နှလုံးသားနှင့်ထပ်တူ
ကျွန်တော့် စကားကိုကြားတဲ့ ဆိုင်ရှင်အဒေါ်ကြီးက “အိုး.. ဒီလိုဆိုရင်ဖြင့် မင်းရဲ့ စန္ဒရားလက်သံကို တို့များ နားထောင်ခွင့် ရချင်လိုက်တာ… ၀ါသနာတူချင်း တွေ့ရလို့လဲ ၀မ်းသာမိပါတယ်.. မင်း မပြန်ခင် တစ်ပုဒ်လောက်တော့ တီးပြခဲ့ပါဦးနော်… ” လို့ တောင်းဆိုပါတယ်..  ကျွန်တော်ကတော့ အဒေါ်ကြီး နောက်နေတယ်လို့ ထင်မိတာပါဘဲ.. ဒါပေမဲ့ ကျွန်တော် လိုချင်တဲ့ ပစ္စည်းတွေ ၀ယ်ယူပြီးလို့ ပြန်ထွက်မယ် အလုပ်မှာ အဒေါ်ကြီးက မမေ့မလျှော့ဘဲ ကျွန်တော့ကို စန္ဒရားတီးပြဖို့ ပြန်သတိပေးပါတယ်.. ပြီးတော့ ကျွန်တော့ကို သူတို့အိမ်ရဲ့ ဧည့်ခန်းထဲကို ခေါ်သွားပါတယ်.. ဧည့်ခန်းထဲမှာတော့ စန္ဒရားအိုကြီးတစ်လုံး ရှိနေပါတယ်.. ကျွန်တော်လဲ စန္ဒရားကို တစ်ချက်ကြည့်လိုက်ရင်း ဘယ်သီချင်းတီးလုံးကို တီးရင်ကောင်းမလဲ စဉ်းစားလိုက်တော့ ဒေးဗစ်လဲန်ဇ် ရဲ့ "Return to the Heart" ကို တီးဖို့ စိတ်ကူးလိုက်မိပါတယ်..  ဒီတီးလုံးလေးဟာ ကျွန်တော်အနှစ်သက်ဆုံး၊ လက်အတွေ့ဆုံး သီချင်းလေးလဲ ဖြစ်ပါတယ်..
ကျွန်တော်ဟာ စိတ်ရော၊ လူပါနှစ်ပြီး တီးလုံးကို အာရုံစိုက်ကာ စန္ဒရားကို တီးနေမိတာ ပတ်ဝန်းကျင်ကိုပါ မေ့သွားမိပါတယ်.. ကိုယ်နှစ်သက် ၀ါသနာပါတဲ့ အလုပ်ကို လုပ်နေရရင် ပတ်ဝန်းကျင်ကိုပါ မေ့လျော့ပြီး ဈန်ဝင်သွားတတ်တာ ကြုံဖူးသူတိုင်း ခံစားနားလည်နိုင်ပါလိမ့်မယ်.. ကျွန်တော့်အဖြစ်ကလည်း ဒီလိုပါဘဲ… ကျွန်တော် အမြတ်နိုးဆုံးဖြစ်တဲ့ စန္ဒရားတီးရတဲ့အခါ သူတစ်ပါးအိမ်မှာ ရောက်နေပါလား ဆိုတာတောင် သတိမရနိုင်လောက်အောင် အရာရာကို မေ့လျော့ပြီး သီချင်းတေးသွားမှာ စီးမြောပါသွားခဲ့တာပါ..  ကျွန်တော်ဟာ စန္ဒရားကို လက်ချည်းသက်သက် တီးခတ်နေမိတာ မဟုတ်ဘဲ နှလုံးသားနဲ့ပါ တီးခတ်နေခဲ့မိတာပါ... စန္ဒရားခလုပ် အဖြူအမဲပေါ်တွေမှာ လှုပ်ရှားပြေးလွှားနေတဲ့ ကျွန်တော့်ရဲ့ လက်ချောင်းလေးတွေမှာ ကျွန်တော်ရဲ့ စိတ်ဝိဥာဉ်တစ်ခုလုံး စိမ့်ဝင်ပူးယှက်လို့ပါဘဲ… သီချင်းဆုံးသွားတော့မှဘဲ ကျွန်တော့ လက်ရှိအခြေအနေကို ပြန်သတိရလိုက်မိပါတော့တယ်.. ကျွန်တော်ဟာ သူတစ်ပါးအိမ်ထဲမှာ တီးနေခဲ့တာပါလား... အိမ်ပြန်ဖို့ စန္ဒရားခုံကနေ ကျွန်တော် ထလိုက်ပြီး ဆိုင်ရှင်အဒေါ်ရဲ့ မျက်နှာကို ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ လက်သံအတွက် အဒေါ်ကြီးရဲ့ မျက်နှာဟာ ကျေနပ်ပီတိ ဖြစ်နေဟန်ရှိပါတယ်.. ကျွန်တော်လည်း သူ့ကို နှုတ်ဆက်ပြီး အိမ်ပေါက်ဝကို ဦးတည်လိုက်တဲ့ အချိန်မှာဘဲ အိမ်အနောက်ဘက်ကနေ “လူကလေး”  ဆိုတဲ့ အားအင်ချည့်နဲ့နဲ့ ခေါ်သံခပ်တိုးတိုးတစ်ခု ထွက်ပေါ်လာပါတယ်..
ကျွန်တော့်လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်လို့ လှည့်ကြည့်မိတဲ့အခါ   အခြားမိန်းမတစ်ယောက်ရဲ့ အကူအညီနဲ့ အတွင်းခန်းထဲကနေ ဖြေးညင်းစွာ လျှောက်လှမ်းလာနေတဲ့ တုန်ချည့်ချည့် အဖွားအိုတစ်ယောက်ကို တွေ့လိုက်ရပါတယ်..“ သာယာနာပျော်ဖွယ် ကောင်းလှတဲ့ မင်းရဲ့ စန္ဒရားသံလေးအတွက် အဖွားက ကျေးဇူးတင်ကြောင်း ပြောချင်လွန်းလို့ပါကွယ်.. အဖွားက နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လှဲနေခဲ့တာကြာပါပြီ… အိပ်ရာကနေ ထဖို့ဆိုတာ အဖွားအတွက် တကယ့်ကို ခက်ခဲလွန်းခဲ့ပါတယ်.. ဒါပေမဲ့ လူလေးရဲ့ သာယာလှတဲ့ စန္ဒရား လက်သံကို  အဖွား တကယ့်ကို သဘောကျနှစ်ခြိုက်မိပါတယ် ... အဖွားရဲ့ လက်ရှိဖြစ်နေတဲ့ ဝေဒနာတောင် နည်းနည်းတော့ သက်သာသွားတယ်လို့ ခံစားမိပါတယ်..  ဒါကြောင့် လူကလေးကို ကျေးဇူးတင်စကား ပြောချင်လွန်းလို့ အိပ်ရာပေါ်က ထလာတာပါ”  လို့ ကျွန်တော့်ကို လှိုက်လှဲငြင်သာစွာ ပြောပြီးတော့ အဖွားအိုဟာ သူ့အခန်းရှိရာဘက်ကို ဘေးလူအကူအညီနဲ့ ပြန်လှည့်ဝင်သွားပါတော့တယ်..
အဖွားရဲ့ စကားကို ကြားလိုက်ရတဲ့ကျွန်တော်ဟာ ချမ်းမြေ့ခြင်းနဲ့ ကြည်နူးပီတိဖြစ်ခြင်းကို  နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပါတယ်.. ကျွန်တော်တီးလိုက်တဲ့ ဒီသီချင်းလေးကြောင့် တစ်စုံတစ်ယောက်ရဲ့ စိတ်မှာ နှစ်သက် ကြည်နူးမှုလေး ရလိုက်တယ်၊ သူခံစားနေရတဲ့ ဝေဒနာတွေ ခဏဘဲဖြစ်ဖြစ် သက်သာသွားတယ် ဆိုရင်ဘဲ အတိုင်းအဆ မရှိ ပျော်ရွှင်ကျေနပ်မိပါတယ်.. ကိုယ့်လုပ်ဆောင်ချက်၊ ကိုယ့်စေတနာကြောင့် တစ်စုံတစ်ယောက် တစ်ခုခု ရသွားခဲ့တယ်ဆိုရင် ကျေနပ်ခြင်း၊ ၀မ်းသာခြင်း၊ ချမ်းမြေ့ခြင်း စတဲ့ ပီတိတွေကို ဖန်တီးသူတိုင်းရဲ့ ရင်ထဲမှာ ခံစားတတ်ကြစမြဲ မဟုတ်ပါလား ခင်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Sang Le ရဲ့  Return to the Heart  ကို ဘာသာပြန် ခံစားရေးဖွဲ့ပါတယ်.. ကျွန်မဒီပိုစ့်လေးကို ဘာသာပြန်မိတဲ့ ရည်ရွယ်ချက်က ဒီပိုစ့်ထဲမှာ ပါဝင်တဲ့ စန္ဒရား ၀ါသနာရှင်ကောင်လေးရဲ့ ခံစားချက်ကို နှစ်ခြိုက် သဘောကျမိတာကြောင့် ဖြစ်ပါတယ်..  သူခံစားလိုက်ရတဲ့ ကျေနပ်ပီတိဟာ အွန်လိုင်းမှာ စာရေးနေကြသူတွေရဲ့ ခံစားချက်နဲ့ ထပ်တူနီးပါး တူညီလိမ့်မယ်လို့ ယူဆပါတယ်.. ကျွန်မတို့လို စာတွေရေးနေကြတဲ့ သူတွေဟာ စာလာဖတ်သူတွေ အတွက် သုတဖြစ်စေ၊ ရသဖြစ်စေ၊ ဟာဒယရွှင်ပြုံးစရာဘဲ ဖြစ်စေ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အပျင်းပြေသွားတာဘဲ ဖြစ်စေ တစ်ခုခု ရသွားကြတယ်ဆိုရင် အချိန်ပေးပြီး  ကြိုးစား အားထုတ်ရေးသား ထားကြတာအတွက် ပီတိဖြစ်ကြရပါတယ်.. စာလာဖတ်ကြသူတွေ ဒီလို တစ်ခုခုရသွားတယ်ဆိုတဲ့ မှတ်ချက်လေးတွေဟာ ၀ါသနာပါလို့ စာရေးနေကြသူတွေအတွက် အားဆေးတစ်ခွက်လဲ ဖြစ်ကြရပါတယ်... ဒါကြောင့် ခံစားချက်ခြင်း တူညီတယ်လို့ ခံစားမိတာကြောင့် ဒီပိုစ့်လေးကို ဘာသာပြန်ပြီး မျှဝေတာ ဖြစ်ပါတယ်..
ဒီပိုစ့်ထဲမှာ ပါဝင်တဲ့  ကောင်လေး တီးပြသွားခဲ့တယ်ဆိုတဲ့  David Lanz ရဲ့  Return to the Heart စန္ဒရား လက်သံလေးကို နားဆင်ချင်သူများ ရှိခဲ့တယ်ဆိုရင် အောက်မှာ ဒေါင်းလို့ရအောင် တင်ထားပေးပါတယ်..  YouTube အဆင်ပြေသူများအတွက်တော့ YouTube Link လည်း ထည့်ပေးလိုက်ပါတယ်.. ကျွန်မကိုယ်တိုင် ဒီတီးလုံးလေးကို နှလုံးသားနဲ့ နားထောင်ပြီး ဒီပိုစ့်လေးကို ရေးဖွဲ့လိုက်ပါတယ်..  ဒီသီချင်းလေးကို မရ ရအောင် ဒုက္ခခံကာ ကူညီရှာဖွေပေးသော သူငယ်ချင်းများကို ကျေးဇူး အထူးတင်ကြောင်း ပြောပါရစေရှင်....
လေးစားချစ်ခင်စွာ
ချော(အစိမ်းရောင်လွင်ပြင်)
YouTube - Return To The Heart (Piano)
http://www.youtube.com/watch?v=w2uXeq0UrWw
ရေမွှေးပုလင်းနှင့်တူသော ယောက်ျားများ
 http://www.blurbology.com/wp-content/uploads/2011/07/perfume-bottles.jpg
သူမတွင် တစ်ယောက်အကြောင်း တစ်ယောက် အစင်းသိ အတွင်းသိနှင့် သိပ်ကိုခင်မင်ရသော သူငယ်ချင်း ၅ယောက်ရှိပါသည်။ သူမနှင့်ဆို စုစုပေါင်း ၆ယောက်ရှိသော အဖွဲ့သည် အလယ်တန်းလောက် ကတည်းက တွဲခဲ့ကြသော သူငယ်ချင်းတွေလဲ ဖြစ်ကြပါသည်.. တက္ကသိုလ်တက်ချိန်တွင် မေဂျာမတူကြသော်လည်း အပြင်သင်တန်းများ ဖြစ်သော ကွန်ပျူတာ၊ အင်္ဂလိပ်စာ ၊ အတွင်းရေးမှူး စသည့် သင်တန်းများကို အတူတူ တက်ကြပြီး  အခင်မင်မပျက် ဆက်လက် အတွဲညီခဲ့ကြသူများ ဖြစ်ကြသည်.. တစ်ယောက်က သင်တန်း တစ်ခု တက်မည်ဟု ဆိုလိုက်လျှင် ကျန်သောသူတွေက လိုက်တက်ပြီးသား၊ တစ်ယောက်က ရှိုးပွဲကြည့်မည် ဆိုလျှင် ကျန်သည့်သူတွေက လက်မှတ်ဝယ်ဖို့ စီစဉ်ပြီးသား ဖြစ်တဲ့အထိ တစ်ယောက်နှင့် တစ်ယောက် အကြိုက်တူစွာ နေရာတကာတွင် မျက်စိနောက်လောက်အောင် တွဲခဲ့ကြသူများ ဖြစ်ကြသည်။
ခုချိန်တွင်တော့ သူမတို့သူငယ်ချင်းတွေသည် တစ်ယောက်တစ်နယ်စီ၊ ၂ယောက်က နိုင်ငံရပ်ခြားမှာ၊ ၃ယောက်က ရန်ကုန်မြို့ပေါ်မှာ၊ တစ်ယောက်က နယ်မှာ တစ်ယောက်တစ်ကွဲစီ ဖြစ်ကုန်ကြပါပြီ. သို့သော် သူငယ်ချင်းတွေ အကြောင်း ပြန်စဉ်းစားလိုက်တိုင်း သူမတို့ တွဲခဲ့ကြသော အချိန်တွေကို ပြန်လည် သတိရမိသကဲ့သို့၊ မှတ်မှတ်ရရ အဖြစ်အပျက် ကလေးများကိုလည်း မမေ့နိုင်အောင် တသသ ရှိနေ တတ်ခဲ့ပါသည်။ ထိုစဉ်က သူမတို့ သူငယ်ချင်းတစ်စုနှင့် ပတ်သက် ဆက်နွယ် လာသော ယောက်ျား များကို  မိန်းခလေးများအပေါ် ထားသည့် သူတို့ သဘောထား၊ သူတို့စရိုက်၊ သူတို့အချစ်နှင့် ကိုက်ညီသည့် အမည်များကို ရေမွှေးတံဆိပ် များစွာထဲက ရွေးချယ်ကာ နံမည် ပေးခဲ့ဖူးသည်ကို မမေ့နိုင်စရာ အမှတ်တရ အဖြစ် သူမဦးနှောက်တွင် အမြဲတမ်း ရှိနေတတ်ခဲ့သည်။
သူမတို့ ၆ယောက်မှာ အချောဆုံးသူက နွယ်သာကီချို
နွယ်သာကီက ရုပ်ကလေးလဲချော သူ့ကိုယ်သူလဲ စမတ်ကျကျ ပြင်တတ်ဆင်တတ်သူဖြစ်ရာ တက္ကသိုလ်မှာကတည်းက သူ့ကိုသဘောကျသူတွေ တစ်ပုံတစ်ပင်၊ ကြိုက်သူတွေ ၀ိုင်းဝိုင်း လည်နေတာကြောင့်လဲ စောစောစီးစီး အတွဲရပြီး အိမ်ထောင်ကျသွားသူဖြစ်သည်။ သာကီရဲ့ချစ်သူသည် သူမထက် အသက် ၇နှစ်ကြီးပြီး လုပ်ငန်းခွင်ထဲသို့ ရောက်နှင့် နေသူ တစ်ဦး ဖြစ်သည်။ သာကီ့ကို အလွန်အမင်း ချစ်ခင်သော်လည်း သ၀န်တိုလွန်းသူ၊ ယောက်ျားလေးများနှင့် သူငယ်ချင်း အပေါင်း အသင်းအဖြစ် ခင်ခင်မင်မင် ဆက်ဆံဖို့မပြောနှင့် စကားတစ်ခွန်းလောက် ပြောမိရုံပင် သဝန်တို တတ်သူ ဖြစ်သည်။ ထိုသူနှင့် မချစ်ကြိုက်ခင်က အလှအပ ကြိုက်လွန်းပြီး ခေတ်ဆန်လွန်းသူ သာကီမှာ ရည်းစားရပြီးကာမှ ယခင်ကလို အလှအပကို ပြင်ဆင်ခွင့်ပင် မရရှာတော့ဘဲ အ၀တ်အစား ကိုလည်း ရိုးရိုး ယဉ်ယဉ်လေးသာ ၀တ်ဆင်ရမည် ဟူသောအမိန့်ကြောင့် ရိုးရိုးလေးသာ ၀တ်ဆင်ခွင့် ရတော့လေသည်။ အိမ်ထောင်ကျပြီးနောက်လည်း သူမတို့ သွားလာနေကျ ရုပ်ရှင်၊ ရှော့ပင်ထွက်ခြင်း ၊ တစ်ယောက်အိမ်တွင် တစ်ယောက်စုကာ အစားအသောက် အသစ်အဆန်းများ ချက်ပြုတ်ကာ စားသောက်ခြင်း စသည်များကိုလည်း “အိမ်ထောင်သည်ဖြစ်ပြီ အပျော်အပါးတွေ မလုပ်သင့်တော့ ” ဟူသော အကြောင်းပြချက်ဖြင့် သွားလာခွင့်မပေးတော့ဘဲ သူမတို့ ၆ယောက်ရဲ့ စည်းလုံးညီညွှတ်မှု၊ ရင်းနှီးချစ်ခင်မှု အဝန်းအ၀ိုင်းထဲမှ  အရင်ဆုံး ဖဲ့ထုတ် ခံလိုက်ရသူလေး ဖြစ်သွား ရှာသည်။ နွယ်သာကီထံ ဖုန်းလာလျှင်ပင် ယောက်ျားအသံဖြစ်ပါက စစ်ဆေးမေးမြန်းမဆုံး ဖြစ်ကာ သင်္ကာမကင်း ဖြစ်လွန်းလှသည့် သ၀န်တိုလွန်းအားကြီးသော နွယ်သာကီရဲ့ ချစ်သူကို အားလုံး၏ သဘောတူညီချက်ဖြင့် Jealousy ဟူသော ရေမွှေးနံမည်ကို ပေးလိုက်ကြပါသည်။
Image Hosted by PicturePush - Photo Sharing
~~~~~~~~~~@@@@@@~~~~~~~~~~~
မိုးစက်လေးလို တည်ငြိမ်အေးဆေးပြီး ဖြူဖြူဖွေးဖွေး ချစ်စရာကောင်းသူက မိုးပွင့်ဖြူ..
