မာလာငါးနဲ့ ကြက်ခြေထောက်ချဉ်စပ်





ဒီနေ့တော့ အစားအသောက်အချက်အပြုတ် ၀ါသနာပါသူများအတွက်  မာလာငါး၊ မာလာကြက်ခြေထောက်၊ ကြက်ခြေထောက်ချဉ်စပ်၊ ပြုလုပ်ပုံလေးကို ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းကလေးနဲ့ ရှင်းပြချင်ပါတယ်။





မာလာငါးဟင်း




ပထမဦးစွာ အရွယ်တော် ငါး တစ်ကောင်ဖြစ်စေ မိမိပြုလုပ်မည့် ပမာဏအတိုင်း ၃ကောင်၎ကောင်ဖြစ်စေ ရေဆေး အကြေးခွံထိုးပြီး အပေါ်မှ ဓားဖြင့် မွန်းပါတယ်။ ထို့နောက် အိုးတစ်လုံးထဲ ရေအသင့်တင့်ထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင်( ရှိက) ဆား၊အချိုမှုန့်တို့ကိုထည့်ပြီး ငါးကိုပြုတ်ပါတယ်.. အကျက်ညီအောင် ဟိုဘက်ဒီဘက် ဖြေးညင်းစွာ လှန်လှောပေးပါ။








ငါးကို ပုံပျက်ပန်းပျက် ဖြစ်သွားအောင် အကြာကြီးပြုတ်ဖို့မလိုပါ။ အချိန်အနည်းငယ်အတွင်းမှာ ငါးကျက်ပြီဆိုတာနဲ့ ငါးကို အကောင်မပျက်ဆယ်ယူပြီး ပန်းကန်ပြားလေးတစ်ခုထဲမှာ ငါးကိုထားထားလိုက်ပါတယ်..






ငရုပ်သီးကြမ်းမှုန့်(အစပ်ကြိုက်လျှင် များများ) ကြော်၊ မြေပဲလှော်ထောင်း၊ နှမ်းလှော်၊ ရှောက်ကော၊ ပါးကော၊ ဟွားကြောင်း (တရုတ်မဆလာများ)အမှုန့်နဲ့ တိုကျန် (တရုတ်ပဲငပိ) ကိုအသင့် ပြင်ဆင်ထားပါတယ်။







တရုတ်ပဲငပိ( တိုကျန်) ပါ။






မာလာအနှစ်ပြုလုပ်ထားပုံ



အစောက ငါးပြုတ်ထားတဲ့အရည်ကို ဆူအောင်ပြန်တည်ပြီး ကော်မှုန့်အနည်းငယ်ကို ရေအေးဖြင့်ဖျော်ပြီး ဆူနေတဲ့ ငါးပြုတ်ရည်ထဲ လောင်းထည့်ကာ တိုကျန်(တရုတ်ပဲငပိ) အနည်းငယ်ကို ထည့်ပြီး ဖြေးဖြေးမွှေပေးပါက အရည်မှာ ပစ်လာပါလိမ့်မယ်.. ဆားအချိုမှုန့် အနေတော်ဖြစ်မဖြစ် မြည်းကြည့်ပြီးနောက် ၄င်းအရည်ကို အသင့်ပြင်ထားသော ငရုပ်သီးကြမ်းကြော်၊  ရှောက်ကော၊ ပါးကောအမှုန့်၊ နှမ်း၊ မြေပဲတို့ဖြင့် ရောနှောကာ နံနံပင်ကြက်သွန်မြိတ်တို့ကို ပါးပါးလှီးကာ အားလုံးကို ပန်းကန်လုံးတစ်ခုထဲ  ရောမွှေလိုက်ပါတယ်...






