အပြုံးတစ်ခုရဲ့ နောက်ကွယ်








ကျွန်တော်အထက်တန်းကျောင်း စတက်ချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတစ်ခုကို ခုချိန်ထိ မှတ်မှတ်ထင်ထင် သတိရနေခဲ့မိပါတယ်… အဲဒီနေ့က ကျောင်းဆင်းလို့ အိမ်အပြန်မှာ ကျွန်တော်နဲ့ မလှမ်းမကမ်း ကျွန်တော့်ရှေ့နားမှာ တစ်ယောက်တည်း လျှောက်နေတဲ့ အတန်းထဲက ကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရပါတယ်.. သူ့ကြည့်ရတာ လက်နှစ်ဖက်လုံး ပြည့်အောင် စာအုပ်တွေ ပွေ့ပိုက်လို့ ထားတာကြောင့် ရှိသမျှ ကျောင်းစာအုပ်တွေအားလုံး အိမ်ကို ပြန်သယ်ယူလာပုံရတယ်... သူ့ကိုကြည့်ပြီး ကျွန်တော်တွေးလိုက်မိပါတယ်.. “ဘာကြောင့်များ ဒီနေ့လို သောကြာနေ့မျိုးမှာ စာအုပ်တွေ အားလုံး အိမ်ကို သယ်ပြီး ပြန်ရတာပါလိမ့် .. ဒီကောင်ဟာ ကပ်သီးကပ်သပ် ကောင်စားမျိုးဘဲ ထင်ပါတယ်.. ကျွန်တော့်မှာတော့ ဒီပိတ်ရက်မှာ သွားလာ လည်ပတ်ဖို့ စဉ်းစား စီစဉ်ထားတာတွေက အများကြီးပါဘဲ.. လျှောက်လည်မယ်.. ဘောလုံးကန်မယ်.. သူငယ်ချင်းတွေနဲ့ ဂိမ်းကစားမယ်.. မုန့်ဆိုင်တွေမှာ မုန့်လိုက်စားကြမယ်.. အိုး.. လုပ်စရာတွေမှ အများကြီးပါဘဲ…. ဒီပိတ်ရက်မှာ သူ့လို စာအုပ်ကြီးတွေ အိမ်ပြန်သယ်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာဖို့ အစီအစဉ်ကို မရှိပါဘူး.. ” စဉ်းစားမိရင်း ကျွန်တော့်ပုခုံးကို အသာတွန့်လိုက်ပြီး လမ်းဆက်လျှောက် လာခဲ့လိုက်ပါတယ်။




အဲဒီလိုလျှောက်လာနေရင်း ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်အရပ်ကနေ ကလေးတစ်အုပ်ဟာ ပြေးပြေးလွှားလွှား ဆော့ကစားလာနေကြတာ တွေ့လိုက်ရပါတယ်.. ကလေးတွေဟာ ကျွန်တော့်ရှေ့ကနေ လျှောက်နေတဲ့ သူ့ကို အရှိန်နဲ့ ၀င်တိုက်မိလိုက်ပြီး သူ့လက်ထဲက စာအုပ်တစ်ပွေ့တစ်ပိုက်ကြီးဟာ မြေပြင်ပေါ်ကို ပြုတ်ကျကုန်ပါတယ်.. သူကိုယ်တိုင်လည်း ဖင်ထိုင်ရက် လဲကျသွားပြီး သူတပ်ထားတဲ့ မျက်မှန်ဟာ သူနဲ့ ခပ်လှမ်းလှမ်း ၁၀ပေ လောက်အကွာကို လွှင့်ထွက်သွားပါတော့တယ်.. သူ့မျက်နှာဟာ ရှုံ့မဲ့နေပြီး ကြည့်ရတာ အတော် နာကျင်သွားပုံရပါတယ်.. ပြီးတော့ လွှင့်ကျသွားတဲ့ သူ့မျက်မှန်ကို မြေပြင်ပေါ်မှာ စမ်းစမ်း စမ်းစမ်းနဲ့ လိုက်ရှာနေတာ ကျွန်တော်တွေ့လိုက်ရပါတယ်.. ဒီကောင်ဟာ မျက်မှန်မပါရင် ဘာကိုမှ သဲသဲကွဲကွဲ မြင်နိုင်ဟန် မတူပါဘူး… တစ်ချက်တစ်ချက် မော့လာတဲ့ သူ့မျက်နှာကြောင့် သူ့မျက်ဝန်းမှာလည်း မျက်ရည်စ တစ်ချို့ကို တွေ့လိုက်မိပါတယ်.   သူ့ကိုကြည့်ပြီး ကျွန်တော် တော်တော်ကို စိတ်မကောင်းဖြစ်သွားတာကြောင့် သူ့အနားကို အမြန်တိုးကပ်သွားကာ မျက်မှန်ကို ကောက်ယူလိုက်ပြီး နှစ်သိမ့်တဲ့အပြုံးလေးတစ်ခုနဲ့ “ကလေးတွေက ဒီလိုပါဘဲ.. သူတို့မှာ ဆော့ဖို့စိတ်ကလွဲလို့ ဘာမှ မရှိကြဘူး ” လို့ပြောရင်း သူ့ကို လှမ်းပေးလိုက်ပါတယ်.. “အိုး ကျေးဇူးဘဲ” သူကလည်း ပြန်ပြုံးပြလိုက်ပြီး ကျွန်တော့်ကို ကျေးဇူး စကား ဆိုပါတယ်။




