နှလုံးရည်ပြည့်သူ


နှလုံးရည်ပြည့်သူ


------------------------------------

သူမတွင် အသက် ၅နှစ်အရွယ် ချစ်စဖွယ် သားကလေးတစ်ယောက် ရှိပါသည်။ ထိုသားကလေးသည် ဂီတ အနုပညာကို အလွန်အင်မတန်မှ ၀ါသနာပါလွန်းသောကြောင့် သူမက ကလေးအတွက် ဆရာတစ်ယောက်ကို အိမ်ခေါ်ပြီး စန္ဒရားလေ့ကျင့်ခန်းများကို စတင် သင်ကြားစေပါသည်။ ကလေးသည်လည်း အရွယ်နှင့်မလိုက်အောင် လေ့လာ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းအား မြှင့်မားလှလေသည်.. စန္ဒရားကိုလည်း ချစ်ခင် မြတ်နိုးလွန်းလှသည်။





တစ်နေ့တွင် သူမတို့မြို့မှာ ဂီတဖျော်ဖြေပွဲတစ်ခု ပြုလုပ်ကျင်းပမည်ဟု သတင်းရလေသည်။ ထိုပွဲတွင် နိုင်ငံကျော်စန္ဒရားဆရာ တစ်ဦး လာရောက် ဖျော်ဖြေမည်ဟုလည်း သတင်းရတာကြောင့် ကလေးသည်လည်း သူမကို ကြည့်ချက်ကြောင်း ပူဆာလေသည်။ သူမကလဲ သားငယ်လေးဆန္ဒကို လိုက်လျောဖို့ ညပွဲအတွက် လက်မှတ် ၀ယ်ယူထားလိုက်ပါတော့သည်။







ည ၇နာရီလောက်တွင် သူမသည် သားလေးနှင့်အတူ ဂီတပွဲရှိရာ မြို့တော်ကြီးရဲ့ ပြဇာတ်ရုံသို့ ထွက်လာခဲ့ကြပါသည်။ ပြဇာတ်ရုံကြီးထဲ ရောက်သည့်အခါ လက်မှတ်ပေါ်က ခုံနံပါတ်လေးအတိုင်း နေရာရှာပြီး ထိုင်လိုက်စဉ်တွင် ဟိုဟိုဒီဒီ လိုက်ကြည့်မိတော့ သူမတို့ ထိုင်ခုံနှင့် မဝေးလှသော ၃တန်းမြောက်လောက်ခုံတွင် မတွေ့ရတာ အလွန်ကြာပြီ ဖြစ်သော သူမ၏ သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်စဉ်တွင် နှုက်ဆက်စကား ပြောချင်လာသောကြောင့် “သားလေး မေမေ ဟိုမှာ သူငယ်ချင်းကိုသွားနှုတ်ဆက်လိုက်ဦးမယ်.. သားဘယ်မှ မသွားနဲ့.. ဒီမှာဘဲ ငြိမ်ငြိမ်ထိုင်နေခဲ့နော်.. မေမေ ခုဘဲပြန်လာမယ် ” ဟု ပြောကာ သူငယ်ချင်းကို နှုတ်ဆက်စကားပြောဖို့ နေရာမှ ထလာခဲ့လေသည်။







ထိုစဉ်တွင် မည်သူမှ သတိမထားလိုက်မိသော အဖြစ်အပျက်တစ်ခုမှာ သူမ၏ သားငယ်ကလေးသည် ထိုင်ခုံမှ ထသွားကာ အခွင့်မရှိ မ၀င်ရဟု စာကပ်ထားသော စင်ထောင့်ဘက်အခန်းမှ တစ်ဆင့် ၀င်ရောက် ပျောက်ကွယ်သွားလေသည်။







သူငယ်ချင်းနှင့် စကားတွေကောင်းနေစဉ်တွင် ဂီတဖျော်ဖြေပွဲ စတင်တော့မည့် အရိပ်အယောင်ဖြစ်သော ပြဇာတ်ရုံ၏ မီးအလင်းရောင်သည် တစ်ဖြေးဖြေး မှိန်ဖျော့လာသောအခါတွင်မှ သူမ၏ ထိုင်ခုံနေရာသို့ ပြန်လာသောအချိန်တွင် သူမ၏သားမှာ ထိုင်ခုံတွင် ရှိမနေတော့ပေ။ ဆူဝေပြာလောင်မှုများဖြင့် သူမထိုင်ရမလို ထရမလို ဟိုကြည့်ဒီကြည့် ဖြစ်နေစဉ်တွင် စင်မြင့်ထက်မှ ကန့်လန့်ကာသည် ၂ခြမ်း ဟသွားပြီး ဆလိုက်မီးရောင် ခပ်စူးစူးလေး တစ်ခုကသာ စင်ပေါ်တွင် ခန့်ခန့်ညားညား ရှိနေသော စတိန်းဝေးစန္ဒရားကြီး၏ အပေါ်သို့ အလင်း ပေးလိုက်ပါတော့သည်။







အိုး… ဘုရားရေ… သူမ၏သား.. သူ…. စန္ဒရားရှေ့မှာ အကျထိုင်လို့ပါလား..







