စစ်မှန်တဲ့ ငြိမ်းချမ်းခြင်း







တစ်ခါက တိုင်းပြည်ကြီးတစ်ခုမှာ ပန်းချီ အနုပညာကို ၀ါသနာကြီးပြီးတော့ ပညာရှင်တွေကို ချီးမြှင့် မြောက်စားလေ့ရှိတဲ့ ဘုရင်ကြီးတစ်ပါး ရှိပါတယ်.. တစ်ရက်မှာ ဘုရင်ကြီးဟာ တိုင်းပြည်တွင်းမှာရှိတဲ့ ပန်းချီပညာရှင်တွေကို နန်းတော်တွင်းသို့ ဖိတ်ခေါ်ပြီးတော့ ပန်းချီပြိုင်ပွဲတစ်ခု ပြုလုပ်စေပါတယ်.. ယှဉ်ပြိုင်ရမဲ့ ပန်းချီကားရဲ့ ခေါင်းစဉ်က ငြိမ်းချမ်းခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖြစ်ပါတယ်.. ပြိုင်ပွဲကို အနယ်နယ် အရပ်ရပ်က ပန်းချီပညာရှင်ကြီးတွေ လာရောက်ကြပြီး သူ့ထက်ငါ အကောင်းဆုံး ပန်းချီကားများကို ရေးဆွဲကြပါတယ်.. မြောက်မြားလှစွာသော ပန်းချီကားတွေကှို ဘုရင်ကြီးက ကြည့်ရှုစစ်ဆေးပြီး အကောင်းဆုံး ပန်းချီကား၂ချပ်ကို သူအကြိုက်ဆုံး အဖြစ် လက်ရွေးစင် ရွေးချယ်လိုက်ပါတယ်..  အဲဒီ၂ကားထဲမှာမှ အကောင်းဆုံး တစ်ချပ်ကို ဘုရင်ကြီးက ပြန်လည်ရွေးချယ်မှာဖြစ်ပါတယ်။




ပထမ ပန်းချီကားက သာယာလှပတဲ့ ကန်ရေပြင်ရဲ့ ပုံရိပ်ကို ဆေးခြယ်ထားတာဖြစ်ပြီး ကန်ရေပြင်ရဲ့ မျက်နှာပြင်ဟာ မှန်သားပြင်တစ်ချပ်လို ကြည်လင်တောက်ပနေပြီး တည်ကြည် ငြိမ်သက်ခြင်းတို့နဲ့ အေးချမ်းခြင်းတိုရဲ့ ပုံရိပ်တွေဟာ ကန်ရေပြင်ရဲ့ မျက်နှာပေါ် ဖြာကျလို့နေပါတယ်..  လှုပ်ရှားခြင်းဆိုလို့ လှိုင်းကြက်ခွပ်လေး တစ်စသော်မျှ ကန်ရေပြင်ပေါ်မှာ ထင်ဟပ်မနေခဲ့ပါဘူး..  ဘေးဝန်းကျင် အနီးနားက ပြာပြာလွင်လွင် စိမ်းစိမ်းစိုစို တောင်တန်းတောင်ထွတ်တို့ဟာ ကန်ရေပြင်ပေါ် အရိပ်ဖြာဆင်းနေပြီး အပေါ်ဘက်မှာတော့ ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးက ရင့်ကျက်တည်ငြိမ်စွာ ရှိနေပြီး ဖြူဖြူဖွေးဖွေး ငှက်တောင်မွှေးသဏ္ဍာန် တိမ်မျှင်စလေးတွေက ယှက်ဖြာလို့ နေပါတယ်.. ပြာလဲ့လွင်လွင် မိုးကောင်ကင်နဲ့ ဖြူဖြူစင်စင် ၀ါဂွမ်းမျှင်ပမာ တိမ်စလေးတွေရဲ့ အသေးစိတ် ရေးဆွဲထားတဲ့ စုတ်ချက်က မြင်သူတကာ အသက်ရှူ မှားလောက်အောင် ဆွဲဆောင်အား ကောင်းလွန်းလှပါတယ်.. ပန်းချီကားတစ်ချပ်လုံးဟာ မြင်ရသူတိုင်းကို တည်ငြိမ်ခြင်း၊ အေးချမ်းခြင်း စတဲ့ ရသတွေကို ပေးစွမ်းနိုင်စွမ်းတဲ့ လက်ရာမြောက် ပန်းချီကားတစ်ချပ်ရယ်လို့ လူတိုင်းက မှတ်ချက်ချကြရပါတယ်။



