တန်ဖိုးအထားဆုံး အရာ



ဂျက်သည် ဘ၀ရဲ့အောင်မြင်မှုအတွက် လှုပ်ရှားရုန်းကန်ရင်း အလုပ်ထဲမှာဘဲ အချိန်တွေကို မြုပ်နှံထားသူတစ်ယောက် ဖြစ်နေခဲ့သည်။ မွေးရပ်မြေသို့ပင် မရောက်နိုင်တာ အတော်ကြာခဲ့ပြီ။ သူ့ဘ၀တွင် အတိတ်အကြောင်း စဉ်းစားဖို့ အချိန်အနည်းငယ်မျှ မရှိသလို သားနှင့် ဇနီးအတွက်ပင် အချိန် မပေးနိုင်လောက်အောင် အလုပ်အာရုံထဲ ဇောကပ်လို့ နေခဲ့သည်။ ယခုထက် ပိုမိုမြင့်မားသော ဘ၀အခြေအနေ၊ ယခုထက် ပိုမိုအောင်မြင်သော သူတစ်ယောက်ဖြစ်ရန် စသည့် မျှော်မှန်းချက်များဖြင့်သာ သူ့ဘ၀ကို ရှေ့ဆက်သွားနေခဲ့သည်။ ကျန်သည့်အရာများအတွက် အချိန်ပေးဖို့ကို သတိမရသလို မပေးနိုင်အောင်လည်း အလုပ်သံသရာမှာ ၀ဲလည်နေခဲ့သည်။

တစ်ရက် သူ့မွေးရပ်မြေတွင် နေထိုင်သူ မိခင်ထံမှ သူ့ဆီ ဖုန်းဝင်လာခဲ့သည်။ “သားရေ.. ဘေးအိမ်က အန်ကယ် ဘယ်လ်ဆာ တော့ မနေ့ညက ဆုံးသွားတယ်ကွယ်.. ဗုဒ္ဓဟူးနေ့မှာ သူ့အသုဘချလိမ့်မယ်.. ” မေမေ ပြောမှ သူ့ငယ်ဘ၀တစ်ချို့အကြောင်း အတွေးထဲ ဖြတ်ခနဲ ၀င်ရောက်လာရင်း တစ်ချို့အဖြစ်ပျက်တွေကို ဆက်တိုက် သတိရမိသွားတော့ သူတဒင်္ဂ တိတ်ဆိတ်သွားမိတော့သည်။ အန်ကယ် ဘယ်လ်ဆာ.. သူ့အပေါ်မှာ အမြဲတမ်း စိတ်ရှည်လက်ရှည် သင်ကြားပြသဖို့ ၀န်မလေးတတ်ခဲ့သူ။ သူ့တွင် ငယ်ငယ်ကတည်းက ဖခင်မရှိသဖြင့် ဘေးအိမ်က အန်ကယ်ဘယ်လ်ဆာ အိမ်တွင်သာ သူငယ်ဘ၀အချိန်တွေ ကုန်လွန်ခဲ့သည်က များသည်။ အန်ကယ်က သူ့ကို ချစ်ခင်လှသလို ဘ၀အတွက် သင်ခန်းစာ ယူစရာများ ၊ လေ့လာစရာများ အတွက် ညွှန်ပြရာတွင်လည်းကောင်း၊ လမ်းကြောင်းပေး ဆုံးမရာတွင်လည်းကောင်း အလွန်တော်ပါသည်။

“သား… ဂျက် မေမေပြောတာ ကြားရဲ့လား” ဖုန်းထဲမှ မေမေ့အသံ ခပ်ကျယ်ကျယ်ကို ပြန်ကြားရမှ လက်ရှိပစ္စုပ္ပန် အချိန်ကို သူ့အသိစိတ်က ပြန်ရောက်လာရတော့သည်။ “အိုး ဆောရီး မေမေ .. ကျွန်တော် ကြားပါတယ်.. ကျွန်တော် သူ့ကို သတိမရတာ တော်တော်ကြာပြီ မေမေရယ်.. ၀န်ခံရရင် သူဆုံးသွားတာကြာပြီလို့တောင် ကျွန်တော် ထင်ခဲ့မိတာ ” သူပြန်ပြောမိတော့ မေမေက “ သားက သတိမရပေမဲ့ အန်ကယ် ဘယ်လ်ဆာက သားကို ဘယ်တော့မှ မမေ့ဘူးသား… မေမေ့ကို တွေ့တိုင်း သူက သားဘာတွေလုပ်နေလဲ၊ အဆင်ပြေရဲ့လား နေကောင်းရဲ့လား အမြဲတမ်းမေးလေ့ရှိတယ်။ ပြီးတော့ သားငယ်ငယ်တုန်းက သူ့ခြံထဲမှာ သူနဲ့အမြဲတမ်း အချိန်ကုန်ခဲ့တဲ့ အကြောင်းတွေ တသသနဲ့ ပြောတတ်တယ် ” ဟု သူ့ကို ပြန်ပြောပါသည်။

