ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း



ကောင်းကင်ပေါ်တွင် လင်းလက်တောက်ပနေသော ကြယ်ကလေးများကို မော့ကြည့်ရင်း သူမရင်ထဲက အိမ်ကိုလွမ်းဆွတ်မိသည့်စိတ်က တစ်လှိုက်လှိုက် လျှံတက်လို့လာသည်။ သေချာပါသည်လေ.. သည်အချိန်ဆိုလျှင် သူမ၏ ဖခင်နှင့် မိခင်တို့သည်လည်း အိမ်ရှေ့ဝရံတာလေးတွင် ထိုင်ရင်း ကောင်းကင်က ကြယ်တွေကို မော့ကြည့်နေမှာ ဖြစ်သလို အဝေးတစ်နေရာက သမီးတစ်ယောက်ကိုလည်း သတိရနေပါလိမ့်မည်။ ထူးထူးခြားခြား သည်နေ့မှ ကောင်းကင်မှာ တိမ်မျှင်တစ်စမျှ မရှိသလို ကြည်လင်နေသော အနက်ရောင်ကတ္တီပါကြီးမှာ စိန်ပွင့်လေးတွေ လင်းလက်နေသကဲ့ ကောင်းကင်ပြင်ကြီးပေါ်တွင် ကြယ်ကလေးများစွာ ပြန့်ကျဲလျှက် ရှိနေလေသည်။ ကြယ်တွေကို မော့ကြည့်နေသော သူမကို အချို့သော ကြယ်ပွင့်လေးများက ပြုံးပြနေသလို သူမစိတ်ထဲ ခံစားမိသည်။ ကြယ်တွေ တကယ်ပြုံးတတ်ကြပါသလား… ဒါကိုတော့ ခံယူသူနှင့်သာ ဆိုင်မည်ထင်ပါသည်။ သူမကတော့ ကြယ်ကလေးတွေ ပြုံးတတ်သည်ဟု ယုံကြည်မိပါသည်။ ကြယ်တွေကို မော့ကြည့်ရင်း ဆွတ်ဆွတ်ကြင်ကြင် သူမ ရေရွတ်လိုက်မိတဲ့ စကားတစ်ခွန်းက “ အိမ်ကို လွမ်းလိုက်တာ ”..

သူမအတွက် အိမ်နဲ့ စတင်ပြီး ခွဲခွာခဲ့စဉ်က အသက် ၁၁နှစ်အရွယ် ပီဘိကလေးသာသာ အရွယ်သာ ရှိသေးသည်။ အိမ်နှင့် ခွဲခွာရသော အရသာသည် ခါးသီးဖွယ်ကောင်းလွန်းမှန်း ငယ်စဉ်ကတည်းက နားလည် ခံစားတတ်ခဲ့သည်။ အိမ်နဲ့ခွဲခွာရချိန်တွေကို  မုန်းတီးမိသည်။ သို့သော်  ဘ၀ရဲ့ အချိန် အတော်များများသည် အိမ်နှင့်ခွဲပြီး နေရချိန်ကသာ များလေသည်။ ပညာရေးအတွက်၊ ဘ၀တိုးတက်ရေးအတွက် စသည့်အတွက် များစွာတို့ကြောင့် အိမ်နှင့်အကြိမ်ကြိမ် ရက်ရှည်လများ နှစ်လရှည်ကြာအောင် ခွဲခွာခဲ့ရသည်။ အိမ်နဲ့ခွဲနေရချိန်များတွင် သူမ မက်လေ့ရှိသော အိမ်မက်မှာ အိမ်သို့ ပြန်ရောက်နေပြီး မိသားစုထမင်းဝိုင်းမှာ အမေကိုယ်တိုင် ချက်ကျွေးတတ်သည့် သူမ နှစ်သက်သော ဟင်းလျာများဖြင့် ကြိုဆိုနေတတ်သည်တဲ့… စုံလင်လှသော ထမင်းဟင်းများကိုကြည့်ရင်း အ၀စားပြစ်မည်ဟု ကြုံးဝါးပြီး ထမင်းစားပွဲမှာ ၀င်ထိုင်လိုက်သည်နှင့် အိပ်မက်မှ နိုးလာတော့သည်။ နိုးလာတိုင်းလည်း အမေချက်ထားသော ထမင်းဟင်းကို မစားလိုက်ရ၍ သူမ စိတ်တိုမိသည်။ ၀မ်းနည်းမိသည်။ အကြိမ်ပေါင်းများစွာ ထိုအိပ်မက်ကို မက်တတ်သည်.. မက်ခဲ့သည်.. ယခုချိန်ထိလည်း ထိုအိပ်မက်က မက်နေဆဲဖြစ်သည်။ အိပ်မက်က နိုးချိန်တွင် ခြောက်ကပ်တိတ်ဆိတ်လှသော သူမ၏ အခန်းလေးက တစ်ခန်းလုံး မဲမှောင်နေပြီး အထီးကျန်ခြင်း အငွေ့အသက်များဖြင့် မွန်းကြပ်နေတော့သည်။ သေချာတာကတော့ ထိုအိပ်မက်သည်  အိမ်သို့ တကယ်ပြန်ခွင့်ရပြီး မိသားစု မောင်နှမတွေ စုံစုံညီညီဖြင့်နေခွင့်ရသည့် အချိန်ရောက်လျှင်တော့ မက်တော့မည် မဟုတ်ပေ။ သို့သော် ထိုနေ့သည် ဘယ်နေ့မှန်း မသိနိုင်အောင် သူမ အာရုံထဲမှာ ခပ်ဝါးဝါးသာ ရှိနေလေသည်။