မိုးပွင့်ဖြူက နံမည်နဲ့လိုက်အောင်  စိတ်ထားလဲဖြူစင်ပြီး သူငယ်ချင်းတွေအတွက်ဆို အလွန် အနစ်နာ ခံတတ်ကာ  သူမတို့ သူငယ်ချင်းတစ်စု ပြောသမျှ၊ တိုင်ပင်သမျှ  ၊ လုပ်ချင်သမျှကို မငြင်းပယ် စတမ်း ခေါင်းတညိမ့်ညိမ့် နားထောင်တတ်သူ လိုက်လုပ်တတ်သူ ဖြစ်သည်။ တက္ကသိုလ် တက်စဉ် မိုးပွင့်ဖြူနှင့် ချစ်သူဖြစ်ခဲ့သော ကောင်လေးက မိုးပွင့်ထက် အသက်ငယ်ကာ ရုပ်ချော အပြောကောင်း ပြီး မော်ဒယ်ဘွိုင်း ဖြစ်ရန် ကြိုးစားနေသူတစ်ယောက် ဖြစ်သည်။ ထိုကောင်လေးက သူမတို့တစ်ဖွဲ့လုံးကို တကယ့်ကို အောက်ကျို့ခံကာ စိတ်သဘောဖြူလှသည့် မိုးပွင့်ဖြူ၏ အချစ်ကို မရအရ ယူခဲ့သူ ဖြစ်သည်။ သူမတို့အဖွဲ့ ဘယ်လိုခိုင်းခိုင်း၊ ဘယ်လိုပင် နှိပ်စက်သော်လည်း မနာတတ်ဘဲ မိုးပွင့်ဖြူကို သည်းကြီးမည်းကြီး ချစ်ခင်ဟန်ပြခဲ့သူ။ သို့သော် မိုးပွင့်ဖြူက ထိုကောင်လေးအချစ်ကို လက်ခံပြီး အတော်ကြာမှ သိလိုက်ရသည်က ထိုကောင်လေးထံတွင် ရည်းစားများစွာရှိပြီး ထို ရည်းစားများထံမှလည်း ချူချတတ်သူ ဟူ၍ပင်။ ထိုကောင်လေးအကြောင်း သိသိရချင်း မိုးပွင့်ဖြူကို သူငယ်ချင်းများက ၀ိုင်းတားသော်လည်း သူမတို့ ပြောစကားကို ဘယ်လိုမှ မယုံကြည်ခဲ့။ မိုးပွင့်ကိုယ်တိုင်လည်း ထိုကောင်လေးကို ထောက်ပံ့ပေးခဲ့သည်။ သို့သော်  အခြား မိန်းခလေးများနှင့် တွဲရက်သား သူမကိုယ်တိုင် အခါပေါင်းများစွာ တွေ့ရတော့ ကောင်လေးက ဖုံးကွယ်ထား၍ မရနိုင်သောကြောင့် ဟုတ်မှန်ကြောင်း ၀န်ခံလိုက်ရတော့မှသာ ထိုကောင်လေး မျက်နှာများသည်ကို ယုံကြည်သွားခဲ့ပြီး မိုးပွင့်ဖြူမှာ အသည်းကွဲဝေဒနာကို ရက်ရှည်လများ အိပ်ရာထဲ လဲလောက်သည်အထိ ခံစားလေတော့သည်။ မတည်ငြိမ်သော၊ အပြောချိုချို၊ ရုပ်ချောချောလေးဖြင့် မိန်းခလေးများ ကို အောက်ကျို့ ခံကာ သူ့အား စွဲလန်းချစ်ခင်လာအောင် လုပ်ပြီး သူလိုချင်တာ ရအောင် ယူတတ်သော ထိုကောင်လေးအား မိန်းခလေးများအတွက်တစ်ဖြေးဖြေး ဒုက္ခရောက်အောင် လုပ်နိုင်သည့်သူ ဟူသောသဘောဖြင့် Opium ဟု ရေမွှေးနံမည် ပေးခဲ့ကြသည်။
Image Hosted by PicturePush - Photo Sharing
~~~~~~~~~~@@@@@@~~~~~~~~~~~
သူမတို့အဖွဲ့တွင် နေရာတကာ ဆရာမကြီးလုပ်တတ်သူ တစ်ယောက်က ညိုလဲ့ရီ..
ညိုလဲ့ရီက ဆရာမကြီး လုပ်တတ်သလို ဗဟုသုတလည်း အတော်စုံသည်.. စာဖတ်များသူဖြစ်ပြီး သူမသိတာ သိပ်မရှိအောင် လေ့လာနိုင်စွမ်းအားလည်း ကောင်းသူ ဖြစ်သည်။ ရုပ်ရည်အားဖြင့် ချောမော လွန်းသူ မဟုတ်သော်လည်း ထက်ထက်မြက်မြက်နှင့် တည်တည်ကြည်ကြည် မိန်းခလေးတစ်ယောက်ရဲ့ ဟန်ပန်အပြည့်နှင့် သူမကို စိတ်ဝင်စားကြသူ ရှိသော်လည်း ခပ်စွာစွာမို့ တော်ရုံလူက အနားမကပ်ဝံ့ကြ။ သို့သော် တက္ကသိုလ်မှာ ဆရာမပြန်လုပ်သော ညိုလဲ့ရီသည် သူမနှင့် ဌာနတူ ဆရာတစ်ယောက်နှင့် ချစ်သူဖြစ်သွားကြလေသည်။ သူမ၏ချစ်သူ ထိုဆရာသည် ရုပ်အချောကြီး မဟုတ်သော်လည်း အလွန်အေးဆေးတည်ငြိမ်ပြီး စာအသင်အပြ ကောင်းလွန်းသော်လည်း မလိုအပ်ဘဲ အပိုစကားပြောလေ့ မရှိသော စကားအလွန်နည်းသူ တစ်ယောက် ဖြစ်သည်။ ညိုလဲ့ရီကို အလွန်မြတ်နိုး သည်ဟု ပြောနိုင်သော်လည်း သူ့အချစ်ကို တော်ရုံနှင့် ထုတ်ဖော်ပြောတတ်သူတစ်ယောက် မဟုတ်.. ရင်ထဲတွင်သာ သိုဝှက် သိမ်းဆည်း တတ်သူမျိုးသာ။ တက္ကသိုလ် စရောက်ကတည်းက ညိုလဲ့ရီကို ချစ်ခဲ့သော်လည်း ၈နှစ်လောက် ကြာမှ ဖွင့်ပြောသူ၊  ဒီလောက်နှစ်ကြာအောင် ချစ်နေခဲ့သော်လည်း မည်သူမျှ မရိပ်မိအောင် သိမ်းဆည်းထားနိုင်သူမို့ သြချရလောက်ပါသည်။ အလွန်ဆရာလုပ်တတ်သော ညိုလဲ့ရီနှင့် အလွန်အေးသော ထိုဆရာတို့မှာ မည်သို့မည်ပုံ ချစ်သူများ ဖြစ်သွားကြသည်ဟူ၍ပင် ခန့်မှန်းဖို့ ခက်ခဲလေသည်။ သူမတို့တွေက ညိုလဲ့ရီအား သူမ၏ချစ်သူ တကယ်ချစ်မချစ်ကို  ဘယ်လိုများ ခွဲခြားပါသလဲဟု မေးလျှင်တော့ ထိုဆရာသည် ညိုလဲ့ရီကို ချစ်သည့်အကြောင်း ပါးစပ်က ထုတ်ဖော်မပြောတတ်ပေမဲ့ သူ့မျက်ဝန်းတွင် သူမကို ချစ်ခင်သည့် အရိပ်အယောင်များကို သူမ(ညိုလဲ့ရီ)က ရှာဖွေ တွေ့မြင်တတ်ပါသည်.. နှလုံးသားချင်း ခံစား နားလည်နိုင်ပါသည်တဲ့။ ထိုသို့ သိုသိပ်လျှို့ဝှက်လွန်းလှသည့်  ညိုလဲ့ရီချစ်သူကို သူမတို့အဖွဲ့က နံမည်ပေးမည်ဆိုသောအခါ သူနှင့်လိုက်ဖက်လှသည့် Secret ဟူသော ရေမွှေးနံမည်ကို ပေးခဲ့ကြလေသည်။
Image Hosted by PicturePush - Photo Sharing
~~~~~~~~~~@@@@@@~~~~~~~~~~~
စင်သီယာပြည့်စုံ ဆိုသည်က သူမတို့အဖွဲ့တွင် ဘိုဆန်ဆန် လှပချောမောသူ…
ရည်းစားလဲ အလွန်များပြီး ယောက်ျားတွေကို အလေးအနက် မထားတတ်သော အသည်းနှလုံး ကင်းမဲ့သူဟု နံမည်ကြီးသည်။  သူမ အဖေရော အမေပါ နိုင်ငံခြားတွင် နေထိုင်ကြပြီး သူမက အဒေါ်တွေနဲ့ ကျန်ရစ်ခဲ့သူ.. သို့သော်လည်း ထိုစဉ်ကတည်းက တစ်ချိန်ချိန်တွင် သူမ မိဘတွေရှိရာ နိုင်ငံရပ်ခြားကို လိုက်သွားဖို့ ရည်ရွယ်ချက်ရှိသူမို့ ယောက်ျားလေးများအပေါ် သံယောဇဉ်မထားဘဲ အပျော်သာ တွဲဖို့ စိတ်ကူးရှိသည်ဟု သူမကိုယ်တိုင်က ပြောတတ်ခဲ့သူ ဖြစ်သည်။ သူမနှင့် ကျော်ဇေယျတို့ တွေ့ဆုံကြပုံက လက်ရည်တူမို့ စိတ်ဝင်စားဖို့ကောင်းသည်။ ကျော်ဇေယျ ဆိုသည်ကလည်း အတော်ထင်ရှား နံမည်ကြီးသော ဂရိတ်အသိုင်းအ၀ိုင်းမှ ဖြစ်ပြီး မိန်းခလေးများကို ထည်လဲတွဲတတ်သူ။ မိဘကလည်း ကျိကျိတက် ချမ်းသာသလို သူကိုယ်တိုင်က ရုပ်ရည်အားဖြင့်လည်း ကြည့်ကောင်းသူ ဖြစ်တာကြောင့် မဆွတ်ခင်က ညွှတ်ချင်နေသော မိန်းခလေးပေါင်းများစွာက သူ့ရဲ့ နံဘေးမှာ အဆင်သင့် ရှိနေတတ်သူဖြစ်လေသည်။ ယောက်ျားလေးများကို အလေးအနက် မထားတတ်သော စင်သီယာနှင့် မိန်းခလေးများကို ကစားစရာအရုပ်လို ထည်လဲတွဲတတ်သော ကျော်ဇေယျတို့သည် တစ်ယောက်အကြောင်း တစ်ယောက် သိသိကြီးနှင့်ပင် သူငယ်ချင်းတွေ တားမြစ်သည့်ကြားမှ တွဲမိကြလေသည်။
