ဖားကန့်ဒေသ ရေကြီးမှုမှတ်တမ်း







ကျွန်မရဲ့ဇာတိ ဖားကန့်ဒေသမှာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်လောက်က မိုးအပြင်းအထန်ရွာပါတယ်.. မိုးရွာသွန်းမှုကြောင့် ထူးထူးခြားခြား ရေကြီးတဲ့ ဖြစ်ရပ်တွေ ဖြစ်ခဲ့ပါတယ်.. ကျွန်မ ဒီအကြောင်းတွေ မရေးချင်ပါဘူး.. ကျွန်မဘလော့ လာတဲ့ သူတွေကို စိတ်ညစ်စရာ၊ စိတ်မချမ်းသာစရာ အကြောင်းအရာတွေနဲ့ ဆီးကြို ဧည့်ခံတာမျိုး မလုပ်ချင်ပါဘူး.. ဒါကြောင့် ဒီဓာတ်ပုံတွေကို မတင်တော့ဘူးလို့ စဉ်းစားမိပါတယ်.. ဒါပေမဲ့ ဒီလိုနေပြန်ရင် ကိုယ့်ဒေသအပေါ် တာဝန်မကျေရာ ကျမယ်ဆိုတဲ့စိတ်က ဖိစီးထားတော့ မနေနိုင်ဘူး ဖြစ်ပြန်တယ်.. ဒီလို ရေကြီးရေလျှံတာဟာ သဘာဝရာသီဥတုကြောင့် မဟုတ်ဘဲ လူတွေရဲ့ လောဘ၊ လူတွေရဲ့ ပယောဂကြောင့်ဆိုတာ သိစေချင်တယ်.. ဒီလိုသိလာခြင်းအားဖြင့်လည်း ဖားကန့်ဒေသမှာ စီးပွားရေး လုပ်နေကြသူများရော ဒေသခံများနဲ့ တာဝန်ရှိကြသူများပါ အားလုံး ပူးပေါင်းဆောင်ရွက်ကြမယ်၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ အသိတရားတစ်စုံတစ်ရာ ရကြမယ်ဆိုရင်ဖြင့် ဒီမက်ဆေ့ကို ပေးရကျိုးနပ်မယ်လို့ ကျွန်မ ယူဆပါတယ်..




ပြီးခဲ့တဲ့မေလတုန်းက မြေလှန်ရှာကြသူများဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်မတို့ ဖားကန့်ဒေသမှာ စက်ယန္တယားတွေနဲ့ မြေတွေကို လှန်လှော ရှာဖွေကြတဲ့ အကြောင်းနဲ့ ဥရုချောင်းတွင်းမှာ ချောင်းရေကို ပိတ်ဆို့ပြီး ကျောက်တူးကြတာတွေ၊ မြေစာပုံတွေကြောင့် ချောင်းအကျယ်နဲ့ အနက်ဟာ တဖြေးဖြေး ကျဉ်းမြောင်းလာပြီး တိမ်ကောသွားရတဲ့ အကြောင်းတွေ ပုံတွေပါဖော်ပြပြီး ရေးခဲ့ဖူးပါတယ်..( ဒီနေရာမှာ ကလစ်နှိပ်ပြီး ပြန်ဖတ်လို့ရပါတယ်.. ) ဒါတွေကြောင့်လည်း ဒေသခံ မြို့ရွာတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးဝါးလာနေတဲ့ ရေဘေးအန္တရာယ်တွေနဲ့ တွေ့ကြုံလာခဲ့ရပါတယ်.. ဒီလို ရေဘေးအန္တရာယ်ဟာ သဘာဝတရားကြောင့် ဖြစ်လာရတာမဟုတ်ဘဲ လူတွေရဲ့ ဖန်တီးမှု ဆိုးကျိုးတွေကြောင့် ဖြစ်လာရတာပါ… သဘာဝတရားကြောင့် မဟုတ်ဘူးလို့ ဘာကြောင့် ကျွန်မ အခိုင်အမာ ပြောနိုင်ပါသလဲဆိုရင် ကျွန်မငယ်စဉ်ကတည်းက နေခဲ့တဲ့ ဒေသ၊ ကျွန်မ မိဘတွေတစ်သက်လုံး နေထိုင်ခဲ့တဲ့ အရပ်ဒေသမှာ ခုလို ရေကြီးမှုမျိုးကို ဘယ်အခါကမှ မကြုံဖူးခဲ့ကြပါဘူး.. ကချင်ပြည်နယ်ဟာ မိုးများတဲ့ အရပ်ဖြစ်တာကြောင့် နေ့စဉ်ရက်ဆက် တစ်ပတ်ဆယ်ရက်လောက် ရွာတတ်တာမျိုး ရှိပါတယ်.. ဒါပေမဲ့ ဘယ်လောက်ဘဲ မိုးရွာသည်ဖြစ်စေ မြို့လယ်လမ်းမ နှစ်မြုပ်တဲ့အထိ ရေကြီးတာမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ပြန်လှန်ကြည့်မယ်ဆိုရင်လဲ မတွေ့ရပါဘူး.. ဥရုချောင်းဟာ သူ့အကျယ်နဲ့ သူ့ရေပြင် သဟဇာတ မျှတပြီးသား ဖြစ်ခဲ့ပါတယ်..