သူမတို့ငယ်စဉ်တုန်းက အိမ်မှာအမေ ခရီးထွက်လျှင် အဖေက သားသမီးတွေကို ထမင်းချက်ကျွေးတတ်သည်။ အဖေ ချက်ကျွေးသော ဟင်းများတွင် ထူးဆန်းသော ဟင်းတစ်ချို့ ပါလာလျှင် မောင်နှမတတွေမှာ စိတ်ဝင်တစားလဲဖြစ်၊ မစားရဲ စားရဲဖြင့် တစ်တို့လောက် အရင်မြည်းကြည့်ပြီး နောက်ဆုံးတော့ ခွက်ပြောင်အောင် လုစားကြရသည်သာ များသည်။ အဖေ ချက်ကျွေးတတ်သော ဟင်းများတွင် သူမ အကြိုက်ဆုံးက အဆီမပါသော တောဝက်သား၊ ချေသား၊ ဆတ်သားဟင်းများ ဖြစ်ပြီး ဖြူသား၊ မြွေသား၊ ပုရစ်ကြော်၊ ဖားချက် တို့ကိုတော့ ခပ်ကြောက်ကြောက်ဖြင့် စားခဲ့ဖူးပါသည်။ အဖေက ထိုသို့ ထူးထူးဆန်းဆန်း အစားအသောက်လေးများကို ကြိုက်သူဖြစ်သည်။  ပြီးလျှင် အဖေ လုပ်ကျွေးတတ်သော ဆန်နှင့် အသားများကို ၀ါးထဲထည့်ပြီး ရေထည့်ကာ ထိုဝါးကိုအပေါ်မှ မီးဖြင့်ကင်၍ကျွေးသော ထမင်းကိုလည်း အမြဲတမ်း သတိရနေမိတတ်သည်။ ထိုထမင်းလေးအကြောင်း စဉ်းစားလိုက်လျှင် မွှေးပျံ့သော ရနံ့လေးပင် ချက်ခြင်း ရလာသလို သူမစိတ်ထဲ ခံစားမိလေသည်။ အဖေ၏ အကောင်းဆုံး လက်ရာတစ်ခုဖြစ်သော ငါးကိုကင်ပြီး တောက်တောက်စင်းကာ အမွှေးအကြိုင်ရွက်များထည့်ပြီး အရည်ဖျော်ထားသော ငါးကောဟင်းသည်လည်း သူမ တမ်းမက်စွာ အိပ်မက် မက်တတ်သော ဟင်းတစ်မယ် ဖြစ်လေသည်။
အိမ်ပြန်ပြီး သူမချစ်သော မိခင်၊ဖခင် မောင်နှမတွေနှင့် စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေထိုင်ဖို့ အမြဲတမ်း စိတ်ဆန္ဒရှိခဲ့သော်လည်း လက်တွေ့တွင် အလုပ်တာဝန်များစွာတို့ဖြင့် မအားမလပ်နိုင်သူမို့ တစ်နှစ်တစ်ခါပင် ရောက်နိုင်ဖို့ ခဲယဉ်းလွန်းခဲ့လေသည်။  အိမ်ကို အလည် ပြန်ရောက်သွားသည့် အခိုက်များတွင်လည်း သူမ မိခင်သည် ဈေးခြင်းတောင်းလေးကို ကိုင်ပြီး သူမ ကြိုက်တတ်သော ဟင်းများကို မေးစရာမလိုဘဲ ၀ယ်လာတတ်ပြီး မအားနိုင်အောင် ချက်ပြုတ်ကာ  ကျွေးမွေးတော့သည်။ သားကြီး ငါးကြီး မစားတတ်သော အမေ့လက်ရာ အသီးအရွက် မျိုးစုံ အကြော်အလှော်အသုပ်များသည် သူမအတွက် မည်သည့် ထမင်းဆိုင်မှ လိုက်မမီနိုင်သည့် မေတ္တာတရားတို့ဖြင့် ပြည့်စုံ မွှေးထုံနေသော ထမင်းဝိုင်းသာ ဖြစ်လေသည်။ ထိုထမင်းဝိုင်းကိုလည်း အမေ့အိမ်တွင်မှ လွဲ၍ အခြားနေရာတွင်  ရှာ၍ မတွေ့နိုင်ခဲ့ပါ။ ပကာသန မပါသော်လည်း မေတ္တာများစွာ ခြံရံထားသော ထမင်းဝိုင်းက သူမတို့မောင်နှမ တစ်စုအတွက် နတ်သုဒ္ဓါလို့လည်း ခေါ်ဆိုနိုင်ပါသေးသည်။ အိုး……….. အမေ့လက်ရာ ထမင်းဝိုင်းလေးကို လွမ်းဆွတ်လွန်းရပါသည်လေ။

