နှလုံးသားနှင့်ထပ်တူ
ကျွန်တော့် စကားကိုကြားတဲ့ ဆိုင်ရှင်အဒေါ်ကြီးက “အိုး.. ဒီလိုဆိုရင်ဖြင့် မင်းရဲ့ စန္ဒရားလက်သံကို တို့များ နားထောင်ခွင့် ရချင်လိုက်တာ… ၀ါသနာတူချင်း တွေ့ရလို့လဲ ၀မ်းသာမိပါတယ်.. မင်း မပြန်ခင် တစ်ပုဒ်လောက်တော့ တီးပြခဲ့ပါဦးနော်… ” လို့ တောင်းဆိုပါတယ်..  ကျွန်တော်ကတော့ အဒေါ်ကြီး နောက်နေတယ်လို့ ထင်မိတာပါဘဲ.. ဒါပေမဲ့ ကျွန်တော် လိုချင်တဲ့ ပစ္စည်းတွေ ၀ယ်ယူပြီးလို့ ပြန်ထွက်မယ် အလုပ်မှာ အဒေါ်ကြီးက မမေ့မလျှော့ဘဲ ကျွန်တော့ကို စန္ဒရားတီးပြဖို့ ပြန်သတိပေးပါတယ်.. ပြီးတော့ ကျွန်တော့ကို သူတို့အိမ်ရဲ့ ဧည့်ခန်းထဲကို ခေါ်သွားပါတယ်.. ဧည့်ခန်းထဲမှာတော့ စန္ဒရားအိုကြီးတစ်လုံး ရှိနေပါတယ်.. ကျွန်တော်လဲ စန္ဒရားကို တစ်ချက်ကြည့်လိုက်ရင်း ဘယ်သီချင်းတီးလုံးကို တီးရင်ကောင်းမလဲ စဉ်းစားလိုက်တော့ ဒေးဗစ်လဲန်ဇ် ရဲ့ "Return to the Heart" ကို တီးဖို့ စိတ်ကူးလိုက်မိပါတယ်..  ဒီတီးလုံးလေးဟာ ကျွန်တော်အနှစ်သက်ဆုံး၊ လက်အတွေ့ဆုံး သီချင်းလေးလဲ ဖြစ်ပါတယ်..
ကျွန်တော်ဟာ စိတ်ရော၊ လူပါနှစ်ပြီး တီးလုံးကို အာရုံစိုက်ကာ စန္ဒရားကို တီးနေမိတာ ပတ်ဝန်းကျင်ကိုပါ မေ့သွားမိပါတယ်.. ကိုယ်နှစ်သက် ၀ါသနာပါတဲ့ အလုပ်ကို လုပ်နေရရင် ပတ်ဝန်းကျင်ကိုပါ မေ့လျော့ပြီး ဈန်ဝင်သွားတတ်တာ ကြုံဖူးသူတိုင်း ခံစားနားလည်နိုင်ပါလိမ့်မယ်.. ကျွန်တော့်အဖြစ်ကလည်း ဒီလိုပါဘဲ… ကျွန်တော် အမြတ်နိုးဆုံးဖြစ်တဲ့ စန္ဒရားတီးရတဲ့အခါ သူတစ်ပါးအိမ်မှာ ရောက်နေပါလား ဆိုတာတောင် သတိမရနိုင်လောက်အောင် အရာရာကို မေ့လျော့ပြီး သီချင်းတေးသွားမှာ စီးမြောပါသွားခဲ့တာပါ..  