ဒီနေ့ခေတ်မှာတော့ လုပ်ငန်းရှင် ငွေရှင်ကြေးရှင်ကြီးများမှ ကုမ္ပဏီနံမည် အမျိုးမျိုးနဲ့ ၀င်ရောက်လာပြီး လုပ်ကွက်များစွာကို စက်ယန္တယား စုံလင်စွာနဲ့ အင်တိုက်အားတိုက် တူးဖော်လိုက်ကြတာ တောင်တွေက မြေပြင်ဖြစ်ပြီး ချောင်းအကျယ်က မြောင်းသာသာဖြစ်သွားပါတော့တယ်.. ဖားကန့်ဒေသတစ်ဝိုက်မှာ ရှိသမျှတောင်တွေဟာ ကုန်ခါနီး ၊ ကုန်လုနီးပါး ဖြစ်သွားပါပြီ။ ဒီအတွက် အကျိုးဆက်က နဂိုက သူ့ပတ်ဝန်းကျင်နဲ့သူ မျှတပြီးသား မြေပြင်သဘာဝဟာ လူတွေရဲ့ လောဘကြောင့် ပျက်စီးကုန်ပြီး မမျှော်မှန်းနိုင်တဲ့ ဆိုးကျိုးတွေ တွေ့ကြုံလာရပါတယ်.. တစ်မြို့တစ်ရွာက လာကြတဲ့ လုပ်ငန်းရှင်များဟာ သူတို့စီးပွားရေး ပြီးဆုံးသွားတာနဲ့ ဖုတ်ဖက်ခါပြီး ပြန်သွားကြတဲ့ တစ်နေ့မှာ ကျွန်မတို့ ဖားကန့်ဒေသမှာ ဘာတွေကျန်ခဲ့မလဲဆိုရင် ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်၊ ပျောက်ကွယ်သွားတဲ့ တောင်တန်းတွေ၊ တိမ်ကောသွားတဲ့ ချောင်းတွေ၊ အပုံလိုက်ဖြစ်ပြီးကျန်နေခဲ့တဲ့ မြေစာပုံကြီးတွေနဲ့ အတူ ဒုက္ခပင်လယ်ဝေကြမဲ့ ဒေသခံတွေ ကျန်ရစ်ခဲ့မှာပါ။ ယခင်အချိန်ကတော့ လယ်မြေတွေ၊ ယာခင်းတွေအများကြီး ရှိခဲ့ဖူးပေးမဲ့ ကုမ္ပဏီတွေက ပိုက်ဆံပေးဝယ်ပြီး ကျောက်တူးတာတွေ၊ ရွှေရှာကြတာတွေ၊ မြေစာစွန့်ပစ်တာတွေ လုပ်ကြတော့ နောင်နှစ်အနည်းငယ်အတွင်းမှာ ဖားကန့်ဒေသမှာ စိုက်ပျိုးစရာ လယ်မြေတွေ ရှိဖို့ မျှော်လင့်ချက် မရှိတော့ပါဘူး။ ဒါဟာသိပ်ကို သေချာတဲ့ အမှန်တရားပါ။




ဒီလိုဆိုရင် ကျောက်မတူးကြရတော့ဘူးလား… မေးစရာရှိပါတယ်.. တူးကြပါ.. တူးလို့ရပါတယ်.. သို့သော် ဒီနေရာမှာ ဒီလုပ်ကွက်တွေ ချပေးလိုက်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ.. အနီးအနားက အိမ်ခြေတွေ၊ ကျေးရွာတွေအတွက်  တစ်ခုခုထိခိုက်နိုင်သလား.. ပတ်ဝန်းကျင်တွေ ဆိုးဆိုးဝါးဝါး ပြောင်းလဲသွားနိုင်သလား၊  စသည်တို့ကို စဉ်စားတွက်ချက်ပြီး မိမိလုပ်ကွက်ဆွဲမဲ့ ဧရိယာဟာ ကျေးရွာအိမ်ခြေတွေနဲ့ လွတ်ကင်းမှသာ လုပ်ကွက်များကို ဆွဲသင့်ပါတယ်.. ငွေရဖို့ အဓိကဆိုတဲ့ ငွေမျက်နှာတစ်ခုတည်းကို မကြည့်ဘဲ အခြားသူများရဲ့ အကျိုးပျက်စီးနိုင် မစီးနိုင်ကိုလည်း ကြည့်ပြီးမှ မိမိအကျိုးစီးပွားကို ဆောင်ရွက်သင့်ပါတယ်.. ဒီလိုမှ မဟုတ်ခဲ့ရင်တော့ ကိုယ့်အကျိုးစီးပွား တစ်ခုတည်းအတွက် ကျန်တဲ့ လက်လုပ်လက်စား ဒေသခံ ရွာသူရွာသား လူအများတွေက ဒုက္ခရောက်ကြရပါတယ်.. ဒုက္ခလဲရောက်နေကြရပြီ ဖြစ်ပါတယ်..