သူထနိုင်အောင် ကျွန်တော် သူ့ကို ဆွဲထူပေးလိုက်ပြီး သူ့စာအုပ်တွေကိုလဲ ကူကောက်ပေးကာ သူဘယ်မှာနေတယ်ဆိုတာ စကား စ မေးလိုက်ပါတယ်.. သူပြန်ဖြေတဲ့ သူ့နေရပ်လိပ်စာဟာ ကျွန်တော့်အိမ်နဲ့ နီးနီးလေးဆိုတာ ကျွန်တော်သိလိုက်ရပေမဲ့ သူ့ကို အရင်က တစ်ခါမှ ကျွန်တော် မတွေ့ခဲ့ဖူးပါဘူး.. ဒါကြောင့် ကျွန်တော်က “အရင်က ဘာလို့ မတွေ့ဖူးကြတာလဲ” လို့ မေးလိုက်တော့ သူဟာ နံမည်ကြီး ဘော်ဒါတစ်ခုမှာ ကျောင်းအိပ်ကျောင်းစား နေခဲ့ရတာ ဖြစ်ကြောင်း ကျွန်တော်တို့ တက်နေတဲ့ ဒီကျောင်းကို အခုမှ ရောက်တာတာဖြစ်ကြောင်း ပြန်ရှင်းပြပါတယ်.. ကျွန်တော်ကတော့ ကျွန်တော့်ဘ၀မှာ သူပြောတဲ့ ဘော်ဒါဆိုတဲ့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားဘ၀မျိုး ဘယ်တုန်းကမှ မနေခဲ့ဖူးပါဘူး.. ပြီးတော့  သူ့နံမည်က ကာလ်း ဖြစ်ကြောင်းကိုလည်း ကျွန်တော် သိလိုက်ရပါတယ်။




အိမ်ကိုလျှောက်လာတဲ့ လမ်းတစ်လျှောက်လုံး ကျွန်တော်တို့ စကားတွေ ပြောလာကြရင်း  ကာလ်းရဲ့ စာအုပ်တစ်ချို့ကို ကူပြီး ကိုင်ပေးလာခဲ့ပါတယ်. ခုတော့လည်း ပြုံးပြုံးရွှင်ရွှင် စကားတပြောပြောနဲ့ ကာလ်းဟာ လူရည်သန့် လူငယ်လေးတစ်ယောက် ဖြစ်နေပြန်ပါပြီ။ ကျွန်တော်က ကာလ်းကို “ဘောလုံးကစားဖို့ ၀ါသနာပါသလား” လို့မေးတော့ သူက “ပါတယ်” လို့ပြန်ဖြေပါတယ်.. ဒီတော့ သူ့ကို မနက်ဖန် ကျွန်တော့်သူငယ်ချင်းတွေနဲ့ ကစားမဲ့ ဘောလုံးပွဲမှာ ပါဝင်ကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်.. ကျွန်တော့်အိမ်ရှေ့ရောက်တော့လည်း အိမ်ထဲကို ၀င်ထိုင်ဖို့ သူ့ကို ဖိတ်ခေါ်လိုက်ပြီး ကျွန်တော့်ဆီမှာရှိနေတဲ့ ဂိမ်းတစ်ချို့ကို သူနဲ့အတူတူ ကစားကြပါတယ်.. ညပိုင်းလောက်မှာမှ အိမ်မှာဘဲ မေမေကျွေးတဲ့ ညနေစာကို စားပြီး သူပြန်သွားခဲ့ပါတယ်.. နောက်နေ့ ပိတ်ရက်၂ရက်လုံးလုံး ကာလ်းဟာ ကျွန်တော့်ဆီရောက်လာပြီး ကျွန်တော့်သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ကစားကြရင်း အချိန်ကုန်သွားခဲ့ပါတယ်.. သူ့ကိုလည်း ကျွန်တော်အပါအ၀င် ကျွန်တော့သူငယ်ချင်းတွေက ခင်မင်ကြသလို သူကလည်း ပျော်ရွှင်နေတာကို တွေ့ရပါတယ်။