နောက်ထပ် ဒုတိယ လက်ရွေးစင်ပန်းချီကားတစ်ချပ်မှာလည်း  တောင်တန်းတွေရဲ့ ပုံရိပ်ကို ထည့်သွင်း ရေးဆွဲထားပါတယ်.. ဒါပေမဲ့ ပြာလွင်စိမ်းစိုနေတဲ့ တောင်တန်းများ မဟုတ်ကြဘဲ ကျောက်ဆောင် ကျောက်ကမ်းပါးတွေ၊ ကျောက်တောင်ထွတ်တွေနဲ့ သစ်တစ်ပင်ရယ်လို့မရှိ ကြမ်းတမ်း မာကြော ခက်ထရော်နေတဲ့ ကျောက်သားသက်သက် ကျောက်တောင်ကြီးတွေ ဖြစ်ပါတယ်.. ကောင်းကင်ကြီးတစ်ခုလုံးဟာလည်း ဒေါမာန်အပြည့်နဲ့ မဲမှောင် ညို့မှိုင်းနေပြီး အုံ့အုံ့ခဲခဲ တိမ်မဲတိမ်စိုင်တို့က တစ်လိပ်လိပ် တစ်ရိပ်ရိပ် ကြွတက်နေပေမဲ့ လျှပ်နွယ်လျှပ်ပန်းခက်များကြောင့် တစ်စွန်းတစ်စ လင်းဖြာနေတဲ့ နေရာတွေကိုလည်း တွေ့မြင်ရပါတယ်.. . မိုးသီးမိုးပေါက်များက အရှိန်ဟုန်ပြင်းပြင်းနဲ့ ကောင်းကင်ကြီးပေါ်က ကျဆင်းနေပြီး ကျောက်ဆောင်ကြီးတွေဆီကနေ ရေတံခွန်ပမာ ရေလုံးကြီးတွေက  ရေမြုပ်တွေ ဖွားရရားကျလို့ တကယ့်ရေတံခွန်တစ်ခုကို မြင်ရသလို အားနဲ့မာန်နဲ့ အပြည့်မို့ အသက်ဝင်လွန်းလှပါတယ်. ပန်းချီကားကြီးတစ်ခုလုံးမှာ မြင်တွေ့နေရသမျှ အရာရာဟာ လှုပ်ရှားသက်ဝင်နေသလိုရှိပြီး တည်ကြည် ငြိမ်သက်ခြင်း၊ အေးချမ်း ဆိတ်ငြိမ်ခြင်းဆိုတာကို ပန်းချီကားထဲမှာ တစ်စက်ကလေးတောင် မြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။





သို့ပေမဲ့ ဘုရင်ကြီးဟာ ပန်းချီကားကြီးကို သေသေချာချာ အနီးကပ်ပြီး ကြည့်ရှုစစ်ဆေးတဲ့အခါမှာ ရေတံခွန်ကြီးဖြာကျနေတဲ့ နောက်နားက ကျောက်အက်ကွဲကြောင်းကြီး တစ်ခုထဲမှာ ကပ်ပြီးပေါက်နေတဲ့ ခြုံပုတ်လေးတစ်ခုကို တွေ့လိုက်ပါတယ်.. ခြုံပုတ်အတွင်းမှာတော့ ငှက်ကလေးတစ်ကောင်ဟာ သူ့သားသမီးတွေ နေထိုင်ဖို့ အသိုက်လေးတစ်ခု ပြုလုပ်နေတာကို တွေ့မြင်ရပါတယ်.. ငှက်ကလေးရဲ့ ပုံသဏ္ဍာန်က သူ့ရှေ့မှာ ဒေါမာန်ထပြီး ရေမြုပ်ရေဖွားတွေ ဖွေးဖွေးလှုပ်အောင် တစ်ဝုန်းဝုန်းနဲ့  စီးဆင်းနေတဲ့ ရေတံခွန်ကိုလဲ ဂရုပြုပုံမပေါ်၊ ကောင်းကင်ကနေ အားမာန်အပြည့်နဲ့ ရွာချနေတဲ့ မိုးစက်မိုးပေါက်တွေကိုလဲ သတိထားပုံမရဘဲ သူ့အလုပ်ကိုသူ အာရုံစူးစိုက်ကာ လုပ်နေသည့်ဟန်၊ ပကတိ တည်ငြိမ်အေးဆေးခြင်း အပြည့်ဖြင့်။