နေ့ခင်းတုန်းက အိမ်ကိုဖုန်းဆက်ချိန်တွင် ဖခင်ဖြစ်သူ၏ “သမီး သီတင်းကျွတ် ပြန်မလာဘူးလား” ဆိုသည့်အမေးက သူမကို တဒင်္ဂ ဆွံ့အသွားစေခဲ့ပြီး ရင်ထဲတွင်လည်း စိတ်မကောင်းခြင်းများစွာ ဖြစ်သွားခဲ့ရသည်. သီတင်းကျွတ်မှာ သူမ ပြန်လာမည်ဟု အဖေက မျှော်လင့်ထားပုံရလေသည်။ အဖေ့ကို  ပြန်ပြောဖြစ်ခဲ့သည်က “ပြန်ချင်တာပေါ့ အဖေရယ်.. ပြန်ချင်လိုက်တာမှ… တစ်ပိုင်းသေမတတ်ပါဘဲ.. ဒါပေမဲ့.. ”  ဆိုပြီး  ဆက်မပြောတတ်ခဲ့တော့ပါ။ တာဝန်ဝတ္တရားများက သူမကို အိမ်ပြန်ခွင့် မရအောင် ချည်နှောင်ထားခဲ့သော အရာများသာ ဖြစ်လေသည်။ သူမ မပြန်နိုင်လျှင်၊ မပြန်ဖြစ်လျှင်လည်း မိဘများကတော့ နားလည် ခွင့်လွှတ်ကြမည်သာ ဖြစ်ပါသည်။ သို့သော်လည်း သူတို့ရင်ထဲမှာတော့ ပြန်မလာနိုင်သော အဝေးရောက် သမီးတစ်ယောက်ကို မျှော်လင့်နေမည်မှာ သေချာပါသည်လေ။ ခုချိန်မှာတော့ သူမနှင့် အိမ်အကြားတွင် ခရီးမိုင်များစွာ ဝေးကွာလို့နေခဲ့သည်။

အိပ်မပျော်သော ည၏ထုံးစံအတိုင်း အိမ်ရှေ့က ၀ရံတာလေးတွင် ရပ်ကာ ကောင်းကင်ကြီးကို မော့ကြည့်ရင်း၊ ကြယ်ပွင့်လေးတွေကို ရေတွက်ရင်း သူမ၏ အိမ်လွမ်းစိတ်တို့ကို ဖြေသိမ့်ခဲ့သည်မှာ အကြိမ်ပေါင်းများစွာပင်။ သူမ၏ အလွမ်းဝေဒနာကိုလည်း မှိတ်တုတ်မှိတ်တုတ် ကြယ်ပွင့်ကလေးတို့က နားလည်ပြီး ကူညီဝေမျှ ခံစားပေးနိုင်သည်ဟု သူမက ယုံကြည်မိသည်လေ. “သမီးကို မွေးတုန်းက ကောင်းကင်မှာ လကလည်းသာ၊ ကြယ်တွေဆိုလည်း စုံလိုက်တာ သမီးရယ်.. အဖေတောင် သမီးကို ပွေ့ပြီး ခေါ်ပြမလားတောင် တွေးမိတယ်.. နောက်တော့မှ သမီးက မွေးစလေး ရှိသေးတာ.. ဘယ်မြင်နိုင်မလဲလို့ စဉ်းစားမိတော့တာ။ ” ဟု ပြောခဲ့သော အဖေ့စကားကြောင့် ကြယ်တွေစုံတဲ့ ညတွေကို သူမကလည်း အခြားသော ညတွေထက် ပိုမို ခင်တွယ်မိသည်။ ကြယ်ကလေးတွေကိုလည်း သူငယ်ချင်းရင်းခြာပမာ ချစ်ခင်မိလေသည်။ ဘယ်လောက်တောင် လှလိုက်တဲ့ ကောင်းကင်ကြီးလဲနော်။ ဒီလို ကြယ်တွေ စုံလွန်းတဲ့ ညတွေချည်းသာ ဖြစ်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေမည်လဲ.. ဒီလိုဆိုလျှင်ဖြင့် သူမ၏ ရင်တွင်းမှ အိမ်လွမ်းနာသည်လည်း ကြယ်ပွင့်လေးတွေကြောင့် သက်သာရ ရနိုင်ပေမည် မဟုတ်လား။

