ဘ၀လမ်းပေါ်က အမှိုက်ကားများ



တစ်ရက်မှာ ကျွန်တော်ဟာ အရေးပေါ်ဧည့်သည်တစ်ယောက် ကြိုဖို့ရှိတာနဲ့  လေဆိပ်ကိုသွားဖို့ရာ အချိန်ကြာကြာ ကားမမောင်းချင်တာနဲ့  တက္ကစီတစ်စီး ငှားဖို့ စိတ်ကူးလိုက်ပါတယ်.... ဒါနဲ့ အိမ်ရှေ့အရောက်မှာ တက္ကစီတစ်စီး ကျွန်တော့်ရှေ့လာရပ်တာနဲ့ ကားပေါ် တက်လိုက်ပါတယ်.. ကျွန်တော်ငှားစီးလာတဲ့ ကားဆရာက ခပ်မှန်မှန်လေးနဲ့ ညာဘက်လမ်းကြောင်းအတိုင်း မောင်းလာပါတယ်.. လေဆိပ်သွားတဲ့ လမ်းဟာ လမ်းမကြီးဖြစ်တာကြောင့် ယဉ်ကြောတွေက သူ့လမ်းနဲ့သူ အရှိန်နဲ့ မောင်းနေကြပါတယ်။

အဲဒီအချိန်မှာ ညာဘက် လမ်းကွေ့တစ်ခုကနေ ကားအနက်တစ်စီးဟာ လမ်းရှင်းမရှင်း သေချာမကြည့်ဘဲ အရှိန်နဲ့ မောင်းထွက်လာပါတော့တယ်.. ကျွန်တော်တော့ တိုက်ပြီ လို့ပါးစပ်က အော်လိုက်မိပြီး မျက်စိကို စုံမှိတ်လိုက်မိပါတယ်.. ဒါပေမဲ့ ကျွန်တော်မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ကျွန်တော်တို့ကားဟာ လမ်းဘေးမှာ ရပ်နေပါပြီ။ တက္ကစီမောင်းသူက ဘရိတ်ကိုဆောင့်နင်းပစ်လိုက်ပြီး ကားလက်ကိုင်ကို လမ်းဘေးဆွဲချလိုက်တာကြောင့် ကျွန်တော်တို့ကားဟာ တာရာပွတ်ဆွဲသံ အကျယ်ကြီးမြည်ပြီး လမ်းဘေးမှာ ထိုးရပ်သွားခဲ့ပါတယ်..  ကျွန်တော် စီးလာတဲ့ ကားဆရာရဲ့ ကျွန်းကျင်မှုနဲ့ သတိရှိမှုကြောင့်သာ ယဉ်တိုက်မှု ဖြစ်မသွားခဲ့ရတာပါ။ လမ်းကွေ့က ထွက်လာတဲ့ ကားရဲ့ ဘေးကနေ၀င်တိုက်ဖို့ရော အနောက်က အရှိန်နဲ့ မောင်းလာတဲ့ကားက ၀င်ဆောင့်တာကိုခံရဖို့ရော သီသီလေး လွတ်သွားခဲ့ရပါတယ်။

ကျွန်တော်ထင်တာက ကျွန်တော့်တက္ကစီဆရာတော့ ဟိုဘက်က ကားသမားကို အော်ဟစ်တော့မယ်လို့ ထင်လိုက်ပါတယ်.. တကယ်တမ်း လမ်းစည်းကမ်းအရဆို လမ်းမကြီးပေါ်ကမောင်းလာတဲ့ ကျွန်တော်တို့ကားက အမှန်ပါ။ လမ်းသွယ်က ထွက်လာတဲ့ ကားတွေဟာ လမ်းမကြီးပေါ်မှာ ကားရှင်းမရှင်း အရင်ကြည့်ပြီးမှ ထွက်ရမှာ ဖြစ်ပါတယ်. ဒါပေမဲ့ အခုကျတော့ ပြောင်းပြန်ဗျာ...  လမ်းသွယ်ကထွက်လာတဲ့ ကားမောင်းသူက သူမှားမှန်းသိသိကြီးနဲ့ ကားထဲကနေ ခေါင်းထွက်ပြီး ကျွန်တော့်စီးလာတဲ့ တက္ကစီးသမားကို အော်ဟစ် ကြိမ်းမောင်းပါတော့တယ်.. ကျွန်တော်လည်း ကြည့်နေရင်း အတော်ကို ဒေါသထွက်သွားမိတယ်.. ဒါပေမဲ့ အံ့သြစရာက တက္ကစီမောင်းသူက ဘာမှ ပြန်မပြောဘဲ ရင်းရင်းနှီးနှီး ပြုံးပြလိုက်ပြီး လက်ကလေးတစ်ဖက်တောင် ဝှေ့ရမ်းပြလိုက်ပါသေးတယ်.. ကြည့်ရတာ တကယ့်ကို မိတ်ဆွေတစ်ယောက်ကို နှုတ်ဆက်သလိုမျိုးပါဘဲ။

ဒါနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မနေနိုင်တော့ဘဲ တက္ကစီသမားကို “ခင်ဗျားသူနဲ့ အရင်ကတည်းက သိနေတာလား” လို့ မေးလိုက်တော့ သူက “မသိပါဘူး .. တစ်ခါမှ မမြင်ဖူးခဲ့ဘူး” လို့ ပြန်ပြောပါတယ်။

“ဗျာ.. တစ်ခါမှလည်း မမြင်ဖူးဘူး ဟုတ်လား………  အံ့ရောဗျို့ ခင်ဗျားကိုတော့.. ကိုယ့်ကားကိုလည်း တိုက်မလိုဖြစ်အောင် သူ့ဘက်ကလည်း မှားသေးတယ် သူကလဲ ပြန်အော်သွားသေးတယ်.. ဒီလိုလူကို ခင်ဗျားက စိတ်မဆိုးတဲ့အပြင် မိတ်ဆွေတွေလိုတောင် နှုတ်ဆက်လက်ပြ လုပ်နိုင်သေးတယ်.. တကယ်ပါဘဲဗျာ.. ဟိုကားဆရာလုပ်ပုံက ကံကောင်းလို့ ကျုပ်တို့ ဆေးရုံမရောက်တာ”

ကျွန်တော့်စကားအဆုံးမှာ တက္ကစီမောင်းသူက အပြုံးလေးတစ်ချက်နဲ့ ကျွန်တော့်ဘက်ကိုလှည့်ကြည့်လိုက်ပြီး “ကျွန်တော်ကတော့ အမှိုက်ကားဥပဒေသ အတိုင်းဘဲ သဘောထား နေထိုင်တာပါဗျာ” လို့ ပြန်ပြောပါတယ်။

“ဗျာ…. အမှိုက်ကား ဥပဒေသ ဟုတ်လား………… ခင်ဗျားဟာက အဆန်းပါလားဗျို့.. ကျွန်တော်တော့ တစ်ခါမှကို မကြားဖူးပါဘူး.. လုပ်ပါဦး .. အဲဒီအမှိုက်ကား ဥပဒေသကို ကျွန်တော်သိအောင် ရှင်းပြပါဦးဗျ ”

ကျွန်တော်က မေးလိုက်တော့ တက္ကစီသမားဟာ သူခံယူထားပါတယ်ဆိုတဲ့ အမှိုက်ကား ဥပဒေသကို ကျွန်တော့်ကို ရှင်းပြပါတော့တယ်။