ပြီးခဲ့တဲ့ ဇူလိုင်လကုန်ခါနီးမှာ မိုးအပြင်းအထန်ရွာပါတယ်.. မိုးတွင်းချိန်ခါမှာ မိုးရေတွေများစွာကို စုဆောင်းပြီး မြေကြီးတွေကို  မြောတိုက်တဲ့ကုမ္ပဏီတွေရှိပါတယ်.. တာတမံအသေးတစ်ခုလို တည်ဆောက်ပြီး မိုးရေတွေကို သိုလှောင်ထားတာပါ.. အခုလဲ ဖားကန့်ဒေသ ကုဋေမှော ကျေးရွာအနီးမှာ ရှိတဲ့ ကုမ္ပဏီတစ်ခုဟာ သူ့စီးပွားရေးလုပ်ငန်းအတွက် ရေတားတမံတစ်ခုကိုဆောက်လုပ်ပြီး မြေစာတွေကို ရေအင်အားနဲ့ မြောတိုက်ချဖို့ ရေတွေကို စုဆောင်းထားတာမှာ မိုးအပြင်းအထန်ရွာပြီး ကုဋေကျေးရွာဘက် အခြမ်းက တာတမံကျိုးပေါက်ပြီး အင်အားပြင်းထန်လှတဲ့ ရေလုံးဟာ ရွာလည်လမ်းမကြီးတစ်လျှောက် အရှိန်အဟုန်ပြင်းစွာနဲ့ စီးဆင်းကျလာပါတော့တယ်.




ရေအင်အား ဘယ်လောက်တောင် ပြင်းထန်သလဲဆိုရင် ရွာလမ်းတစ်လျှောက် ရေစီးကြောင်းတည့်တည့်မှာ ရှိတဲ့ အိမ်အလုံး ၂၀ကျော်ခန့်ဟာ မျှောပါသွားပြီး ကဋေမှော်ရွာ တစ်ရွာလုံး ရေနှစ်မြုပ်ခြင်းခံရကာ အိမ်ခြေတော်တော်များများ ပျက်စီးဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပါတယ်.. အဲဒီ ရေတားတမံကြီး ကျိုးပေါက်သွားပြီးတဲ့နောက်မှာတော့ ဖားကန့်၊ လုံးခင်း၊ မှော်စီစာ၊ ကုဋေမှော်ရွာ ၊ နန့်မဖြစ် စတဲ့ မြို့ရွာတွေဟာ ရေထဲနှစ်မြုပ်ကုန်ပါတယ်.. တစ်ချို့ရွာတွေဟာ အခုလောက် ရေကြီးတာမျိုး ဘယ်ခေတ်အခါကမှ မဖြစ်ခဲ့ပါဘူး.. ရွာတွေမှာ ကုန်းမြေဆိုတာ မရှိတော့ဘဲ အားလုံး ရေထဲကို ရောက်သွားကြရပါတယ်.. ရွာတွေ တော်တော်များများဟာ ရှိသမျှ စားစရာသောက်စရာတွေ၊ ဆန်အိတ်တွေ၊ အိမ်ပစ္စည်းများစွာ ရေထဲမျှောပါသွားတာတွေ၊ ရေစိုကုန်လို့ ပစ်လိုက်ရတာတွေ ဆန်အိတ်တွေ၊ စားသောက်ကုန်တွေ မြောက်မြားစွာပါဘဲ...  အောက်ကပုံတွေမှာ ကြည့်စေချင်ပါတယ်.. လူတွေ ဘယ်လောက် ဒုက္ခရောက်ကြမလဲဆိုတာ.. ကုမ္ပဏီက ရေတမံကြီးကျိုးပေါက်ပြီး စီးဆင်းလာတဲ့ ရေတွေဟာ ရွာကအိမ်တစ်ချို့တွေကို မျှောပါ တိုက်စားသွားစေခဲ့ပါတယ်.. ရေတွေကျသွားပြီးတဲ့ နောက်တစ်နေ့မှာတော့ ရေနစ်လို့ သေဆုံးသွားတဲ့ တိရိစ္ဆာန်တွေ၊ ရေစိုလို့ ပျက်စီးကုန်တဲ့ စားသောက်စရာတွေ ဆန်အိတ်တွေကြောင့် တစ်ရွာလုံး ပုတ်စော်နံဟောင်နေပါတော့တယ်.. ရေထဲမှာလည်း ပေါလောမျှောနေတဲ့ အကောင်ပုတ်တွေ နေရာအနှံ့ ကျန်နေခဲ့ပါတယ်.. ရေကျသွားပြီးတဲ့ နောက်မှာတော့ အိမ်တွေတိုင်းဟာ ဆေးကြောသန့်ရှင်းရေးလုပ်ကြရပါတယ်..







ကုဋေမှော် ရွာလယ် လမ်းတစ်လျှောက် စီးဆင်းလာတဲ့ ရေများ






အိမ်တွေလဲ မျှောတဲ့ဟာ မျှောပြီး မြုပ်တဲ့အိမ် မြုပ်ပေါ့





နှစ်မြုပ်သွားတဲ့ အိမ်တစ်ချို့



ရေစီးအရှိန် ဘယ်လောက်ပြင်းသလဲ.. တွက်ဆကြည့်ပါ..













ပြိုပျက်တိုက်စား မြေသားများ








လမ်းတစ်လျှောက် မြေသားတွေကို တိုက်စားပြီး နန့်မားယံချောင်းထဲကို စီးဝင်သွားပါတယ်..