မိန်းခလေးများကို လှည့်စားခြင်း အတတ်ပညာတွင် ညက်ညော ကျွမ်းကျင်လှသော ကျော်ဇေယျ အကြောင်းကို သိနေကြသော သူမတို့ သူငယ်ချင်းတစ်စု၏ တားမြစ်စကားကို မနာယူဘဲ သူ့ကိုယ်သူ ယုံကြည်ချက်ပြင်းထန်လှသော စင်သီယာသည် မိန်းခလေးများအား အသည်းခွဲတတ်သူဟု နံမည်ကြီးသော ကျော်ဇေယျကို ပညာပေးရန် ဟူသော အကြောင်းပြချက်ဖြင့် ကျော်ဇေယျ၏ မရိုးသားသော ချဉ်းကပ်လာမှုကို မသိဟန်ဆောင်ကာ လက်ခံခဲ့လေသည်။ ကျော်ဇေယျ ကလည်း ယောက်ျားတွေကို အလေးမထားသူ ဟူ၍ နံမည်ကြီးသော စင်သီယာကို တမင် ရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ခဲ့သူဖြစ်သည်။ သူတို့၂ယောက် တွဲပြီး လအနည်းငယ်အကြာတွင် ပြောင်းလဲသူက စင်သီယာ။  စင်သီယာက ကျော်ဇေယျကို အလေးအနက် ချစ်စိတ်ဝင်မိပြီ ဖြစ်လေတော့ သူမတို့အားလုံးက ဇာတ်လမ်းကို ဒီမှာတင် ရပ်ဖို့၊ ဒီထက်ဆက်ပြီး တွဲမိလျှင် စင်သီယာ ပိုပြီးခံစားရလိမ့်မည်ဟု ပြောကာ တားမြစ်ကြပြန်သောအခါ စင်သီယာက   သူမကို ကျော်ဇေယျ တကယ်ချစ်လာအောင် ကြိုးစားမည်ဟု ဆိုကာ ဆက်တွဲမြဲ တွဲခဲ့သည်။ နောက်ထပ် မကြာခင်အချိန်တွင်တော့ စင်သီယာက ကျော်ဇေယျကို စွဲစွဲလန်းလန်း ဖြစ်သည့်အခါတွင် ကျော်ဇေယျက နောက်ကောင်မလေး အသစ်တစ်ယောက်တွဲကာ စင်သီယာကို ခေါက်သွားလေသည်။  သူမဘ၀တွင် မည်သည့်ယောက်ျားလေးကိုမှ အလေးအနက် မထားခဲ့ဘဲ တစ်ကြိမ်တစ်ခါမှ မချစ်ဖူးသော အချစ်မျိုးနှင့် ကျော်ဇေယျကို ချစ်မိသော စင်သီယာသည် အလဲအကွဲ အလူးအလိမ့် ခံစားရကာ သူမ မိဘတွေရှိသော နိုင်ငံခြားသို့ ထွက်ခွာသွားလေတော့သည်။ စင်သီယာမသွားခင်  သူမ ကိုယ်တိုင် ကျော်ဇေယျ ကို ပေးခဲ့သော ရေမွှေး ပုလင်း အမည်က မိန်းခလေးများအတွက် အဆိပ်ပြင်းလွန်းသူ တစ်ယောက် ဟူသော သဘောဖြင့် Poison ဟု နံမည်ကို ပေးခဲ့လေသည်။
http://www.myfashionbeautytips.com/wp-content/uploads/2011/09/dior-poison-perfume.jpg
~~~~~~~~~~@@@@@@~~~~~~~~~~~
အဖွဲ့တွင် အသားညိုညိုနှင့် မြန်မာဆန်ဆန် ချောမောသူက ထိပ်ထားဦး…
အ၀တ်အစား ၀တ်ဆင်ရာတွင်လည်း ထိပ်ထားက မြန်မာဆန်ဆန် ၀တ်ဆင်တတ်သူ၊ ချစ်စရာ လှလှပပ ကိုယ်လုံးလေးနှင့် မြန်မာဆန်သော အ၀တ်အစားတို့ကြောင့် လိုက်ဖက်စွာ ရှုချင့်စဖွယ် ရှိသူလေးတစ်ယောက် ဖြစ်သည်။ ထိပ်ထားရဲ့ ချစ်သူဖြစ်လာသူက ရုပ်ရည် ထူးထူးခြားခြား မချောမောသော်လည်း ယောက်ျားပီသသောသူ တစ်ယောက်ဖြစ်သည်။ ကြည့်လိုက်လျှင်ပင် မျက်နှာပေါ်တွင် သဘောကောင်းလွန်းသူ တစ်ယောက်၏ အရိပ်အယောင်များက သိသာစွာ ထင်ဟပ်လျှက် ရှိလေသည်။ ထိပ်ထားကို ချစ်လိုက်သည်မှာလည်း လူတကာက အားကျရလောက်သည်။ အမြဲတမ်း အရိပ်တကြည့်ကြည့်နှင့် ထိပ်ထားလိုအပ်သမျှ ဖြည့်ဆည်းပေးရန် အဆင်သင့် ဖြစ်နေတတ်သော သူတစ်ယောက်ဖြစ်ပြီး ထိပ်ထားကို ချစ်သူလိုတင်မက အစ်ကိုတစ်ယောက်လို ချစ်နိုင်သူ ဂရုစိုက်နိုင်သူလည်း ဖြစ်သည်။ သူမတို့ သူငယ်ချင်းတွေ အတူတူသွားလာကြသော ကိစ္စများတွင် တားမြစ်ခြင်း၊ ကန့်ကွက်ခြင်း ပြုသည်မရှိဘဲ သူကိုယ်တိုင်ပင် အားတက်သရော တိုက်တွန်းတတ်သူ။ မိဘများ မရှိရှာတော့သော ထိပ်ထားအပေါ်တွင် နားလည်မှု၊ စာနာမှုတို့ဖြင့် အလိုလိုက်ကာ ထိပ်ထားပျော်ရွှင်အောင်၊ စိတ်ချမ်းသာအောင် အမြဲစဉ်းစားပေးတတ်သော သူတစ်ယောက်ဖြစ်သည်။ ပင်ကိုယ်ကလည်း စိတ်သဘောကောင်းလှသော ထိပ်ထားကလည်း သူမအပေါ် နားလည်၊ အလိုလိုက်ကာ ချစ်ခင်ကြင်နာလှသော ထိုသူကို မြတ်မြတ်နိုးနိုး ချစ်သောကြောင့် သူတို့၂ဦး၏ အချစ်သည် ပျော်ရွှင်ကြည်နူးစရာ၊ အားကျ ငေးမောချင်စရာ ကောင်းလောက်အောင် အတွဲညီလှသော စံပြ ချစ်သူများ ဖြစ်ကြလေသည်။ သူမတို့ သူငယ်ချင်း ထိပ်ထားကို ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းများဖြင့် အမြဲ စိတ်ချမ်းသာစေသော၊ ယုယချစ်ခင် ကြင်နာတတ်သော ထိုသူကိုတော့ ထိုက်တန်စွာဘဲ Pleasures ဟူသော ရေမွှေးနံမည်ကို သူမတို့ သူငယ်ချင်းအားလုံး စိတ်သဘောညီစွာ ပေးဖြစ်ခဲ့ကြပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဖွဲ့ထဲတွင် နောက်ဆုံးတစ်ယောက်ဖြစ်သော သူမနာမည်က ကြည်သာသက်ဝေ
သူမဘ၀တွင်လည်း ရေမွှေးပုလင်း အမည်ပေးခဲ့ဖူးသူများ ရှိခဲ့သော်လည်း လောလောဆည်တွင်တော့  သူမ ပေးချင်သည့် အမည်နှင့် ထိုက်တန်အောင် သူမအပေါ် ချစ်နိုင်မည့်သူမျိုးနှင့် မတွေ့သေး သောကြောင့်  မြတ်နိုး တန်ဖိုးထားစရာ ရေမွှေးပုလင်းလေး တစ်လုံးတစ်လေမှ လက်ဆုပ် လက်ကိုင် မရှိသေးသူ ဖြစ်ပါသည်။ အသည်းကွဲဖူး ခဲ့ကြသည့် သူမ၏ သူငယ်ချင်းများဖြစ်ကြသော မိုးပွင့်ဖြူ၊ စင်သီယာပြည့်စုံ တို့သည်ပင် အိမ်ထောင်အသီးသီးကျကာ သူမတို့မှာ အမည်ပေးစရာ ရေမွှေးပုလင်းလေးများ ကိုယ်စီ ပိုင်ဆိုင်နေကြပြီ ဖြစ်သည်။ သူမကတော့ သူမလိုချင်သည့် မွှေးပျံ့လှသော ချစ်ခြင်းရနံ့များ၊ လှပသော ကြင်နာခြင်း၊ မြင့်မြတ်သော သစ္စာရှိခြင်း စသည်တို့ဖြင့် ဘ၀တစ်လျှောက်လုံး သူမအပေါ် သစ္စာရှိရှိ ချစ်ခင်ကြင်နာနိုင်မည့်သူ၊ သူမ ကိုယ်တိုင်ကလည်း တစ်ဘ၀လုံးစာ မြတ်နိုး တန်ဖိုးထားနိုင်မည့် သူကို ပေးအပ်ချင်သည့် ရေမွှေး အမည်လေးတစ်ခုကို ကြိုတင် စဉ်းစားထားခဲ့ဖူးပါသည်။ သူမတို့၂ယောက်၏ အချစ်တွေကို နားလည်မှုကိုယ်စီဖြင့် အမြဲတမ်း ထာဝရ တည်မြဲစေမည် ဟူသော သဘောဖြင့်  ပေးအပ် ချင်သည့် ရေမွှေး အမည်လေးက Eternity ဆိုသည့် ချစ်စရာ အမည်သာ ဖြစ်လေသည်။ တစ်စုံတစ်ယောက်သော သူကို ထိုနံမည်လေးပေးကာ သူမ၏ အချစ်တွေကို တစ်ဘ၀လုံးစာ ပေးအပ်ဖို့ ကြိုတင် စိတ်ကူး ထားခဲ့သော်လည်း ခုချိန်ထိတော့ ထိုအမည်လေးနှင့် သင့်တော်သူ ဟူ၍ တွေ့မလာသေးပါ။ သူမ တွေ့ခဲ့ဖူးသော သူတွေသည်လည်း ထိုအမည်ပေးအပ်ဖို့ ထိုက်တန်သူ၊ ထိုအမည် ပေးအပ် ရလောက်အောင် သူမအပေါ် ချစ်ခင်နိုင်သူ၊ သစ္စာရှိသူ ဟူ၍လည်း မရှိခဲ့ဖူးသေးပါ။ သူမ လောဘကြီးနေတာ၊ သို့မဟုတ် ချေးများနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သို့သော် တစ်ချိန်ချိန်တွင်တော့ ထို Eternity နံမည်လေးကို တစ်စုံတစ်ယောက်သောသူကို ထိုက်ထိုက် တန်တန် ပေးအပ်ခွင့် ရလာလိမ့်မည်ဟုတော့ ယုံကြည်မျှော်လင့်လျှက် ရှိနေပါသည်လေ။
Image Hosted by PicturePush - Photo Sharing
*************ပြီး***********
ဒီပိုစ့်လေးကို ဘာရယ်မဟုတ် ပေါ့ပေါ့ပါးပါး ဖတ်ဖို့  ဇာတ်ကောင်စရိုက်များကို ဖန်တီးပြီး ရေမွှေးနံမည်များနဲ့ တွဲဖက်ကာ ရေးဖွဲ့တာ ဖြစ်ပါတယ်.. ဇာတ်ကောင်နံမည်နဲ့ စရိုက်များမှာ စိတ်ကူးဖန်တီးထားခြင်းသာ ဖြစ်သောကြောင့် တိုက်ဆိုင်မှုများ ရှိခဲ့ပါက ခွင့်လွှတ်နားလည်ပေးဖို့ ကြိုတင်တောင်းပန်ပါရစေ... စာလာဖတ်ကြသူ ချစ်စွာသော မိတ်ဆွေများကရော အမျိုးသားများဆိုလျှင်ဖြင့် ဘယ်လိုရေမွှေးပုလင်း နံမည်မျိုးလို့ ကိုယ့်ကိုယ်ကို သတ်မှတ်ပါသလဲ.. အမျိုးသမီးများဆိုရင်ရော ဘယ်လို ရေမွှေးပုလင်းမျိုးကို ပိုင်ဆိုင်ခွင့် ရထားပါပြီလဲ... ရေမွှေးပုလင်း အမည်ပေးဖို့ မရှိသေးသူများ၊ ရေမွှေးပုလင်း မပိုင်ဆိုင်သေးသူများကလည်း ဘယ်လို ရေမွှေးနံမည်များ ပေးဖို့ စိတ်ကူးထားပြီး ဘယ်လို ရေမွှေးပုလင်းမျိုးကို ပိုင်ဆိုင်ချင်ပါသလဲရှင်...  :)
သင်းထုံမွှေးပျံ့ကာ လှပသော ရေမွှေးပုလင်းလေးများကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်......