နောက်တနင်္လာနေ့မနက်ရောက်တော့  ကာလ်းဟာ သောကြာနေ့တုန်းက ကျောင်းကနေအပြန် သယ်သွားတဲ့ စာအုပ်အပုံကြီးကို ပွေ့ပိုက်ပြီး ကျောင်းသွားဖို့ လျှောက်လာပါတယ်.. သူ့ကိုတွေ့တော့ ကျွန်တော်က ရပ်စောင့်နေလိုက်ပြီး “မင်း ဒီပုံစံအတိုင်းသာ စာအုပ်တွေ နေ့တိုင်း သယ်မယ်ဆိုရင် မင်းလက်မောင်း ကြွက်သားတွေ ပိုကြီးလာတော့မှာ သေချာတယ်” လို့ ကျွန်တော်သူ့ကို နောက်လိုက်ပါတော့တယ်. သူက ရယ်မောလိုက်ပြီး ကျွန်တော့်ကို သူ့လက်ထဲက စာအုပ်တစ်ချို့ လှမ်းပေးလိုက်ပါတယ်. အဲဒီအချိန်ကစလို့ ကာလ်းနဲ့ ကျွန်တော်ဟာ သိပ်ကို ခင်မင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်.. အထက်တန်းတက်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း သူနဲ့ကျွန်တော်ဟာ အခင်ဆုံးသူတွေအဖြစ် တောက်လျှောက်တွဲလာခဲ့ကြပါတယ်.. သေချာပေါင်းကြည့်လေ ကာလ်းမှာ သူငယ်ချင်းကောင်း တစ်ယောက်ရဲ့ အကျင့်စရိုက်မျိုး ရှိလေ ဆိုတာ ကျွန်တော်သိခဲ့ရပါတယ်.. သူဟာ သူငယ်ချင်းတွေအပေါ် သိပ်ကို စိတ်ရှည်သီးခံတတ်ပြီး စိတ်ကောင်းလဲရှိတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။




အထက်တန်းကျောင်းမှာ ၄နှစ်တိတိ ကားလ်းနဲ့ ကျွန်တော် ငယ်ပေါင်းကြီးဖော်တွေလို ချစ်ခင်ရင်းနှီးစွာ ပေါင်းဖြစ်ကြပါတယ်.. အထက်တန်း နောက်ဆုံးနှစ်မှာတော့ တက္ကသိုလ်တက်ဖို့ စဉ်းစားကြတဲ့အခါ ကျွန်တော်က Georgetown ကို သွားဖို့ စဉ်းစားပြီး သူကတော့ ဆရာဝန်လုပ်ဖို့အတွက် Duke တက္ကသိုလ်ကို တက်မယ်လို့ ပြောပါတယ်.. ဒါပေမဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ်၊ ကျွန်တော်တို့၂ယောက်ကြား ဘာတွေဘဲခြားနေနေ အခင်ဆုံး သူငယ်ချင်းတွေအဖြစ် ဆက်ပြီး ရှိနေကြမှာပါ။ အဲဒီအထက်တန်း နောက်ဆုံးနှစ်မှာ ကာလ်းဟာ ဂရိတ်ကောင်းကောင်းနဲ့ အောင်မြင်တဲ့အပြင် တစ်ကျောင်းလုံးမှာ အမှတ်အများဆုံးသူ တစ်ယောက်လဲ ဖြစ်တာကြောင့် အထက်တန်းအောင်မြင်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲသဘင်မှာ စကားပြောဆိုဖို့ ရွေးချယ်ခြင်းခံရပါတယ်.. သူရဲ့ အောင်မြင်မှုအတွက် ကျွန်တော်လည်း ၀မ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။




