မမျှော်လင့်ခဲ့လေသော



အိမ်မှ ဆေးရုံသို့ ကားကို မောင်းလာရာ လမ်းတစ်လျှောက် ကလေးများအား စိတ်မချနိုင်ခြင်းများစွာဖြင့် ကျွန်မမှာ အထပ်ထပ်အခါခါ မှာကြားနေမိသည်။ ယခု ကျွန်မ၏ကလေးများ သွားတွေ့ရမည့် အမျိုးသမီးမှာ ကျွန်မ မိတ်ဆွေတစ်ယောက်ထံမှတစ်ဆင့် သိကျွမ်းခင်မင်ခဲ့ရကာ အာခေါင်တွင် ဖြစ်နေသော ကင်ဆာရောဂါကြောင့် ဝေဒနာကို အပြင်းအထန် ခံစားနေရကာ ဆေးရုံပေါ်တွင် ရောက်နေသော အဲန်နီဆိုသည့် အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ ကျွန်မက အားချိန်များတွင် ဆေးရုံသို့ အမြဲလိုလို သွားရောက်ကာ အားပေးကူညီတတ်ပြီး သူ့လိုအပ်ချက်လေးများကို လူသားချင်း စာနာထောက်ထားစိတ်၊ ခင်မင်ကြင်နာစိတ်ဖြင့် ကူညီပေးနေခဲ့မိပါသည်။ ကျောထောက်နောက်ခံမရှိ၊ စောင့်ရှောက်သူ အမျိုးအဆွေ မရှိသော တစ်ကောင်ကြွက် အဲန်နီကလည်း ကျွန်မကို ပြန်လှန်အားကိုး ခင်မင်နေသူဖြစ်သည်။ အဲန်နီ့ဆီ သွားရောက်ချိန်တိုင်းလည်း စကားစပ်မိကြလျှင် ကျွန်မ၏ သားသမီးများအကြောင်း အဲန်နီကို မကြာခန ပြောပြတတ်သောကြောင့် ကျွန်မတွင် သားတစ်ယောက် သမီးတစ်ယောက် ရှိသည်ကိုသိထားသော အဲန်နီက သူတို့လေးတွေကို ဆေးရုံသို့ ခေါ်လာရန် တောင်းဆိုလေသည်။ သားသမီးမရှိရှာသော အဲန်နီက ကလေးများကို ချစ်တတ်သူလည်း ဖြစ်သည်လေ။

“အင်း ဒါပေမဲ့ ကလေးတွေက ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ ကျွန်မမျက်နှာကို မြင်တာနဲ့ လန့်ကြတာ များပါတယ်လေ. တကယ်လို့ သူတို့က မတွေ့ရဲဘူး ဆိုရင်တောင် ကျွန်မ နားလည်ပါတယ်လေ… ကလေးတွေက မတွေ့ချင်ဘူးဆိုရင်တော့ ခေါ်မလာပါနဲ့တော့နော်” ဟု ဆက်၍ ပြောလိုက်သော အဲန်နီ၏စကားက ကျွန်မ၏ရင်ထဲကို ဆို့နင့်သွားစေခဲ့သည်။ ကြည့်ရှုစောင့်ရှောက်သူ၊ စိုးရိမ်ပူပန်မဲ့သူ မရှိ၊ အထီးကျန်ဆန်လွန်းလှသော တစ်ကောင်ကြွက် အဲန်နီ၏အဖြစ်နှင့် ယခု သူမ ပြောလိုက်သော စကားတို့က  ကျွန်မ ရင်ထဲတွင်ရှိသော ကရုဏာစိတ်ကို တစ်ဖွားဖွား ဖြစ်ပေါ်လာစေမိသည်။ သို့နှင့် သားနှင့်သမီးတို့ကို အဲန်နီနှင့် ပေးတွေဖို့ သူမဆုံးဖြတ်လိုက်လေသည်။

