မနိုင်ဝန်ထမ်းခြင်း



ဒီတစ်ပတ် ဖတ်မိတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဒီနေရာလေးကနေ ပြန်လည်ပြောပြချင်ပါတယ်..

တစ်ခါတုန်းက  လူတစ်ယောက်မှာ မြည်းနှစ်ကောင်ရှိပါတယ်.. အဲဒီမြည်းနှစ်ကောင်ကို နံမည်ပေးရမယ်ဆိုရင် ပထမမြည်းကို မောင်နီလို့ နံမည်ပေးပြီး ဒုတိယမြည်းကိုတော့ မောင်ဖြူလို့ နံမည်ပေးလိုက်ပါမယ်။ မောင်နီဟာ အလုပ်ကို အလွန်ကြိုးစားပြီး သူ့စိတ်ထဲမှာ မောင်ဖြူဆိုတဲ့မြည်းထက် သာချင်တဲ့စိတ်၊ ယှဉ်ပြိုင်လိုတဲ့စိတ်၊ သူ့သခင်ဖြစ်သူရဲ့ ချီးကျူးတာကို ခံချင်တဲ့စိတ်တွေ အမြဲ ရှိပါတယ်.. ဒါကြောင့်လည်း ပိုင်ရှင်ဖြစ်သူ ခိုင်းစေသမျှ အလုပ်တွေကို မောင်နီဟာ မောင်ဖြူထက်ကို တက်တက်ကြွကြွ အားကြိုးမာန်တက် လုပ်သလို၊ ကုန်စည်စလှယ်တွေ သယ်ပိုးကြပြန်တော့လည်း ဘယ်လောက်လေးပင်တဲ့ ကုန်ပစ္စည်းတွေ သယ်ပိုးထားရသည်ဖြစ်စေ မောင်ဖြူထက်ကို ရှေ့ကို ခြေလှမ်းတွေ သာနေအောင် ကြိုးစားပြီး အမြန်ဆုံး နှုန်ထားတွေနဲ့ အရှေ့ကို လျှောက်လေ့ရှိပါတယ်။

ဘာမှ မသိရှာတဲ့ မောင်ဖြူကတော့ ခြေလှမ်းတွေကို သာမန်နှုန်းအတိုင်းဘဲ ပုံမှန်လှမ်းသလို သူသယ်ပိုးနိုင်တဲ့ အတိုင်းအတာအတွင်းမှာဘဲ ကုန်တွေကို သယ်ဆောင်လေ့ရှိပါတယ်.. စိတ်ထဲမှာ သူ့သခင်ဆီက မျက်နှာသာရဖို့ ဘယ်လိုလုပ်မယ်လို့ မစဉ်းစားမိသလို၊ အတွေးများများလည်း တွေးလေ့မရှိဘဲ ပုံမှန်အတိုင်းသာ သူလုပ်စရာရှိတာကို လုပ်နေတတ်သူက မောင်ဖြူပါ။ မောင်နီကတော့ ကုန်ပစ္စည်းတွေကိုလည်း အများကြီးသယ်သလို ခြေလှမ်းကိုလည်း အပြေးတစ်ပိုင်း သွက်လက်စွာ လှမ်းလေ့ရှိပါတယ်.. ဒီလိုနဲ့ သူတို့မြည်းနှစ်ကောင်ရဲ့ မတူညီတဲ့ အလုပ်လုပ်ပုံကို အချိန်အနည်းငယ်ကြာတော့ သခင်ဖြစ်သူက သတိထားမိလာပါတယ်.. အဲဒီတော့ အလုပ်ကို ပုံမှန်သာ လုပ်လေ့ရှိတဲ့ မြည်း မောင်ဖြူကို ပိုင်ရှင်ဖြစ်သူက အပြစ်မြင်လာပါတယ်.. မောင်နီလိုဘဲ အလုပ်ကို တက်တက်ကြွကြွလုပ်ဖို့၊ ကုန်တွေသယ်ပိုးပြီး ခြေလှမ်းမြန်မြန်လျှောက်ဖို့ အော်ဟစ် ဆူပူတတ်လာတယ်.. ပုံမှန်ခြေလှမ်း လှမ်းနေတဲ့ မောင်ဖြူကို နှေးတယ်၊ မောင်နီက ပိုပြီး အလုပ်လုပ်တယ် ဆိုပြီး ကြိမ်လုံးတွေနဲ့ ရိုက်နှက် အပြစ်ပေးပြီး ခြေလှမ်းမြန်လာဖို့၊ အလုပ်ပိုကြိုးစားဖို့ သူ့သခင်က ဖိအားပေးပါတယ်။ ဒီလိုနဲ့ မောင်ဖြူဟာ ကြိမ်လုံးနဲ့ အမြဲတမ်း အရိုက်ခံ၊ အော်ဟစ်ခံနေရပါတော့တယ်..