စာဖတ်သူတို့ဆိုရင် ဒီနေရာမှာ ဘယ်ပန်းချီကားကို ခေါင်းစဉ်နဲ့ လိုက်ဖက်စွာ ရွေးချယ်မလဲ မသိဘူးနော်..



ဘုရင်ကြီးကတော့ ဒုတိယပုံကို အကောင်းဆုံး ၊ ခေါင်းစဉ်နဲ့ အလိုက်ဖက်ဆုံး ပန်းချီကားအဖြစ် ရွေးချယ်လိုက်ပါတယ်.. ဘာကြောင့် ဒီပန်းချီကားကို ရွေးချယ်ရတာလဲ ဆိုတာကိုတော့ “ပကတိ ငြိမ်းချမ်းခြင်းဆိုတာ ဆူညံနေတဲ့ အသံဗလံတွေ တစ်ခုမှ မရှိတဲ့နေရာ၊  လှုပ်ရှားနေတဲ့ ဘေးပတ်ဝန်းကျင် မရှိတဲ့ အရပ်၊ ဆင်းရဲဒုက္ခကင်းဝေးပြီး ငြိမ်သက် တိတ်ဆိတ်နေတဲ့ နေရာတွေကို ဆိုလိုခြင်းမဟုတ်ဘဲ ဆူညံခြင်း၊ ရှုပ်ထွေးခြင်း၊ ဆင်းရဲဒုက္ခ၊ စသည်တို့အလယ်တွင် မိမိလုပ်ရမည့် အလုပ်ကိုသာ အာရုံစူးစိုက်ကာ  ဦးတည်ရာ လမ်းကြောင်းမှ မသွေမဖယ်ဘဲ နှလုံးသားတွင်းမှ ပကတိ တည်ကြည်ငြိမ်သက်စွာ နေထိုင်နိုင်ခြင်း၊ လုပ်ကိုင်နိုင်ခြင်းကသာ ပိုပြီး အဓိပ္ပါယ် လေးနက်ကြောင်း၊ ထိုကဲ့သို့ တည်ငြိမ်ခြင်းမျိုးမှသာ စစ်မှန်သော ငြိမ်းချမ်းခြင်း ဖြစ်ပါတယ်” လို့ ဘုရင်ကြီးက သူရွေးချယ်ရတဲ့ အကြောင်းရင်းကို အားလုံးသိအောင် ဖြေရှင်းပြပါတယ်။




ကျွန်မတို့တွေကရော မိမိ ဘေးပါတ်ဝန်းကျင်ရဲ့ ဆူညံခြင်း၊ ရှုပ်ထွေးဆူပူခြင်း၊ သောကဒုက္ခတွေကြားမှာ အေးချမ်းစွာ နေနိုင်ပါရဲ့လား၊ တည်ကြည်ငြိမ်သက်စွာ ဖြေရှင်းနိုင်ပါရဲ့လား ၊ မိမိနှလုံးသားတွင်းမှာ စစ်မှန်သော ပကတိ ငြိမ်းချမ်းခြင်းကို ရှာဖွေနိုင်ပါရဲ့လား..  ကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်..




The Real Meaning Of Peace ( Unknown Author) ကို ဘာသာပြန် ရေးဖွဲ့ပါသည်။




ချော(အစိမ်းရောင်လွင်ပြင်)




picture from Here

28 Responses to “စစ်မှန်တဲ့ ငြိမ်းချမ်းခြင်း”

နေဇော်လတ် said...