သားနှင့်သမီးကိုလည်း သူတို့သွားတွေ့ရမည့် အဲန်နီ၏ ကင်ဆာရောဂါဖိစီးမှုကြောင့် ပိန်လှီမွဲခြောက်ပြီး ဆိုးဆိုးဝါးဝါး ရုပ်ပျက်နေသော ပုံပန်းသဏ္ဍာန်ကို ကြိုတင်မြင်ယောင်စေရန် ပြောပြထားရသည်။ မဟုတ်လျှင် အဲန်နီ့ကို ရုတ်တရက်တွေ့လိုက်ပါက ကလေးများ အထိတ်တလန့်ဖြစ်ခဲ့လျှင် အားနာစရာ၊ မျက်နှာပူစရာ ကောင်းမည် မဟုတ်ပါလား။

“ သားနဲ့သမီးရေ.. အန်တီအဲန်နီက သူ့ခံတွင်းမှာဖြစ်နေတဲ့ ကင်ဆာကြောင့် မျက်နှာကလည်း ကြည့်ရတာ တော်တော်ရုပ်ဆိုးနေတယ်..  ကလေးတွေ တော်တော်များများက သူ့ကိုမြင်လိုက်တာနဲ့ လန့်ကြတယ်.. သားနဲ့သမီး သူ့ကိုတွေ့ရင် အထိတ်တလန့် မဖြစ်ကြနဲ့နော်။ သား ဒေးဗစ် လွန်ခဲ့တဲ့ မနှစ်က သားနဲ့ မေမေတို့ ကြည့်ကြတဲ့ တီဗီဇာတ်လမ်း တစ်ခုမှတ်မိလား ကောင်လေးက ရောဂါတစ်ခုကြောင့် မျက်နှာပျက်စီးပြီး ကြောက်စရာ ဖြစ်နေတာလေ”

“ ဟုတ်ကဲ့ မေမေ .. သားမှတ်မိပါတယ်..  သား မေမေ့မိတ်ဆွေကို ဘယ်လိုပုံစံမျိုးနဲ့ တွေ့ရမယ်ဆိုတာ သိတယ်လို့ ထင်ပါတယ်မေမေ”

သားရဲ့လေသံကို နားထောင်ခြင်းအားဖြင့် အကျယ်တ၀င့်ရှင်းပြနေဖို့ မလိုမှန်း ကျွန်မ သဘောပေါက်လိုက်ပါသည်။

“မေမေ.. အာခေါင်ကင်ဆာဆိုတာ ဘယ်လိုမျိုးလဲဟင်”

ကိုးနှစ်အရွယ် သမီးလေး ဂျနီဖာက မေးလာသည်။ ထိုအမေးကို ဖြေဖို့ တော်တော်စဉ်းစားနေမိပါသည်.. သမီးလေးဟာ အဲန်နီကို တွေ့တဲ့အချိန်မှာ ကြောက်ရွံထိတ်လန့်တာ၊ ရွံရှာတာမျိုးလည်း ကျွန်မက မဖြစ်စေချင်ပါ။ နောက်ပြီး ကလေးတစ်ယောက်၏ အသိစိတ်တွင် ထိတ်လန့်ဖွယ်ကောင်းသည့် ရောဂါဆိုးအကြောင်း သိသွားပြီး တုန်လှုပ်တာမျိုးလဲ မဖြစ်စေချင်သောကြောင့် သက်တောင့် သက်သာဖြစ်စေမည့် စကားကိုသာ ရွေးချယ်မိပါတော့သည်။

“အာခေါင်ကင်ဆာဆိုတာ ပါးစပ်ထဲမှာ အကြိတ်တွေ ပေါက်တာမျိုးပေါ့ကွယ် သူက လျှာတွေကို စေးကပ်သွားစေပြီး စကားပြောဖို့ ခက်ခဲလာစေတယ်လေ.. သမီး အဲန်နီကိုတွေ့တဲ့ခါ မြင်ရပါလိမ့်မယ်.. ရုပ်ဆိုးနေတဲ့ မျက်နှာကို။ ဒါပေမဲ့ သမီး မကြောက်ရဘူးနော်။ အန်တီ အဲန်နီကိုတွေ့ရင် သူ့မျက်နှာကို သေချာမကြည့်နဲ့နော်။ သူ့မျက်နှာကို သေချာမကြည့်ရင် သမီးကြောက်တော့မှာ မဟုတ်ဘူးလေ။ နားလည်တယ်နော် သမီး”