အခုတော့ ဒီနေ့ကျင်းပတဲ့ ဂုဏ်ပြုပွဲနေ့မှာ စင်ပေါ်စကားတက်ပြောရမဲ့ ကားလ်ဟာ အထူး ကြည်လင်ရွှင်ပျနေတဲ့ ပုံစံရှိပြီး သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ လူငယ်တစ်ယောက်ရဲ့ ဟန်ပန်ကို သေသေချာချာ တွေ့မြင်ရပါတယ်.. လွန်ခဲ့တဲ့ ၄နှစ်လောက်က စာအုပ်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကျွန်တော်စတွေ့ခဲ့တဲ့ ပုံဏ္ဍာန်နဲ့ ကွာခြားချင်တိုင်း ကွားခြားလို့ နေပါပြီ။ မျက်မှန်တပ်ဆင်ထားပြီး အ၀တ်အစားကို သပ်သပ်ရပ်ရပ် ကျကျနန ၀တ်ဆင်ထားတတ်တဲ့ သူ့ပုံက လူရည်မွန် လူရည်သန့် ပုံစံအပြည့်နဲ့မို့ ကျွန်တော်ကတောင် ပြန်ပြီး မနာလိုရလောက်အောင် မိန်းခလေးတိုင်း စိတ်ကူးယဉ်ချင်စရာ ဖြစ်လို့နေပါတယ်.. တွေ့ကာစနေ့က  ကပ်သီးကပ်သပ် လူတစ်ယောက်လို့ ထင်ခံခဲ့ရဖူးတဲ့ ကာလ်းတစ်ယောက်ဟာ ခုကျတော့ ကျွန်တော်တို့ကပြန်ပြီး အားကျငေးမောနေရတဲ့ သူတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ စင်ပေါ်တက်ပြီး စကားပြောဖို့တော့ အနည်းငယ် တုန်လှုပ်နေဟန်ရှိတဲ့ သူ့မျက်နှာပေးကြောင့် ကျွန်တော်က သူ့ကြောကို ပုတ်လိုက်ပြီး  “သူငယ်ချင်း.. အားတင်းထား.. မင်းဟာ သူများတကာထက် တော်တဲ့သူဆိုတာ မမေ့နဲ့.. အေးဆေး ဟုတ်ပြီလား။” လို့ ပြောပြီး အားပေးလိုက်တော့  ကျွန်တော့်ကို ပထမဆုံး စတွေ့စ နေ့က သူပြုံးပြခဲ့ဖူးတဲ့ ကျေးဇူးတင်အပြုံးလေးကို ပြန်ပြုံးပြလိုက်ပြီး “ကျေးဇူးဘဲ သူငယ်ချင်း” လို့ ကျွန်တော့်ကို ပြန်ပြောပါတယ်။




သူစင်ပေါ်မှာ စကားပြောရမဲ့အလှည့် ရောက်တော့ တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့ပါပြီ။ အေးဆေးစွာဘဲ စင်ပေါ်ကိုလျှောက်သွားခဲ့ပြီး မိုက်ကရိုဖုန်းအရှေ့မှာ ရပ်လိုက်ကာ လည်ချောင်းကို တစ်ချက်ရှင်းလိုက်ရင်း စကားစပြောပါတော့တယ်.. သူပြောတဲ့ စကားတွေက “ ဒီနေ့ဟာ ကျွန်တော်တို့ရဲ့ အထက်တန်းအောင် မြင်ပြီးဆုံးတဲ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲနေ့ ဖြစ်ပါတယ်.. ဒီနေ့မှာ ကျောင်းတက်တဲ့ ကာလတစ်လျှောက်လုံး  ကျွန်တော်တို့ကို ကူညီခဲ့ကြသူများကို ကျေးဇူးတင်စကား ဆိုရမဲ့နေ့လည်း ဖြစ်ပါတယ်.. ကျွန်တော်တို့ကို ယခုဒီအခြေအနေအထိ ရောက်အောင် ကူညီပေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ မိဘတွေ၊ ဆရာတွေ၊ မွေးချင်း ညီအစ်ကို မောင်နှမတွေ။ နည်းပြတွေ နောက်… အထူးသဖြင့် အတူတူ ကျောင်းတက်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို ကျးဇူးတင်စကား အထူးဆိုချင်ပါတယ်... ပြီးတော့လဲ ကျွန်တော်ဒီနေ့ ဒီနေရာကနေ သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြစ်နိုင်သော လက်ဆောင်တစ်ခု ဖြစ်ခဲ့တဲ့ ဇာတ်လမ်းလေးတစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်.. ”