ချောင်းထဲကို စီးဝင်သွားပြီးတဲ့နောက်မှာ ချောင်းကူးတံတားကြီးကို ရေအားနဲ့ တိုက်စားနေတာမို့ စိုးရိမ်တကြီး စောင့်ကြည့်နေရတဲ့ ဒေသခံများ





ကြောက်စရာ ရေလုံးများ




ကျိုးပေါက်ပြီး စီးဆင်းလာတဲ့ရေတွေဟာ နန့်မားယံချောင်းထဲကို စီးဝင်ပါတယ်.. ထိုချောင်းမှ တစ်ဆင့် ဥရုချောင်းထဲကို ပြန်လည်စီးဝင်တဲ့အခါမှာတော့ နဂိုက ချောင်းအကျယ်လဲကျဉ်းပြီး မြေစာတွေဖုံးနေလို့ ပျက်စီးနေတဲ့ ဥရုချောင်းဟာ ပြင်းထန်စွာ ရေလျှံပြီး ချောင်းတစ်လျှောက်က မြို့ရွာတွေထဲကို ရေတွေ ၀င်ကုန်ပြီး အိမ်တွေလမ်းတွေ ဆိုင်တွေအားလုံး နစ်မြုပ်ကုန်ပါတော့တယ်.. သူတို့ ဘ၀တစ်သက်လုံးမှာ ဒီတစ်ကြိမ်လောက် ရေနစ်တဲ့ ရေကြီးတဲ့အဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ဖူးပါဘူးလို့ လူကြီးသူမတွေက ပြောကြပါတယ်..






မြို့ထဲကို ရေတွေဝင်ကုန်ပြီ















လမ်းမတစ်လျှောက်က ရေပြင်ကျယ်








ဈေးဆိုင်တွေလဲ ရေထဲမှာ






မြို့လယ်လမ်းမပေါ်မှာ  လှေနဲ့ သွားနေရတဲ့ ဘဝ



အိမ်ထဲကို ၀င်ဖို့ ပုံး၂ပုံးကို လှေလိုစီးပြီး ၀င်နေရသူ





တိရိစ္ဆာန်တွေလဲ အသက်ဘေးအတွက် ရှိတဲ့ မြေသားပေါ်မှာ ခိုတွယ်နေရရှာ






ဆိုင်ကယ်ကို လူက မစီးရဘဲ ဆိုင်ကယ်က လူကို ပြန်စီးနေပြီပေါ့..





ဘုန်းတော်ကြီးကျောင်းလဲ ရေထဲမှာ










အလုံးအရင်းနဲ့ စီးဝင်လာတဲ့ ရေများ





ရေပြင်ကျယ်မှာ ကူးချည်သန်းချည်



အောက်က ပုံတွေကတော့ ကုဋေမှော်ရွာထဲကို ဖြတ်စီးသွားတဲ့ ရေတွေကြောင့် ပျက်စီးသွားတဲ့ အိမ်တစ်ချို့နဲ့ သဲမြေတွေ နစ်မြုပ်သွားတဲ့ အိမ်တစ်ချို့ပုံတွေပါ။








ရေကျသွားပြီးတဲ့နောက် အိမ်ရဲ့ သုံးပုံတစ်ပုံက သဲတွေဖုံးသွားပြီ






ရေထဲ မျှောပါမသွားဘဲ ကျန်နေတဲ့ အိမ်တစ်လုံး





















အပျက်အစီး







အခုလိုဘဲ ကိုယ်ကျိုးစီးပွားအတွက် သာဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပြီး ရပ်ရွာပြည်သူတွေကို ဥပေက္ခာပြုနေကြဦးမယ်.. ငွေမျက်နှာ ကြည့်နေကြဦးမယ်ဆိုရင် ရှေ့လျှောက် ဘာတွေဖြစ်လာမလဲ... လက်ရှိစီးပွားရေး လုပ်နေကြသူများဟာ တစ်ရပ်တစ်ကျေးကလာပြီး စီးပွားလာရှာကြတာမို့ သူတို့မှာအချိန်တန်ရင် ပြန်စရာအိမ်ရှိပေမဲ့ ကျွန်မတို့ဒေသခံတွေက ဘယ်အိမ်ကို ပြန်ကြရပါမလဲ.. ဒီပတ်ဝန်းကျင်ကို စွန့်ခွာပြီး ဘယ်အရပ်ဘယ်ဒေသကို ပြောင်းရွေ့ကြရပါမလဲ.. တစ်ချိန်မှာ တောင်တွေ တောတွေ ကုန်ဆုံးသွားသလို မြေအောက် သယံဇာတတွေလဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်.. ဒီအခါ မှော်နယ်မြေကို အမှီပြုပြီး နေထိုင်စားသောက်နေကြရသူတွေဟာ ဘာတွေများ လုပ်ကိုင်စားသောက်ကြရပါမလဲ.. စဉ်းစားစရာပါဘဲ..  လူတော်တော်များများက ခန့်မှန်းကြပါတယ်.. နောင်၁၀နှစ်ဆိုရင် ဖားကန့်က ကျောက်တွေကုန်ပြီတဲ့.. ဒီစကားကိုကြားတော့ ကျွန်မအထိတ်တလန့် စဉ်းစားလိုက်မိတယ်.. ဒီလိုဆိုရင် ငါတို့ဒေသကလူတွေ ဘာလုပ်စားကြတော့မလဲ ဆိုတာပါဘဲ.. စိုက်ပျိုးစရာမြေလဲ မရှိ၊ ရှာဖွေစရာကျောက်လဲ မရှိ၊ တောင်ယာခုတ်ဖို့ တောင်တွေမရှိ၊ ဟင်းသီးဟင်းရွက်ရှာဖွေဖို့ တောတွေ မရှိတော့တဲ့တစ်နေ့၊ အဲဒီနေ့ကို ရောက်လာမှာ တွေးပြီး ကြောက်နေခဲ့မိပါတယ်.. ဒီအတိုင်းသာ ဆက်ပြီးသွားမယ်ဆိုရင် ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်သာ ဒေသခံတွေနဲ့အတူ ထီးထီးမားမား ကျန်ရစ်ခဲ့ဦးတော့မှာပါ။




