ငယ်သော်ငြားလည်း





















ပင်လုံးကျွတ် ညွှတ်ဝေစွာ ပွင့်နေသော ဘွန်ဇိုင်းပင်များ


လူတွေရဲ့ ပြုပြင်ဖန်တီးမှုနဲ့ သိပ်ကို စိတ်ဝင်စားစရာ ချစ်စရာဖြစ်လာတဲ့ သက်ကြီးပု အပင်ငယ် ကလေးများကို လူတိုင်း တွေ့ဖူးကြပါလိမ်မယ်နော်.. အဲဒီအပင်ပုလေးတွေကို ဘွန်ဇိုင်းလို့ ခေါ်ကြပါတယ်.. တစ်ချို့သော ဘွန်ဇိုင်းပင်များမှာ အပွင့်မပွင့်သော အရွက်ချည်း သက်သက် ရှိသော အပင် အမျိုးအစားများ ဖြစ်ပြီး အချို့မှာ ပန်းပွင့်လေးများ ပွင့်သော အပင်အမျိုးအစားကို ပြုပြင်ဖန်တီးထားသောကြောင့် အပင် ငယ်ငယ် သေးသေး ပုပုလေးများက တစ်ပင်လုံး ခက်ဖြာလှပစွာ ပွင့်ဝေနေတာဟာ ကြည့်လို့ ကောင်းလွန်းလှသလို စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်.. သို့သော် ဘွန်ဇိုင်းဆိုတဲ့ စကားလုံးလေးရဲ့ အဓိပ္ပါယ်အမှန်ကို သေချာဂဃ သိသူ နည်းပါးပါလိမ့်မယ်.. ဒီဆောင်းပါးလေးမှာ ဘွန်ဇိုင်းရဲ့ အဓိပ္ပါယ်လေးနဲ့ ဘွန်ဇိုင်းပင် အကြောင်းလေးကို သိသလောက်လေး မျှဝေပေးချင်ပါတယ်..





































အပွင့် မဝေသော်လည်း စိမ်းလန်းခက်ဖြာတဲ့ ဘွန်ဇိုင်းများ


Bonsai လို့ ခေါ်တဲ့ စကားရပ်ဟာ Bon လင်ဗန်း Sai စိုက်ပျိုးခြင်း ဆိုတဲ့ စကား ၂လုံးကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း မှတ်သားရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်း ဆိုသည်မှာ လင်ဗန်းထဲတွင် စိုက်ပျိုးထားသော အပင်လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်.. ဟုတ်လဲဟုတ်ပါတယ်.. ဘွန်ဇိုင်းကို စိုက်ပျိုးတဲ့ အိုးကလေးတွေဟာ အလွန်မှ ဇောက်အနက် တိမ်သော လင်ဗန်းသာသာ အိုးကလေးတွေထဲမှာသာ စိုက်ပျိုးကြတာ များပါတယ်… ဘွန်ဇိုင်းများကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ခန့်ကတည်းက တရုတ်ပြည်မှာ စတင်စိုက်ပျိုးခဲ့ကြောင်း အထောက်အထားများကို တွေ့ရှိရပါတယ်.. ဒါကြောင့် ဘွန်ဇိုင်းပင်အစ တရုတ်ပြည်က လို့ ကောက်ချက် ချလို့ရပါတယ်.. ဘွန်ဇိုင်းပင်ဟာ ငြိမ်းချမ်းခြင်း၊မြင့်မြတ်ခြင်း၊ ကောင်းမွန်ခြင်း စသည်တို့ကို အဓိပ္ပါယ်ဆောင် ကိုယ်စားပြုတယ်လို့ဆိုပါတယ်။












