အဲဒီလို စကားအစချီပြီး ကျွန်တော်ရဲ့ သူငယ်ချင်း ကာလ်းဟာ ဇာတ်လမ်းလေးတစ်ခုကို အစပျိုးတော့တာပါဘဲ.. သူပြောနေတဲ့ အကြောင်းအရာတွေကို မယုံနိုင်ခြင်းများစွာနဲ့ ကျွန်တော်ဟာ မျက်လုံး အပြူးသား၊ ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိပါတယ်.. ကာလ်းပြောပြနေတဲ့ အကြောင်းအရာဟာ သူနဲ့ ကျွန်တော် ပထမဦးဆုံး စတွေ့တဲ့ ရက်အကြောင်းကို ပြောပြနေတာ ဖြစ်ပါတယ်.. သူဟာ သူ့အမေနဲ့ အကြီးအကျယ် စကားများတာကြောင့် အဲဒီ အပတ်ကျောင်းပိတ်ရက်မှာ သူ့ကိုယ်သူ သတ်သေတော့မယ်လို့ ဆုံဖြတ်လိုက်ပြီး ကျောင်းက သူရဲ့ လော်ကာကို သန့်ရှင်းရေးလုပ်ပါတယ်.. တစ်ခြားသူတွေအတွက် သူ့ပစ္စည်းတွေက အနှောက်အယှက် မဖြစ်စေချင်တာကြောင့် အဲဒီထဲမှာ ထည့်ထားတဲ့ သူပိုင်ပစ္စည်းနဲ့ စာအုပ်တွေအားလုံးကို အိမ်အပြန်မှာ သယ်ယူလာခဲ့တယ်လို့ ဆိုပါတယ်.. ဒါကြောင့် သူနဲ့ ပထမဆုံး စတွေ့တဲ့နေ့က  စာအုပ်တွေတနင့်တပိုးနဲ့ မနိုင်မနင်း ရှိနေခဲ့တဲ့ သူ့ပုံစံကို ကျွန်တော် ပြန်သတိရလိုက်မိပါတယ်။




ကာလ်းဟာ စင်ပေါ်ကနေ ကျွန်တော့်ကို ပြုံးပြလိုက်ပြီး စကားဆက်ပြောနေခဲ့ပါတယ်.. “တကယ့်ကို ကျေးဇူးတင်စရာပါဘဲ.. ကျွန်တော်ဟာ အလွန်တရာ ကံကောင်းလှစွာဘဲ သူငယ်ချင်းတစ်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရပါတယ်..  အဲဒီနေ့  ကျောင်းကအပြန် စာအုပ်တွေ မနိုင်မနင်းနဲ့ ကျွန်တော့်ကို  အပြုံးလေးတစ်ခုနဲ့ ရောက်လာပြီး လာကူညီတဲ့ ကျွန်တော့်သူငယ်ချင်း ဖြစ်လာမဲ့သူဟာ ဟောဟိုမှာ ထိုင်နေတဲ့ ဒယ်နီရယ်ပါ..”  သူက ကျွန်တော့ကို လက်ညိုးညွှန်လိုက်ပါတယ်.. ပြီးတော့ ဆက်ပြောတာက “ ကျွန်တော့်ကို ပြုံးပြလိုက်တဲ့ သူ့အပြုံးဟာ ကျွန်တော့်ရင်ထဲအထိ ရောက်သွားခဲ့ပြီးနောက် သူနဲ့တွေ့ပြီး သူငယ်ချင်းဖြစ်သွားတဲ့ ကျွန်တော်ဟာ ခင်မင်စရာကောင်းတဲ့ သူ့ကြောင့် ကိုယ့်ကိုယ်ကို သတ်သေမဲ့အစီအစဉ် ပျက်သွားခဲ့ရပါတယ်.. အဲဒီနောက်မှာတော့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ကျောင်းသားဘ၀ကို သူနဲ့အတူတူ ဖြတ်သန်းကုန်ဆုံးလာရင်း ဒီနေ့မှာ ကျွန်တော်ဟာ အခု အခြေအနေကို ရောက်လာခဲ့ရတာ ဖြစ်ပါတယ်.. မမျှော်လင့်တဲ့ အဲဒီနေ့က သူ့ရဲ့ အပြုံးနဲ့အတူ အကူအညီလေးတစ်ခုဟာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်.. ဒါကြောင့်လည်း သူငယ်ချင်းဆိုတာ တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်လေးတစ်ခုလည်း ဖြစ်နိုင်ကြောင်းပြောကြားရင်း ကျွန်တော့်သူငယ်ချင်း ဒယ်နီရယ်ကို ကျေးဇူးအထူး တင်ပါတယ်လို့ ပြောပါရစေခင်ဗျာ… ”  လို့ စကားကို ဆုံးအောင်ပြောသွားခဲ့ပါတယ်။