ဒီအချိန်မှာတော့ သူမကို အိမ်ပြန်လာစေချင်စိတ်တို့ဖြင့် သူမ ပြန်လာမည့်အချိန်ကို မျှော်လင့်နေမည့် အဖေအမေသည် အိမ်ရှေ့ဝရံတာလေးမှာ ထိုင်ရင်း ကြယ်တွေစုံလင်နေသော ကောင်းကင်ကြီးကို သူမ လိုဘဲ မော့ကြည့်နေပါလိမ့်မည်။ သူမကလည်း ကြယ်လေးတွေကို တိုင်တည်ရင်း မျှော်လင့်ချက်အပြည့်ဖြင့် ပြောမိသည်မှာ  “ အဖေအမေတို့အိမ်လောက် နွေးထွေးလုံခြုံတဲ့နေရာ ဘယ်မှာမှ မရှိပါဘူး ... သမီး တစ်နေ့နေ့တော့ အမေတို့ရဲ့ အိမ်ကို အပြီးအပိုင် ပြန်လာမှာပါ.. သမီးကို စောင့်နေပါ အဖေနဲ့အမေရယ်”.... ထိုအချိန်မှာဘဲ တိုက်တိုက်ဆိုင် လွှင့်ပျံလာသည့် သီချင်းလေးက အဆိုတော် ထူးအိမ်သင်ရဲ့ “ကြယ်တွေ စုံတဲ့ည”။ လူတိုင်းမှာ မျှော်လင့်ခွင့်ရှိပါသည်။ သို့သော် ထိုအခွင့်အရေးသည် ခုချိန်တွင်တော့ ခပ်ဝါးဝါးမှုန်ပြပြ ကြယ်လေးတစ်စင်းလို အပြည့်အ၀ လင်းလက်ခွင့် မရနိုင်ဘဲ မှေးမှိန်နေဆဲသာ ရှိလေသည်။ သူမ လိုဘဲ အိမ်ပြန်ချင်စိတ်ဖြင့် စိတ်ဓာတ်တွေ နာဖျားနေသူ ဒီလောကကြီးမှာ ဘယ်လောက်များ ရှိနေကြမှာပါလိမ့်၊ အိမ်ပြန်ချင်သော်လည်း မပြန်နိုင်သေးသောကြောင့် အိပ်ပြန်သည့်အိပ်မက်ရှည်ကို မက်နေသူတွေ ဘယ်လောက်တောင် ရှိနေမှာပါလိမ့်။ သားသမီးတို့ရဲ့ အိမ်အပြန်ကို မျှော်လင့်နေမည့် မိခင်ဖခင်တို့ရော ဒီကမ္ဘာကြီးပေါ် ဘယ်လောက်တောင် များနေမှာပါလိမ့်… လူတွေသည် မပြည့်စုံနိုင်သော အိပ်မက်များဖြင့် လှုပ်ရှား ရုန်းကန်နေကြရသူတွေ များလှသည်။  ထိုအထဲတွင် သူမသည်လည်း အပါအ၀င် ဖြစ်ပါသည်။ ကြယ်တွေကိုကြည့်ရင်း သူမဆုတောင်းလိုက်မိသည်က သားသမီးတိုင်း မိခင်ဖခင်ရှိရာ မေတ္တာရိပ်မြုံကို ခိုလှုံနိုင်ခွင့် ရကြပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်မ နှစ်သက်မိသော ထူးအိမ်သင်၏ ကြယ်တွေစုံတဲ့ည သီချင်းကို အကြိမ်ကြိမ် အဖန်ဖန် နားထောင် ခံစားမိရင်း ကြယ်တွေစုံတဲ့ ညတစ်ညမှာ လျှံတက်လာသော အိမ်အလွမ်းကို ဒီစာလေးဖြင့် အမှတ်တရ ရေးဖွဲ့မိပါတယ်... ။ သီချင်းလေးကိုတော့ ကျွန်မရဲ့ ချစ်စွာသောအစ်မ မမြသွေးနီ ရဲ့ ဘလော့မှာ နားဆင်လို့ရပါတယ်ရှင်။


Image Hosted by PicturePush - Photo Sharing

43 Responses to “ကြယ်တွေစုံတဲ့ညရဲ့ အလွမ်း”

အိမ်နဲ့ဝေးနေသူချင်မို့ ခံစားချက်တွေလည်းတူပါ့ ကျနော်လည်း လသာတဲ့ည ကြယ်စုံတဲ့ညတွေဆို ကောင်းကင်ကိုမော့ကြည့်ရမှာတောင်ကြောက်တယ် ဘာကိုလွမ်းမှန်းမသိပဲ လွမ်းလွန်းလို့ ။

ကြယ်တွေစုံတဲ့ညကို
မိသားစုစုံစုံလင်လင်နဲ့ဆို
လွမ်းစရာကောင်းတဲ့ ညတွေ ဖြစ်လာမှာ မဟုတ်ဘူးပေါ့နော်။
ခုတော့ ကြယ်လေးစုံစုံလင်လင်ရှိနေတာကိုပဲ
အိမ်မပြန်နိုင်သေးသ၍ တစ်ယောက်ထည်း ထိုင်ငေးရတော့မှာပေါ့။

noblemoe1 said...