လူတွေတော်တော်များများဟာ အမှိုက်ကားတွေနဲ့ တူတယ်ဗျ.. သူတို့ဟာ အမှိုက်တွေအပြည့် တင်ဆောင်ပြီး လမ်းပေါ်မှာ မောင်းနှင်နေကြတယ်.. သူတို့ တင်ဆောင်ထားတဲ့ အမှိုက်တွေက မပြေလည်မှုတွေ၊ ဒေါသတွေ၊ စိတ်ပျက်တာတွေ၊ မာနတွေ၊ ဆိုတဲ့ အမှိုက်တွေဘဲ ဖြစ်တယ်.. အဲဒီလို စုံလင်လှတဲ့ အမှိုက်တွေကို ပြည့်လျှံနေအောင် တင်ဆောင်လာတဲ့ သူတို့ရဲ့ကားတွေဟာ ဒီအမှိုက်တွေကို သွန်ချဖို့ နေရာတစ်ခုခုတော့ လိုလိမ့်မယ်ဗျာ.. ဒီတော့ တစ်ခါတစ်လေမှာ အဲဒီအမှိုက်တွေကို လမ်းမှာ မတော်တဆတွေ့မိတဲ့ ခင်ဗျားအပေါ်လဲ လာသွန်ချမိတတ်တယ်.. အဲဒီလို အမှိုက်တွေကို ခင်ဗျားဆီ လာသွန်ချချိန်မှာ ခင်ဗျားက စိတ်တိုဒေါသထွက်ရင် သူတို့ဆီက အမှိုက်တွေကို လက်ခံယူသလိုမျိုး ဖြစ်သွားလိမ့်မယ်.. ပြီးတော့တစ်ခါ အဲဒီဒေါသအမှိုက်တွေကို ခင်ဗျားကသယ်ဆောင်သွားပြီး   ခင်ဗျားရဲ့ အလုပ်မှာ၊ အိမ်မှာ၊ လမ်းပေါ်မှာ စတဲ့ ကိုယ့်အနီးအနား ကိုယ့်ဝန်းကျင်က လူတွေကို ပြန်သွန်ချမိတတ်ပြန်ရော။ ဒီတော့ သူတစ်ပါးဆီက အမှိုက်တွေကို ခင်ဗျားက ပြန်ပြီး မသယ်ဆောင်သွားပါနဲ့။ မတော်တဆ လာသွန်ချမိတဲ့ သူတို့ကို အပြုံးလေးနဲ့သာ တုံ့ပြန်လိုက်ပါ။ လက်လေးသာ ပြလိုက်ပါ. ပြီးရင် ခင်ဗျားလမ်းကို ခင်ဗျား ဆက်သွားလိုက်ပါ…   ဘ၀ဟာ တိုတိုလေးပါဗျာ.. ကိုယ်အသက်ရှင်နေထိုင်တဲ့ အချိန်တွေမှာ အမှိုက်တွေနဲ့တူတဲ့ ဒေါသမာနတွေ၊ မကျေနပ် မုန်းတီးမှုတွေ၊ မနာလို ၀န်တိုမှုတွေနဲ့ ပူလောင်မနေဘဲ အေးချမ်းပျော်ရွှင်စွာနဲ့ ကိုယ့်ရဲ့ အချိန်တွေကို ကုန်ဆုံးတာက အကောင်းဆုံးပါဘဲ .. ဒါကြောင့် ကျွန်တော် ကျင့်သုံးခံယူတဲ့ အမှိုက်ကား ဥပဒေသက သူတစ်ပါးဆီက အမှိုက်တွေကို လက်မခံသလို၊ ကိုယ့်ဆီက အမှိုက်တွေကိုလည်း သူတစ်ပါးကို ပြန်ပြီး မသွန်ချမိပါနဲ့... ဆိုတာပါဘဲ”

တက္ကစီမောင်းသူရဲ့ စကားအဆုံး ကျွန်တော် ကိုယ့်ကိုယ်ကို တော်တော်ရှက်သွားခဲ့မိပါတယ်.. သူပြောတာ သိပ်မှန်ပါလား.. ကျွန်တော်တို့ဟာ ကိုယ်တိုင်လည်း ဒေါသ၊မောဟ အမှိုက်တွေအပြည့် တင်ဆောင်ပြီး ဘ၀လမ်းပေါ်မှာ မောင်းနှင်နေသလို တစ်ခါတစ်ရံ သူများဆီက အမှိုက်တွေပါ ကိုယ်က လက်ခံလိုက်မိသေးတယ်။ ခုနက ကားသမားကို မကျေမနပ် ဒေါသတွေနဲ့ တုံ့ပြန် ပြောဆိုလိုက်မိရင် ဟိုဘက်ကလူကလည်း ပြန်လှန်ပြောဆိုရင်း မပြီးနိုင် မစီးနိုင်ဘဲ ကိုယ့်မှာ ဒေါသတွေ ပိုပိုထွက်လာရဖို့သာ ရှိပါတယ်… အဲဒီဒေါသတွေဟာ အလွယ်တကူ မပြေပျောက်နိုင်တော့ဘဲ ကိုယ့်အိမ်၊ ကိုယ့်လုပ်ငန်းခွင်တွေဆီ သယ်ယူသွားခဲ့မိတဲ့ခါ တစ်နေ့တာ လုပ်ငန်းခွင်မှာရော အိမ်မှာပါ အဆင်မပြေနိုင်တော့ဘဲ ထစ်ခနဲဆို အစောက ဒေါသထွက်ထားတဲ့အရှိန်နဲ့ ဘယ်သူ့ကိုမှ အကောင်းမမြင်နိုင်တော့ဘဲ စိတ်တို ဒေါသထွက်ဖို့သာ အဆင်သင့် ဖြစ်နေတတ်ပါတယ်.. ဒါဟာ ကျွန်တော်တို့ တကယ်ကြုံတွေ့ရတတ်တဲ့ အမှန်တရားတစ်ခုပါ။ တက္ကစီသမားရဲ့ အမှိုက်ကား ဥပဒေသဟာ သိပ်ကောင်းမွန်တဲ့ ဥပဒေသလေးပါဘဲ။ လေးစားလိုက်နာသင့်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..  ကိုယ့်ကိုဒေါသတွေနဲ့ ဆက်ဆံလာတဲ့သူကို တန်ပြန်ဒေါသတွေနဲ့ မတုံ့ပြန်ဘဲ အေးချမ်းတဲ့ အပြုံးလေးနဲ့ တုံ့ပြန်လိုက်မယ်ဆို တစ်ဖက်က ဒေါသတကြီးဖြစ်နေသူလည်း ဒေါသအရှိန်တွေ လျော့သွားမှာ ဖြစ်သလို ကိုယ်တိုင်လည်း သူ့ရဲ့ဒေါသတွေ ကူးစက်ခြင်း မခံရတော့ဘဲ အေးချမ်းတဲ့စိတ်ကလေးနဲ့ ဆက်ပြီး နေသွားနိုင်မှာ ဖြစ်ပါတယ်.. လူတိုင်းဒီလိုသာ နေနိုင်မယ်ဆိုရင် ကမ္ဘာကြီးပေါ်က ပူလောင်နေတဲ့ လူသားတွေရဲ့ ဒေါသတွေ လျော့ကျသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်ဗျာ။