ဖူးပွင့်ဝေစီ

ထို့နောက်တော့ ဘွန်ဇိုင်းယဉ်ကျေးမှုကို ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက ကမာကူရခေတ်တွင် တရုတ်ပြည်မှ တစ်ဆင့် ဂျပန်ပြည်သို့ စတင် ယူဆောင်လာကြောင်း သိမှတ်ရပါတယ်.. ထိုမှ ဘွန်ဇိုင်း စိုက်ပျိုးခြင်း အတတ်ပညာဟာ ဂျပန်လူမျိုးများ ကြားမှာ အနုပညာရပ် အသစ်အဆန်းအဖြစ် အလွန် ထင်ရှားလာပြီး မကြာခင်တွင် အာရှနိုင်ငံ အနှံ့အပြားကို ပျံ့နှံ့ရောက်ရှိသွားပါတော့တယ်..။ အစောပိုင်းမှာ ဂျပန်နိုင်ငံတွင် ဘုန်းကြီးများနှင့် ဘုန်းကြီးကျောင်းများ တွင်သာ စိုက်ပျိုးကြသော်လည်း နောက်ပိုင်းတွင် ဂျပန် လူမျိုး အနည်းငယ်တို့ဟာ ဘွန်ဇိုင်းပင်ကို စီးပွားဥစ္စာ တိုးပွားစေခြင်း အလို့ငှာ စိုက်ပျိုးလာကြပါတယ်.. ၁၄ရာစုနှစ် ရောက်လာသောအခါတွင်တော့ နိုင်ငံနှင့်အ၀ှမ်း ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာကြတဲ့အပြင် ဘွန်ဇိုင်းကို အလွန်အဆင့်အတန်းမြင့်သော အနုပညာ ဖန်တီးမှု တစ်ရပ်အဖြစ် လူတိုင်းက လက်ခံလာကြပါတယ်။































တင့်လှပေဟန်

၁၉ရာစုနှစ် ရောက်လာသောအခါတွင် ဂျပန်လူမျိုးတို့ဟာ နှစ်ပေါင်း ၂၃၀နီးပါး ပြည်တွင်းတွင်သာ သီးခြား စိုက်ပျိုးခဲ့သော ဘွန်ဇိုင်းနည်းပညာကို ကမ္ဘာသို့ ဖွင့်ဟ ကြော်ငြာခဲ့ကြပါတယ်။ ကမ္ဘာလှည့် ခရီးသည်များ ဂျပန်နိုင်ငံအတွင်းသို့ ရောက်ရှိလာသောအခါ ဂျပန်နိုင်ငံ အနှံ့အပြားမှ ဥယျာဉ်များသို့ သွားရောက် လည်ပတ် ကြချိန်တွင်တော့ အိုးများနှင့် စိုက်ပျိုးထားသော ပုံမှန်မဟုတ်သည့် သက်ကြီးပုပင် ဘွန်ဇိုင်းပင် အမျိုးမျိုးကို အထူးစိတ်ဝင်စားဖွယ်၊ အံ့သြဖွယ်ကောင်းလောက်အောင် လေ့လာ တွေ့ရှိကြပါတော့တယ်..


























စိတ်ကြည်နူးဖွယ်ရာ လှပတဲ့ဘွန်ဇိုင်း

ကမ္ဘာလှည့် ခရီးသည်များမှ တစ်ဆင့် ဘွန်ဇိုင်းပင်တို့အကြောင်း ကမ္ဘာအနှံ့အပြားသို့ တောမီးပမာ ပျံ့နှံ့ရောက်ရှိသွားပြီး အချိန်တို အတွင်းမှာပင် ဘွန်ဇိုင်းပြပွဲများကို ကမ္ဘာ့နိုင်ငံ အသီးသီးဖြစ်သော ဗီယက်နမ်၊ ပဲရစ်၊ လန်ဒန်တို့တွင် ကျင်းပလာကြပါတော့တယ်.. အထူးသဖြင့် ပြင်သစ်ပြည်ပဲရစ်တွင် ၁၉၉၀ ခုနှစ်တွင် ပြုလုပ်သော ဘွန်ဇိုင်းပြပွဲမှ စတင်၍ ဘွန်ဇိုင်းကို ကမ္ဘာက  စိတ်ဝင်တစား လူသိများထင်ရှားသွားပါတယ်.. ထို့ကြောင့် ဘွန်ဇိုင်းစိုက်ပျိုးခြင်းကို တရုတ်ပြည်မှ အစပြုခဲ့သော်လည်း ဘွန်ဇိုင်းအကြောင်း ကမ္ဘာက သိလာအောင် စွမ်းဆောင်ခဲ့သူများကတော့ ဂျပန်လူမျိုးများ ဖြစ်ကြပါတယ်..


















