ခံစားချက်တွေတူနေပါတယ်မမရေး
အိမ်နဲ့ခွဲနေရတာကော
အမြဲတမ်းကောင်းကင်ကြီးကိုမော့ကြည့် ကြယ်လေးတွေကိုငေးပြီး ခံစားချက်တွေကိုတော့ သူတို့လေးတွေကို တိုးတိုးလေးပြောနေမိခဲ့တာ...ဟူးးးးးးးးးးး
ကြယ်ဆုံတဲ့ညကို မိသားစုအစုံလင်နဲ့ကြည့်နိုင်ပါစေမမရေးးး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

ချောရေ ဒီပို့စ်လေးကိုဖတ်ပြီး.................
“ကျွန်မလွမ်းတာထက် ကျွန်မရဲ့မိဘတွေ ကျွန်မကိုလွမ်းနေတာကို ပိုပြီး သက်သာစေချင်တယ်။
ကျွန်မက ကျွန်မရဲ့မိဘတွေကို လွမ်းတာထက် အိမ်ပြန်ဘို့ အလှမ်းဝေးသူတွေ သူတို့မိဘတွေကို လွမ်းရတဲ့ အလွမ်းတွေကို သက်သာစေချင်တယ်။
ကျွန်မရဲ့ မိဘတွေ ကျွန်မကိုလွမ်းတာထက် ပြန်လာဘို့အလှမ်းဝေးတဲ့ သူတွေရဲ့ မိဘတွေက သူတို့ရဲ့ သားသမီး အိမ်ပြန်ဘို့အလှမ်းဝေးသူများစွာကို အလွမ်းကိုသက်သာစေချင်တယ်။”
...........ဆိုတဲ့ အိမ်အလွမ်းတွေကို ကိုယ်ချင်းစာရေးဖွဲ့ထားတဲ့ မေတ္တာတွေကို ကျေးဇူးတင်မိတယ်။

မီမီချစ် said...

အစ်မချော
ဒီနေ့ အစ်မရဲ့ မွေးနေ့လို့ သိရပါတယ်..
မွေးနေ့မှာ ပျော်ရွှင်ချမ်းမြေ့ပါစေနော်။ မချောရဲ့ ဆန္ဒအားလုံးပြည့်ဝပါစေ။
အိမ်ကိုလည်း အမြန်ဆုံး ပြန်နိုင်ပါစေလို့ ညီမ ဆုတောင်းပေးသွားပါတယ်။
မချောအတွက် ကြယ်တွေစုံတဲ့ညတိုင်းကို ကြုံတွေ့ခွင့်ရပါစေ။

မချော

ကိုငှက်ကြီး သီချင်းလေးက အခုလို နေ့ရက် အချိန် မှာ ပိုပြီးလွမ်းနေမိမှာပါပဲ
ကိုယ်ချင်းစာ နားလည်မိပေမယ့် ဘာများတတ်နိုင်ပါ့မလဲလေ.......
ဒါလေးတွေ အသာထားလို့.... "နောက်နောင် မွေးနေ့တွေမှာ မချော ချစ်ရတဲ့ မိသားစုတွေနဲ့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေဗျာ"........

ချစ်ခင်စွာဖြင့်
ကိုရီး{ကိုကြီး}

comment တွေဖတ်ရင်း မချောမွေးနေ့ဆိုတာ သိလိုက်ရလို့ ဆုတောင်းပေးသွားပါတယ်။
ယနေ့ကြရောက်သော မွေးနေ့မှသည် နောင်လာမယ့် နှစ်များစွာမှာ
ပျော်ရွှင်ချမ်းမြေ့ အေးချမ်းသာယာသော ဘ၀ အားထာဝရ ပိုင်ဆိုင်နိုင်ပါစေ မချော ရေ။

ပြန်မှ ပြန်မှ ညီမလဲ အိမ်လွမ်းနေတယ်..

သြော်...အနုပညာပိုးရှိပြီး ထက်ပါတယ်အောက်မေ့နေတာ..မချောက မျိုးနဲ့ရိုးနဲ့ကိုး..။ဘာတဲ့..။
“သမီးကို မွေးတုန်းက ကောင်းကင်မှာ လကလည်းသာ၊ ကြယ်တွေဆိုလည်း စုံလိုက်တာ သမီးရယ်.. အဖေတောင် သမီးကို ပွေ့ပြီး ခေါ်ပြမလားတောင် တွေးမိတယ်.. နောက်တော့မှ သမီးက မွေးစလေး ရှိသေးတာ.. ဘယ်မြင်နိုင်မလဲလို့ စဉ်းစားမိတော့တာ။ ”
မချောဖေဖေကိုက အဲလိုဆိုတော့လဲ...။

မလေး said...

အိမ်ပြန်ချင်လာပြီ။

စာဖတ်ပြီး...ပြန်ဖို့ ဆုံးဖြတ်ချက် ပိုခိုင်မာသွားဘီ......း)
(မေးလ်ပို့ထားတယ်မချော)

ခင်မင်ခြင်းအားဖြင့်.............
ဏီလင်းညို

MDW said...