David J. Pollay ရဲ့ The Law of the Garbage Truck ကို နှစ်ခြိုက်မိသဖြင့် မိမိကိုယ်တိုင် ဆင်ခြင် ဖတ်ရှုနိုင်ဖို့ ဘာသာပြန်ပါသည်။

အမှိုက်ကင်းတဲ့နေ့ရက်များကို လူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်။



41 Responses to “ဘ၀လမ်းပေါ်က အမှိုက်ကားများ”

မလေး said...

ချောေ၇ အ၇မ်းနှစ်သက်မိတဲ့ စာစုလေးပါ။ စာလေးကိုဖတ်ပြီး ဆင်ခြင်ဖို့ သတိ၇သွားပါတယ်။

Myatnoe said...

very good post. Thanks for this post.

MDW said...

အမှိုက်ဥပမာလေး သိပ်ကောင်းတယ် ချောရေ ... ကိုယ့်ဆီမှာလဲ အမှိုက်တွေဘယ်လောက်တောင် တင်မိနေပြီလဲ မသိပါဘူး ...

များ တို့ ဒီမှာက အမှိုက်ကို အိမ်ထဲရှိ အမှိုက်ပုံးထဲ ထည့်ရုံပဲ နောက်က အိမ်ရှင်က သူ့သူ လုပ်သွားရော အဟော အဟော မိုက်ရယ်နော် ခစ်ခစ်

လာယူမှတ်သား သွားပါတယ် ဒေါ်ချောရေ
တာ့တာ

ခိုင်သဇင်အေး said...

မမ
ဒီပို့စ်လေးကို အရမ်းကြိုက်တယ်။
အမှောင်ထုကြီးထဲကို မီးမောင်းလေး တစ်ချက် ထိုးပေးလိုက်သလိုပါဘဲ။
ဒီလိုကောင်မွန်တဲ့ စာလေးကို ဖတ်ခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။

မချော ရေ.. အမှိုက်ကား ဥပဒေသလေးက လူတိုင်းလိုက်နာသင့်တဲ့ ဥပဒေသလေးပါ။ ကျွန်တော်တို့ မန်းမှာဆို ပိုပြီး တော့အဲဒီ ဥပဒေသ အတိုင်းပဲ လိုက်နေ နေရပါတယ်ဗျာ. အထူးသဖြင့် ညပိုင်းဆို ဆိုင်ကယ် သုံးယောက်စီးတဲ့ အမှိုက်ကားတွေကခဏခဏ ကိုယ့်အပေါ်ကို သွန်ချတက်ကြပါတယ်.. အဲဒီအမှိုက်တွေကို လက်မခံပဲ ပြန်ပြီး ခွာချ ထားခဲ့ရတာတွေလည်း မနည်းတော့ပါဘူးဗျာ.. အမှိုက်ကား ဥပဒေသ လေးရဲ့ အနှစ်သာရလေးကို ပိုပြီး သိခွင့်ရလိုက်တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျာ.. စာအကြွေးတွေလည်း များနေပြီဗျ.. နောက်မှဖြည်းဖြည်းချင်း ပြန်လာ ဖတ်ပါအုံးမယ်..
ခင်မင်စွာဖြင့်
ဇော်သိင်္ခ

sosegado said...