ဒီပိုစ့်ကို ကျွန်မရဲ့ မွေးရပ်မြေ ဇာတိဒေသကို ချစ်ခင်စိတ်၊ မပျက်စီးစေလိုတဲ့စိတ်၊ သဘာဝပတ်ဝန်းကျင်ကို ထိမ်းထိမ်းသိမ်းသိမ်း ဖြစ်စေချင်စိတ်နဲ့အတူ ကိုယ်ကျိုးစီးပွားကို ဆင်ဆင်ခြင်ခြင် စဉ်းစားဆောင်ရွက်စေလိုစိတ်နဲ့ ရေးသားခြင်း အသိပေးခြင်းဖြစ်ပါတယ်.. တစ်ဦးတစ်ယောက်၊ တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။






ချော(အစိမ်းရောင်လွင်ပြင်)



31 Responses to “ဖားကန့်ဒေသ ရေကြီးမှုမှတ်တမ်း”

မချောရယ်..ရေကြီးတာတွေကိုကြည့်ပြီးဘယ်လောက်များဒုက္ခရောက်လိုက်ကြမလဲလို့တွေးရင်းနဲ့တင်
ရင်ထဲမကောင်းဘူး.။
ကိုယ့်အတွက်ပဲကြည့်.. ကိုယ်ရရင်ပြီးရောဆိုပြီး တကိုယ်ကောင်းအတ္တသမား၊တွေကြောင့်
မဖြစ်သင့်တာတွေဖြစ်ကြရတာ..
နောင်၁၀နှစ်ကြာရင်ဖားကန့်ဒေသမှာနေထိုင်တဲ့သူတွေရဲ့အခက်အခဲဖြစ်လာမှာကိုကြိုတွေးပြီးရင်မောမိတယ်.။
ကိုယ်ကျိုးရှာသမားတွေ အသိဥာဏ်ဝင်လာပါ့မလား...
ချစ်တဲ့
သဒ္ဓါ

ကိုကြည်သာ said...

လောဘကြီးပီး ငွေမျက်နှာတစ်မျိုးထဲကြည့်တဲ့လူတွေ ရှိနေသေးသမျှ ဒီလိုအဖြစ်မျိုးတွေဟာ လူသိလိုက်တာတွေရှိသလို လူတွေမသိလိုက်ပဲ ပျောက်ကွယ်သွားတဲ့ ရင်နာစရာတွေလည်း အများကြီး ရှိနေမှာပါ.... မြင်ရသိရတော့ စိတ်မကောင်း မကျေနပ်တာကို တောက်ခေါက်ရုံကလွဲပီး ဘာများလုပ်လို့ရမလဲ... တနေ့နေ့ရောက်ရင်ပေါ့လေ.. ၀ဋ်ဆိုတာပြန်လည်မှာပါ သူတို့အတွက်..
ကံကြမ္မာက အဆင်သင့်စောင့်ပီး ရှိနေမယ်ထင်ပါတယ်.. စိတ်မကောင်းပါဘူးဗျာ ..ဆုံးရှုံးသွားတဲ့ မိသားစုတွေနဲ့ထပ်တူ ခံစားရပါတယ်..

တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။ နောက်ဆုံးတော့ ဒေသခံတွေဘဲ ခံကြရတယ်လေ။ စီးပွါးရေးလုပ်တဲ့သူတွေက ဘယ်သူ့မျက်နှာကိုမှ ကြည့်ကြမဲ့သူတွေ မဟုတ်ဘူး။ အမှန်ဆို အခုလို ရေတားတမံ ကျိုးပျက်လို့ အိမ်တွေရွာတွေ နစ်မြှပ်ဒုက္ခရောက်ကြတာဟာ အဲဒီလုပ်ငန်းတာဝန်ခံတွေမှာ တာဝန်ရှိတယ်။ သူတို့နှင့်တိုက်ရိုက်ပတ်သက်တယ်။ အတောင်လှတဲ့ငှက်ဟာ အတောင်ကြောင့် အန္တရာယ်ရှိနိုင်သလို...ဦးချိုလှတဲ့ သမင်ဟာ ဦးချိုကြောင့် ဒုက္ခရောက်ရသလို...ကျောက်စိမ်းထွက်တဲ့ အမတို့ ဖားကန့်ဟာလဲ အဲဒီကျောက်စိမ်းကြောင့် ဒုက္ခရောက်ကြရမှာ မြင်ယောင်ပြီး တကယ်ကို စိတ်မကာင်းဖြစ်မိပါတယ်။ ကြိုတင်ပြီး ညီညီညွတ်ညွတ်ကာကွယ်နိုင်ကြပါစေ။

shwezinu said...