တူတူပဲ ချောရေ ... အိမ်ကို လွမ်းတဲ့ ခံစားချက်ချင်းက အဝေးရောက် သားသမီးတွေ အတွက် တူတူချည်းပါပဲ။

ကြယ်တွေစုံလဲ လွမ်းတယ် ... ကြယ်ရောင်ပျောက်လဲ လွမ်းတယ် ...
လသာညလဲ လွမ်းတယ် ... လမိုက်ညလဲ လွမ်းတယ် ...
နေသာလဲ လွမ်း ... မိုးရွာလဲလွမ်း ...
တလွမ်းထဲ လွမ်းနေတော့တာပါပဲ ... :(

ဒီနေ့ ချော မွေးနေ့လား ... မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မွေးနေ့ ဖြစ်ပါစေနော် ....

Bravo said...

♫♫ ကြေကွဲခြင်းနဲ့ ငိုရှိုက်ခဲ့ညတွေ ဘယ်သူသိနိင်မလဲ
ကြည်လင်ဖြူစင်တဲ့ ကောင်းကင်မှာ ကြယ်ရောင် လင်းလက်တောက်ပဆဲ..♫♫
♫♫ အိပ်မပျော်တဲ့ညတိုင်း တွေးများနဲ့ ငါဟာ အိမ်ကို လွမ်းနေသူ ♫♫

ကြယ်တွေစုံတဲ့ည ဘယ်တော့များရောက်လာမလဲနော်.. အားလုံးက အိမ်နဲ့ ခွဲနေရတာတွေမို့လို့ တကယ်ပဲ ကိုယ်ချင်းစာပါတယ် အမရယ်..
ဒါနဲ့ ဒီနေ့ မချော မွေးနေ့ဆို.. Happy Birthday နော်.. မွေးနေ့မှာ ထင်တာထက်ပို ပျော်ရွှင်နိုင်ပါစေဗျာ.. :)

ကြယ်တွေ စုံစုံမစုံစုံပါ အိမ်ကိုတော့ သတိတွေအမြဲရနေမိတယ်ချောရယ်....

flowerpoem said...

ကြယ်တွေစုံတဲ့ ည အမေ့အိမ်ကိုလွမ်းတယ် အမေ့ကိုလည်းလွမ်းတယ် :(

ကြယ်တွေစုံတဲ့ည မှာ အိမ်ကို လွမ်းရတာလည်း အရသာတစ်ခုပေါ့...
Happy Birthday မချော..
May your dream come true...

အိမ်ကိုလွမ်းတဲ့အကြောင်းတွေ ဖတ်ရတိုင်း ထိထိရှရှဖြစ်ရတာက ဘဝတူတွေ များနေလို့ပါပဲ။
ပြန်ချင်ရဲ့နဲ့ မပြန်နိင်သေးသူတွေ မရေတွက်နိင်တော့ဘူး။
သိပ်ဝမ်းနည်းဖို့ ကောင်းတာက အချိန်တွေက အဝေးရောက်နေသူတွေကို မစာနာဘူး။ တရွေ့ရွေ့နဲ့ ကုန်ဆုံးနေတာပဲ။ ပြန်ဆုံချိန်ရောက်တော့ အချိန်တွေက သိပ်နဲနေပြီ..။
တချို့တွေကတော့ ပြန်ဆုံချိန်တွေကိုတောင် မမှီနိင်တော့ပါဘူး။။။

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ဖြစ်ပါစေ..။
ဖြစ်ချင်တဲ့ ဆန္ဒတွေလည်း နေ့သစ်တွေနဲ့ အတူ ရောက်လာပါစေ။

mmzh said...

HAPPY BIRTHDAY ပါ မချော။
အိမ်ပြန်ချင်တယ်။

ချောရေ..
ပျော်ရွှင်ဖွယ်မွေးနေ့မင်္ဂလာဖြစ်ပါစေနော်..။
မိဘမောင်နှမတွေစုံစုံညီညီနဲ့ ပျော်ရွှင်ဖွယ်မွေးနေ့တွေ ဘ၀မှာ ဆုံဆည်းရဦးမှာပါ ညီမရေ..။ အိမ်နဲ့ဝေးသူတွေရဲ့အလွမ်းကို စာနာမိရင်း ဒီပို့စ်လေးကို ခရက်ဒစ်ပေးချင်ပါတယ်။

khinmarlaraung said...

:).....မရေ..... ရောက်လာတာ အရမ်းနောက်ကျခဲ့ပေမဲ့ နေ့ မကူးသေးလို့ 
တော်သေးတယ်။ "HAPPY BIRTHDAY" ပါမမရေ။
ဒီနေ့ ကလေးမှာ ပြည့်မြောက်တဲ့ မမရဲ့ မွေးနေ့ ရက်မြတ်လေးမှသည်
နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံပြီး လိုရာဆန္ဒတွေ ပြည့်နိုင်ပါစေလို့  ဒီက မွေးနေ့ ရှင်လေးးကလည်း
မြတ်ဘုရားထံမှာ ဆုမွန်ကောင်းတောင်းပေးသွားပါတယ်ရှင်။ :)
....ခင်မင်လေးစားလျှက်..ခင်မာလာအောင်...:)

ံHappy Birthday ချောရေ။
လိုရာဆန္ဒာတွေပြည့်ဝပြီး ကျမ္မာပျော်ရွှင်နိုင်ပါစေ။
ခင်မင်လေးစားလျှက်

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ ဖြစ်ပါစေ၊ အသက်ရာကျော် ရှည်ပါစေဗျာ ...

crystal said...