တစ်ရက်တော့ အလုပ်နားကြတဲ့ည မောင်နီနဲ့ နှစ်ကောင်သား အေးအေးဆေးဆေး တွေ့ရချိန်မှာ မောင်ဖြူဟာ မျက်ရည်တွေကျပြီး “ သူငယ်ချင်းမောင်နီရေ ဒီအလုပ်မှာ ငါတို့နှစ်ယောက်တည်း ရှိတာ၊ ဘာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ယှဉ်ပြိုင်နေမလဲ၊ ဘာဖြစ်လို့ တစ်ယောက်ထက် တစ်ယောက် သာချင်တဲ့စိတ်တွေ မွေးနေမလဲကွာ။ သယ်စရာရှိတဲ့ကုန်တွေကို ငါတို့နှစ်ယောက်သား ညီညီမျှမျှ သယ်ယူကြပြီး ငါတို့လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းကနေ ငါတို့လှမ်းနိုင်တဲ့ ခြေလှမ်းတွေနဲ့လျှောက်ကြပြီး  တာဝန်ကျေအောင် လုပ်ကြရအောင်လေ၊ ကိုယ်တတ်နိုင်တာထက် ပိုပြီးလုပ်ပေးလို့ရော ငါတို့သခင်က ငါတို့ကို ဘာမှ ပိုပြီး သိတတ်မှာမဟုတ်ဘူး.. ငါတို့အတွက် ဘာအကျိုးခံစားခွင့်မှ ရမှာမဟုတ်ဘူးလေ။ ငါတို့သာ မတန်တဆ ပင်ပန်းကြဖို့သာ ရှိတယ်.”  လို့  ပြောဆိုတိုင်ပင်ပါတယ်.. မောင်နီကတော့ မောင်ဖြူပြောတာကို နားထောင်နေပေမဲ့ ဘာမှ တုံ့ပြန်ပြောဆိုခြင်း မရှိပါဘူး။

နောက်တစ်နေ့ရောက်လို့ ကုန်ပစ္စည်းတွေ သယ်ကြတဲ့အခါ မောင်နီဟာ အခါတိုင်းသယ်တဲ့နှုန်းထက် ပိုပြီး ပစ္စည်းတွေကို သယ်တဲ့အပြင် ပိုပြီး သယ်နိုင်ကြောင်း ပြတဲ့အနေနဲ့ ခါတိုင်းထက်တောင် အပြေးကလေး လျှောက်သွားပါသေးတယ်.. ဒီတော့ ပိုင်ရှင်ဖြစ်သူက  ပုံမှန်သာ သွားနေတဲ့မောင်ဖြူကို ပိုပြီး စိတ်ဆိုး ဒေါသတွေထွက်ပြန်ပါတယ်.. ရိုက်နှက်ပြန်ပါတယ်.. နောက်တစ်နေ့ရောက်ပြန်တော့ မောင်နီရော မောင်ဖြူရဲ့ ကျောပေါ်ကိုရော  ပစ္စည်းတွေ ခါတိုင်းထက် ပိုပြီး ထပ်တင်ပေးပြန်ပါတယ်.. မောင်နီကတော့ ထုံးစံအတိုင်း အရှေ့ကနေ မြန်သထက်မြန်အောင် လျှောက်နေပေမဲ့ မောင်ဖြူကတော့ များလွန်းလှတဲ့ ကုန်စည်စလှယ်တွေကြောင့် အရင်ကလောက်တောင်  မလျှောက်နိုင်တော့ဘဲ ဖြစ်နေပါတယ်.. ဒါကိုကြည့်ပြီး မြည်းပိုင်ရှင်ဟာ မောင်ဖြူ့ကို ဒေါသထွက်လွန်းတဲ့အတွက် ရက်ရက်စက်စက် ရိုက်နှက်ပြီး မြန်မြန်လျှောက်ဖို့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းပါတယ်.. ဒါပေမဲ့ မောင်ဖြူက ဘယ်လိုမှ မြန်မြန်မလျှောက်နိုင်သလို သယ်ရတဲ့ပစ္စည်းတွေ များလွန်းလေးလွန်းလို့ ခြေလှမ်းတောင် အနိုင်နိုင်ဖြစ်နေရပါတယ်.. ပိုပိုပြီး ဒေါသထွက်လာတဲ့ မြည်းပိုင်ရှင်ဟာ မောင်ဖြူမြန်မြန်လျှောက်ဖို့ နည်းမျိုးစုံနဲ့ ရိုက်နှက် ကန်ကျောက်ပါတော့တယ်..  နောက်ဆုံးတော့ မြည်းပိုင်ရှင်ရဲ့ နှိပ်စက်မှုကိုဘယ်လိုမှ မခံနိုင်တော့တဲ့ မောင်ဖြူဟာ မြေပြင်ပေါ်မှာ လဲကျ သေဆုံးသွားပါတော့တယ်..