ခရမ်းပြာ ဘွန်ဇိုင်းပင်

ယခုခေတ်တွင် ဘွန်ဇိုင်းကို နေရာအနှံ့အပြားတွင် အလွယ်တကူ မြင်တွေ့လာကြရပြီ ဖြစ်ပါတယ်. သာမာန် စတိုးဆိုင်လေး တစ်ခုတွင်ပင် အိုးကလေးနှင့် စိုက်ပျိုးထားသော ဘွန်ဇိုင်းပင်ကို အလွယ်တကူ မြင်တွေ့နိုင်ကြပါပြီ။ ဘွန်ဇိုင်းပင် တစ်ပင် ဖြစ်မြောက်လာဖို့အတွက် နည်းစနစ်များ လိုအပ်သလို စိတ်ရှည်ဖို့၊ ဂရုတစိုက်ရှိဖို့လဲ လိုအပ်ပါတယ်.. တရုတ်လူမျိုးများနဲ့ ဂျပန်လူမျိုးတို့ဟာ သစ်ပင်များကို နည်းပညာမျိုးစုံနဲ့ ပုံသဏ္ဍာန်အမျိုးမျိုး ဖြစ်လာအောင် စိုက်ပျိုးကြတဲ့ နေရာမှာ အလွန်ထူးချွန်ကြပါတယ်.. သူတို့နိုင်ငံများမှာ အိမ်တိုင်း၊ ဆိုင်တိုင်း၊ နေရာတိုင်းမှာလည်း သစ်ပင်များကို အမြတ်တနိုး တန်ဖိုးထားပြီး စိုက်ပျိုးကြပါတယ်..





































ဘွန်ဇိုင်းကို အိမ်ပြင်ပတွင် စိုက်ပျိုးကြသော်လည်း အိမ်တွင်ကျင်းပသော ဧည့်ခံပွဲများအတွက် ဘွန်ဇိုင်းပင်များကို အိမ်တွင်းသို့ သယ်ဆောင် နေရာချထားကာ ကြွရောက်လာကြသော ဧည့်သည်များကို ဂုဏ်ယူစွာ ပြသလေ့ ရှိကြပါတယ်.. ၁၇ရာစုနှင့် ၁၈ရာစုနှစ်အတွင်း ဘွန်ဇိုင်းစိုက်ပျိုးသော အိုးကို ယခုခေတ် အသုံးပြုသော အိုးထက် အနည်းငယ် ဇောက်နက်သော အိုးများကို အသုံးပြုခဲ့ကြပါတယ်..။ ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်ရန်အတွက် အပင်ရဲ့ မလိုအပ်သော အစိတ်အပိုင်းများ အားလုံးကို ဖြတ်တောက်ကာ အရေးကြီး အစိတ်အပိုင်း အနည်းငယ် ကိုသာ ချန်လှပ်ထားပြီး နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် အရွယ်အစား ကြီးထွားလာခြင်း မရှိသော်လည်း သစ်ပင်တစ်ပင်၏ အင်္ဂါရပ်အားလုံးနှင့် ပြည့်စုံကာ လှပသေးငယ်သော ဘွန်ဇိုင်းပင် (သက်ကြီးပုပင်) ဖြစ်လာအောင် စံနစ်တကျ ပြုပြင်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။





