တန်ဖိုးထားသင့်ကြသူများ





လူဆိုသည်မှာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ဘ၀အခြေအနေကိုလိုက်ပြီး ရင့်ကျက်ပြောင်းလဲလို့ လာတတ်ကြပါတယ်။ ငယ်ရာမှ ကြီးလာကြတဲ့ သဘာဝရဲ့ နိယာမအတိုင်း လူတိုင်းဟာ အသက်ရှည်ရှည် နေခွင့်ရဦးမယ်ဆိုရင်ဖြင့် သက်ကြီးရွယ်အိုဘ၀ကို ဖြတ်သန်းကြရဦးမှာပါ။  အဲဒီလို အသက်ကြီးလာတဲ့ အလုပ်မလုပ်နိုင်တော့သော အသက်အရွယ်၊ ပင်စင်ယူလိုက်ရသော အသက်အရွယ်မျိုး ရောက်လာချိန်များမှာ ငယ်ရွယ်နုပျိုစဉ်ကာလ၊ အလုပ်လုပ်နိုင်တဲ့ သန်မာဖြတ်လတ် ကျန်းမာသန်စွမ်းနေသော ကာလတွေကို ပြန်လည်သတိရတတ်ကြပြီး မိမိလက်ရှိ ရောက်နေသော အခြေအနေ၊ ရရှိလာသော အနေအထားတို့ကို မကျေနပ်စိတ်၊ အားငယ်စိတ် ၊ အထီးကျန်စိတ်၊ အားမလို အားမရစိတ်များ ဖြစ်ပေါ်လာတတ်ကြပါတယ်.. လက်ရှိအရွယ်မှာ စိတ်သွားတိုင်း ကိုယ်မပါနိုင်၊ အလုပ်လဲ ယခင်ကာလတုန်းကလို မလုပ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ စိတ်ဓာတ်ကျတာ၊ အလိုမကျတာတွေ ဖြစ်လာတတ်ကြပါတယ်.. အဲဒီလို ဖြစ်နေတတ်တဲ့ သက်ကြီးရွယ်အို မိခင်ဖခင်၊ အဖိုးအို အဖွားအို တို့ကို အိမ်မှာရှိတဲ့ အိမ်သားတွေက  နားလည်မှုပေးနိုင်ဖို့ သိပ်ကိုအရေးကြီးပါတယ်။





ကျွန်မတို့ ပါတ်ဝန်းကျင်မှာ  “အိမ်က အဖေက အသက်ကြီးလာလေ စကားများလာလေဘဲ” ..  “အိမ်ကအဖွားက ဗျစ်တောက်ဗျစ်တောက် သိပ်လုပ်တာဘဲ”  ဆိုတဲ့ စကားတွေ မကြာခန ကြားကြဖူးမှာပါ။ ဒါတွေဟာ မိမိတို့အိမ်က အသက်ကြီးလာသူများကို နားလည်မှုပေးနိုင်ခြင်း အားနည်းတာကြောင့် ထွက်ပေါ်လာတဲ့ စကားများ ဖြစ်ပါတယ်. အသက်ကြီးလာသူများဟာ အလုပ်မလုပ်နိုင်တော့တာနဲ့အမျှ သူတို့ကိုယ်သူတို့ အရေးမပါတော့သူများ၊ အခြားသူတွေက လေးစားမှု မရှိကြတော့သူများ ဖြစ်နေပြီလို့ သူတို့ကိုယ်တိုင်ရဲ့ စိတ်က ထင်တတ်ပါတယ်.. ဒီအတွက် စိတ်အလိုမကျမှုများ၊ မကျေနပ်စိတ်၊ အားငယ်စိတ်များကြောင့် စကားများသူများ ဗျစ်တောက်ဗျစ်တောက် လုပ်သူများ ဖြစ်လာတတ်ကြပါတယ်။





ဒီလိုအခြေအနေမျိုးကို အိမ်မှာ ရှိတဲ့လူတွေက နားလည်သိတတ်စိတ်၊ ကိုယ်ချင်းစာစိတ်တို့ဖြင့် ဖေးမကူညီပေးရမှာ ဖြစ်ပါတယ်.…  အသက်ကြီးလာတဲ့ အဖိုးအဖွား၊ မိဘတို့ကို ပစ်ပယ်ထားတာမျိုး၊ ဂရုတစိုက် မလုပ်တော့တာမျိုး မဖြစ်သင့်ပါဘူး… အသက်ကြီးသူတွေမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အကြံဥာဏ်ကောင်းတွေ၊ အတွေ့အကြုံကောင်းတွေ များစွာ ရှိနေတတ်ပါတယ်.. သူတို့ကို နေရာပေးပြီး အရေးကြီး ကိစ္စများကို ဆွေးနွေးတိုင်ပင်ခြင်း၊ မိမိရဲ့ လုပ်ငန်းတိုးချဲ့ရန်ဖြစ်စေ၊ လူမှုရေး၊ စီးပွားရေးကိစ္စများကိုဖြစ်စေ အလေးအနက်ထားကာ အသိပေးခြင်း၊ အကြံဥာဏ်ယူခြင်းများ ပြုလုပ်သင့်ပါတယ်.. အဲဒီလို နေရာပေး ဆွေးနွေးတိုင်ပင်ခြင်း၊ နွေးနွေးထွေးထွေး ဆက်ဆံပေးခြင်းတို့က သက်ကြီးရွယ်အိုတွေမှာ ဖြစ်တတ်တဲ့ စိတ်ဓာတ်ကျ အားငယ်စိတ်တို့ကို အထိုက်အလျှောက် လျှော့ပါးစေနိုင်ပါတယ်.. သူတို့ပေးတဲ့ အကြံဥာဏ်တွေကို ကိုယ့်အတွက် မသုံးဖြစ်ဘူဆိုရင်တောင် စကားအလိမ္မာသုံးပြီး အကြောင်းပြချက်လေးတွေ ပေးနိုင်ပါတယ်။





