ရေကန်ထဲကဆား
တစ်ခါတုန်းက ဥာဏ်ပညာထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီးတစ်ဦး ရှိပါတယ်… သူဟာ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင်သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက်အားလျော့စွာနဲ့ ၀မ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တစ်ယောက်ဆီ ရောက်လာပါတယ်.. ပညာရှိကြီးက ထိုလူငယ်ကို ရေတစ်ဖန်ခွက် သွားယူခိုင်းပြီး ဆားတစ်ဆုပ်ကိုလဲ ယူလာခိုင်းပါတယ်.. ရေဖန်ခွက်ထဲကို ဆားတစ်ဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ထိုလူငယ်ကို သောက်စေပါတယ်.. ပြီးတော့ ဘယ်လိုအရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က “ခါးတူးနေအောင် ငံပါတယ်”. လို့ ပြန်ဖြေပါတယ်..
ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတစ်ဆုပ်ကို ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင်ဘက်ကို ခေါ်လာခဲ့ပါတယ်. မြို့အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြောပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတစ်ကန်နား ရောက်လာကြပါတယ်.. ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ်လက်ထဲမှာ ပါလာတဲ့ ဆားတစ်ဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်းလိုက်ပါတယ်..
ပြီးတော့ လူငယ်ကို “ကဲ အခု ကန်ထဲကို ရေကို သောက်ကြည့်ပါဦး” လို့ ခိုင်းလိုက်တဲ့အခါ ထိုလူငယ်ကလည်း ကန်ထဲကရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်.. ပညာရှိကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ “အခုရော ကန်ထဲက ရေက ဘယ်လိုအရသာ ရှိသလဲ” လို့ မေးလိုက်ပါတယ်.. ဒီတော့ လူငယ်က “ လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂိုအရသာ အတိုင်းပါဘဲ” လို့ ပြန်ဖြေပါတယ်.. “စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား” လို့ ပြန်မေးပြန်တဲ့အခါ “ မငံတော့ပါဘူး.” လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်..
ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာပုတ်လိုက်ကာ “ငါတို့ဘ၀တွေရဲ့ ထိခိုက်နာကျင်မှု၊ ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲဆိုရင် ဆားနဲ့တူပါတယ်.. ဘ၀မှာ ကြုံလာတဲ့ နာကျင်ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲ သက်ဆိုင်တယ်.. . မင်းက ခွက်သေးသေးနဲ့ ခံယူမယ်ဆိုရင် ထိခိုက်ဆုံးရှုံးမှုကို သိပ်ကို ကြီးမားတယ် လို့ မင်းထင်လိမ့်မယ်.. ရေကန်လို ကျယ်ပြောလှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု၊ စိတ်ထိ ခိုက်နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု၊ ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့…”
“ဒီတော့ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ.. ကိုယ့်ကိုယ်ကို ဖန်ခွက်တစ်လုံး မဖြစ်စေပါနဲ့.. ရေကန်တစ်ကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ.. ဒီလိုဆိုရင် နာကျင်ခံစားနေရတာတွေဟာ ရေကန်ထဲရောက်သွားတဲ့ ဆားတစ်ဆုပ်လို လျှော့ပါး သက်သာသွားပါလိမ့်မယ်” လို့ ပြောလိုက်ပါတယ်..
"Stop being a glass. Become a lake."
ဒီဥပမာလေးကို သဘောကျလို့ ပြန်လည်ဝေမျှပါတယ်ရှင်.. ကျွန်မတို့လဲ ဘ၀မှာ ကြုံလာတဲ့ ခါးသီးနာကျင်မှုတွေကို ရေဖန်ခွက်လေးနဲ့ မခံယူဘဲ ရေကန်ကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားသင့်လှတယ် မဟုတ်ပါလားနော်..
The taste of life ( Unknown Author) ကို ဘာသာပြန်ဆိုပါသည်။
ချော( အစိမ်းရောင်လွင်ပြင်)
Photo from Here
32 Responses to “ရေကန်ထဲက ဆား”
သိပ်ကောင်းတဲ့ ဥပမာဗျာ
ကြိုက်တယ်
ကျွန်တော်လည်း ခါးသီးတဲ့ခံစားမှုဆိုရင် ခေါင်းထဲကြာကြာမထားဖူး
ကျေးဇူးအစ်မရေ
ဟုတ်ပ..မှတ်သားထိုက်တဲ့ဥပမာလေး..
မျှဝေပေးတာကျေးဇူးပါနှော်..မမချော
တကယ်ကောင်းတဲ့ဥပမာလေးပါပဲ အစ်မရေ...မျှဝေတဲ့အတွက် ကျေးဇူးပါ။
ခင်တဲ့(ချိုကျ)
ချောရေ...
