သမီးလေးရဲ့ စွန့်လွှတ်ခြင်း


သမီးလေးရဲ့စွန့်လွှတ်ခြင်း

----------------------------------

တစ်နေ့မှာ ကျွန်မတို့နေတဲ့မြို့နဲ့ သိပ်မဝေးကွာလှတဲ့ မြို့ငယ်ကလေးမှာ အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်သွားခဲ့ပါတယ်.. မုန်တိုင်းကြောင့် လူပေါင်းများစွာ အိမ်ခြေတွေ ပျက်စီးဆုံးရှုံးရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ်.. မြို့နယ် သတင်းစာတွေမှာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်သူတွေ၊ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးကြသူတွေရဲ့ သတင်းတွေ အဆက်မပြတ် ဖော်ပြနေကြပါတယ်..




တနင်္ဂနွေနေ့မှာ ထုတ်တဲ့ သတင်းစာတစ်စောင်မှာ ပါလာတဲ့ ပုံလေးတစ်ပုံနဲ့ သတင်းလေးတစ်ပုဒ်ကြောင့် ကျွန်မရင်ထဲ ထိထိခိုက်ခိုက် ခံစားလိုက်ရပါတယ်.. ပုံထဲမှာ မုန်တိုင်းကြောင့် ပြိုလဲပျက်စီးကျနေတဲ့ အိမ်ငယ်ကလေးတစ်လုံးရဲ့ ရှေ့မှာ မျှော်လင့်ချက်ဟူသမျှ အကုန်ဆုံးရှုံးထားသူ တစ်ယောက်ရဲ့ စိတ်ဆင်းရဲ ညှိုးငယ်နေတဲ့ မျက်နှာ၊ ဆင်းရဲပင်ပန်း နာကျင်နေတဲ့ မျက်နှာမျိုးနဲ့ မိန်းမငယ်တစ်ယောက် ရပ်နေခဲ့ပါတယ်.. သူမရဲ့ ဘေးနားမှာတော့ မျက်လွှာကို အောက်စိုက်ချထားတဲ့ အသက်၇နှစ်အရွယ် ကောင်လေး တစ်ယောက်နဲ့ စကတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး ကင်မရာကို ထိတ်လန့် တုန်လှုပ်စွာ ငေးစိုက်ကြည့်နေတဲ့ အသက်၅နှစ်အရွယ် ကလေးမလေးတို့ ရှိနေကြပါတယ်..





ပုံလေးနဲ့အတူ တွဲဖက်ပါလာတဲ့ သတင်းလေးက မုန်တိုင်းဒဏ်ကြောင့် အရာရာ ဆုံးရှုံးသွားတဲ့ ဒီမိသားစုအတွက် သင့်တော်မဲ့ အ၀တ်အစားလေးနဲ့ အစားအသောက်များ လှူဒါန်းလိုသူရှိပါက လာရောက်ပေးကမ်း လှူဒါန်း နိုင်ကြောင်းလေးကို ဖော်ပြထားပါတယ်.. ဖော်ပြထားတဲ့ သတင်းနဲ့ ဓာတ်ပုံလေးကိုကြည့်ပြီး ထိုမိသားစုလေးကို သနားမိသလို ကိုယ်ချင်းလဲ စာနာမိပါတယ်.. ပြီးတော့ ကျွန်မမှာလည်း ဒီကလေးတွေအရွယ် သားလေး၂ယောက်နဲ့ သမီးလေးတစ်ယောက် ရှိတာကြောင့် သားတို့ရဲ့ အ၀တ်အစားလေးတွေဟာ သူတို့နဲ့ သင့်တော်လောက်ပါတယ်.. ဒီလိုစဉ်းစားလိုက်မိတော့ ကျွန်မရဲ့ ကလေးတွေကို ဒုက္ခရောက်နေသူ၊ အကူအညီလိုအပ်နေသူ၊ ကိုယ့်ထက် ဆင်းရဲနွမ်းပါးသူများကို ကူညီချင်တတ်တဲ့ စိတ်ကလေး ဖြစ်လာအောင် လှုံ့ဆော် သင်ခန်းစာလေးပေးရင်း ဒီမိသားစုကို ကူညီဖို့ ပိုပြီး စိတ်ဝင်စားလာမိပါတော့တယ်..