ကားလ်ရဲ့ စကားအဆုံးမှာ ကားလ်ရဲ့ အဖေနဲ့အမေဟာ ထိုင်ရာက ထလာပြီး ကျွန်တော့်ကို ကျေးဇူးတင်စကား လာရောက်ပြောကြားပါတယ်. ကာလ်းအမေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်စ တစ်ချို့နဲ့ပါ။ ကျောင်းသားတွေ အားလုံးကလည်း ကျွန်တော့်ကို ဂုဏ်ယူတဲ့အပြုံးတွေနဲ့ လှိုက်လှဲစွာပြုံးပြလို့ လက်ခုပ်သြဘာ ပေးနေခဲ့ကြပါတယ်.. အိုး လူတစ်ယောက်ရဲ့ ဘာမှ မပြောပလောက်တဲ့ အပြုအမူလေး တစ်ခုဟာလည်း တစ်ခြားသူတစ်ယောက်အတွက် အကြီးမားဆုံး ပြောင်းလဲမှုကို ပေးနိုင်တယ်ဆိုကာ ကျွန်တော် ကောင်းကောင်းကြီး သဘောပေါက်လိုက်ပါပြီ။ မရည်ရွယ်ပါဘဲနဲ့ ကျွန်တော်တို့တွေရဲ့ လုပ်ရပ်၊ အပြုအမူ  အသေးအမွှားလေး တစ်ခုခုဟာ တစ်ခြားသူအတွက် ကောင်းကျိုးကိုဖြစ်စေ၊ ဆိုးကျိုးကိုဖြစ်စေ ကြီးကြီးမားမား ပြောင်းလဲစေနိုင်တယ် ဆိုလို့ရှိရင် သူတစ်ပါး ထိခိုက် နစ်နာစေနိုင်မယ်လို့ ထင်ရတဲ့ အပြုအမူ၊ အပြောအဆိုမျိုးကို ဘယ်လောက်သေးငယ်တဲ့ ကိစ္စဘဲဖြစ်ဖြစ် မပြောဖြစ်၊ မလုပ်ဖြစ်အောင် အတတ်နိုင်ဆုံး ထိန်းသိမ်းကြပြီး ကောင်းကျိုးဖြစ်နိုင်မဲ့ စကားတွေ၊ အပြုအမူတွေကိုသာ ပြောဆို ပြုမူသင့်ကြတယ် မဟုတ်ပါလား.. မမျှော်လင့်ဘဲ အကူအညီလိုအပ်နေတဲ့ သူတွေကို တွေ့တဲ့အခါမှာလည်း ဘယ်လောက်ပင်သေးငယ်တဲ့ အကူအညီဖြစ်ပါစေ ပေးနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်နော်။ ကိုယ်ပေးလိုက်ရတာ ဘယ်လောက်မှမဟုတ်ပေမဲ့ တစ်ဘက်လူအတွက်တော့ တန်ဖိုးမဖြတ်နိုင်အောင် ပြောင်းလဲသွားတာမျိုးလဲ ဖြစ်နေနိုင်ပါသေးတယ်..





John Deru ရဲ့ One small gesture can change a person's life ကို ဆီလျှော်အောင် ဘာသာပြန်ရေးဖွဲ့ပါသည်။






Photo from Google

28 Responses to “အပြုံးတစ်ခုရဲ့ နောက်ကွယ်”

ahphyulay said...

အင်း...
အမှတ် တမဲ့  ကိုယ်ပြု ခဲ့  မိတဲ့  အပြု အမှု လေးတစ်ခု ကြောင့် 
တပါးသူ အတွက် တစ်သက် လုံး အမှတ်တရ ဖြစ်သွားတဲ့  အဖြစ်ကလေး ပါပဲ .. လို့ ။
ကိုယ်က အပြု သဘော ဆောင်ခဲ့  တာကိုး ၊

phyophyo said...

“အပြုံးတစ်ခုရဲ့ နောက်ကွယ်” လေးလည်း ကောင်းတာပဲ၊
အမှတ်တမဲ့ မှ အမှတ်တရ သို့ပေါ့။

အမှတ်တရရှိနေမှာပါ...

အပြုံးတစ်ခုရဲ့နောက်ကွယ်မှာ ရှိခဲ့တဲ့ တန်ဖိုးကြီးမားမှု့ တဲ့လား အမချော.... ကောင်းလိုက်တာ ကျေးဇူးပါပဲ :)

ခင်တဲ့ (ချိုကျ )

ဟုတ်တယ် ကျနော်လည်း ခံစားလို့ရတယ် ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းဆိုတာ တစ်ခါတလေ မောင်နှမချင်း ချစ်သူချင်းတိုင်ပင်လို့မရတဲ့ အရာမျိုးတွေကိုတောင် ကိုယ်နဲ့ထပ်တူမျှဝေ ခံစားပေးနိုင်ကြတာ ။ သူငယ်ချင်းအစစ်အမှန်ဆိုတာ ကိုယ့်ရဲ့ ကိုယ်ပွားလို့တင်စားချင်မိတယ် ။ စစ်မှန်နွေးထွေးတဲ့အပြုံးတွေ သူငယ်ချင်းတိုင်းမှာရှိနေမှာပါ ။