ချော(အစိမ်းရောင်လွင်ပြင်)
စစ်မှန်တဲ့ ငြိမ်းချမ်းခြင်း
တစ်ခါက တိုင်းပြည်ကြီးတစ်ခုမှာ ပန်းချီ အနုပညာကို ၀ါသနာကြီးပြီးတော့ ပညာရှင်တွေကို ချီးမြှင့် မြောက်စားလေ့ရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိပါတယ်.. တစ်ရက်မှာ ဘုရင်ကြီးဟာ တိုင်းပြည်တွင်းမှာရှိတဲ့ ပန်းချီပညာရှင်တွေကို နန်းတော်တွင်းသို့ ဖိတ်ခေါ်ပြီးတော့ ပန်းချီပြိုင်ပွဲတစ်ခု ပြုလုပ်စေပါတယ်.. ယှဉ်ပြိုင်ရမဲ့ ပန်းချီကားရဲ့ ခေါင်းစဉ်က ငြိမ်းချမ်းခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်.. ပြိုင်ပွဲကို အနယ်နယ် အရပ်ရပ်က ပန်းချီပညာရှင်ကြီးတွေ လာရောက်ကြပြီး သူ့ထက်ငါ အကောင်းဆုံး ပန်းချီကားများကို ရေးဆွဲကြပါတယ်.. မြောက်မြားလှစွာသော ပန်းချီကားတွေကှို ဘုရင်ကြီးက ကြည့်ရှုစစ်ဆေးပြီး အကောင်းဆုံး ပန်းချီကား၂ချပ်ကို သူအကြိုက်ဆုံး အဖြစ် လက်ရွေးစင် ရွေးချယ်လိုက်ပါတယ်..  အဲဒီ၂ကားထဲမှာမှ အကောင်းဆုံး တစ်ချပ်ကို ဘုရင်ကြီးက ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။
ပထမ ပန်းချီကားက သာယာလှပတဲ့ ကန်ရေပြင်ရဲ့ ပုံရိပ်ကို ဆေးခြယ်ထားတာဖြစ်ပြီး ကန်ရေပြင်ရဲ့ မျက်နှာပြင်ဟာ မှန်သားပြင်တစ်ချပ်လို ကြည်လင်တောက်ပနေပြီး တည်ကြည် ငြိမ်သက်ခြင်းတို့နဲ့ အေးချမ်းခြင်းတိုရဲ့ ပုံရိပ်တွေဟာ ကန်ရေပြင်ရဲ့ မျက်နှာပေါ် ဖြာကျလို့နေပါတယ်..  လှုပ်ရှားခြင်းဆိုလို့ လှိုင်းကြက်ခွပ်လေး တစ်စသော်မျှ ကန်ရေပြင်ပေါ်မှာ ထင်ဟပ်မနေခဲ့ပါဘူး..  ဘေးဝန်းကျင် အနီးနားက ပြာပြာလွင်လွင် စိမ်းစိမ်းစိုစို တောင်တန်းတောင်ထွတ်တို့ဟာ ကန်ရေပြင်ပေါ် အရိပ်ဖြာဆင်းနေပြီး အပေါ်ဘက်မှာတော့ ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးက ရင့်ကျက်တည်ငြိမ်စွာ ရှိနေပြီး ဖြူဖြူဖွေးဖွေး ငှက်တောင်မွှေးသဏ္ဍာန် တိမ်မျှင်စလေးတွေက ယှက်ဖြာလို့ နေပါတယ်.. ပြာလဲ့လွင်လွင် မိုးကောင်ကင်နဲ့ ဖြူဖြူစင်စင် ၀ါဂွမ်းမျှင်ပမာ တိမ်စလေးတွေရဲ့ အသေးစိတ် ရေးဆွဲထားတဲ့ စုတ်ချက်က မြင်သူတကာ အသက်ရှူ မှားလောက်အောင် ဆွဲဆောင်အား ကောင်းလွန်းလှပါတယ်.. ပန်းချီကားတစ်ချပ်လုံးဟာ မြင်ရသူတိုင်းကို တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း စတဲ့ ရသတွေကို ပေးစွမ်းနိုင်စွမ်းတဲ့ လက်ရာမြောက် ပန်းချီကားတစ်ချပ်ရယ်လို့ လူတိုင်းက မှတ်ချက်ချကြရပါတယ်။
နောက်ထပ် ဒုတိယ လက်ရွေးစင်ပန်းချီကားတစ်ချပ်မှာလည်း  တောင်တန်းတွေရဲ့ ပုံရိပ်ကို ထည့်သွင်း ရေးဆွဲထားပါတယ်.. ဒါပေမဲ့ ပြာလွင်စိမ်းစိုနေတဲ့ တောင်တန်းများ မဟုတ်ကြဘဲ ကျောက်ဆောင် ကျောက်ကမ်းပါးတွေ၊ ကျောက်တောင်ထွတ်တွေနဲ့ သစ်တစ်ပင်ရယ်လို့မရှိ ကြမ်းတမ်း မာကြော ခက်ထရော်နေတဲ့ ကျောက်သားသက်သက် ကျောက်တောင်ကြီးတွေ ဖြစ်ပါတယ်.. ကောင်းကင်ကြီးတစ်ခုလုံးဟာလည်း ဒေါမာန်အပြည့်နဲ့ မဲမှောင် ညို့မှိုင်းနေပြီး အုံ့အုံ့ခဲခဲ တိမ်မဲတိမ်စိုင်တို့က တစ်လိပ်လိပ် တစ်ရိပ်ရိပ် ကြွတက်နေပေမဲ့ လျှပ်နွယ်လျှပ်ပန်းခက်များကြောင့် တစ်စွန်းတစ်စ လင်းဖြာနေတဲ့ နေရာတွေကိုလည်း တွေ့မြင်ရပါတယ်.. . မိုးသီးမိုးပေါက်များက အရှိန်ဟုန်ပြင်းပြင်းနဲ့ ကောင်းကင်ကြီးပေါ်က ကျဆင်းနေပြီး ကျောက်ဆောင်ကြီးတွေဆီကနေ ရေတံခွန်ပမာ ရေလုံးကြီးတွေက  ရေမြုပ်တွေ ဖွားရရားကျလို့ တကယ့်ရေတံခွန်တစ်ခုကို မြင်ရသလို အားနဲ့မာန်နဲ့ အပြည့်မို့ အသက်ဝင်လွန်းလှပါတယ်. ပန်းချီကားကြီးတစ်ခုလုံးမှာ မြင်တွေ့နေရသမျှ အရာရာဟာ လှုပ်ရှားသက်ဝင်နေသလိုရှိပြီး တည်ကြည် ငြိမ်သက်ခြင်း၊ အေးချမ်း ဆိတ်ငြိမ်ခြင်းဆိုတာကို ပန်းချီကားထဲမှာ တစ်စက်ကလေးတောင် မြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။
သို့ပေမဲ့ ဘုရင်ကြီးဟာ ပန်းချီကားကြီးကို သေသေချာချာ အနီးကပ်ပြီး ကြည့်ရှုစစ်ဆေးတဲ့အခါမှာ ရေတံခွန်ကြီးဖြာကျနေတဲ့ နောက်နားက ကျောက်အက်ကွဲကြောင်းကြီး တစ်ခုထဲမှာ ကပ်ပြီးပေါက်နေတဲ့ ခြုံပုတ်လေးတစ်ခုကို တွေ့လိုက်ပါတယ်.. ခြုံပုတ်အတွင်းမှာတော့ ငှက်ကလေးတစ်ကောင်ဟာ သူ့သားသမီးတွေ နေထိုင်ဖို့ အသိုက်လေးတစ်ခု ပြုလုပ်နေတာကို တွေ့မြင်ရပါတယ်.. ငှက်ကလေးရဲ့ ပုံသဏ္ဍာန်က သူ့ရှေ့မှာ ဒေါမာန်ထပြီး ရေမြုပ်ရေဖွားတွေ ဖွေးဖွေးလှုပ်အောင် တစ်ဝုန်းဝုန်းနဲ့  စီးဆင်းနေတဲ့ ရေတံခွန်ကိုလဲ ဂရုပြုပုံမပေါ်၊ ကောင်းကင်ကနေ အားမာန်အပြည့်နဲ့ ရွာချနေတဲ့ မိုးစက်မိုးပေါက်တွေကိုလဲ သတိထားပုံမရဘဲ သူ့အလုပ်ကိုသူ အာရုံစူးစိုက်ကာ လုပ်နေသည့်ဟန်၊ ပကတိ တည်ငြိမ်အေးဆေးခြင်း အပြည့်ဖြင့်။
စာဖတ်သူတို့ဆိုရင် ဒီနေရာမှာ ဘယ်ပန်းချီကားကို ခေါင်းစဉ်နဲ့ လိုက်ဖက်စွာ ရွေးချယ်မလဲ မသိဘူးနော်..
ဘုရင်ကြီးကတော့ ဒုတိယပုံကို အကောင်းဆုံး ၊ ခေါင်းစဉ်နဲ့ အလိုက်ဖက်ဆုံး ပန်းချီကားအဖြစ် ရွေးချယ်လိုက်ပါတယ်.. ဘာကြောင့် ဒီပန်းချီကားကို ရွေးချယ်ရတာလဲ ဆိုတာကိုတော့ “ပကတိ ငြိမ်းချမ်းခြင်းဆိုတာ ဆူညံနေတဲ့ အသံဗလံတွေ တစ်ခုမှ မရှိတဲ့နေရာ၊  လှုပ်ရှားနေတဲ့ ဘေးပတ်ဝန်းကျင် မရှိတဲ့ အရပ်၊ ဆင်းရဲဒုက္ခကင်းဝေးပြီး ငြိမ်သက် တိတ်ဆိတ်နေတဲ့ နေရာတွေကို ဆိုလိုခြင်းမဟုတ်ဘဲ ဆူညံခြင်း၊ ရှုပ်ထွေးခြင်း၊ ဆင်းရဲဒုက္ခ၊ စသည်တို့အလယ်တွင် မိမိလုပ်ရမည့် အလုပ်ကိုသာ အာရုံစူးစိုက်ကာ  ဦးတည်ရာ လမ်းကြောင်းမှ မသွေမဖယ်ဘဲ နှလုံးသားတွင်းမှ ပကတိ တည်ကြည်ငြိမ်သက်စွာ နေထိုင်နိုင်ခြင်း၊ လုပ်ကိုင်နိုင်ခြင်းကသာ ပိုပြီး အဓိပ္ပါယ် လေးနက်ကြောင်း၊ ထိုကဲ့သို့ တည်ငြိမ်ခြင်းမျိုးမှသာ စစ်မှန်သော ငြိမ်းချမ်းခြင်း ဖြစ်ပါတယ်” လို့ ဘုရင်ကြီးက သူရွေးချယ်ရတဲ့ အကြောင်းရင်းကို အားလုံးသိအောင် ဖြေရှင်းပြပါတယ်။
ကျွန်မတို့တွေကရော မိမိ ဘေးပါတ်ဝန်းကျင်ရဲ့ ဆူညံခြင်း၊ ရှုပ်ထွေးဆူပူခြင်း၊ သောကဒုက္ခတွေကြားမှာ အေးချမ်းစွာ နေနိုင်ပါရဲ့လား၊ တည်ကြည်ငြိမ်သက်စွာ ဖြေရှင်းနိုင်ပါရဲ့လား ၊ မိမိနှလုံးသားတွင်းမှာ စစ်မှန်သော ပကတိ ငြိမ်းချမ်းခြင်းကို ရှာဖွေနိုင်ပါရဲ့လား..  ကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်..
The Real Meaning Of Peace ( Unknown Author) ကို ဘာသာပြန် ရေးဖွဲ့ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)
picture from Here
ရေနွေးကြမ်း သောက်ရအောင်
ရေနွေးကြမ်း သောက်ရအောင်
ဒီနေ့တော့ လက်ဖက်ရွက်ရဲ့ မူလအစအကြောင်း အနည်းငယ်နဲ့ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးများ အကြောင်းကို ရေးပြချင်ပါတယ်..
လက်ဖက်ရဲ့ မူလ
လက်ဖက်စိမ်းရွက်ရဲ့ မူလအစဟာ တရုတ်ပြည်ကလို့ ဆိုပါတယ်.. တရုတ်ပြည်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ကျော် ၅၀၀၀ လောက်ကတည်းက ဘုရင်ဧကရာဇ်မင်းတို့ လက်ထက်မှာ လက်ဖက်ရွက်ကို စတင်သုံးစွဲတဲ့ အလေ့အထ ထွန်းကားခဲ့ကြောင်း သိရပါတယ်.. လက်ဖက်ရွက်ကို စတင်တွေ့ရှိပုံနဲ့ ပတ်သက်ပြီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်များစွာ ရှိသော်လည်း လူသိများတဲ့ လက်ဖက်နဲ့ပါတ်သက်တဲ့ ပုံပြင်လေးက BC 2737 မှာ တရုတ်ဧကရာဇ်ကြီးဟာ တိုင်းခန်းလှည့်လှည်တဲ့အခါ လမ်းခရီးမှာ ခရီးတစ်ထောက်နားကြတော့ ခြုံပုတ်တစ်ခုရဲ့ဘေးနားမှာ အစေအပါးတွေက မီးမွှေးပြီး ရေနွေးအိုး တည်ကြပါတယ်..  အဲလိုရေနွေးတည်ချိန်မှာ  ခြုံပုတ်က သစ်ရွက်တစ်ချို့ဟာ ရေနွေးအိုးထဲကို ကြွေကျလာပါတယ်.. အဲဒီရေကို သောက်မိတဲ့ ဧကရာဇ်ကြီးဟာ အရသာထူးလှတဲ့ ရေနွေးဖြစ်တာကို သိသွားတော့ အကျိုးအကြောင်းကို စုံစမ်းတဲ့အခါ သစ်ပင်ပေါ်က ကြွေကျတဲ့ သစ်ရွက်တွေကြောင့် ဆိုတာ သိသွားခဲ့ပါတယ်.. ဒါနဲ့ အဲဒီအပင်ကို နန်းတော်ကို ယူဆောင်လာကာ စိုက်ပျိုးစေခဲ့တာကြောင့် ထိုဘုရင်ဧကရာဇ် လက်ထက်က စပြီး နန်းတော်ထဲမှာသာ လက်ဖက်ရွက်ကို ဆေးဘက်ဝင်အပင်အဖြစ် သုံးစွဲခြင်း၊ စိုက်ပျိုးခြင်း စတဲ့ အလေ့အထ စတင်ခဲ့ကြောင်း သိရပါတယ်..
စိမ်းစိမ်းစိုစို လက်ဖက်ခင်း
ထိုစဉ်ကတော့ လက်ဖက်ကို နန်းတော်တွင်းမှာနဲ့ ငွေကြေးတတ်နိုင်သူများ၊ မှူးမတ်ကြီးများသာ ဆေးဘက်ဝင်သော အရွက်အဖြစ် သောက်သုံးခဲ့ကြပြီး ဟန်မင်းဆက် လက်ထက်အရောက်မှာ တရုတ်ဘုန်းတော်ကြီးများဟာ လက်ဖက်ရွက်ကို ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်တစ်ဝိုက်မှာ စတင်စိုက်ပျိုးခဲ့ကြပြီး တရုတ်ဧကရာဇ် မင် မင်းဆက်လက်ထက်မှသာ ပြည်သူပြည်သားတို့အကြား လက်ဖက်ရွက်ဟာ ကူးသန်းရောင်းဝယ်ခွင့်၊ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခွင့် ရလာကြပါတယ်.. ၆ရာစုနှစ်မှာ ဇင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဂျပန်နိုင်ငံကို လဘက်ပင်များစပြီး ယူဆောင်လာခဲ့ကြပါတယ်.. ၁၆ရာစု အရောက်မှာတော့ ပေါ်တူဂီလူမျိုးတို့ဟာ လက်ဖက်ပင်များကို ဥရောပသို့ ယူဆောင်သွားခဲ့ကြတဲ့အတွက် ထိုအချိန်မှစကာ လက်ဖက်ကို နိုင်ငံတကာမှာ စတင်သုံးစွဲလာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးတဲ့ အလေ့အထ စတင်ပျံ့နှံ့လာကြောင်း သိရပါတယ်. ၁၆၁၅ခုနှစ်မှာ အင်္ဂလန်နိုင်ငံရှိ ကုန်သည်ကြီးများက အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှ လက်ဖက်များကို အမြောက်အမြား ၀ယ်ယူခဲ့ကြောင်း အထောက်အထားများ တွေ့ရှိရပါတယ်..
သာယာလှတဲ့ လက်ဖက်စိုက်ခင်း
ယနေ့ခေတ်မှာ လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအလေ့အထဟာ အလွန်ကျယ်ပြန့်လာပြီး လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့်လည်း ကျန်းမာရေးအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိချက်များအရ သိလာရပါတယ်.. တစ်နေ့ကို လက်ဖက်ရည်ကြမ်း ၃ခွက်၎ခွက် သောက်သုံးခြင်းဟာ ကျန်းမာရေးကို ဂရုတစ်စိုက် စောင့်ရှောက်ရာ ရောက်တယ်လို့ ဆိုကြပါတယ်.. တရုတ်နဲ့ဂျပန်မှာတော့ အိမ်တိုင်းနီးပါး လက်ဖက်ရည်ကြမ်းသောက်သုံးတဲ့ အလေ့အထ ရှိကြပြီး တရုတ်ပြည်တွင် ဧည့်သည်များကို လက်ဖက်ရည်ကြမ်းနှင့် ဧည့်ခံရာတွင် ဧည်သည်ရဲ့ အဆင့်အတန်းပေါ်မူတည်ပြီး လက်ဖက်ကိုလည်း အကောင်းအညံ့ ရွေးချယ်ဧည့်ခံတတ်သော အလေ့အထရှိကြောင်း သိမှတ်ခဲ့ရဖူးပါတယ်.. လက်ဖက်ရွက်မှာ အတန်းအစား အမျိုးမျိုးပေါ်မူတည်ပြီး အရသာလည်း ကွဲပြားသွားပါတယ်..
အောက်ဖော်ပြပါ အချက်များကြောင့် လူတိုင်းဟာ လက်ဖက်ရည်ကြမ်းကို သောက်သုံးသင့်တယ်လို့ ဆိုပါတယ်..
၁. လက်ဖက်ရွက်ဟာ ကင်ဆာဆဲလ်များကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်. ဘလက်ရွက်မှာ ပါတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ ဗီတာမင်စီထက် အဆတစ်ရာ အစွမ်းထက်ပြီး ဗီတာမင်းအီးထက်လည်း  ၂၅ဆ ပိုမိုထိရောက်တယ်လို့ ဆိုပါတယ်.. ထို့ကြောင့်လဲ ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်များ ပွားများခြင်းကို ကာကွယ်တယ်လို့ သိရပါတယ်..
၂. လက်ဖက်ရွက်ဟာ နှလုံးရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်.. ကိုလက်စရောကို လျှော့ချပေးပြီး နှလုံးရောဂါရှိသူများ ရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် ဆဲလ်များ သေဆုံးပျက်စီးခြင်းကို ကာကွယ်ပေးပြီး နှလုံးအတွင်းရှိဆဲလ်များကို ပြန်လည် သန်စွမ်းလာစေနိုင်ပါတယ်.
၃. လက်ဖက်မှာပါတဲ့  Antioxidant ဟာ Free Radicals များကို တိုက်ထုတ်နိုင်စွမ်းရှိတာကြောင့် ကိုယ်ခန္ဓာကို အကာအကွယ်ပေးသော သက်စောင့်ပစ္စည်း ဖြစ်ပါတယ်..
