အမှားလေးတစ်ခု


အမှားလေးတစ်ခု


---------------------------------------------

တစ်ခါက တောင်ခြေတစ်ခုမှာ သာယာလှပပြီး နေချင်စဖွယ် ရွာလေးတစ်ရွာ တည်ရှိပါတယ်.. ရွာနဲ့ မလှမ်းမကမ်း တောင်ပေါ်မှာတော့ ရေခဲတောင်တွေဆီကနေ ရေခဲတွေ အရည်ပျော်ပြီး စီးဆင်းလာတဲ့ ရေတွေဟာ ရေကန်ကြီးတစ်ကန် ဖြစ်ပေါ်စေခဲ့ပါတယ်..။ အဲဒီကန်ထဲကမှ တဆင့် ရေတွေဟာ ရေတံခွန်ငယ်ကလေးအဖြစ် တောင်အောက်ကို စီးကျလာပြီး အောက်ရောက်တဲ့အခါမှာတော့ စမ်းချောင်းလေးအဖြစ်နဲ့ ရွာကလေးကို ကွေ့ကာ ၀ိုက်ကာနဲ့ ဖြတ်ပြီး စီးဆင်းလာပါတယ်.. ရေကန်ကြီးရဲ့ ပတ်ပတ်လည်မှာတော့ ထူထပ်တဲ့ တောအုပ်ကြီး ရှိနေပါတယ်..





ဒါကြောင့် ကျေးရွာ အုပ်ချုပ်ရေး ကောင်စီအဖွဲ့က ကန်ကြီးထဲက ရေတွေ စမ်းချောင်းလေးထဲကို ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်းနဲ့ စီးဆင်းလာနိုင်ဖို့အတွက် ရေကန်ကြီးရဲ့ ပန်ဝန်းကျင်ကို သန့်ရှင်းရေး လုပ်ဖို့နဲ့ ရေကန်ပတ်လည်ကို အမြဲတမ်း ကြည့်ရှုနိုင်စေဖို့ဆိုပြီး အဖိုးအို တစ်ယောက်ကို ငှားရမ်းလိုက်ပါတယ်.. အဖိုးအိုဟာ ရေကန်ကြီးတစ်လျှောက် အမြဲတမ်း လှည့်ပတ်ကြည့်ရှုပါတယ်.. ရေကန်ထဲကို ကျရောက်မဲ့ သစ်ရွက်သစ်ခက်များ၊ သစ်ကိုင်း သစ်ဆွေးခြောက်များ စတာတွေကို ဂရုတစိုက်နဲ့ အမြဲတမ်း ဖယ်ရှားပေးပါတယ်..




သူဟာ အလုပ်အပေါ် တာဝန်ကျေတာထက်ပိုပြီး စေတနာနဲ့ ကြိုးကြိုးစားစား လုပ်လေ့ရှိပါတယ်.. ဒါကြောင့်လဲ ကန်ထဲကရေတွေဟာ အချိန်တိုင်း သန့်ရှင်းစိမ်းမြနေပြီး ရေတံခွန်လေးကနေ တစ်ဆင့် စမ်းချောင်းလေးအဖြစ်နဲ့ ရွာထဲကို အဟန့်အတားမရှိ ကြည်လင်စွာ အမြဲတမ်း စီးဆင်းခွင့် ရနေခဲ့ပါတယ်။ သာယာလှပတဲ့ ရွာကလေးဟာ အခြားမြို့ရွာကနေ အလည်လာသူများ ပျော်ပွဲစား ထွက်လာသူများနဲ့ အမြဲတမ်း စည်ကားနေတတ်ပါတယ်.. ဖန်သားပြင်လို ကြည်လဲ့နေတဲ့ စမ်းချောင်းလေးထဲမှာ ငွေငန်းဖြူတို့ကလဲ ပျော်ရွှင်ချမ်းမြေ့စွာ လူးလာခေါက်တုံ ကူးခတ်ပျော်ပါး ဆော့ကစားနေကြပါတယ်။ စက်ရုံအလုပ်ရုံ များစွာဟာလည်း စမ်းချောင်းလေးက ရေကို အားပြုပြီး နေ့ရောညပါ လှည်ပတ်နေကြပါတယ်. လယ်မြေဧကပေါင်းများစွာကိုလည်း စမ်းချောင်းကလေးဆီက ရေကို သွယ်ယူလို့ လယ်မြေတွေကို စိမ်းလန်းနေစေတော့တာပါဘဲ..