ဒါကြောင့် ကျွန်မလဲ သတင်းစာမှာ ပါလာတဲ့ ဓာတ်ပုံလေးကို ဖြတ်ပြီးတော့ ရေခဲသေတ္တာမှာ ကပ်ထားလိုက်ပါတယ်.. ပြီးတော့ ကျွန်မရဲ့ ၇နှစ်အရွယ် သားအမွှာ ၂ယောက်နဲ့ ၅နှစ်အရွယ် သမီးလေးတို့ကို ဒီမိသားစုရဲ့ အဖြစ်အပျက်နဲ့ ဆင်းရဲဒုက္ခအကြောင်းကို ရှင်းပြပါတယ်.. “မေမေတို့မှာ ပစ္စည်းတွေ၊ စားစရာတွေ၊ အ၀တ်တွေ အများကြီးရှိပေမဲ့ ဒီမိသားစုမှာကျတော့ ဘာမှ မရှိရှာဘူး.. အ၀တ်တောင်ဝတ်စရာ မရှိအောင် ဒုက္ခရောက်နေကြတယ်.. မရှိဆင်းရဲတဲ့ လူတွေကို တတ်နိုင်သလောက် ကူညီသင့်တယ်.. ဒီတော့ မေမေတို့က ကိုယ့်မှာ ရှိတာလေးတွေ သူတို့ကို ပြန်ပြီး ဝေငှပေးကြရအောင်” လို့ ပြောပြရပါတယ်..





ထို့နောက် ကျွန်မက ထပ်ခိုးပေါ်မှာ တင်ထားခဲ့တဲ့ သေတ္တာ ၃လုံးကို ယူချလာပြီး အိမ်ဧည့်ခန်းရဲ့ ကြမ်းပြင်ပေါ်မှာ ချထားလိုက်ပါတယ်.. ပြီးတော့ သေတ္တာ တစ်လုံးထဲကို စည်သွပ်ဘူးများ၊ အခြားကြာရှည်ခံ စားသောက်ဖွယ်ရာများ၊ ဆပ်ပြာနဲ့ လူသုံးပစ္စည်းတို့ကို ထည့်နေပါတယ်.. သမီးးအငယ်လေးဟာ ကျွန်မလုပ်နေ ကိုင်နေတာကို ဘေးကနေရပ်ပြီး အလေးအနက်နဲ့ စူးစူးစိုက်စိုက် မျက်တောင်မခတ်တမ်း ကြည့်နေခဲ့ပါတယ်..





နောက်သေတ္တာတစ်ခုထဲကို ကျွန်မတို့မိသားစုအတွက် မ၀တ်ဖြစ်တော့တဲ့ အ၀တ်ဟောင်း ကလေးတွေကို စီပြီးထည့်နေတုန်း ကျွန်မရဲ့ကလေးတွေကို သူတို့ မကြိုက်တော့တဲ့ အရုပ်လေးတွေ သွားယူလာပြီး မုန်တိုင်းဒဏ် ခံရတဲ့ မိသားစုကို ပေးကမ်းတဲ့ပစ္စည်းတွေနဲ့အတူ ထည့်ပေးလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်.. အမွှာ၂ယောက် ပြေးထွက် သွားကြပြီး သူတို့ မကြိုက်တော့တဲ့ အရုပ်ဟောင်းများ၊ ကစားစရာဟောင်းများ အသီးသီး သွားယူလာကြတာကို အငယ်ဆုံး သမီးလေးဟာ ငြိမ်ငြိမ်သက်သက် ကြည့်နေခဲ့ပါတယ်. ဒါနဲ့ ကျွန်မလဲ “သမီးလေး မေမေဒီအ၀တ်တွေထည့်ပြီးရင် ဟို ကလေး မလေးအတွက် ကစားစရာတစ်ချို့ သမီးလေးရဲ့ အရုပ်တွေထဲကနေ သွားယူပေးလိုက်မယ်နော်..” လို့ပြောလိုက်ပါတယ်..





အမွှာ၂ယောက်ကတော့ သူတို့ ယူလာခဲ့တဲ့ အရုပ်တွေကို သေတ္တာတစ်ခုထဲကို ထည့်နေ ကြပါတယ်.. ဒီစဉ်မှာဘဲ သမီးငယ်လေးဟာ အခန်းထဲကို ၀င်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ အရုပ်ကလေး တစ်ရုပ်ကို ကိုင်လာပါတယ်.. အဲဒီအရုပ်ကလေးက သမီးလေးရဲ့ အနှစ်သက်ဆုံး လူစီလို့ သူအမည်ပေးထားတဲ့ သူရဲ့ အချစ်တော် အရုပ်ကလေး.. သူကလေးဟာ သေတ္တာရှေ့မှာ ခေတ္တရပ်လိုက်ပြီး အရုပ်ကလေးကို တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ ဆေးခြယ်ထားတဲ့ လူစီအရုပ်မလေးရဲ့ ပါးပြင်ပေါ်ကို နောက်ဆုံးအနမ်းကလေး ပေးလိုက်ပါတယ်.. ပြီးတော့မှ သေတ္တာထဲကို သူမ အစ်ကိုတွေ ထည့်ထားတဲ့ အခြားအရုပ်တွေနဲ့အတူ ထည့်လိုက်ပါတော့တယ်..