ယခုအခါမှာ ပြိုင်ဘက်မရှိတော့ပြီဖြစ်တဲ့ မောင်နီဟာ သူ့သခင်တော့ သူကို ပိုပြီး အားထားတော့မှာဘဲ ဆိုတဲ့စိတ်နဲ့ ပျော်ရွှင်ဝမ်းမြောက်စွာ ကုန်စည်တွေကို သယ်ပိုးပါတယ်.. မြန်သထက်မြန်အောင်လည်း ကြိုးစားလျှောက်သလို ကုန်တွေကိုလည်း များနိုင်သမျှ များများသယ်ပေးပါတယ်.. ဒါပေမဲ့ သူ့သခင်က သေသွားတဲ့ မောင်ဖြူအစားပါ ပစ္စည်းတွေကို နှစ်ကောင်စာ သယ်ယူခိုင်းပါတယ်.. နေ့စဉ် မတန်တဆ ကုန်ပစ္စည်းတွေ သယ်ယူရတဲ့အပြင် ကုန်တွေများလို့ ပင်ပန်းလွန်းတာကြောင့် အပြေးသွားနေတဲ့ ခြေလှမ်းလေးတွေက မလှမ်းနိုင်တော့ဘဲ ပုံမှန်အတိုင်း လှမ်းလိုက်ရင်တောင် မြည်းပိုင်ရှင်က မောင်နီ့ကို အလုပ်မှာ ခိုကပ်တယ်… အရင်လို အလုပ်ကို မကြိုးစားဘူးဆိုပြီး မြည်တွန်တောက်တီးကာ ရိုက်နှက်ကန်ကျောက်ပါတယ်.. ဒီလိုနဲ့ ကုန်တွေကို  နေ့စဉ် မတန်တဆ သယ်ပိုးလာရတဲ့ မောင်နီဟာ မြည်းပိုင်ရှင် စိတ်ကျေနပ်လောက်တဲ့ အတိုင်းအတာကိုရောက်အောင် မသယ်ပိုးနိုင်ဘူးဆိုပြီး ပိုင်ရှင်နှိပ်စက်သမျှကိုလည်း ခံရရှာပါတယ်..

အချိန်တွေကြာလာတော့ မြည်းပိုင်ရှင် ရိုက်နှက် နှိပ်စက် ကန်ကျောက်တာတွေကြောင့် တစ်ကိုယ်လုံးမှာ ဒဏ်ရာတွေ ဗရပွနဲ့ ဖြစ်လာတဲ့အပြင် ကုန်တွေအများအပြား သယ်ရလို့ ပင်ပန်းလွန်းတဲ့ ဒဏ်တွေဖိစီးပြီး အားနည်းပိန်ချုံးကာ ချိနဲ့လာတော့တယ်.. သူတတ်နိုင်တဲ့ အင်အားနဲ့ ကုန်တွေကို သယ်ပိုးပေမဲ့ လိုချင်လောဘကြီးလှတဲ့ မြည်းပိုင်ရှင်ရဲ့ စိတ်ကျေနပ်မှုရအောင် ဘယ်လိုမှ မစွမ်းဆောင်နိုင်တော့တာကြောင့် မြည်းပိုင်ရှင်က ဒေါသတွေထွက်ပြီး မောင်နီရဲ့အမြီးကိုမီးနဲ့ရှို့၊ အရေပြားကို လှီးဆွ၊ အသားကို ဓါးနဲ့ထိုး စသဖြင့် နည်းမျိုးစုံနဲ့ မြည်းကို မြန်မြန်သွားအောင် ကြိုးစားပြန်ပါတယ်.. ပိုင်ရှင်က ဘယ်လိုဘဲ နှိပ်စက်ခိုင်းစေပေမဲ့ ဒဏ်ရာတွေနဲ့ ချိနဲ့နေပြီဖြစ်တဲ့ မောင်နီမှာ အရင်နှုန်းထားအတိုင်း ဘယ်လိုမှ အလုပ်လုပ်နိုင်စွမ်း မရှိတော့ပါဘူး။ နောက်ဆုံးတော့ ဒေါသရော လောဘပါကြီးလွန်းတဲ့ မြည်းပိုင်ရှင်ဟာ မောင်နီ့ကို သတ်ပစ်လိုက်ပြီး တစ်ခြား မြည်းအသစ်တစ်ကောင် ၀ယ်ယူဖို့ လိုက်ရှာပါတော့တယ်။