၎. လက်ဖက်ဟာ ကိုယ်တွင်းအဆီများကို လောင်ကျွမ်းခြေဖျက်ပေးပြီး ကိုယ်အလေးချိန်ကို လျှော့ကျစေနိုင်ပါတယ်.. တစ်ရက်ကို ကယ်လိုရီ ၇၀ကို လောင်ကျွမ်းစေနိုင်သောကြောင့် တစ်နှစ်ကို ၇ပေါင်နှင့်ညီမျှသော ကယ်လိုရီများကို ချေဖျက်ပေးနိုင်ပါတယ်..
၅. လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းအားဖြင့် မျက်နှာပြင် အရေးအကြောင်းများကို ဖြစ်ပေါ်စေခြင်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်. အရေပြားကိုလည်း ခန္ဓာကိုယ်ပြင်ပမှာ ဘက်တီးရီးယားများ ၀င်ရောက်ခြင်းမှာ အကာအကွယ်ပေးနိုင်ပါတယ်..
၆.   အဆစ်အမြစ်ယောင်ရောဂါဖြစ်ခြင်းမှလည်း အကာအကွယ်ပေးနိုင်ပါတယ်..
၇. လက်ဖက်မှာ ဖလူအိုရိုက်ပါဝင်မှုနှုန်း မြင့်မားတဲ့အတွက် အရိုးများကို သန်မာစေတယ်လို့ ဆိုပါတယ်..
၈. လက်ဖက်မှာ ကိုလက်စရောကို လျှော့ကျစေနိုင်စွမ်းရှိပြီး ကိုလက်စရော လယ်ဗယ်ကို ထိန်းညှိပေးနိုင်ပါတယ်..
၉. လက်ဖက်ရွက်သည် ဆဲလ်များတွင်းရှိ ဂလူကိုစ့်များ ရွေ့လျားခြင်းကို ထိန်းချုပ်ပေးနိုင်တာကြောင့် ကျန်းမာစွာ ၀ိတ်လျှော့လိုသူများ လေ့ကျင့်ခန်းနေ့စဉ်လုပ်ကာ လက်ဖက်ရည်ကြမ်းကိုလည်း နေ့စဉ် ပုံမှန်သောက်သုံးပေးလျှင် ကိုယ်အလေးချိန် မြင့်တက်ခြင်းမှ ကင်းဝေးစေနိုင်ပါသည်.
၁၀. ခန္ဓာကိုယ်တွင်းရှိ သကြားဓာတ်များတိုးပွားခြင်းကို ထိန်းချုပ်ပေးသောကြောင့် ဆီးချိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ခြင်း
၁၁. လက်ဖက်မှာ ပါဝင်သော Antioxidants သည် ဦးနှောက်အတွင်းရှိ ဆဲလ်များ ပျက်စီးခြင်းကို ကာကွယ်ပေးသောကြောင့် အကြောအားနည်း၍ ခြေလက်တုန်သော (Parkinson's) ရောဂါကို ကာကွယ်ပေးခြင်း
၁၂.  လက်ဖက်ရည်ကြမ်း သောက်သုံးခြင်းအားဖြင့် ရေငတ်ပြေခြင်း၊ အသားအရေ လှပစိုပြေခြင်း၊
၁၃.  သွားအတွင်းရှိ အညစ်အကြေးများ၊ ဘက်တီးရီးယားများကို သန့်စင်စေနိုင်ခြင်းတို့ကြောင့် သွားပိုးစားခြင်းမှ ကာကွယ်ပေးခြင်း
စသည်တို့ဖြင့် ရေနွေးကြမ်း ( လက်ဖက်ရည်ကြမ်း) သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေက များပြားလှပါတယ်.. ဒါကြောင့် လွယ်လွယ်ကူကူ ရနိုင်ပြီး အချိန်ကုန်၊ ငွေကုန်သက်သာတဲ့ ရေနွေးကြမ်း (လက်ဖက်ရည်ကြမ်း) ကိုတော့ဖြင့် လူတိုင်း နေ့စဉ် သောက်သုံးသင့်ပါကြောင်းဖြင့် ကျွန်မကိုယ်တိုင် ရေနွေးကြမ်းတစ်ခွက် သောက်ရင်း ဒီပိုစ့်ကို နိဂုံးချုပ်လိုက်ပါတယ်ရှင်... :)
လေးစားချစ်ခင်စွာဖြင့်
ချော(အစိမ်းရောင်လွင်ပြင်)
လက်ဖက်ရည်ကြမ်းရဲ့ အကျိုးကျေးဇူးကို ရေးပေးပါလို့ တောင်းဆိုထားတဲ့သူများ ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ရှင်..
Ref:
http://www.asianartmall.com/chineseteaarticle.htm
http://www.funzug.com
http://www.green-teas-guide.com/history-of-green-tea.html
ပျံသန်းခြင်း
ပျံသန်းခြင်း
ဂျွန်ကလေးဟာ မိဘတွေမရှိရှာတော့လို့ မိဘမဲ့ ဂေဟာမှာ နေရရှာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်.. ဂျွန့်မှာရှိတဲ့ အကြီးမားဆုံးဆန္ဒက ကောင်းကင်မှာ ငှက်တွေလို ပျံဝဲချင်တဲ့ စိတ်ကူးဆန္ဒဖြစ်ပါတယ်.. အဲဒီလို ကောင်းကင်မှာ ပျံနိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲမှန်း သူနားမလည်ရှာပါဘူး.. တိရိစ္ဆာန်ရုံက အလွန်ကြီးမားလှတဲ့ ငှက်တွေတောင် ပျံနိုင်သေးတာ သူက ဘာလို့ မပျံနိုင်တာလဲဆိုတာကို စဉ်းစားလို့မရ ဖြစ်နေပါတယ်.. ငါ့မှာ သူတို့နဲ့ ဘာမတူလို့ ဘာတွေကွဲနေလို့ မပျံနိုင်ရတာလဲလို့ သူအမြဲစဉ်းစားပါတယ်..
မိုက်ကယ်ဆိုတဲ့ ကလေးကလည်း ဂျွန်တို့အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပါတယ်.. ဒါပေမဲ့ မိုက်ကယ်ဟာ မွေးရာပါ မသန်စွမ်းတဲ့ ကလေးတစ်ယောက်ဖြစ်တာမို့ သူများတွေနဲ့ တန်းတူ လမ်းလျှောက်နိုင်ရှာသူ မဟုတ်ပါဘူး.. မိုက်ကယ်ရဲ့ ဆန္ဒကတော့ အခြားကလေးတွေလို လမ်းတွေလျှောက်၊ ပြေးနိုင်လွှားနိုင်တဲ့ သူတစ်ယောက် ဖြစ်ချင်တာပါ.. သူဟာ အမြဲတမ်း “ငါ ဘာလို့များ သူတို့တွေလို လမ်းမလျှောက်နိုင်တာလဲ..” လို့ တွေးပြီး ၀မ်းနည်းနေတတ်ပါတယ်.. ဘယ်သူနဲ့မှလည်း အပေါင်းအသင်းမလုပ်ဘဲ သူ့တစ်ယောက်တည်း တွေဝေ ငေးမှိုင်နေတတ်ခဲ့ပါတယ်.. မိုက်ကယ်ရဲ့ မိဘတွေကတော့ မိုက်ကယ်လေး ပျော်ရွှင်အောင် အတတ်နိုင်ဆုံး ကြိုးစားကြပေမဲ့ မိုက်ကယ်ကတော့ အမြဲတမ်း ၀မ်းနည်းလို့သာ နေပါတယ်..
တစ်နေ့တော့ ကောင်းကင်မှာ ငှက်ကလေးတစ်ကောင်လို ပျံဝဲချင်တဲ့ ဂျွန်တစ်ယောက်ဟာ မိဘမဲ့ဂေဟာကနေ တိတ်တိတ်ကလေး လစ်ထွက်လာပြီး ပန်းခြံတစ်ခုထဲကို လျှောက်သွားနေပါတယ်.. အဲဒီပန်းခြံထဲရောက်တော့ တစ်ခြားကလေးတွေလို ပြေးလွှားမနေဘဲ ငြိမ်ငြိမ်သက်သက်နဲ့ တစ်ယောက်တည်း သဲပြင်မှာ အိမ်ဆောက်တမ်း ဆော့ကစားနေတဲ့ မိုက်ကယ်ကိုတွေ့သွားတော့ သူ့ဆီလျှောက်သွားပြီး “မင်း.. ငှက်တွေလို ကောင်းကင်မှာ ပျံချင်တဲ့စိတ်တွေ မဖြစ်ဘူးလား၊ သူတို့လို မပျံချင်ဘူးလား ” လို့ မေးလိုက်ပါတယ်..
ဒီတော့ မိုက်ကယ်က “မပျံချင်ပါဘူး.. ဒါပေမဲ့ ငါဟာ တစ်ခြား ကောင်လေး ၊ ကောင်မလေးတွေလို လမ်းလျှောက်နိုင်ရင်၊ ပြေးလွှားနိုင်ရင် သိပ်ကောင်းမှာလို့တော့ အမြဲတမ်း စဉ်းစားမိပါတယ် ”လို့ ပြန်ပြောလိုက်ပါတယ်.. ဒီတော့မှ ဂျွန်ဟာ မိုက်ကယ်ရဲ့ ကြုံလှီသေးသိမ်နေတဲ့ ခြေထောက်၂ဘက်ကို သတိထားမိသွားပါတယ်.. “အိုး စိတ်မကောင်းစရာဘဲ.. ငါ့နံမည်ဂျွန်ပါ.. မင်းနံမည်ကရော ” လို့ပြန်မေးတော့ လမ်းမလျှောက်နိုင်တဲ့ကလေးက “မိုက်ကယ် ” လို့ ပြန်ဖြေပါတယ်.. “ငါတို့၂ယောက် သူငယ်ချင်းတွေ ဖြစ်ကြရအောင်” လို့ ဂျွန်က ပြောတော့ မိုက်ကယ်ကလည်း  သဘောတူ လက်ခံပါတယ်..
ဒီလိုနဲ့ သူတို့၂ယောက်ဟာ သဲပြင်မှာ အတူတူ ဆော့ကစားကြပါတယ်.. သဲတွေနဲ့ ရဲတိုက်ကြီးတွေ ဆောက်တမ်းကစားကြပြီး သူတို့ ပါးစပ်ကနေလဲ အသံပေါင်းစုံ အော်ဟစ်ကြကာ ပျော်ရွှင်စွာ ကစားကြပါတယ်..  မိုက်ကယ်လေးရဲ့ အဖေဟာ ခပ်လှမ်းလှမ်းကနေ ကလေး၂ယောက်ကို ကြည့်ပြီး ကျေနပ် ၀မ်းသာနေပါတယ်.. သူ့သားကလေးဟာ ဘယ်တုန်းကမှ ခုလို ပျော်ပျော်ရွှင်ရွှင် မရှိခဲ့ဖူးပါဘူး.. အခု ဂျွန်နဲ့အတူ ကစားတော့မှ ရယ်မောပျော်ရွှင်နေတာကို တွေ့ရတာပါ… အချိန် အတော်လေးကြာတော့မှ မိုက်ကယ့်အဖေဟာ မိုက်ကယ်ကို အိမ်ပြန်ခေါ်သွားဖို့ ၀ှီးချဲလေးကို တွန်းပြီး သူတို့၂ယောက်အနားကို ရောက်လာတဲ့အခါမှာ ဂျွန်က မိုက်ကယ်ရဲ့အဖေ နားနားကိုကပ်ကာ တစ်စုံတစ်ရာကို တီးတိုးလေး ပြောလိုက်ပါတယ်..  မိုက်ကယ့်အဖေကလဲ ဂျွန်ရဲ့ စကားကို “ကောင်းပြီလေ” လို့ပြောပြီး သဘောတူ လက်ခံလိုက်ပါတယ်..
ဒါနဲ့ ဂျွန်ဟာ မိုက်ကယ်ကို သူ့လည်ဂုတ်ပေါ်ကို ခွစီးးစေပြီး မြက်ခင်းပြင်ကျယ်ကြီးပေါ်ကို လမ်းစလျှောက်ပါတယ်.. တစ်ဖြေးဖြေး ခြေလှမ်းတွေ မြန်လာကာ စတင် ပြေးပါတော့တယ်… မြန်သထက်မြန်အောင် အရှိန်ကိုမြှင့်ရင်း မြက်ခင်းပြင်ကြီးတစ်လျှောက် မရပ်မနား ပြေးလွှားနေပါတယ်.... သူ့ခြေလှမ်းတွေကို ဆထက်တိုးအောင်မြန်ဖို့ ကြိုးစားကာ ပြေးပြီးရင်း ပြေးတဲ့အခါ လေတွေက သူတို့၂ယောက်ရဲ့ မျက်နှာပြင်ကို အရှိန်ပြင်းပြင်းနဲ့ တိုးဝှေ့သွားကြပါတယ်.. ဒီအချိန်မှာ သူတို့၂ယောက်ကို စောင့်ကြည့်နေတဲ့  မိုက်ကယ်ရဲ့အဖေဟာ မျက်ရည်တွေစီးကျလာပါတော့တယ်.. သူတွေ့ရတဲ့မြင်ကွင်းက ဂျွန်ရဲ့ ပုခုံးပေါ်က မိုက်ကယ်ဟာ လက်ကလေး၂ဘက်ကို လေထဲမှာ ဆန့်တန်းလိုက်ပြီး မျက်လုံးတွေကို မှိတ်လိုက်ကာ ပါးစပ်မှလည်း  အဖေရေ… သားလေထဲမှာ ပျံနေပြီ.. လေထဲမှာ ပျံနေပြီ လို့ ၀မ်းသာ အားရ ဟစ်ကြွေးနေပါတော့တယ်....
ဂျွန်ကလေးဟာ သူကိုယ်တိုင်က မပျံသန်းနိုင်ဦးတော့တောင် သူ့ထက်အားနည်းတဲ့ မိုက်ကယ်ကလေး ပျော်ရွှင်အောင်၊ ပျံသန်းနိုင်အောင်တော့ လုပ်ပေးနိုင်သေး တာပါဘဲလေ.... လူတိုင်းဟာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်ထက်အားနည်းသူများကို ကူညီတတ်သူ၊ ပျော်ရွှင်အောင် လုပ်ပေးနိုင်သူများ ဖြစ်နိုင်ပါသေးတယ်နော်..