ငြိမ်းချမ်းခြင်းကို လာရောက်ရှာဖွေသွားပါတယ်.. ဟုတ်ပါတယ်.. လူတွေဟာ ဆင်းရဲဒုက္ခတွေ သောကတွေကျရောက်တဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ နေနိုင်ဖို့ သိပ်ခက်ပါတယ်။

ဒီနောက်ပိုင်း ဘာသာပြန်လေးတွေများတယ်နော်... ဖတ်လို့ကောင်းတယ်...

ခင်မင်တဲ့
နေ၀သန်

ဧချမ်းငြိမ်သက်ပြီး ခပ်မှန်မှန် ဆက်လက် လျှောက် လှမ်း နိုင် ပါ စေ။
with reps;

Mary kie kie said...

ဟုတ်ပါတယ် ကိုယ့်မှာ တကယ့်ငြိမ်းချမ်းခြင်းရှိဖို့ဆိုတာအရမ်းလိုအပ်ပါတယ်... ကြိုးစားရအုန်းမယ်...ဘာသာပြန်လေးတွေ များများတင်တဲ့ မချော ကို ကျေးဇူး။
လေးစားလျက်..Mary

ကျွန်တော်တို့ အထင်တော့ ပထမ ပန်းချီကားကိုပဲ ရွေးချယ်မိမှန် အမှန်ပဲဗျ.. တကယ်တန်း စဉ်းစား၊ နှလုံးသွင်း လိုက်တော့... ဒုတိယ ပန်းချီကားဟာ.. တကယ့် ပကတိ စစ်မှန်သော ငြိမ်းချမ်းခြင်း ဆိုတာကိုသွားတွေ့ပြီးတော့.. ကိုယ့်ကိုယ်ကို.. နှလုံးသွင်း ဆင်ချင်မိစေပါတယ်ဗျာ....

အရှုပ်ထဲမှာ ရှင်းအောင်နေ ဆိုတာမျိုးလိုပေါ့နော် အစ်မချော။ ငြိမ်းချမ်းမှု မရှိပေမယ့် ငြိမ်းချမ်းအောင်နေတတ်တာ ပိုပြီးအနှစ်သာရရှိတာပေါ့နော် ။ ဟီး ပြောကြည့်တာ ဟုတ်လားတော့သိဘူးရယ် သားကငယ်သေးတာကိုးလို့ :)

ခင်တဲ့(ချိုကျ)

အေးအေးချမ်းချမ်း လာဖတ်သွားတယ်အစ်မချောရော
အဟွတ်ဟွတ် တုတ်ကွေးတော့ သတိထားဗျား)

အင်း... ရွေးရတော့ ခပ်ခက်ခက်ဘဲ အမရ။ ဘုရင်ကြီးက သူ့စိတ်နှင့်ကိုက်ညီလို့ ရွေးချင်ခဲ့တာမှန်ပေမဲ့ ကျန်တဲ့ ပညာရှင်တစ်ယောက်ကို ရွေးချယ်ခိုင်းပြန်ရင် နောက်တစ်ခုကို မရွေးချယ်ဘူးလို့ ပြောလို့မရပြန်ဘူး။

ငှက်အသိုက်ပြုလုပ်တာဟာ လူတွေအနေနဲ့ဆိုရင် မိသားစုအတွက် ဧရာမအိမ်ကြီးတစ်အိမ်ဆောက်နေရသလိုမျိုးပေါ့။ သူ့အထွာနဲ့သူပေါ့ အမ။ အဆောက်အဦဆောက်နေတဲ့ လူတစ်ယောက်ဟာ အဲဒီအဆောက်အဦအတွက် ပြီးမှပြီးပါ့မလားဆိုပြီး စိတ်ပူနေရလို့ စစ်မှန်သော.. ငြိမ်းချင်းခြင်းမျိ

စိတ်ပူနေရလို့ စစ်မှန်သော ငြိမ်းချမ်းမှုမျိုး ရနိုင်မယ်မထင်ဘူး။ ခေါင်းစဉ်လေးက စစ်မှန်သော မိဘမေတ္တာ သို့မဟုတ် စွန့်လွတ်စွန့်စားခြင်း ဆိုတဲ့ ခေါင်းစဉ်ဆိုရင်တော့ အဲဒီ ငှက်သိုက်ကလေးကို ပထမပေးသင့်ပါတယ်။

အမရေ... ထပ်ပွါးကြည့်တာနော်။ ဘာမှတော့မဟုတ်ဘူး။ ဖွသွားတာ။ အမစာရေးတာလေးတွေ မလွတ်တမ်းဖတ်နေပါတယ်။ ပညာရလို့။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

shwezinu said...

