အစိမ်းရောင်လွင်ပြင် အသစ်






ဘလော့အသစ်လေးအကြောင်း


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~













ဘယ်အကြောင်းကြောင့်မှန်းမသိရဘဲ ကျွန်မတို့ အသုံးပြုနေတဲ့ ကော်ဖီဆိုင်လေး Mylovecafe ဟာ မမျှော်လင့်ဘဲ လုံးဝကို ဖွင့်မရအောင် ဖြစ်သွားခဲ့ရပါတယ်.. ဒီကော်ဖီဆိုင်လေးကို အမှီပြုပြီး ဘလော့ရေးနေကြတဲ့ ၀ါသနာရှင်များ အားလုံးလည်း ဒုက္ခရောက်ကြပါတော့တယ်.. တစ်နေ့ပြန်ကောင်းနိုး ပြန်ကောင်းနိုးနဲ့ မျှော်လင့်ချက်ကြီးစွာ စောင့်စားနေကြသော်လည်း တစ်လနီးပါးရှိလာသည်အထိ ပြန်ကောင်းမလာခဲ့ပါဘူး.. ကိုယ့်လိုဘဲ  ဘလော့လေးဖွင့်မရကြတော့တဲ့ စာရေးဖော်အားလုံးကို ကိုယ်ချင်းစာစိတ်နဲ့ အားနာမိရပါတယ်.. ကျွန်မကိုယ်တိုင်လည်း စာပြန်ရေးနိုင်ဖို့ နည်းလမ်းမျိုးစုံစဉ်းစားပြီး၊ မိတ်ဆွေတွေဆီက အကူအညီပေါင်းစုံနဲ့ အမျိုးမျိုး ကြိုးစားပြီးတဲ့နောက်မှာ ဒီဘလော့လေးကို ယခင်အဟောင်းအတိုင်း ဒီဇိုင်းလေးကအစ တစ်ထပ်တည်းပြန်ဖြစ်အောင် အကောင်းအထည် ဖော်မိပြန်ပါပြီ.. တကယ်တော့ ဒီဘလော့ဟာ ယခင်က အစိမ်းရောင်လွင်ပြင်မဟုတ်ပါဘူး.. မနေ့တနေ့ကမှ အသစ်ပြန်လုပ်ထားတဲ့ အစိမ်းရောင်လွင်ပြင်သာ ဖြစ်ပါတယ်..





ကျွန်မအတွက် ဘလော့အခုလိုပြောင်းရတာ ဒီတစ်ကြိမ်ဟာ ဒုတိယအကြိမ် ပြောင်းရခြင်း ဖြစ်ပါတယ်.. ယခင်ကလဲ ရေးလက်စ Wordpress က ၀င်မရဖြစ်ပြီး စာတွေဆက်ရေးလို့ မရတော့တာကြောင့် Mylovecafe မှာ ပြန်ပြောင်းရေးရပါတယ်.. အဲဒီချိန်တုန်းကလဲ ပိုစ့်တွေကို တစ်ပုဒ်ချင်း ရွေ့ခဲ့ရပါတယ်.. ဘလော့ စရေးခါစလဲဖြစ်တော့ ပိုစ့်တွေကို Import လုပ်လို့ရတယ် ဆိုတာကို နားမလည်ခဲ့မိလို့ပါ. ခုတစ်ခါတော့ ကံကောင်းတာက အရင်ဘလော့လေး မပျက်သွားခင်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်တွန်းချက်နဲ့ Back Up လုပ်ထားလိုက်မိပါတယ်.. Back up လေး လုပ်ထားလိုက်မိတော့ အရင်ကရေးခဲ့တဲ့ပိုစ့်တွေ အားလုံးနီးပါး ပြန်ရပါတယ်.. ဒီအတွက် အတိုင်းမသိ ၀မ်းသာ မိရပါတယ်. ဒါကြောင့် Back up လုပ်ထားဖို့ တိုက်တွန်းပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါကြောင်း ဒီနေရာကနေ ပြောကြားခွင့်ပြုပါရှင်.. Mylovecafe မှာ ရေးနေသူ အားလုံးနီးပါး ဘယ်သူမှ Back up လုပ်ထားကြမှာ မဟုတ်လို့ သူတို့တွေရဲ့ ရေးပြီးသားစာတွေအားလုံး ပျောက်ဆုံးကုန်တဲ့အတွက်တော့ အားလုံးနဲ့ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်.. ဒါကြောင့် စာရေးဖော်များကို တိုက်တွန်းချင်တာက ကိုယ့်ဘလော့လေးကို မကြာခန Back Up လုပ်ပေးကြပါဆိုတာပါဘဲ.. မဟုတ်ရင် ကိုယ်ကြိုးစားရေးခဲ့သမျှ မမျှော်လင့်တဲ့ အကြောင်းတွေနဲ့ ဆုံးရှုံးသွားတတ်ပါတယ်..