“ကျွန်တော် သူနေတဲ့ အိမ်အိုကြီးနဲ့ ခြံဝင်းကြီးကို ငယ်ကတည်းက သဘောကျတယ် မေမေ”

“သားသိတဲ့အတိုင်း သားဖေဖေဆုံးပြီးနောက်  အန်ကယ် ဘယ်လ်ဆာဟာ သားကို သူရဲ့ တကယ့်သားအရင်းလို စောင့်ရှောက်ခဲ့တာပါ။ သားငယ်ငယ်ကတည်းက သူက သားနဲ့အဖော်လုပ်ပေးပြီး သားကို အသိအမြင်တွေ တိုးတက်အောင် သင်ကြားပေးခဲ့တာပါ။ သားဟာ သူ့ရဲ့ ပဲ့ပြင်ထိန်းကျောင်းမှုနဲ့ လုံးဝ မကင်းခဲ့တာမို့ သားဘ၀မှာ သူ့ရဲ့ လွှမ်းမိုးမှုက တော်တော် အရေးပါခဲ့တာပါ သားရယ်..”

“ဟုတ်ပါတယ်. မေမေ အန်ကယ် ဘယ်လ်ဆာဟာ သားရဲ့ လက်ဦးဆရာဆို မမှားပါဘူး။ ကျွန်တော် အခုလို စီးပွားရေးနယ်ပယ်မှာ လူတစ်လုံး သူတစ်လုံးအဖြစ် ရပ်တည်နိုင်တာဟာလည်း အန်ကယ်ရဲ့ သင်ပြမှုတွေကြောင့် ဆိုတာ ၀န်ခံပါတယ်.. သူဟာ အချိန်များစွာ အကုန်ခံပြီး ကျွန်တော့်ကို ဘ၀အတွက် အရေးကြီးတဲ့ အချက်တွေ၊ သိသင့်တာတွေ၊ လေ့လာစရာတွေကို သင်ကြားပေးခဲ့တာပါ။ ခုနောက်ပိုင်းတော့ ကျွန်တော်လည်း အလုပ်တွေများလွန်းပြီး အဝေးမှာလည်း ဖြစ်နေတော့ သူ့ကို မေ့နေခဲ့မိတာပါ။ ဘာဘဲဖြစ်ဖြစ် မေမေရယ် သား သူ့ရဲ့ အသုဘကို မရောက်ရောက်အောင် လာခဲ့ပါမယ်.. ” ဂျက် မိခင်ဖြစ်သူကို ကတိပေးလိုက်ပြီး တယ်လီဖုန်းကို ပြန်ချလိုက်ကာ အလုပ်လုပ်ဖို့ အာရုံစုစည်းလိုက်သော်လည်း အာရုံတွင် အန်ကယ်ဘယ်လ်ဆာ၏ ပုံရိပ်တို့ကသာ စိုးမိုးလို့နေခဲ့သည်။ သူဘာလို့များ ဟိုယခင်အချိန်တွေတုန်းက အန်ကယ့်ကို သတိမရမိခဲ့ တာပါလိမ့်။

ထိုရက်များတွင် သူ့အလုပ်တွေက မပြီးနိုင် မစီးနိုင်အောင် များလွန်းလှသော်လည်း မေမေကို ပေးခဲ့သော ကတိအတိုင်း နောက်နေ့ လေယာဉ်ဖြင့် သူ့ဇာတိ မွေးရပ်မြေသို့ ထွက်ခွာလာခဲ့သည်။ အန်ကယ် ဘယ်လ်ဆာ၏ အသုဘ အခမ်းအနားမှာ လူအနည်းငယ်သာရှိပြီး တိတ်ဆိတ်ခြောက်ကပ်စွာဖြင့် ပြီးဆုံးသွားခဲ့လေပြီ်။ အန်ကယ်သည် သားထောက် သမီးခံလည်းမရှိ၊ ဆွေမျိုး အနည်းငယ်မှာလည်း ဆုံးပါးသွားခဲ့ကြသည်မှာ ကြာပြီ ဖြစ်သော အထီးကျန်လူသားတစ်ဦးဖြစ်လေသည်။ ဒါကြောင့်မို့လည်း သူ့ကို ခင်တွယ်ခဲ့တာဘဲ ဖြစ်မည် ထင်ပါသည်။ အသုဘချပြီး နောက်တစ်ရက်တွင် လေယာဉ်ဖြင့် သူပြန်မည်ဖြစ်သောကြောင့် သူငယ်စဉ်က သွားလာ ဆော့ကစားခဲ့သော၊ အချိန်များစွာကုန်ဆုံးခဲ့သော အန်ကယ် ဘယ်လ်ဆာ အိမ်ကို နောက်ဆုံးအနေဖြင့် ၀င်ကြည့်ဖို့ စိတ်ကူးရမိကာ သူမပြန်ခင် တစ်ညနေမှာ သူ့မေမေနှင့်အတူ တစ်ဘက်ခြံရှိ အန်ကယ် ဘယ်လ်ဆာ့အိမ်ဘက်သို့ ကူးလာခဲ့ကြသည်။