ကြယ်တွေစုံတဲ့ညမှာ ကောင်းကင်ကြီးမော့ကြည့်ဖူးတယ်။ အလုပ်ကိစ္စတွေနဲ့ လပ္ပတ္တာက ရန်ကုန်ကို ပြန်လာတုန်း ညကပေါ့။
နောင်လာမယ့် မွေးနေ့တိုင်းမှာ အရာရာပြည့်စုံပါစေနော်။

ခိုင်သဇင်အေး said...

မမ
ဒီစာလေး ဖတ်ပြီးတော့ ဝရံတာလေးမှာ ထိုင်ထိုင်နေတတ်တဲ့ အဖေ့ ရဲ့ပုံရိပ်လေးတွေ
သာသနာ အတွက် အမြဲတမ်း အလုပ်ရှုပ်နေတတ်တဲ့ အမေ့ ရဲ့ ပုံရိပ်လေးတွေ ကို
မြင်ယောင်ပြီး အရမ်းလွမ်းမိတယ်။
တစ်နေ့နေ့တော့ မောင်နှမတွေ အားလုံး စုံစုံညီညီ ပျော်ပျော်ရွှင်ရွှင် နဲ့ပြန်ဆုံနိုင်ကောင်းပါရဲ့နော်။

ပြန်ချင်တယ် မချောရာ...။ညဘက်တွေမှာ အပြင်ကိုလမ်းလျောက်ထွက်ဖြစ်တိုင်း ကြယ်တွေစုံတဲ့ည ကို
နားထောင်ဖြစ်တယ်...။ကောင်းကင်ကြီးကိုလည်း မော့ကြည့်ဖြစ်တယ်...။အဲ့ဒီလိုအချိန်မှာ ရင်ထဲက အိမ်လွမ်းစိတ်တွေနဲ့ လူတောင်ရူးမတတ်ခံစားရတယ်ဗျ...။ခုလည်း အစ်မပို့စ်လေးဖတ်ရတာ လွမ်းလိုက်တာ..။
(မွေးနေ့ မှာ ပျော်ရွင်ပါစေနော်....)

phyophyo said...

ကိုငှက်ကြီး သီချင်းတွေနားထောင်ရင်း အမေ့ကိုသတိရတယ်၊ လွမ်းတယ်၊
မချောရဲ့ “ကြယ်တွေစုံတဲ့ညရဲ့အလွမ်း”ကိုဖတ်ပြီး အမေ့ကို ပိုလွမ်းတယ်၊
ရှေ့ဆက်ရမယ့်ဘ၀ကအရှည်ကြီးပဲကျန်သေးတယ်၊
ဗုဒ္ဓဘုရားရှင်ကိုရည်မှန်းကန်တော့ရင်း၊ ဘုရားသခင်ကိုတိုင်တည်ဆုတောင်းရင်း၊
ကိုယ့်ဘာသာအားမွေးရင်း၊ ချစ်သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ရင်း၊
မချော နောက်နှစ်မွေးနေ့တွေမှာ မချောဖေဖေ၊ မေမေတို့နဲ့ ထမင်းလက်ဆုံစားနိုင်ပါစေနော် .. ဆုတောင်းပေးပါတယ်။

mg han said...

ပေးတဲ့ဆုနဲ့ပြည့်ပါစေလို..............

လသာည said...

Happpy Birthday to you!!!

ဆုတောင်းလေးတောင် နောက်ကျသွားတယ်။
ဆန္ဒခပ်သိမ်း ပြည့်စုံပါစေ။ စိတ်နှလုံးချမ်းမြေ့ပါစေ..

ကြယ်တွေစုံတွေညတွေ အိမ်ကိုလွမ်းတယ်၊ ကြယ်မစုံပဲ မှောင်မိုက်တဲ့ညတွေလည်း အိမ်ကိုလွမ်းတယ်..

ကြယ်လေးတွေကိုကြည့်ရင်းမချောနဲ့အတူ အိမ်ကိုလွမ်းနေတယ်..။
မချောချစ်တဲ့ နွေးထွေးတဲ့မိသားစုနဲ့အတူဘ၀ကို ကြယ်တွေစုံလင်စွာနဲ့
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး သာသနာအကျိုး၊လောကအကျိုးကိုသယ်ပိုး
ရွက်ဆောင်နိုင်ပြီး အေးချမ်းစွာလျှောက်လှမ်းနိုင်ပါစေ...။
ချစ်တဲ့
သဒ္ဓါ

မြတ်နိုး said...