“အိုး.. သမီးလေးရယ်.. လူစီလေးက သမီးအကြိုက်ဆုံး အရုပ်ကလေးမဟုတ်လား.. ဒီအရုပ်လေးကို ဘာလို့ပေးရတာလဲ.. သမီးမှာ တစ်ခြားအရုပ်တွေ အများကြီးရှိရက်နဲ့ကွယ်.. အဲဒီထဲက သမီးမကြိုက်တဲ့ အရုပ်ကလေးတွေ ပေးလိုက်လေ” လို့ ကျွန်မကပြောလိုက်တော့ သမီးလေးဟာ အရွယ်နဲ့မလိုက်အောင် လေးနက် တည်ကြည်မှုလေးနဲ့ ခေါင်းလေးကို အသာငြိမ့်လိုက်ပြီး “လူစီလေးကို သမီးသိပ်ချစ်ပါတယ်. မေမေရယ်.. သမီးကိုလည်း လူစီလေးက ပျော်ရွှင်မှုတွေ အများကြီးပေးခဲ့ပါတယ်.. ဟိုသနားစရာ ကောင်မလေးကိုလဲ လူစီလေးက ပျော်ရွှင်အောင် လုပ်ပေးနိုင်မယ်လို့ သမီးထင်ပါတယ်.. ဒါကြောင့်လဲ သမီးအရမ်းချစ်တဲ့ လူစီလေးကို သူ့အတွက် ထည့်ပေးလိုက်တာပါ. သူလဲ သမီးလိုဘဲ လူစီလေးကို ချစ်မှာပါ.. လူစီ့ကိုမြင်ရင် ပျော်သွားရှာမှာ” လို့ ပြန်ပြောပါတယ်..





သမီးလေးရဲ့ စကားအဆုံးမှာ ကျွန်မရင်ထဲ နင့်ခနဲဖြစ်သွားပြီး စကားမပြောနိုင်ဘဲ သမီးလေးကို ငေးစိုက်ကြည့်နေ မိပါတော့တယ်.. ဒီလူစီဆိုတဲ့ အရုပ်မလေးအပေါ် ထားတဲ့ တွယ်တာမြတ်နိုးမှုကို ကျွန်မက အသိဆုံးပါ။ သမီးလေးဟာ ဒီအရုပ်လေးကို ဘယ်သွားသွား လက်က မချတမ်း ယူသွားလေ့ရှိသလို ညအိပ်ရင်လဲ လူစီလေးနဲ့အတူ အိပ်လေ့ရှိပါတယ်.. တစ်ခြား ဘယ်အရုပ်တွေကိုမှ လူစီလောက် သူခင်တွယ်မှုလဲ မရှိပါဘူး.. ဒါကြောင့် လူစီဟာသမီးလေးရဲ့ ကိုယ်ပွားလေးလို့တောင် ပြောရင်ရတဲ့ အနေအထားပါ။





အမွှာဖြစ်တဲ့ သားကလေး၂ယောက်ဟာ သူတို့ ညီမရဲ့ အပြုအမူအတွက် ပါးစပ်လေးတွေ အဟောင်းသားနဲ့ ကြည့်နေကြရင်းက တစ်ယောက်က မပြောမဆိုနဲ့ အခန်းတွင်းသို့ ၀င်သွားပြီး သူ့အကြိုက်ဆုံး အရုပ်ကလေးကို သွားယူလာခဲ့ပါတယ်.. အရုပ်ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးနောက် သူ့ညီမလေးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး သေတ္တာလေးထဲက လူစီအရုပ်ကလေး ဘေးကို ထည့်သွင်းလိုက်ပါတော့တယ်.. ကျန်တဲ့ သားအမွှာ တစ်ယောက်ကလဲ သူမျက်နှာလေးဟာ တဖြေးဖြေးပြုံးလာပြီး ထိုင်ရာမှ ခုန်ထလိုက်ကာ သူ့အဖိုးတန် အရုပ်များထားရာ စင်ဆီကို ပြေးသွားပါတယ်.. ပြီးတော့ သူကြိုက်ဆုံး တန်ဖိုးအထားဆုံး ပြိုင်ကားကလေးကို သွားယူလာပါတယ်..