ကျွန်တော်ဟာ စန္ဒရားကို လက်ချည်းသက်သက် တီးခတ်နေမိတာ မဟုတ်ဘဲ နှလုံးသားနဲ့ပါ တီးခတ်နေခဲ့မိတာပါ... စန္ဒရားခလုပ် အဖြူအမဲပေါ်တွေမှာ လှုပ်ရှားပြေးလွှားနေတဲ့ ကျွန်တော့်ရဲ့ လက်ချောင်းလေးတွေမှာ ကျွန်တော်ရဲ့ စိတ်ဝိဥာဉ်တစ်ခုလုံး စိမ့်ဝင်ပူးယှက်လို့ပါဘဲ… သီချင်းဆုံးသွားတော့မှဘဲ ကျွန်တော့ လက်ရှိအခြေအနေကို ပြန်သတိရလိုက်မိပါတော့တယ်.. ကျွန်တော်ဟာ သူတစ်ပါးအိမ်ထဲမှာ တီးနေခဲ့တာပါလား... အိမ်ပြန်ဖို့ စန္ဒရားခုံကနေ ကျွန်တော် ထလိုက်ပြီး ဆိုင်ရှင်အဒေါ်ရဲ့ မျက်နှာကို ကြည့်လိုက်တော့ ကျွန်တော့်ရဲ့ လက်သံအတွက် အဒေါ်ကြီးရဲ့ မျက်နှာဟာ ကျေနပ်ပီတိ ဖြစ်နေဟန်ရှိပါတယ်.. ကျွန်တော်လည်း သူ့ကို နှုတ်ဆက်ပြီး အိမ်ပေါက်ဝကို ဦးတည်လိုက်တဲ့ အချိန်မှာဘဲ အိမ်အနောက်ဘက်ကနေ “လူကလေး”  ဆိုတဲ့ အားအင်ချည့်နဲ့နဲ့ ခေါ်သံခပ်တိုးတိုးတစ်ခု ထွက်ပေါ်လာပါတယ်..
ကျွန်တော့်လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်လို့ လှည့်ကြည့်မိတဲ့အခါ   အခြားမိန်းမတစ်ယောက်ရဲ့ အကူအညီနဲ့ အတွင်းခန်းထဲကနေ ဖြေးညင်းစွာ လျှောက်လှမ်းလာနေတဲ့ တုန်ချည့်ချည့် အဖွားအိုတစ်ယောက်ကို တွေ့လိုက်ရပါတယ်..“ သာယာနာပျော်ဖွယ် ကောင်းလှတဲ့ မင်းရဲ့ စန္ဒရားသံလေးအတွက် အဖွားက ကျေးဇူးတင်ကြောင်း ပြောချင်လွန်းလို့ပါကွယ်.. အဖွားက နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လှဲနေခဲ့တာကြာပါပြီ… အိပ်ရာကနေ ထဖို့ဆိုတာ အဖွားအတွက် တကယ့်ကို ခက်ခဲလွန်းခဲ့ပါတယ်.. ဒါပေမဲ့ လူလေးရဲ့ သာယာလှတဲ့ စန္ဒရား လက်သံကို  အဖွား တကယ့်ကို သဘောကျနှစ်ခြိုက်မိပါတယ် ... အဖွားရဲ့ လက်ရှိဖြစ်နေတဲ့ ဝေဒနာတောင် နည်းနည်းတော့ သက်သာသွားတယ်လို့ ခံစားမိပါတယ်..  ဒါကြောင့် လူကလေးကို ကျေးဇူးတင်စကား ပြောချင်လွန်းလို့ အိပ်ရာပေါ်က ထလာတာပါ”  လို့ ကျွန်တော့်ကို လှိုက်လှဲငြင်သာစွာ ပြောပြီးတော့ အဖွားအိုဟာ သူ့အခန်းရှိရာဘက်ကို ဘေးလူအကူအညီနဲ့ ပြန်လှည့်ဝင်သွားပါတော့တယ်..