အေးဗျာ အစ်မရေ... အဖိုးတန်အတွေးလေးပေးတယ်ဗျာ
ဘာပြောပြော ကိုယ့်ရဲ့မထင်မှတ်တဲ့ အပြုမှုလေးက တပါးသူအတွက် သက်ရောက်မူရှိ အနည်းနဲ့များရှိတာ သတိထားရမယ်

ဒီဘာသာပြန်လေး တစ်နေရာရာမှာ ဖတ်ဖူးတယ်မကြီး..
ခုလိုလေး ပြန်ဖတ်ရတော့ နွေးသွားသလိုပဲလေ..။
စိတ်ထဲမှာ တစ်မျိုးပဲ..ဖတ်လိုက်တိုင်း အပြုံးလေးတစ်ပွင့်
တစ်နေရာရာကနေ လှမ်းပေးလိုက်သလိုပဲ...:)

အပြုံးရဲ့ နောက်ကွယ်မှာ တခြားရော ဘာတွေ ရှိအုံးမလဲလို့ စဉ်းစားမိပါတယ်
ဘာသာပြန်ပေးတာ ကျေးဇူးဗျာ။

အမချောရေ...
အမစာတွေဖတ်ရတာ ရင်ထဲထိ တိုက်ရိုက်ရောက်တာချည်းဘဲ။ စာဖတ်ပြီးပြီးချင်းဆိုရင် အဲဒီသင်ခန်းစာတွေယူပြီး လက်တွေ့ကျင့်ကြံမယ်ဆိုတဲ့ စိတ်ကူးတွေ ပေါက်မိတာချည်းဘဲ။ ဒါပေမဲ့ ကြာလာတော့လဲ ပုထုဇဉ်ပီပီ စိတ်တွေက သိပ်ထိန်းလို့မရနိုင်တာကို တွေ့ရတယ်။ တကယ်တန်ဖိုးရှိတဲ့ စာတွေပါ။ နောက် မချော စာအုပ်အဖြစ် ထုတ်ဖြစ်ရင် မချောရေးတဲ့ စာအုပ်မှန်သမျှ ၀ယ်ဖတ်မယ်။ တကယ်ပြောတာ။ အဆင်ပြေ ပျော်ရွှင်ပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုယ့်အပြုအမူ၊ ကိုယ့်အပြောအဆိုတွေကြောင့် ဘယ်သူ့ကိုမှ စိတ်ထိခိုက် နာကျင်မှုမျိုးတွေ မဖြစ်စေချင်ဘူးးးးး အဲ့လိုဖြစ်မှာကိုလဲ အကြောက်ဆုံးပဲ ချောရယ်...

သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုတာ လူတိုင်းမှာရှိတတ်တယ်။ တန်ဘိုးဖြတ်လို့ မရတဲ့ ကူညီမှုတွေ၊ မမေ့ရက်နိုင်တဲ့ အမှတ်တရတွေက မိတ်ဆွေကောင်းလို့ ကဗျည်းတင်ပေးတယ်။ အကူညီတွေ၊ အမှတ်တရတွေကလည်း သေးသေးလေးကနေ အကြီးကြီးအထိရှိတတ်တယ်။ ထိရောက်တဲ့ ကူညီမှုလေးတွေက ဘ၀မှာ မမေ့နိုင်စရာဖြစ်လာတတ်တယ်။ အနှစ်ကျတဲ့ ပို့စ်လေးပါချောရေ..။

ချစ်သော...
မြသွေးနီ

လာလည်သွားပါတယ်...ဖတ်လို.ကောင်းတဲ.
စာသားတွေ ကိုအများကြီးဖတ်သွားပါတယ်.......။

flowerpoem said...

အမရေ ကျေးဇူးတင်ပါတယ် စိတ်ဓာတ်ခွန်အားတိုးပွားစေတဲ့ စာတွေ အများကြီးဆက်လက် ဖြန့်ဝေပေးပါအုံးနော်...

Evancho Jackie said...

Finally something that really make sense. Was looking for this in other sites but not anymore!

သာမန်ဇာတ်လမ်းလေးပဲ ထင်နေချိန် နောက်ဆုံး လှည့်ကွက်လေး ဖတ်ရမှ တော်တော်သဘောကျသွားတယ်။ ပြင်ပမှာလည်း တကယ်ကို ဖြစ်နိင်ချေ ရှိတဲ့ အဖြစ်မျိုးပါပဲ။
သူငယ်ချင်းကောင်းဆိုတာ ၂ ယောက်လုံး စိတ်ထားဖြူစင် မှန်ကန်နေဖို့ လိုတယ်မဟုတ်လား။