ညီမရေ

သေချာဖတ်သွားပါတယ် စဉ်းစားစရာတွေ ပါတယ် ဘုရင်ကြီးပြောတာလည်း သဘောပေါက်တယ် ကိုကိုမောင် ပြောတာလည်း စဉ်းစားစရာဘဲ

ဘာဘဲဖြစ်ဖြစ် ကျေးဇူးပါ
ရွှေစင်ဦး

အင်း ဖတ်ရတာစိတ်ဝင်စားဖို့ကောင်းတယ်..ပြီးတော့ တစ်ကယ့်စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကိုလဲ သဘောပေါက်သွားပါတယ်

Jack said...

That's the thought provoking...

ဒီပန်းချီကားလိုပဲ ... လူနေမှုဘဝမှာ လှုပ်ခတ်ပြီး ရှုပ် နေနိင်ပေမယ့်
စာရေးတဲ့နေရာမှာ မထိခိုက်ဘဲ တည်တည်ငြိမ်ငြိမ် လေးနက်စွာ
ရေးသင့်တယ်လို့ ထင်မိတယ်။

စိတ်လှိုင်းကြပ်ခွပ်လေးတွေ လှုပ်ခတ်နေချိန်မို့ထင်ပါ့
ရင်ထဲမှာ ငြိမ်းချမ်းရေး တရား နာကြားခွင့်ရလိုက်သလိုပါပဲ....
ခါတိုင်းထက် ကျေးကျေးပါ....

flowerpoem said...

စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကို အားလုံးရှာဖွေတွေ့နိုင်ပါစေရှင်

စစ်မှန်တဲ့ငြိမ်းချမ်းခြင်းဟာ လူတစ်ယောက်အတွက်သာမကဘဲ
လူသားအားလုံးအတွက် တကယ့်ကို လိုအပ်လှပါတယ်..။
စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကို ဘယ်သူတွေ ရှာဖွေရနေကြပြီလဲ...?
စစ်မှန်တဲ့ငြိမ်းချမ်းခြင်းကို ဘယ်သူတွေ ရရှိနေကြပြီလဲ...?

လသာည said...

စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းတဲ့..
ခေါင်းစဉ်နဲ့ လိုက်ဖက်စွာ စိတ်ထဲအေးချမ်းသွားတယ်..။ ခေါင်းစဉ်ပါ အကြောင်းအရာကြောင့်တင် မဟုတ်ပါဘူး..။ ဒီစာကိုရေးဖွဲ့နေချိန် ရှိနေမယ့် ချောရဲ့ ငြိမ်းအေးတဲ့စိတ်ထားကိုပါ စာသားတွေကနေတဆင့် ရရှိလိုက်လို့ပါ..။ ကျေးဇူးအများကြီးတင်မိတယ်..

သောကတွေ..ဒေါမနသတွေကြားထဲက
စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းကိုအတော်ကိုကြိုးစားရှာ
ဖွေရအုံးမှာပါပဲ။
အားဖြစ်စေတဲ့စာပေလေးအရောက်လာဖတ်တယ်။
မမချောရေ..နောက်ကျမှရောက်တယ်။

ခင်တဲ့
ခိုင်နုငယ်

ဘုရင်ကြီးရွေးတဲ့ ပန်ချီကားထဲက ငှက်ကလေးလို ပတ်ဝန်းကျင် ရှုပ်ရှုပ် ရှင်းရှင်း စစ်မှန်တဲ့ 
ြှုငိမ်းချမ်းခြင်း ရအောင်ကြိုးစားပါမယ် ....
တန်ဖိုးရှိတဲ့  စာစုအတွက် ကျေးဇူးပါမမချော...
မမချောတစ်ယောက် စစ်မှန်သောငြိမ်းချမ်းခြင်းတွေ ရရှိပါစေ...

မချောရေ...
စစ်မှန်တဲ့ငြိမ်းချမ်းခြင်းတွေ ရှာဖွေစုဆောင်းသွားတယ်နော်..