မာလာငါး စားလို့ရပြီ



ရောမွှေထားတဲ့ အရည်ကို အစောက ဆယ်ယူထားသောာ ငါးပေါ်လောင်းချလိုက်မယ်ဆိုရင် အခုလို စားချင်စဖွယ် ငါးမာလာဟင်းတစ်ခွက်ကို ရပြီ ဖြစ်ပါတယ်... ဧည့်သည်များကို ဧည့်ခံဖို့ အဆင်ပြေသလို သူငယ်ချင်းတွေနဲ့ အိမ်မှာ ပျော်ပျော်ပါးပါးလုပ်စားဖို့ဘဲ ဖြစ်ဖြစ်၊ အိမ်သားတွေနဲ့ ချက်စားဖို့ဘဲဖြစ်ဖြစ် ပြုလုပ်ရ လွယ်ကူပြီး စားလို့လဲ ကောင်းတဲ့ ငါးမာလာဟင်းပါ။





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





မာလာကြက်ခြေထောက်






မာလာကြက်ခြေထောက်






ကြက်ခြေထောက်ကို ရေဆူဆူနဲ့ပြုတ်ပါတယ်..



မာလာကြက်ခြေထောက် ပြုလုပ်ပုံမှာလည်း အထက်ပါနည်းအတိုင်း အတူတူဖြစ်ပါတယ်.. ပထမဦးစွာ ကြက်ခြေထောက်များကို ခြေသည်း လှီးဖြတ်၊ ရေစင်အောင်ဆေးပြီး ကြက်သွန်ဖြူ၊ ဂျင်းများထည့်ပြီး ၄င်း ကြက်ခြေထောက်များ နူးအိနေအောင်  ပြုတ်ပါတယ်..  ကြက်ခြေထောက်များ နူးအိပါက အရည်ပြုလုပ်ပုံမှာ အပေါ်ကအတိုင်းဖြစ်ပြီး ပြုတ်ထားတဲ့ ကြက်ခြေထောက်ပေါ် လောင်းချလိုက်ပါက မာလာကြက်ခြေထောက်ဟင်း တစ်ပွဲ ရပါတယ်။






မာလာကြက်ခြေထောက်





~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~





ကြက်ခြေထောက်ချဉ်စပ်စိမ်




ကြက်ခြေထောက်ကို အသီးအရွက်တွေနဲ့ အချဉ်ရည်စိမ်တဲ့ နည်းလေး ပြောပြပါဦးမယ်.. ဒီ ကြက်ခြေထောက် ချဉ်စပ်ကို ယူနန်ပြည်နယ်တစ်ဝိုက်မှာ သွားရေစာအနေနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားသောက်ကြတဲ့ အစားအစာတစ်မျိုး ဖြစ်ပါတယ်။ ကြက်ခြေထောက်နဲ့အတူ အချဉ်ရည်စိမ်ထားတဲ့ မုန်လာဥနီ၊ ဥဖြူ၊ သခွားသီးတို့ဟာ ဆတ်တောက်ဆတ်တောက် ချဉ်ချဉ် စပ်စပ်နဲ့  စားရတာ အလွန်အရသာရှိပါတယ်။







ပြုတ်ပြီး ကြက်ခြေထောက်များ






ကြက်ခြေထောက် အချဉ်ရည်စိမ်ဖို့ ကြက်ခြေထောက်တွေကို ပြုတ်ပါတယ်.. ဒီတစ်ခါမှာတော့ အစောတုန်းကလို နူးအိနေအောင် ပြုတ်ဖို့ မလိုပါဘူး။ ကျက်လောက်ရုံ အနေအထားလေးသာ ပြုတ်ပြီး ကျက်တာနဲ့ အအေးခံထားပါတယ်။







ကြက်ခြေထောက်စိမ်ထဲ ထည့်ဖို့ ပြင်ဆင်ထားတဲ့ သခွားသီး၊ မုန်လာဥနီ၊ ဥဖြူ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီး၊ သံပုရာသီး၊ အရိုးဖြူဖြူ ရှည်ရှည်လေးတွေက တရုတ်နံနံလို့ ခေါ်တဲ့ အရိုးတွေပါ။