အိမ်တံခါးရှိရာဆီသို့ လျှောက်လာရင်း သူ့စိတ်ထဲတွင် လက်ရှိကမ္ဘာမှနေပြီး အခြား ကမ္ဘာတစ်ခုခုကို ရောက်သွားမိသလို ခံစားလိုက်ရသည်။ သူ့အာရုံထဲတွင် သူငယ်က ပုံရိပ်များက တစ်ခုချင်းစီ ရုပ်ရှင် အနှေးပြကွက်ဖြင့် ပြနေသလို တစ်ကွက်ခြင်း မြင်ယောင်နေမိသည်။ အိမ်တံခါးကို ဖွင့်ဝင်လိုက်သည်တွင် သူငယ်စဉ် ရောက်နေကျ ပုံစံအတိုင်း အိမ်အပြင်အဆင်က ဘာတစ်ခုမှ ပြောင်းလဲမှုမရှိ။ နံရံပေါ်က ပန်းချီကားများ၊ ဧည့်ခန်းထဲရှိ ပရိဘောဂများ အရာရာအားလုံးသည် နှစ်ကာလများစွာ ကြာသည့်တိုင် ယခင်အတိုင်းသာ ရှိနေခဲ့သည်။ ထိုနေရာများသည် ယခင်က သူ ခြေရာချင်းထပ်အောင် သွားလာ ဆော့ကစားခဲ့သော နေရာများ ဖြစ်ခဲ့လေသည်။ ထိုစဉ် တစ်စုံတစ်ရာ ထူးခြားမှုကို မြင်လိုက်ရသဖြင့် သူ့ခြေလှမ်းတွေ ချက်ခြင်းရပ်တန့်သွားတော့ မေမေက “ ဘာဖြစ်လို့လဲ သား ” ဟု သူ့ကို မေးလိုက်သည်။

“သေတ္တာလေး တစ်လုံး မေမေ”  သူပြောလိုက်တော့ “ဘာသေတ္တာလဲ သားရဲ့ ” မေမေက နားမလည်နိုင်စွာ သူ့ကို ပြန်မေးနေလေသည်။ “မဟုတ်ဘူးမေမေ .. ဒီဘီဒိုလေးပေါ်မှာ ဟိုးအရင်ကတည်းက သေတ္တာ အသေးလေးတစ်လုံး ရှိခဲ့တယ် မေမေ.. အဲဒီသေတ္တာလေးကို အန်ကယ်က သော့လေး အမြဲတမ်း ခတ်ထားခဲ့တာ.. အထဲမှာ ဘာတွေရှိလဲလို့ အန်ကယ့်ကို ကျွန်တော် အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးတယ်.. မေးတိုင်းလည်း အန်ကယ်က သူတန်ဖိုးအထားဆုံး အရာတွေ ရှိတယ်လို့ ကျွန်တော့်ကို ပြန်ဖြေခဲ့တယ်.. အန်ကယ်က သေတ္တာလေးကို ဒီအပေါ်လေးမှာဘဲ အမြဲတမ်းထားနေကျ… အခု အဲဒီသေတ္တာလေး မတွေ့တော့ဘူး..”

ရှိနေကျ နေရာတွင် သေတ္တာလေးကို မတွေ့တော့သည်ကလွဲ၍ တစ်အိမ်လုံး ရှိသမျှပစ္စည်းများအားလုံးမှာ နေရာပင် မရွေ့ဘဲ ယခင်ကအတိုင်း ဖြစ်သော်လည်း သူ့စိတ်ထဲတွင် တစ်စုံတစ်ရာ လှစ်ဟာနေသလို ခံစားရသည်။ သေတ္တာလေးကို အန်ကယ့်အမျိုးနီးစပ် တစ်ယောက်ယောက်က လာယူသွားသည်ဟုသာ သူ တွေးလိုက်မိတော့သည်။ “အန်ကယ် ဘယ်လ်ဆာရဲ့ ဘ၀မှာ တန်ဖိုးအထားဆုံး အရာဟာ ဘာလဲဆိုတာ သိပ်သိချင်ခဲ့ပေမဲ့ ခုတော့ ကျွန်တော် သိခွင့်မရလိုက်တော့ဘူးပေါ့ မေမေ.. ဘယ်တော့မှလည်း သိခွင့်ရတော့မှာ မဟုတ်ပါဘူး”  သူစိတ်ပျက်စွာ ပြောလိုက်ရင်း “ပြန်ကြစို့ မေမေ ကျွန်တော် မနက်အစောကြီး လယာဉ်တက်ရမှာမို့ စောစောအိပ်တော့မယ်”ဟု တစ်ဆက်တည်း ပြောလိုက်ကာ အန်ကယ်ဘယ်လ်ဆာ့ အိမ်ထဲမှ သူတို့သားအမိ ပြန်ထွက်လာခဲ့ကြလေသည်။