အဲဒီအချိန်လေးတွေမှာ ကျွန်မကလေးတွေရဲ့ မျက်လုံးလေးတွေဟာ ညအမှောင်ထုထဲက ကြယ်ပွင့် ကလေးရဲ့ အလင်းရောင်လေးလို တစ်ဖျတ်ဖျတ် လင်းလဲ့တောက်ပလို့ပါဘဲ.. အံ့သြစရာကောင်း လောက်အောင် ကျွန်မ နားလည် သဘောပေါက်လိုက်မိတာက သားအမွှာ၂ယောက်ဟာလည်း သူတို့ရဲ့ ညီမအငယ်လေးရဲ့ အပြုအမူကို နားလည် သဘောပေါက်ကြပြီး ညီမငယ်လေးလိုဘဲ သူတို့ မြတ်နိုးတန်ဖိုးထားတဲ့ အရုပ်ကလေးတွေကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ.. သူတို့လေးတွေရဲ့ အပြုအမူအတွက် ရင်ထဲမှာ တစ်စုံတစ်ရာ ခံစားချက်တို့ဖြင့် ကျွန်မပါးပြင်ပေါ် မျက်ရည်များ အဆက်မပြတ် ကျဆင်းလာကာ ကလေး၃ယောက်လုံးကို ချစ်ခင်ကြင်နာစွာ သိုင်းဖက်ထားလိုက်မိပါတော့တယ်..





ထို့နောက်တော့ ပေးမယ်လို့ရည်ရွယ်ပြီး သေတ္တာထဲ ထည့်ထားမိတဲ့ ကျွန်မရဲ့ အနွေးထည် အဟောင်းလေးကို ဖယ်ထုတ်လိုက်ပြီး မကြာခင်ကမှ ကြိုက်လွန်းလို့ ၀ယ်လာခဲ့တဲ့ အစိမ်းရောင် သက္ကလပ်အင်္ကျီ အသစ်စက်စက်လေးကို ထည့်လိုက်ပါတော့တယ်.. ကျွန်မဒီအင်္ကျီကို နှစ်သက်သလို ပုံထဲက ကလေးအမေ မိန်းမငယ်လေးဟာလည်း နှစ်သက်သဘောကျမယ်လို့ ကျွန်မယုံကြည်ပါတယ်..





ဒီမှာတင်ဘဲ ကျွန်မသဘောပေါက်လိုက်မိတာက လူတွေဟာ သူတို့အတွက် မလိုအပ်တော့တဲ့ ပစ္စည်း၊ သိပ်အရေးမပါတဲ့ ပစ္စည်းတို့ကိုဆို လွယ်လွယ်ကူကူ ပေးကမ်း စွန့်ကြဲ နိုင်ကြပေမဲ့ ကိုယ်သိပ်မြတ်နိုးတဲ့ ပစ္စည်း၊ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ပစ္စည်းဆိုရင် စွန့်လွှတ်နိုင်ဖို့ ခက်ခဲကြပါတယ်… တကယ်တမ်းတော့ ရက်ရောတယ်ဆိုတာ ကိုယ့်အတွက် တန်ဖိုးရှိတဲ့ပစ္စည်း၊ ကိုယ်တကယ်မြတ်နိုးတဲ့ ပစ္စည်းကို စွန့်လွှတ်နိုင်မှ သာလျှင် ရက်ရောတယ်လို့ ခေါ်ဆိုထိုက်ပါတယ်.. ကိုယ့်အတွက် အသုံးမလိုတဲ့၊ ကိုယ်မမြတ်နိုးတဲ့ ပစ္စည်းတွေကို စွန့်လွှတ်နိုင်ခြင်းဟာ ရက်ရောခြင်းမမည်ပါဘူး..





ကျွန်မရဲ့ ၅နှစ်အရွယ် သမီးငယ်ကလေးကတော့ သူအလွန် ချစ်ခင်စုံမက်တဲ့ အရုပ်ကလေးကို တစ်ဘက်သား ပျော်ရွှင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပြီး ရက်ရက်ရောရောနဲ့ စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်.. ကလေးတွေကို အလှူဒါနပြုလုပ်တတ်ဖို့၊ ပေးကမ်းစွန့်ကြဲတတ်တဲ့ အသိကောင်း လေးတွေ ၀င်လာအောင် သွန်သင်ဆုံးမဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်းပေးကမ်းဖို့ ကိစ္စကို ဆောင်ရွက်လိုက်ပေမဲ့ တကယ်တမ်းတော့ ကျွန်မကသာ သမီးငယ်လေးဆီက သင်ခန်းစာ ကောင်းလေးတစ်ခုကို မထင်မှတ်ဘဲ သင်ယူ ရရှိရလိုက်သူသာ ဖြစ်နေခဲ့ပါတယ်..





