှာ ပထမဦးဆုံး အကြိမ်လဲ ဖြစ်ပါတယ်.. ယခင်တုန်းကတော့ ညီအစ်ကို၂ဦးဟာ တစ်ဦးရဲ့ စက်ကိရိယာ၊ တစ်ဦးရဲ့ ခြံလုပ်ငန်း အသုံးအဆောင်၊ အိမ်အသုံးအဆောင် စတဲ့ပစ္စည်း အားလုံးကို အဆီးအတားမရှိ၊ ပြဿနာမရှိ တစ်ဦးနဲ့တစ်ဦး မျှဝေ သုံးစွဲလာခဲ့ကြတာပါ.. တကယ်တမ်းတော့ စဖြစ်ကြတာက ဘာမှမဖြစ်လောက်တဲ့ အသေးအမွှား ကိစ္စလေးကနေ တစ်ဖြေးဖြေး ကြီးကျယ်လာပြီး တစ်ယောက်နဲ့ တစ်ယောက် မခံနိုင်စရာ စကားလုံးများနဲ့ ထိုးနှက်ကြရင်း ပြင်းထန်တဲ့ ပဋိပက္ခကို ကူးပြောင်းသွားတာ တစ်ယောက်နဲ့တစ်ယောက် မခေါ်မပြောနိုင် ဖြစ်သွားရပါပြီ။ ညီအစ်ကို ၂ဦးရဲ့ နှစ်ပေါင်း၄၀ကြာ ချစ်ခင်ရင်းနှီးမှု၊ ယုံကြည်အားကိုးမှုတို့ဟာ ပြိုကွဲသွားပြီ ဖြစ်ပါတယ်။

ဒီလို စကားများပြီး မခေါ်မပြောဖြစ်နေတာ လပေါင်းများစွာကြာပြီးတဲ့ မနက်ခင်းတစ်ခုမှာ တစ်စုံတစ်ဦးက အစ်ကိုဖြစ်သူရဲ့ အိမ်တံခါးကို လာခေါက်ပါတယ်.. တံခါးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ ပုခုံးထက်မှာတော့ လက်သမား အသုံးအဆောင် ကိရိယာတွေကို လွယ်ပိုးထားတဲ့ လူတစ်ယောက် အိမ်ပေါက်ဝမှာ ရပ်နေပါတယ်.. သူက “ကျွန်တော် နေ့စားအလုပ်တစ်ခု ရှာနေတာပါ..  ရက်အနည်းငယ်လောက် ကျွန်တော်လုပ်နိုင်မဲ့ ထိုက်သင့်တဲ့ အလုပ်လေးများ ခင်ဗျားဆီမှာ ရှိနေမလားဗျာ” လို့ မေးလာပါတယ်..

“အော် ရှိပါတယ်.. ခင်ဗျားအတွက် အလုပ်တစ်ခု ကျုပ်ဆီမှာ ရှိပါတယ်.. ဒီမှာ ကြည့်ပါဗျာ.. ကျုပ်တို့ခြံကြီးရဲ့ အလယ်မှာ စီးနေတဲ့ စမ်းချောင်းတစ်ခုကို ခင်ဗျား မြင်တယ်မဟုတ်လား.. စမ်းချောင်းတစ်ဘက်က အိမ်ပိုင်ရှင်က ကျုပ်ခြံနီးနားချင်းပေါ့ဗျာ.. အရှင်းဆုံးပြောရရင် ကျုပ်ရဲ့ညီလဲဖြစ်ပါတယ်.. အရင်ကတော့ ဒီနေရာဟာ စိမ်းလန်းစိုပြေတဲ့ မြက်ခင်းပြင်ကြီး ရှိခဲ့တာပေါ့.. လွန်ခဲ့တဲ့ ရက်တွေမှာ ကျုပ်ညီက ဘူဒိုဇာတွေနဲ့ မြေကြီးကို တူးဖော်ပြီး မြစ်ကနေပြီး ရေတွေကို စီးဆင်းလာနိုင်ဖို့ ချောင်းတစ်ခု ဖောက်ပစ်လိုက်တော့ ဒီနေရာဟာ အခု ခင်ဗျား မြင်သလို ကျုပ်တို့ ၂ယောက်ရဲ့ အိမ်၂အိမ်ကြားမှာ  စမ်းချောင်းလေးတစ်ခု ဖြစ်လာရပြီလေ.. လုပ်ပါစေ.. သူလုပ်သလို ကျုပ်ဘက်ကလည်း ပြန်လုပ်ဖို့ ၀န်မလေးဘူးဆိုတာ သူသိအောင် ပြရမယ်.. ဟိုနားမှာ ခင်ဗျားတွေ့လား.. သစ်သားပုံကြီးတစ်ခု .. အဲဒီ သစ်သားတွေနဲ့ စမ်းချောင်းဘေးနား ကပ်ပြီး ကျုပ်အတွက် ၈ပေအမြင့်ရှိတဲ့ ခြံစည်းရိုးတစ်ခု ခင်ဗျား ကာပေးရမယ်.. ဒါဆို ကျုပ် ဟိုဘက်အခြမ်းကို လုံးဝမမြင်နိုင်တော့ဘူး.. ကျုပ်ညီမျက်နှာကိုလဲ ကျုပ်ကမတွေ့ချင်တော့ဘူး…” လို့ အစ်ကိုကြီး ဖြစ်သူက လက်သမားကို ပြောလိုက်ပါတယ်..

ဒီတော့ လက်သမားဟာ “ကောင်းပါပြီ.. အခြေအနေကို ကျွန်တော် နားလည်ပါပြီ.. ကျွန်တော့ကို ရိုက်ဖို့ သံနဲ့ တူ ပေးပါ.. ခင်ဗျားဖြစ်စေချင်တဲ့ အတိုင်း အကောင်းဆုံး ကျွန်တော် ဆောင်ရွက်ပေးပါမယ်.. စိတ်ချပါခင်ဗျာ..” လို့ပြောပါတယ်..

ဒါနဲ့ အစ်ကိုကြီးဟာ လက်သမားကို လိုအပ်တဲ့ သံနဲ့ ပစ္စည်း ကိရိယာတွေ ထုတ်ပေးပြီးတာနဲ့ ကိစ္စတစ်ခုနဲ့  မြို့ထဲကို ထွက်သွားစရာ ရှိတာကြောင့် ညနေစောင်းမှ ပြန်ရောက်မဲ့အကြောင်းပြောပြီး အိမ်ကနေ ထွက်သွားခဲ့ပါတယ်.. သူထွက်သွားတာနဲ့ လက်သမားဟာ သူ့အလုပ်ကို စပြီး လုပ်ပါတော့တယ်.. လိုအပ်တဲ့ သစ်တွေ ဖြတ်တောက် တိုင်းတာတယ်.. တိုင်စိုက်ဖို့ မြေကြီးတွေ တူးဆွတယ်၊ သံတွေရိုက်တယ် သူလုပ်စရာရှိတာကို တစ်နေ့လုံး မနားမနေ လုပ်ပါတော့တယ်။

-----------------------------------------။

ညနေစောင်း နေ၀င်ခါနီးမှာ အစ်ကိုကြီးဖြစ်သူ ပြန်ရောက်လာချိန်မှာတော့ လက်သမားဟာ သူ့အလုပ်တွေကို လက်စသပ်လို့ ပြီးစီးနေပြီ ဖြစ်ပါတယ်.. ၈ပေအမြင့် ခြံစည်းရိုးကို တွေ့ရဖို့ မျှော်လင့်ထားတဲ့ အစ်ကိုကြီးဟာ လက်သမား တစ်နေကုန် လုပ်ထားတဲ့ အရာကို မြင်လိုက်တော့ သူ့ရဲ့  မျက်လုံးတွေ ပြူးကျယ်ကုန်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့တယ်.။

သူခိုင်းထားတဲ့နေရာမှာ ဘာခြံစည်းရိုးမှ ကာရံထားတာ မတွေ့ရဘဲ သူတို့ ညီအစ်ကို၂ယောက်ရဲ့ အိမ်နဲ့ ယာမြေတွေကို အလယ်ကနေ ပိုင်းခြားထားတဲ့ စမ်းချောင်းလေးပေါ်မှာတော့ တံတားလေးတစ်စင်းကို တွေ့လိုက်ရပါတယ်. တံတားလေးက သေသေသပ်သပ် လှလှပပလေးနဲ့  စမ်းချောင်းတစ်ဘက်တစ်ချက်စီကို ပေါင်းကူးပေးထားတဲ့ ချစ်စရာတံတားလေးပါဘဲ.. တံတားရဲ့ ဟိုမှာဘက်ဆီမှာတော့ သူ့ရဲ့ညီ.. သူ့ညီက လက်ကို ဆန့်တန်းကာ ဟိုတစ်ဘက်ခြမ်းကနေ တံတားပေါ်ကို တစ်ဖြေးဖြေး လျှောက်လှမ်းလို့လာပါတယ်..

ညီအစ်ကို ၂ယောက်ဟာ တစ်ဘက်တစ်ချက်ဆီကနေ လျှောက်လာကြရင်း တံတားအလယ်ခေါင်မှာ ဆုံမိကြပါတယ်.. ဒီတော့မှ စကားမပြောတာ၊ တစ်ဦးမျက်နှာ တစ်ဦး မကြည့်တာ အတော်ကြာနေပြီ ဖြစ်တဲ့ ညီအစ်ကို ၂ယောက်သား တစ်ယောက်ကိုတစ်ယောက် အားရပါးရ ပွေ့ဖက်လိုက်ကြပါတယ်.. တစ်ယောက် အမှားကို တစ်ယောက်က တောင်းပန်ကြရင်း ချစ်ကြည် ငြိမ်းချမ်းရေးကို ပြန်လည် ရရှိ သွားကြပါတော့တယ်.. စကားပြောနေကြရင်း လက်သမားကိုသတိရလို့ ကြည့်လိုက်တော့ လက်သမားဟာ သူလာတုန်းက ပုခုံးမှာ လွယ်ပိုးခဲ့တဲ့ အိတ်ကို ကောက်ပြီးထမ်းကာ ထွက်ခွာသွားတော့မဲ့ ပုံရတာကြောင့် အစ်ကိုကြီးက “မသွားပါနဲ့ဦးဗျာ  .. ကျုပ်တို့နဲ့ အတူ ရက်နည်းနည်းလောက် နေပါဦး.. ကျုပ်မှာ ခင်ဗျားကို အပ်စရာ တစ်ခြားအလုပ်တွေ အများကြီးရှိပါသေးတယ်.. ” လို့ပြောလိုက်တော့ လက်သမားကြီးက “ကျွန်တော် နေချင်ပါတယ်.. အခုတော့ ခင်ဗျားတို့ ရင်ထဲက အမုန်းတရားတွေ၊ အာဃာတတွေကို ဒီပေါင်းကူးတံတားက ချေဖျက်ပေးလိုက်ပြီမို့ ကျွန်တော် တာဝန်ကျေပါပြီ.. လှိုက်လှဲဝမ်းသာလဲ ခံစားရပါပြီ. ဒါပေမဲ့ တစ်ခြားလူတွေအတွက် အခုလို ပေါင်းကူးတံတားတွေ နောက်ထပ်အများကြီး ဆောက်ရဦးမှာမို့ ကျွန်တော် သွားရပါဦးမယ်..” လို့ပြောပြီး သူ့အိတ်ကို ထမ်းကာ ညီအစ်ကို ၂ဦးရှေ့ကနေ ထွက်ခွာသွားပါတော့တယ်.။