လင်ဗန်းကလေးများနဲ့ စိုက်ပျိုးထားနဲ့ ဘွန်ဇိုင်းပင်တို့ကို ကြည့်ရသည်မှာ ချစ်စရာကောင်းသလို၊ စိတ်ဝင်စားစရာလည်း ကောင်းလှပါတယ်.. ဘွန်ဇိုင်းတစ်ပင် ဖြစ်မြောက်လာဖို့ မလွယ်ကူလှသလို ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာအောင် ပြုစုပျိုးထောင်ခြင်း အတတ်ပညာသည်လည်း အလွန် စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်.. လိုအပ်သောမြေသြဇာ၊ နေရောင်ခြည်၊ ရေ စသည်တို့ကို သင့်တော်မှန်ကန်စွာ ကျွေးမွေးဖို့ လိုအပ်သလို အခက်အလက်များကိုလည်း ပိုပြီး ကြီးထွားလာခြင်းမရှိအောင် ကိုင်းချုပ်ရသော နည်းပညာကို ကျွမ်းကျင်ဖို့လည်း လိုအပ်ပါတယ်.။ ဘွန်ဇိုင်းပင်အဖြစ် ကျောက်တုံးကျောက်ဆောင်များ၊ အရုပ်ငယ်များ နှင့် အခြား အဆင်တန်ဆာများဖြင့် တကယ့် သစ်ပင်ကြီးနှင့် တူအောင် ရုပ်လုံးဖော်လေ့ရှိကြပါတယ်..

















ဘွန်ဇိုင်းပင်ပြုလုပ်ဖို့ ထင်းရူးပင် အမျိုးအစားကို အသုံးပြုကြသော်လည်း အခြားသော အပင်အမျိုးမျိုးကိုလည်း စိတ်ကူးရှိသလို တီထွင်ကြံဆ စိုက်ပျိုးကြပါတယ်.. သဘာဝအတိုင်းမဟုတ်ဘဲ လူတို့ရဲ့ နည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ဘွန်ဇိုင်းပင်ကလေးတွေဟာ စိုက်ပျိုး ပြုပြင်သူရဲ့ စိတ်ကူးဥာဏ် ကွန့်မြူးပုံပေါ်မူတည်ပြီး ပုံသဏ္ဍာန်အမျိုးမျိုး ထွက်ပေါ်လာနိုင်ပါတယ်.. အပင်လေးတွေ ကွေးညွှတ်ပုံ၊ ပင်ခြေအောက်က မြေပြင်ကို မြက်ခင်းကလေးများ၊ ရေညှိပင်ကလေးများ၊ ကျောက်တုံးလေးများနဲ့ တန်ဆာ ဆင်ထားပြီး တကယ့် သစ်တောကြီးထဲက သစ်ပင်ကြီးရဲ့ အသွင်သဏ္ဍာန် ဖြစ်လာအောင် စိတ်ရှည်လက်ရှည် ပြုပြင် ဖန်တီးယူကြပါတယ်.. ဒါကြောင့်လဲ အပင်အရွယ်အစား သေးငယ်သော်လည်း လှပပြီး နှစ်ကြာရှည်တဲ့ ဘွန်ဇိုင်းတစ်ပင်ရဲ့ဈေးနှုန်းဟာ မထင်မှတ်လောက်အောင် တန်ဖိုးကြီးပြီး၊ ဈေးနှုန်းမြင့်မားနေတတ်ပါတယ်.. ငွေကြေးချမ်းသာသူများအနေနဲ့ ဘွန်ဇိုင်းပင်များကို ဂုဏ်ယူစရာ၊ အဖိုးတန် အဆောင်အယောင်အဖြစ် ၀ယ်ယူ စုဆောင်းတတ်ကြပါတယ်..