သမီးလေးက နားလည်ကြောင်း ခေါင်းကို ညိတ်ပြပါသည်။ သို့သော်လည်း သမီးလေးက ကင်ဆာဆိုတာ ဘယ်လိုရောဂါလဲဟူ၍ စဉ်းစားပုံဖော်နေမှာတော့ သေချာပါသည်။

ဆေးရုံနှင့် နီးလာချိန်မှာ ကလေးတွေကို ထပ်ပြီး သတိပေးလိုက်မိပါသည်။

“သားနဲ့သမီးတို့ အန်တီအဲန်နီကိုတွေ့ဖို့ အဆင်သင့်ဖြစ်နေပြီလား” ကားဆံခါးကို ဆွဲဖွင့်လိုက်ရင်း ကလေး၂ယောက်ကို ကားအပြင်ဘက် ဆွဲထုတ်လိုက်ကာ မေးလိုက်မိပါသေးသည်။

“ အဆင်သင့်ပါဘဲ မေမေ” မိခင်စိတ်ပူမှာကို သိတတ်စွာ ဘာမှ မဖြစ်လေဟန်နဲ့ သားလေးက ပြောလိုက်ပြီး သမီးလေးကတော့ ခေါင်းလေးကိုညိတ်ပြကာ “မပူပါနဲ့မေမေရဲ့… သမီးမကြောက်ပါဘူး” ဟူ၍ပင် စိတ်ပူနေမည့် ကျွန်မကို ပြန်ပြီး နှစ်သိမ့်လိုက်ပါသေးသည်။

ဆေးရုံ၏ ဧည့်ခန်းကို ဖြတ်ကျော်လာပြီးနောက်တွင် အဲန်နီ၏ အခန်းကို ရောက်ချိန်တော့ ကုတင်ပေါ်တွင် ကျောမှီပြီးထိုင်နေသော အဲန်နီကိုတွေ့ရပြီး သူ့ပေါင်ပေါ်မှာတော့ ပိုစ့်ကဒ်ကလေးတွေ ရှိနေကာ ကြည့်ရသည်မှာ သူငယ်ချင်းတွေဆီက ဆုတောင်းပေးပို့သော ကဒ်လေးတွေ ဖြစ်ပုံရပါသည်.. မလိမ်မညာတမ်းပြောရရင် ကလေးတွေရဲ့လက်ကိုဆွဲပြီး အဲန်နီ၏ ကုတင်ရှိရာကို တိုးကပ်လာမိရင်း စိတ်ထဲမှာလည်း ကလေးတွေဆီမှ တစ်ခုခုအထိတ်တလန့်အသံများ ထွက်လာလေမလား ဆိုသည့် စိုးရိမ်စိတ်ကို သတိထားရင်း ပူပန်စိတ်တွေနဲ့ ရောက်ယက်ခတ် နေခဲ့မိတော့သည်။

ကလေးတွေ ပါလာသည်ကို မြင်လိုက်သည်နှင့် အဲန်နီ့ မျက်နှာ ၀င်းပသွားပါသည်။ “ အိုး ကလေးတွေပါ ပါလာတာကိုး။ သားတို့ သမီးတို့လာတာ ၀မ်းသာလိုက်တာ”  ဟူ၍ တကယ့်ကို ပျော်ရွှင် လှိုက်လှဲစွာ ပြောလိုက်ပါသည်။ ထိုသို့ အားရ၀မ်းသာ ပြောလိုက်သောအသံသည်ပင် မပီမသ ထွက်ပေါ်လာခြင်းဖြစ်လေသည်။ ထိုစဉ်မှာ ပါးစပ်မှ မကြာခနစီးကျလာတတ်သော တံတွေး(သွားရေ) များကိုသုတ်ရန် အဲန်နီ၏ ပါးစပ်ကို ဖုံးထားသော တစ်ရှူးစမှာ လွှင့်ကျသွားပြီး နောက်တွင်တော့ မဲ့ရွဲ့ တွန့်လိမ်နေသော အဲန်နီ၏ ပါးစပ်နှင့် မျက်နှာပြင်သည် ဘွားခနဲ ပေါ်လာတော့သည်။ ကျွန်မ စိတ်ပူစွာဖြင့် အထိတ်တလန့် ကြည့်နေစဉ်မှာဘဲ ဒေးဗစ်သည် ခြေလှမ်းကြဲတွေနှင့် အဲန်နီရှိရာသို့ လျှောက်သွားကာ သူ့လက်ကလေးတွေဖြင့် အဲန်နီ၏ ပုခုံးကို သိုင်းဖက်လိုက်ပြီး အဲန်နီ၏ မျက်နှာနှင့် သူ၏ပါးပြင်ကို ထိကပ်၍ နှုတ်ဆက်လိုက်ပါတော့သည်။