တော်တော်ထူးဆန်းတဲ့ တက်စီ မောင်းသမားပါပဲ၊ သူ့ခံယူချက်နဲ့သူတော့ဟုတ်နေတာပဲ၊ ဒါပေမဲ့ တဘက်လူမှားကြောင်းပြဘို့လို့တယ်၊ မဟုတ်လို့ဆိုရင် မှားမှန်းသိရက်နဲ့ ဆက်လုပ်နေဦးမယ်၊

ကောင်းလိုက်တဲ့ ဥပမာလေး ချောရယ်၊ စလုံးမှာလည်း ဒီလိုပဲ၊ လူတော်တော်များများက ရေဆူမှတ်ရောက်နေကြတာ၊ စိတ်ဖိအား များနေတော့ ဘာလေး ဖြစ်ဖြစ် မပြုံးနိုင်၊ ခွင့်မလွှတ်နိုင်၊ မပြီးစီးနိုင်ကြဘူးလေ....

ဖတ်ဖူးတယ်.. အဲဒါလေးအရမ်းကြိုက်တယ်.. ကိုယ်တို့လည်း တကယ် ကျင့်သုံးသင့်တယ်နော်..

မချောရေ...
အခုမှ အလုပ်လေး နည်းနည်း အားတုန်း အပြေးလေး အကြွေးလာဆပ်သွားတယ်။
ဒီမှာလည်း အမှိုက်တွေရှုပ်နေလို့...
ကိုယ့်အမှိုက်ရော...သူများအမှိုက်ရောလေ...
း(

shwezinu said...

ဖတ်သွားတယ် ညီမ ရေ အမှိုက်ကားလေး မောင်းပြီး သူများ အပေါ် မသွန်မိဘို့ သတိထားရမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

mmzh said...

မချောရေ..ဥပဒေသ ကတော့ ကောင်းပါရဲ့။ သတိလက်လွတ် ဖြစ်တဲ့အခါတော့ သူများအမိုက်တွေ လက်လွဲယူခဲ့တာများလှပေါ့။ ကျင့်သုံးဖို့တော့ လက်တွေ့မှာ ခက်တယ်ဗျာ။ စာကောင်းလေးတွေ တင်ပေးတဲ့ မချောကိုတော့ ကျေးဇူးပါ။
ခင်မင်စွာဖြင့်

အမချောရေ......လိုက်နာသင့်တဲ့ ဥပမာလေးတစ်ခုလို့မြင်မိပါတယ်ဗျာ....မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ် :)

ခင်တဲ့(ဖိုးကြယ်)

ahphyulay said...

အင်း...
ကြီးကြီးကျယ်ကျယ်မပြောတော့ ပါဘူးဗျာ..။
တိုတိုလေးဆိုတဲ့  လူ့ ဘဝ ကို အပေါ်စီးက ထွင်းဖောက်မြင်နိုင်တဲ့ ဥာဏ်မျိုး
သူ့ မှာရနေလို့ ပါပဲ လို့ ၊
ကျွန်တော်တို့  က မရ သေးပါဘူးနော.......

ခင်တဲ့ 

အမှိုက်ထဲက ရွှေကျင်ရမှာပေါ့း)

Bravo said...

ကျနော်လည်း တစ်ခါတစ်လေ စိတ်ညစ်လာတဲ့အခါ
တစ်ယောက်ယောက်အပေါ် သွန်ချ မိပါ့
ဒါပေမယ့် အတတ်နိင်ဆုံး ထိန်းသိမ်းနိင်အောင်
ကျင့်ကြံနေပါကြောင်း

လသာည said...