လက်ရာမြောက်ဘွန်ဇိုင်းပင်များ

တစ်သက်တာ စိတ်ချမ်းသာချင်ရင် သစ်ပင်စိုက်ပါ ဆိုရိုးစကားနဲ့အညီ သစ်ပင်ဆိုသည်မှာ လူတွေရဲ့ စိတ်ကို ချမ်းမြေ့ခြင်း၊ ကြည်လင်စေခြင်း စသည်တို့ကို ပေးနိုင်တဲ့ အစွမ်းသတ္တိများ ရှိနေကြပါတယ်.. ဒါကြောင့် ပုံမှန်မဟုတ်ဘဲ လူသားတို့ရဲ့ စိတ်ကူးတီထွင်မှုကြောင့် ဖြစ်လာရတဲ့ ချစ်ခင်နှစ်သက်စရာ၊ မြတ်နိုး တန်ဖိုးထားဖွယ်ရာ ဘွန်ဇိုင်းပင်ကလေးများကိုလည်း စာဖတ်သူများ ဗဟုသုတရဖို့နဲ့ စိတ်ရွှင်လန်းစေဖို့ ဒီနေရာလေးကနေ ပြန်လည်မျှဝေလိုက်ပါတယ်ရှင်။


-------------------------------------------------------------------

လေးစားချစ်ခင်စွာဖြင့်
ချော(အစိမ်းရောင်လွင်ပြင်)



ပုံလေးတွေကို မေလ်းနဲ့ပို့ပေး၊ ကူညီရှာဖွေပေးတဲ့ ညီမလေးတွေကို ကျေးဇူးအထူးနော်..

Ref: http://www.bonsaigardener.org/

photo from http://groups.yahoo.com/group/new_fun_and_fun_only/

http://bonsaiplantsguide.com/

27 Responses to “ငယ်သော်ငြားလည်း”

လသာည said...

ချောရေ..
င်္ဘန်ဇိုင်းပင်လေးတွေက ချစ်စရာကောင်းလိုက်တာနော်။ ပြီးတော့ အများကြီးပဲ..။ အခုလို စုစုစည်းစည်းတင်ပြပေးတာ အရမ်းကို ကျေးဇူးတင်တာပဲ။ ပန်းတွေကို မြင်ရတာ စိတ်အေးချမ်းတယ်..။ဂျပန်မှာ ပန်းပြပွဲတွေကို တကူးတက သွားကြည့်ဖြစ်တဲ့အခါ ဘွန်းဇိုင်းပင်တွေကို သဘောကျလို့ မဆုံးဘူး။ သူတို့က ဘယ်လောက်ပန်းကြိုက်လဲဆိုရင် စားသောက်ဆိုင်တောင်မှ စားပွဲပေါ်မှာ ဘွန်းဇိုင်းပင်လေး တင်ထားတတ်သေးတာ။

ahphyulay said...

ညီမလေး ရေ...
သေသေချာချာ ဇန် ဝင် စား ပြီးမှာ အရိပ် တကြည့် ကြည့် နဲ့  ဖော် ကြူး ရတဲ့  အနု ပညာ
တရပ် လို့  မြင်မိပါတယ် ။ အနု ပညာ တိုင်းမှာ ကိုယ်ထားမိတဲ့  စေတနာ နက်နဲ လာ တာနဲ့ အမျှ
ဝေမျှ ခံစား မိရသူ ဟာလဲ ဖန်တီး ရှင် ထက်တောင် ဆ ပွား ခံစား ဖော်ထုပ် သွား နိုင် တာ
တွေ လဲ ရှိနေ တတ်တာပါပဲ။
အော်... အနု ပညာ ဆိုတာ ကိုယ်က အရင် ခံစား ရ တာကိုး ..... ။

KiKi said...