လှပလွန်းတဲ့ ရွာကလေးရဲ့ ရှုခင်းတွေကြောင့်လဲ အနားယူအပန်းဖြေသူများနဲ့ တစ်ဖြေးဖြေး စည်ကားလို့ လာနေပါတယ်.. လာလည်ကြတဲ့ ဧည့်သည်တွေဟာ တည်းခိုရာ ဘန်ဂလိုတွေ၊ စားသောက်ဆိုင်တွေမှာ အနားယူ အပန်းဖြေပြီး ရွာကလေးရဲ့ ရှုခင်း အလှအပတွေကို တစ်မေ့တစ်မော ကြည့်ရှုခံစားကြပါတယ်..




ဒီလိုနဲ့ နှစ်အနည်းငယ်ကြာတဲ့ အခါ တစ်ညနေမှာတော့ ရွာကလေးရဲ့ အုပ်ချုပ်သူအဖွဲ့ဝင်တွေဟာ နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်ကျင်းပကြပါတယ်.. ရွာကလေးရဲ့ သာရေး၊ နာရေးတွေမှာ အသုံးပြုတဲ့ ငွေစာရင်းတွေကို ညှိနိုင်းစည်းဝေးကြပါတယ်.. တစ်ယောက်သော ရွာလူကြီးက ရေကန်ကြီးကို ကြည့်ရှု စောင့်ရှောက်ဖို့ ငှားထားတဲ့ အဖိုးအိုအတွက် ပေးထားတဲ့ လစာ စာရင်းကိုထောက်ပြပြီး




“ဒီလစာငွေတွေဟာ အလကား သက်သက် ကုန်ကျနေတာဖြစ်တယ်.. ဒီလူကို မလိုအပ်ဘဲနဲ့ ဘာကြောင့်များ တစ်နှစ်ပြီးတစ်နှစ် လစာငွေတွေ ပေးပြီး ငှားထားရတာလဲ.. သူတောင်ပေါ်မှာ နေပြီး အလုပ်လုပ်တယ် မလုပ်ဖူး ဆိုတာလည်း ဘယ်သူကမှလည်း မြင်ရတာမဟုတ်ဘူး.. သူမရှိလည်း ရေကန်ထဲက ရေတွေက စီးမြဲစီးဆင်းနေမှာဘဲ.. ကြည်လင်မြဲ ကြည်လင်နေမှာဘဲ.. ဒီတော့ မလိုအပ်ဘဲ ပိုက်ဆံအကုန်အကျ မခံသင့်ဘူး..” လို့ ပြောပါတယ်.. အဲဒီလူကြီးရဲ့ စကားကြောင့် ရွာအုပ်ချုပ်သူတွေကြားမှာ အဖိုးကြီးကို ဆက်ငှားသင့်မငှားသင့် မဲခွဲပြီး ဆုံးဖြတ်ကြတဲ့အခါမှာ မငှားဖို့က မဲအရေအတွက် များတဲ့အတွက် သန့်ရှင်းရေးလုပ်သူ အဖိုးကြီးကို နောက်လက စလို့ ဆက်ပြီး မငှားကြတော့ပါဘူး..




ရက်သတ္တပတ် အနည်းငယ် အတွင်းမှာတော့ တစ်စုံတစ်ရာ အပြောင်းအလဲ မရှိပေမဲ့ ဆောင်းဦးပေါက်ရာသီ ရောက်လာချိန်မှာတော့ ရေကန်ပတ်လည်မှာရှိတဲ့ သစ်တောအုပ်ကြီးထဲက သစ်ပင်တွေဟာ သစ်ရွက်တွေ ၀ါရော်ခြောက်သွေ့လာပြီး လေပြေအဝေ့မှာ ကန်ရေပြင်ထဲကို ကြွေကျလာပါတော့တယ်.. သစ်ကိုင်းတစ်ချို့ တွေဟာလည်း ခြောက်သွေ့ပြီး ရေကန်ထဲကို ကျိုးကျကုန်ပါတယ်.. အဲလို ရေကန်ထဲကို ပြုတ်ကျတဲ့ သစ်ကိုင်းခြောက်တွေ၊ ညိုးနွမ်းကြွေကျတဲ့ သစ်ရွက်ခြောက် တွေဟာ ပုတ်သိုးဆွေးမြေ့ပြီး ကြည်လင်သန့်ရှင်းစွာ စီးဆင်းနေတဲ့ ရေတွေကို တစ်ဖြေးဖြေး အရောင်ပြောင်းစေလာသလို ရေစီးဆင်းရာမှာလည်း အဟန့်အတား ဖြစ်လာစေပါတော့တယ်..