Roger Dean Kiser, Sr. ရဲ့  I'm flying ကို ဘာသာပြန်ပါသည်။
ချော(အစိမ်းရောင်လွင်ပြင်)
photo from Here
မမေ့အပ်သော
အာဇာနည်ခေါင်းဆောင်ကြီးများ
ရွှေတိဂုံဘုရားသွားဖို့ ပန်းတွေ တစ်ပွေ့တစ်ပိုက် ၀ယ်ယူပြီး တက္ကစီတစ်စီးစီးကို ငှားရန် လမ်းဘေးတွင် ရပ်စောင့်နေသော သူမအနားသို့ တက္ကစီတစ်စီး ထိုးဆိုက်လာသည်..“ ဘယ်သွားမလို့လဲ ” ဟု လှမ်းမေးသော ကားဆရာ စကားအဆုံးတွင် ကားနောက်ခန်းထဲသို့ သူမ ငုံ့ကြည့်မိတော့ အထဲတွင် အသက် ၇၀ကျော်အရွယ် အဖိုးအိုတစ်ဦးနှင့် ၁၀နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦးတို့ ရှိနေသည်။ ရွှေတိဂုံဘုရားကို သွားမလို့ ဟုပြောလိုက်ရင်း ကားထဲတွင် အခြားသူများ ရှိနေနှင့်သည့်အတွက် ထိုကားကို သူမ မငှားချင်ပါ။ သို့သော် ချောင်ကျလွန်းလှသော သူမတို့၏ ရပ်ကွက်လမ်းသွယ်က တက္ကစီ တစ်စီးလာဖို့ အတော် ခက်ခဲမှန်းကိုလည်း သိနေသဖြင့် တွေဝေသွားမိသည်။ ဒီမှာတင် ကားဆရာက “ဟာ အတော်ဘဲဗျ.. ဒီက အဖိုးတို့ကလည်း ဘုရားသွားမှာဘဲ… တစ်လမ်းထဲ ဖြစ်နေတော့ တစ်ခါတည်း သွားလိုက်ရုံဘဲလေ.. ကားခ ၂၀၀၀ ဘဲပေးပါ” ဟူ၍ ပြောလိုက်သောကြောင့် သူမ လွတ်နေသော ကားရှေ့ခန်းထဲသို့ ၀င်ထိုင်လိုက်သည်။
မိုးခပ်ဖွဲဖွဲ ရွာနေသောကြောင့် ကားဆရာက ကားကို ခပ်မှန်မှန်လေး မောင်းနေသည်။ ဒီမှာတင် ကားနောက်ခန်းမှ ကလေးငယ်နှင့် အမျိုးသားကြီးတို့၏ အချီအချ စကားပြောသံက သူမနားသို့ ၀င်ရောက်လာသည်။ “ဖိုးဖိုး သားတို့ ဘုရားသွားပြီးရင် အရင်နှစ်တွေတုန်းကလိုဘဲ အလေးသွားပြုမှာ မဟုတ်လား . ”
“ဟုတ်တယ်လေ မြေးရဲ့..… ငါ့မြေးငယ်ငယ်ကတည်းက အာဇာနည်နေ့ရောက်တိုင်း ဘုရားသွားတယ်. ပြီးတော့ အာဇာနည်ခေါင်းဆောင်တွေကို အလေးသွားပြုတယ်.. ဒီနေ့လဲ ခါတိုင်းလိုဘဲပေါ့.. ဘုရားပေါ်က ဆင်းတာနဲ့ အာဇာနည်ကုန်းကို ခပ်လှမ်းလှမ်းကနေ အလေးပြုကြမယ်လေ… အာဇာနည်နေ့ ဘာကြောင့် ဖြစ်လာတယ်ဆိုတာ မြေးကိုဖိုးဖိုး အမြဲတမ်း ပြောပြခဲ့တယ် .. မြေးမှတ်မိတယ် မဟုတ်လား..”
“ဟုတ်ကဲ့ဖိုးဖိုး.. သားသိပါတယ်.. ဗိုလ်ချုပ်အောင်ဆန်းနဲ့ နိုင်ငံခေါင်းဆောင်တွေ သေနတ်နဲ့ ပစ်ခံရလို့ ကျဆုံးသွားလို့ အာဇာနည်နေ့ဖြစ်လာတာပါ ….ဖိုးဖိုး ပြောပြတာကို သားမှတ်မိပါတယ်ဖိုးဖိုးရဲ့.. ဒါနဲ့ဖိုးဖိုး အာဇာနည်နေ့ရောက်တိုင်း သားတို့ကျောင်းတွေပိတ်တယ်နော်... ”
“ဟုတ်တယ်မြေးရေ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့နေ့မို့လို့.. ၀မ်းနည်းတဲ့သဘောနဲ့ နှစ်တိုင်း ဒီနေ့လို ဇူလိုင်လ ၁၉ရက်ရောက်တိုင်း ကျောင်းတွေ၊ ရုံးတွေ၊ အားလုံးပိတ်ကြတာပေါ့.. ”
“ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးတဲ့နေ့ရောက်လို့ ကျောင်းပိတ်တာပေါ့နော်.. ဒီလိုဆို ဟိုးရက်တုန်းက သားတို့အိမ်ဘေးက ဖိုးသားတို့အဖေ ကားတိုက်ပြီး သေသွားတာ.. နောက်နှစ်ဆို အဲဒီရက်ရောက်ရင် ကျောင်းပိတ်မှာလား ဖိုးဖိုး .. ပြီးတော့ သူ့ကို မြုပ်ထားတဲ့နေရာမှာ သားတို့ အလေးသွားပြုကြဦးမှာလားဟင်.”
အဲ.. စပြီ… ကလေးငယ်နဲ့ သူ့အဖိုး စကားတွေကို ကြားနေရသော ကျွန်မ မျက်လုံး တစ်ချက် ၀ိုင်းခနဲဖြစ်ကာ စိတ်ဝင်တစား ဖြစ်သွားရတော့သည်။ ကလေးရဲ့ အဖိုးဖြစ်သူ ဘယ်လိုများ အဖြေပေးမှာပါလိမ့်. ကျွန်မ ဆက်ပြီး နားစွင့်ကြည့်မိတော့
“မြေးလေး နားလည်အောင် ဖိုးဖိုး ရှင်းပြရရင် ဖိုးသားတို့အဖေက နိုင်ငံအတွက်၊ လူမျိုးအတွက် ထူးထူးခြားခြား ကောင်းမွန်အောင် ဘာမှ လုပ်ခဲ့တဲ့သူ မဟုတ်ဘူးလေ.. သူအသက်ရှင်နေတဲ့ အချိန်မှာ သူ့မိသားစုအတွက် သူကောင်းအောင်လုပ်ချင်လုပ်ခဲ့မယ်.. ဒါပေမဲ့ လူအများအတွက် ကိုယ့်အကျိုးကို စွန့်လွတ်ပြီး စွမ်းစွမ်းတမံ လုပ်ခဲ့တဲ့သူတစ်ယောက် မဟုတ်ဘူး… တိုင်းပြည်အတွက် ဘာမှ ပေးဆပ်ခဲ့တဲ့သူလည်း မဟုတ်ဘူး... ဖိုးဖိုးတို့လို ပြည်သူပြည်သားတွေက လေးစားကြည်ညိုရတဲ့သူ မဟုတ်ဘူးလေ.. ဒီတော့ သူသေတဲ့နေ့က ရိုးရိုးလူတွေသေတဲ့နေ့လိုဘဲ.. ဘာမှ မထူးဆန်းပါ.. လူတွေက အချိန်တန်ရင် မေ့သွားကြလိမ့်မယ်.. သူသေတဲ့နေ့ကိုလည်း သူ့မိသားစုလောက်ကလွဲလို့ ဘယ်သူကမှ သတိရကြမှာမဟုတ်ဘူး.. ဒါကြောင့် ဖိုးသားတို့အဖေ သေတဲ့နေ့ရောက်ရင် ကျောင်းတွေပိတ်မှာမဟုတ်သလို အာဇာနည်နေ့လို အလေးသွားပြုကြမှာလည်း မဟုတ်ဘူး.. ”
အဖိုးဖြစ်သူရဲ့ အဖြေစကားကို ကျွန်မ သဘောကျသွားမိသည်။ ကလေးနားလည်လွယ်အောင် ရိုးရိုးရှင်းရှင်းလေး ရှင်းပြသွားနိုင်သည်။ သို့သော် ကလေးထံမှ ဆက်ပြီး အမေးစကားထွက်လာပြန်သည်။
“ဒီလိုဆိုရင် ဘယ်သူနဲ့မှ မတူတဲ့သူတွေ သေတဲ့နေ့မို့လို့ အာဇာနည်နေ့လို့ခေါ်ပြီး အလေးပြုကြတာ၊ ကျောင်းတွေပိတ်ရတာပေါ့နော်.. အာဇာနည်ဆိုတာ သူများတွေနဲ့ မတူဘူးပေါ့နော် ဖိုးဖိုး  ”
“ဟုတ်တာပေါ့ မြေးရယ်.. သူတို့က သာမာန်လူတွေ မလုပ်နိုင်တာ မစွန့်လွှတ်နိုင်တာကို စွန့်လွှတ်ပြီး လုပ်နိုင်ခဲ့ကြတယ်.. လောကကြီးမှာ လူအများရဲ့ ချစ်ခင်လေးစားမှု၊ ရိုသေအားထားမှုကို ရဖို့ဆိုတာ မလွယ်လှဘူး…  ဗိုလ်ချုပ်အောင်ဆန်းကိုကျတော့ တစ်နိုင်ငံလုံးက ချစ်ကြတယ်… ရိုသေ လေးစားကြတယ်.. ဘာလို့လဲဆိုတော့ သူက ဖိုးဖိုးတို့နိုင်ငံကြီးကို အင်္ဂလိပ်လက်ထဲက ရအောင် ကယ်ခဲ့တယ်လေ.. အဲဒါကို လွတ်လပ်ရေးရတယ်လို့ခေါ်တယ်.. လွတ်လပ်ရေးသာ မရခဲ့ရင် ဖိုးဖိုးတို့နိုင်ငံဟာ တစ်ခြားလူမျိုးတွေက အုပ်ချုပ်တာကို ခံနေရဦးမှာ.. ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးက အုပ်ချုပ်ခွင့်မရတာလောက် ကံဆိုးတာ ဘယ်ရှိတော့မလဲ ငါ့မြေးရယ်.. ဒီတော့ အဖိုးတန်ပြီး အရေးပါလှတဲ့ လွတ်လပ်ရေးကို ရယူပေးခဲ့တဲ့ ဗိုလ်ချုပ်တို့ကို အားလုံးက ချစ်ကြတာပေါ့.. ကျေးဇူးတင်ကြတာပေါ့... ဒီလွတ်လပ်ရေးရဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ သူ့အသက်သေရမယ်ဆိုရင်လဲ မနှမြောဘူး… ဆင်းရဲဒုက္ခ ခံရမယ်ဆိုရင်လည်း ဂရုမစိုက်ဘူး.. အပင်ပန်းခံတယ်.. အဆင်းရဲခံတယ်.. အနစ်နာခံတယ်.. နောက်ဆုံး အသက်ပါ စွန့်သွားရတဲ့အထိ တိုင်းပြည်အတွက်  အနစ်နာခံခဲ့တယ်.. ကိုယ်ကျိုးစွန့်ခဲ့တယ်.. စွန့်လွှတ်ခဲ့တယ်.. တော်ရုံလူတွေက ဒီလို စွန့်လွှတ်နိုင်ဖို့ မလွယ်ဘူး.. ကိုယ့်အကျိုးအတွက်ဘဲ ကြည့်တတ်ကြတယ်လေ...
“ဒီတော့ အများအကျိုး၊ တိုင်းပြည်အကျိုးအတွက် အသက်ကိုပါ စွန့်သွားကြလို့ ဖိုးဖိုးတို့လို ပြည်သူတွေက နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဗိုလ်ချုပ်နဲ့ ကျန်တဲ့ ခေါင်းဆောင်ကြီးတွေကို ခုချိန်ထိ မမေ့နိုင်တာပေါ့… ခုချိန်ထိ အလေးပြုနေကြတာပေါ့.. ဒီလောက်လေးစားဖို့ကောင်းတဲ့ လူစားမျိုးကို ဘယ်မေ့လို့ဖြစ်မလဲ ငါ့မြေးရယ်.. ဒါကြောင့် မြေးလေး သိတတ်စအရွယ်ကတည်းက ဖိုးဖိုးက မြေးလေးကို နှစ်တိုင်း ဘုရားခေါ်သွားပြီး အာဇာနည် ခေါင်းဆောင်တွေအတွက် ရည်စူးလို့ ဘုရားမှာ ဆီမီးပူဇော်တယ်.. ရေသပ္ပါယ်တယ်.. အမျှဝေတာတွေလုပ်တယ်လေ.. ပြီးတော့  အာဇာနည်ဗိမ္မာန်ကို မြေးနဲ့ဖိုးဖိုး အဝေးကနေ နှစ်တိုင်း အလေးလာပြုကြတာပေါ့.. ဒါဟာ ငါ့မြေးလေး အာဇာနည်ခေါင်းဆောင်ကြီးတွေကို မမေ့အောင်၊ သူတို့ရဲ့ကျေးဇူးတွေကို အမြဲသတိရအောင် ဖိုးဖိုးက ပြန်သင်ပေးတာ၊ သတိပေးတာဘဲ.. နောင်ကို ငါ့မြေး ကြီးလာလို့ သားတွေ၊ သမီးတွေ ရလာရင်လဲ အခု ဖိုးဖိုးပြောသလို ငါ့မြေးရဲ့ သားသမီးတွေကို ပြန်ပြီး ပြောပြရမယ်နော် ဟုတ်ပြီလား.. ”
ကျွန်မ ကိုယ်တိုင်လည်း အာဇာနည်နေ့မို့ ဗိုလ်ချုပ်တို့အတွက် ရည်စူးကာ ဘုရားတွင် ဆီမီး၊ ပန်း၊ရေချမ်း လှူဒါန်းပြီး အမျှအတန်းဝေဖို့ သွားရောက်ခြင်းဖြစ်ရာ အာဇာနည်အကြောင်းကို ဂဃနဏ ရှင်းပြနေသော ကလေးငယ်ရဲ့ အဖိုးဖြစ်သူ၏စကားကို ကြားရသောကြောင့် အဖိုးအိုကို လေးစားမိသောစိတ်များ ၀င်လာရသည်။ ဗိုလ်ချုပ်တို့လို နိုင်ငံနှင့်လူမျိုးအတွက် အသက်စွန့်သွားခဲ့သော လေးစားဖွယ် အာဇာနည်ပုဂ္ဂိုလ်များအကြောင်းကို နောင်လာနောက်သားများ မမေ့မလျော့စေရန်၊ အာဇာနည်ဟူသော အဓိပ္ပါယ်ကို နက်နက်ရှိုင်းရှိုင်းနားလည် သဘောပေါက်စေရန်၊ မျိုးချစ်စိတ်ရှိလာစေရန်၊ ကျေးဇူးတရား သိတတ်စေရန်တို့အတွက်မူ မမေ့သင့် မမေ့အပ်သူတို့ကို မမေ့မလျော့ ရှိသင့်အောင် လက်ဆင့်ကမ်း အမွေပေးခဲ့ရမည်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်တို့အကြောင်းကို လူငယ်လူရွယ်ကလေးများ၏ နှလုံးသားထဲ စိမ့်ဝင်အောင် ရှင်းလင်းပြောပြတတ်သော တာဝန်ကျေသော ယခုကားပေါ်က အဖိုးအိုကဲ့သို့ စိတ်ထားလည်း လူတိုင်းမှာ ရှိသင့်လှပါသည်။ ဗိုလ်ချုပ်အောင်ဆန်းဆိုသည်မှာ တိုင်းပြည်ကြီးတစ်ခုလုံးအတွက် အစားထိုးမရသော၊ မမေ့အပ်သော ကျေးဇူးရှင်မဟုတ်ပါလားရှင်.....
ယနေ့ ဇူလိုင်၁၉ရက်မှာ ကျရောက်သော ၆၃ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့်တစ်ကွ အာဇာနည် ခေါင်းဆောင် များကို  ဤစာစုဖြင့် လေးမြတ်ရိုသေစွာ ဦးညွှတ်ကန်တော့ပန်းဆင်ပါ၏။
အာဇာနည်နေ့နှင့် ပါတ်သက်သော သီချင်းများကို ပို့ပေးပါသော ကိုဂျစ်တူး(မုံရွာ)နှင့် အပေါ်တွင် အသုံးပြုထားသော အာဇာနည်ခေါင်းဆောင်များ၏ ဓာတ်ပုံအတွက် ဖန်တီးသူကို ကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေရှင်.....