မွန်လည်း ဘုရင်ကြီး ရွေးတာ ရွေးမိမှာပါပဲ။
ဘာလို့လဲဆိုတော့ မိသားစုအရေး အေးအေးချမ်းချမ်းနဲ့ အဆင်ပြေနေမှ
ကိုယ့်အတွက်ကို စဉ်စားချင်တယ်..ဆိုတဲ့ စိတ်မျိုး ဖြစ်မိလို့ပါ ။

မမရေ..အားပေးလျှက်နော်..။
ပိုစ့်ကောင်းလေးတွေ ရေးပေးလို့ ကျေးဇူးများကြီးတင်ပါတယ်။

အင်ကြင်းသန့် said...

မမရေ....အဲဒီလိုစစ်မှန်တဲ့ငြိမ်းချမ်းခြင်းမျိုးနဲ့နေထိုင်နိုင်ဖို့ဆိုတာ အနည်းငယ်တော့ခက်မယ်ထင်တယ်နော်။ ပတ်ဝန်းကျင်ဆိုတာမျိုးက ကိုယ့်အပေါ်မှာအနည်းနဲ့အများတော့ ရိုက်ခတ်တတ်တာမျိုးပဲလေ....။ ဒါပေမယ့် နေနိုင်အောင်ကြိုးစားရမှာပေါ့နော....။း)

ညီမလေး

ဇွန် said...

စစ်မှန်တဲ့ ငြိမ်းချမ်းခြင်းတဲ့လား။ ရရှိအောင်တော့ ကြိုးစားကြရမှာပေါ့လေ...

naingminoo said...

အခုသဘာဝလောကကြီးတည်နေတာ လူတွေ ၊ တိရိစ္ဆာန်တွေ ၊ သက်ရှိသက်မဲ့ ၊ ဒြပ်ရှိဒြပ်မဲ့တွေ
ရောပွမ်းတည်ရှိနေတယ်ဆိုတာ မေ့ထားလို့မရပါဘူး ။ အဲဒီ့တော့ကိုယ်နဲ့ဆက်နွယ်နေတဲ့ သဘာဝလောက
ကြီးနဲ့အလိုက်အထိုက် နေနိင်ပြီး အပြစ်ကင်းတဲ့နေထိုင်မှုကို တည်ဆောက်နိုင်မှ တကယ်ငြိမ်းချမ်းရေးဖြစ်
နိုင်မယ်လို့ ယူဆတဲ့အတွက် ကျွန်တော်ဆိုရင် ဒုတိယပန်းချီကားကိုပဲ ရွှေးချယ်မိမှာပါ..။

ုငြိမ်းချမ်းရေး.....
လူသားအားလုံးမျှော်လင့်နေတဲ့ အရာပေါ့ ချောရယ် ... ပန်ချီးကားကိုလဲ စိတ်ဝင်စားသလို လက်တွေ့ လုပ်ဆောင်မှုလေးတွေကိုလဲ စိတ်ဝင်စားတယ် ။

ဒါပေမဲ့ ဘုရင်ကြီးရွေးသလို ကိုယ့်စိတ်ကြိုက်ကိုပဲ ရွေးတာထက် အများနဲ့ အံဝင်တာကိုရွေးမှ ငြိမ်းချမ်းရေး က ပိုစစ်မှန်ပြီး တည်မြဲမယ်လို့လဲ ခံစားမိသေးတယ် ။။ ချောရဲ့ စာကိုဖတ်ပြီး ကိုယ်တွေးချင်ရာ တွေးမိတာကိုရေးမိတဲ့အတွက် ခွင့်လွတ်နော်

kotunygn said...

:)
Good Idea ......

ပန်ချီကားဆိုတာ လောကသဘာဝအရ ပြောင်းလဲတတ်တဲ့အရာမို့ တစ်ချိန်ချိန်မှာ ကိုယ့်အတွက် နှစ်သက်စရာအရာ ဖြစ်ချင်မှဖြစ်တော့မှာ တစ်ကယ်မပြောင်းလဲနိုင်တဲ့အရာသာလျှင် ကျနော်တို့မျှော်လင့်စောင့်စာနေတဲ့အရာမို့ကျနော်ကတော့ .....