အရေးကြီးတာက သူတို့ကို နေရာပေး၊ အလေးထား တိုင်ပင်တာ၊ အကြံဥာဏ်တောင်းခံတာကို သူတို့ကိုယ်တိုင်က လိုလိုလားလား သဘောကျတတ်ကြတာမျိုးပါ။ အဲဒီလို တိုင်ပင်တာ နေရာပေးတာကိုဘဲ သူတို့အတွက် ငါဟာ “အသုံးကျနေဆဲပါလား” ဆိုတဲ့စိတ်လေး ဖြစ်ပေါ်လာပြီး သူတို့ကိုယ်သူတို့ ကျေနပ်စရာ ဖြစ်နေမှာပါ။ မိအိုဖအိုများကို အချိန်ပေးပြီး စကားပြောဆိုခြင်းကလည်း ဂရုတစိုက် လုပ်ပေးခြင်းတစ်မျိုးပါဘဲ.. အသက်ကြီးချိန်မှာ သူတို့ဟာ စကားပြောဖော်ကို တောင့်တတတ်ကြပါတယ်.. သူတို့ ပြောပြတဲ့ သူတို့ရဲ့ ဇာတ်လမ်းတွေ၊ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေကို အလေးအနက်ထား နားထောင်ပေးနိုင်ရင်ကိုဘဲ လူကြီးတွေက ကျေနပ်နေကြတာမျိုးပါ။ ပြီးတော့ အခါကြီး ရက်ကြီးများ၊ ဥပုသ်ရက်များတို့မှာ ဘုရားသွားကျောင်းတက် လုပ်နိုင်ဖို့ အလိုက်သတိ စီစဉ်ပေးခြင်း၊ သူတို့ ခင်မင်ရာ သူငယ်ချင်း အပေါင်းဖော်များနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခြင်း၊ လိုက်ပို့ပေးခြင်း တို့ကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်.. မိတ်ဆွေသူငယ်ချင်း၊ ငယ်ပေါင်းကြီးဖော်တွေနဲ့ စကားပြောဆို တွေ့ဆုံခြင်းဟာလည်း အိမ်က အသက်ကြီးသူများကို နုပျိုရွှင်လန်းစေနိုင်တဲ့ အချက်လဲ ဖြစ်ပါတယ်။





အသက်ကြီးသူတွေဟာ အသက်ငယ်ရွယ်သူများထက် စိတ်ဓာတ်ကျဖို့ ပိုပြီး မြန်ဆန် လွယ်ကူပါတယ်.. ယခင်ချိန်တုန်းက သားသမီးများဖြင့် သိုက်သိုက်ဝန်းဝန်း စည်စည်ကားကား နေလာခဲ့ပြီး သားသမီးများ အရွယ်ရောက်လာကာ  တစ်အိုးတစ်အိမ် ထူထောင်သွားခြင်း ကြောင့်လည်းကောင်း၊ တစ်အိမ်တည်း ရှိနေသော်လည်း အလုပ်များလွန်း၍ လူကြီးမိဘကို အချိန်မပေးနိုင်ခြင်း ကြောင့်လည်းကောင်း၊ အိမ်ရှိ လူတွေဟာ လူကြီးတွေနဲ့ တဖြေးဖြေးကင်းကွာလာပြီး လူကြီးတွေ ဖြစ်သူတို့ရဲ့စိတ်မှာ အထီးကျန် အားငယ်စိတ်တွေ ဖြစ်လာတတ်ကြပါတယ်.. အိမ်မှာ ကလေးငယ်လေးတွေ ရှိရင်တော့ လူကြီးတွေဟာ ကလေးတွေကို အဖော်လုပ်ပေးရင်း၊ ကလေးနဲ့အတူ ဆော့ကစား ရယ်မောရင်း ပျော်ရွှင် လန်းဆန်းနေတတ်ကြပါတယ်.. ဒါကြောင့် အိမ်တစ်အိမ်မှာ  ကလေးငယ်လေးတွေရှိရင်လည်း သူတို့တွေက လူကြီးတွေရဲ့စိတ်ကို နုပျိုအောင် လုပ်ပေးနိုင်ကြတာကို တွေ့ရပါတယ်.. အချို့အိမ်ထောင်စုတွေမှာ အသက်ကြီးသူများ အဖိုးအဖွားဖြစ်စေ မိခင်ဖခင်ဖြစ်စေ ၂ဦးလုံး အသက်ရှိထင်ရှားရှိနေခဲ့ရင် သူတို့ နှစ်ဦးသား အပြန်အလှန်ဖေးမရင်း၊ စကားပြောဆိုကြရင်း တိုင်ပင်စရာ အရင်းနှီးဆုံးသူ ရှိနေသေးတာမို့ အထီးကျန်စိတ် နည်းနိုင်ပေမဲ့ အဖိုး တစ်ဦးသာ ကျန်ရစ်ခဲ့ခြင်း မိခင်၊ သို့မဟုတ် ဖခင်တစ်ဦးတည်း ကျန်ရစ်ခဲ့ခြင်း စသည့် အခြေအနေမျိုးမှာတော့ ထိုမိခင်၊ ဖခင်၊ အဖိုးအဖွားဖြစ်သူဟာ စိတ်ဓာတ်ကျ အထီးကျန်တဲ့စိတ်တွေ ဖြစ်ဖို့ ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။