အဖွားရဲ့ စကားကို ကြားလိုက်ရတဲ့ကျွန်တော်ဟာ ချမ်းမြေ့ခြင်းနဲ့ ကြည်နူးပီတိဖြစ်ခြင်းကို  နက်နက်ရှိုင်းရှိုင်း ခံစားလိုက်ရပါတယ်.. ကျွန်တော်တီးလိုက်တဲ့ ဒီသီချင်းလေးကြောင့် တစ်စုံတစ်ယောက်ရဲ့ စိတ်မှာ နှစ်သက် ကြည်နူးမှုလေး ရလိုက်တယ်၊ သူခံစားနေရတဲ့ ဝေဒနာတွေ ခဏဘဲဖြစ်ဖြစ် သက်သာသွားတယ် ဆိုရင်ဘဲ အတိုင်းအဆ မရှိ ပျော်ရွှင်ကျေနပ်မိပါတယ်.. ကိုယ့်လုပ်ဆောင်ချက်၊ ကိုယ့်စေတနာကြောင့် တစ်စုံတစ်ယောက် တစ်ခုခု ရသွားခဲ့တယ်ဆိုရင် ကျေနပ်ခြင်း၊ ၀မ်းသာခြင်း၊ ချမ်းမြေ့ခြင်း စတဲ့ ပီတိတွေကို ဖန်တီးသူတိုင်းရဲ့ ရင်ထဲမှာ ခံစားတတ်ကြစမြဲ မဟုတ်ပါလား ခင်ဗျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Sang Le ရဲ့  Return to the Heart  ကို ဘာသာပြန် ခံစားရေးဖွဲ့ပါတယ်.. ကျွန်မဒီပိုစ့်လေးကို ဘာသာပြန်မိတဲ့ ရည်ရွယ်ချက်က ဒီပိုစ့်ထဲမှာ ပါဝင်တဲ့ စန္ဒရား ၀ါသနာရှင်ကောင်လေးရဲ့ ခံစားချက်ကို နှစ်ခြိုက် သဘောကျမိတာကြောင့် ဖြစ်ပါတယ်..  သူခံစားလိုက်ရတဲ့ ကျေနပ်ပီတိဟာ အွန်လိုင်းမှာ စာရေးနေကြသူတွေရဲ့ ခံစားချက်နဲ့ ထပ်တူနီးပါး တူညီလိမ့်မယ်လို့ ယူဆပါတယ်.. ကျွန်မတို့လို စာတွေရေးနေကြတဲ့ သူတွေဟာ စာလာဖတ်သူတွေ အတွက် သုတဖြစ်စေ၊ ရသဖြစ်စေ၊ ဟာဒယရွှင်ပြုံးစရာဘဲ ဖြစ်စေ၊ ဒါမှမဟုတ် အနည်းဆုံးတော့ အပျင်းပြေသွားတာဘဲ ဖြစ်စေ တစ်ခုခု ရသွားကြတယ်ဆိုရင် အချိန်ပေးပြီး  ကြိုးစား အားထုတ်ရေးသား ထားကြတာအတွက် ပီတိဖြစ်ကြရပါတယ်.. စာလာဖတ်ကြသူတွေ ဒီလို တစ်ခုခုရသွားတယ်ဆိုတဲ့ မှတ်ချက်လေးတွေဟာ ၀ါသနာပါလို့ စာရေးနေကြသူတွေအတွက် အားဆေးတစ်ခွက်လဲ ဖြစ်ကြရပါတယ်... ဒါကြောင့် ခံစားချက်ခြင်း တူညီတယ်လို့ ခံစားမိတာကြောင့် ဒီပိုစ့်လေးကို ဘာသာပြန်ပြီး မျှဝေတာ ဖြစ်ပါတယ်..
ဒီပိုစ့်ထဲမှာ ပါဝင်တဲ့  ကောင်လေး တီးပြသွားခဲ့တယ်ဆိုတဲ့  David Lanz ရဲ့  Return to the Heart စန္ဒရား လက်သံလေးကို နားဆင်ချင်သူများ ရှိခဲ့တယ်ဆိုရင် အောက်မှာ ဒေါင်းလို့ရအောင် တင်ထားပေးပါတယ်..  YouTube အဆင်ပြေသူများအတွက်တော့ YouTube Link လည်း ထည့်ပေးလိုက်ပါတယ်.. ကျွန်မကိုယ်တိုင် ဒီတီးလုံးလေးကို နှလုံးသားနဲ့ နားထောင်ပြီး ဒီပိုစ့်လေးကို ရေးဖွဲ့လိုက်ပါတယ်..  ဒီသီချင်းလေးကို မရ ရအောင် ဒုက္ခခံကာ ကူညီရှာဖွေပေးသော သူငယ်ချင်းများကို ကျေးဇူး အထူးတင်ကြောင်း ပြောပါရစေရှင်....