ဟုတ်တယ် အမှိုက်တွေ များတဲ့အခါ သူများပေါ်မသွန်မိအောင်ရော၊ သူများအမှိုက်ကို ပြန်မယူဖြစ်အောင် သတိထားရမယ်။
ဒီပိုစ်လေးလည်း အရမ်းကောင်း။ ကျေးဇူးတင်ပါတယ်နော်။

အံ့ဖွယ်Taxi သမားပါလား..နယူးယောက် က တက်ကစီသမားတော့မဖြစ်နိုင်ဘူး..၊

jr said...

စာရေးအားကောင်းသလို စာတွေအကုန်လုံးလဲ စာကောင်းတွေချည်းပဲ ချောရ..
အမြဲသေချာလာလာဖတ်ပါတယ်။

ခင်မင်လျှက်

phyophyo said...

အားကြီးကောင်းတယ် ပိုစ့်လေးက၊
အမှိုက်တွေပြည့်လာလို့ သွန်ချဖို့လိုရင် အမှိုက်ပုံးမှာပဲ သွန်ချနိုင်ဖို့ ကြိုးစားပါ့မယ်။
ကိုယ့်ဆီလည်း လာအသွန်မခံနိုင်ပါဘူး၊ ပါးနပ်မှ၊
လွယ်တော့မလွယ်ဘူးနော်၊ :)
ချစ်တဲ့

တစ်ယောက်က ပူလှောင်နေရင် တစ်ယောက်က အေးးးဆေး နေပေးလိုက်တော့
စစ်မဖြစ်ရတော့ဘူးပေါ့နော်..မမချော..။

အမှိုက်များနဲ့ကိုယ်..မဖြစ်အောင်ကြိုးစားနေထိုင်ရမယ်။
အမှိုက်ထုတ်တွေကြောင့် စိတ်တွေလည်း ဖိစီးရတယ်..။
အမှိုက်ထုတ်တွေ သူတပါးကို မပေးမိအောင် ဆင်ခြင်ရမယ်...။
အမှိုက်ထုတ်တွေနဲ့ ဝေးရာမှာလည်း နေထိုင်တတ်ရမယ်။
အမှိုက်ထုတ်တွေနဲ့ လူသားတိုင်း ကင်းဝေးပါစေ..။
လောလောဆည်..အမှိုက်ကားလာတုန်း သွားသွန်လိုက်ဦးမယ် ချောရေ..။ :)

သူပြောတာ သိပ်မှန်ပါလား.. ကျွန်တော်တို့ဟာ ကိုယ်တိုင်လည်း ဒေါသ၊မောဟ အမှိုက်တွေအပြည့် တင်ဆောင်ပြီး ဘ၀လမ်းပေါ်မှာ မောင်းနှင်နေသလို တစ်ခါတစ်ရံ သူများဆီက အမှိုက်တွေပါ ကိုယ်က လက်ခံလိုက်မိသေးတယ်။
အင်း..ဘယ်လိုပြောရမလဲ...
လိုက်နာနိုင်အောင်တော့ ကြိုးစားကြည့်ပါ့မယ်လေ.။
ဒီစာမဖတ်ခင်ကတော့ အမှိုက်တွေ ခေါင်းထဲ ပြည့်လို့ပေါ့..သူများအမှိုက်တွေရော..ကိုယ်တိုင်သွန်ထားတာတွေရော.။ ခုတော့ အမှိုက်ပုံးပြေးရှာနေပါပြီ.။

မိုးခါး said...

ကိုယ်တိုင်ကျင့်ဖို့ကတော့ တော်တော်ခက်မယ့်အလုပ်ဆိုတာ ကိုယ့်အကြောင်းကိုယ် သိနေတယ် .. ဟင်းးးး
အမှိုက်ပုံကြီးလေ :D

ပထမဆုံးတော့ သတိတရားကိုသာ တချိန်လုံး ကိုင်စွဲထားနိင်မှ ဖြစ်မယ်
နေတတ်သွားရင်တော့ ဒါဟာ ကောင်းတဲ့ အမူအကျင့် ဖြစ်လာနိင်တယ်။
ဒီစာထဲကလို တခြားသူက အမှိုက်ထုပ်တွေ လာပစ်ရင်လည်း ကားဆရာလို အပြုံးနဲ့ တုန့်ပြန်နိင်ဖို့ ကြိုးစားရအုံးမယ်။

naywoonni said...