ဒီပုံပြင်လေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူးကြမှာပါနော်။ သူဌေးလို အလုပ်ရှင်ရဲ့ မျက်နှာသာရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစားလုပ်ပြသူတွေ၊ အချင်းချင်း ခြေခံထိုးတတ်သူမျိုးတွေ၊ သူဌေးကိုဖားပြီး အောက်က ၀န်ထမ်းတွေကို ဖိနင်းတတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာတွေကို သိုဝှက်သိမ်းဆည်းပြီး လက်တွဲခေါ်ဖို့စိတ်ကူးမရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင်စေဖို့အတွက် အလုပ်ပိုကြိုးစား လုပ်ပြတတ်သူတွေအများကြီး ရှိတတ်ကြပါတယ်.. မြည်းပိုင်ရှင်နဲ့တူသော သူဌေးတွေကတော့ ၀န်ထမ်းတွေ ဘယ်လောက်ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ်မပြုတတ်သူတွေ၊ တန်ဖိုးထားရကောင်းမှန်း မသိနိုင်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်.. ဘယ်လိုဘဲဖြစ်စေ ဒီလို လူမျိုးတွေနဲ့ ကြုံတဲ့အချိန်မှာ အရာရာကို သင်ခန်းစာယူပြီး သူတို့နေရာမှာ ကိုယ်သာရောက်လာခဲ့မယ်ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့လိုတယ်လို့ အတွေးတွေနဲ့ စဉ်းစားမိပါတယ်..

တစ်ခါတစ်လေမှာတော့ အခြားသူနဲ့ ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ ငြင်းပယ်လို့ခက်တာကြောင့်သော်လည်းကောင်း၊ အားနာလို့သော်လည်းကောင်း မတန်တဆအလုပ်ကို လက်ခံပြီး လုပ်ရတဲ့အခါမျိုးတွေ၊  ကိုယ် မနိုင်မနင်း ဖြစ်တဲ့အထိ အလုပ်ကို လုပ်ပေးရတဲ့ အခြေအနေမျိုးတွေ ကြုံတွေ့လာနိုင်ပါသေးတယ်.. အဲဒီအခါမျိုးမှာ ကိုယ်မနိုင်တဲ့ဝန်ကို အားနာစိတ်နဲ့ သော်လည်းကောင်း၊ မနိုင်မှန်းသိရက်နဲ့ သူဌေးငြိုငြင်မှာ စိုး၍သော်လည်းကောင်း အကြောင်းကြောင်းကြောင့် လုပ်ပေးနေရပေမဲ့ ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးကြီးမားပြီး စိတ်သောက များရသလို၊ ပူပန်မှုတွေ၊ ဖိအားတွေလည်း ကြုံတွေ့လာရတတ်ပါတယ်.. အဲဒီချိန်မှာ မိမိကိုယ်ကို သေချာပြန်စဉ်းစားဖို့ လိုတာက ဒီအလုပ်ကို လုပ်ပေးရခြင်းအတွက် စိတ်ပျော်ရွှင်မှု ရပါရဲ့လား၊ ကိုယ့်အတွက်ရော ပညာသော်လည်းကောင်း၊ ဥစ္စာသော်လည်းကောင်း ကျန်ပါရဲ့လား။  သင့်သူဌေးကရော သင်လုပ်ပေးတဲ့ အကောင်းဆုံး စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုပါရဲ့လား။ မြည်းနှစ်ကောင်ရဲ့ ပိုင်ရှင်လို အလိုလောဘကြီးစွာနဲ့ လုပ်ပေးသမျှကို အကောင်းမမြင် မကျေနပ်နိုင်သူများ ဖြစ်နေခဲ့ပြီလား။ ဒီလိုမှမဟုတ်ဘဲ ဒီမတန်တဆအလုပ်ကို ငြင်းဖို့အားနာပြီး လုပ်ပေးရခြင်းအတွက် ကိုယ့်မှာ ၀န်ထုပ်ဝန်ပိုးကြီး သက်သက် တစ်ခုလို မနိုင်မနင်းဖြစ်စေခဲ့တယ်၊ ဒါမှမဟုတ် သူတစ်ပါးကို တိုက်ခိုက်ဖို့ ၊ သူတစ်ပါးနစ်နာစေဖို့ သက်သက်ကြောင့် မတန်တဆ မနိုင်ဝန်ဖြစ်စေနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ခြင်းသာ ဆိုခဲ့ရင် ဒီအလုပ်ကို လုပ်ဖို့ ပြန်စဉ်းစားဖို့တော့ လိုနေပြီလို့ ထင်ပါတယ်နော်။