ညီမချော ရေ

စိတ်မကောင်းလိုက်တာ လူတွေ တော်တော် ဒုက္ခရောက်ကြမှာဘဲ အင်း မကြုံဘူးအောင် ဘဲနော်
အေးချမ်းပါစေ ညီမရယ် အရာရာ အဆင်ပြေအောင် နတ်ကောင်းနတ်မြတ်များ ကြည့်မနေကြပါနဲ့

ရွှေစင်ဦး

ဓာတ်ပုံတွေကြည့်ပြီး တော်တော်စိတ်မကောင်းဖြစ်မိပါတယ်..မချောရေ..
ရတနာထွက်တဲ့ဒေသဆိုတော့လည်း နတ်ကြီးတာလည်းပါမှာပေါ့ ။
ဒီကြားထဲ လောဘသားတွေက တရားမရှိ ပဲ လုပ်ချင်တာ လုပ်နေကြတော့
(၇)ရက်သားသမီးတွေ ဒုက္ခရောက်ကြရတော့တာပေါ့..
အဲလိုနေရာဒေသတွေမှာ နေတဲ့သူတွေအတွက် ကိုယ်ချင်းစာမိပါတယ်..။
ရွှေစက်တော်မှာ ရေကြီးတုန်းကလိုပေါ့...အဲလိုနေရာတွေက အမှားမခံဘူးလေ...။

မြန်ပြည်တခွင် စိမ်းစို လန်းဆန်း...ပျော်ရွှင်သာယာ စေ ချင် ပါသည်။
ထို့ကြောင့်.... အသန့်စင် ဆုံး ဆုတောင်း နှင့် နွေးထွေးသော မေတ္တာ ပေး ပို့ ပါ သည်။
တို့မြန်ပြည်သူ/သား တွေ ဘေးဘယာ ဝေးကာလို့ ပြုံးပျော် ရွှင်လန်း ၊ တဦး နဲ့ တဦး စာ နာ ထောက် ထား ကူ ညီ ရိုင်း ပင်း နိုင် ကြပါစေ သား။ ပျော်ရွှင်ခြင်း တံ တား တွေ ပေါင်း ကုး ယှက် နွယ် ခိုင် မြဲ နိုင် ကြ ပါ စေ သား။

with reps;

စိတ်ညစ်မိပါတယ်.. သတင်းတွေကိုကြားပြီးတော့ ပုံလေးကိုမြင်လိုက်ရတာနဲ့ အတိဒုက္ခ ဘယ်လောက်ရောက်မလဲဗျာ....

ခင်မင်တဲ့
နေ၀သန်

အတော်ကြောက်စရာ စိတ်ပျက်စရာပါပဲ အမရေ ။ လူနည်းစု ရဲ့ လောဘ ကလူအများအတွက် ဒုက္ခဖြစ်လာနိုင်တယ်နော်...

လသာည said...

ရေတော်တော်ကြီးတာပဲ..။ အခုလိုတင်ပေးတာ ကျေးဇူးအများကြီးတင်ပါတယ်..။ ဒီလိုသတင်းအတိအကျက မချော တင်ပေးလို့သာ သိရတာလေ။ စိတ်ညစ်စရာတွေ တင်တယ်လို့ မတွေးပါဘူး။

သူတို့တွေ သနားပါတယ်နော်။ ဘယ်လောက်များ သောကတွေ ရောက်နေကြလိမ့်မလဲ..

မချော

ရောက်ခဲ့ဖူးတဲ့နေရာလေးကို စိတ်မကောင်းစွာနဲ့ ကြည့်သွားခဲ့ပါတယ်
သဘာဝတရားကလည်း မတော်မတရားတွေ အပြုခံရဖန်များတော့
ဖောက်လွဲဖောက်ပြန် ဖြစ်ကုန်ပြီပေါ့.....
တကယ် စိတ်မချမ်းမြေ့စရာပါပဲ။
ခမြာ ဒုက္ခရောက်ကြရရှာပြန်ပြီပေါ့။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ahphyulay said...

စိတ်မကောင်းစရာပဲ မမချော ရေ ...
တနပ်စား သမားတွေ အုပ်ချုပ် နေတဲ့  အချိန်မှာ ကိုယ်ကြိုး သာ ကြည့် တတ် တဲ့ 
တစ်ဘို့  ထဲ သာ ရှိတဲ့  ဝိသမ သမား တွေ က မချော တို့  ဖားကန့်  ဒေသ တင်မဟုတ်
ဟိုး တစ်လောက ကြား လိုက်တာ ပုပ္ပား ဒေသ မှာ မောင်တေဇ ကို လက်ဖက် ဆိုက်ဖို့  အကွက်
လဲ ချပေး လိုက်ရော ဘူဒိုဇာ နဲ့  အကုန် မြေလှန်လိုက် တာလေ ၊ ရေထွက် တွေ ကုန် ပါ ရောလား..၊
နှစ်အဆက်ဆက် က နာမည် နဲ့  ကျော်ကြား လာ ခဲ့  တဲ့  “ ဖားကန့် ” ဒေသ အတွက် ...

စိတ်မကောင်းဖြစ်မိတယ် အစ်မရယ်...ထိမ်းဖို့သိမ်းဖို့မေ့များနေကြလားမသိ :( မေ့ချင်ယောင်ဆောင်တာလည်းဖြစ်နိုင်တာပဲ :)

ခင်တဲ့(ချိုကျ)

ချောရေ...လောဘတွေများ ကြောက်စရာ တယ်ကောင်း...။ ဒီလိုရတနာ ထွက်တဲ့နေရာတွေက လောဘကြီးလို့ မရဘူးလို့ ကြားဖူးတယ်။ ဒေသခံတွေ သနားပါတယ်၊ ချောရဲ့ ဒေသချစ်စိတ်လေးကို ဒီပိုစ့်မှာ အထင်းသား တွေ့လိုက်ရတယ်....:)

စိတ်မကောင်းစွာနဲ့ပဲ ပုံတွေ ကြည့်သွားပါတယ်ဗျာ.. အမြန်ဆုံး သာယာချမ်းမြေ့ကြပါစေလို့လဲ ဆုတောင်းပေးသွားပါတယ်ခင်ဗျာ..