အစောက အရိုးဖြူဖြူလေးတွေ ဖြတ်ယူထားတဲ့ တရုတ်နံနံပင်ပါ။ အချဉ်ရည်စိမ်တဲ့အခါ အရွက်တွေက အချဉ်ရည်နဲ့စိမ်တာကြာတဲ့အခါ ရိသွားမှာ စိုးတဲ့အတွက် အရိုးကိုသာ ယူပါတယ်။







ရှောက်ကောပါးကောနဲ့ နာနတ်ပွင့်၊ (ဟွားကြောင်း) တရုတ်ငရုပ်ကောင်းစေ့လေးတွေပါ။







ဂျင်းတွေကို အချောင်းသွယ်သွယ်လေးတွေ လှီးဖြတ်ပြီး၊ ကြက်သွန်ဖြူ၊ ငရုပ်သီး သံပုရာသီး အနည်းငယ်တို့ကို ပုံပါအတိုင်း ထည့်ပါတယ်။








တရုတ်နံနံရိုး၊ မုန်လာဥနီ၊ ဥဖြူတို့ကို အချောင်းရှည်ရှည်လေးတွေ ဖြစ်အောင် လှီးဖြတ်ရပါတယ်.. ပြီးနောက် ရှာလကာရည်(သို့) ဗနီကာရည် ထည့်ပြီး သံပုရာသီးကို အရည်ညှစ်လိုက်ပါတယ်.. ပြီးနောက် ရှောက်ကောပါးကော၊ ငရုပ်ကောင်းစေ့ တို့ကို ထည့်ပြီး ရေထပ်ထည့်ကာ ဆား၊အချိုမှုန့်တို့နဲ့ ရောမွှေလိုက်ပါတယ်..









သခွားသီးကိုလည်း သေးသေးရှည်ရှည် လှီးဖြတ်ပြီး ပြုတ်ထားတဲ့ ကြက်ခြေထောက်ပါ ရောပြီး ထည့်လိုက်ပါတယ်။ အချို့ကတော့ ကြက်ခြေထောက်ကို နှစ်ခြမ်း ခြမ်းပါတယ်.. အသီးအရွက်များကို ရေမြုပ်စေရန် အရည်များများထည့်ဖို့ လိုအပ်ပါတယ်..အချဉ်ရည်စိမ်ပြီး ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး ၄နာရီ ၅နာရီကြာရင် စားလို့ ရပါပြီ။  ရေခဲသေတ္တာမရှိ၊ မီးမလာလျှင်လည်း အပြင်မှာ ၄နာရီ ၅နာရီ ထားထားလျှင် စားလို့ ရပါပြီ။ အကယ်၍များ ညကတည်းက စိမ်မယ်ဆိုရင် သခွားသီးကို နောက်တစ်နေ့မနက်မှ အချဉ်ရည်ထဲ ထည့်ပါ။ မဟုတ်လျှင် သခွားသီးများ ရိပြီး ပျော့အိသွားတတ်ပါတယ်..








စားခါနီးမှာ ငရုပ်သီးမှုန့်ကို ကြော်ပြီး နှမ်းနှင့်ရောကာ အခုလို လောင်းထည့်ပြီး နံနံပင်လေးနဲ့ မွှေပေးလိုက်လျှင် အရောင်အဆင်းလဲလှ မွှေးလဲ ပိုမွှေးပါတယ်..