Don't overload oneself ( Unknown Author) ကို နှစ်ခြိုက်မိသောကြောင့် ဘာသာပြန်ပါသည်။


34 Responses to “မနိုင်ဝန်ထမ်းခြင်း”

ahphyulay said...

အင်း...
ဒီပို့ (စ)လေးက တော်တော်ကောင်းပါတယ်။
လောကမှာ ဒီလိုလူတွေ အများကြီးပါပဲ၊ ပြောရရင်.. team work ပေါ့ နော်၊
အဲ့ ဒီ စိတ်တွေ ရှားပါးလာနေပါတယ်။အထူးသတိပြုဘွယ်ပါပဲ။ ကိုယ့် ကြောင့် 
သူများကို ထိခိုက်စေနိုင်သလို၊ ကိုယ့် ကိုယ်လဲ ပျက်စီးစေတယ်ဆိုတာ သင်ခဏ်းစာ ပါပဲ။
တစ်ကိုယ်ကောင်းစိတ်ဓါတ် လို့ ပြောလို့ ရမယ်ထင်ပါတယ်။

khinmarlaraung said...

မရေ....အသိတရား ကိုယ်ချင်းစာတရားတွေ အများကြီးရစေတဲ့ Post ကောင်းလေးပါ။
တွေ့ ဖူးပါတယ် ကြုံခဲ့ဖူးပါတယ်။ အဲဒီထဲကလို ၂မျိုးလုံးပေါ့။ သေချာတာက မောင်နီလိုမျိုး လုံးဝ
မလုပ်မိအောင် နေပါတယ်။ ကြုံခဲ့တဲ့ အခါမျိုးတွေမှာလည်း ဥပက္ခာ တရားနဲ့ စိတ်တွေကို
ကျိုးမသွားအောင် ထိန်းနေခဲ့ဖူးရဲ့။ အရမ်းသဘောကျမိတဲ့ Post ကောင်းလေးပါ..မ။ :)
.....ခင်မင်လေးစားခြင်းများနှင့်...ခင်မာလာအောင်...:)

mmzh said...

မချောရေ သင်ခန်းစာယူစရာ ကောင်းတဲ့စာတွေ ဖတ်ခွင့်ရလို့ ကျေးဇူးပါ။
ခင်မင်စွာဖြင့်
mmzh

John Moe Eain said...

လုပ်ငန်းခွင်နဲ့ရော လောကအမြင်နဲ့ပါ နှိုင်းယှဉ်ပြီးပြောသွားတဲ့ ပုံပြင်လေးပေါ့း)

ချစ်ခင်စွာ
ဂျွန်မိုးအိမ်

ပို့စ်လေးလည်း သဘောကျပါတယ်...။ဒါပေမယ့် ပုံလေးကို ပိုသဘောကျတယ်...။ဟိ...ကြည့် ကြည့် ပြီး
ရီနေမိတယ်...။ပုံလေးယူသွားမယ်နော်...။ကျေးဇူးပါခင်ဗျ...။

ဟုတ်တယ်အမချောရေ......ဒီမှာလဲ အဲလိုလူတွေတော်တော်များတယ်။ အလိုတော်ရိတွေပေါ့ :) တွေ့တဲ့အခါ ဘေးမဲ့ပေးထားလိုက်တယ် :) မှတ်ကရော

ခင်တဲ့(ဖိုးကြယ်)

စ သတိထားမိတာ ၁နှစ်မရှိသေးပေမယ့် ဒီလိုဘလော့ရေးနိုင်သူတော့ ရှားသေးတယ်။ (စာမှာ အမည်တွေ လွဲနေပါတယ် ခင်ဗျာ)

ချော said...

ရှေးစာဆို
ကျေးဇူးအထူးပါ။။
လွဲနေတဲ့ နံမည်တွေ ပြင်လိုက်ပါပြီ။
အသိပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်ရှင်။

crystal said...