ဒီလိုနဲ့ပဲ တနိင်ငံလုံးလည်း ကုန်မှာပါပဲ...။ လူတန်းစား ကွာဟချက်တွေလည်း မိုးနဲ့မြေလို ဖြစ်နေပြီ။ ကျောက်တူးတဲ့ သူဌေးတွေက မြို့ပေါ်မှာ ဇိမ်ကျနေတုန်း ဒေသခံတွေက ငရဲပျက် သလို ဖြစ်နေရရှာပြီ။ ပုံတွေက ငြင်းမရအောင်ကို ကွင်းကွင်းကွက်ကွက်နဲ့မို့ အမှန်တကယ် စိတ်မကောင်း ဖြစ်မိတယ်။ အဲဒီနေရာမှာ ကိုယ့်မိသားစုသာ ရှိနေရင် ဆိုတာတောင် မတွေးဝံ့ဘူး။ ငွေဆိုတာ လူတိုင်းနီးနီး သည်းခြေကြိုက် ဆိုပေမယ့်
စီးပွားရေးသမားတွေလည်း သူ့ဘက်ကိုယ့်ဘက် ကြည့်စေချင်တယ်။

zaytaryar said...

အရမ်းမူးတယ် ဇေကသိပ်ပျော်တာရေတတ်ရင် ၊ မိုးရွာရင်မိုးရေချိုးမယ် မေမေလာရင်နို့စို့မယ် ဖေဖေလာရင်အုန်းသီးခွဲစားမယ် ၊ ရေတတ်လာရင်လှေစီးမယ် ၊ လေတိုက်လာရင်စွန်တွေလွတ်ပါမယ်။။။

ဟင်းးးး အဲ့လိုတွေတွေ့ရတိုင်း ရင်မောတယ် ။ စိတ်လဲမကောင်းဘူး ... ။ ကိုယ်တို့တွေ ဘာတတ်နိုင်သလဲ၊ ဘာလုပ်ပေးနိုင်သလဲ ဆိုတာသာ စဉ်းစားမိတယ် .......ကိုယ်တို့ ကမ္ဘာကြီးမှာ အဲ့လို မြင်ကွင်းတွေ မြန်မြန်ပျောက်ကွယ်ပါစေ ။။

အရမ်း စိတ်မကောင်းစရာပါ ပဲဗျာ.. ကျွန်တော်လည်း ရေဘေးတစ်ခါမိဖူးတယ်.. ကိုယ်ချင်းစာတယ်ဗျာ..

ပုံတွေကြည့်ပြီး မမချောစာတွေဖတ်ရတာ ရင်ထဲထိခိုက်လိုက်တာ... ဒေသခံတယောက်ရဲ့ ခံစားချက်ကို ဒေသခံတွေရဲ့ ရင်ထဲက ခံစားချက်တွေကို နားလည် ခံစားပေးလို့ရပါတယ်... ဒေသခံမဟုတ်ပေမယ့်လဲ ကိုယ့်နိုင်ငံဆိုတဲ့ အသိနဲ့ ကိုယ့်နိုင်ငံက လူတွေ ဒီလို ဒုက္ခတွေ ခံစားနေရတာကို မြင်ရကြားရတာနဲ့ တင် မမချောလောက် နီးနီးခံစားရပါတယ်...နာဂစ် နဲ့ တရုတ်ပြည် ငလျင် ကိစ္စပြီးကတည်းက တကမ္ဘာလုံးက အပြစ်မဲ့တဲ့လူဖြစ်ဖြစ် အပြစ်ရှိတဲ့လူဖြစ်ဖြစ် လူတွေ သတ္တဝါတွေကို ဒီမျိုးအဖြစ်တွေ ထပ်မဖြစ်စေချင် ထပ်မကြားချင်တော့ဘူး....

ကမ္ဘာသူ ကမ္ဘာသား အားလုံး ဘေးအန္တရယ်ကင်း ငြိမ်းချမ်း သာယာကြပါစေလို့ပဲ ဆုတောင်းနေရတာပါပဲ... ဒီလို အနိဌာရုံတွေ ဘယ်သူကိုမှ မတွေ့စေချင် မခံစားစေချင်တော့တာ ရင်ထဲက ဆန္ဒအမှန်ပါပဲ

ချောရေ...
ချောရေးမယ်ဆိုလည်းရေးချင်စရာ။ တော်တော်ကို ဆိုးဆိုးဝါးဝါးဖြစ်ခဲ့တာပါလားနော်။ ၀ိသမလောဘသားတွေကတော့ ဘယ်မျက်နှာမှမထောက်ညှာပဲ မိမိအထ္ထရှေ့တန်းတင်ပြီး လုပ်နေကြမှာပါဘဲ။ သူတို့ရဲ့ အထ္ထတွေကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ အလှတရားတွေ ပျက်စီးယိုယွင်းရတာ သိပ်ကို နှမြောဖို့ကောင်းလှသလို.. သူတို့ကိုလည်း ဒေါသထွက်ဖို့ ကောင်းလှတယ်။ ဒေသအပေါ်မှာထားတဲ့ ချောရဲ့ စိတ်စေတနာကောင်းလေးကို မြင်ခွင့်ရလိုက်တယ်။ လေးစားပါတယ်ချောရေ..။