တစ်နေ့မှာတော့ ခုလိုအပြောင်းအလဲကို ဖြစ်လာတာကို လူတစ်ယောက်က အရင်ဆုံး သတိပြုမိလိုက်ပါတယ်.. သူဟာ စမ်းချောင်းလေးရဲ့ ရေစီးကြောင်းထဲမှာ ခပ်ညိုညိုအရောင်တွေ ရောပါလာတာကို တွေ့လိုက်မိပါတယ်. ဒါပေမဲ့ အမှုမဲ့ အမှတ်မဲ့ထားလိုက်ပြီး အရေးတယူ မပြုလိုက်မိပါဘူးတဲ့.. နောက် ရက်အနည်းငယ် ထပ်ကြာ ချိန်မှာတော့ စမ်းချောင်းလေးရဲ့ ရေဟာ ပိုပြီး ညိုမှောင်လို့ လာနေပါပြီ… ရေထဲမှာလည်း သစ်ရွက်ဆွေး ပုတ်တွေဟာ စမ်းချောင်းလေးထဲ မျှောပါလာနေပြီး မကောင်းတဲ့ အနံ့တွေဟာလည်း ထွက်စ ပြုလာပါတော့တယ်.. ရေအားနဲ့ လည်ပတ်ရတဲ့ စက်ရုံတွေဟာလည်း ရေထဲမှာ ပါလာတဲ့ သစ်ကိုင်းသစ်ခက်တို့ကြောင့် လည်ပတ်နှုန်းတွေနှေးလာပါတယ်..




ရေထဲမှာ မြူးတူး ပျော်ပါးဆော့ကစားနေကြတဲ့ ငွေငန်းဖြူ အုပ်စုဟာလည်း မဲမှောင်နံစော်လာတဲ့ ချောင်းရေကိုစွန့်ခွာလို့ အဝေးကို ထွက်သွားကြပါပြီ.. အခြားမြို့က ခရီးသွားတို့ဟာလည်း တစ်ဖြေးဖြေးနဲ့ အလည်အပတ် လာရောက်ခြင်း နည်းပါးလာနေပါပြီ။ ညစ်ပတ်နံစော်တဲ့ ချောင်းရေကို သောက်သုံးနေရတဲ့အတွက် ရွာသူရွာသားတွေမှာလည်း အဖျားအနာ၊ ၀မ်းရောဂါ စတာတွေ စွဲကပ်လို့ လာနေပြီဖြစ်ပါတယ်..




ဒီတော့မှ ရွာကို အုပ်ချုပ်သူ လူကြီးတွေဟာ အရေးပေါ် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပရပါတော့တယ်.. ခုချိန်မှာ သူတို့ရဲ့ မမြင်သင့်တဲ့ ငွေကြေးကလေးကို နှမြောမိတဲ့အတွက်၊ ဆုံးဖြတ်ချက်မှားခဲ့မိတဲ့အတွက် မဖြစ်သင့်တာတွေ ဖြစ်လာခဲ့ရတာကို သဘောပေါက်ကြပါတော့တယ်.. ဒါကြောင့် ရေကန်ကို သန့်ရှင်းရေး လုပ်ဖို့အတွက် အရင်က ငှားခဲ့တဲ့ တောင်ပေါ်က အဖိုးကြီးကို ပြန်ပြီး ငှားရမ်းလိုက်ကြပါတယ်.. အဖိုးကြီးကို ပြန်ငှားလိုက်ပြီး တစ်လခန့် ကြာတဲ့အခါမှာတော့ သစ်ရွက်သစ်ခက်တွေ၊ သစ်ကိုင်းဆွေးတွေ ဖယ်ရှားသန့်ရှင်းပြီးလို့ ကန်ရေပြန်ဟာ ပြန်ပြီး ကြည်လင်လာပါတော့တယ်..




စမ်းချောင်းထဲကိုလည်း အေးမြကြည်လင်တဲ့ရေတွေ ပြန်ပြီးစီးဆင်းလာတာမို့ ငွေငန်းဖြူတို့ကို မြူးတူးဆော့ကစားနေတာ ပြန်တွေ့ရပြီ ဖြစ်သလို ဧည့်သည်တွေလဲ ပြန်လည်ရောက်ရှိလာကြပါပြီ.. ရေအားနဲ့လှည်ပတ်ရတဲ့ စက်ရုံတွေလည်း ဘီးတွေ တစ်ဝှီးဝှီး လည်ပတ်လို့ပေါ့.. ခုတော့လည်း ရွာကလေးက အေးချမ်းသာယာပြီး ရွာသားတွေလည်း ပျော်ရွှင်ကြည်နူးလို့ နေပါတော့တယ်..။