သူ မွေးရပ်မြေမှ ပြန်လာပြီး နှစ်ပတ်အကြာတွင် အလုပ်မှ အိမ်သို့ပြန်အလာ သူတို့အိမ်၏ စာတိုက်ပုံးထဲတွင် စာလေးတစ်စောင်ကို တွေ့လိုက်ရပြီး ၄င်းတွင် “လက်မှတ်ထိုးပြီးထုတ်ယူရမည့် ပါဆယ်တစ်ထုတ် လာပို့ကြောင်း၊ အိမ်တွင် လူတစ်ဦးမှ မတွေ့သည့်အတွက် ဗဟိုစာတိုက်ကြီးတွင် နောက်သုံးရက်အတွင်း လာရောက် ထုတ်ယူပါရန်” ဟူ၍ ရေးသားထားသော စာလေးတစ်စောင် ဖြစ်နေလေသည်။ နောက်ရက်တွင် သူ အလုပ်သို့အသွား စာတိုက်ကြီးကို ၀င်ကာ သူ့နံမည်ဖြင့် ရောက်နေသည်ဆိုသော ပါဆယ်ထုတ်ကို လက်မှတ်ထိုး၍ ထုတ်ယူလာခဲ့လေသည်။ ပါဆယ်ထုတ်မှာ အလွန်ပင်ဟောင်းနွမ်းနေပြီး လွန်ခဲ့သော နှစ်ပေါင်း ရာချီကတည်းက ပို့ထားလေသလားဟူ၍ပင် တွေးမိလေသည်။ ပါဆယ်ထုတ်ပေါ်မှ လက်ရေးမှာလည်း မပီမသဖြစ်နေပြီး ဖတ်ဖို့ပင် ခက်ခဲလွန်းလှလေသည်။ သို့သော် ပေးပို့သူလိပ်စာ နေရာပေါ်တွင် ရေးထိုးထားသော နံမည်လေးသည် ဂျက်၏ အာရုံအလုံးစုံကို ဖမ်းစားထားလေတော့သည်။

ပေးပို့သူက “မစ္စတာ ဟားရိုးလ် ဘယ်လ်ဆာ

သူ ကားပေါ်အရောက်မှာတော့ အချိန်မဆိုင်းဘဲ ပါကင်လေးကို ဆွဲဖြည်လိုက်တော့ အတွင်းမှ ရွှေရောင်သေတ္တာလေး တစ်လုံးကို တွေ့လိုက်ရသည်။ သူမှတ်မိပါပြီ။ ဒီသေတ္တာလေးသည် အန်ကယ့်အိမ်က ဘီဒိုလေးပေါ် အမြဲရှိနေကျ သေတ္တာလေး ဖြစ်ပါသည်။ သေတ္တာနှင့်အတူ စာအိတ်လေးတစ်လုံးကိုလည်း တွေ့ရှိရသောကြောင့် သူ  တုန်ရီသော လက်အစုံဖြင့် စာအိတ်ကလေးအား ဖောက်ထုတ်လိုက်ကာ အတွင်းမှ စာရွက်ကို ဆွဲထုတ်ကာ ဖတ်လိုက်သည့် အခါတွင်တော့ ကျွန်ုပ်သေဆုံးသွားတဲ့တစ်နေ့မှာ ဒီသေတ္တာလေးကို အပေါ်မှာ ရေးထားတဲ့ လိပ်စာရှင် ဂျက် ဘဲန်းနက်ထံသို့ ဆက်ဆက်ပို့ပေးပါ။ ဒီသေတ္တာလေးထဲမှာ ကျွန်ုပ်ဘ၀ တစ်လျှောက်လုံးအတွက် တန်ဖိုး အထားဆုံး အရာတစ်ခု ရှိနေပါတယ်..”   ဟု ရေးထားပြီး သော့လေးတစ်ချောင်းကိုလည်း စာအိတ်ထဲတွင် တွေ့ရလေသည်။ သော့လေးကို ကိုင်ပြီး သိချင်စိတ်ပြင်းပြမှုဖြင့် သူ့ရင်ခုန်သံတွေ တစ်ထိတ်ထိတ်နဲ့ မြန်ဆန်လာတော့သည်။