ထို့နောက်တော့ အဲန်နီ၏ မျက်နှာကို ပြုံးပြီး ကြည့်လိုက်ကာ “ကျွန်တော်လည်း အန်တီအဲန်နီနဲ့ တွေ့ရတာ အရမ်းကို ၀မ်းသာပါတယ်ခင်ဗျာ” လို့ပြောလိုက်ပါတော့သည်။ အိုး ဘယ်လောက်တောင် လိမ္မာသိတတ်ပြီး ဂုဏ်ယူဖို့ကောင်းလိုက်တဲ့ သားလေးလဲနော်။

သမီးလေး ဂျနီဖာကလည်း သူ့အစ်ကို ပြုလုပ်သည့်အတိုင်း အဲန်နီကို ပွေ့ဖက်လိုက်ပြီး  နှုတ်ဆက်ပြန်ပါသည်။ ထို့နောက်တွင် အဲန်နီ၏ လက်ကလေးများကိုကိုင်ကာ သူမကုတင်ဘေးတွင် ၀င်ထိုင်လိုက်ကြပြီး စီးကျလာသော အဲန်နီ့ပါးစပ်မှ တံတွေးများကို တစ်ရှူးစဖြင့် တို့သုတ်ပေးနေလေတော့သည်။ မျှော်လင့်မထားသော သားနှင့်သမီးတို့၏ လှိုက်လှဲပြီး ရင်းနှီးနွေးထွေးသော၊ ကြင်နာသော အပြုအမူတို့ကြောင့် အဲန်နီ့ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပါသည်။  သားနှင့်သမီးထံမှ ထိုသို့ ကြင်နာ ယုယတတ်လိမ့်မည် ဟူ၍ပင် မျှော်လင့်မထားမိခဲ့သော ကျွန်မမှာ ထိုမြင်ကွင်းကို ကြည့်နေရင်း  ကြည်နူးမှု၊ စိတ်လှုပ်ရှားမှုတို့နဲ့အတူ လည်ချောင်းထဲတွင်ပင် ဆို့ကြပ်လာမိပါသည်။ ကျွန်မ သားနှင့် သမီးအတွက် ဘာမှ စိတ်ပူစရာ မလိုတော့ပါ။ သူတို့လေးတွေသည် လူသားချင်း စာနာထောက်ထားမှု၊ အားနည်းသူကို ဖေးမညှာတာတတ်မှု စသော အသိစိတ်များကို သင်ပေးစရာမလိုဘဲ သိနှင့်နေသူများသာ ဖြစ်နေသည် မဟုတ်ပါလား။

အားနည်းသူ၊ လိုအပ်နေသူများကို တတ်စွမ်းသမျှ ဖေးမကူညီတတ်ဖို့ ကျွန်မတို့ရဲ့ စိတ်နှလုံးများကို အသင့်ပြင်ဆင်ကြပါစို့ရှင်။

Victoria Harnish Benson ရဲ့ The hug of a child ကို ဆီလျှော်အောင် ဘာသာပြန်ပါသည်။




photo from google

35 Responses to “မမျှော်လင့်ခဲ့လေသော”

noblemoe said...