——————————————————————————————————————-။




တစ်ခါတစ်လေမှာတော့ ကျွန်မတို့ရဲ့ ဘ၀မှာ အသေးအမွှားလေးရယ်လို့ ယူဆပြီး ဂရုမစိုက်မိတတ်ကြတဲ့ ကိစ္စလေးတွေဟာ အင်မတန်မှ ကြီးကျယ်သော ဆုံးရှုံးနစ်နာမှုများကို ကြုံတွေ့လာရတတ်ကြောင်းနဲ့ ဂရုမစိုက်မိတဲ့ အမှားလေးများကိုလည်း အချိန်မှီလေး ပြုပြင်လိုက်မယ် ဆိုရင် ဆုံးရှုံးနစ်နာမှု နည်းပါးနိုင်ကြောင်း ဒီဇာတ်လမ်းဖတ်ပြီး အသိရလိုက်မိတာကြောင့် ဘယ်အရာကိုဘဲ ဖြစ်ဖြစ် ဂရုတစိုက် အလေးအနက်ထားပြီး လုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကို သတိပေးရင်း စာဖတ်သူများကိုလည်း ပြန်လည်ဝေငှပါတယ်ရှင်..








(Charles R. Swindoll ရဲ့ Keeper Of The Spring ကို ဘာသာပြန် ရေးဖွဲ့ပါသည်။)




ပျော်ရွှင်ငြိမ်းချမ်းကြပါစေ။




ချော(အစိမ်းရောင်လွင်ပြင်)

15 Responses to “အမှားလေးတစ်ခု”

ဝက်ဝံလေး said...

အင်းးးးးးးး သင်ခန်းစာရစေတဲ့ ပို့စ်လေးပဲ ဒေါ်ရွှေချောရေ ဟိဟိ
ဒီတခါတော့ မငိုတော့ပါဘူး ဒါပေမယ့် နှပ်တော့ ညှစ်သွားမယ်နော် ဗြီးးးးးးးးဖတ်

အင်ကြင်းသန့် said...

အမှားလေးတစ်ခုကို အမှားမှန်းသိပြီး အချိန်မှီ ပြင်လိုက်တော့ ရလာဒ်ကောင်းတွေ ထွက်လာတာပေါ့…အမှားမှန်းသိရဲ့သားနဲ့ ပြုပြင်ဖို့ရာ ၀န်လေးနေမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ ဆိုးကျိုးတွေ ဒီ့ထက်မက ဖြစ်လာနိုင်တာပေါ့နော်…ဆင်ခြင်စရာပါပဲ….ကိုယ်ကိုယ်တိုင်လည်း အမှားဆိုတာရှိခဲ့ရင် အချိန်မှီသိရှိခွင့်ရပြီး ပြင်နိုင်ပါစေလို့ ဆန္ဒဖြစ်မိသွားတယ်….ကျေးဇူးပဲ တီတီ :) )

ချိုကျ said...

တစ်ခါတစ်လေပေါ့ လူတွေက မျက်လုံးတွေဖွင့်ပြီး ကန်းနေတတ်ကြတယ် တစ်ခါတစ်လေတော့လည်း နားထောင်နေရင်းကပဲ ဘာမှမကြားတတ်ကြဘူးလေ။ မြင်နိုင်ကြားနိုင်စွမ်းရှိရဲ့သားနဲ့ မမြင် မကြားတတ်ကြဘူးဆိုရင်တော့ အဲဒီလူတွေအတွက် စိတ်မကောင်းစရာပဲပေါ့ အစ်မရယ်။
ခင်တဲ့(ချိုကျ)

ကိုကိုမောင် said...

အသုံးဝင်တဲ့အရာကို အသုံးမ၀င်ဘူးထင်ပြီး လျစ်လျူရှုထားမယ်ဆိုရင် ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်တယ်ဆိုတဲ့ သင်ခန်းစာလေးယူသွားပါတယ် အမ။

လသာည said...