ဒါက ဆိုင်မှာရောင်းတဲ့ ကြက်ခြေထောက် ချဉ်စပ်စိမ်ပါ။  ကျွန်မလက်ရာနဲ့ ဘယ်ဟာ ပိုကောင်းမလဲ မြည်းကြည့်ကြပါနော်။  :)








စားဖို့ အဆင်သင့် ဖြစ်နေတဲ့ ကျွန်မရဲ့ ကြက်ခြေထောက် ချဉ်စပ်စိမ် ဖြစ်ပါတယ်။  ကျွန်မကတော့ ကြက်ခြေထောက်ထက်ကို ဥနီဥဖြူ၊ သခွားသီးတို့ကို စားရတာ ချဉ်ချဉ်စပ်စပ်လေးနဲ့ ကျွတ်ကျွတ်မြည်အောင် ၀ါးစားရတာ အလွန်သဘောကျပါတယ်.






မာလာငါးနဲ့ ကြက်ခြေထောက်ချဉ်စပ်ကတော့ ဒီတစ်ပတ် Sunday Special ပါ။ အိမ်မှာ လုပ်စားလို့ အဆင်ပြေကြပါစေရှင်။









40 Responses to “မာလာငါးနဲ့ ကြက်ခြေထောက်ချဉ်စပ်”

nyinyi said...

thank you ma chaw....

ဘယ်ရမလည်း..ဒီတခါဦးဦးဖျားဖျားလာစားသွားတယ်။
မာလာငါးဟင်း...၁ပွဲ
မာလာကြက်ခြေထောက်...၁ပွဲ
ကြက်ခြေထောက် ချဉ်စပ်စိမ်...၁ပွဲကို ထမင်းပူပူလေးနဲ့ တွယ်လိုက်ချင်တယ်။
ဂွတ်ရှယ်ပဲ...။ ပုံလေးတွေကလည်း အသက်ဝင်တော့ ဂလု ဂလု ဂလုနဲ့ဖြစ်နေရတယ်။ :)

ahphyulay said...

အင်း.... အဲ့ ဒီ မာလာငါး အကြောင်း ပြောမလို့ ပဲ။
ရန်ကုန် မြေနီကုန်းမှာ လေ လမ်းစုံ ပလက်ဖောင်းဘေးမှာပဲ
စည်ပင် ကို ရောင်းကျေး တစ်ရက်ငါးထောင် ပေးပြီး အဲ့ ဒီ ငါးကို ကင်ရောင်းတာ
တစ်ရက် လေးသောင်းဘိုးလောက် ရောင်းရ တယ်ဆိုပဲ။
လက်ကောက်တွေ များလွန်းလို့  လက်တောင်မမြှောက်နိုင်တော့ ဘူးတဲ့  ။
ဖြစ်ပုံ များ..။

Bravo said...

ဟင်းတွေတော့ကြိုက်တယ်
ဟင်းချက်နည်းပေးတာတောင် ဟင်းချက်ဖို့ အပျင်းထူမိတယ်
:D
ဟဲဟဲ...သူများချက်တာပဲ စားချင်တယ်

စားချင်စဖွယ် မာလာငါးဟင်းလေးနဲ့ ကြက်ခြေတောက် ချဉ်စပ် ဟင်းလေးကို စိတ်ကူးထဲကနေပဲ အဝ တွယ်သွားလိုက်တယ်ဗျာ........ အမချောက တော့ စားချင်စရာတွေကြည့်ပဲ ခဏခဏ တင်နေတော့... အိမ်ပြန်ရင်တော့ အိမ်က အမေကို အဲဒီလိုလေး စားချင်လို့ဆိုပြီး ချက်ကျွေးဖို့ ပြောလိုက်ပါအုံးမယ်ဗျာ.....

ခင်မင်စွာဖြင့်
ဇော်သိင်္ခ

စိတ်လေးနေလို့ စာဖတ် စာရေး မလုပ်နိုင်ခဲ့ဘူး..။
ခုမှပဲ မာလာငါးကို အ၀လာဆွဲရင်း လက်ကျန်တွေ ရှင်းသွားတယ် ..
ဟင်းကောင်းများများကျွေးနော်..အားပြတ်နေလို့:P

မချော ရေ အတော်ပဲ ကြက်ခြေထောက်တွေဝယ်ပြီး ဘယ်လိုချက်ရင်ကောင်းမလဲ စဉ်းစားနေတာ..
ခုတော့ရပြီ.. ကျေးဇူး

may16 said...