လူတွေရဲ့ အတ္တစိတ်ဟာ ကိုယ်မလိုအပ်တဲ့ အရာတွေကို အလွယ်တကူ ပေးကမ်းစွန့်လွှတ် နိုင်ကြပြီး ကိုယ်မြတ်နိုး တန်ဖိုးထားတဲ့ အရာတွေကိုတော့ အလွယ်တကူ စွန့်လွှတ်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်.. တကယ်တမ်းတော့ ကျွန်မရဲ့ အငယ်ဆုံး သမီးလေးဆီက ရလိုက်တဲ့ သင်ခန်းစာလေးလိုပါဘဲ.. ကိုယ့်ဆီမှာ အသုံးမလိုတဲ့ အရာတွေကို ပေးကမ်းနိုင်တာက စွန့်လွှတ်တာ မဟုတ်ဘဲ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေကို စွန့်လွှတ် ပေးကမ်းနိုင်ခြင်းသည်သာလျှင် ရက်ရောတဲ့ စွန့်လွှတ်ခြင်းလို့ ခေါ်ဆိုထိုက်တယ် မဟုတ်ပါလားရှင်။







Ruthie ရဲ့ Lucy ကို ဘာသာပြန် ခံစားရေးဖွဲ့ထားပါသည်။


ချော(အစိမ်းရောင်လွင်ပြင်)

30 Responses to “သမီးလေးရဲ့ စွန့်လွှတ်ခြင်း”

ကိုကြည်သာ said...

ကိုယ်မလိုအပ်တဲ့ အရာတွေကို အလွယ်တကူ ပေးကမ်းစွန့်လွှတ်နိုင်ကြပြီး ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေကိုတော့ အလွယ်တကူ စွန့်လွှတ်နိုင်ဖို့ ခက်ခဲတတ်ကြပါတယ်..... ဒါမှန်တာပေါ့ ဒါလူ့အတ္တပဲလေ.. ဒါကိုအလွယ်တကူ ပြောင်းလဲနိုင်ဖို့ ခက်တယ်လေ သတိမထားမိတဲ့အချိန်မှာပဲ လူဆိုတာ ကိုယ့်အတ္တကို ရှေ့တန်းတင်မိတတ်တယ်လေ... အလွယ်ကူဆုံးဥပမာ တခုပြမယ်... ရီစဆိုလည်းရီစရာလေးပေါ့... လူဆိုတာ !
ကိုယ်က သတိမထားလိုက်မိချိန်မှာတောင် အတ္တလေးကရှေ့တန်းက... ရောက်နေတယ်ဆိုတာလေးပါ.... ဥပမာပေါ့... အဖွဲ့လိုက်ရိုက်ကျတဲ့ ဓါတ်ပုံလေးတခုကို တွေ့တဲ့အခါ အဲပုံထဲမှာဘယ်သူ့ကိုအရင်ရှာမိမယ်ထင်သလဲ.... ကိုယ်တိုင်တာ သတိမထားလိုက်မိတာနော်... စဉ်းစားကြည့်လိုက် ဘယ်သူ့ကို အရင်လိုက်ရှာမိမယ်ထင်လည်း.... ဘာမှမဟုတ်တာလေးနော်.... (အဲပုံထဲမှာကိုယ်ပါနေမယ်ဆိုရင်ပေါ့)... စဉ်းစားလို့ရလား.... အဒါအတ!
္တပဲ...လူဆိုတာကိုယ့်ဘာက�€!
�ိယá
��အချစ်ဆုံးပဲလေ ကိုယ့်ပုံကို အရင်ရှာတယ် နောက်မှသူများကိုကြည့်တာ.... ရီစရာဥပမာလေးပါ.... ခုချောစာထဲကလို သမီးလေးထားတဲ့စိတ်မျိုး လူတိုင်းမှာ ရှိနေရင်ကောင်းမှာပဲဆိုတဲ့ အတွေးရယ်..... ကိုယ်ကိုယ်တိုင်ရော ဒီလိုစိတ်မျိုးထားနိုင်ပါ့မလား ဆိုတဲ့ အတွေးကို တွေးမိတယ်.... ကျေးဇူးတင်ပါတယ်ချောရေ... အရမ်းကောင်းပါတယ်.....

lds said...

သိပ်ကြိုက်တယ်။ သိပ်ကောင်းတဲ့ ဘာသာပြန်လေးပါ။

shwezinu said...

ညီမ ချော ရေ

ညီမ စာလေးတွေ ကို ဖတ်ရတာ စိတ်အားတက်စရာ တွေဘဲနော်
ဒီစာတွေကို ရေးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်

မိုးခါး said...