စာဖတ်သူကို တစ်ခုခုပေးလေ့ရှိတဲ့ ချောရေ ကျေးဇူး။

I love you ohhh sorry
I love the post
:P

sosegado said...

လောဘအကြောင်းသင်ခန်းစာပေးသွားတာပဲ
မြည်းကို မောင်ဖြူ မောင်နီတွေပေးထားတော့ လူနဲ့နီးနေသလားလို့

Sunny said...

ပို့စ်ကောင်းလေးတွေ ရှာဖွေ ဘာသာပြန်ပေးတဲ့အတွက် ကျေးဇူး.........

ဟုတ် ..ပျော်ရွှင်မှုတွေ မဆိတ်သုန်းချင်လို့ ပြန်စဉ်းစားနေပါတယ်

မချောရေ.... အလွန်ကောင်းမွန်တဲ့ ဥပမာလေးနဲ့ သတိပေးပို့စ်လေးကို ကျေးဇူးပါ....:)

ခေါင်း အကြိမ်ကြိမ် ငြိမ့်သွားမိပါတယ်....
သူများကို နင်းတက်ချင်တဲ့စိတ်ကတော့ အဖျက်စိတ်ပါပဲ။ ဒါကြောင့် မောင်နီဟာ သူကိုယ်တိုင် ဘ၀နဲ့ ပြန်ပေးဆပ်လိုက်ရတာပေါ့။
တွေးစရာ ပုံပြင်ကလေးအတွက် Thanks .............

shwezinu said...

ညီမ ချော ရေ

အိုဗာလုတ် ကိုဖတ်သွားပါတယ် အဲလူ မြင်းလို လူတွေ ကြောင့် ဒုက္ခရောက် နေရတဲ့ လူတွေ အများကြီး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ဲမြည်းပိုင်ရှင်လို အလုပ်ရှင်မျိုးနဲ့ မတွေ့ပါရစေနဲ့လို့ ဆုတောင်းပါတယ်..

လင်းစင်ယော် said...

မမချောရေ ဖတ်သွားပါတယ်....သင်ခန်းစာအဖြစ် မှတ်လည်း မှတ်သွားပါတယ်ရှင်....ကျေးဇူးပါ မမ

“ဒီပုံပြင်လေးဖတ်ပြီး စဉ်းစားမိတာက ကျွန်မတို့တွေရဲ့ လုပ်ငန်းခွင်တွေမှာ မောင်နီလို လူမျိုးတွေနဲ့ မကြာခဏ ကြုံတွေ့ဖူးကြမှာပါနော်။ သူဌေးလို အလုပ်ရှင်ရဲ့ မျက်နှာသာရဖို့အရေး သူဌေးရှေ့မှာမှ အလုပ်ကို ကြိုးစားလုပ်ပြသူတွေ၊ အချင်းချင်း ခြေခံထိုးတတ်သူမျိုးတွေ၊ သူဌေးကိုဖားပြီး အောက်က ၀န်ထမ်းတွေကို ဖိနင်းတတ်သူတွေ၊ ကိုယ်သိတာ ကိုယ်တတ်တာတွေကို သိုဝှက်သိမ်းဆည်းပြီး လက်တွဲခေါ်ဖို့စိတ်ကူးမရှိဘဲ တစ်ကိုယ်ကောင်းဆန်စွာ တစ်ယောက်တည်း နာမည်ကောင်း ရလိုသူတွေ၊ အခြားသူကို မကောင်းမြင်စေဖို့အတွက် အလုပ်ပိုကြိုးစား လုပ်ပြတတ်သူတွေအများကြီး ရှိတတ်ကြပါတယ်.. မြည်းပိုင်ရှင်နဲ့တူသော သူဌေးတွေကတော့ ၀န်ထမ်းတွေ ဘယ်လောက်ကောင်းအောင် လုပ်ပေးပေမဲ့ အသိအမှတ်မပြုတတ်သူတွေ၊ တန်ဖိုးထားရကောင်းမှန်း မသိနိုင်တာမျိုးတွေလည်း ရှိတတ်ကြပါတယ်.. ဘယ်လိုဘဲဖြစ်စေ ဒီလို လူမျိုးတွေနဲ့ ကြုံတဲ့အချိန်မှာ အရာရာကို သင်ခန်းစာယူပြီး သူတို့နေရာမှာ ကိုယ်သာရောက်လာခဲ့မယ်ဆိုရင် သူတို့လို စိတ်ဓာတ်မျိုး မထားမိအောင် သင်ခန်းစာ ယူထားတတ်ဖို့လိုတယ်လို့ အတွေးတွေနဲ့ စဉ်းစားမိပါတယ်..”