အတုခိုးလွယ်တဲ့ ကလေးသူငယ်တွေရဲ့ ရှေ့မှာ လူကြီးမိဘတွေကို မခန့်လေးစား အပြုအမူ၊ အပြောအဆိုမျိုး ပြောမိဆိုမိခြင်း၊ ပြုမူမိခြင်းတို့ကိုလည်း အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်.. အတုခိုးတတ်တဲ့ ကလေးတွေရဲ့စိတ်မှာ အသက်ကြီးသူတွေကို အရိုအသေ တန်သွားတာမျိုး၊ မလေးမစား ဆက်ဆံလို့ရတယ် ဆိုတဲ့စိတ်မျိုး ၀င်သွားပြီး အတုခိုးသွားနိုင်ပါတယ်.. ကိုယ်အသက်ကြီးလာချိန်မှာ အိမ်မှာရှိတဲ့ အသက်ငယ်ရွယ်သူများက အလေးမထား၊ ဂရုမစိုက် ဆက်ဆံတာမျိုး၊ ကူညီဖေးမမဲ့သူ မရှိ ဖြစ်တာမျိုးဆိုခဲ့ရင် ကျွန်မတို့တွေရဲ့ စိတ်ထဲမှာ ဘယ်လိုများ ခံစားရမလဲဆိုတာ ကြိုတင်တွေးတောပြီး ကိုယ်ချင်းစာစိတ်တွေ မွေးမြူထားရမှာပါ။ ကိုယ်တွေက ကိုယ့်ထက်ငယ်ရွယ်သူ ကလေးတွေရှေ့မှာ လူကြီးသူမတွေကို ရိုသေ လေးစားစွာ ဆက်ဆံပြပါမှ၊ ကျွေးမွေး စောက်ရှောက်တတ်တဲ့ အကျင့်ကောင်းလေးတွေ ပြထားပါမှ၊ အကြင်နာစိတ်တို့နဲ့ ဖေးမ ကူညီပြပါမှ လူငယ်တွေကလည်း အတုခိုးလာကြမှာပါ။ မိမိအသက်အရွယ်ကြီးရင့်ချိန်မှာ ထိုလူငယ်တွေက မိမိကို ပြန်လည် စောင့်ရှောက်ကြမှာ လေးလေးစားစား ဆက်ဆံကြမှာ ဖြစ်ပါတယ်.။ ကျွန်မတို့တွေသည်လည်း တစ်ချိန်ချိန်မှာတော့ မလွဲမသွေ သက်ကြီးရွယ်အိုများ ဖြစ်လာကြရဦးမှာမို့ အသက်ကြီးသူတွေရဲ့ ဒုက္ခ၊ စိတ်အခြေအနေ စတာတွေကို ကြိုတင်တွေးတော စာနာပေးခြင်းဖြင့် သက်ကြီးရွယ်အိုတွေကို အလေးထား ဂရုပြုပြီး စောင့်ရှောက်သင့်ကြပါတယ်။