တော်တော် ကောင်းတဲ့ ပို့စ်လေးပါ။ လူတစ်ယောက်ရဲ့ အမှတ်မထင် အပြုအမူလေးတစ်ခုက တစ်ဖက်လူရဲ့ ဘဝကို ပြောင်းလဲမှူ (အကောင်းဆုံး၊ ဒါမှမဟုတ် အဆိုးဆုံး အထိ) ဖြစ်သွားနိုင်တယ်ဆိုတာ ကို ကျွန်တော်တို့ အားလုံးလည်း သတိတရား ရစေပါတယ်ဗျာ..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

မထင်မှတ်တဲ့ ကူညီမှုလေးက လူ့အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့ပါလား..........
သူငယ်ချင်းကောင်းဆိုတာ ဘဝမှာ မရှိမဖြစ်လိုအပ်သလို ကံကြမ္မာအလှည့်အပြောင်းကို ဆောင်ကျဉ်းပေးနိုင်သူဆိုတာ ကိုယ်တွေ့ အဖြစ်အပျက်လေးမို့...........


ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

noblemoe said...

အပြုံးတစ်ပွင့်ဟာ ဘဝတစ်ခု အသက်တစ်ချောင်းကိုတောင်ကယ်တင်နိုင်တာ မှတ်သားသွားပါတယ်။ မမရေးး

သာယာချမ်းမြေ့ပါစေရှင်း
မိုး

Than Than Swe said...

Great.
Helping everybody can safe someone's life.

သူတပါးမှာ တန်ဖိုးမဖြတ်နိုင်အောင်အကျိုးရှိအောင် ကိုယ့်ရဲ့လုပ်ပေးနိုင်တဲ့ အပြုံးလေးတပွင့်
ကလည်း သိပ်ကိုအရေးပါပါလားနော်..။

ချစ်တဲ့
သဒ္ဓါ

တကယ်ကောင်းတဲ့ post ပါပဲ။ မ စာရေးကောင်းတယ်။

အင်ကြင်းသန့် said...

အပြုံးလေးတစ်ပွင့်ဟာ အဲလောက်တောင်တန်ဖိုးရှိတယ်လား။ တကယ်ကိုရင်ထဲကလာတဲ့ လှိုက်လှဲနွေးထွေးတဲ့အပြုံးမျိုးမို့လို့ဖြစ်မယ်နော်။

ုkay kay said...

သူငယ်ချင်းကောင်း မိတ်ဆွေကောင်းဆိုတာ တကယ့်ကို တန်ဖိုးဖြတ်မရပါဘူး..။
သူငယ်ချင်းကောင်းနဲ့တွေ့ဖို့ဆိုတာလဲ နည်းတဲ့ကုသိုလ်ကံမဟုတ်ပါဘူး..။ တန်ဖိုးထားသင့်ပါတယ်..။
မမချောရေးတဲ့ ဒီပို့စ်လေးက သူငယ်ချင်းကောင်း၊မိတ်ဆွေကောင်းတို့ရရှိခြင်းရဲ့ အကျိုးကျေးဇူး တွေကို ထင်ဟပ်ပြသနေခဲ့ပါတယ်...။
အရမ်းပဲ နှစ်ခြိုက်မိပါတယ် မမ..။
စာကောင်းလေးတွေကို ရေးပြီးတင်ပေးနေတဲ့ မမချော ကျန်းမာရွှင်လန်းပါစေ..။

ဆောင်းရှိန်း said...

သူငယ်ချင်းကောင်းဆိုတာ တစ်ယောက်ကိုတစ်ယောက် ရင်ဘတ်ပေးပြီးပေါင်းကြသလို ဘယ်သောအခါမှ နောက်ကျောကို ဓါးနဲ့ မထိုးတဲ့သူမျိုးပေါ့...
အရမ်းကောင်းတယ် မမ
မမ ပျော်ရွှင်ပါစေ(ဆောင်း)

free php ebooks said...

Actually I read it yesterday but I had some thoughts about it and today I wanted to read it again because it is very well written.

ကိုကြည်သာ said...

ရေမျောနေတဲ့ပုရွက်ဆိတ်တစ်ကောင်နဲ့ သစ်ပင်ပေါကနေသစ်ကိုင်းသေးသေးလေး တစ်ကိုင်းမတော်တဆကျသွားတဲ့ငှက်တစ်ကောင် လိုပဲ ငှက်အတွက်ကတော့ဘာမှမသိသာပေမဲ့ ပုရွက်ဆိပ်အတွက်ကတော့တစ်ဘ၀စာပဲလေ။ ကောင်းတယ်

thaewutye said...

တော်တော်လေးဖတ်လို့ကောင်းတယ်
သူငယ်ချင်းခင်တွယ်တက်တဲ့သူအတွက်ရင်ထဲနင့်သွားတာပဲ