-----------------------------------------------------------------------------------------------------------။

ကျွန်မကတော့ ညီအစ်ကို၂ယောက်အတွက် လက်သမားဆောက်ပေးခဲ့တဲ့ တံတားလေးကို မေတ္တာ ပေါင်းကူးတံတားလို့ နံမည်ပေးလိုက် ချင်ပါတယ်.. လူတိုင်းလူတိုင်း မှာလည်း ရင်ထဲက အမုန်းတွေ၊ အငြိုးတွေ၊ အာဃာတတွေ ဖြေဖျောက်ကြပြီး မေတ္တာပေါင်းကူးတံတားလေး တည်ဆောက်နိုင်မယ်ဆိုရင် သာယာလှပတဲ့ လောကလူ့ဘောင်ကို တည်ဆောက် နိုင်ကြမှာပါနော်.. ပေါင်းကူးတံတား တည်ဆောက်ပေးတဲ့ လက်သမားလို လူမျိုးတွေလဲ ဒီကမ္ဘာလောကကြီးမှာ အများအပြား လိုအပ်လှပါတယ်လေ။ ဒီလို လူမျိုးတွေသာ များလာမယ်ဆိုရင် စစ်မက်ကင်းပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီး ဖြစ်လာမယ်လို့ မျှော်လင့်မိပါတယ်ရှင်။

Chuck Crenshaw ရဲ့ Forgiveness ကို ဘာသာပြန် ဝေမျှပါသည်။
လူတိုင်းအမုန်းတရား ကင်းဝေးစွာ အေးချမ်းသာယာ ရှိကြပါစေရှင်..

ချော(အစိမ်းရောင်လွင်ပြင်)

ရသပေးတဲ့ တစ်စုံတစ်ရာ





photo from Here


တစ်နေ့ညက အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကြည့်ဖြစ်တော့ ဒီစာလေးကို ရေးချင်တဲ့စိတ်ဆန္ဒ ဖြစ်လာမိပါတယ်.. မိန်းခလေးနဲ့ ဘောလုံးပွဲ ဘာဆိုင်လို့လဲလို့ ပြောလာကြရင် ၀ါသနာ ပါတာကြောင့် ဆိုင်ပါတယ်လို့ ပြန်ဖြေချင်ပါတယ်..  ကျွန်မကိုယ်တိုင်က ဘောလုံးတော့ မကန်တတ်ပေမဲ့ ဘောလုံးပွဲကြည့်ဖို့ကိုတော့ အင်မတန်မှ ၀ါသနာပါပါတယ်… စာဖတ်ရင်တောင် စုံထောက်ဝတ္ထုတို့၊ စွန့်စားခန်းတွေ ပါတဲ့ ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ ၀တ္ထုတို့ကို ကြိုက်နှစ်သက်သလို ဘောလုံးပွဲ ဆိုတာကလည်း စိတ်လှုပ်ရှားဖို့ အကောင်းဆုံး အားကစားနည်း တစ်မျိုးမို့ ပွဲစဉ်တစ်လျှောက်လုံး ရင်တစ်ဖိုဖိုနဲ့ ကြည့်ရတဲ့ ဒီကစားနည်းကို ကျွန်မ နှစ်သက် သဘောကျမိပါတယ်..  ဘောလုံးပွဲဟာ တစ်ခြား ဘယ်အားကစားနည်းနဲ့မှ မတူအောင် သြဇာကြီးတဲ့ ကစားနည်း တစ်မျိုးဆိုရင်လဲ မမှားပါဘူး.. ကျွန်မတို့ ဆရာ တစ်ယောက်က ပြောခဲ့ဖူးပါတယ်.. ခုခေတ်မှာ စစ်ကို သေနတ်ကိုင်ပြီး မတိုက်ကြတော့ဘူး.. အားကစားနဲ့ပဲ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်တိုက်ကြတယ်. အထူသဖြင့် အခြား အားကစားနည်းတွေထက် ဘောလုံးပွဲနိုင်ရင် နိုင်တဲ့ နိုင်ငံက ပိုပြီး ဂုဏ်သိက္ခာတက်တယ်လို့ ပြောခဲ့ဖူးပါတယ်.. ဒါကြောင့်လဲ နိုင်ငံတိုင်းက အားကစားအတွက်  ငွေကြေးအကုန်အကျခံပြီး ပြုစုပျိုးထောင်တာ တွေ့ရပါတယ်.. ကျွန်မတို့ မြန်မာနိုင်ငံ အပါဝင်ပေါ့နော်.. သိန်းပေါင်းထောင်နဲ့ချီ ရင်းနှီးမြုပ်နှံပြီး ဘောလုံးကလပ်အသင်းတွေ ထောင်ထားတာ ကြည့်ပါလားနော်    :) :)


အနုပညာဆန်လှတဲ့ ဘောလုံးကစားနည်းကို လူတွေက စွဲမက်ကြတာ မဆန်းပါဘူးနော်..  ဘောလုံးဟာ ပွဲကစားနေတဲ့ တစ်နာရီခွဲလုံးလုံး (အချိန်ပိုမပါ) ကြည့်နေစဉ်မှာ မျက်တောင် မခတ်မိအောင် ဆွဲဆောင်အား ကောင်းကောင်းနဲ့  ရင်ခုန် စိတ်လှုပ်ရှားဖွယ် ရသကို ပေးနိုင်စွမ်းတာ ဘောလုံးဝါသနာအိုးများ အသိဆုံးဖြစ်ပါလိမ့်မယ်.. ဘောလုံး ၀ါသနာ မပါသူများအတွက်တော့ မဆိုလိုပါ.. ချန်ပီယံလိဂ် ဖိုင်နယ်ပွဲမှာ အင်တာမီလန် ဖလား ရသွားတော့ အင်တာရဲ့ နည်းပြဖြစ်တဲ့ မော်ရင်ဟိုကို ကြည့်ပြီင်္း သူ့အကြောင်းလေးတွေ တွေးဖြစ်ပါတယ်.. ပေါ်တူဂီသားဖြစ်တဲ့ မော်ရင်ဟိုဟာ တစ်ချိန်က အင်္ဂလန်မြေမှာ နေခဲ့စဉ် ချယ်လ်ဆီးအသင်းရဲ့ နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့စဉ်ကတည်းက လူမုန်းများသူရယ်လို့ နံမည်ကျော်ကြားပါတယ်.. ဘာကြောင့်ဆိုရင် သူဟာ အပြောကြီးပြီး ဒေါသထွက်လွယ်တဲ့ သူတစ်ယောက် ဖြစ်တာရယ် သူ့အသင်းကန်နေတဲ့ တစ်လျှောက်လုံး  အငြိမ် ထိုင်ကြည့်မနေတတ်ဘဲ ကွင်းဘေးကနေ စိတ်လှုပ်ရှားစွာနဲ့ တစ်ချိန်လုံး အော်ဟစ် ညွှန်ကြား နေတတ်တော့ ထိုင်ခုံလေးပေါ်မှာ စတယ်လေး၊ အိနြေ္ဒလေးနဲ့ထိုင်ပြီး နေတတ်တဲ့ ဂုရုကြီး အာဆင်ဝင်းဂါးတို့၊ ဖာဂူဆန်တို့ထက် စာရင်တော့ သူ့ပုံက လူအမြင် ကတ်ချင်စရာ ကောင်းတာတော့ အမှန်ဘဲ ဖြစ်ပါတယ်.. အထူး သဖြင့် မန်ယူတို့ အာဆင်နယ်တို့ရဲ့ ပရိတ်သတ်အတွက်တော့ မျက်စိနောက်၊ မျက်မုန်းကျိုး ကြတာပါဘဲ.. ကျွန်မကိုယ်တိုင် မန်ယူပရိတ်သတ် ဖြစ်ခဲ့တုန်းက မော်ရင်ဟိုကို အပြောကြီးသူရယ်လို့ ကြည့်မရခဲ့တာ အမှန်ပါ..


ဒါပေမဲ့ ကြာလာလေ သူ့အကျင့်စရိုက်နဲ့ သူ့စိတ်ဓာတ်တွေကို ပိုသိလာရတဲ့အခါ သူ့အပြောကြီးမှုက ခွင့်လွှတ်နိုင်စရာ ဖြစ်လာပါတယ်.. မော်ရင်ဟိုဟာ အပြောလဲ ကြီးသလို သူပြောတဲ့အတိုင်း လက်တွေ လုပ်ပြနိုင်တဲ့သူလဲ ဖြစ်ပါတယ်.. ပေါ်တို၊ ချယ်လ်ဆီး၊ အင်တာ စတဲ့ သူကိုင်တွယ်ခဲ့တဲ့ အသင်းတိုင်းကို ထိပ်တန်း ဆုဖလားတွေ ရယူနိုင်အောင် စွမ်းဆောင်ခဲ့တာက ငြင်းမရတဲ့ သူ့အရည်အချင်းတွေရဲ့ သက်သေ ဖြစ်လာပါတယ်.. ဒီတော့မှ လူတစ်ယောက်ကို အပေါ်ယံကြည့်ယုံနဲ့ ထင်မြင်ဆုံးဖြတ်တတ်တာ မှားနိုင်ကြောင်း တွေးမိလာပြီး ကောက်ချက်ချလွဲပြီး ဒီနည်းပြအပေါ် ကြည့်မရခဲ့တဲ့ ကိုယ့်ကိုယ်ကို မှားမှန်း သိလာရပါတယ်.. တစ်ချို့သူတွေက စကားများများ ပြောပေမဲ့ အလုပ် နည်းနည်းသာ လုပ်တဲ့အတွက် အောင်မြင်မှုကို မရနိုင်ခဲ့ပေမဲ့ မော်ရင်ဟိုက စကားလဲ များများပြောတတ်သလို သူပြောသလို ဖြစ်အောင်လဲ လုပ်ပြနိုင်သူဖြစ်ပါတယ်.. ဒီနှစ်မှာလည်း သူကိုင်တွယ်ခဲ့တဲ့ အင်တာမီလန်အသင်းကို ပြည်တွင်းဖလား ၂လုံးနဲ့ အတူ ချန်ပီယံလိဂ်ဖလား စုစုပေါင်း ဖလား ၃ခုကို ရယူပေးနိုင်ခဲ့ပါပြီ.. ဘယ်လိုဘဲဖြစ်ဖြစ် အပြောကြီးပေမဲ့ အလုပ်နဲ့ သက်သေပြနိုင်တဲ့ မော်ရင်ဟိုကို လေးစားအားကျဖို့ကောင်းတဲ့သူ စာရင်းထဲမှာ ကျွန်မအနေနဲ့ ထည့်သွင်းထားလိုက်မိပါတယ်.. နောက်ဆုံးသတင်းက ချန်ပီယံလိဂ် ပွဲစဉ်အပြီးမှာ မော်ရင်ဟိုဟာ ရီးရဲအသင်းကို မကြာခင်ပြောင်းတော့မယ်လို့ ကြားမိတာပါဘဲ. ဘယ်နေရာဘဲရောက်ရောက် အရည်အချင်းရှိတဲ့ သူ့အနေနဲ့ အကောင်းဆုံး အနေအထားရအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်.. အောင်ပွဲတွေနဲ့ ဝေးနေတဲ့ ရီးရဲအသင်း အတွက်တော့ မော်ရင်ဟိုဟာ မျှော်လင့်ချက် ရောင်ခြည်တန်းကလေး ဖြစ်လာနိုင်ပါတယ်.. ဒါပေမဲ့ အင်တာမီလန် အသင်းကလည်း ဒီနည်းပြကို လက်လွတ်မခံရအောင်တော့ ကြိုးစားနေတယ် လို့သိရပါတယ်.. ဒါကိုကြည့်ပြီး လူတော်တွေအတွက်တော့ ထိုက်တန်တဲ့နေရာက အမြဲ ရှိနေတယ် ဆိုတာကို အသိတရား ရမိပါတယ်..