ကျွန်မ ရှိနေတဲ့ မြို့ကလေးကတော့ သက်ကြီးရွယ်အိုတွေကို ဂရုစိုက် အလေးထားတဲ့ အနေအထားကို နှစ်သက်စဖွယ် တွေ့ရပါတယ်.. မြို့ရဲ့ ပန်းခြံလို နေရာမျိုးတွေ၊ ကွင်းပြင် ကျယ်ကျယ်ပြန့်ပြန့်တွေ ဖန်တီးထားပေးကာ သက်ကြီးရွယ်အိုတွေ စုပြီး ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေ လုပ်နိုင်ဖို့၊ တီးလုံးနဲ့အတူ စုစုစည်းစည်း ကနိုင်ဖို့ စီစဉ်ပေးထားတာကို တွေ့ရပါတယ်.. ညနေရောက်ပြီဆိုရင် အဲဒီ နေရာလေးတွေမှာ အသက်ကြီးတဲ့ အဖိုးအဖွားအရွယ်တွေ၊ အန်တီ၊ အန်ကယ် အရွယ်တွေဟာ ကက်ဆက်ရယ် အသံချဲ့စက်ရယ် ဖွင့်ပြီး စိတ်ပျော်ရွှင်စရာ တီးလုံးတွေနဲ့ ကိုယ်လက်လှုပ်ရှားကြတာ၊ ကစားကြတာတွေကို နှစ်သက်စဖွယ် တွေ့မြင်ရပါတယ်.. အဲဒီလို အပေါင်းအဖော်တွေနဲ့ ကိုယ်လက်လှုပ်ရှား လုပ်ခြင်းဟာ စိတ်ကျန်းမာခြင်းကိုရော၊ လူကျန်းမာခြင်းကိုပါ အထောက်အကူပေးနိုင်တယ်လို့ ကျွန်မတော့ နှစ်နှစ်ကာကာ ယုံကြည်မိပါတယ်.. ကိုယ်လက်လှုပ်ရှားနေခြင်းအားဖြင့် သွေးလှည်ပတ်မှု ကောင်းသလို၊ ကျန်းမာရေးအတွက်လည်း များစွာ အကျိုးရှိနိုင်ပါတယ်.. လူတွေနဲ့ စုစုရုံးရုံး ပျော်ပျော်ပါးပါး နေနေရခြင်းကြောင့် စိတ်ကိုလည်း ရွှင်လန်းစေနိုင်ပါတယ်.. အထီးကျန်ခြင်း၊ အားငယ်ခြင်း စတာတွေကိုလည်း နည်းပါးစေနိုင်ပါတယ်.. လူတွေဟာ တစ်ဦးတစ်ယောက်တည်း အိမ်မှာ ငုတ်တုတ်ထိုင်ပြီး အထီးကျန် အားငယ်နေရတာမျိုးကို ဘယ်သူကမှ နှစ်သက်ကြမယ် မဟုတ်ပါဘူး။ အဖော်အပေါင်းနဲ့ စုစုဝေးဝေး နေထိုင်ရတာ၊ သွားလာ လှုပ်ရှားနေရတာကို လူတိုင်းသဘောကျ နှစ်သက်ကြမှာပါ။ အဲဒီလို သွားလာ လှုပ်ရှားခြင်းဟာလည်း သက်ကြီးရွယ်အိုတွေကို စိတ်ပျော်ရွှင် ကျန်းမာစေတဲ့ အဓိကအချက်တစ်ခု ဖြစ်ပါတယ်.။







ညနေစောင်းလာပြီဆိုရင် ပျော်ပျော်ပါးပါး ကိုယ်လက်လှုပ်ရှားဖို့ ပြင်






စိတ်လဲပျော်ရွှင် ကိုယ်လဲကျန်းမာ






လူငယ်တွေက ပြန်ပြီး အားကျငေးမောရတဲ့ အနေအထား






ညရောက်သော်လည်း မီးရောင်အောက်မှာ






မောတော့မောတယ်.. ဒါပေမဲ့ ပျော်ပျော်ပါးပါး







အိမ်တစ်အိမ်မှာ လူကြီးမိဘရဲ့ အရိပ်အာဝါသဟာ အလွန်ကို တန်ဖိုးရှိပါတယ်.. ကျွန်မတို့အိမ်မှာ အဖေဟာ အသက် ၈၀ကျော်နေပြီ ဖြစ်တဲ့အတွက် အလုပ်မလုပ်နိုင်တော့ပါဘူး... ၀ါတွင်းကာလတွေမှာ ဘုန်းကြီးကျောင်းသွား၊ ဥပုသ်ယူတတ်ပြီး သာမန်နေ့တွေမှာတော့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ ဘုရားရှိခိုး၊ တရားထိုင်ပြီး နေ့လည်နေ့ခင်းတွေဆိုရင် အိမ်ရဲ့ ၀ရံတာလေးမှာ ထိုင်ကာ လမ်းဖြတ်သွားသူတွေထဲက သူ့သိတဲ့သူတွေကို စကားပြောနှုတ်ဆက်၊ သားသမီးတွေက တစ်ုခုပြီးတစ်ခု ကျွေးတာကို စားရင်း နေတတ်ပါတယ်.. အဖေဟာ သူ့သူငယ်ချင်းတွေ လာလည်ရင် ၀မ်းသာအားရ ရှိတာတွေ ချကျွေးပြီး စကားတွေပြောနေတတ်ပါတယ်.. မြို့ရွာ ကိစ္စနဲ့ ပတ်သက်လို့ အကြံဥာဏ်တောင်းဖို့ လာကြသူတွေကိုလည်း ပျော်ပျော်ရွှင်ရွှင် စကားတွေပြော၊ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း သူသိသမျှ အကြံပေးတတ်ပါတယ်.. အဖေ ခုလို ပျော်ပျော်ရွှင်ရွှင် စကားပြောနေရင် ကျွန်မတို့မှာလည်း ဘေးကနေကြည့်ရင်း စိတ်ချမ်းသာရပါတယ်.. ကျွန်မတို့ မိဘတွေဟာ အလုပ်မလုပ်နိုင်တော့ပေမဲ့ ကျွန်မတို့ရဲ့ စိတ်ထဲမှာတော့ အဖေ၊ အမေ ရှိနေသေးတယ်ဆိုတဲ့ အသိက ကျွန်မတို့ကို စိတ်ရောကိုယ်ပါ လုံခြုံမှု ပေးထားသလို ခံစားရပါတယ်.. မိဘတွေဟာ အသက်အရွယ်ကြောင့် အင်အားနည်းနေပေမဲ့လို့ သားသမီးတွေကိုတော့  လုံခြုံမှု ပေးနိုင်တုန်းပါဘဲ။ အိမ်တစ်အိမ်မှာ လူကြီးသူမ ရှိနေတယ်ဆိုတဲ့ အနေအထားအရ ဘေးပတ်ဝန်းကျင်ကလည်း လေးစားကြပါတယ်။ လူကြီးတွေဟာ သူတို့တွေ စွမ်းဆောင်နိုင်ခဲ့ကြတုန်းကလည်း သားသမီးတွေကို ကျွေးမွေးပြုစုခဲ့ကြ၊ ပညာတတ်အောင်  မြေတောင် မြှောက်ပေးခဲ့သြသလို အလုပ်မလုပ်နိုင်၊ ပိုက်ဆံမရှာနိုင်တော့တဲ့ အချိန်မှာလည်း ကျွန်မတို့ရဲ့ အိမ်ကို အမိုးသဖွယ်၊ ထီးသဖွယ် လုံခြုံတဲ့ အရိပ်အာဝါသကို ပေးနိုင်စွမ်း ရှိနေပါသေးတယ်..