အရမ်းကောင်းတာပဲ .. လူတွေအကုန်လုံး ကိုယ်ချင်းစာစိတ် စာနာစိတ်ကိုယ်စီ ရှိကြမယ်ဆိုရင် ဘယ်လောက်များကောင်းလိုက်မလဲ ..

မချောဘာသာပြန်ထားတဲ့ အထဲကလိုလူတွေ အပြင်မှာတကယ့်ကို သက်ရှိထင်ရှားရှိနေကြပါတယ်...ဒီဘာသာပြန်ကိုတော့ တော်တော်လေးကို ခံစားမိပါတယ်။ ငါးနှစ်အရွယ် ခလေးငယ်လေး ကတည်းက ဒီလောက်စွန့်လွှတ်မှုနဲ့ မြင့်မြတ်နေရင်။ နောင်အသက်တွေရ လာရင် ဒီထက်ပိုပြီးမြင့်မြတ်လာမှာပါ။ စာတအုပ်ထဲမှာ ဖတ်ဖူးသလောက်ဆိုရင် ခလေးတယောက်ဟာ ၁ နှစ်ကနေ ၆ နှစ်အထိအရွယ်မှာ သူဘ၀ကိုဘာနဲ့ ဖြတ်မယ်ဆိုတာကို သူ့ဘာသာမသိမသာ ဆုံးဖြတ်ချက် ချပြီးသွားပြီဖြစ်ပါတယ်.... ၆ နှစ်အထက်မှာတော့ ပြင်ဖို့သိပ်ခက်သွားပြီဖြစ်ပါတယ်။ ကျနော်တို့တွေလည်း.......

သိပ်ဟုတ်တယ်ဗျာ.... “လဲ နေသူ ထူ...အား ငယ် သူ အား ပေး...ဆာ လောင် နေ သူ ကိုယ့် အထဲ က တဝက် ဝေ”..စကားလုံး လှ လှ တွေ သာ ဆို တတ် ပြီး၊ လက်တွေ့  ကျ တော့..သိပ် တွေ ဝေ နေ တတ် တဲ့ ကျွန် တော် ၊ အ ကောင်း ထက် အဟောင်း ကို တောင် ရက် ရက် ရော ရော လှူ တန်း ဖို့ တွန့် ဆုတ် နေ တတ် တဲ့ ကိုယ့် စိတ် ကို ကိုယ့် ဖာ သာ ပြင် ဆင် လို့( လိပ် ပြာ သန့် သန့် ရှင် သန် ဖို့) တ သက် တာ ကြိုး စား တော့ မယ် ဗျာ။

ပျော် ရွှင် ချမ်း မြေ့ နိုင် ပါ စေ။

sosegado said...

ပျော်ရွှင်ကြည်နူးစရာဇာတ်လမ်းလေးပါပဲ၊ ခလေးတွေရဲု့ဖြူစင်တဲ့စိတ်ကိုပြပါတယ်၊ ၅နှစ်အရွယ် သမီးလေးဆိုတာ သိပ်တွေးခေါ်ကြတာမဟုတ်သေးဘူး၊

သိင်္ဂါကျော် said...

သမီးလေး အသက်ကြီးလာရင်ရော ဒီလိုပဲ သူမြတ်နိုးတဲ့ အရာတွေကို စွန့်လှူနိုင်မလား ဆိုတာ မသိနိုင်ဘူးနော်.. လူက အသိဥာဏ်ရှိလာလေ အတ္တကြီးလာလေ ဖြစ်တတ်ကြလို့လေ..

လသာည said...

ဖတ်လို့ အရမ်းကောင်းတာပဲ..။ အဲလိုစိတ်ဓါတ်ရှိတဲ့ ကလေးတွေ၊ နောက်လူကြီးတွေ အများကြီးရှိရင်ကောင်းမှာပဲနော်။ နေဦး.. ကိုယ်ကအစ အရင်ပြင်မှဖြစ်မယ်..လို့ သတိတရား ရသွားတယ်။ ကျေးဇူးနော်။

komyo said...

အမရေးတဲ့စာတွေကတစ်ကယ်ဖတ်လို့ ကောင်းတယ်ဗျာ
အရင်ကမဖတ်ဖြစ်သေးတဲ့စာတွေပါထက်ပြီးဖတ်သွားတယ်ခင်ဗျ မှတ်လဲမှတ်သွားတယ်နော်ခုလိုစာတွေအများကြီးရေးနိုင်ပါစေလို့ ကျနော်ဆုတောင်းပေးလိုက်ပါတယ်

မြတ်နိုး said...