ပို့စ်လေးဖတ်ပြီး ငါက ဖန်ခွက်တစ်လုံးလား..? ရေကန်အဖြစ် ဘယ်တော့ ခံယူခွင့်ရမလဲ..?
ရေကန်မဖြစ်ခင်စပ်ကြား ဖန်ခွက်ဘ၀နဲ့ တင်းတိမ်ရောင့်ရဲနေသူလား...?
အတွေးပွားမိပါ၏။
ချစ်သော....
မြသွေးနီ
www.myathwayni.com
သိပ်ကောင်းတာပဲ..................အရမ်းကောင်းတဲ့စာလေးပဲ။အဓိပါယ်များကြိးပါသလို ပညာလည်းများကြီးရတယ်..
မှန်ပါတယ် ဗျာ...
လောက ကြီးက ကိုယ်ဖြစ်ချင်သလို မဖြစ်ပဲ သူ ဖြစ်ချင်သလိုပဲ ဖြစ်နေတတ် တော့ 
အမြဲ တန်း ပဲ ကြုံတွေ့  နေရမဲ့  ဆုံးရှုံး မှု တွေ ကို ဒီလို နည်း နဲ့ ပဲ ဖြေသိမ့် 
နေရ တော့ မှာပါပဲ။ သိပ် ကောင်း တယ်ဗျား......
စာကောင်းလေးတစ်ပုဒ်ပဲ ...။ ခုလိုရသစာတွေ ဒဿနာစာတွေ မကြာခဏတင်ပေးတဲ့ ညီမချောကို စာဖတ်သူ အားလုံးကိုယ်စားကျေးဇူးတင်ပါတယ်...။
ခင်မင်စွာဖြင့်
မိုးငွေ့
ဥပမာလေး သိပ်ကောင်းတယ်ဗျာ...။ စဉ်းစားစရာလေးတွေပေါ့...။
ခင်မင်တဲ့
နေ၀သန်
မချောရေ... တန်ဖိုးရှိလှတဲ့ ပို့စ်လေးပါဘဲ။ လူတိုင်း ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရတဲ့အခါ ငါမှ ပိုပြီးဆင်းရဲတယ်၊ ငါမှ ပိုပြီးဘ၀နာတယ်လို့ထင်တတ်ကြတယ်။ အမှန်က လူသားတိုင်း အနည်းနှင့်အများတော့ ဆင်းရဲဒုက္ခနှင့်ကြုံဖူးကြသူတွေချည်းမဟုတ်လား။ ခံယူပုံချင်းသာ ကွာကြတာလေ။ အမှန်က ဖန်ခွက်နှင့်မခံယူဘဲ ရေကန်နှင့်ခံယူသင့်တာ။
ဟုတ်တယ်နော်....
အင်းးး... ပင်လယ်ကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားမှ ဖြစ်မယ် ချောရေ... ကိုယ်က ဒူးလောက်တင်မှ ရင်လောက်ကျမှာ မို့ပါ .။ ဒီပိုစ့်ကို သိပ်ကြိုက်တယ် ။
တကယ်ကောင်းတဲ့ ပို့စ် လေးပါ။ ဘ၀မှာ ထိခိုက်ဆုံးရှုံးမှုတွေ၊ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း.... ရေကန် နဲ့တင် မဟုတ်ပဲ.. မြစ်ကြီး တစ်စင်း အနေနဲ့ ခံယူနိုင်အောင် ကြိုးစားလိုက်ပါအုံးမယ်...
ကောင်းလိုက်တာနော် .......ကျေးဇူးတင်ပါတယ်..
ဆားလေး တစ်ထုတ်ရလာ ရင် ရေကန်ကြီးလောက် ကျယ်တဲ့ ရေပြင်ထဲ မထည့်နိုင်ရင်တောင် ခွက်ကလေးတွေ အများကြီး ထဲ မျှထည့်နိုင်အောင် ကြိုးစားကြည့် တာပေါ့။ အကန့်လေးတွေ သူအပိုင်းနဲ့ သူပိုင်းထားပြီး ဖြေရှင်းလိုက်မယ်။
ကျေးဇူးပဲ မချော ရေ ...