တကယ်တမ်းတော့ အသက်ကြီးရင့်သူတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံ ရင့်ကျက်သူများ၊ အကြံဥာဏ်ကောင်းတွေ ပေးနိုင်သူများ၊  ဗဟုသုတ ပြည့်စုံသူများ  ဖြစ်ကြပါတယ်.. စိတ်လုံခြုံမှုကိုလည်း ပေးနိုင်စွမ်း ရှိနေတုန်းပါဘဲ။ လူတိုင်းဟာ အဖော်ကို ခုံမင်တတ်ကြတာမို့ သက်ကြီးရွယ်အိုတွေ ဘ၀မှာလည်း အထီးကျန်စိတ်၊ အားငယ်စိတ်များ လျော့ပါးစေဖို့အတွက် သူတို့ကို အဖော်လုပ်ပေးဖို့၊ စကားပြောဆိုပေးဖို့၊ ဂရုတစိုက် ပြုစုပေးဖို့ ၊ ဆွေးနွေးတိုင်ပင်တဲ့ အခွင့်အရေးတွေပေးဖို့ လိုအပ်ပါတယ်..  ပြုစုစောက်ရှောက်သူမရှိ အထီးကျန်နေသော သက်ကြီးရွယ်အိုများကို တွေ့ရင်လည်း မိမိကိုယ်တိုင်လည်း နောင်တစ်ချိန်မှာ အိုရ၊ နာရဦးမဲ့ ဘ၀ကို တွေးဆပြီး ကိုယ်ချင်းစာစိတ်တို့ဖြင့် တတ်စွမ်းသမျှ ကူညီစောင့်ရှောက်သင့်ကြတယ် မဟုတ်ပါလား။ ဒါကြောင့် သက်ကြီးရွယ်အိုတို့ရဲ့ ဘ၀ကို မခန့်လေးစား ဆက်ဆံခြင်း၊ ဂရုတစိုက် လုပ်ပေးဖို့ မေ့လျော့ခြင်း၊ ပစ်ပယ်ထားခြင်းတို့ မလုပ်ကြဘဲ အလေးအနက် တန်ဖိုးထားကာ ပြုစုစောင့်ရှောက်ကြပါစို့လို့ တိုက်တွန်းပါရစေရှင်။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ဒီပိုစ့်လေးကို အောက်တိုဘာ (၁)ရက် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရေးဖြစ်ပါတယ်.. မဝေးလှတော့တဲ့တစ်နေ့မှာ ကိုယ်တိုင် တွေ့ကြုံရတော့မဲ့ အသက်အရွယ်ကြီးသူ တစ်ယောက်ရဲ့ အနေအထားအတွက် ကြိုတင်ပြင်ဆင်ရင်း လူကြီးသူမတွေကို ဂရုစိုက် စောင့်ရှောက်တတ်တဲ့၊ အလေးထားကူညီတတ်တဲ့ စိတ်ကောင်းလေးများကို ကိုယ်တိုင်လည်း မွေးမြူကာ၊ နောင်လာ နောက်သားများကိုလည်း လက်ဆင့်ကမ်းနိုင်ဖို့ ကြိုးစားကြပါစို့လားရှင်။









35 Responses to “တန်ဖိုးထားသင့်ကြသူများ”

blackroze said...

မကြီးချောရဲ့...စာနာတတ်တဲ့စိတ်ထားလေးကိုအရမ်းလေးစားမိပါတယ်..အမရေ

ကိုယ်တွေလည်း တစ်နေ့ ကြီးလာရအုံးမှာပဲနော်..။
အဲဒီအတွက် ကြိုတင်စာနာစိတ်လေးများ ထားပြီး လူကြီးသူမတွေကို
ပြုစုချစ်ခင်ရမယ်..။

zaytaryar said...

လာလည်သွားပါပြီ ၊ ဘလော့မာသာထရီဆာ ကြီးရေ နားလည်ပေးပါတယ် ၊ နားပူနားဆာ လုပ်ရင် သိပ်နားလည်ပေး တတ်ပါတယ် ၊ ဟဲဟဲ

အောက်တိုဘာ (၁)ရက် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့မှာ အသက်အရွယ်
ကြီးရင့်သူအပေါင်း ပျော်ရွှင်ကြပါစေလို့ ၀ိုင်းဆုတောင်းပါတယ် မချော။

ဟုတ်တယ်ချောရေ..သတိပေးတာကျေးဇူးဘဲ..
ကူးကတစ်ခါတစ်လေစိတ်မရှည်ဘူး။ စိတ်မရှည်တာထက်အားမလိုအားမရဖြစ်တာ..
အခုနောက်ပိုင်းတော့ မိဘနဲ့ဝေးတော့ ရုံးက အန်တီကြီးတွေအန်ကယ်ကြီးတွေဆိုရင် စိတ်ရှည်လက် ရှည်နဲ့သူတို့ကိုရှင်းပြတတ်နေပီ..

noblemoe said...