စားချင်လိုက်တာ အမရယ် သားရေတွေတကယ်ကျတယ် :)

shwezinu said...

မချော ရဲ့ စပယ်ရှယ် မာလာငါးပေါင်းကို စားသွားပါတယ်ဗျာ

ခင်တဲ့
ရွှေစင်ဦး

သက်ဝေ said...

မာလာငါး ဆိုတာ တွေ့ဖူးသွားပြီ... မာလာငါးပေါင်းလုပ်နည်းလဲ သိသွားပြီ...
တနေ့နေ့တော့ ပေါင်း၍ စားအုံးမည်...း))

မာလာငါးဟင်းအကြောင်းခုမှသိတော့တယ်။
အခုပေးထားတဲ့ ဟင်းအားလုံးကြိုက်ပါတယ်။ ဒီအပါတ်မချက်ဖြစ်ပေမယ့် နောက်ချက်မှာပေါ့။
ဟိုလေ ကြံကြံဖန်ဖန်မေးတယ်မထင်ပါနဲ့နော်။ ဘာလို့ အဲလို မာလာငါး၊ မာလာကြက်ခြေထောက်၊ မာလာဟင်း ဆိုပြီး “မာလာ”ကိုထည့်ပြောတာလဲဟင်။

ချောရေ နောက်တစ်ခါလာဖတ်ဦးမယ်။ အဖြေကိုပြောပြပေးပါနော်။ ကျွန်မသူငယ်ချင်း မြန်မာစာတတ်တဲ့ ဂျပန်မလေးက ကျွန်မကိုမေးတာကြာပြီ။

ချော said...

မကောင်းမွန်ဝင်းရေ
မြန်မာလို အလွယ်တကူ မာလာဟင်း လို့ခေါ်ပေမဲ့ တရုတ်အသံထွက်နဲ့ဆို မ လ လို့ ခေါ်ပါတယ်.. တရုတ်လို မာလာရဲ့ မူရင်းအဓိပ္ပါယ်က မ- (လျှာကို ထုံစေသော) လ- ( စပ်သော) မ လ( လျှာကိုထုံအောင် စပ်တဲ့ဟင်း)လို့ အဓိပ္ပါယ်ရပါတယ်.. တရုတ်ဟွားကြောင်းစေ့ဟာ ကိုက်မိရင် လျှာဖျားကို ထုံသွားစေတဲ့ အရသာရှိပါတယ်.. ဟင်းထဲမှာထည့်ရင်လည်း စပ်ပြီး ထုံစေတဲ့အရသာ ရှိပါတယ်.. ဒါကြောင့် ငရုပ်သီးများများနဲ့ ဟွားကြောင်းစေ့တွေနဲ့ ထုံထုံစပ်စပ်ဟင်းမို့ မ လ လို့ခေါ်ပါတယ်.. ငါးကိုတော့ တရုတ်လို့ ရိ လို့ခေါ်ပါတယ်.. မာလာငါးကို တရုတ်လို “မ လ ရိ ” လို့ခေါ်ပါတယ်.. တရုတ် သူငယ်ချင်းမလေးတွေဆီက သိရသလောက် ပြန်ဖြေပေးတာပါနော်။ အမှားပါရင်တော့ တရုတ်စကား မသိတဲ့ ကျွန်မရဲ့ အမှားသာ ဖြစ်ပါတယ်.။

seeseinshinss said...