အသေးအမွှားလေးတွေကိုပါ အမှတ်မဲ့မထားပဲ အမြဲဆင်ခြင်ပြီး အချိန်မှီပြင်ဆင်ပါ့မယ် ချောရေ..။
အဖိုးတန်တဲ့ စာစုလေးပါ။ မျှဝေပေးတာ ကျေးဇူးအများကြီး တင်ပါတယ်။

မလိုအပ်ဖူးထင်တဲ့အသေးအမွှားလေးဟာတကယ်တော့
အသုံးအ၀င်ဆုံးဆိုတာသဘောပေါက်သူနည်းတယ်နော်..။
ဒါကြောင့်အသေးအမွှားအောက်ခြေလေးတွေကိုလည်း
ဂရုတစိုက်နဲ့လုပ်ဖို့၊မြင်မိဖို့ ထပ်ပြီးသတိပြုမိသွားတယ်..

ခင်တဲ့
သဒ္ဓါ

blackcoffee said...

ဘာမှမဟုတ်တဲ့ အရာလေး တစ်ခုပါ။ ဒါပေမယ့် တစ်ခါတစ်ခါ ဘာမှမဟုတ်ဘူး ထင်ရတဲ့ အရာတွေက တန်ဖိုး ဖြတ်မရ လောက်အောင် အသုံးဝင် နေတတ်တယ်။ တကယ်ကောင်းတဲ့ သင်ခန်းစာ လေးပါ။ ကျေးဇူးပဲ အစ်မ....
ကျွန်တော် သာအဘိုးကြီး နေရာမှာ ဆိုရင် ပြန်မလုပ်ဘူး။

ahphyulay said...

တစ်ချို့  ကျတော့  သိရက်နဲ့  မှား ကြတယ်။
ဆိုလို တာက လုပ်သင့် တာ ထက် လုပ်ချင်တာ
ဦးစား ပေးကြ တာလေ ...
အမှတ်တမဲ့  အမှား ကနေ အမှတ်တရ ဖြစ် တော့ 
မဲ့  အမှား ကို မမှား မိ ဘို့ တော့  လိုမယ်။
ပြင်လို့  ရတဲ့  အမှားမျိုး ကို ပြောချင်တာ..
အမြဲ တန်းမှန်နေသူ မရှိ လို့  မှား သင့် တဲ့  အမှား
ကို ပဲ မှား ကြ ဘို့  လိုမယ်လို့  ဖတ်ပြီးတော့ 
မြင်မိတာလေး ရေး ခဲ့ တယ်..။

Mila said...

မဖတ်ဖြစ်တာကြာတဲ့ အစ်မစာလေးတွေကို ဖတ်ပြီး သင်ခန်းစာလေးယူသွားတယ်နော်။ အသေးအမွှားကိစ္စလေးတွေကို ဂရုတစိုက်ပြုမူလုပ်ကိုင် ရင် အမှားနည်းသွားမယ်ထင်ပါတယ်။

ဂျစ်တူးတို့စီကိုလည်းအရေးပေါ်အစည်းအဝေးအမြန်ဆုံးခေါ်စေချင်လိုက်တာခင်ဗျာ-

sosegado said...

လိုအပ်သည်များကိုညွှန်ကြားသွားတတ်ကြတဲ့ လူကြီးတွေကြောင့် ပေါက်ကရဖြစ်တာတွေများပြီး
အသေးအမွှားလေးရယ်လို့ ယူဆပြီး ဂရုမစိုက်မိတတ်ကြတဲ့ အထဲ ကျနော်လည်းပါပါတယ်၊

ဒီလို အမှား မျိုးလေးတွေ လည်း ကျွန်တော်တို့ရဲ့ အပြင်လောက မှာ တော်တော်များများ တွေ့နေရပါတယ်ဗျာ... ဒါပေမယ့်.. ပြုပြင်ဖို့ ဆိုတာ ကတော့ အခုချိန်ထိ မပြု ပြင်နိုင်ကြသေးတာ ကိုလည်း တွေ့နေရပါသေးတယ်...
သင်ခန်းစာ ယူစရာ ပို့စ်လေး ပါ... ကျေးဇူးတင်ပါတယ်
ခင်မင်စွာဖြင့်

ဇော်သိင်္ခ

ဖိုးရှမ်း said...

အသေးအမွှားကိစ္စဆိုပြီး ဥပေက္ခာပြုထားရင် ကျွန်တော်တို့ အင်းလေးကန်ကြီး ကံကြမ္မာအတွက် ရင်လေးမိပါတယ်ဗျာ။
အကောင်အထည်ဖေါ်မည့် အစည်းအဝေး လုပ်ရင် နောက်မကျလောက်ဘူးထင်တယ်။
ကျေးဇူးတင်ပါတယ်။
ဖိုးရှမ်း

ဇွန် said...

ကျေးဇူးအရမ်းတင်ပါတယ် မမ

serial code said...

At least 8 or 9 thousands visitors at your weblog now, nice results for single website.