အထဲမှာ ဘာတွေ ရှိနေမှာပါလိမ့်… သူတစ်သက်လုံး သိချင်ခဲ့တဲ့ အန်ကယ်ဘယ်လ်ဆာရဲ့ တန်ဖိုး အထားဆုံး အရာဟာ ဘာများ ဖြစ်နေမလဲ” စိတ်ထဲ တွေးမိရင်းမှပင် သူ့မျက်ဝန်းမှာ မျက်ရည်များက ရစ်ဖွဲ့လာသည်။  “ အာ် တစ်ချိန်တုန်းက အန်ကယ်ဘယ်လ်ဆာဟာ သူ့အတွက် အကောင်းဆုံး ပြုစုပျိုးထောင်ပေးသူ အဖော်ကောင်း တစ်ဦး ဖြစ်ခဲ့သော်လည်း သူအရွယ်ရောက်လာချိန်မှာတော့ အန်ကယ်အတွက် သူဘာတစ်ခုမှ ပြန်လုပ်မပေးဖြစ်ခဲ့ပါ။ အဖော်ကောင်းတစ်ယောက် မဖြစ်နိုင်ခဲ့ပါဘဲလားသူ့ရင်ထဲမှာ တီးတိုး ပြောနေမိရင်းမှာ ၀မ်းနည်းစိတ်ဖြင့် ရင်ထဲ လှိုက်တက်လာခဲ့သည်။

သူ ဂရုတစိုက်ဖြင့် သေတ္တာလေးကို သော့တံလေးနှင့် ဖွင့်အပြီးတွင် အထဲမှ ထွက်လာသည့်အရာက ရွှေအစစ်ဖြင့် ပြုလုပ်ထားသော အိတ်ဆောင်နာရီလေးတစ်လုံး ဖြစ်လေသည်။ တုန်ယင်နေသော သူ့လက်အစုံက ရွှေရောင်နာရီလေးကို ဖွဖွ ထိတွေ့ကိုင်တွယ် ပွတ်သပ်နေမိရင်း သူ့ရဲ့စိတ်အစဉ်မှာ အတိတ်လွင်ပြင်ဆီသို့ တစ်ရိပ်ရိပ် ခရီးနှင်လျှက် ရှိပေပြီ။ “ ငယ်စဉ်ဘ၀က သူနဲ့အန်ကယ်တို့ အတူတူ ကုန်ဆုံးခဲ့သော အချိန်များစွာ အတွက် ခုချိန်မှာ ပြန်လိုချင်သည် ဆိုလျင်ဖြင့်တောင် သူပြန်မရနိုင်တော့ပြီ။ အန်ကယ်ဘယ်လ်ဆာဟာ သူ့အပေါ် ဘယ်လောက်ချစ်ခင် တန်ဖိုးထားတယ် ဆိုတာ ဒီနာရီလေးက သက်သေဘဲ ထင်ပါရဲ့။”

နာရီလေးကို အမြတ်တနိုး ကိုင်တွယ်ထားရင်းက အဖုံးလေးကို ဖြေးညင်းစွာ ဖွင့်ဟလိုက်သောအခါ နာရီအပေါ်ဖုံး၏ အတွင်းမျက်နှာပြင်တွင် ရေးထွင်းထားသော စာသားလေးများမှာ “ ဂျက်.. မင်းရဲ့ အချိန်တွေအတွက် ကျေးဇူး အများကြီးတင်ပါတယ်..  ဟားရိုးလ် ဘယ်လ်ဆာ ” ဆိုသည့် စာလုံးလေးတွေသာ ဖြစ်လေသည်။

အိုး.. အန်ကယ် ဘယ်လ်ဆာ တန်ဖိုးအထားဆုံး အရာက ကျွန်တော်ရဲ့ အချိန်တွေတဲ့လား  သူတန်ဖိုးထားခဲ့ရတဲ့ ကျွန်တော့်အချိန်တွေအတွက် ကျွန်တော် ဘာတွေများ ပြန်ပေးဆပ်ခဲ့ဖူးပါလိမ့်” တကယ်တမ်းမှာ သူ့အတွက်သာ အန်ကယ်က အချိန်တွေကို အများကြီး ပေးပြီး သူ့ကို ပဲ့ပြင်လမ်းပြခဲ့ခြင်းသာ။ သို့သော် သူကတော့ အန်ကယ်အတွက် သူ့ရဲ့ အချိန်တစ်ချို့ကို ပြန်ပေးခဲ့ရကောင်းမှန်း မသိခဲ့။ ယုတ်စွအဆုံး သူ့ မိသားစုအတွက်ပင် အချိန်မပေးနိုင်ခဲ့မိပါ။ အန်ကယ်ဘယ်လ်ဆာ၏ နာရေးကို သွားခဲ့သည့် အချိန်တွင်ပင်လျင် အိမ်မှာ တစ်ညဘဲအိပ်ခဲ့ပြီး သူ့မိခင်နှင့်ပင် နွေးနွေးထွေးထွေး မနေဖြစ်ခဲ့ပဲ စီးပွားရေးကိစ္စကို ဦးစားပေးကာ  အမြန်ဆုံး ပြန်လာခဲ့မိသည်။ တကယ်တမ်းတော့ ကိုယ့်အတွက် အချိန်ပေးခဲ့ကြသူတွေကို ကိုယ်အရွယ်ရောက်လာချိန်မှာ ကိုယ်ပိုင်ဆိုင်တဲ့ အချိန်တစ်ချို့ကို ပြန်ပြီးပေးသင့်ကြပါသည်. ဒါကို သူတို့တွေသည် သိသိရက်နဲ့ အလုပ်တွေမအားလို့၊ အချိန်မရှိလို့ဆိုသော အကြောင်းပြချက်တွေ တစ်ပုံကြီးနှင့် တမင်အချိန်မပေးဖြစ်ခဲ့သလို၊ အချိန်ပေးဖို့ မေ့လျော့နေခဲ့ကြတာမျိုးလည်း ဖြစ်နိုင်ကြပါသည်။