အဲဒီအပိုဒ်လေးအတိုင်း နတ်သမီးရဲ့အလုပ်ထဲမှာ ဖြစ်ပျက်နေတာ...မချောရေ။
မချောက နတ်သမီးရဲ့ အကြောင်းကိုများ သိနေသလား အောင်းမေ့ရတယ်။

အဲဒီအပိုဒ်လေးကို နတ်သမီးရေးခဲ့တဲ့ “နောက်တခါ မမှားရလေအောင်” ပို့စ်ရဲ့အောက်မှာ comment အနေနဲ့ ကူးယူဖော်ပြခွင့်ပြုပါနော်..။

ဟုတ်တယ်မချောရေ... ဒီမြည်းဥပမာလေးကိုကြားဖူးဖတ်ဖူးတယ်... အတော်ကို သင်ခန်းစာပေးတယ်..ဘယ်နေရာမှာမဆို ကိုယ်ပိုင်ပြဌာန်မှုနဲ့ မှန်မှန်ပဲလုပ်သင့်ပါတယ်...


ခင်မင်တဲ့
နေ၀သန်

အောင်အောင် said...

အစိမ်းရောင်လွင်ပြင်ကိုရောက်ခဲ့တာဒါပါနဲ့ဆိုနှစ်ခေါက်ရှိပါပြီ
ပထမ.....ကျောက်တုံးတွေပိနေတဲ့မြို့ဆိုတဲ့ပိုစ့်ကိုဖတ်ရင်းပါ
ခု...bookmarks ထဲမှာမှတ်ထားတာဆိုတော့ဟိုကြည့်ဒီကြည့်လျှောက်ကြည့်ရင်း
...တကယ်ပါဗျာအရမ်းကိုတန်ဘိုးရှိတဲ့ပိုစ့်လေးပါအတုယူစရာကောင်းတဲ့အကြောင်းအရာလေးပါ
ဒီပိုစ့်လေးဖတ်ပြီးကိုယ့်ကိုယ်ကိုနဲနဲတော့ရှက်သွားမိပါတယ်...တကယ်ပါဘာလို့ဆိုတော့
မောင်နီလိုလူစားမျိုးထဲမှာသွေးနဲနဲရောနေလို့ပါ..အဆိုးဝါးကြီးမဟုတ်ပေမဲ့
အတ္တလူသားတယောက်အနေနဲ့ဆိုပါတော့..မကောင်းဘူးဆိုတာသိပေမဲ့တခါတလေဝင်လာ
တက်တဲ့ဒီစိတ်ရိုင်းကိုချွန်းအုပ်ဖို့တော့ခတ်တယ်ဗျာ....ပြုတော့ပြုပြင်ရမှာပါပဲ..
ဒီပိုစ့်လေးဟာကျွန်တော့ကိုသင်ခန်းစာတခုပေးလိုက်ပါတယ်...အဲ့အတွက်
ကျေးဇူးအထူးတင်ပါတယ်...နောက်လည်းဒီလိုပိုစ့်လေးမျိုးတွေမကြာမကြာ
လာလည်ဖတ်ချင်ပါသေးတယ်.....ကောင်းသောနေ့ပါအမရေ...

လသာည said...

အလုပ်တွေရှုပ်ပြီး အရောက်နောက်ကျသွားတယ် ယောင်းယောင်းရေ..။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြီးခဲ့တဲ့တပတ်က အဲဒီပုံပြင်လေးဖတ်မိတယ်။ ချောပြောတဲ့ပုံလေးက မူရင်းထက် ပိုပြီး အဓိပ္ပါယ်ရှိပြီး ဖတ်လို့ကောင်းတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