မာလာ ချက်တဲ့ ဟင်းမို့လို့ မာလာဟင်းခေါ်တယ်ထင်တာ
အခုတော့ မချောချက်တဲ့ဟင်းမို့လို့ မချောဟင်း ခေါ်တော့မလို့ အရှင်းကောင်းလွန်းလို့နော် တော်သေးတယ် ဟင်းချက်နည်းတွေက ရှယ်တကာ့ရှယ် စူပါရှယ်ဘဲ လုပ်စားတော့မယ်

မှန်းးးးးးးးးးး တစ်ဖတ်လောက် မြည်းလိုက်မဟဲ့....... ဝိုးးးးးးးးးး ဂွတ်ဒ်ဒ်ဒ်ဒ်ဒ် :) ကောင်းမှကောင်း :)

ခင်တဲ့ ( ချိုကျ )

MT said...

ဗိုက်ဆာပါတယ်ဆို.....

မြန်မာပြည်အလည်ပြန်လာရင် မမဆီ ရောက်အောင်လာလည်မယ် :P

ဟင်းနော်..သားရေအရမ်းကျတယ်..ဗိုက်ဆာတယ်..ကြည့်လေ ဗိုက်ဆာလေ..မချောရေ..

ငါးကတော့ အရမ်းကြိုက် ။ ဒါပေမဲ့ ကြက်ခြေထောက် ကျ မြင်ရတာနဲ့တင် လန့်တာ ။
ဒါနဲ့ ... ချောကို အိမ်ခေါ်ထားလို့ရမလားဟင် ... ဒါမှမဟုတ်လဲ ညီမလေးကို ချော အိမ်မှာ ခေါ်ထားပါး)
ဘာကြောင့်များ အဲ့လောက်ချက်တတ်နေလိမ့် ကွာပ ညီမလေးနဲ့များ T.T

မချောရေ..
ဟင်းခွက်ကလေးတွေ မြင်ရရုံနဲ့ သွားရည်ကျလှပါပြီ။ တကယ်ကို စားဖို့ကောင်းတယ်။ အရသာရှိမဲ့ပုံဘဲ။ မကောင်းမွန်ဝင်းမေးထားတာကို ဖြေထားတာလေးကြောင့် မာလာ ဟင်းတွေကို သဘောပေါက်သွားပြီ။ လာစားဦးမယ်နော် အမ။

ခင်မင်လျက်
ကိုကိုမောင်(ပန်ရနံ့)

မချောရေ...
ဗိုက်ဆာဆာနဲ့ ဖတ်ရတာမောလိုက်တာနော်..။ အကုန်လုံးကကြိုက်တဲ့ဟင်းချည်း
ဖြစ်နေလို့..။ မမမြသွေးကလည်းအကုန်စားလိုက်တော့ သဒ္ဓါစားဖို့ မကျန်တော့ဘူးပေါ့.ဟင့်ဟင့်...

ချစ်တဲ့
သဒ္ဓါ

နှစ်မျိုး မချက်ချင်လို့ တမျိုးထဲ ဖြစ်အောင်
မာလာ ငါးခြေထောက် ပဲ လုပ်စားရင် ကောင်းမလားတွေးနေတာ။
ချက်ရတာ ပျင်း တတ်လို့

စားချင်လိုက်တာ..
သူငယ်ချင်းတွေက ခဏခဏ လုပ်ကျွေးတယ်.. ဟီးး သတိရတယ်..

မမချောကတော့လေ...စာရေးကောင်းရုံတင်မဟုတ်ပဲ။
ဟင်းချက်ပါ သိပ်တော်တယ်။
မြန်မာပြည်ပြန်လာရင် မမဆီရောက်အောင်ကိုလာခဲ့မယ်။နှော်...
ချက်ကျွေးမယ် မဟုတ်လားဟင်။

ခင်တဲ့
ခိုင်နုငယ်

သဉ္ဖာ said...

ကြက်ခြေထောက် ချဉ်စပ် လုပ်စားကြည့်ဦးမယ်။ ချောက်ကောနဲ့ ဟွားကျောင်းက အစေ့တွေ မရှိဘူး။ အမှုန့်ဘဲ ထည့်လည်း ရမယ်ထင်တယ်နော်..