ထို့နောက်တွင်တော့ သူမသားလေးက စန္ဒရား ခလုပ်ကလေးများကို တို့ထိကာ သူတီးနေကျ တောက်ပတဲ့ကြယ်ကလေး သီချင်းလေးကို စပြီး တီးနေခဲ့ပြီ.. အိုး သူမ ဘာလုပ်ရမှာပါလိမ့်.. သူမ ထိုင်ခုံမှ ထပြီး သားလေးကို သွားခေါ်ရမည်လား ဘာလုပ်ရမှန်းမသိဘဲ သူမ၏ ပေါ့ဆမှုအတွက် မိမိကိုယ်ကို အပြစ်တင်ရင်း ဆောက်တည်ရာမရ ဖြစ်နေမိစဉ် နံမည်ကျော်စန္ဒရားဆရာကြီး စင်ပေါ်တက်လာလေသည်။ တစ်ခုခုဖြစ်တော့မည် ဟူသော အသိစိတ်ဖြင့် သူမနှလုံးခုန်သံများ အဆမတန် မြန်ဆန်လာတော့သည်။ စန္ဒရားဆရာကြီးက သူမ၏သားကို အော်ထုတ် လေမည်လား.. သို့မဟုတ် တစ်စုံတစ်ခု လုပ်လေမည်လားဟူသော စိုးရိမ်စိတ်တို့ဖြင့် သူမအသက်ရှုပင် ရပ်တန့်ထားလိုက်မိတော့သည်။







သို့သော် နံမည်ကျော် စန္ဒရား ဆရာကြီးသည် သူမ၏သား ရှိနေသောစန္ဒရားဆီသို့ တိုးကပ်သွားပြီးနောက် ကလေးလေး၏ ပုံခုံးလေးကို ညာလက်ဖြင့် အသာဖက်လိုက်ကာ နားနားကပ်ပြီး “မရပ်နဲ့နော် ကလေး… ဆက်ပြီးတီးနော်” ဟု တီးတိုးလေး ပြောလိုက်သည်ကို ဆရာကြီး၏ နှုတ်ခမ်းအလှုပ်ကို မှန်းဆ၍ သူမသိလိုက်ရလေသည်။







ပြီးလျှင်တော့ စန္ဒရားဆရာကြီး၏ ဘယ်လက်သည် စန္ဒရား၏ ခလုပ်ခုံများပေါ်သို့ ရောက်သွားပြီး သူမ၏သားလေး တီးနေသော တောက်ပတဲ့ ကြယ်ကလေးတီးလုံးအတွက် အဖြည့်တီးလုံးကလေးများကို လိုက်ပြီး တီးပေးနေလေတော့သည်။ နံမည်ကြီး ကျော်ကြားထင်ရှားလှသော အသက်ကြီးကြီး စန္ဒရားဆရာကြီးနှင့် မျိုးဆက်သစ် ပညာသင် ကလေးငယ်လေးတို့၏ မြိုင်ဆိုင်လှသော လက်သံသည် ဖျော်ဖြေပွဲကျင်းပရာ ကဇာတ်ရုံကြီးတစ်ခုလုံးရှိ ပရိတ်သတ် အပေါင်းတို့အား ညှို့ယူဖမ်းစား ထားလေတော့သည်။







ထိတ်လန့်တုန်လှုပ်ဖွယ် အခြေအနေတစ်ရပ်မှ အင်မတန် ထူးခြားလှသော ဖျော်ဖြေပွဲအဖြစ်သို့ ပြောင်းလဲသွားအောင် ပြုလုပ်လိုက်နိုင်သူကား အတွေ့အကြုံ ရင့်ကျက်ကာ ပညာရည်ပြည့်ဝသော်လည်း ဂုဏ်မောက်မာခြင်းမရှိဘဲ နှလုံးရည် ပြည့်ဝလှသော စန္ဒရား ဆရာကြီးဖြစ်လေသည်။ ဆရာကြီသည် သူ၏ စန္ဒရားပညာတွင်သာ ထူးချွန် လှသည်မဟုတ် ပြဿနာရပ်ကိုလည်း ကျွမ်းကျင်လိမ္မာစွာ ကိုင်တွယ်ဖြေရှင်းသွားနိုင်သော လေးစား လောက်ဖွယ် လူသားတစ်ဦး ဖြစ်လေသည်။ သူမမှာ ထိုမြင်ကွင်းကို ကြည့်ကာ သူမတစ်သက်တာတွင် မည်သည့်အခါမှ မေ့ဖျောက်နိုင်တော့မည်မဟုတ်သော ပုံရိပ်နှင့် အဖြစ်အပျက်အဖြစ် သူမနှလုံးအိမ်ထဲတွင် စွဲထင်နေတော့မည်ကား သေချာလှပါသည်။




The Great Lesson (Author Unknown ) ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။






ချစ်ခင်လေးစားစွာဖြင့်




ချော(အစိမ်းရောင်လွင်ပြင်)

No response to “နှလုံးရည်ပြည့်သူ”