လောဘ..ဒေါသ..မောဟ..တွေမကင်းစင်သရွေ့တော့
အမှိုက်ကားတွေချည့်ပေါ့......။ဒါပေမဲ့သိသာသိစေမမြင်စေနဲ့ဆိုသလိုပေါ့
ကိုယ့်အမှိုက်သူများမမြင်အောင်ထိန်းသိမ်းနေနိုင်တဲ့တက္ကစီမောင်းသူလို...
စိတ်ထားမျိုးထားနိုင်တဲ့သူများများရှိရင်ကမ္ဘာကြီးဟာဒီထက်ပိုသာယာလာမှာပဲ
ပြောသာပြောရတာဗျို့.........ကျွန်တော်လည်းသိသာသိတာမကျင့်သုံးနိုင်သေးဘူး

blackcoffee said...

အမှိုက်ကား ဥပဒေသ တဲ့လား မချောရေ.... ဗဟုသုတ တစ်ခု ထပ်တိုးရ ပြန်ပြီပေါ့။ ကျေးဇူးပဲ အစ်မရေ......

အနော်ဆို လူလစ်မှ အမှိုက်ပစ်တတ်တယ်လေ.....။
ဝှီးခနဲ.....၀ှီးခနဲပဲ.....တစ်ခါတစ်လေများဆို..........း)

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို

ချောရေးတာတွေ ဖတ်လို့ကောင်းတယ်။
အမှိုက်ကားဥပဒေက လေးနက်တဲ့ အကြောင်းအရာလေးပဲ။
ဒီဥပဒေ လိုက်နာဘို့က လွယ်မလို့နဲ့ခက်တယ်နော်။

အမှိုက်တွေနော်...အမှိုက်တွေ.. တခါတခါ ညီမလေးတို့ဆီမှာ မလိုအပ်တဲ့ အမှိုက်တွေနဲ့ ပြည့်နေတတ်တယ် .. မလိုအပ်ဘဲ သိမ်းထားမိတော့ ရှုပ်တာပေါ့ချောရယ် .. မလိုအပ်တာတွေ မသိမ်းထားမိအောင် ကြိုးစားပါ့မယ် ..

naung said...

ဖတ်လိုက်၇တဲ့အတွက် ကျေးဇူးတင်ပါတယ်

kotunygn said...

101% Right .....

ainlay said...

မချောရေ.. ကျမလည်း အမှိုက်ကား ဥပဒေသလေးကိုလိုက်နာနေတုန်းပါ။ လိုက်နာပြီးသလောက်ကတော့ စိတ်ချမ်းသာမှုအပြည့်ရနေတာပါ။ လူတိုင်းလိုက်နာနိုင်၇င်ကောင်းမှာဘဲလို့ တွေးနေမိပါတယ်။

အိုး။.....ကောင်းမှကောင်း...Speechless!!!!

အင်ကြင်းသန့် said...

တကယ်ကိုအတုယူစရာစိတ်ဓါတ်ကောင်းလေးပါပဲ။ ကိုယ်ကိုယ်တိုင်လိုက်နာကျင့်သုံးနိုင်ဖို့....အင်း...ကြိုးစားရဦးမယ်။

san nu said...

အရမ်းကောင်းတယ်နော်
နောက်လည်းများများရေးပါနော်

ယမင်း said...

ဟဲခုမှလာဖတ်ရင်း အကြွေးတွေကိုဆပ်သွားတယ် သိပ်ကောင်းတဲံ့ဥပဒေသလေးပါပဲ လိုက်နာနိုင်ဖို့
ကြိုးစားလျှက်ပါ :D

san pye tun said...

Today i read a lot on your blog. I got knowledge and experience from your blog. And i can also travel around Myanmar and world.I already spend my a lot of time I want to say more than thank you very much.

taxi သမားလေးရဲ့ စကားတွေက အမှန်ပေါ့.. လူတိုင်းကို ရန်ကိုရန်ခြင်း.. ဒေါသကို ဒေါသခြင်း တုံ့ပြန်နေရစတမ်းဆိုရင်တော့ ဘယ်မှာ လောကကြီး သာယာပါတော့မလဲ.. ပိုစ့်လေးက သိပ်ကောင်းတယ်.. မမချောရေ..။

seng Li kham said...

Share ခွင့်ပေးပါနော်...မချော...အရမ်းနှစ်သက်မိပါတယ်ကျေးဇူးတင်ပါတယ်

Anonymous said...

အရမ်းတန်ဖိုးရှိတဲ့ စာပိုဒ်လေးပါ။thank you very much...