ချောရေ
ကျေးဇူးတင်ပါတယ်။
အခုမှပဲသေချာသိတော့တယ်။ကျွန်မလည်း အမှတ်တမဲ့ကြားတိုင်းအတိုင်းသာပြောဆိုနေခဲ့တာ၊ သူငယ်ချင်းဂျပန်မကမေးတော့မှ ကိုယ့်ဘာသာကိုယ် မသိမှန်းသေးမှန်းသတိပြုမိတော့တယ်။
ခင်မင်လေးစားစွာဖြင့်

zaytaryar said...

အင်း မာလာဟင်းနှစ်လုပ်ပုံကိုကြိုက်ပါရဲ့ သူလဲလုပ်ချင်ပုံရတယ် ၊ အဲဒါကနေစလိုက်တာ ဂဏာန်းပြဿနာ တတ်တော့တာပါဘဲ ၊ မပြောချင်ပေါင်ဗျာ ........။

kotunygn said...

So hungry now

phyophyo said...

မချောရေ ... မာလာငါးဟင်း စားချင်စရာကောင်းတယ်၊ တော်လိုက်တဲ့ မချော
ချစ်တဲ့

အနမ်း said...

သရေကျတယ်ဗျိုးး
နောက်မှလုပ်နည်းလေးလာကူးယူမယ်။ ခုတော့အိပ်ချင်လာပီ။
ချောရေ အိမ်ရှင်မမှာလည်း ချောလက်ရာဟင်းလျာတွေပါတယ်နော်.

သစ်သစ် said...

မမချော ဘယ်တော့စလုံးလာလည်မလဲဟင် ကြက်ခြေထောက်တွေအဆင်သင့်ဝယ်ထားလိုက်မယ်နော် ....
အချိန်မရှိတော့လို့ ဘလော့ပိတ်ထားပေမယ့် မမချောရဲ့အစားအသောက်တွေကိုတော့ နေ့စဉ်လာကြည့်ပါတယ်နော်...ဟွန့် တွေ့ရင်တော့ကောင်းကောင်းနှိပ်စက်ရမယ်...

ယမင်း said...

အင်း သမီးက ငါးမကြိုက်လို့ ကြက်ခြေထောက်ပဲစားသွားတယ်ခိခိ

blackcoffee said...

မချော... နောက်နှစ်ဆိုဒ်မွေးနေ့ အတွက်အော်ဒါကြိုမှာထားခဲ့မယ်နော်။ နောက်ထပ်ဟင်းအမယ်လေးတွေလဲလုပ်ပေးပါဦး။

အင်ကြင်းသန့် said...

ကြက်ခြေထောက်ချဉ်စပ်ချက်ကျွေးနော် ယောင်းမလေး.... :P

4chit said...

ရှလွတ်...............ဗိုက်ချာလာပြီဂျာ...........တော်တော်ကိုပဲ....

myatsushim said...

ကျေးဇူးတင်ပါတယ်
လုပ်စားကြည့်ဦးမယ်နော်

Anonymous said...

မာလာဟင်းကရှောက်ကော၊ ပါးကောအမှုန့် ဆိုတာ ဘာကိုပြောတာလဲဟင် မသိလို့ပြောပြပေးပါ .. ကျေးဇူးတင်ပါတယ်

ရှောက်ကောပါးကော်အကြောင်း
ဒီပိုစ့်မှာ ဖတ်ကြည့်ပါနော်။
http://www.missgreenlady.com/2011/10/blog-post_23.html

Anonymous said...

ကျေးဇူးပဲဗျာ ချက်စားချင်လို့

Sandar said...

Hi Chaw
I made spicy and sour chicken feet today. It was so delicious. I used pickled white radish (daikon) because I didn't have cucumber. Thank you so much for the recipe.