ဘာသာပြန်တွေတအားကောင်းတယ်နော်..ကျေးဇူးတင်ပါတယ်။ အမြဲလာဖတ်ဖြစ်တယ်။အသစ်တိုင်း။
ဟင်းချက်တာလဲ ကြိုက်တယ်။

အတော်တွေးတတ်တဲ့ ကလေးလေးပဲ ၊ ကိုယ်ပျော်သလို သူများကိုလည်း ပျော်စေချင်တဲ့ စေတနာလေးပေါ်လွင် ထင်ရှားတယ်။ တော်ရုံဆို ဘယ်လာတွေးမိမလဲ။ ကောင်းတယ်ဗျာ။

ငါးနှစ်အရွယ်သမီးလေးရဲ့စွန့်လွတ်တတ်မူ့ကလေးက အံ့ဖွယ်အတုယူစရာလေးပါ။
ကိုယ်တွေလည်းဒီလို ဒုက္ခရောက်နေသူတွေကို
လှူဖူးတယ်...ဒါပေမယ့် ကိုယ်အနှစ်သက်အရာတွေထဲက
မျှဝေမလှူဖူးဝူး..."ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့ အရာတွေကို ပေးကမ်း စွန့်လွှတ်နိုင်ခြင်း သည်သာလျှင် ရက်ရောတဲ့ စွန့်လွှတ်ခြင်းမည်တယ်။"
ဒီနေရာလေးကို နှစ်သက်မိသွားတယ်...ကောင်းတယ်ဗျာ...

blackroze said...

ဟုတ်တယ်..မကြီးချောရေ...
လူတွေဟာကိုယ်မလိုချင်တာကိုဆိုပေးဖို့ဝန်မလေးကြပေမဲ့
ကိုယ်ကြိုက်တာကိုတော့မပေးနိုင်ကြဘူးမစွန့်လွှတ်နိုင်ကြတာပေါ့လေ
ကလေးလေးတယောက်ကပေးလိုက်တဲ့သင်ခန်းစာတွေကတခါတလေကျရင်
တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေဖြစ်နေတတ်ပါတယ်..
မကြီးချော....အားပေးနေလျှက်ပါ.
ခင်မင်လျှက်...Blackroze

ထူးခြားတဲ့အသိတရားလေးရသွားတယ်မချော..။ကိုယ်လည်းကိုယ်အမြတ်တနိုးထားတဲ့ပစ္စည်းကို
တပါးသူကိုရက်ရက်ရောရောပေးနိုင်ပြီလားလို့..။ အများကြီးကြိုးစားရအုံးမယ်..။

ခင်တဲ့
သဒ္ဓါ

ဒီပို့စ်ထဲက ကလေးလေးတွေလို ကလေးမျိုးတွေ
အပြင်လောကမှာလည်း တကယ်ရှိနေတယ် ချော..ရ..။
မ..မှာလည်း ကိုယ်တွေ့လေးတစ်ခုရှိတယ်..။
ချော..ကို ပြောမိဘူးတယ် ထင်ပါရဲ့..။
နောက်မှ..တစ်ပုဒ်လောက် ရေးဦးမယ်နော်..။

ahphyulay said...

ကိုယ် ပိုင် ပစ္စည်း ကို တစ်ပါးသူ ကို ပေး ပျော် စေ နိုင် တဲ့  သတ္တိ က
တော်ရုံ လူ ထား နိုင်ခဲ ပါတယ်လို့ ။
အင်း... ဖြည့်  ကျင့် မှ ရ မယ် လို့ လဲ ထင်ပါတယ်။
ဖြည့် ကျင့်  ရ တယ် ဆို မှ တော့  တော်ရုံ အလုပ် တစ်ခု မဟုတ်တော့  ဘူး လေ..။
လုပ် လို့  ရ ပါ့ မလား...။

အင်ကြင်းသန့် said...

ကိုယ်သာဆိုရင် အဲဒီကလေးလေးလို စွန့်လွှတ်နိုင်ပါ့မလား ???

ညီမလေး

ဝက်ဝံလေး said...

အဲ မက်ရည်တောင် ဝဲတယ် ဘူးသီးလုံးလောက်ရှိတဲ့ မက်ရည်တွေကျချင်လာပီ
ဗြူးးးးးးး ဖလူးးးးးးးးး ဗြစ် ဖတ် နှပ်ညှစ်သံ
ဟိဟိ

zaytaryar said...