သူချက်ခြင်းဘဲ ရုံးကို ဖုန်းကောက်ဆက်လိုက်ပြီး “ ဒီတစ်ပတ်အတွင်း ရှိသမျှ အပွိုင့်မဲန့်တွေအားလုံး ဖျက်သိမ်းလိုက်ပါ” ဟု အမိန့်ပေးလိုက်ပါတော့သည်။ “ ဘာဖြစ်လို့လဲ ဆရာ ” တစ်ဘက်က ဖုန်းနားထောင်သော သူ့ရဲ့ အတွင်းရေးမှူးမလေးက နားမလည်နိုင်စွာနှင့် ပြန်မေးသောအခါ “ ငါ ငါ့မိသားစုအတွက် အချိန်ပေးမလို့။ ငါသူတို့ကို ပစ်ထားခဲ့မိတာကြာပြီ။ တကယ်လို့များ သူတို့အထဲက တစ်ယောက်ယောက်ဖြစ်စေ၊ ငါဖြစ်စေ ရုတ်တရက် ကွယ်ပျောက်သွားခဲ့မယ်ဆိုရင် သူတို့ကို အချိန်မပေးလိုက်ရတဲ့အတွက် ငါနောင်တ မရချင်ဘူး”  ထိုစကားကို ပြောလိုက်မိတော့ ရင်ထဲတွင် တင်းကြပ်နေမှုတစ်ချို့ ပြောလျော့သွားခဲ့ရတော့သည်။ ဘ၀ တိုတိုလေးအတွင်းတွင် မိမိချစ်ခင်ရသူတွေကို အချိန်ပေးနိုင်ဖို့လည်း ကြိုးစားသင့်ကြပါသည်။ ထိုသူတို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခွင့်ရသည့် အချိန်များသည် သူတို့အတွက်ဖြစ်စေ၊ မိမိတို့ အတွက်ဖြစ်စေ တန်ဖိုး မဖြတ်နိုင်သည့် အချိန်တွေသာ ဖြစ်သည် မဟုတ်ပါလားလေ။


What he valued most (Unknown Author) ကို ဘာသာပြန် ခံစားရေးဖွဲ့ပါသည်။




28 Responses to “တန်ဖိုးအထားဆုံး အရာ”

phyophyo said...

ဟုတ်တယ်နော် .. သေသွားမှ တသသဖြစ်နေတာထက် မသေခင်ထဲက ချစ်ချစ်ခင်ခင်နေရမှာ၊ အချိန်ပေးရမှာ၊
အချိန်တော်တော်များများ ကိုယ့်ဘာသာ လည်ထွက်နေတော့ ချစ်သူခင်သူတွေကိုလည်း အချိန်မပေးနိုင်ဘူး၊ ဟီး .. အန်ကယ်ဘယ်လ်ဆာက သေတ္တာလေးပို့လိုက်တယ်ဆိုလို့ .. အထဲမှာများ ချက်လက်မှတ်တွေလားပဲ .. လို့ ကိုယ်တောင်လိုက်ပြီး ရင်ခုန်သံ တထိတ်ထိတ်မြန်လာနေသေးတယ်၊ :D
မချောတန်ဖိုးအထားဆုံးအရာရော ဘယ်ထဲ ထည့်သိမ်းထားလဲပဲ
ချစ်တဲ့

ဇေ said...

နောင်တဆိုတာ နောင်မှရတတ်ကြတယ်မလား ၊ နောင်တမရခင် ပြုပြင်နိုင်တာကို ကြိုဆိုရမှာပေါ့
ဟုတ်ဘူးလား ချောရယ် ..။

flowerpoem said...

ဟုတ်တယ်အမရေ အားလုံက ရှိတဲ့ အချိန်မှာ တန်ဖိုးထားတာအကောင်းဆုံးပါ လွန်သွားပြီးမှ ဆိုရင် အဲဒါ မကောင်းပါဘူး . . .

ahphyulay said...

အင်းလေ..
ပြောချင်တာ က မမြဲတဲ့ အရိပ်တွေ နဲ့  အချိန်တွေ ဆိုတာပါပဲ။
ရှိတုံး ဆုံနေရတုံးလေးတွေ မှာ အကောင်းဆုံး ဖြည့်ဆည်းပေး နိုင်တာ
အသင့်တော်ဆုံးဖြစ်ပါလျက်နှင့် ...။

shwezinu said...