ကျွန်မအနေနဲ့ ဘောလုံးပွဲတွေ ကြည့်မိတိုင်း အနိုင်ရ ဗိုလ်စွဲသူတွေက ပျော်နိုင် မော်နိုင်ကြသလို၊ ရှုံးသူတွေရဲ့ ရင်ထဲက ခံစားချက်ကိုလည်း ကိုယ်ချင်းစာမိပြီး သူတို့ကို သနားမိပါတယ်.. အထူးသဖြင့်တော့ ဖိုင်နယ် ပွဲစဉ်တွေ၊ အဆုံးအဖြတ် ပွဲစဉ်တွေမှာပါ။ ရှုံးနိမ့်သူတစ်ယောက်ရဲ့ ခံစားချက်ဆိုတာ တကယ်တမ်းတော့ ခါးသီးလွန်းလှပါတယ်.. လူတိုင်းဟာ ဘယ်သူမှတော့ အရှုံးကို လိုလားကြမယ် မဟုတ်ပါဘူး.. တစ်ချို့ကစားသမားတွေမှာ အားကစားစိတ်ဓာတ် နည်းတာက ရှုံးနေတဲ့အချိန်မှာ ဘောလုံးကို အာရုံစိုက်ဖို့ထက် တစ်ဘက်လူ နာကျင်သွားအောင် တမင်ရည်ရွယ်ပြီး လူချတတ်တာကို တွေ့ရပါတယ်..   နောက်တစ်ချက် ဘောလုံးပွဲတွေမှာ လူတစ်ယောက်ရဲ့ ပကတိ စိတ်ရင်းတွေကို မကြာခန မြင်တွေ့ခွင့်ရတတ်ပါတယ်.. လူတိုင်းဟာ အနိုင်လိုချင်ကြတာပေမဲ့လို့ မသမာသောအနိုင်၊ ဟန်ဆောင် မာယာများပြီး ရတဲ့ အနိုင်မျိုးကတော့ အနုပညာဆန်လှတဲ့ ဘောလုံးကစားနည်းကို ရသပျက်စေတဲ့ အမဲစက်များဘဲ ဖြစ်ပါတယ်.. တစ်ချို့သော ဘောလုံးသမားတွေမှာ ဟန်ဆောင် လိမ်ညာတတ်တဲ့ စရိုက်မျိုးဟာ ဘောလုံး ကန်နေရင်း ဖုံးမရ ဖိမရ ပေါ်လာတတ်ပါတယ်.. အချို့ကျတော့ ဒေါသကြီးပြီး တစ်ဘက်လူ မနာနာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတတ်တဲ့သူမျိုးပါ… တစ်ဘက်လူ အရှိန်နဲ့ကျွံဝင်လာချိန်မှာ ကိုယ်က ရှောင်ပေးလိုက်ရင်ရရက်နဲ့ မရှောင်ဘဲ တမင်ဝင်တိုးတတ်တဲ့ အကျင့်စရိုက်မျိုး ရှိသူတွေကိုလည်း မကြာခန တွေ့ရတတ်ပါတယ်..  တစ်ချို့ကျ ကိုယ့်ကို တစ်ဘက်လူက မတော်တဆဖြစ်စေ၊ တမင်တကာဖြစ်စေ ထိခိုက်အောင် လာလုပ်ချိန်မှာ ဒေါသကို မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ပြန်လုပ်တတ်တဲ့ သူမျိုးပါ။ ဘောလုံးကစားတာဟာ တွန်းတွန်းတိုက်တိုက် ကစားရတဲ့နည်း ဖြစ်တယ်ဆိုတာ လက်ခံပါတယ်.. သို့သော်လည်း တစ်ဘက်လူ မနာမနာအောင် တမင်ရည်ရွယ်ပြီး လုပ်ကြံတဲ့ လုပ်ရပ်များကတော့ ဘောလုံးအလှကို ဖျက်ဆီး ကြသူများ လို့သာ ကျွန်မမြင်မိပါတယ်..


နောက်ထပ် ဘောလုံး အလှ ဘောလုံးရသကို ဖျက်ဆီးသူများကတော့ ဘောလုံးပွဲကို အားပေးနေစဉ်မှာ ဘောလုံး ကစားနေတဲ့ ကွင်းလယ်မှာ အကြောင်း ကြောင်းကြောင့် ပြဿနာ ဖြစ်သည်ဖြစ်စေ.. ကိုယ်အားပေးနေတဲ့ အသင်းသား တစ်စုံတစ်ခု ဖြစ်သွားသည်ဖြစ်စေ စိတ်ကို မထိန်းနိုင်ကြဘဲ ရေသန့်ဘူးများ၊ လက်ထဲရှိတဲ့ ပစ္စည်းများနဲ့ ပစ်ပေါက်အော်ဟစ်တတ်တဲ့ သူမျိုးပါ.. အထူးသဖြင့် သူတစ်ပါးနိုင်ငံတွေနဲ့ ကစားနေကြတဲ့ နိုင်ငံတကာ ပွဲမျိုးဆိုရင် ပိုပြီး ရှက်စရာ ကောင်းပါတယ်.. နိုင်ငံနဲ့ချီပြီး ဂုဏ်သိက္ခာကျနိုင်တဲ့ လုပ်ရပ်များ ဖြစ်ပြီး အလွန်အင်မတန်မှ ရုပ်ဆိုးလွန်းတယ်လို့ ကျွန်မအနေနဲ့ မြင်မိပါတယ်.. ဒီဖြစ်ရပ်မျိုး ဖြစ်တဲ့အခါ ဘောလုံးပွဲမှာ ကိုယ်တိုင် ရောက်မနေခဲ့ရင်တောင်မှ တီဗီမှာ ထိုင်ကြည့်ရင်း ရှက်နေမိပါတယ်.. ဒါကြောင့် ကိုယ့်လုပ်ရပ်ဟာ ကိုယ့်တိုင်းပြည်၊ ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ရွာ နံမည်ကိုပါ ထိခိုက်မဲ့ လုပ်ရပ်မျိုးဆိုရင် ဆင်ခြင်သင့်လှပါတယ်.. ဒီလိုပြောလို့ ဘောလုံးပွဲကို ငြိမ်ငြိမ်သက်သက်လေး ထိုင်ကြည့်တတ်သူလား မေးလာမယ်ဆိုရင် ကျွန်မကိုယ်တိုင်လည်း အားပါးတရ အော်ဟစ်အားပေးရတာကို ၀ါသနာပါသလို ဒီလို အားပေးရတာကိုလဲ ပိုနှစ်သက်ပါတယ်.. ဒါပေမဲ့ ကိုယ့်လုပ်ရပ်ကြောင့် သူတစ်ပါးဖြစ်စေ၊ ကိုယ့်ရပ်ရွာဖြစ်စေ ကိုယ့်တိုင်းပြည်ဖြစ်စေ နစ်နာမဲ့ အနေအထားမျိုးကိုတော့ မနှစ်သက်မိသူပါ။ ကိုယ့်နိုင်ငံ၊ ကိုယ်အားပေးတဲ့ အသင်းကို လူတိုင်းက နိုင်စေချင်ကြပေမဲ့လို့ ပရိတ်သတ်ဖြစ်တဲ့ ကိုယ်တွေရဲ့ အမှားကြောင့် အနိုင်မရဘဲ အားလုံး နစ်နာသွားနိုင်တာကိုလည်း မြင်ထားသင့်ပါတယ်..


ဒါကြောင့် ဘောလုံးကန်သူရော ဘောလုံးကြည့်သူများပါ ဘောလုံးရသ ဘောလုံးရဲ့ အနုပညာအလှများကို မပျက်စီးစေဘဲ အားကစားစိတ်ဓာတ် အပြည့်နဲ့ ကန်ကြမယ်၊ ကြည့်ကြမယ်ဆိုရင် ဘောလုံးကစားနည်းဟာ အလှဆုံး၊ စိတ်ဝင်စားစရာ အကောင်းဆုံး၊ လူတွေကို အဆွဲဆောင်နိုင်ဆုံးသော ကစားနည်းဖြစ်ပါတယ်လို့ ပြောရင်းနဲ့ ဘောလုံးပွဲကိုကြည့်ရင်း ကျွန်မ မြင်မိတွေးမိတာလေးကို ချရေးမိတာပါ.. ဘောလုံးကစားနည်းတွေကိုတော့ ထဲထဲဝင်ဝင် မသိပေမဲ့ ဘောလုံးကစားနည်းကို နှစ်သက်သူ ၀ါသနာပါသူ တစ်ယောက်အနေနဲ့သာ ရေးထားတာဖြစ်ပါတယ်.. အမြင်မတူတာများ ရှိခဲ့ရင် ခွင့်လွှတ်ပါ။ မိန်းခလေး တစ်ယောက်ရဲ့ ဘောလုံး ကစားနည်း အပေါ် မြင်မိတဲ့အမြင်ဖြစ်တာကြောင့် အားနည်းချက်များ လစ်ဟာချက်များ ရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးကြပါလို့ ကြိုတင် တောင်းပန် ထားပါရစေ..  ဒီရာသီမှာ ဖလား၃လုံးနဲ့အတူ ချန်ပီယံဖြစ်သွားတဲ့ အင်တာမီလန်အသင်းနဲ့ နည်းပြ မော်ရင်ဟိုတို့ကို ၀မ်းသာဂုဏ်ယူပါကြောင်းနဲ့ ကျွန်မတို့ မြန်မာအသင်းအနေနဲ့လည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ချန်ပီယံလိဂ်လိုပွဲမျိုး ၀င်ရောက်နိုင်တဲ့ အဆင့်အတန်းမျိုးထိ ဖြစ်လာမယ်လို့ ယုံကြည် မျှော်လင့်ချင်ပါတယ်.. ဒီလိုပွဲမျိုးကိုလည်း တွေ့ချင် လှပါတယ်လေ။ ဒီချိန်ကျရင် ဘောလုံးဝါသနာ ရှင်များနဲ့ ကျွန်မတို့ အားလုံး အတူတူ အားပေးကြဖို့ တစ်ချိန်ချိန်တော့ ဖြစ်လာနိုင်မယ်လို့ မျှော်လင့်ထားကြပါစို့နော်..
(မျှော်လင့်ခွင့်တော့ ရှိတယ်မဟုတ်လား :) )