ချော(အစိမ်းရောင်လွင်ပြင်)
ပေါ့ပေါ့ပါးပါး ပြုံးစရာ(၇)
ကျေးဇူးရှင်
ကောင်မလေးတစ်ယောက်ဟာ သူ့ရည်းစားဖြစ်သူ ကောင်ကလေးနဲ့ တွဲပြီး ကပွဲ သွားကြဖို့ထွက်လာကြရာ လမ်းတစ်ဝက်က သူ့အဖွားအိမ်ရှေ့အရောက်မှာ အဖွားဖြစ်သူနဲ့ သူ့ရည်းစားကောင်လေးကို မိတ်ဆက်ပေးဖို့ စိတ်ကူးရတာကြောင့် ကားကို ရပ်လိုက်ပါတယ်..
ပြီးတော့ ကောင်လေးနဲ့အတူ အိမ်ထဲကို ၀င်လာပြီး သူ့အဖွားနဲ့ ကောင်လေးကို မိတ်ဆက်ပေးပါတယ်.. အဖွားကလဲ စကားပြောကောင်းသူ၊ ဖော်ရွေသူဖြစ်တော့ ၃ယောက်သား စကားကောင်းနေကြတာ.. စကားပြောကြရင်း စားပွဲပေါ်တင်ထားတဲ့ မြေပဲလှော်ပန်းကန်ထဲက မြေပဲတွေကို ကောင်လေးက နှိုက်ယူစားတာ ကုန်သလောက် ရှိသွားပါပြီ.. စကားပြောပြီး တစ်နာရီလောက်ကြာတော့ သူတို့၂ယောက်ဟာ ပြန်တော့မယ်ဆိုပြီး အဖွားဖြစ်သူကို နှုတ်ဆက်ကြပါတယ်.. ကောင်လေးကလဲ အဖွားလုပ်သူကို ဖော်ရွေမှု၊ နွေးထွေးစွာ ကြိုဆိုဧည့်ခံမှု တို့အတွက် ကျေးဇူးတင်ကြောင်းပြောပါတယ်..
ဒီတော့ အဖွားဖြစ်သူက “ရပါတယ်ကွယ်.. မြေပဲတွေ လက်စသတ်ပေးလိုက်တဲ့ အတွက် မင်းကိုလဲ အဖွားက ကျေးဇူးတင်ပါတယ်.. အဖွား အံကပ်ပျောက်သွားကတည်းက မြေပဲအပေါ်က ချောကလက်တွေဘဲ စုပ်စားနေရတာ.. မြေပဲတွေကို ဒီတိုင်းထားရတာ နှမြောစရာ.. ခုမှဘဲ မြေပဲတွေ ကုန်သွားတော့တယ် ” လို့ ပြောလိုက်ပါတယ်..
======================================================================================
ဘီလ် နဲ့မိုး
ဘီလ်နဲ့မိုးဟာ သိပ်ချစ်ခင်တဲ့ သူငယ်ချင်း၂ယောက်ဖြစ်ကြပါတယ်.. သူတို့၂ယောက်ပေါင်းပြီး စီးပွားရေးလုပ်ငန်း လုပ်ကြတဲ့အခါ ပထမပိုင်းတော့ အောင်မြင်လာကြပြီး ကုမ္ပဏီကြီးတစ်ခုကို ပိုင်ဆိုင်လာကြပါတယ်.. နောက်တော့ လုပ်ငန်းလဲကြီးလာရော တစ်ယောက်နဲ့တစ်ယောက် စည်းလုံးမှု မရှိတော့ဘဲ ကုမ္ပဏီကိုလဲ စိတ်ထင်တိုင်း လုပ်ကြတဲ့အတွက် တစ်ဖြေးဖြေး ကျဆင်းလာကာ နောက်ဆုံးတော့ ကုမ္ပဏီကြီးတစ်ခုလုံး ပျက်စီးသွားပြီး သူတို့၂ယောက်လဲ တစ်ယောက်ကို တစ်ယောက် အပြစ်တင်ကြပြီး မခေါ်မပြောနိုင်ဖြစ်ကာ ကွဲပြဲသွားကြပါတယ်.
ဒီလိုနဲ့ နောက် ၅နှစ်ကြာတဲ့အခါ ဘီလ်ဟာ စားသောက်ဆိုင်လေး တစ်ဆိုင်မှာ ညစာသွားစားပါတယ်.. ညစာစားသောက်ပြီးလို့ ကော်ဖီတစ်ခွက် သောက်နေချိန်မှာ တစ်ဖက်စားပွဲကို သန့်ရှင်းရေးလုပ်နေတဲ့ စားပွဲထိုးတစ်ယောက်ကို သတိထားလိုက်မိပြီး သေချာကြည့်မိတော့ သူ့သူငယ်ချင်း မိုး ဖြစ်နေတာကို တွေ့ရပါတယ်.
မိုး.. ” သူက အံ့အားသင့်စွာနဲ့ လှမ်းခေါ်လိုက်ပါတယ်..“ အိုး ဆိုးဝါးလိုက်တာ.. မင်းကို ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့ ဘယ်လိုမှ ထင်မထားမိဘူးကွာ .. မင်းက လုပ်စရာရှားလို့ ဒီလောက်ညံ့ဖျင်းတဲ့ စားသောက်ဆိုင်မှာမှ အလုပ်လုပ်ရသလားကွာ.. ”
“အင်း ဟုတ်ပါတယ်ကွာ.. ဒါပေမဲ့ အနည်းဆုံးတော့ ငါက ညံ့ဖျင်းလှတဲ့ ဒီစားသောက်ဆိုင်မျိုးမှာ ဘယ်တော့မှ  မစားဘူးကွာ” လို့ မိုးက ဘီလ်ကို ပြန်ပြောလိုက်ပါတယ်..
======================================================================================
ဥာဏ်ကြီးရှင်
လူတစ်ယောက်ဟာ နယူးရောခ့်မြို့ရဲ့ နံမည်ကြီးဘဏ်တစ်ခုထဲကို ၀င်လာပြီး ဘဏ်မန်နေဂျာနဲ့ တွေ့ဆုံကာ သူဟာ တစ်ခြားနိုင်ငံကို နှစ်ပတ်ကြာ စီးပွားရေးကိစ္စနဲ့ ခရီးထွက်မှာမို့ ဒေါ်လာ ၅၀၀၀ ကို ဘဏ်ကနေ ချေးယူလိုကြောင်း ပြောပြပါတယ်.. ဒီတော့ ဘဏ်မန်နေဂျာက ဘဏ်ကနေ ငွေချေးဖို့ဆိုရင် တန်ဖိုးရှိတဲ့ အာမခံပစ္စည်း တစ်ခုခုထားဖို့ လိုတဲ့အကြောင်းပြောတော့ ငွေချေးသူက ဘဏ်ရှေ့မှာ သူ့ရိုးလ်ရွိုက်စ် ကားရပ်ထားကြောင်းနဲ့ အဲဒီကားကို အာမခံအဖြစ် ထားခဲ့မှာ ဖြစ်ကြောင်း ပြန်ပြောပြီး သူ့ကားသော့ကို မန်နေဂျာလက်ထဲ အပ်လိုက်ပါတယ်...
ဘဏ်က တာဝန်ရှိသူများအားလုံး ကားကို စစ်ဆေးပြီးနောက် ငွေချေးဖို့ သဘောတူလိုက်ကာ ထိုသူကို ဒေါ်လာ ၅၀၀၀ ထုတ်ချေးပေးလိုက်ပါတယ်. ထိုသူ ဘဏ်ကနေ ပြန်ထွက်သွားတော့ ဘဏ်လုံခြုံရေး တစ်ယောက်က ကားကို တက်မောင်းပြီး ဘဏ်ရဲ့ မြေအောက်ခန်းရှိ ကားဂိုဒေါင်ထဲကို ကားကို မောင်းသွင်းသွားလိုက်ပါတယ်..
နှစ်ပတ်ကြာပြီးနောက်မှာ ထိုငွေချေးသူဟာ ဘဏ်ကိုရောက်လာပြီး သူချေးယူထားတဲ့ ဒေါ်လာ ၅၀၀၀နဲ့အတူ အတိုး ကျသင့်ငွေ ၁၄.၄၁ ဒေါ်လာကိုပါ ပေးဆပ်ပါတယ်.. ဘဏ်မန်နေဂျာက ထိုသူကို “ကျွန်တော်တို့ ခင်ဗျားနဲ့ ခုလို အလုပ်လုပ်ရတာ အရမ်းဝမ်းသာဂုဏ်ယူပါတယ်. ဒါပေမဲ့ ကျွန်တော်တို့အတွက် ပဟေဠိဖြစ်စရာက ခင်ဗျားခရီးထွက်သွားပြီး ခင်ဗျားအကြောင်း စုံစမ်းကြည့်တော့ ခင်ဗျားဟာ ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာတဲ့ သူဌေးတစ်ဦးဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်.. ခင်ဗျားလို ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက်က ဘဏ်ကနေ ဒေါ်လာ ၅၀၀၀ ချေးတယ်ဆိုတာ ကျွန်တော်တို့အတွက် တော်တော်ကို စဉ်းစားရခက်တဲ့ ပဟေဠိဖြစ်နေပါတယ်..”  လို့ပြောပါတယ်..
ဒီတော့ ထိုသူဌေး ပြန်ပြောလိုက်တာက “နယူးရောခ့်လို ကားပါကင်ခ ဈေးကြီးလွန်းတဲ့နေရာမှာ ၂ပတ်ကို ၁၅ဒေါ်လာလောက်နဲ့ ကားထားလို့ရတဲ့ နေရာ ဘယ်မှာများ ရှိလို့လဲဗျာ” တဲ့…
======================================================================================
မြို့သား
တစ်ခါက တောရွာတစ်ရွာမှာရှိတဲ့ လယ်သမားကြီးတစ်ယောက်က  မြို့ကနေရောက်လာတဲ့ သူ့တူကို တောရွာမှာ ရှိတဲ့ ကြက်၊ ၀က်၊ နွား၊ မွေးမြူရေးလုပ်ငန်းတွေ လယ်ကွင်းတွေ၊ စတာတွေကို လိုက်ပြပါတယ်… ဒါတွေကိုဘဲ ကြည့်နေရတာ ၃ရက်လောက်ရောက်တော့ မြို့သားက ပျင်းလာပါတယ်.. ဒီတော့ ဦးလေးဖြစ်သူက မြို့သားသူ့တူ အပျင်းပြေအောင် ဘယ်လိုလုပ်ပေးရမလဲ စဉ်းစာပါတယ်..
နောက်ဆုံး အကြံတစ်ခု ရလာတာနဲ့ သူ့တူကို “ ငါ့တူ ဦးလေးဆီမှာ သေနတ်တစ်လက် ရှိတယ်.. အဲဒါယူပြီး သေနတ်ပစ် ထွက်ပါလားကွ.. အိမ်က ခွေးတစ်ကောင် ခေါ်သွား” လို့ ပြောလိုက်ပါတယ်..  ဦးလေးစကားကြားတော့ မြို့သားက ၀မ်းသာအားရဖြစ်သွားပြီး သေနတ်ကို ဆွဲကာ ခွေးတစ်ကောင်ခေါ်ပြီး ထွက်သွားပါတယ်..
တစ်နာရီလောက်အကြာမှာ မြို့သား ပြန်ရောက်လာတော့ ဦးလေးက “ ဘယ်လိုလဲငါ့တူ.. အပျင်းပြေရဲ့လား.. သေနတ်ပစ်ထွက်ရတာ ပျော်ရဲ့လား” လို့ မေးလိုက်ရာ မြို့သားက “ဟာ သိပ်ပျော်ဖို့ကောင်းတာဘဲ.. ကျွန်တော်တော့ သဘောကျတယ်..  ဦးလေးဆီမှာ နောက်ထပ် ခွေးဘယ်နှကောင် ကျန်သေးလဲ.. ကျွန်တော် နေ့တိုင်း သေနတ်ပစ် ထွက်မယ်ဗျ” လို့ ပြောလိုက်ပါတယ်..
======================================================================================
On Second Thought , Bill and Moe , Parking in New York,  City Boy တို့ကို ဘာသာပြန် မျှဝေပါသည်။
ရယ်စရာလေးတွေ တင်ပေးပါဦးဆိုသူများ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်. ရယ်မောခြင်းဖြင့် ဘ၀အမောများ ပြေပျောက်ကြပါစေ..
ချော(အစိမ်းရောင်လွင်ပြင်)
ဖားကန့်ဒေသ ရွှေရှာကြရာဝယ်
ဒီတစ်ခေါက် အိမ်အပြန်မှာတော့ ရွှေကျင်းဘက်ကိုလှည့်ပြီး ဖားကန့်ဒေသဘက်မှာ တစ်ပိုင်တစ်နိုင် ရွှေတူးလုပ်ကြတဲ့ လုပ်ငန်းခွင်ကို သွားရောက်လို့ ဓာတ်ပုံများ ရိုက်ယူခဲ့ပါတယ်.. ပြန်သွားတဲ့ အချိန်က မိုးတွင်းဖြစ်တာကြောင့် ရွှေကျင်းလုပ်ကြတဲ့ လုပ်ကွက်တွေကို သွားတဲ့အခါ လမ်းတော်တော်လေးကို ဆိုးဝါးပါတယ်..  ဆိုင်ကယ်တောင် မနည်းသွားရတဲ့ အချိန်ကာလဖြစ်ပါတယ်. ချောင်းရေကြီးချိန်ဖြစ်တာကြောင့် နွေအခါအသုံးပြုတဲ့ တံတားတွေလဲ ရေထဲပါသွားတာကြောင့် တံတားမရှိတော့ဘဲ ကူးတို့လှေနဲ့ ကူးရပါတယ်.. အခုဖော်ပြမဲ့ အကြောင်းအရာ၊ ဓာတ်ပုံတွေဟာ လုပ်ကွက်ကြီးတွေ၊ ကုမ္ပဏီကြီးတွေရဲ့ တူးဖော်ပုံမျိုးမဟုတ်ဘဲ.. ဒေသခံလူများ၊ အရင်းအနှီး အနည်းငယ်ရှိသူများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်ကြတဲ့ ရွှေလုပ်ငန်းမျိုးဖြစ်ပါတယ်..
ရွှေကျင်းကိုသွားတဲ့ လမ်းတစ်လျှောက်
ဒီလိုလမ်းတွေကို ဆိုင်ကယ်နဲ့ သွားရတာပါ.. ကိုယ်တိုင်မမောင်းဘူး..သူများနောက်က လိုက်စီးတာ .. ကြောက်လို့   :)
ဒီလိုချောင်းရေတွေဆို အမြဲဝင်းဝါနေတာဘဲ.. ကြည်ကြည်လင်လင် ဘယ်တော့မှ မရှိ
လမ်းဘေးရှုခင်း
ဒီလှေနဲ့ ချောင်းကိုဖြတ်ကူးကြမယ်
ကူးတို့သမား လှော်တဲ့လှေ
ဒီလိုလုပ်ငန်းအတွက် အရင်းအနှီး အနည်းဆုံး သိန်း၂၀မှ ၃၀ထိ လိုတယ်လို့ သိရပါတယ်.. မိမိလုပ်ကွက်က ရွှေအထွက်များရင် စရိတ်ကျေပြီး အမြတ်ထွက်ပေမဲ့ ရွှေအကျနည်းတဲ့ ကျင်းမျိုးဆိုရင် အကြွေးတင်ကြတဲ့ သူတွေတောင်ရှိတတ်ပါတယ်.. ဒီလုပ်ငန်းကလည်း မမြင်ရတဲ့ မြေကြီးအောက်က သယံဇာတကို တူးဖော်ရတာဖြစ်လို့ ခန့်မှန်းဖို့ခက်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်.. ဖားကန့်ဒေသမှာ မြေကြီးအောက်တိုင်းမှာ ရွှေထွက်တယ် ဆိုပေမဲ့လို့ တစ်နေရာနဲ့ တစ်နေရာ ရွှေအထွက်နှုန်းက မတူတဲ့အတွက် အရှုံးအမြတ်ကို ပုံသေတွက်ဆလို့ မရတဲ့ လုပ်ငန်းဖြစ်ပါတယ်.. ရွှေတူးသူတိုင်းဟာ အရှုံးအမြတ်ကို အလောင်းအစားသဘောမျိုး လုပ်ကြရတာဖြစ်ပါတယ်. ရွှေကျင်းတစ်ကျင်းပြီးတိုင်း အမြတ်ကျန်မယ်လို့ သေချာပေါက်မပြောနိုင်ပါဘူး… လုပ်ကွက်ချင်း ကပ်လျက် ကျင်းနှစ်ကျင်း ဘေးချင်းယှဉ်ပြီး လုပ်ကြရင်တောင် တစ်ဖက်ကျင်းက ရွှေအကျများပြီး တစ်ဖက်ကျင်းက ရွှေအကျနည်းတာမျိုး ဖြစ်တတ်ပါတယ်.. ဒါကြောင့် ကံသေကံမ ပြောလို့ မရနိုင်တာပါ.. အချို့ကျတော့  အရင်းအနှီး မများတဲ့အတွက် ရွှေထွက်တာနဲ့ ဒီနေ့ထွက်တာ ဒီနေ့ ရောင်းပြီး ကျင်းစရိတ်ထဲ ပြန်ထည့်ကြပါတယ်.. ရွှေကျင်းတစ်ကျင်းမှာ ကုန်ကျစရိတ်အများဆုံးက ဆီဖိုးနဲ့ စားစရိတ်ဖြစ်ပါလိမ့်မယ်..