လေးစားချစ်ခင်စွာ
ချော(အစိမ်းရောင်လွင်ပြင်)
YouTube - Return To The Heart (Piano)
http://www.youtube.com/watch?v=w2uXeq0UrWw
29 Responses to “နှလုံးသားနှင့်ထပ်တူ”
ဒါပေါ့.. သူ့စိတ်ထဲမှာ အတော်ကိုကြည်နူးနေမယ်ဆိုတာကို ခန့်မှန်းစရာမလိုပဲကို သိသာပါတယ်....။ ကိုယ်စိတ်ရောကိုယ်ပါအားစိုက်လုပ်ထားတဲ့ကိစ္စတစ်ခု လူသားတစ်ယောက်အပေါ်မှာ အနည်းဆုံး အကျိုးသက်ရောက်မယ်ဆိုရင် ဘယ်သူမဆို ပျော်ရွှင်မယ်ထင်ပါတယ်...။
ခင်မင်တဲ့
နေ၀သန်
ဇွန် said...
မှန်တာပေါ့ မမရယ် ကိုယ်လုပ်လိုက်တဲ့ အပြုအမူလေးကြောင့် တစ်ပါးသူ စိတ်ချမ်းသာ ပျော်ရွှင် ကြည်နူးသွားတာ မြင်ရတော့ ကိုယ်လဲ ပီတိဖြစ်ရ ကြည်နူးရတာပေါ့။
ပျော်ရွှင်ပါစေ မမ
အစဉ်လေးစားလျှက်
ခံစားချက်ခြင်းတူတယ်လို့ခံစားမိပါတယ်မချောရေ..။ကိုယ့်ကြောင့်တပါးသူစိတ်ချမ်းမြေ့သွားတယ်
ဆိုရင်ဖြစ်ပေါ်လာတဲ့ပီတိအဟုန်ကလည်းတမြေ့မြေ့ပေါ့..။
(လူသားတိုင်းအခုလိုခံစားချက်လေးမျိုးဖြစ်ပေါ်ကြရင်ပျော်စရာကမ္ဘာကြီးဖြစ်လာမှာပဲနော်..)
ချစ်တဲ့
သဒ္ဓါ
shwezinu said...
မှန်လိုက်လေ ညီမချောရေ
ညီမချောရဲ့ တင်စားချက် ကလေး ကတော့ ကွက်တိပါဘဲနော် ဒီပိုစ့် လေးအတွက် ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး
စန္ဒရားတီးတဲ့ ကောင်လေးရဲ့ ခံယူချက် မချောရဲ့ ခံယူချက်တွေ နဲ့တူညီပါတယ်ဗျာ။ ကိုယ်လုပ်လိုက်တဲ့ လုပ်ဆောင်ချက် တစ်ခုကြောင့် တစ်ယောက်ယောက် ဒါမှမဟုတ် အများအတွက် ကျေနပ် နှစ်သက်မှု လေး တစ်ခုခု ရရှိသွားမယ်ဆိုလျှင်ဖြင့်.. ဝမ်းသာခြင်း၊ ပျော်ရွှင်ခြင်းများ ကို ခံစားနှစ်သက်မိမှာ အမှန်ပါဗျာ...