သိပ်ကောင်းတဲ့ ဥပမာလေးပါပဲ . . . မှန်တယ် ကျွန်တော်လည်း အဲဒီလို ကြိုးစားဖို့လိုသေးတယ် ခံယူနိင်ဖို့ လုပ်ရဦးမယ် . . .ကျေးဇူး မချော
တကယ်ကောင်းတယ် မမချောရေ.... မှတ်သားသွားပါတယ်... ဟုတ်တယ်နော် တခါတလေ အရမ်းခံစားနေရင် ဖန်ခွက်ထဲ ထည့်လိုက်တဲ့ ဆားထုတ်လိုပဲနော်... စိတ်ညစ်စရာတွေ ကြုံလာတိုင်း မမချောရဲ့ ဒီပို့စ်လေးကို သတိရမှပဲ... ကျေးဇူးပါမမချောရေ...
:)
ညီမ ရေ
ဖတ်လိုက်ရတာ ကျေးဇူးပါ..စိတ်ညစ် စရာတွေရှိရင် ဒီလိုဘဲ ဖြေသိမ့်ရမှာနော်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
ဘ၀မှာ စိတ်ညစ်စရာကြုံလာတိုင်းမချောရဲ့စာလေးကိုအမြဲမှတ်မိနေမှာပါ..။ ကျေးဇူးတင်ပါတယ်မချော.။
ချစ်တဲ့
သဒ္ဓါ
သိပ်ကောင်းတာပဲ မမရေ..
မှတ်သားသွားပါတယ်..။
အားပေးလျှက်ပါ မမ..။
ကဲ...မမရေ...ညီမလေးကတော့ ရေကန်တို့ ပင်လယ်တို့ပါမက သမုဒ်ဒရာကြီးဖြစ်အောင်ကို ကြိုးစားလိုက်တော့မယ်နော်။
ရင်ဘတ်ထဲ ဒလဟော စီးဝင်လာသံကြားတယ်
ဟော...ဘာတွေများလဲမှတ်တယ်..
ဆားငန်ရေတွေ ..ဆားငန်ရေတွေ....။
ဥပမာ လေးကတော့ အရမ်းကို ကောင်းလွန်းပါတယ် အစ်မရေ...
ရေကန်ကြီးဖြစ်အောင်နေပါ့ မယ်...ကျေးဇူးပါ
အတွေးလေး တင်ပြထားပုံအရမ်းကောင်းတယ် မချောရေ...
မြန်မာပြည်ကရောက်ရောက်ခြင်း မချောဆီကိုလာသေးတယ်...
ဝင်လို့မရဘူး..း(
ညီမလည်း ရောက်ရောက်ချင်း ပြဿနာပေါင်းစုံကိုရှင်းနေရလို့...
မချော အိမ်ပြောင်းသွားမှန်းအခုမှသိတာ..
အရမ်းကောင်းတယ်ထက်ကောင်းတဲ့စကားရှိလားဟင် မချော.....
ကြိုးစားလျှက်ပါ မချောရေ...
အစိမ်းရောင်လွင်ပြင်ထဲကို ရောက်တိုင်း အမောပြေစရာကလေးတွေ ချည်းပါပဲလား ......
ရေငတ်နေတဲ့ အချိန်မှာသောက်ခွင့် ရလိုက်တဲ့ ရေတစ်ခွက်လိုပါပဲ အမရယ်။ အမရဲ့ post လေးကိုဖတ်ပြီး အပူတွေ တစ်ဝက်လောက်လျှော့ သွားရပါတယ်။
ခွက်ကြီးမရှိတဲ့သူတွေကတော့ ရှိတာနဲ့ခံရတာပေါ့
ရသပေးလေး ကောင်းလိုက်တာ
သေသေချာချာကို ဖတ်သွားခဲ့ပါတယ် မချော။
ဟုတ်တယ်မကြီးချောရေ..
ရေခွက်နဲ့ရေကန်...
တန်ဘိုးရှိတာနဲ့ပြည့်ပြည့်ဝဝခံယူနိုင်အောင်
ကြိုးစားသင့်တယ်..ကျေးဇူးတင်ပါတယ်မကြီးချောရေ..
ထပ်မှတ်သွားပါတယ် မမချော ကျေးဇူးပါနော်..
ရေခွက်နဲ့ ရေကန် ရွေးတာတော့ ဖြစ်နိင်ပေမယ့် ကိုယ့်စိတ်ကိုယ် မထိန်းချုပ် နိင်တဲ့သူ အတွက်ဆိုရင်တော့ နာကျင်ခံစားတဲ့ ခွက်ရဲ့ အကြီးအသေး ပမာဏ ကို ရွေးချယ်ဖို့ ခက်နိင်တယ်။ ဒီပို့စ်လေးထဲက ဥပမာကို သိထားလိုက်ရင်တော့ ခံနိင်ရည် သက်သာ အောင် ဖန်တီးသွားနိင်မှာပါ။
ပို့စ်ကောင်းလေးပါပဲ..။
Post a Comment