ချောင်းတစ်ဖက်ကမ်း ရွှေကျင်းသို့သွားရာလမ်း
နွေရာသီ၊ဆောင်းရာသီတုန်းကတော့ ဒီလမ်းတွေဟာ ဆိုင်ကယ်နဲ့ သွားလာလို့ရပါတယ်.. အခုတော့ တံတားမရှိတော့ ကူးတို့လှေနဲ့ ကူးခဲ့ရတာမို့ ဆိုင်ကယ်ကို ချောင်းတစ်ဘက်ကမ်းမှာ ထားခဲ့ပြီး ဒီဘက်ကမ်းရောက်တော့ ခြေလျှင်နဲ့ သွားလာရပါတယ်.. အသိရဲ့ ရွှေကျင်းရောက်အောင် တော်တော်လေး လမ်းလျှောက်လိုက်ရပါတယ်..  မောသလားဆိုရင်တော့  အင်း... မောတော့ မောတာပေါ့.. ဒါပေမဲ့ မမောဘူးဘဲ ဆိုကြပါစို့...ဒီလို ရွှေတူးကြဖို့ အရင်ဆုံးလုပ်ရမဲ့အလုပ်က မြေကွက်ဝယ်ကြရပါတယ်.. ပြီးတော့မှ ရွှေတူးရာမှာ လိုအပ်တဲ့ စက်တွေ၊ ပိုက်တွေ၊ အလုပ်သမားတွေ၊ သူတို့နေဖို့ တဲတွေဆောက်ရမယ်. ရိက္ခာတွေ ၀ယ်ယူစုဆောင်းကြရပါတယ်.. စက်ကိုမောင်းနှင်ဖို့ ဆီတွေဝယ်ရပါမယ်. ဒီလိုကျင်းတစ်ကျင်းအတွက် အလုပ်သမား အနည်းဆုံး ၇ယောက်မှ ၁၀ယောက်အထိ လိုအပ်ပါတယ်..
ရွှေကျင်းတစ်ခုရဲ့ မြင်ကွင်း
မြေကျင်းဟာ ပေအနက် ၁၀ပေကျော်ပါတယ်.. ကျင်းထဲက စက်ကိုတော့  မုန်စုပ်စက်လို့ ခေါ်ပါတယ်.. ကျင်းထဲက မြေကြီးတွေက အပေါ်ရောက်အောင် အားနဲ့မှုတ်တင်ပေးတဲ့ စက်ပါ..  ရွှေကျင်းတူးတဲ့အခါ အပေါ်ယံမြေသားဖြစ်တဲ့ ရွှံမြေတွေမှာ ရွှေပါလေ့မရှိပါဘူး... အနည်းဆုံး ၅ပေ၆ပေခန့် အပေါ်ယံမြေကြီးတွေကို ဖယ်ထုတ်ရပါတယ်. အဲလိုဖယ်ထုတ်ရတာကို ခေါင်းပေါင်းကျင်းတယ်လို့ ခေါ်ပါတယ်.. ပြီးတော့မှ အောက်က မြေမာ ကျောက်ခဲတွေပါတဲ့ မြေမျိုးမှာမှ ရွှေပါတတ်ပါတယ်.. အဲဒီအလွှာကိုရောက်မှသာ သဲမြေတွေကို အပေါ်ကို မုန်စုပ်စက်နဲ့ မှုတ်တင်ပါတယ်..
အင်အားပြင်းတဲ့ ရေအားနဲ့ မြေကြီးကို ခုလိုတိုက်စားပစ်ပါတယ်..
မုန်စုပ်စက်ထဲကို စီးမျှောလာတဲ့ မြေကြီးတွေမှာ ကျောက်စရစ်ခဲ ကြီးကြီးမားမားတွေကို ကျန်တဲ့သူတွေက ခုလို ဖယ်ရှားပေးရပါတယ်.  ဘေးမှာ ပုံထားတဲ့ကျောက်ခဲတွေက ဖယ်ထားတဲ့ကျောက်ခဲတွေပါ.. ဒီလိုနည်းအားဖြင့် ရွှေပါဝင်တဲ့ မြေကြီးတွေဟာ ရေအားနဲ့အတူ မျှောပါသွားပြီး အောက်က မုန်စုတ်စက်ထဲကမှတစ်ဆင့် ရေနဲ့ မြေကြီးတွေကို ပိုက်နဲ့ ကျင်းအပေါ်ကို  အရှိန်ပြင်းပြင်း ပို့လွှတ်လိုက်ပါတယ်..
မုန်စုပ်စက်နဲ့ဆက်သွယ်ထားတဲ့ပိုက်.. ဒီပိုက်ကနေ အပေါ်ကို မြေကြီးတွေကို မှုတ်တင်ပေးပါတယ်..
ပိုက် နောက်တစ်ဆင့်ပါ..
အပေါ်ရောက်တော့ ရွှေသဲနဲ့ ကျောက်ခဲတွေကို ဒီလို ခွဲခြားပစ်ပါတယ်..
ရွှေပါတဲ့ မြေကြီးကို ခုလို ဒီနေရာကို ဖြတ်သန်းစေတဲ့အခါမှာ  ကျောက်ခဲတို့ သဲတို့ထက် လေးလံတဲ့ သတ္တုဖြစ်တဲ့ ရွှေရဲ့ သဘာဝအရ ရွှေမှုန်တွေဟာ ဒီနေရာက ရွှေဖမ်းကော်ဇောပေါ်တို့မှာ ကျ ကျန်နေခဲ့ပြီး သဲ၊ ကျောက်ခဲ မြေကြီးတွေကတော့ ရေနဲ့အတူ အောက်ကို ဆက်လက်စီးဆင်းသွားပါတယ်..
ရေစီးအားနှင့်အတူ သဲနှင့်ကျောက်ခဲများ စီးဆင်းရာ
ရွှေတွေဟာ အခုမြင်ရတဲ့ သေတ္တာလို လေးထောင့်ပုံးထဲမှာ အဓိက ကျန်ရစ်ခဲ့ပါတယ်..
ပိုက်အ၀ါရောင်လေးက ကျင်းထဲကို ရေပို့လွှတ်တဲ့ ရေပိုက်ပါ
ခပ်လှမ်းလှမ်းက ရေအိုင်ကနေ ရေတွေကို စက်နဲ့ စုတ်ပြီး ပိုက်ကနေတစ်ဆင့် ကျင်းထဲကို ပို့ပေးတာပါ.
ရွှေကျင်ဖို့ ပြုလုပ်ထားတဲ့ နေရာပါ.. ဘေးနားက အိတ်အဖြူတွေဟာ ရွှေပါတဲ့ သဲမြေတွေဖြစ်ပါတယ်..
တစ်နေ့တာ မြေကြီးတွေကို ခုလို စက်နဲ့ မှုတ်တင်ပေးလို့ ရလာတဲ့ မြေကြီး( ရွှေသဲ) တွေကို  စုဆောင်းပြီး ရွှေသပ်သပ် ခွဲခြားဖို့ သစ်သားနဲ့ ပြုလုပ်ထားတဲ့ အင်နဲ့ ရွှေကို ကျင်ယူရပါတယ်...
ရွှေကျင်နေပုံ
ရွှေနဲ့ရောနေတဲ့ မြေကြီးတွေကို ခုလို အင်ထဲကိုထည့်ပြီး ရေပေါ်မှာ ကျင်ရပါတယ်.. အဲဒီသစ်သားအ၀ိုင်းကြီးကို အင်လို့ ခေါ်ပါတယ်..  အဲဒီလို ကျင်တဲ့အခါ မြေကြီးတွေဟာ ရေနဲ့အတူ ပါသွားပြီး အင်ထဲမှာ တစ်ဖြေးဖြေးနဲ့ မြေကြီးတွေနည်းလာပြီး သဲတစ်ချို့နဲ့ ရွှေစတွေသာ ကျန်ရစ်ခဲ့ပါတယ်.. ရွှေကျင်းမှာရှိတဲ့ အဒေါ်ကြီးတစ်ယောက်က ကျွန်မကို လက်တွေ့ ကျင်ပြတာကို ဓာတ်ပုံ ရိုက်လာတာ ဖြစ်ပါတယ်..  ကျွန်မတို့ ငယ်ငယ်ကတော့ ဥရုချောင်းထဲမှာ ရွှေကျင်သူများဆီက အင်ကို ခနငှားပြီး အပျော်ကျင်ခဲ့ဖူးပါတယ်.. ရွှေကျင်ရတာ အနည်းငယ်တော့ လက်ဝင်ပါတယ်.. ရေပေါ်မှာ အင်ကို ဝေ့ကာဝိုက်ကာလှည့်ပြီးမှ အင်ထဲက မြေကြီးတွေ အပြင်ထွက်သွားအောင် လုပ်ယူရတာမျိုး ဖြစ်ပါတယ်.. အလေ့အကျင့် ရှိသွားရင်တော့ လွယ်လွယ်ကူကူ ဖြစ်သွားပါတယ်. ကျောက်ခဲအတုံးကြီးတွေကိုတော့ လက်နဲ့ ဖယ်ထုတ်ရပါတယ်..
အမဲရောင်သဲမှုန်တွေကို ကျွန်မတို့အရပ်မှာ ရွှေချီး လို့ ခေါ်ပါတယ်.. ရွှေရှိတဲ့နေရာမှာ သူအမြဲတမ်းရှိတတ်လို့ပါ.. ရွှေနဲ့ ရွှေချီးဟာ အမြဲအတူတူရှိပါတယ်..
အင်ထဲမှာ မြေကြီးမရှိသလောက်ဖြစ်သွားပြီး ရွှေချီးနဲ့ ရွှေမှုန်တွေသာ ကျန်ရစ်ခဲ့ပါတယ်..
ရွှေရောင် လက်နေတာလေးတွေက ရွှေအမှုန်လေးများ ဖြစ်ပါတယ်.. အမဲရောင်တွေကတော့ ရွှေသဲ(ရွှေချီး) ဖြစ်ပါတယ်.. တကယ်တမ်းတော့ ရွှေကျင်ပြီး စွန့်ပစ်ထားတဲ့ မြေကြီးကို နမူနာကျင်ပြတာဖြစ်တဲ့အတွက် ရွှေပါဝင်မှုနှုန်းက အလွန်နည်းပါးခြင်း ဖြစ်ပါတယ်..သို့သော်လည်း စွန့်ပစ်ထားပြီးသား မြေကြီးထဲမှာတောင် ခုလိုရွှေမှုန်လေးများ ပါဝင်နေတတ်ပါတယ်..
ရွှေနဲ့ ရွှေချီး
နောက်ဆုံးမှာ ရွှေချီးသဲအမှုန်တွေကို နည်းနိုင်သမျှ နည်းအောင် ဖယ်ထုတ်လိုက်တဲ့အခါ ရွှေမှုန်များနဲ့ ရွှေချီး အနည်းငယ်သာ ပါဝင်တဲ့ ရွှေမှုန်အစုကို ရပါတယ်.. ရွှေချီးနဲ့ ရောနေတဲ့  ရွှေအမှုန်များကို ပြဒါးနဲ့ဖမ်းလိုက်တဲ့အခါ ရွှေအမှုန်သီးသန့်ကို ရရှိပါတယ် .. ပြဒါးနဲ့ဖမ်းတဲ့အခါ ရွှေတွေအားလုံး အဖြူရောင်ကို ပြောင်းလဲသွားပါတယ်... မီးပြန်ဖုတ်မှသာ နဂိုမူလ ရွှေအရောင်ကို ပြရပါတယ်... ရွှေမှုန်တွေအားလုံးကို အလုံးပြုလုပ်ကာ မီးဖုတ်လိုက်တော့ ရွှေတုံး ရွှေခဲကို အကြမ်းအဖြစ်ရရှိပါတယ်..
မီးဖုတ်ထားသော ရွှေအလုံး
ရုတ်တရက်ကြည့်ရင် သာမန်မြေကြီးလုံးတစ်လုံးနဲ့ တူပါတယ်..
ရွှေတူးရင်း ခုလို ကျောက်စိမ်းများလည်း ထွက်တတ်ပါတယ်..
ရွှေကျင်းနှင့်အနီးတစ်ဝိုက် ရှုခင်းများ
ရွှေကျင်းတူးသူများအဖို့ မျှော်လင့်စရာက ရွှေများများ ပါဖို့ထက် ကျောက်ကောင်းကောင်း တစ်လုံးသာ ကျင်းထဲက ထွက်မယ်ဆိုရင် နေ့ချင်းညချင်း ဘ၀ပြောင်းသွားနိုင်ပါတယ်.. ဒါကြောင့်လည်း ရွှေရှာသူတွေဟာ ဒီမျှော်လင့်ချက်တွေနဲ့ ရွှေတူးကြတာလည်း ဖြစ်ပါတယ်.. ရွှေပါဝင်မှုနည်းထားဟာ တစ်နေရာနဲ့တစ်နေရာ မတူညီ ကွဲပြားပါတယ်.. အချို့မြေတွေမှာ တစ်ရက်ကို ရွှေ၂ကျပ်သားအထိ ရတတ်ပြီး အချို့မြေတွေမှာတော့ ရွေး ၄၀ ရွေး၅၀ စသဖြင့် ကွဲပြားနိုင်ကြောင်း သိရပါတယ်..   မြန်မာ့ရွှေချိန်အရ ရွှေတစ်ကျပ်သားကို  ၁၂၈ရွေး ရှိပါတယ်.. ဥရုချောင်းရိုးတစ်လျှောက်တော့ ရွှေပါဝင်နှုန်း များတတ်ပါတယ်..
ဖားကန့်ဒေသမှာ ရွှေတူးတာနဲ့ပါတ်သက်ပြီး အကြမ်းဖျင်းသာ ရေးပြထားခြင်း ဖြစ်တဲ့အတွက် အချက်အလက် မပြည့်စုံခြင်း၊ အခြားဒေသများနှင့် ရွှေရှာပုံခြင်း မတူ ကွဲလွဲခြင်းများ ရှိကောင်းရှိနိုင်ပါတယ်.. သိသလောက် ရေးပြခြင်းဖြစ်တာမို့ ချို့ယွင်းချက်များ ရှိခဲ့ရင် ခွင့်လွှတ်ကြဖို့ ပန်ကြားလိုက်ပါတယ်ရှင်...
ချော(အစိမ်းရောင်လွင်ပြင်)