အဆုံးထိမဖတ်ဖြစ်ဘူး... စိတ်မနိုင်လို့။

အော်...ငါ့အစ်မက အိမ်ကိုလွမ်းနေတာကိုး..... ဘဝတူတွေပါပဲ အမချောရယ် အနော်လည်း လွမ်းလို့ :(

ခင်တဲ့(ဖိုးကြယ်)

ချော said...

ဖေ့ဘွတ်မှာသော်လည်းကောင်း၊ ဘလော့ဂ်ပေါ်တွင်လည်းကောင်း၊ စီဘောက်နှင့် အီးမေလ်းစသည်တို့နဲ့ မွေးနေ့ဆုတောင်းပေးကြတဲ့ ချစ်သော ညီအစ်ကိုမောင်နှများ အားလုံးကို ကျေးဇူးအထူးပါနော်.. ဆုတောင်းပေးသူများနဲ့ အလည်လာကြသူများ အားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။

kotunygn said...

Good tal byar ......... Go On .....

Sunny said...

အစ်မရေ.. အိမ်နဲ့အဝေးမှာ နေရတဲ့သူမို့ အစ်မပို့စ်လေးကို ဖတ်ရှုခံစားသွားပါတယ်.. မိသားစုတွေ အမြဲအတူတကွနေရပါစေလို့ ဆုတောင်းမိပါတယ်..

ကိုကြည်သာ said...

အိမ်ကိုလွမ်းတယ်ဆိုတာ အိမ်နဲ့ဝေးဝေးမှာနေဘူးမှ တကယ်ခံစားသိရတာ။ စာဖတ်ပီးဖတ်ကောင်းလို့လွမ်းတာမဟုတ်ပါဘူး ကိုယ်တိုင်းလည်းတချိန်က အိမ်နဲ့ခွဲပီးဘ၀အတွက်သူများဆီမှာ အိမ်နဲ့ခွဲပီးသွားနေခဲ့ရဘူးတယ် အခိုက်အတန့်တခုထိပေါ့။
ဆိုလိုတာက အိမ်လွမ်းတယ်ဆိုတာကို နင့်နင့်သီးသီးခံစားခဲ့ရဘူးလို့ ဒီစာဖတ်မိတော့အဟောင်းတွေတောင် အသစ်ဖြစ်လာတယ်.။ ဘ၀မှာဒီတစ်ခါပဲ ပညာရေးအတွက်သူများဆီမှာနေခဲ့ရတယ် တခါဆိုတခါမှတ်အောင်ခံရတယ်။ တစ်ခါဆိုတစ်ခါ အိမ်ကိုသေလောက်အောင်လွမ်းတယ်။ ခုဒီစာကိုဖတ်ပီးတော့အရင်တုန်းက ခံရတာတွေပြန်တောင်လွမ်းလာတယ်။ အိမ်ဆိုတာဘယ်လောက်နွေးထွေးတယ်ဆိုတာ..ဝေးဘူးမှသိမှာ...

ကိုကြည်သာ said...

တစ်ခုပဲ စိတ်မကောင်းဖြစ်မိတယ် ချောမွေးနေ့ကိုကွန်မကောင်းလို့ဆုတောင်းမရေးလိုက်ရဘူး
ပျော်ရွင်ချမ်းမြေ့တဲ့ ဘ၀တစ်ခုကိုလျှောက်လှမ်းနိုင်ပါစေ. အောင်မြင်ပါစေဗျာ

နှင်း said...

မချောရေ

နှင်းလည်း သီတင်းကျွတ်တုန်းက အိမ်ကို မပြန်နိုင်ဘူး။ အမေနဲ့ အဖေက ဖုန်းဆက်မေးတယ်။ ပြန်လာမလားတဲ့။ မချောဘလော့ခ် ထဲက အတိုင်းပဲ။ ဒီရုံးပိတ်ရက်တော့ ပြန်ဖြစ်အောင် ပြန်လိုက်ဦးမယ်။
.
မချောပျော်ရွှင်ပါစေ
နှင်း

ainlay said...

မချောရေ..လေးလေး က အဲဒီသီချင်းကိုအရမ်းကြိုက်တာ။ လေးလေးအဖြစ်နဲ့လည်း တူတယ်။ အိမ်ကိုသတိရရင်လေ အဲဒီသီချင်းလေးနားထောင်သလို အဲဒီသီချင်းကြားရင်လည်း အိမ်ကိုအရမ်းသတိရတယ်။

မောင်ဇေယျာမိုး said...

အားပေးသွားပါတယ်အစ်မရေ..ခံစားရပါတယ်ဗျာ

အင်ကြင်းသန့် said...

ညီမလေးတို့ဘ၀တွေ အတူတူပါပဲမမရယ်....း((

zuezuezin said...

hi may i introduce myself.i 'm zuezuezin.I want to fri with all.

zuezuezin said...

အားလုံးနဲ.စကားပြောချင်ပါတယ် ခင်ရင်စာပြန်ပါနော် ဇူးဇူးခင်လို.ပါ....တာ.တာ.....