နှလုံးလှပိုစ့်လေးတွေအမြဲတင်တင်တတ်တဲ့မမရေးးးးးးးးး
မမကြောင့် အမေပြောဖူးဒါလေး သတိရမိတယ်။ လူသားတွေမှာ သိမ်မွေ့တဲ့နှလုံးသားတွေက လူသားတွေကို ခွန်အားတစ်ခုပေးစွမ်းနိုင်တယ်နော်...
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဟုတ်ပါတယ် မမချော..
ရောဂါဖြစ်နေချိန် အနားမှာ တစ်ယောက်ယောက်ရဲ့ အားပေးမှုက..
ရောဂါတစ်ဝက်ကို သက်သာစေတယ်။ လူနာအတွက် အင်အားတွေ ဖြစ်စေတယ်။
နာမကျန်း ဖြစ်နေသူတွေကို အနွေးထွေးဆုံး အားပေးစကား များများပြောဖို့ လိုအပ်ပါတယ်။။

မမချော ပိုစ့်လေးအတွက် ကျေးဇူးတင်ပါ၏။
မမချ

စာလုံးပိုသွားတယ် မမရေ..အောက်နားမှာ..
sorry ပါ မမ..။

ယွန်း said...

အရမ်းကောင်းတဲ့ ပို့ စ်လေးပဲနော်..လူတွေအားလုံး အဲလိုစာနာစိတ်၊နွေးထွေး ယုယတတ်တဲ့
စိတ်လေးတွေ ပိုင်ဆိုင်ထားကြရင် သိပ်ကောင်းမှာပဲ..

ချစ်တဲ့
ယွန်း

အင်း။ ဒီပို့စ်လေးလည်း ကောင်းတာပဲ။
စာလာဖတ်သွားတယ် ချောရေ။

ကလေးတွေကတောင် လူသားချင်း စာနာထောက်ထားမှု၊ အားနည်းသူကို ဖေးမညှာတာတတ်မှုဆိုတဲ့ အသိစိတ်ဓာတ်လေးတွေ ရှိနေတယ်ဆိုရင် ကျွန်တော်တို့ လူကြီးတွေအများစုကလည်း အဲလို စိတ်ဓာတ်လေးတွေ အစဉ်ထာဝရ မွေးမြူ နိုင်ကြပါစေလို့ ပဲ ဆန္ဒပြု လိုက်ပါတယ်ခင်ဗျာ..
စိတ်ဓာတ်ခွန်အား တိုးပွားစေတဲ့ ပို့စ်လေးတွေကို အမြဲတမ်း ဖတ်ခွင့်ရတဲ့ အတွက် ကျွန်တော်တို့ ရဲ့ မမချော ကိုလည်း အထူး ကျေးဇူး တင်ပါတယ် ခင်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

ချောရေ..
ကြောက်သင့်တာနဲ့ မကြောက်သင့်တာ..
လုပ်သင့်တာနဲ့ မလုပ်သင့်တာကို...
ခွဲခြားတတ်ဖို့လိုတယ်ဆိုတာ မိခင်ဖြစ်သူနဲ့အတူ ကလေး၂ယောက်က သက်သေပြသွားတာပါဘဲနော်..။
သူတို့လေးတွေရဲ့ စိတ်ထဲမှာ သနားကြင်နာစိတ်အပြင် စာနာတဲ့ စိတ်အခြေခံလေးပါရှိနေပုံရတယ်..။
ပို့စ်ကောင်းလေး တစ်ပုဒ်ပါချောရေ..။

Hnin said...

ဟုတ်တယ်နော်။ လူသားချင်း စာနာထောက်ထားနိုင်စိတ်ရှိဖို့ ညွှန်ပြနေတဲ့ ပို့လေးပဲနော်။
ကျေးဇူးပါပဲ မချော။
ပျော်ရွှင်ပါစေ
နှင်း

မမချောရေ...ပိုစ့်ကောင်းလေးတစ်ပုဒ်ပါပဲ။
ရောဂါဝေဒနာဖြစ်နေချိန်မှာ အားပေးနှစ်သိမ့်မူ့က
အမှန်တကယ်ကို လိုအပ်ပါတယ်။
မမရေ ပို့စ်လေးအတွက်ကျေးဇူး

လင်းစင်ယော် said...