ကျွန်မတို့မှာ စာရေးချင်တဲ့စိတ်နဲ့၊ ၀ါသနာက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီ ဖြစ်တဲ့အတွက် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ရေးနိုင်မလဲဆိုတာကို ဘလော့ဖွင့်မရတဲ့ ရက်တွေမှာ နေ့စဉ် စဉ်းစားကြံဆရင်း နည်းလမ်းတွေရှာမိပါတယ်.. စာအမြဲ လာဖတ်သူများကိုလည်း အားနာမိပါတယ်.. အများတကာ ရေးနေတဲ့ Blogspot မှာလဲ ကျွန်မတို့အနေနဲ့ ရေးလို့ အဆင်မပြေတာကြောင့် ကျွန်မနဲ့ ကျွန်မရဲ့ အစ်မတစ်ယောက်ကဲ့သို့ ချစ်ခင်ရပါသော  မမြသွေးနီ နဲ့ တိုင်ပင်ပြီးကာမှ Hosting တစ်ခု ၀ယ်လိုက်ပြီး ယခင်ကအတိုင်း အရှိန်မပျက် စာတွေ ပြန်ရေးနိုင်ဖို့ ကြိုးစားကြပြန်ပါပြီ.. လဲပြိုသွားပေမဲ့ ပြန်ထဖို့ ကြိုးစားကြခြင်း ဖြစ်ပါတယ်.. ကျွန်မတို့ ရေးတဲ့ စာတွေကို အမြဲလာဖတ်ကြသူများ စာရေးဖော် မိတ်ဆွေ သူငယ်ချင်းများ၊ ဘလော့လေးအတွက် အားတက်သရော အကူအညီပေးကြသူများ၊ အကြံပေးမေးမြန်းကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်.. ပြီးခဲ့တဲ့ရက်တွေက အိမ်ကို မမျှော်လင့်ဘဲ ပြန်ဖြစ်သွားတဲ့အတွက် ကချင်ပြည်နယ် ဖားကန့်ဒေသရဲ့ ဆိုးဝါးတဲ့ မိုးရာသီ လမ်းခရီး အတွေ့အကြုံများကို မကြာခင်မှာ ဓာတ်ပုံများနဲ့ ဖော်ပြပေးပါဦးမယ်..





ယခင်ကလိုဘဲ စာတွေကို အဆင်ပြေပြေ ဖတ်ရှုနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပါတယ်.  စာတွေကိုလဲ ယခင်ကလို အတတ်နိုင်ဆုံး ပြန်ရေးပါမယ်လို့ အားလုံးကို အသိပေးရင်း အစိမ်းရောင်လွင်ပြင်အသစ်ကို အားမာန်အပြည့်ဖြင့် ပြန်လည် မွေးဖွားလိုက်ပါကြောင်းရှင်..







အားလုံးကို လေးစားချစ်ခင်စွာဖြင့်




ချော(အစိမ်းရောင်လွင်ပြင်)

16 Responses to “အစိမ်းရောင်လွင်ပြင် အသစ်”

အရင်တိုင်းဖြစ်အောင်..
ပြုပြင်နေတဲ့အစိမ်းရောင်လွင်ပြင်လေးဆီရောက်ခဲ့ပါတယ်။
မမချောရေ..
နောက်ရေးမည့်..မမချောရဲ့စာတွေကိုလည်း
စောင့်မျှော်ဖတ်ပါမည်။

မချောရေ..
အချိန်တခုစောင့်ပြီးရင် အစစအရာရာအဆင်ပြေချောမွေ့သွားမှာပါ..။ ဖားကန့်ကနေ ဘာတွေ ပါလဲ..
ပြောအုံးနော်...။ စောင့်နေတာ........
ခင်တဲ့
သဒ္ဓါ

ပြည့်စုံ said...

မနည်းကိုကျော်ခွပြီးမှ ၀င်ရောက်ခဲ့ရကြောင်းမှ မချောရေ.....း)
လွင်ပြင်အသစ်မှာ စာအသစ်တွေကိုမျှော်နေပါတယ်...

ပြန်ပြောင်းချိတ်ထားပါတယ်ဗျာ...။ အစိမ်းရောင်လွင်ပြင်ကတော့ ပြောင်းလဲမသွား.. စိမ်းလဲ့နေမြဲပါ... ။း)))


ခင်မင်တဲ့
နေ၀သန်

ချောရေ...
တို့တွေ တစ်ဖန်ပြန်လည် ရုန်းထမိပြန်ပြီနော်..။ မရေးပဲမှ မနေနိုင်တာကိုနော်..။
စာကြွေးတွေလာဖတ်ဦးမယ်။ လောလောဆည်တော့ အိမ်လေးကို မရမက အချိန်လုဆောက်နေပါကြောင်း။
ချစ်သော...

မြသွေးနီ
www.myathwayni.com ( New Link)

ahphyulay said...