ခင်မင်စွာဖြင့်
ဇော်သိင်္ခ
မမချောရေ..စားကြွင်းကိုမဖတ်ခင်မှာပဲ
စန္ဒရားတီးဝါသနာပါလွန်းလှတဲ့..ကောင်လေးရဲ့ခံစား
ချက်နဲ့ထပ်တူကျစွာခံစားမိတယ်။
မမချောရဲ့စားကြွင်းကိုဖတ်လိုက်ရတော့ပိုပြီးပြည့်စုံသွားတယ်။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
zaytaryar said...
အော် .............ချောရယ်..............................................................................။
ပူးတေ said...
ကောင်းလိုက်တာ မမချော... ကိုယ်ကိုယ်တိုင်ဆိုရင်လဲ သူ့လိုပဲ ခံစားမိမှာပါပဲ.. ကိုယ်လုပ်လိုက်တဲ့ အရာတခုဟာ တဖက်လူအတွက် အကျိုးတခုခု သက်ရောက်စေတယ်ဆိုရင်ကို ကျေနပ်နေမှာပါ...သီချင်းလေး သွားနားထောင်လိုက်ဦးမယ်နော် :)
noblemoe said...
ကောင်းလိုက်တာ မမရယ်
တစ်ဦးတစ်ယောက်ကို အကျိုးပြုပေးနိုင်ရင်ဖြစ်ဖြစ် လောကအကျိုးကို တစ်ထောင့်တစ်နေရကနေ ထမ်းလိုက်တာဟာ လူဖြစ်ရကျိုးနပ်သလိုပါပဲ မိုးယူဆမိပါတယ်။ မမကိုအားကျလိုက်တာ ဒီလိုတွေရေးတတ်အောင်အများကြီးကြိုးစားရအုံးမှာ.......
သာယာချမ်းမြေ့ပါစေနော်
ိမိုး
ahphyulay said...
ဟုတ်ပါတယ် မချောရေ...
ဘလော့ ရွာ ကြီးထဲမှာ ရေးနေကြသူတွေ အားလုံးက တူညီတဲ့  ဝါသနာ တွေနဲ့ 
တစ်ခုခု လေးတော့  ပေးလိုက်ချင်တဲ့  စေတနာ လေးတွေနဲ့  ရေးနေကြ သူတွေပါပဲ။
မချော ပြောသလို ကိုယ်တိုင် လဲ အရင် ခံစား ကြည့် မိကြ မှာပါပဲ ။
တစ်ပါးသူ ရဲ့  ဟဒယ နှလုံး ကို အတိုင်းအတာ တစ်ခု အထိ ရိုက်ခတ်နိုင်
ကိုင်လှုပ် နိုင်ရင် ပဲ ပြောင်မြောက်တဲ့  အနုပညာ တစ်ခု ဖြစ်နေတော့ မှာ..။
မချောရေ....ကိုယ့်ကြောင့် တစ်ဖက်သားမှာ ပျော်ရွှင်ကြည်းနူးသွားရတယ် ဆိုရင် မိမိကိုယ်တိုင်လည်း
ပီတိ ဖြစ်ရတာ အမှန်ပါ။ဖတ်လို့လဲကောင်း၊ရည်ရွယ်ချက်လည်း ကောင်းတဲ့ ပို့စ်လေးပါ။
ပီယာနိုအရမ်းတီးတတ်ချင်တာဗျာ.. canon လို သံစဉ်လေးကို ကောင်းကောင်းတီးတတ်ချင်တယ်.. တီးတတ်သွားတဲ့ အချိန်ရောက်ရင် ကြေငြာမယ်ဗျာ.. ဘလော့အကို၊ အမတွေ မင်္ဂလာဆောင်ရင် ကျွန်တော့ကို သံချောင်းခေါက်လိုက်.. free တီးပေးမယ်.. :D
မချောရေ...
မချောရဲ့ခံစားချက်လေးကို လေးစားမိတယ်...
ထပ်တူခံစားသွားပါတယ်...
maylay said...