မမရေးး
ပိုစ့်ဖတ်ပြီး စိတ်ထဲမကောင်းဖူးဖြစ်မိတယ် ဂရုစိုက်ချင်ရင်တောင် အဖိုးအဖွားတွေမှမရှိတာကြာပါပြီ။ ပတ်ဝန်းကျင်မှာတွေ့တဲ့ အဖိုးအဖွားတွေကို ငေးနေမိတယ်လေ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မချောပုံလေးတွေကြည့်ပြီး သတိရမိတယ်။ လားရှိုးမှာနေခဲ့တုန်းက မနက်ဆိုရင် တရုပ်အဖိုးကြီးအဖွားကြီးတွေ မြို့စွန်က ခပိနိမ့်နိမ့် တောင်ပေါ်ကို မနက်စောစော လမ်းလျှောက်ကြ ထိုက်ချိကစားကြ ယပ်တောင်အက ကကြတာ သိပ်သဘောကျတာပဲ။ ဗမာနဲ့ တိုင်းရင်းသားတွေက မနက်ထ လမ်းလျောက်တာ အားကစားလုပ်တာ နည်းတယ်နော်။ တို့မေမေတောင် လမ်းလျှောက်ဖို့ ဆိုရင် မနည်းတိုက်တွန်းရတယ်။ ဒူးမကောင်းလို့ တုတ်ကောက်နဲ့လျှောက်ရတာ ဆိုတော့ သူများကြည့်မှာ ရှက်လို့တဲ့လေ။

ပန်းခြံမှာ အဲလိုစုဝေးပြီး လေ့ကျင့်ခန်းလုပ်တာကိုတွေ့ရတာ တကယ်သဘောကျတယ်။

အသက်ကြီးလာတဲ့အချိန် ကိုယ်လည်း ဒီလိုကျမ္မာပျော်ရွှင်တဲ့ အချိန်တွေကိုပဲဖြတ်သန်းချင်တယ်။
ဂျပန်မှာတော့ အသက်ကြီးတဲ့ သူတွေက အသက်အရမ်းရှည်ကြတာပဲ။
ဒီပို့စ်ဖတ်မှ အောက်တိုဘာ၁ရက်နေ့ ကို သက်ကြီးရွယ်အိုများနေ့မှန်းသိတယ် ချောရေ။

သူတို့ကိုတော့ ဂရုစိုက်ဖြစ်ပါတယ်။ ကိုယ့်အလှည့်ပြန်ရောက်တော့မှာ ဆိုတာကတော့ နောက် 72 နှစ်လိုသေးတာမို့ အခုမှတ်ထားရင် မေ့သွားမှာ ဂျ။ အဲတော့ နောင် နှစ် 70 လောက်ကြာမှ ပြန်လာဖတ်မယ်နော်။ ဒီပို့စ်လေး မဖျက်နဲ့နော်။ ဟီဟိ

ကမ္ဘာ့ သက်ကြီးရွယ်အိုများ နေ့က အောက်တိုဘာ ၁ ရက်လား မသိဘူး
မှတ်ထားမယ်နော် အိမ်မှာ မေမေဘဲ ရှိတော့တာ ဆိုတော့ မေမေအသက်ကြီးလာရင် မမချော ပြောသလို ဂရုစိုက်ပေးရမယ် အခုတော့ အသက်ကငယ်သေးတယ် နဲနဲလောက်ဘဲ ဂရုစိုက်မယ်ပေါ့နော

ခင်တဲ့
ငွေလမင်း

shwezinu said...

အမယ် မချော က အောက်တိုဘာ (၁)ရက် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ တဲ့ မသီတာ က ကလေးများ နေ့ တဲ့ အင်း ဘာကိုယုံရမှန်းတောင်မသိတော့ဘူး ဧကန်န မသီတာ နောက်ပြီထင်တယ်

မချောရေ ကျေးဇူးဘဲ
ခင်တဲ့
ရွှေစင်ဦး

S-C said...

မမရွှေစင်နောက်က ကပ်လိုက်လာပါတယ်။
စင်္ကာပူမှာတော့ ကလေးများနေ့ဆိုပြီး ကျောင်းပိတ်လို့ ကလေးများနေ့ ဆုတောင်း ပို့စ်တင်လိုက်ပါတယ်။
အဆင်ပြေရင် လာလည်ပါဦးနော်

မချောရေ...

အောက်တိုဘာ ၁ရက်နေ့ဟာ ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ဆိုတာ နှင်း တစ်ကယ် မသိဘူးး) ဗဟုသုတက အဲလိုစုံတာလေ ...။ အခုလို ဗဟုသုတလေးနဲ့ သံဝေဂလေးပါရသွားအောင် အသက်သွင်းပုံဖော်ထားသော ပို့စ်ကောင်းလေးတစ်ပုဒ်ကို ဖတ်လိုက်ရလို့ အားရ ကျေနပ်မိပါတယ် ..။ အမြဲအားပေးလျှက်ပါနော် ...

sosegado said...