အင်း ညီမ ချောရေ

ဖတ်သွားပြီနော် ကိုယ့် ချစ်တဲ့ လူ တွေ အတွက် အချိန်ပေး တန်ဘိုးထားတတ်အောင် ကျိုးစားရမှာပေါ့

ခင်တဲ့
ရွှေစင်ဦး

ပေးလွန်းပြန်ရင်လဲ တန်ဖိုးမထားကြပြန်ဘူးရယ် ....

ချောရဲ့ ဘာသာပြန်ရေးတာလေးက ရင်ထဲကိုနင့်သွားတာပဲ။
အချိန်တွေရဲ့ တန်ဘိုးကိုပိုပြီး သတိထားမိတယ်။

စကားမစပ်။ မနေ့က ချောဆီကိုလာလို့မရဘူးနော်။ ဘာဖြစ်တာလဲမသိဘူး။

အင်ကြင်းသန့် said...

ဟုတ်ပါတယ် မမ....အသက်ရှင်နေထိုင်ခွင့်ရနေတုန်းလေးမှာ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေအတွက် တကယ်ကိုတန်ဖိုးထားသင့် အချိန်လေးတွေပေးသင့်ပါတယ်။ နောက်မှရလာတဲ့ နောင်တတွေက နည်းနည်းမှအသုံးမ၀င်ပါဘူး။

ယွန်း said...

တန်ဖိုးထားတတ် အချိန်ပေးတတ်တဲ့ သူတွေကိုကြတော့လည်း တချို့ သောလက်ခံရရှိတဲ့ လူတွေက တန်ဖိုးမထားတတ်ကြပြန်ဘူး...မချောရယ်..

ချစ်ခင်တဲ့
ယွန်း

MDW said...

ချောရဲ့ ဒီပို့စ်လေးက အချိန်တွေကို တန်ဖိုးထားတတ်ဖို့ သတိပေးလိုက်သလိုပါပဲ။
တခါတခါ အချိန်တွေ အလဟဿ ဖြုန်းပစ်နေမိတယ်။
ကိုယ့်စိတ်ပျော်ရွှင်ဖို့ တခုထဲအတွက် ကိုယ့်စိတ်ကိုယ် အလိုလိုက်ရင်း ကိုယ့်ကို နားလည်တဲ့ ချစ်တဲ့ မိသားစု နဲ့ မိတ်ဆွေကောင်းတွေကို လစ်လျူရှုခဲ့မိတယ်။
တကယ်တမ်း မိဘ မောင်နှမ မိသားစုတွေလောက် ဘယ်သူကမှ ကိုယ့်ကို နားမလည်နိုင် မချစ်နိုင်ဘူး ......။

လေနေတာတွေ ဖြုန်းတီးနေခဲ့မိတာတွေအတွက်
ဒီပို့စ်လေးက မြေပုံလေးတစ်ချပ်ပါ..။
နောင်တ ရပါပီလေ...အရာရာကို တန်ဖိုးထားတတ်အောင် နေပါတော့မယ်

ဟုတ်ပါတယ် အမချောရေ.... တန်ဖိုးထားသင့်တဲ့ အရာတွေ အချိန်တွေ ဆိုတာ မမေ့မလျှော့မိဖို့ လိုတယ်နော်....

ခင်တဲ့ (ဖိုးကြယ်)

khinmarlaraung said...

မရယ်.....အရမ်းကိုတန်ဖိုးရှိတဲ့ Post လေးတစ်ခုပါ။
ဖတ်ရင်းးးလိုက်ပါခံစားးရင်းးးတွေးရင်းနဲ့ ညီမကိုယ်တိုင်လဲကိုယ့်ကိုယ်ကို
ပြန်လည်ဆန်းစစ်နေရင်း။ နောင်တရမဲ့ အလုပ်မျိုးမလုပ်ချင်ဘူး။ရရှိနေတဲ့
လက်တလောကာလတွေကို တန်ဖိုးထားပြီး ပျော်ရွှင်စွာ ဖြတ်သန်းရင်း..
နောင်တမဲ့စွာ ခရီးဆက်ချင်ပါတယ်။ ပျော်ရွှင်ပါစေ...မရေ။
ခင်မင်လေးစားလျှက်...ခင်မာလာအောင် :)

blackcoffee said...