လေးစားချစ်ခင်စွာဖြင့်

ချော(အစိမ်းရောင်လွင်ပြင်)

စပျစ်ပင်တို့ရဲ့ ခွန်အားများ





picture from Here


ဒီတစ်ခေါက်ပြောပြမဲ့ ပုံပြင်လေးက “စပျစ်ပင်တွေ” အကြောင်း ဖြစ်ပါတယ်.. ဒီပုံပြင်လေးကို နှစ်သက်မိတာ ကလည်း ပုံပြင်လေးက ပေးချင်တဲ့ Message လေးတွေကို သဘောကျမိတာကြောင့်ပါဘဲ.. ဒါကြောင့်လဲ စာဖတ်သူများကို ပြန်လည် မျှဝေခံစားစေချင်လို့ ဒီနေရာက ပြန်ပြောပြပါမယ်.. နားထောင်ကြည့်ပါနော်.. ပုံပြင်လေးက ဒီလိုပါ။

ဟိုးရှေးရှေးတုန်းက စပျစ်ပင်တစ်ပင်ရဲ့ ပင်စည်ခပ်သေးသေးလေးတစ်ခု ရှိပါတယ်.. ပင်စည်ငယ်ကလေးဟာ လောကကြီးထဲမှာ အသက်ရှင်သန်ခွင့်ရတဲ့အတွက် ၀မ်းမြောက် ၀မ်းသာ ဖြစ်ရှာပါတယ်.. သူဟာ မြေဆီလွှာတွေ ဆီကရတဲ့ ရေကိုသောက်သုံးပြီး အပင်အတွက် လိုအပ်တဲ့ အဟာရဓာတ်တို့ကို မြေလွှာဆီကနေဘဲ စုတ်ယူမှီဝဲကာ တစ်ဖြေးဖြေး ကြီးထွားလာပါတယ်.. သူ့ကိုယ်သူလဲ အင်အားရှိလာပြီ၊ သန်မာထွားကြိုင်းလာပြီ ၊ သူ့ခြေထောက်ပေါ်သူ ရပ်တည်နိုင်စွမ်းပြီလို့ ထင်ကာ ပျော်ရွှင် ဂုဏ်ယူနေပါတယ်..

ဒါပေမဲ့ မကြာခင်မှာဘဲ လေပြင်းမုန်တိုင်းက ကြမ်းရိုင်းစွာ တိုက်ခတ်လာပါတယ်.. လေကြမ်းနဲ့အတူ ပြင်းထန်တဲ့ မိုးစက်မိုးပေါက်တွေက သူ့ပင်စည်နေရာအနှံ့ကို ရက်ရက်စက်စက် ထိုးနှက်ပါတော့တယ်.. လေရောမိုးပါ ကြမ်းကြမ်းတမ်းတမ်း ထိုးနှက်တဲ့ဒဏ်ကြောင့် စပျစ်ပင်စည်လေးဟာ အင်အားချည့်နှဲ့လာပြီး မြေပြင်ပေါ် ပုံရက်သား လဲကျကာ ပြန်လည် ထူထောင်ဖို့ ခွန်အားတောင် သူ့မှာ မရှိတော့အောင် ဖြစ်ရပါတော့တယ်..

မိုးရာသီ ကုန်ဆုံးပြန်တော့ အလွန်အေးစက်ပြင်းထန်တဲ့ ဆောင်းရာသီရောက်လို့ လာပြန်ပါတယ်.. နှင်းတွေက ပက်ပက်စက်စက် အေးလွန်းတော့ စပျစ်ပင်စည်လေးဟာ မြေပြင်ပေါ်မှာဘဲ ၀ပ်စင်းနေရတော့တာပါဘဲ… သူ့မှာ ဆက်လက်ရှင်သန်ဖို့လည်း မောပန်းနွမ်းနယ်လွန်းနေပါပြီ.. သူ့ကိုယ်သူ သိတာက သူမကြာခင်မှာ သေဆုံးတော့မယ်ဆိုတာပါဘဲ.. အပင်တစ်ပင် ကြီးပြင်း အရွယ်ရောက်ဖို့ဆိုတာ အချိန်ကာလ ကြာကြာ လိုအပ်ပေမဲ့ ပြိုလဲဖို့၊ ညိုးနွမ်းသွားဖို့၊ သေဆုံးသွားဖို့ကျတော့ အင်မတန်မှ လွယ်ကူပါတယ်.. အချိန် ကာလလည်း များများ မလိုအပ်ပါဘူး.. အကြောင်းကြောင်းတွေကြောင့် သေဆုံးချည့်နှဲ့သွားနိုင်ပါတယ်..

စပျစ်ပင်စည်ငယ်ကလေးဟာ အားနည်းဖျော့တော့စွာ မြေပြင်ပေါ် ခွေခေါက်နေတဲ့အချိန်မှာ သူ့နားထဲမှာ “ဟေ့ ကောင်လေး ထထ.. ငါ့ကိုမှီထားလိုက် ”  ဆိုတဲ့ အသံလေးတစ်ခု ကြားလိုက်ပါတယ်..  အသံရှင်ကို သူလိုက်ရှာတဲ့အခါ သူ့အနီးနားက ရှင်သန်ရင့်မာ ထွားကြိုင်းနေတဲ့ စပျစ်ပင်စည် ခပ်ကြီးကြီးကို တွေ့လိုက်ရပါတယ်..  ပင်စည်ငယ်ကလေးက သတိကြီးကြီးထားပြီး တွန့်ဆုတ်ဆုတ်နဲ့ ပင်စည်ကြီးနားကို တိုးကပ်သွားးလိုက်ပြီးတော့ “ခင်ဗျားက ဘာသဘောနဲ့ ကျွန်တော့်ကို မှီခိုင်းတာလဲ ”လို့  ပြန်မေးလိုက်တော့ စပျစ်ပင်စည်ကြီးက “မင်းကို ငါကူညီမလို့ပါကွ.. လေပြင်းမုန်တိုင်းတွေ၊ နှင်းမိုးစက်တွေကြောင့် မင်းတစ်ပင်တည်းဆိုရင် ရှင်သန်ရပ်တည်ဖို့ မလွယ်ဘူး.. ဒါကြောင့်လဲ မင်းခေါင်းကို ငါ့ရဲ့ ပင်စည်ပေါ် မှီထားခိုင်းတာ.. တွေ့လား အခုလို ငါ့ကိုမှီထားမယ်ဆိုရင် ဘယ်သဘာဝတရားရဲ့ ဒဏ်ကိုမှ တော်ရုံနဲ့ မင်း မှုစရာမလိုတော့ဘူးပေါ့” လို့ ပြန်ပြောပါတယ်..

စပျစ်ပင်စည်ငယ်ကလေးဟာ ပင်စည်ကြီးရဲ့ စကားကိုကြားလိုက်ရတော့ ယုံယုံကြည်ကြည် အားကိုးတကြီးနဲ့ ခေါင်းကလေးကို ထောင်မတ်ပြီး ပင်စည်ကြီးကို မှီထားလိုက်ပါတော့တယ်.. သူကြည့်လိုက်တော့ ကျန်တဲ့ အင်အားကြီးတဲ့ စပျစ်ပင်စည်ကြီးတွေပေါ်ကို သူ့လို ငယ်ရွယ်ပြီး ခွန်အားနည်းနေတဲ့ ပင်စည်ငယ် ကလေးတွေက မှီခိုတွယ်ယှက်လို့ နေတာကို တွေ့လိုက်ရပါတယ်..  ဒီလိုနဲ့ မိုးသက်လေပြင်းရော နှင်းရိုင်းမုန်တိုင်းပါ အကြိမ်ကြိမ်အခါခါ တိုက်ခတ်ပေမဲ့ အချင်းချင်း ဆက်နွယ်ပြီး ရစ်ပတ်တွယ်ယှက်ထားတဲ့ စပျစ်နွယ်တွေကို မိုးရော၊ မုန်တိုင်းရော၊ နှင်းစက်ပွင့်တွေပါ ထိခိုက်အောင်၊ ပြိုလဲအောင် မလုပ်နိုင်ကြတော့ပါဘူး.. ပင်စည်အချင်းချင်း စုစုစည်းစည်း ညီညီညွှတ်ညွှတ် ပေါင်းစည်းထားတဲ့အတွက်ကြောင့် သဘာဝရဲ့ ရိုက်ခတ်ဖျက်ဆီးမှုအားကို ကြံ့ကြံ့ခိုင်နိုင်ကြပါပြီ။ သူတို့ အချင်းချင်းလဲ စုပေါင်းညီညွှတ်ခြင်းရဲ့ အင်အားအကြောင်းကို ကောင်းမွန်စွာ နားလည်သဘောပေါက်ကြပြီး လောကဓံရဲ့ထိုးနှက်ချက်တို့ကို  ရယ်ရယ်မောမော ပြုံးပြုံးရွှင်ရွှင်နဲ့ အံတုခံနိုင်ကြပြီ ဖြစ်ပါတယ်…

ဒီလိုနဲ့ စပျင်ပင်စည်ငယ်ကလေးဟာလည်း စပျစ်နွယ်တို့ရဲ့ စည်းလုံးညီညွှတ်ခြင်း အင်အားနဲ့ သဘာဝအတိုက်အခိုက်တို့ကို ကြံ့ကြံ့ခံရင်း တစ်ဖြေးဖြေး ကြီးထွားစည်ပင်လာပါတယ်.. တစ်နေ့တော့ သူရဲ့ ပင်ခြေအောက်က မြေပြင်ကို ငုံ့ကြည့်လိုက်ချိန်မှာ ဟိုးတစ်ချိန်က သူ့လိုမျိုးပါဘဲ ခပ်ငယ်ငယ် အင်အားချည့်နဲ့နဲ့ စပျစ်နွယ် ပင်စည်ငယ်ကလေးတစ်ခုဟာ မြေမြင်ပေါ်မှာ ဦးခေါင်းညွှတ်ကျပြီး လှဲလျောင်းနေတာကို တွေ့လိုက်ပါတယ်.. ဒီတော့ အရွယ်ရောက် ကြီးပြင်းနေပြီဖြစ်တဲ့ စပျစ်ပင်စည်က ပင်စည်ငယ်ကလေးကို “ငါ့ကို မှီတွယ်လိုက်ပါ.. ငါမင်းကို ကူညီပါ့မယ်” လို့ ပြောလိုက်ပါတယ်.. သူရဲ့စကားကို ကြားတဲ့ ပင်စည်ငယ် ကလေးဟာလည်း အားရ၀မ်းသာနဲ့ သူ့ကို အားကိုးတကြီးနဲ့ တွယ်မှီလိုက်ပါတယ်.. ဒီလို တစ်ဦးကို တစ်ဦး ဖေးမကူညီကြရင်း အင်အားကြီးသူများက အင်အားနည်းသူတို့ကို ရိုင်းပင်းကြရင်းနဲ့ပဲ အချိန်များမကြာမှီမှာ သူတို့တွေအားလုံး စုစုစည်းစည်း ညီညီညွှတ်ညွှတ် ရှိကြတာကြောင့် စပျစ်ပင်တွေဟာ အရွက်တွေ စိမ်းစို လန်းဆန်းလာတယ်.. အဖူးတွေ ဖူးညွှတ်ဝေဆာလာတယ်.. အပွင့်တွေ ပွင့်ဝေလန်းဖြာလာကြတယ်.. နောက်ဆုံးတော့ စားချင့်စဖွယ် ချိုမြိန်အရသာရှိလှတဲ့ စပျစ်သီးတွေ ခူးလို့မကုန်နိုင်အောင်   သီးပွင့်ဝေဆာလာပြီး လောကကို အလှဆင်၊ အကျိုးပြုကြပါတော့တယ်..