မမချော ညီမလေးလည်းဖတ်သွားပါတယ်
ဖတ်ရင်းမျက်ရည်တောင်လည်တယ်
အရမ်းကောင်းပါတယ်မမ

shwezinu said...

ညီမရေ

လှပတဲ့ စာလေးကိုဖတ်သွားတယ်နော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

မိုးခါး said...

မျက်စိထဲမြင်ယောင်ပြီး စိတ်မကောင်းဖြစ်သွားတယ် .. ၀မ်းနည်း ၀မ်းသာကြီး ..

ဇွန် said...

မမရေး စာကောင်းလေးတွေ ဖတ်သွားတယ်နော်

လိမ္မာလိုက်တဲ့ ကလေးတွေနော်.. အဲဒါကြောင့် ကလေးဆိုတာ မိဘရဲ့ အုပ်ထိန်းတတ်မှုပေါ်မှာ အများကြီး မူတည်တာပေါ့..

may16 said...

အမရဲ့ စိတ်ထားမြင့်မြတ်စေတဲ့ပို့စ်တွေ အတွက် အမြဲကျေးဇူးပါ

NINI said...

မမျှော်လင့်ခဲ့လေသော အပြုအမူတခုကို အဲန်နီ ရရှိသွားတဲ့အတွက် သူမနဲ့ထပ်တူ ကြည်နူးပျော်ရွှင်ရပါတယ်... အလှူဒါနပြုရင်ဖြစ်ဖြစ် အားနည်းသူတွေ ရောဂါသည်တွေ အားလုံးကို အခုလို ဖက်လဲတကင်း နှစ်သိမ့်ခြင်းဟာ ငွေကြေးထက် အဆများစွာ အင်အားတခုကို ရရှိစေမှာအသေအချာပဲဆိုတာ လူတိုင်းနီးပါးသိနေပေမယ့် ဒီကလေးတွေလို ပြုမူနိုင်ဖို့ကတော့ ခက်ခဲကြမှာပဲ... ဒါပေမယ့် အဲဒီလို အခက်ခဲနဲ့ ရင်ဆိုင်ရချိန်မှာ ဒီ မမျှော်လင့်ခဲ့လေသော ပို့စ်လေးက ဒေးဗစ်နဲ့ဂျနီဖာကို သတိရကြရင် အစစအဆင်ပြေသွားမှာပေါ့...
ဒီပို့စ်လေးအတွက် ချော(အစိမ်းရောင်လွင်ပြင်)ကို ကျေးဇူးကမ္ဘာနော်..
အားပေးလျှက်
နီနီ

လသာည said...

သားနဲ့ သမီးလေးက တကယ့်ကို ချစ်ဖို့ကောင်းလိုက်တာနော်။ မိဘရဲ့ စိတ်နေစိတ်ထားလေးတွေက သူတို့ရင်ထဲ ထင်ဟင်နေတာဖြစ်မယ်လို့လည်း ထင်မိတယ်။ သူတို့အားလုံးကို သဘောကျတယ်။

Bravo said...

လိမ္မာလိုက်တဲ့ ကလေးလေးတွေ
(ကျွန်တော်နဲ့တူလို့ဖြစ်မယ်း) )

အရာအားလုံးထက် စိတ်နှလုံးသားလှနေဖို့က ပိုအရေးကြီးတယ်ချောရေ...

ဒီတစ်ခါ ပြောစရာစကားတွေ လည်ဝမှာ ဆို့နေတယ်
ဘယ်လို လူမျိုးက အံထွက်လာအောင် လုပ်မလဲ
စောင့်ကြည့်လိုက်အုံးမယ်..။

သိပ်တော်တဲ့မေမေနဲ့ သိပ်တော်တဲ့ ကလေးတွေပဲနော်...။ကျွန်တော်တို့ရဲ့မျိုးဆက်တွေကို အဲဒီလိုစိတ်ထား
မျိုးထားနိုင်အောင် ကျွန်တော်တို့ ကြိုးစားကြရမှာပေါ့လေ...။

zaytaryar said...