ဘဝမှာ မိသားစုထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ မိသားစုအတွက် အချိန်ပေးသင့်ပါတယ်လေ။ သတိပေးတာ ကျေးဇူးတင်ပါတယ် မချော... ဒီကိုလာတိုင်း ဗဟုသုတ တစ်ခုမဟုတ်တစ်ခုရတယ်။

မချောရေ...
ဟုတ်ပါတယ်။ လူတိုင်း များသောအားဖြင့် စီးပွါးရေးနောက် တစ်ကောက်ကောက်လိုက်ပြီး မိသားစုနှင့်ငယ်ပေါင်းကြီးဖော်တွေကို ဥပေက္ခာပြုနေတတ်ကြပါတယ်။ သင်ခန်းစာ ယူစရာပါ။ လူတိုင်းမိသားစုနှင့်အတူ နွေးထွေးစွာနေရမဲ့ အချိန်လေးကို မျှဝေပေးသင့်ပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ခဏခဏမေ့နေလို့ ခဏခဏ သတိပြန်ပေးနေရတယ်။
အချိန်တွေ မပေးနိင်ခဲ့တာ တော်တော်ကြာပြီ..။
မိသားစုကတော့ တန်ဖိုးအကြီးဆုံးပါပဲ။

မချောရေ အလွန်မှ ကောင်းသော ပို့စ်လေးပါ။ အမြဲမှတ်သားထားပါမယ့်...

အချိန်တွေကို တန်ဖိုးရှိအောင် အသုံးချ သွားရမှာပေါ့ မချောရေ။

တတ်နိုင်သမျှတော့ အချိန်တွေကို တန်ဖိုးရှိရှိပဲ သုံးချင်ပါတယ် မချောရေ။

ကိုယ်အသက်ရှင်နေတုန်းမှာ ကိုယ်ရဲ့ချစ်သူခင်သူတွေကို တန်ဖိုးထားပြီး အချိန်ပေးသင့်ပါတယ်..။
အဲလိုပေးနိုင်အောင်လည်းကြိုးစားပါ့မယ်မချော...။ ကိုယ့်ကိုလည်း တန်ဖိုးထားပြီး အချိန်ပေးနိုင်ရင်
ကောင်းမှာပဲလို့ တွေးရင်းတွေးရင်းးးးးးးးးးးးးးးနဲ့သာ...

ချစ်တဲ့
သဒ္ဓါ

MaMa said...

အတူတူရှိနေတဲ့အချိန်လေးတွေကို တန်ဖိုးထားတတ်လာအောင် သတိပေးလိုက်သလိုပါဘဲ။ (ကျောင်းတုန်းက သူငယ်ချင်းတွေ မကြာခဏရန်ဖြစ်ပြီး ခုမှ ကျောင်းတုန်းက အချိန်တွေကို ပြန်ပြန်ပြောဖြစ်ကြတာ။ အရင်လိုတွေ့ဖို့မလွယ်တော့ဘူးလေ။)

MaMa said...

မိသားစုတွေ အတူတူရှိနေတဲ့အချိန်လေးတွေကို တန်ဖိုးထားတတ်လာအောင် သတိပေးလိုက်သလိုပါဘဲ။ ဖတ်ပြီးတော့ ၀မ်းသာဝမ်းနည်း ခံစားရပါတယ်။

mmzh said...

မချောရဲ့ ဒီတပုဒ်ကို ဖတ်မိလိုက်တာ အိမ်ပြန်ဖို့အားရှိသွားပြီ။ ရွက်ကျပင်ပေါက်လို လူစားမျိုးဖြစ်တဲ့ ကျွန်တော်ကို ကြိမ်နဲ့တို့လိုက်သလိုပါပဲဗျာ။
Thanks for Your TIMES....

အစ်မချောရေ အိမ်ကို ချက်ချင်း ပြန်ပြေးချင်စိတ်တွေ ပေါ်လာတယ် ...
း(((

မမချောရေ...မရောက်တာအတော်ကြာလို့
ရောက်ခဲ့ပြန်ပြီ။
တွေ့ဆုံကြုံခိုက်မှာ ပုံပြီးမေ့လျော့မထားဖို့
အသိပေးဘာသာပြန်ကောင်းလေးတစ်ပုဒ်ပါပဲ။

ခင်တဲ့
ခိုင်နုငယ်

ချောရေ....
အချိန်တွေ..လုပ်ချင်တာတွေအများကြီးထဲမှာ
ကိုယ်တိုင်နစ်မြုပ်နေတာ သတိပေးလိုက်သလိုပဲ...။
လောလောဆည်တော့တကဲ့ကို မြုပ်နေတယ်...။
ဆင်ခြင်စရာလေးရလိုက်လို့ ကျေးဇူးပါချောရေ..။

kotunygn said...

Very good post.

ူlain lain said...

အလုပ်လောဘကြီးတဲ့အမျိုးသားကိုဒီစာလေးဖတ်စေချင်လိုက်တာ...တစ်နှစ်နေမှတစ်လဘဲတွေ့ခွင့်ရတဲ့သူ့ကို..မကြာခင်လူ့လောကထဲကိုရောက်လာတော့မယ့်အမွှာရင်သွေးလေးတွေနဲ့ ကျမတို့သားအမိတွေသူ့အနားမှာဘယ်လောက်နေချင်သလဲဆိုတာသူသိစေချင်လို့....