ပုံပြင်လေးက ဒီမှာ ပြီးဆုံးပါပြီရှင်….

-------------------------------------------------------------------------------------------------------------

ပုံပြင်လေးကိုဖတ်ပြီး တွေးမိတာက ကျွန်မတို့ ကျင်လည်နေကြတဲ့ လက်တွေ လူ့လောကမှာလည်း တစ်ဦးနဲ့တစ်ဦး ရန်စောင် တိုက်ခိုက်နေကြမဲ့အစား၊ တစ်ဦးရဲ့အမှားကို တစ်ဦးက ကဲ့ရဲ့ပြစ်တင် ပြောဆို နေကြမဲ့အစား၊ အားနည်းတဲ့သူတွေကို နိမ့်ချမဲ့အစား၊ ကိုယ်တစ်ဦးတည်း ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး လူမှုအသိုင်းအ၀ိုင်း ရဲ့အပြင်ဘက်မှာ အထီးကျန်အားနည်းစွာ နေထိုင်သွားမဲ့အစား “စပျစ်ပင်” တို့ကို နမူနာယူကာ အင်အားကြီးသူက အင်အားနည်းသူကို ဖေးမကူညီသင့်ပါတယ်...  တစ်ဦးနဲ့ တစ်ဦး စေတနာ ထားကြရင်း လောကရဲ့ သဘာဝ ဘေးဒဏ်တို့ကို ကြံ့ကြံ့ခံကာ စုစုစည်းစည်း ညီညီညွှတ်ညွှတ်နဲ့များ နေသွားပြီး လောကကို တတ်နိုင်သလောက် အလှဆင်ကြမယ်ဆိုရင် သာယာ လှပတဲ့ လောက လူ့ဘောင်၊ နေချင်စရာကောင်းတဲ့ ပျော်ရွှင်ဖွယ် ကမ္ဘာမြေကြီး ဖြစ်လာမယ် ထင်ပါတယ်နော်..


The Little Grape Stem ( Author Unknown) ကို နှစ်ခြိုက်မိသောကြောင့် ဘာသာပြန် ဝေမျှပါသည်။

ချော(အစိမ်းရောင်လွင်ပြင်)

နောင်တ မရကြေး



picture from Here


လူတိုင်းလူတိုင်းမှာ အခက်အခဲ အကြပ်အတည်းနဲ့ နဖူးတွေ့ဒူးတွေ့ ကြုံရတဲ့အချိန်မျိုး ရှိခဲ့ကြဖူးမှာပါနော်.. ရွေးချယ်စရာတစ်ခုခုကို ဘယ်လမ်းကို ရွေးချယ်ရမှန်းမသိ ဗျာများခဲ့ကြဖူးပါလိမ့်မယ်.. အဲဒီရွေးချယ်စရာ ၂ခုထဲမှာမှ တစ်ခုခုကို ရွေးချယ်ပြီးပြီဆိုခဲ့ရင်တော့ ဘာကြောင့်ဘဲ ဖြစ်ဖြစ် ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်တာ ဖြစ်လို့ နောင်တ မရကြေးက အကောင်းဆုံး မဟုတ်လား.. ရွေးချယ်တော့မယ်ဆိုရင် ဘ၀မှာ အဓိက ဦးစားပေးသင့်တာကို သေချာစဉ်းစားပြီး ရွေးချယ်ရမှာပါဘဲ.. ရွေးပြီးပြီ ဆိုရင်တော့ ဘယ်လိုရလာဒ်ကို ရလာသည်ဖြစ်စေ၊ ကျေနပ်စွာ လက်ခံရမှာဘဲ ဖြစ်ပါတယ်.... ဒီနေရာမှာ ဆုံးဖြတ်ချက်ချတာနဲ့ စပ်လျဉ်းပြီးတော့ ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲက  လူတစ်ယောက် အကြောင်းကို ပြန်ပြောင်းပြီး ပြောပြချင်ပါတယ်..

၁၉၂၄ ခုနှစ်က ပဲရစ်မှာ ကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာ ကနူးလှေလှော်ပြိုင်ပွဲကို စပြီးထည့်သွင်းကျင်းပဖို့ ကြော်ငြာပါတယ်.. အဲဒီကနူးလှေပြိုင်ပွဲမှာ ပါဝင်တဲ့ အားကစားသမား လေးယောက် လှော်ရတဲ့ ကစားနည်းမှာမှ အနိုင်ရမယ်လို့ ရေပန်းစား ထင်ကြေးပေး ခံရဆုံး အသင်းက USA အသင်းဘဲ ဖြစ်ပါတယ်.. အဲဒီ ပြိုင်ပွဲဝင်ဦးရေ ၄ယောက်ပါဝင်ယှဉ်ပြိုင်ရတဲ့ ကနူးလှေလှော် အသင်းထဲမှာ ပါဝင်တဲ့ အငယ်ဆုံး အားကစားသမားက ဘီလ် ဟေဗင် ဖြစ်ပါတယ်..

အိုလံပစ်ပြိုင်ပွဲ နီးလာတဲ့အချိန်မှာ တိုက်ဆိုင်တာက ဘီလ်ရဲ့ ဇနီးဟာ ပထမဆုံး သားဦး ကိုယ်ဝန်ကို မီးဖွားဖို့ အဆင်သင့်ဖြစ်နေပါပြီ. သူမ မီးဖွားမဲ့ရက်ဟာလည်း ဘီလ်တို့ ပဲရစ်ကို ပြိုင်ပွဲ သွားဝင်မဲ့အချိန် ဖြစ်နေပါတယ်.. ၁၉၂၄ခုနှစ်အချိန်ဆိုတာ အမေရိကနဲ့ ပြင်သစ်ပြည်တို့ဟာ လေကြောင်းလိုင်းတွေ မရှိသေးတဲ့အချိန် ဖြစ်ပါတယ်.. ပြိုင်ပွဲဝင်ဖို့ သွားမယ်ဆိုရင် သမုဒ္ဒရာကိုဖြတ်လို့ သဘောင်္နဲ့ ရက်အတော်ကြာ သွားရတဲ့ ရေကြောင်းခရီးသာ ရှိပါတယ်..  ဒီတော့ ဘီလ်ခင်မျာ ပြိုင်ပွဲနဲ့ ဇနီး မီးဖွားမဲ့အရေးကြားမှာ ဗျာများပြီး အကျပ်ရိုက်နေရှာပါတော့တယ်.. သူ့ဇနီး သားဦးလေးမွေးဖွားမဲ့အချိန်ကို လစ်လျူရှုပြီး ပြိုင်ပွဲကိုပဲ ဆက်ဝင်ရမလား.. ဒါမှမဟုတ် ပြိုင်ပွဲကို သွားမပြိုင်တော့ပဲ ဇနီးမီးဖွားတာကို စောင့်ဖို့ ပြိုင်ပွဲက နှုတ်ထွက်လိုက်ရမလား ဆိုတာ ဝေခွဲမရ ဖြစ်နေပါတယ်..

ဘီလ်ရဲ့ ဇနီးကတော့ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ သူ့ကို တွန်းအားတွေ ပေးရှာပါတယ်.. ဘာလို့ဆိုတော့ ဒီအိုလံပစ် ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်ခွင့်ရဖို့ဆိုတာဟာလည်း ဘီလ်အမျှော်လင့်ခဲ့ဆုံး စိတ်ကူးအိပ်မက်တစ်ခုလည်း ဖြစ်ခဲ့တာကို သူ့ဇနီးက သိထားပြီးသားပါ။ ဒါကြောင့်လည်း ဘီလ်အတွက် ဆုံးဖြတ်ချက်ချဖို့ တွေဝေနေတာ၊ ခက်ခဲနေတာ ဖြစ်ပါတယ်.. နောက်ဆုံးမှာတော့ အကြိမ်ကြိမ် အဖန်ဖန် သေချာစဉ်းစားပြီး ပြိုင်ပွဲကနေ နှုတ်ထွက်လို့ သူ့မိန်းမ မီးဖွားချိန်မှာ သူကိုယ်တိုင် ဘေးနားမှာ ရှိနေဖို့ကို ရွေးချယ်လိုက်ပါတော့တယ်.. သူ့ဘ၀မှာ သူဘာကို ဦးစားပေး ရွေးချယ်သင့်တယ်ဆိုတာ သူသိပါတယ်.. မွေးလာမဲ့ ကလေးလေးအတွက် သူ့မက်ခဲ့ရတဲ့ စိတ်ကူးအိပ်မက်တွေကို စွန့်လွှတ်ဖို့ သူဆုံးဖြတ်လိုက်တာပါ..

သူသွားမပြိုင်ဖြစ်လိုက်တဲ့ ၄ယောက်လှော် ကနူးလှေပြိုင်ပွဲမှာ  ဘီလ်မပါဝင်ခဲ့ပေမဲ့ သူတို့ အမေရိကန်နိုင်ငံ အသင်းက ရွှေတံဆိပ် ရရှိသွားခဲ့ပါတယ်..  ဒါပေမဲ့ ဘီလ်ရဲ့ ဇနီးကလည်း ကလေးလေးကို တော်တော်နောက်ကျပြီးမှ မီးဖွားခဲ့တာကြောင့် တကယ်တမ်း ဘီလ်ပြိုင်ပွဲကို သွားပြိုင်ခဲ့မယ် ဆိုရင်တောင် ပြန်လာတဲ့အချိန်နဲ့ ကလေးမီးဖွားချိန်ဟာ အချိန်မှီနိုင်တဲ့ အနေအထားပါ။ လူတွေအားလုံးက ဘီလ်ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ရှက်စရာ ကောင်းတယ်.. ဘီလ် ဆုံးဖြတ်ချက်မှားတယ်လို့ ဝေဖန်ကြပေမဲ့ ဘီလ်ဟေဗင်က “သူ့ဘ၀မှာ ဘယ်ဟာက အရေးအကြီးဆုံးဆိုတာ သူ့ကိုယ်သူသိပါတယ်.. မွေးဖွားလာမဲ့ သူ့သားအတွက်၊ သူ့မိသားစုအတွက် အကောင်းဆုံး ဖခင်တစ်ယောက် ဖြစ်ချင်ပါတယ်.. ရွှေတံဆိပ်ဆိုတာ အခွင့်သင့်ရင် နောက်တစ်ကြိမ်မှာ ရအောင်ယူနိုင်ပေမဲ့ သူ့သားမွေးဖွားချိန်ကို သူ့ဘ၀မှာ နောက်တစ်ကြိမ် ထပ်ကြုံမှာ မဟုတ်တော့ပါဘူး...  ဒါကြောင့် သူမှန်တယ်ထင်လို့ စဉ်းစားရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်အတွက် နည်းနည်းမှ နောင်တမရပါဘူး” လို့ပြောပါတယ်..