အင်း ... အ ကြိမ်ကြိမ် လဲ ကျ ပြီး မှ ပြန်ပြန် ထ ရ တဲ့  လုံ လ မျိုး ပါပဲ။
ချီးကြူး မိ ပါ တယ်၊ ဝါသနာ နဲ့  ဇွဲ ကို ၊
မမ ကီ လဲ လဲ ကျ နေပြီ လေ ၊ လူပါ သတ်ချင် နေတယ်ပြောတယ်၊
ဘလော့  တွေ ထဲ ဝင်မရ လို့  . . တဲ့ ၊
ကယ် ကြ ပါ အုံး ဗျာ..။

mg lay said...

အမရေ.. အားပေးနေပါတယ်။အသစ်တဖန်ပြန်လည်မွေးဖွာလိုက်တဲ့ ဖီးနစ်ငှက်လေးပေါ့နော်....
ကချင်ပြည်နယ် အကြောင်းရေးမယ်ဆိုလို့ ဝမ်းသာမိတယ်။ဘာလို့လည်းဆိုတော့ ကချင်ပြည်နယ်ကိုစိတ်ဝင်
စားလို့။မြန်မာပြည်ပြန်ဖြစ်ရင် အရင်ဆုံးအလည်အပတ်ခရီးထွက်ဖို့စဉ်းစားထားတာ ကချင်ပြည်နယ်ကိုပဲ
အမရဲ့....။မျှော်နေမယ်နော်...

အသစ်သစ်တွေ နဲ့ စိတ်ညစ်စရာတွေ ကင်းပြီး ဆက်လက် စိမ်းလန်းစိုပြည်နိုင်ပါစေဗျား။
with reps;
အကြမ်းထည်

flowerpoem said...

အလည်လာပြီး စာလာဖတ်ပါတယ် အမရေ ခရီးမှာ ပျော်ရွှင်ခဲ့တာပေါ့နော်...

shwezinu said...

ညီမချောရေ
အမလည်း http:www.shwezinu.com ကို အီးထရိတ်ကနေ ဝယ်လိုက်တယ် ဘလော့စပေါ့ ကနေဘဲ ဟော့စတင်း လုပ်မယ် ရီဒါရိုက် လုပ်လိုက်တယ် အဲဒါ ခုထိ တက်မလာသေးဘူး သူတို့က ၀ယ်ပေးပြီးပြီ လုပ်လိုက်တော့ လို့ပြောလို့လုပ်လိုက်တာ
ညီမ တော့ ဘယ်လို လုပ်လည်း အမကို နဲနဲလောက် ပြောပေးပါလား

ကျေးဇူး
ရွှေစင်ဦး

jr said...

ဟိုတလောကရှာမရဘူးဖြစ်နေတာ..ခုမှကိုရင်နော့ဘလော့ကလင့်ခ်ကနေတဆင့်ပြန်တွေ့တယ်။
:)

ခင်မင်လျှက်
jr.

အရင်လိုပဲ မချောတို့ မမြသွေးတို့ စာတွေ ပြန်ရေးနိင်တာ ဝမ်းသာပါတယ်။
ကဲ... ချီတက်ကြပါစို့..။

အင်ကြင်းသန့် said...

မင်းငါ့ကို ဖြတ်လိုက်တော့........ :D (Back Up လုပ်ထားဖို့ ပြောတဲ့ သူငယ်ချင်း ???)

မချောလို့ပဲခေါ်မယ်အမရေ......
ရှာဖွေလေလေတွေ့ရှိလေ ဆိုတဲ့စကားနဲ့ပဲ
ရှာရင်းဖွေရင်း ဒီဆိုက်ကလေးကိုတွေ့ခဲ့တာပါ.....
အားလုံးကိုမဖတ်၇သေးပေမယ့်.....နောက်လာဖတ်ပါ့မယ်

nilar aung said...

အစ်မ ရဲ့ဆိုဒ်လေးကို နာမည်လေးကြားရုံနဲ့ ဖတ်ခြင်နေတာပါ။သူငယ်ချင်းတစ်ယောက်ကပြောလို့ပါ။computer နှင့်ပတ်သက်သော ဒီဇိုင်းဆန်းဆန်းလေးတွေ၊ပစ္စည်းအသစ်လေးတွေ(နောက်ဆုံးပေါ်)စိတ်ဝင်စားပါတယ်။အမြဲတန်း အစ်မရဲ့ ဆိုဒ်လေးကို ၀င်ပြီးလေ့လာပါ့မယ်။

ဟုတ်ပါတယ် ... မချော .....

ကျွန်တော်ဆို Blogging Sphere ထဲကို

ပြန်မလာဖြစ်လောက်အောင်ပါပဲ ... ခုမှ

မျက်စိရှုပ် နားရှုပ်အောင် ပြန်လုပ်မယ် ဆိုပြီး ... :)