ချောရေ... ကိုယ်စာလာဖတ်သွားတယ်။ ချောပေးတဲ့ မက်ဆေ့ခ်ျလေးကိုလည်းကြိုက်လိုက်တာ။။။ ချော ဘာသာပြန်တာတော်တယ်။။ တခုခု ပေးချင်တဲ့ ဆန္ဒနဲ့ ရေးလိုက်တဲ့ ချောရဲ့စေတနာကိုလည်း ကျေးဇူးတင်သွားပါတယ်နော်။ သယ်ရင်း နေကောင်းတယ်ဟုတ်လား။။။ ကျန်းမာပျော်ရွှင်ပါစေနော်။ ကိုယ်လိုင်းမဝင်အားလို့ပါ။။။ ခုလိုပဲ ခဏလေးပဲ ဝင်ဖြစ်တယ်။။ ချောအောင်မြင်ပါစေ
ချောရေ...
နှလုံးသားနှင့်ထပ်တူထပ်မျှဖတ်သွားပါတယ်..။
အစစအရာရာ ကူညီတတ်တဲ့ နှလုံးသားဖြူတဲ့..
ညီမချောရဲ့ ဘ၀တစ်လျှောက်...ကျေနပ်ခြင်း၊ ၀မ်းသာခြင်း၊ ချမ်းမြေ့ခြင်းတွေနဲ့ လွှမ်းခြုံနေပါစေနော်။
ချစ်တဲ့...
မြသွေးနီ
ခေါ်န် said...
အမ
အတော်ကောင်းတယ်နော်
ညီမလေး တီးလုံးပါခံစားသွားပြီးပြီ ဟိဟိ
နောက်ကို အမြဲတမ်း comment ပေးထားခဲ့မယ်နော် အမ ...........
ကျေးဇူးတင်လျှက် .........
ညီမလေး......ခေါ်န် .............
အစ်မချောရေ....ကျနော်လည်း စန္ဒရားတီးတဲ့ကောင်လေး တစ်ယောက်ဖြစ်ချင်ပါရဲ့ဗျာ....
ဝေဒနာတွေသက်သာစေမယ်ဆိုရင်ပေါ့.....
ခင်တဲ့(ချိုကျ)
seeseinshinss said...
ဖတ်သွားပါတယ် ချောရေ စေတနာကိုလည်းလေးစားပါတယ် ဘာသာပြန်တာကိုလည်း လေးစားပါတယ် အမြဲတမ်းအားပေးနေပါတယ် ကျေးဇူးတကယ်တင်ပါတယ်
blackroze said...
မကြီးချောရေ..မကြီးချောရဲ့..စာဖတ်သူတွေအပေါ်ထားတဲ့စေတနာကိုလေးစားမိပါတယ်..
ညီမဆိုဘာသာပြန်ရေးချင်ပေမဲ့..မရေးရဲဘူး...
ကိုယ်ပေးချင်တဲ့မက်ဆေခ်ျ့ လွဲသွားမှာစိုးလို့..
မကြီးရေ..နောက်လဲဒီလိုမျိုးလေးတွေတင်ပါဦးနော်..
မကျန်းမာတဲ့ကြားက အရည်အချင်းရှိသူကို အသိအမှတ်ပြုတတ်တဲ့
အဖွားရဲ့ စိတ်ဓာတ်ကို ပိုလို့ချစ်မြတ်နိုးပါတယ်...
ခုခေတ်က ပက်ကနဲ ပြောချလိုက်ဖို့ ၀န်မလေးပေမယ့်
အသိအမှတ်ပြုဖို့ကျတော့....သူသူကိုယ်ကိုယ် တွန့်တိုနေသလားလို့
လသာည said...
တအားကို ရင်ထဲအထိ ဆွဲခေါ်သွားတဲ့ ပိုစ်လေးပါပဲ ချောရယ်..။ ချောနဲ့ ခံစားချက်ခြင်း ထပ်တူ၊ နှလုံးသားနှင့် ထပ်တူပဲ ခံစားမိတယ်။ ကြိုက်လွန်းလို့ နှစ်ခေါက်တောင် ပြန်ဖတ်ဖြစ်တယ်။ ဒီပိုစ်အတွက် ကျေးဇူး အများကြီး တင်ပါတယ်နော်..