ဘီလ်ဟေဗင်ရဲ့ စိတ်ဝင်စားစရာ နောက်ဆက်တွဲအကြောင်းအရာက သူ့မိန်းမဟာ သားယောက်ျားလေးကို မွေးဖွားခဲ့ပြီး သားလေးကို ဖရန်ခ့်ဟေဗင် လို့ နံမည်ပေးလိုက်ကြပါတယ်.. နောင်နှစ်ပေါင်း ၂၈နှစ်ကြာလို့ ၁၉၅၂ခုနှစ်ရောက်တဲ့အချိန်မှာတော့ ဘီလ်ဟာ နိုင်ငံရပ်ခြားက ကြေးနန်းတစ်စောင် လက်ခံရရှိပါတယ်.. အဲဒီကြေးနန်းဟာ ၁၉၅၂ခုနှစ် အိုလံပစ်ပွဲတော်ကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတဲ့ ဖင်လန်နိုင်ငံကနေ သူ့သားဖရန်ခ့်က ပို့လိုက်တာ ဖြစ်ပါတယ်… ကြေးနန်းထဲမှာ ပါတာက “ ဒယ်ဒီ.... သား မွေးဖွားမဲ့အချိန်နဲ့ တိုက်နေတာကြောင့် ဒက်ဒီ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ ရွှေတံဆိပ်ကို  သား အရယူလိုက်ပါပြီ.. မကြာခင် ရွှေတံဆိပ်နဲ့အတူ အိမ်ပြန်လာပါတော့မယ်..”   ဆိုတဲ့ စာသားတွေဘဲ ဖြစ်ပါတယ်..

ဟုတ်ပါတယ်.. ဖရန်ခ့်ဟာ ကနူးလှေပြိုင်ပွဲမှာ အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ် ဆွတ်ခူးပေးခဲ့ပါပြီ. သူ့အဖေ အမြဲမက်ခဲ့ရပေမဲ့ သားဖြစ်သူ ဖရန်ခ့်ကြောင့် စွန့်လွှတ်လိုက်ရတဲ့ အိပ်မက်၊ ဖခင်ဖြစ်သူ အကောင်အထည်မဖော်ဖြစ်ခဲ့တဲ့ အိပ်မက်ကို သား ဖရန်ခ့်ကဘဲ  အသက်သွင်းပြီး ရွှေတံဆိပ်ကို ဆွတ်ခူးပေးလိုက်တာ ဖြစ်ပါတယ်..

ဒါကြောင့်လဲ ဘီလ်အမြဲပြောတာက လုပ်သင့်လုပ်ထိုက်တာ တစ်ခုကို လုပ်မယ်လို့ အကောင်းဆုံး ဆုံးဖြတ်ပြီးပြီဆိုရင် ဘယ်တော့မှ နောင်တ မရပါနဲ့တဲ့”
---------------------------------------------------------------------------------------------//

Steve Goodier ရဲ့ No Regrets ကို ဘာသာပြန် မျှဝေပါသည်။

နောင်တရခြင်းမှ ကင်းဝေးကြပါစေရှင်

လေးစားချစ်ခင်စွာဖြင့်
ချော(အစိမ်းရောင်လွင်ပြင်)

တူညီသော ချစ်ခြင်းတစ်စုံ


 
လူတိုင်းလူတိုင်းမှာတော့ စိတ်မကြည်မသာ ဖြစ်တဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်၊ စိတ်ဓာတ်ကျတဲ့အချိန်တွေ၊  ၀မ်းနည်း နာကျင်နေတဲ့အချိန်တွေ တစ်ခါမဟုတ် တစ်ခါတော့ ရှိတတ်ကြမှာဘဲနော်.. အဲဒီအချိန်တွေကို ဘယ်လိုများ ကျော်ဖြတ်ကြပါသလဲ.. လူတစ်ယောက်နဲ့တစ်ယောက် ကျော်ဖြတ်ပုံ၊ ရင်ဆိုင်ကြပုံချင်းတော့ တူကြမယ် မထင်ပါဘူး။ တစ်ချို့ကျတော့ စိတ်ဓာတ်ကျရင် ၀မ်းနည်းနာကျင်ရင် ငိုကြွေးကြတယ်.. အချို့က မိမိမိတ်ဆွေ၊ မိဘဆွေမျိုးတွေဆီ ရင်ဖွင့် ပြောပြကြတယ်.. အချို့ကျတော့လည်း စိတ်ခွန်အားဖြစ်မဲ့ စာတွေ၊ စိတ်ကို တည်ငြိမ်စေမဲ့ အဆုံးအမ တရားစာတွေ ဖတ်ကြတယ်.. တရားထိုင်ကြတယ်..  တစ်ချို့ကျတော့ သီချင်းတွေ အော်ဟစ် သီဆို တတ်ကြပါတယ်.. ဒါက တစ်ယောက်နဲ့တစ်ယောက် စိတ်ညစ်နွမ်းချိန်ကို ရင်ဆိုင် ဖြတ်သန်းပုံချင်း မတူညီတာကို ပြောပြချင်တာပါ။

 ကျွန်မစိတ်ညစ်ရင်၊ စိတ်မကြည်မသာဖြစ်ရင် အေးချမ်းဆိတ်ငြိမ်တဲ့ ရှုခင်းတွေ တမျှော် တစ်ခေါ်ကြီး ကို ငေးမောလို့ ရနိုင်မဲ့ ၊ အချိန်အကြာကြီး ကိုယ့်စိတ်အာရုံတွေကို အဆုံးမရှိ လွတ်ပေးလိုက်လို့ ရတဲ့ နေရာမျိုးမှာ ထိုင်နေရတာကို သဘောကျ နှစ်သက်မိတယ်.. ဒီအချိန်မှာ ဖုန်းတွေကို ပိတ်ချင် ပိတ်ထားမယ်.. ပြင်ပ အဆက်အသွယ်တွေ အကုန်ဖြတ်တောက်လို့ ကိုယ်မသိ၊ ကိုယ်မရင်းနှီးတဲ့ မျက်စိ တစ်ဆုံး မြင်နေရတဲ့ တောင်တန်း ကြီးတွေပေါ်ကို ကျော်ဖြတ်ပြီး  အဝေးဆုံးထိ စိတ်ကို ဖြန့်ကျက်လို့ ခရီးနှင်ရတာက ကျွန်မရဲ့ စိတ်အာရုံကို ပြန်လည် လန်းဆန်းလာအောင်၊ စိတ်တွေ ပြန်လည် တည်ငြိမ် လာအောင်  ကုစားတဲ့နည်းတစ်မျိုးပါဘဲ.. အဲဒီချိန်မျိုးမှာ အိမ်ထဲမှာ နေနေတာထက် စာရင် အိမ်ပြင်ပကိုထွက်ပြီး လန်းဆန်း သန့်စင်တဲ့ လေပြေရဲ့ အပွေ့အဖက်ကို ခံယူလို့ ကြည်လင်လှပတဲ့ ရှုခင်းလေးတွေကို ကြည့်လိုက်ပြီ ဆိုရင် ကိုယ့်မှာ ရှိနေတဲ့ သောကစိတ်တွေ အနည်းနဲ့ အများတော့ အေးချမ်းသွားတတ်ပါတယ်။

ဒီညနေလဲ တစ်စုံတစ်ရာသော အကြောင်းကြောင့် နောက်ကျိညစ်နွမ်းနေတဲ့၊ ၀မ်းနည်းပင်ပန်းနေတဲ့ စိတ်အာရုံတွေကို ဆေးကြောဖို့ ကျွန်မထိုင်နေကျ နေရာလေးတစ်ခုဖြစ်တဲ့ မြစ်ဆိပ်ကမ်းဘေးက တာရိုးလေးကို ထွက်လာခဲ့မိပါတယ်.. တာရိုးလေးက မြစ်ရေမကျော်အောင် မြေဖို့ထားတဲ့ နေရာပေမဲ့ ကားသွားလို့ရတဲ့ အထိ လမ်းအကျယ်ရှိပြီးတော့ တာရိုးတစ်လျှောက်ကိုလည်း အုတ်တံတိုင်း ကာထားပါတယ်.. အုတ်တံတိုင်း ဆိုပေမဲ့လို့ အလုံပိတ်တံတိုင်းမျိုး မဟုတ်ဘဲ အကွက်ကျဲကျဲ ကာထားတဲ့ အရံအတားသဘောမျိုးပါဘဲ.. တံတိုင်းနဲ့ကပ်ရပ်မှာ ထိုင်စရာ ကွန်ကရိ ခုံကလေးများ ခပ်ကျဲကျဲ ရှိနေပြီး တာရိုးပေါ်က လမ်းကလေးကတော့ ကတ္တရာ ခင်းထားတဲ့ လမ်းကလေးလဲ ဖြစ်ပါတယ်..  အရိပ်ရ အပင်တွေကို အရွယ်ညီညီ စီရီလှပစွာ လမ်းဘေးဝဲယာ စိုက်ပျိုးထားပါတယ်.. သစ်ရွက်စိမ်းတို့ရဲ့ ရနံ့ကလည်း စိတ်ကိုလတ်ဆတ် ကြည်မြစေနိုင်တယ် မဟုတ်ပါလား...  တာရိုးအောက်ကို ဆင်းလိုက်တာနဲ့ စိမ်းလန်းစိုပြေနေတဲ့ မြက်ခင်းပြင် ကျယ်ကြီးနဲ့အတူ ပြုပြင်ထားတဲ့ အရွယ်မျိုးစုံ၊ အပင်မျိုးစုံတို့ကို စံနစ် တကျ စိုက်ပျိုး ထိန်းသိမ်းထားတဲ့ အပန်းဖြေစရာနေရာ ရှိပါတယ်.. ပန်းခြံလို့ခေါ်ချင်ပေမဲ့ အပွင့်ပွင့်တဲ့ ပန်းပင်ဆိုလို့ စက္ကူပန်းပင်ကလွဲလို့ ကျန်တာအားလုံးက စိမ်းစိမ်းစိုစို အရွက်ဖားဖား အပင်ကြီး၊ အပင်လတ်တွေ ဖြစ်တာကြောင့် ပန်းခြံလို့လဲ ခေါ်ဖို့ခက်ပါတယ်.. မြို့နေလူထု အပန်းဖြေနားနေစရာ ဆိုတာကမှ ပိုပြီး လိုက်ဖက်ပါတယ်။