ဥယျာဉ်မှူးရဲ့ စေတနာ ရယ် ၊ ဝါသနာ ရယ် ကြောင့် ဒီလို လှပတဲ့ အနုပညာဆန်ဆန် လက်ရာလေးတွေ ဖြစ်ထွန်း လာတာပေါ့ နော် ။
ဂျပန်တွေ တော်ချက်က သူများ ယဉ်ကျေးမှု ကို သူတို့  ယဉ်ကျေးမှု လို ယူဆောင် ဆင့်ပွား ပေးတတ်ကြတာ ပဲ ။
မြန်မာတွေ တော်ချက်က ကိုယ့်ယဉ်ကျေးမှု၊သဘာဝ အရင်းအမြစ်တွေ ကို သူများတွေဆီရောက်စေပြီး ၊ ဆုံးရှုံးစေတတ်တာပဲ ။
လှလှပပ ဘွန်ဆိုင်းပင်လေးတွေကို ကြည့် ပြီး ၊ မလှမပ အတွေးတွေ .. ဝင်သွားသေးတယ် ချောရေ .. တတ်နိုင်ဘူး ....း(

ဗဟုသုတပါပဲဗျာ . .
မှတ်သားသွားပါတယ်။
ကျနော်က တော်တော် စိတ်ဝင်စားဖူးတယ်။ စိုက်လည်း စိုက်ဖူးတယ်။

cas said...

မိုက်တယ်ဗျာ . .. သဘောကျတယ် . .

အတော် ချစ်ဖို့ကောင်းတဲ့ အပင်လေးတွေပဲ

အရမ်းဈေးကြီးတဲ့အပင်တွေပဲဗျ
ဘွန်ဇိုင်းတွေကို စိုက်ရလည်းခက်တယ်
စစိုက်တာတွေ့ရင်အပင်လေးတွေကိုသနားသွားမှာ
သေးသလောက်ဈေးကြီးပြီး တော်တော်ကြာအောင်ဖန်တီးယူရတာ

ဘွန်ဆိုင်းလေးတွေက အရမ်းလှတယ်နော်...
သေးသေးလေးနဲ့ ချစ်စရာလေးတွေ...
ကျေးဇူးပါချောရေ...
အပင်သေးသေးလေးတွေ အများကြီးကို တထိုင်တည်း ကြည့်ခွင့်ရလို့....

နှင်း

Blackroze said...

မကြီးချောရေ...ဗဟုသုတ..အဖြစ်မျှဝေပေးလို့ကျေးဇူးပါနော်..

ကျွန်တော်တို့ ရပ်ကွက်ထိပ်က ခြံကြီးမှာ စီးပွားဖြစ် စိုက်ရောင်းတာ ဝင်ကြည့်ဖူးတယ်
ပုံထဲက လက်ရာတွေကတော့ အံ့မခန်းပါပဲ။ အရင်က ဘွန်ဇိုင်းဆိုတာ ဂျပန်က စတယ်
ထင်ထားတာ ။ပုံတွေကြည့်ပြီးတော့လေ အဲဒီအပင်လေးတွေ လိုချင်သွားမိတယ်။
သိပ် အနုပညာဆန်တာပဲ။ အချက်အလက်တွေရော ပုံတွေရော သေသေချာချာ ရှာဖွေပေးထားလို့ ကြည့်ခွင့်ရတာ ကျေးဇူးပါအစ်မရေ

လူပါဘွန်ဆိုင်း လုပ်လို့ရရင်ကောင်းမှာပဲ...စားစရိတ်သက်သာအောင်လို့

အင်ကြင်းသန့် said...

ညီမလေးလည်း ဘွန်ဇိုင်းကို ဂျပန်ကစတယ်ပဲထင်ခဲ့တာ... လှလိုက်တဲ့ပုံလေးတွေ တကယ်သဘောကျတယ်...ကျေးဇူးစ် မမ :)

သိပ်ချစ်ဖို့ကောင်းတဲ့ ဘွန်ဇိုင်းပင်လေးတွေပဲ ...
လှတယ်ဗျာ .. အပင်လေးတွေက ...း)

ချစ်စရာ ဘွန်ဇိုင်းပင်လေးများကို
စိတ်ထဲကြည်နူးသွားရတယ်..။
အနီရောင် ဘွန်ဇိုင်းပင်လေး လိုချင်လိုက်တာ..။

Angel Shaper said...