တစ်ယောက်ယောက်ရဲ့ အားပေးမှုဟာ အာဟာရအဖြစ်ဆုံးဘဲ ၊ ချို့တဲ့ဆင်းရဲနေချိန်မှာပေါ့

phyophyo said...

လိမ္မာလိုက်တဲ့ကလေးလေးတွေ .. ဒီလိုကလေးမျိုးများရရင်အများကြီးလိုချင်ပါတယ် :)
မချော .. ပိုစ့်လေးတွေက ကောင်းလိုက်တာ၊
စာကောင်းလေးတွေ အားကြီးရေးတတ်တယ်။
ခင်မင်လေးစားလျှက်

အနမ်း said...

သူတို့စိတ်ထားလေးတွေကို သဘောကျမိတယ်..

ကောင်းမွန်တဲ့ စိတ်ထားများ ရှိစေဖို့ အလေးထားရေးလေ့ရှိတဲ့ အတွက်
စာရေးဖော်ချင်း ဂုဏ်ယူမိပါတယ်။ လောကကို သာယာချင်စိတ်ကို တွေ့ရလို့
ကြည်နူးမိပါတယ်။

မချောရေးတဲ့ ပို့(စ်)လေးတွေ ဖတ်ရတာ တစ်ခုဖတ်ပြီးသွားတိုင်း အသိတစ်ခုရတယ်။
ကျေးဇူးပါ မချောရေ..

blackcoffee said...

တကယ်ကောင်းတဲ့ ပိုစ့်လေးတစ်ပုဒ်ပါ မချော ချီးကျူးပါတယ်။

မိဘရဲ့စိတ်ကောင်းနှလုံးသားကောင်းကသားသမီးအတွက်အမွေတခုပဲ..။
တန်ဖိုးမဖြတ်နိုင်ပါဘူး..။ လက်ဆင့်ကမ်းသယ်ပိုးနိုင်ကြရင်အရမ်းကောင်းမှာပဲနော်..။
တဦးတယောက်ကနေလူအများထိပေါ့...
ချစ်တဲ့
သဒ္ဓါ

nyeinsoeoo said...

ကူညီတတ်တာ လူ ဆိုတဲ့ သဘောကိုထင်ရှားစေလို့ နှစ်သက်ရပါတယ် ...
ငြိမ်းစိုးဦး

ဟတ်ထိတယ် ဒေါ်ရွှေချောရေ ဒီစကားကလွဲလို့ မပြောတတ်တော့ဘူးနော်

အမချောကတော့ ရေးလိုက်ရင် heart ကို တိုက်ရိုက်ထိစေမဲ့ စာသားတွေချည်းဘဲ။ အားကျလိုက်တာ။ ဒါမျိုးစာပေတွေကို ဖတ်ပြီး ကလေးတွေ လူကြီးတွေ အားလုံး အားငယ်တဲ့သူကို အားပေးတတ်ရင် သိပ်ကောင်းမှာဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြတ်နိုး said...

အရမ်းကောင်းတာပဲ...ချောရယ်..ဖတ်ပီးတာကြာပေမဲ့ အခုမှ လာမန့်တာ

မမ said...

မျက်စိထဲမှာတောင် အဲဒီ မြင်ကွင်းလေးကို မြင်ယောင်ပြီး အရမ်းကို ကြည်နူးရပါတယ်။ ကိုယ်ကိုတိုင်ဆိုရင်တောင် လုပ်နိုင်ပ့ါမလားမသိဘူး။

သိဂီၤ said...

အရမ်းကိုကောင်းပါတယ်။ မချောရဲ့ ပို့စ်လေးတွေ အရမ်းကိုနှစ်သက်သဘောကျမိပါတယ်။

အင်ကြင်းသန့် said...

ဝမ်းသာကြည်နူးခြင်းနဲ့အတူမျက်ရည်ပါဝဲမိတယ်။