အဲဒီ အနားယူစရာ နေရာရဲ့ သစ်ပင်ကြီးတွေရဲ့အောက်မှာ သဘာဝ ကျောက်တုံးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ စားပွဲကြီးတွေ၊ လူတွေထိုင်စရာ ကျောက်ခုံတွေ ရှိပါတယ်.. နေ့ခင်း နေ့လည်ဆိုရင် အနားယူသူများ၊ မင်္ဂလာဆောင် အလှဓာတ်ပုံရိုက်ကြသူများ၊ ပျော်ပွဲစားထွက်သူများ ရှိနေတတ်ပြီး ညနေခင်းဆိုရင်တော့ လမ်းလျှောက်လာသူများ၊ ကားနဲ့လာပြီး မိသားစုလိုက် အပန်းဖြေ လေကောင်း လေသန့် ရှုကြသူ များနဲ့ မြက်ခင်းပြင်ကြီးမှာရော တာရိုးတစ်လျှောက်မှာပါ စည်ကားလှပါတယ်.. အစား အသောက် ရောင်း ချတဲ့ ဆိုင်ကလေးများလည်း ရှိနေတာကြောင့် အပန်းဖြေလာသူများအတွက် အဆင်ပြေလှပါတယ်။ ကျွန်မကတော့ မြစ်ပြင်ကို ဖြတ်သန်းပြီး တိုက်ခတ် လာတတ်တဲ့ လေပြေ အေးအေးစိမ်ပစိမ့် လေးတွေရယ် ဟိုးအဝေးမှာ အဆုံးမရှိ မြင်နေရ တဲ့ တောင်ပြာတန်းကြီးတွေရဲ့ ညှို့ယူဆွဲဆောင်နိုင်လွန်းတဲ့ အလှအပ ရယ်ကြောင့် ဒီနေရာလေးကို သဘောကျမိ တာပါဘဲ။ တွေးချင်တိုင်း တွေး၊  ငေးချင်တိုင်း ငေးလို့ ကောင်း တဲ့ နေရာလေး တစ်ခုဘဲ မဟုတ်လား။

ခုလဲ တံတိုင်းနားက ထိုင်ခုံတစ်ခုပေါ်ထိုင်ပြီး ဟိုးဝေးဝေးက ဆင့်ကာဆင့်ကာ စီရီလှပစွာ ရှိနေတဲ့ ပြာရီမှိုင်းမှိုင်း တောင်တံတိုင်းတွေကို ကျော်ဖြတ်လို့ ကျွန်မရဲ့စိတ်တွေ ရွက်လွှင့်ချင်တိုင်း လွှင့်သွားနေတဲ့ အချိန်မှာ အနီးနားမှာ ကပ်ပြီး ပေါ်လာတဲ့ အသံတစ်ခုကြောင့် စိတ်နဲ့ကိုယ် ပြန်တွဲမိရက်သား ဖြစ်သွားပါတယ်.. ဒီလို စိတ်တွေ ရွက်လွှင့်သွားလိုက်မိတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာ သတိမထားလိုက်မိပေမဲ့ မြစ်ပြင်က လေအေးကြောင့် အင်္ကျီလက်တိုဝတ်ထားတဲ့ လက်တစ်လျှောက်လုံးတော့ အေးစက်နေခဲ့ပါပြီ။ အသံကြားရာကို လှည့်ကြည့်လိုက်တော့ လမ်းလျှောက်နေကြတဲ့ အသက် ၇၀ကျော် ၈၀နီးပါး အဖိုးအဖွားစုံတွဲတစ်တွဲ။ အဖိုးအိုက တောင်ဝှေးလေးကို တစ်ဘက်က ကိုင်ထားရင်း လက်တစ်ဘက်က အဖွားအိုရဲ့ လက်ကလေးတွေကို ဖေးမတွဲကူလို့.. အဖွားအိုရဲ့ လက်တွေကလဲ အဖိုးရဲ့ လက်ပေါ်မှာ မြဲမြံခိုင်မာလို့.. ကြည့်ရတာနဲ့တင် ကြည်နူးစရာ ကောင်းနေပြီ.. ကြားလိုက်ရတဲ့ အဖိုးအိုရဲ့ အကြင်နာမေတ္တာအပြည့်နဲ့ အသံကရော ကျွန်မအာရုံတွေကို ဆွဲယူသွားခဲ့တာဘဲမဟုတ်လား.. အဖိုးအိုက အဖွားကို ပြောတဲ့စကားက “အဖွားကြီးရေ.. မောနေပြီလား.. ဖြေးဖြေးလျှောက်နော်.. ထိုင်စရာနေရာ တွေ့ရင် ခနလောက်နားရအောင်.. ရေရော ဆာနေပြီလား.. ထိုင်မဲ့နေရာကျရင် အိတ်ထဲက ရေတိုက်မယ်နော်” တဲ့.. အဖွားကို ကြည့်ရတာ အနည်းငယ်တော့ မောပန်းနေပုံရပါတယ်။

 တာရိုးတစ်လျှောက် ကျွန်မကြည့်လိုက်တော့ လူတွေက အတော်များနေတယ်.. ပြီးတော့ ထိုင်ဖို့လုပ်ပေးထားတဲ့ ခုံတွေကလဲ နေရာလွတ်မကျန်တော့အောင် လူတွေအပြည့် ရှိနေပါတယ်.. အထူးသဖြင့်တော့ ငယ်ငယ်ရွယ်ရွယ် စုံတွဲကလေးတွေက ပိုမိုများပြားပါတယ်.. ဒီတော့ မနေနိုင်တဲ့ကျွန်မက ကိုယ်လက်ရှိ ထိုင်နေတဲ့ ကွန်ကရိခုံကလေးကနေ ထလိုက်ပြီး “အဖိုးနဲ့အဖွား ဒီမှာ ခနလောက်နားပါလား.. ကျွန်မ ဒီဘေးက အုတ်တံတိုင်းပေါ် ထိုင်လိုက်မယ်လေ” လို့ ဖိတ်ခေါ်လိုက်ပါတယ်.. အုတ်တံတိုင်းရဲ့ အမြင့်က ခါးလောက်ရှိတာမို့ အဖိုးအဖွားတို့အတွက် အဆင်မပြေနိုင်ပေမဲ့ ကျွန်မအတွက်တော့ ထိုင်လို့ အဆင်ပြေတာကြောင့် ခုံနေရာလေး ဖယ်ပေးပြီး အနီးနားက အုတ်တံတိုင်းပေါ် တက်ထိုင်လိုက်ပါတယ်.။

ခုံကလေးပေါ် ထိုင်လိုက်တဲ့ အဖိုးအဖွားတို့ကိုကြည့်ရင်း ဘာရယ်မသိတဲ့ ခံစားချက်လေးတွေနဲ့ စိတ်ဝင်တစား ငေးကြည့်နေမိပါတယ်.. အဖိုးအိုက သူလွယ်လာတဲ့ အိတ်ကလေး ထဲက ရေဘူးလေးတစ်ခု ကို ထုတ်လိုက်ပြီး အဖွားကို တိုက်ပါတယ်.. ဒါပေမဲ့ အဖွားက ငြင်းလိုက်ပြီး အဖိုးကို အရင် သောက်ပါ လို့ ပြောလိုက်တော့ အဖိုးအိုက ခပ်ပြုံးပြုံးလေး နဲ့ ရေကို မော့သောက်လိုက်ပြီး အဖွားဘက်ကို ပြန်ပေးလိုက်တော့မှ အဖွားအိုက ရေကို ဖြေးဖြေးလေး မော့သောက်ပါတယ်.. အဖွား ရေသောက်နေ တုန်းမှာ အဖိုးအိုက အိတ်ထဲက နောက်ထပ် ပစ္စည်းလေးတစ်ခုကို ဆွဲထုတ်လိုက်ပြန်တယ်.. သူ့လက်ထဲ ပါလာတာက လက်ကိုင်ပုဝါလေး တစ်ထည်.. အဲဒီ လက်ကိုင်ပုဝါလေးနဲ့ ချွေးစို့နေတဲ့ အဖွားရဲ့ နဖူးနဲ့ လည်ပင်းတို့ကို သာသာဖွဖွလေး သုတ်ပေးနေပါတယ်.. အိုး သိပ်ကို ရိုမန်တစ်ဆန်လှတဲ့ ကြည်နူးဖွယ် မြင်ကွင်းကလေးပါဘဲလား..

အဖိုးကိုကြည့်ရတာ သူ့အပြုအမူတွေအတွက် ရှက်ကိုးရှက်ကန်းဖြစ်ဟန် ဘာမှ မတွေ့ရသလို ဒီလိုလုပ်ပေးနေတာဟာလည်း သူ့အတွက် ဘာမှမထူးဆန်းသလို အမြဲလုပ်နေကျ အလုပ်တစ်ခုကို လုပ်နေတဲ့ပုံစံမျိုးနဲ့..  သက်တောင့်သက်သာ စေတနာ မေတ္တာအပြည့်နဲ့ပါဘဲ.. အဖွားအိုကရော.. သူ့မျက်နှာပေါ်လည်း အဖိုးကို ချစ်ခင်မြတ်နိုးခြင်း၊ အားကိုးယုံကြည်ခြင်းတွေအပြည့်နဲ့ အဖိုးခုလို လုပ်ပေးနေတာကို ကြည်နူးနှစ်သက်နေတဲ့ အပြုံးကလေးနဲ့အတူ မျက်နှာလေးက အသက်အရွယ်ကြောင့် အိုမင်းရင့်ရော်နေပေမဲ့လို့ ချစ်ခြင်း မေတ္တာရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ရွှန်းစိုလင်းလက်လို့ပါဘဲ...

ရေသောက်ပြီး ရေဘူးလေးကို အဖိုးကိုပြန်ပေးလိုက်တဲ့ အဖွားဟာ လက်ကိုင်ပုဝါကို ပြန်ဆွဲယူလို့ အဖိုးအိုကို ယုယ ကြင်နာစွာနဲ့ တစ်လှည့် ပြန်သုတ်ပေးနေပါတယ်.. ပြီးသွားတော့မှ တစ်ယောက်တည်း ထိုင်နေတဲ့ ကျွန်မဘက်ကို လှည့်ကြည့်ပြီး “သမီးက တစ်ယောက်တည်းလား.. အဖော်မပါဘူးလား” လို့ မေးလာပါတယ်.. ကျွန်မလဲ “အဖိုးနဲ့အဖွားတို့လို ပျော်စရာအဖော် မရှိဘူးလေ” လို့ ရယ်ရွှင်ပြပြနဲ့ နောက်တောက်တောက်လေး ပြန်ဖြေလိုက်ပါတယ်.. သူတို့ ၂ယောက်ကို ကြည့်ပြီး ကျွန်မရဲ့ စိတ်ထဲမှာ ရင်းရင်းနှီးနှီးကို ခံစားနေမိပြီး ရွှင်ရွှင်မြူးမြူးလေး ဖြစ်နေခဲ့တာကြောင့်ပါ။ အဖိုးအဖွားတို့က ကျွန်မရဲ့စကားကို ခပ်ဟက်ဟက်လေး ရယ်မော လိုက်ကြပါတယ်.. အဖိုးနဲ့အဖွားကို စိတ်ထဲကနေ မေးခွန်းလေးတွေ မေးကြည့်ချင်လာတာကြောင့် စကားစလိုက်မိပါပြီ..