စတွေ့တော့ အတုလို့တောင်ထင်တာာ ..:)
ချစ်စရာကောင်းတဲ့ ဘွန်ဇိုင်းပန်းပင်လေးတွေ တွေ့ခွင့်ရလို့
ကျေးဇူးပါ...

ကေသရီ said...

အစ်မချော
ညီမက ဘွန်ဇိုင်းပင်လေးတွေကို အရမ်းသဘောကျတာ။ ကိုယ်တိုင်စိုက်ပေမယ့် စနစ်တကျ မပြုစုတတ်တာ ကြောင့်သေသွားတယ်။ အစ်မ ရှာဖွေပေးထားတဲ့ ပုံလေးတွေကို သိပ်သဘောကျတာပဲ။ မြင်လိုက်ရတာနဲ့ ကြည်နူးသွားတယ်။

ဘကျောက်တို့က လူကို ဘွန်ဇိုင်းလူ (လူပု)ဖြစ်အောင်လုပ်နေပြန်ပါပြီ...

ဗဟုသုတတွေလက်ဆင့်ကမ်းပေးတဲ့ မချောကို ကျေးဇူးအများကြီးတင်ပါတယ်နော်...

မချော..
ဘွန်ဇိုင်းပင်လေးတွေကိုကြည့်ပြီးအရမ်းသဘောကျတယ်။ ဗဟုသုတလည်းရပြီး အပင်လေးတွေအများကြီး
ကြည့်ရလို့ကျေးဇူးနော်။ အပင်လေးကိုကြည့်ပြီးလှပသပ်ရပ်တဲ့အိမ်လေးထဲမှာဘွန်ဇိုင်းပင်လေးတွေနဲ့
အလှဆင်ကြည့်မိနေတယ်။အဒူနဲ့လည်းလို့မေးနဲ့နော်............
ခင်တဲ့
သဒ္ဓါ

အနုပညာလက်ယာမြောက်လွန်းလှတဲ့
ဘွန်ဇိုင်းပင်လှလှလေးတွေကို
တ၀ကြီးငေးသွားပါတယ်....မချောရေ....
မျှဝေပေးတာကျေးဇူးပါ....

AOo said...

မမချော
ဘွန်ဇိုင်းပင် စိုက်နည်းလေးများရှိရင် မျှပါအုံး ကျေးဇူး

ခုလို မျှဝေပေးတာ ဗဟုတုတ အများကြီးရတယ် မမချောရေ..
သိခွင့်ရလိုက်လို့ ကျေးဇူးတင်ပါတယ် မမ..:)

တပင်လောက် ရချင်တား))

nyinyihtay said...

ဒီအထဲကိုရောက်လာတာစိတ်ထဲမှာတမျိုးကြီးကိုခံစားရတယ်
တစ်ပင်လောက်ရမလား

ဘွန်ဇိုင်းပင်တွေ အကုန်မသွားတယ်နော်...ကျေးဇူးအရမ်းတင်ပါတယ်။ ကျွန်တော်ကဘွန်ဇိုင်း ခရေဇီလေ

rose said...

မမချောရေ... ဘွန်ဇိုင်းပင်တွေ အကြောင်းပါ တလက်စတည်း ဖတ်သွားပါတယ်။ ကျေးဇူးပါ။

DI_SHARE said...

SPECIAL CREDIT TO U :)
Thanks with noted for your sharing.

DI_share

TUN LIN said...

ဘွန်းဇိုင်းပင် စိုက်ပျိုးတဲ့နည်းပညာလေးပါဖြစ်နိုင် ရင် တင် ပေးပါလားအစ်မ:)

TUN LIN said...

ဘွန်းဇိုင်းပင် စိုက်ပျိုးတဲ့နည်းပညာလေးပါဖြစ်နိုင် ရင် တင် ပေးပါလားအစ်မ:)