ကိုယ်လဲတစ်နေ့ ဒီလိုအိုရအံ့၊ အသက်ကြီးလာရင် အင်… မစဉ်းစားတာပဲကောင်းပါတယ်၊

မချော.
တနေ့ မရှောင်လွဲနိုင်တဲ့ အိုခြင်းတရားပါပဲ..။
ခုကထဲက စဉ်းစားထားနေရပြီနော်...

ချစ်တဲ့
သဒ္ဓါ

တနေ့ မလွဲမသေ ရောက်ကြရမယ့် “ဇရာ”...ဆိုတဲ့ “နေရာ”...
ကို မရောက်ခင်ကတည်းက နေတတ်အောင် ကြိုတင် ကျင့်ကြံရင်း...
သက်ကြီးရွယ်အိုများကို ကန်တော့သွားပါတယ်...

ဂျူးလိယက်ကတော့ အဖိုးအဖွား တွေမရှိတော့ဘူး။ ဒါပေမယ့် မိဘတွေနဲ့ တူတူ နေထိုင်ခွင့်ရတာလေးကိုက အေးချမ်းတဲ့ အမိုးအောက်မှာ နေရသလိုပါပဲ. :)

may16 said...

တစ်နေ့ကျရင် ကျွန်မတို့ အားလုံး လည်း ဒီအသက်အရွယ်ကို ရောက်လာမှာ မလွဲမသွေပဲလေ. . .လူကြီးတွေရဲ့ အရိပ်၊တန်ဖိုးဟာ မရှိတော့မှ တကယ်နားလည်ရတာပါ... ရှိစဉ်အချိန်မှာ သူတို့ကို နားလည်မှုပေး၊ ဖေးမကူညီနိုင်ရင် အကောင်းဆုံးပါ...

Bravo said...

ကျေးဇူးတင်ပါတယ်အစ်မ
ကျနော်ဆို အသက်ကြီးလာရင် ငါ့အနားမှာ ဘယ်သူရှိနေမလဲ ဆိုပြီး အမြဲတွေးဖြစ်တယ်
း)

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့မှာ မြေးတွေဝိုင်းကန်တော့တာခံနေရလို့ အခုမှ ရောက်နိုင်တော့တယ် မြေးချောရေ..။ ဇရာထောင်းလာတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးပေါ့။ ကွန်ပြူတာကီးဘုတ်ကိုနှိပ်ရတဲ့ လက်ချောင်းလေးတွေတောင် အရည်တွန့်လိတ်လို့နေနေပြီ။ ငါ့မြေးလည်း ကျန်းမာလန်းဖြာလို့ ချမ်းသာပါစေကွယ်..။
ချစ်သောဖွားဖွား -
မြသွေးနီ
www.myathwayni.com

မချောရေ စာတွေ ဝင်ဝင်ဖတ်နေပေမယ့် မေလေးကွန်က ဘာဖြစ်မှန်းမသိဘဲ လေးပြီး မန့်မရ၊ မမြင်ရ ဖြစ်နေလို့လေ။ ခုလည်း ပြန်ဝင်ကြည့်ရင်း မချော စာသစ်လေးတွေ ဖတ်သွားရတယ်။ ဟုတ်တယ် အဖိုးပဲရှိတော့တာမို့ မရှိတော့တဲ့ အဖွားကို ကိုယ်မေးချင်တာတွေ ရှိလာတဲ့အခါ တအားတမ်းတတာပဲ။ သူတို့က ဘာဖြစ်ဖြစ် ကိုယ့်ထက် ပိုသိသူတွေလေ။ ယဉ်ကျေးမှုတွေကိုလည်း သူတို့ဆီကနေ လက်ဆင့်ကမ်း ကိုယ်က ယူခဲ့ရတာ။ တန်ဖိုးထားသင့်သူတွေလေ။ ကျေးဇူး မမ။ မှတ်သွားရတယ်။ ဖတ်ပြီး အတွေး အဆုံးအမတစ်ခု ရသွားသလို ခံစားရတယ်။ ကျေးဇူးတင်ပါတယ် မမ။ မမချောတို့ မိသားစု ကျန်းမာပျော်ရွှင်ပါစေ

maylay said...

မန့်ထားတာ ဘယ်ရောက်သွားတယ်သိဘူး။.အဲလိုပဲဖြစ်နေတာ ကြာပြီ။. ဘယ်မှမသွားရဘူး။ မမချောပိုစ့်လေးနဲ့ မမစေတနာလေးကို ကျေးဇူးအရမ်းတင်သွားပါတယ်။ မမ ကျန်းမာပျော်ရွှင်ပါစေ။

မချော

လေးစား မြတ်နိုးစွာနဲ့ ခံစားသွားပါတယ် ခင်ဗျာ။

(P.S - ဖွားဖွား အတွက် အနော်လည်း ယောဂီ ပဝါလေးတစ်ထည် ထပ်လောင်းအားဖြည့် သွားပါကြောင်း)

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

မမ said...