“အဖွားတို့ကို ကြည့်ရတာ အရမ်းကြည်နူးစရာ၊ အားကျစရာကောင်းတယ်နော်..  အိမ်ထောင်သက် ဘယ်လောက်ကြာပြီလဲဟင်”

ကျွန်မရဲ့အမေးကို အဖွားက ပြုံးပြုံးကလေးနဲ့ “အဖွားတို့က ငယ်လင်ငယ်မယားတွေ သမီးရဲ့ .. အဖွား ၁၆နှစ် သမီးရဲ့အဖိုး အသက် ၂၀မှာ အိမ်ထောင်ကျတာ ဆိုတော့ အခု အဖွားက ၇၆၊ အင်း နှစ် ၆၀ရှိပြီပေါ့သမီးရယ်.. ” လို့ပြန်ဖြေပါတယ်..

“သားသမီးတွေရော ဘယ်နှယောက်ရှိလဲ” လို့မေးတော့ “သား၂ယောက် သမီး၎ယောက်ရှိတယ် သမီးရေ.. အားလုံး အိမ်ထောင်ကျလို့ အဖွားတို့မှာ မြေးတွေချည်း ၂၀ကျော်နေပြီ… အဲ မြစ်တွေတောင် တစ်ချို့အိမ်ထောင်ကျသူ ကျနေပြီလေ” လို့ပြန်ပြောပါတယ်.. အဖွားရဲ့အသံက အရမ်းကို နုညံ့ သိမ်မွေ့တာပါဘဲ.. လေသံလေးကလဲ ချိုချိုအေးအေးလေးနဲ့ .. ကြည့်ရတာ သူ့တစ်သက်မှာ ကြမ်းကြမ်းတမ်းတမ်း စကားတို့ကိုပင် ဆိုခဲ့ဖူးပုံမပေါ်ပါ..

“အဖွားတို့ကြည့်ရတာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခင်ကြတာဘဲနော်.. အဖွားတို့ အိမ်ထောင်သက်မှာ ရန်တစ်ခါမှ မဖြစ်ဖူးဘူးလား” လို့ မေးမိတော့ အဖိုးက ပြန်ဖြေပါတယ်.. “သူက စိတ်သဘောအရမ်းနုညံ့တယ် သမီးရဲ့.. အဖိုးကတော့ စိတ်နည်းနည်းဆတ်တယ်.. ဒါပေမဲ့ အဖိုးစိတ်ဆိုးမယ်ပြင်ရင် သူက အရင်အလျှော့ပေးလိုက်တော့ ဘယ်တော့မှ ရန်ဖြစ် စကားများတဲ့အဆင့်ကို မရောက်ပါဘူးကွယ်… ”

“သူကလဲ အဖွားအပေါ် ညှာတာတာကိုးသမီးရဲ့.. အဖွားကို စကားကြမ်းကြမ်းတောင် မပြောခဲ့ဖူးတော့ ရန်ဖြစ်တယ်ဆိုတာလည်း ဘယ်ရှိတော့မှာလဲ.. အဓိက ကတော့ နားလည်မှုပေါ့သမီးရယ်.. အဖိုးက အဖွားအပေါ် အမြဲတမ်း နားလည်မှုပေးခဲ့တယ်.. အိမ်ထောင်ဦးစီး ယောက်ျားကောင်းပီသစွာနဲ့ အဖွားကို ဖေးဖေးမမ ကြင်ကြင်နာနာ ရှိတယ်.. အဖွားတို့ မိန်းမတွေရဲ့ စိတ်က ကိုယ့်ယောက်ျားကို အားကိုးတွယ်တာ တတ်တဲ့ စိတ်မျိုးရှိတယ်လေ.. ယောက်ျားလုပ်သူက ကောင်းနေရင် မိန်းမတွေကလဲ အိမ်ထောင်ရှင်မ ကောင်း ပီသဖို့ ဘယ်ဝန်လေးတော့မလဲ သမီးရယ်…  ကိုယ်ချစ်လို့ ထူထောင်ထားတဲ့အိမ်ထောင်ရေးကို တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနဲ့ ရိုးမြေကျတဲ့အထိ ဖြတ်သန်းချင်တာလေ.. သမီးအဖိုးကလဲ ဒီလိုစိတ်မျိုးဘဲရှိပါတယ်.. ဒီတော့ အဖွားတို့က မချမ်းသာပေမဲ့ ဘ၀ကို နားလည်မှုလေးတွေနဲ့ တည်ဆောက်ကြတော့ စိတ်အေးချမ်းတယ် သမီးရဲ့”  အဖွားရဲ့ လေသံ အေးအေးလေးက သူ့ရဲ့စိတ်လေးလိုပါဘဲ အေးချမ်းလိုက်တာနော်… သူတို့ပြောတဲ့စကားတွေဟာ အမှန်ဖြစ်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာ မရှိလောက်အောင် ကျွန်မရင်ထဲက ယုံကြည်မိပါတယ်.. သူတို့ရဲ့ စိတ်သဏ္ဍာန်တွေက  သူတို့ရဲ့ အပြုအမူ ပေါ်မှာတင်မက မျက်နှာပေါ်မှာပါ ဖော်ပြနေသားဘဲလေ..

“အဖွားတို့အိမ်ထောင်ရေးက သိပ်စိတ်ချမ်းသာစရာ ကောင်းတာဘဲနော် .. အားကျဖို့ကောင်းလိုက်တာ.. အဖိုးရဲ့ နားလည်မှုကို ရထားတဲ့ အဖွားက ကံကောင်းသလို အလျှော့ပေးတတ်တဲ့ အဖွားကို ရတာလဲ အဖိုး ကံကောင်းတာပါဘဲနော်.. ”

ကျွန်မက ပြောလိုက်တော့ အဖွားက ကျွန်မကို ရင်းနှီးခင်မင်စိတ်ကြောင့် ထင်ပါရဲ့.. မေးခွန်းလေး တစ်ခု ပြန်မေးပါတယ်..  “ဒီလိုဆို သမီးကရော သမီးရရှိထားတဲ့အချစ်က ဘယ်လိုအချစ်မျိုးလဲ.. နားလည်မှုပေးတဲ့အချစ်လား.. အလျှော့ပေးတဲ့ အချစ်မျိုးလား၊ အဲဒီအချစ်မှာ သမီးကိုယ်တိုင်ကရော စိတ်ချမ်းမြေ့မှု ရရဲ့လား” တဲ့

ကျွန်မကသာ မေးခွန်းတွေ တောက်လျှောက်မေးလာခဲ့ပေမဲ့ ရုတ်တရက် ပြန်မေးလိုက်တဲ့ အဖွားရဲ့ မေးခွန်းမှာ ကျွန်မနှုတ်တွေ ဆွံ့အလို့သွားခဲ့ပါတယ်.. ပြန်ဖြေစရာစ ကား ရှာမရတာနဲ့ဘဲ  ခပ်ပြုံးပြုံးလေး သာ လုပ်နေလိုက်မိပါတော့တယ်... စိတ်ထဲက တီးတိုးလေး ပြောနေမိတာက  “သမီးလဲ အဖွားလို ကံကောင်းချင်ပါတယ်.. အချစ်မှာ သာယာချမ်းမြေ့ချင်တာပါဘဲ အဖွားရယ်..  ဒါပေမဲ့.......”

“ကဲ... သမီးရေ.. မမှောင်ခင် အဖိုးတို့ ပြန်လိုက်ဦးမယ်.. ညနေတိုင်း အဖိုးတို့က လမ်း လာလာလျှောက် တယ်လေ.. ဟိုးနားလေးက အိမ်မှာနေတယ်သမီးရေ. ရောက်ရင် ၀င်လာလည်နော်.. သမီးအဖွားက ခုချိန်ထိ အဖိုးကို ဟင်းချက်ကျွေးတုန်း.. သူက ဟင်းချက်သိပ်ကောင်းတာသမီးရဲ့… လာလည်ရင် သမီးကို အဖွားလက်ရာနဲ့ ထမင်းကျွေးမယ်နော်.. ”

အဖိုးက ခင်မင်ဖော်ရွေစွာ ကျွန်မကို ပြောလိုက်ရင်း ပြောပြောဆိုဆို တောင်ဝှေးကိုကောက်လို့ အရင် ထလိုက်ပြီး လက်ကလေး ကမ်းလိုက်ကာ အဖွားထနိုင်အောင် ကြင်ကြင်နာနာလေး တွဲထူလိုက်ပါတယ်.. အတွဲခံရတဲ့အဖွားရဲ့ လက်ကလေးတွေကလည်း အဖိုးရဲ့ လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်လို့..

“သမီးလဲ တစ်ယောက်တည်း ဆိုတော့ မမှောင်ခင်ပြန်နော်.. အကြာကြီး မထိုင်နဲ့ မြစ်ပြင်က လာတဲ့လေက အေးတော့ အအေးမိမယ်.. ဒီဘက်ရောက်ဖြစ်ရင် အဖွားတို့ဆီလဲ လာလည်နော်” လို့ အသံအေးအေးလေးနဲ့ အဖွားက သံယောဇဉ်ကြီးတတ်စွာ ၀င်ပြောလိုက်ပါတယ်..

တစ်ယောက်လက် တစ်ယောက်တွဲပြီး တစ်ရွေ့ရွေ့ ဝေးကွာသွားတဲ့ အဖိုးနဲ့ အဖွားကိုကြည့်ပြီး ခံစားချက်တစ်မျိုးကြောင့် မျက်ရည်စတစ်ချို့ မျက်ဝန်း အိမ်မှာ ရစ်ဝဲ လာမိပါတယ်.. ကြည်နူးမှုကြောင့် ကျတဲ့မျက်ရည်လား.. ဘာအတွက်ကြောင့် ကျတဲ့ မျက်ရည်လဲ ဆိုတာကိုတော့ ကျွန်မ ကိုယ်တိုင်တောင် ဝေခွဲဖို့ ခက်လှပေမဲ့ နားလည်စာနာမှု၊ အလျှော့ပေးသိတတ်မှု၊ ချစ်ခင်ကြင်နာမှု စသည်တို့ဖြင့် ယှက်ဖွဲ့ထားတဲ့ အဖိုးအိုနဲ့ အဖွားအိုတို့ရဲ့ လေးစား အားကျဖွယ် တူညီသော ချစ်ခြင်း မျိုးကိုတော့ လိုချင် မက်မော လှပါတယ်လေ။ အချစ်ဆိုတာ တစ်ဦးနဲ့တစ်ဦး စာနာ နားလည်မှု၊ ဖေးမ ကူညီမှု၊ မြတ်နိုး တွယ်တာမှု၊ လေးစား ချစ်ခင်မှုတွေနဲ့ တည်ဆောက် ထားမယ်ဆိုရင် သာယာ လှပလို့ ပျော်ရွှင် ချမ်းမြေ့ဖွယ် ချစ်ခြင်းတစ်စုံ ဖြစ်လာမှာတော့ သေချာသားဘဲ မဟုတ်ပါလားနော်။


လူတိုင်းလူတိုင်း တူညီသော ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်နိုင်ကြပါစေရှင်..


ချော(အစိမ်းရောင်လွင်ပြင်)