ကိုကြည်သာ said...
ဟုတ်ပ... ဖတ်ရင်းနဲ့တောင် နှလုံးသားနဲ့ထပ်တူခံစားရရင်... ကိုယ်တိုင်းကြားလိုက်ရရင်....
ကိုယ်ပြုလုပ်ပေးခဲ့တဲ့ အပြုအမူလေးတစ်ခုကနေ
သူများကို အကျိုးဖြစ်ထွန်းစေချင်တဲ့ စိတ်ကလေးကတော့တူတူပါပဲ မချောရေ။
ဘာ လုပ် လုပ် ကိုယ့် ကြောင့် တ ခြား သူ တွေ ပါ ပျော် ရွှင် ကျေ နပ် ရ တယ် ဆို ရင်
အ ကျိုး ရှိ တာ မို့ - ဆက် ၍ ဆက် ၍ ..................
ပျော် ရွှင် ချမ်း မြေ့ နိုင် ပါ စေ။
အင်း... ဟုတ်တယ်နော် အမ။ ကိုယ့်ရဲ့လုပ်ဆောင်မှုကြောင့် တစ်ဘက်သား စိတ်ချမ်းသာသွားတယ်ဆိုရင် အရမ်းပျော်ရွှင်ကြည်နူးဖို့ကောင်းမှာ။ ကျနော်တို့ ပို့စ်ရေးနေကြတဲ့သူတွေလဲ အမပြောသလို အတူတူပါဘဲ။ သူတို့အတွက် အပျင်းပြေလေးဖြစ်ဖြစ် ပြုံးစရာလေးဖြစ်ဖြစ် တစ်ခုခုပေးနိုင်တယ်ဆိုရင် အလွန်ကို ပျော်ရွှင်ဖို့ကောင်းတာ။ အမက စဉ်းစားတတ်တယ်နော်။ အဲဒီ စန္ဒယားလက်သံလေးကို အခု ကွန်မင့်ရေးပြီးရင်း နားထောင်ဖြစ်အောင် ထောင်ဦးမယ်။ အမက ညွန်းတယ်ဆိုမှတော့ ခပ်ပေါပေါ မဟုတ်လောက်ဘူးဆိုတာ နားလည်တယ်။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
bear said...
ဒေါ်ချော နှလုံးသားနဲ့ ဖတ်သွားတယ်နော် သိလားးးးးးးးးးးး
ပို့စ်လေးထက် စာရေးသူရဲ့ ဘလော့ဂ်ဂါတွေအတွက် ဖွင့်ဆိုချက်လေးကို ပိုသဘောကျမိတယ်။ ထုတ်မပြောဖြစ်တဲ့ စကားတွေကို ကိုယ်စား ပြောပေးလိုက်သလိုပါပဲ။
ဘလော့ဂ်ဂါ စုန်းပြူး တစ်ယောက်တလေကို မေ့ထားနိင်ရင် ဘလော့ဂ်လောက ဆိုတာ ကြွားဝါမှုမရှိ ဖြန့်ဝေချင်စိတ်သာ ရှိတယ် ဆိုတာ လက်မထောင်ပြီး ပြောနိင်တယ်။
ယနေ့ ကမ္ဘာ ဟာ မျှဝေမှု ကို အလေးထားလာနေတဲ့ကမ္ဘာလို့ ထင်ပါတယ်။ online မှာက မျှဝေနေကြတာမို့ စေတနာအားဟာ ဆက်လက် ရှင်သန်နေမယ်ဆိုတာ ပေါ်လွင်နေအောင်ရေးဖွဲ့မှုကို ကျေနပ်မိပါတယ် ...
ငြိမ်းစိုးဦး
အင်ကြင်းသန့် said...
း))) ဘလော့ဂါတွေအတွက်ရေးပြထားတာလေးကို သဘောကျလို့....