ချောရေ ဖက်ရတာရင့်နင့်လိုက်တာဗျာ လူစီလေးကိုပေးနိုင်တဲ့ခလေးကိုမလေးကိုချစ်လိုက်တာ
ဟုတ်တယ် ၊ လူတိုင်းဟာ မကောင်းတဲ့ပစ္စည်းကိုသာစွန့်ကြဲချင်ကြတယ်ဇေလဲပါတယ် ၊ တတ်နိုင်သ
လောက်တော့နဲနဲချင်းလုပ်ကြည့်မယ်လေနော် ခလေးတောင်လုပ်နိုင်သေးတာဘဲ.........။

စိတ်ဓာတ်ခွန်အားတွေ လာယူသွားပါတယ်
ကျေးဇူးတင်ပါတယ်အစ်မချောရော

Angel Shaper said...

ကျေးဇူးတင်လိုက်တာ မချောရေ....
အရမ်းကောင်းတဲ့ဘာသာပြန်လေးပါ။
ဟုတ်တယ်နော်... ရက်ရောတဲ့ စွန့်လွှတ်ခြင်း ကို အမှန်တော့ အတ္တကြီးကြီးနဲ့ လျစ်လျူရှုမိတတ်ကြတာပဲ... မလိုအပ်တာကို ပေးလိုက်ပြီး ကိုယ်ကပဲ ရက်ရော သလိုလို...
ပြန်ဆင်ခြင်စရာပဲ....
ဂွတ်ထ။

Mary Kie KIe said...

စိတ်ခွန်အား အရမ်းရတယ် အစ်မ ကျေးဇူး....တကယ်ကို ခုမှ ခွဲခွဲခြားခြားသိသွားတယ် ရက်ရောခြင်း အစစ်အမှန်ဆိုတာ..

moemoesat said...

အရမ်းကောင်းတယ် ဖတ်လိုက်ရုံနဲ့တင် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားတယ် *ရက်ရောခြင်း* ဆိုတာကိုလည်း ဒီစာလေးကို ဖတ်ပြီးမှ သေသေချာချာ နားလည်လိုက်ပါတော့တယ်။

ကိုယ် အမြတ်နိုးဆုံး အရာဝတ္ထုဆိုတာ ပေးကမ်းဖို့ မလွယ်ကူပါဘူး။
လူငယ်တွေ အတွက်ရော ကျွန်တော်တို့ အတွက်ပါ သင်ခန်းစာ ပေးတဲ့
စာစုလေးပါပဲ။

flowerpoem said...

အမရေ မှန်လိုက်တာ ကိုယ်တန်ဖိုးရှိတဲ့ အရာတွေကို. ပေနိုင်မှ ရက်ရောခြင်းဆိုတာကို ခုမှ ပဲသေချာ သဘောပေါက်ပါတယ် အမရေ..

pu said...

အစ်မ ရဲ့စာတွေကို ညီမ ရေခဲနန်းတော်မှာ အမြဲတမ်းအားပေးနေတဲ့သူပါ။ ကောင်းတဲ့စာလေးတွေကိုလဲ သူငယ်ချင်းတွေကိုပြန်ပြီးဝေမျှပြီးဖတ်စေခဲ့ပါတယ် ။ အဲဒါကိုလဲခွင့်ပြုပေးပါနော်။ အစ်မရေးထားကြောင့်ကိုလဲ အစ်မရဲ့ site ကိုလဲအမြဲတမ်း ဖော်ပြပေးထားပါတယ်။ အခုမှညီမလဲအစ်မ ရဲ site ကိုဝင်ပြီးဖတ်မိ့တာပါ။ အစ်မ ရဲ့စာတွေက ဗပာုသုတနှင့် ပညာတွေအများကြီးရပါတယ်။ အဲဒီလိုစာမျိုးတွေကိုဖတ်ရလို့လဲအစ်မကိုကျေးဇူးအများကြီးတင်ပါတယ်။ အမြဲတမ်းအားပေးလျက်ပါ။

ကိုကိုမောင် said...

အမရေ...
တကယ်ကို တန်ဖိုးရှိတဲ့ပို့စ်လေးပါ။ သမီးငယ်လေးက အသက်ငယ်ပေမဲ့ အားလုံးအတွက် စံပြမယ်လေးတစ်ယောက်ပါဘဲ။ သူ့လို စွန့်လွတ်ရဲတဲ့ စိတ်ဓါတ်ပေါ်ပေါက်လာအောင် အတော့်ကို ကြိုးစားကြရဦးမယ်နော်။

ညီမလေး said...

that `s also nice post !

ဇွန် said...

ကလေးလေးက ပေးတဲ့ အသိပေါ့နော်.. ရင်ထဲထိရောက်ပါတယ် မမရေ..