မြင်၇တာစိတ်မကောင်းဘူး..အင်း ဘယ်တော့များမှ ဒီဘဝတွေကလွတ်နိုင်မလဲနော်။

မမချောရေ..
စိတ်ညစ်စရာလို့မမြင်မိပါဘူး။ မမချောတင်ပေးမှသာဒီလိုအခြေအနေမျိုး
တွေတဆင့်နဲ့တဆင့်လက်ဆင့်ကမ်းမိကြမှာမဟုတ်လား။
အင်း..စီးပွားရေးသမားတွေအတွက် ငွေဆိုတာသည်းခြေခိုက်ဆိုပေမယ့်
ရှဉ့်လည်းလျှောက်သာ။ပျားလည်းဆွဲသာလုပ်သင့်တယ်။
မြင်ကွင်းတွေကိုမြင်ရတာ။ စိတ်နှလုံးမအေးချမ်းလိုက်တာ..
လူအသေအပျောက်တွေကောရှိသေးသလားမမချောရေ..အသက်ဘေးအန္တရာယ်မှကင်းဝေးကြပါစေ။

ခစ်တဲ့
ခိုင်နုငယ်

မချော ..
website မှာပဲ တင်ထားတော့ အင်တာနက်သုံးသူလောက်ပဲ ဖတ်နိုင်မှာ၊
ရေးထားတာ အချက်အလက်တွေကလဲ စုံ၊ တကယ်ဖြစ်ခဲ့တာ၊ ဖြစ်နေတာ၊ ဖြစ်ဦးမှာ ဒီဆောင်းပါးလေးကို ပြည်တွင်းက ဂျာနယ်တွေကို ပို့ရမှာ၊ မပို့ဘူးလား၊ ပို့ပြီးပြီလား၊
မဟုတ်ရင် ပို့ပေးဖို့တစ်ယောက်ယောက်ကို မေးပေးရမလား၊
ဂျာနယ်မှာဆို လူပိုသိတယ်၊ ဒါတွေက တားဆီးရမှာ၊ နည်းလမ်းရှာနိုင်ကောင်းပါရဲ့၊
အကြောင်းပြန်ပါဦးနော်
ခင်မင်လေးစားတဲ့
ဖြိုးဖြိုး

ချော said...

ဖြိုး
အီးမေလ်းနဲ့ အကြောင်းပြန်ပါမယ်...
အကြံပေးတာ ကျေးဇူးအများကြီးတင်ပါတယ်နော်.. စိုးရိမ်ပူပန်ကြတဲ့ သူငယ်ချင်းများ အားလုံးကိုလဲ ကျေးဇူးပါနော်..

jr said...

ဂျူက ဖားကန့် မရောက်ဖူးပါဘူး။
ဖားကန့်မှာ ရေကြီးတတ်တယ်ဆိုတာ မသိဘူး။
ခုမှသိတာ။ စာတွေရော ပုံတွေရော ဖတ်သွားပါတယ်။
း)

ပြည့်စုံ said...

စိတ်မကောင်းဖြစ်မိပါတယ် မချောရေ....ဓာတ်ပုံတွေကြည့်ရတာနဲ့တင် ဘယ်လောက်ဆိုးရွားသလဲသိနေရပါပြီ.....
ဖားကန့်ကဒေသခံတွေနဲ့နေတဲ့သူတွေတွေ့ကြုံနေရတဲ့ဒုက္ခတွေကနေ အမြန်ဆုံးကင်းလွတ်ကြပါစေဟဆုတောင်းရုံမတပါး...........

လေးလေးနက်နက်ရေးထားတဲ့ စာလေးကို ဖတ်ပြီး မျှဝေခံစားသွားပါတယ် ချောရေ။
သဘာဝတရားကတော့ သတိပေးနေပြီနော်.... ခံစားရတဲ့သူတွေလည်း နာလှပြီ။ ကိုယ်ကျိုးတခုတည်းကြည့်တဲ့သူတွေ အချိန်မီ အသိတရားဝင်ပါစေလို့ ဆုတောင်းရုံမှတပါး......

အင်ကြင်းသန့် said...

ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စိတ်ဓါတ်နဲ့ လူတွေ၊ ကိုယ်ကျိုးစီးပွားအတွက်သာ ကြည့်တတ်တဲ့လူတွေ များပြားလာတဲ့အခါ ရလဒ်က ဒီလိုမျိုးတွေဖြစ်လာတော့တာပဲ။ ဒေသခံတွေအတွက် ရင်ထဲမှာ တကယ်မကောင်းဘူး။ ဘယ်သူမှ မတတ်နိုင်ကြတော့ဘူးလား။း(

မေဇွန် said...

ဒေသခံတွေအတွက် ရင်လေးမိပါတယ်အမရေ...ပြီးတော့ ကိုယ်ချင်းလည်းစာမိတယ်..လူတွေရဲ့ လောဘတွေဟာ အရမ်းကိုကြောက်စရာကောင်းတယ်နော်....အတ္တတွေကြီးလိုက်ကြတာ...

Moe Thandar Hlaing said...

ဒါမျိုးတွေလုပ်နေသရွေ့တော့နောင်ထပ်နာဂစ်တွေရှိလာဦးမှာပဲ..

Data Entry said...

This is a good blog. Keep up all the work. I too love to blog. This is great everyone sharing opinions :)