အိမ်မှာ မောင်နှမတွေထဲမှာ ညီမလေးက ဖြေးဖြေးပဲ ပုံမှန်ကြိုးစားတဲ့သူ၊ ကိုယ်က အရာရာကို တစ်ဖြစ်ချင်သူ ဖြစ်ခဲ့တယ်။ ဒီတော့ သူ့ကိုလည်း တိုက်တွန်းရင်း ကိုယ်လည်း ကြိုးစားရင်း ဒီအချိန်ရောက်လာတော့ ကိုယ်ဖြတ်သန်းခဲ့တဲ့ဘ၀ကို ပြန်ငေးတော့ ပင်ပန်းလိုက်တာလို့ ပြန်တွေးမိတယ်။ ညီမလေးကတော့ သင့်တင့်တဲ့ အခြေအနေနဲ့ စိတ်ကိုအေးချမ်းစွာ လျှောက်လှမ်းဆဲပဲ..။
တကယ်တော့ ကိုယ့်ရဲ့မခံချင်စိတ်ကပဲ မြည်းပိုင်ရှင်လိုပဲ ကိုယ့်ကိုပြန်နှိပ်စက်နေတယ်လို့ တွေးမိတိုင်း မောင်ဖြူလို မနေနိုင်တဲ့ကိုယ့်ကိုယ်ကို စိတ်ဆိုးမိတယ်။ အခုတလော အဲဒီလို တွေးတွေးနေမိတယ်..

blackroze said...

ဟုတ်တယ်..မကြီးချောရေ..ညီမတို့အလုပ်ထဲမှာလည်း
အဲလိုဘဲမနိုင်ဝန်ထမ်းချင်တဲ့သူတွေကများများရယ်..
တကယ်တော့..လိုအပ်တဲ့ပမာဏထက်ပိုလုပ်ပြရင်တော့
လူကြီးကသဘောကျမှာဘဲဆိုတဲ့မျက်နှာလိုမျက်နှာရလုပ်ချင်တဲ့
အတွေးသမားတွေပေါ့လေ

သူဌေးဆိုတာက ရတာထက် ပိုလိုချင်တာပဲ။
ဒါကို အလုပ်သမားချင်း ညီညွတ်တဲ့စိတ်ဓါတ် မထားရင် ဒီပုံပြင်ထဲကလို ဖြစ်မှာပါပဲ။

မနိုင်ဝန်ထမ်းတော့ ရက်ကန် ရက်ကန်ဖြစ်ရတယ် မမချောရေ..။

မနိုင်ဝန်...နောက်...
ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း...နောက်...
တကိုယ်ကောင်းစိတ်.....နောက်....
မိတ်ဆွေတု....နောက်...
အဆင်ခြင်တုံတရားမဲ့....နောက်....
စာနာစိတ်နတ္ထိ......နောက်....
နောက်......
နောက်......
နောက်........။ ။


ဒီပုံပြင်လေးသိပ်ကြိုက်တာပဲ
:))

ပုံပြင်လေးက ကောင်းပါတယ် မချောရေ။

Aye Thandar said...

မကြီးချောရေ...
မြည်းပိုင်ရှင်လို သူဌေးမျိုးနဲ့ မောင်နီလို လူမျိုးတွေကို လက်တွေ့ကိုကြုံခဲ့ပြီးပြီ။ အခုလည်း တွေ့နေရဆဲပါဘဲ။ ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင် လုပ်ပေးနိုင်သမျှ လုပ်ပေးမယ်။ ဒါ့ထက်ပိုလာရင်တော့ အခြေနေကို ပြန်သုံးသပ်ပြီး နှုတ်ဆက်သင့်ရင် နှုတ်ရတော့မှာပေါ့။

phyophyo said...

မချော .. ဒီပိုစ့်လေးလည်း အားကြီးကောင်းတယ်၊ အလုပ်ခွင်တွေမှာ မောင်နီနဲ့ မောင်ဖြူလို ၀န်ထမ်းတွေအများကြီးရှိတတ်တယ်၊ သင်ခန်းစာယူစရာလေးပေါ့။
ချစ်တဲ့

nyeinsoeoo said...

သူတစ်ပါးနစ်နာစေဖို့ သက်သက်ကြောင့် မတန်တဆ မနိုင်ဝန်ဖြစ်စေနိုင်တဲ့ အလုပ်တစ်ခုကို လက်ခံခဲ့ခြင်းသာ ဆိုခဲ့ရင် ... မိမိ လည်း ဒုက္ခ ရောက်မှာပါ ...
ငြိမ်းစိုးဦး
nyeinsoeoo.multiply.com

အင်ကြင်းသန့် said...

ဒီစာကိုဖတ်ပြီး အလုပ်နဲ့ပတ်သက်ရင် အားနာတတ်တဲ့ ကိုယ့်ကိုကိုယ်ဆင်ခြင်ဖို့ အတွေးတွေရသွားမိတယ်။

တော်သလင်းလ said...

မချောရေ...တအားကောင်းတဲ့ပို့စ်လေး ပါပဲ...မောင်နီလိုလူမျိုး တွေ့ဖူးတယ်..အခုမှ သနားရမှန်းသိသွားပြီ..သိလား..ကျေးဇူးနော်..မမ..