သာဓု သာဓု သာဓု။

သက်ကြီးရွယ်အိုတွေ အဓိက ခံစားရတာ အထီးကျန်တဲ့ ဒဏ်နဲ့ တူတယ်နော်။
ကိုယ်တွေအလှည့်ရောက်ရင်လည်း ပျင်းနေမှာပဲနော်။
ဒါကြောင့် အဖွားချော မပျင်းရအောင် ရေရှည်ဝါးလို့ ရမယ့် ကြံ တစီးနဲ့ ဂါရဝ လာပြုပါတယ်။

ပုံ/
မြစ်လိမ္မာ အဲ..မြေးလိမ္မာလေး
(မြစ်ကျိုးအင်း)

ရည်ရွယ်ချက်သိပ်ကောင်းပါတယ် မချောရေ.. ဟုတ်တယ်..သက်ကြီးရွယ်အိုတွေ လူအိုရုံတို့ ဘိုးဘွားရိပ်သာတို့မှာ အချိန်ကုန်သွားရတာကို ကြည့်ရမြင်ရတာ မချိဘူး..။ အိမ်မှာပြန်တော့လည်း စကားများတယ်ဘာတယ်နဲ့......

တို့တွေမှာလဲ အဖွားကို မှီလိုက်ပါတယ် မရှိတော့ပေမဲ့ မသိစိတ်ထဲမှာ အိမ်မက်ထဲမှာအျြမဲတွေ့နေကြပါ။တစ်နေ့ကျရင် တို့များအိုလာကျမယ်ဆိုတာသိပေမဲ့
အဖွားတို့အရွယ်အထိ အသက်ရှည်မှာလား။

မချောရေ ဒီပို့လေးဖတ်ပြီးတော့ အသိလေးတစ်ခု ထပ်တိုးသွားပြန်ပြီ...

ahphyulay said...

မချောရေ...
ကျွန်တော်တို့ လဲ အဲ့ ဒီ အရွယ် ထဲ ရောက်နေပြီနော်...
တူတွေ တူမ တွေ ကန်တော့  နေ ကြ ပြီ လေ၊
ကိုယ်က အမြင့်  က ထိုင်ရင်း သူ တို့  ကို ကြည့် ပြီး မှ
အော်... ကိုယ်လဲ နေဝင်ချိန် နီး လာ ပါ ပေါ့  လား ဆိုတာ
သတိ ပြု မိ လာတယ် လေ ၊

phyophyo said...

မချောရေ ..
ညီမ အဖိုးအဖွားတွေကတော့ မမှီလိုက်တော့ဘူး၊ အဖေ အမေတွေလည်း အသက်ကြီးနေကြပြီ၊ အဖေနဲ့အမေကို ပိုပြီးသတိရသွားတယ်။ အိမ်မှာဆို အမေနဲ့ အတည့်ဆုံးသမီးတဲ့ညီမက၊ ဟီးဟီး ဘာလို့လဲဆိုတော့ ဘာပြောပြော ဟုတ် ပဲ လုပ်ပေးလိုက်တာ၊
လူကြီးတွေရှိတုန်း စိတ်ချမ်းချမ်းသာသာနေသွားကြတာမြင်ချင်တယ်၊ အခုတော့ အဝေးမှာ၊
မချော ရေးထားတာ တကယ်ကိုစိတ်ချမ်းသာဖို့ကောင်းပါတယ်၊ ကိုယ်တွေလည်း တနေ့ကြုံမှာ၊ သိပ်မလိုတော့ပါဘူး :D
စကားမစပ် မချောရော ပြေးရဲ့လား အိမ်တွင်းပြေးလား၊ အိမ်ပြင်ပြေးလား :)
မချောပျော်ရွှင်ချမ်းမြေ့ပါစေ
ခင်မင်လေးစားလျှက်

အင်း........ အဖွားတစ်ယောက်ပဲ ကျန်တော့တယ် :( စကားမပြောဖြစ်တာကြာပြီ နှစ်ချီနေပြီ :( post ဖတ်ပြီး သတိရသွားမိတယ် အမချောရေ.....

ခင်တဲ့ ( ချိုကျ )

ကျနော်တို့လဲ တစ်နေ့ မလွဲမရှောင် ရောက်ရဦးမယ်ဆိုပေမဲ့ စိတ်ထဲကတော့ ခပ်လန့်လန့်ရယ်နော်။ နောက်လာမဲ့ မျိုးဆက်သစ်ကလေးတွေရဲ့ စိတ်ဓါတ်ရေးရာတွေက ဘယ်လိုပုံစံတွေ ဖြစ်လာဦးမလဲ မသိဘူး။ ဒါကြောင့် အမပြောသလိုဘဲ လက်ရှိအနေအထားမှာ လူကြီးသူမတွေကို စိတ်ဆင်းရဲအောင် မလုပ်ဘဲ အထီးကျန်အောင်မထားဘဲ ကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင် ထားသင့်ပါတယ်။ ကိုယ့်အလှည့်ကျမှ နောင်တ ရတယ်ဆိုရင် အချိန်က လွန်နေပြီမဟုတ်လား။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

နောက် အနှစ် ၃၀...စိတ်ကူးကြည့်မိတယ် ဘာဖြစ်မလဲလို့ ...ဒါပေမဲ့ မနက်ဖြန်တောင်မသေချာတာ..........

အင်ကြင်းသန့် said...

ဆုံးသွားပြီဖြစ်တဲ့ အရမ်းချစ်တဲ့အဘွားကိုသတိရသွားမိတယ်။ ကိုယ်တွေလည်း တစ်နေ့မှာ......

my God, i thought you were going to chip in with some decisive insght at the end there, not leave it to you to decide.